ရွေးချယ်မှု
Vol. 5 Ch. 431
ကျန်းရော့ရွှီးက ကျောက်သားကဲ့သို့ မာကျောသည့် ဝါးပင်များကို ပုဆိန်ဖြင့် ခုတ်ဖြတ်လိုက်သံသည် ဆန်းလျန်၏ အသံမဲ့ ပုလွေသံ တေးသွားနှင့် ပေါင်းစပ်သွားသည့် အခါ ယန်ရွှီး၏ စိတ်ကို မတည်မငြိမ် ဖြစ်သွား စေလေသည်။ ယန်ရွှီး၏ စိတ်သည် ကကြိုးရှုပ်သည့် ရုပ်သေးရုပ်အလား ရှုပ်ထွေး ကုန်တော့သည်။
ပြင်ပကမ္ဘတွင်တော့ အမှောင်ထုများက တဖြည်းဖြည်း ပျံ့နှံလာနေပြီး ရွှေရောင် နတ်စစ်သည် များကလည်း အဆက်မပြတ် ထွက်ပေါ် လာနေဆဲ ဖြစ်လေသည်။
ဟွမ်ကျန်းမှာ ဒဏ်ရာများ သက်သာလာပြီ ဖြစ်သည့်အတွက် ယွိမင်နတ်ဘုရားအတွက် အနည်းငယ် မျှော်လင့်ချက် ရှိလာခဲ့ပြီ ဖြစ်သည်။
ယန်ရွှီး၏ အမူအရာ အနည်းငယ် ပျက်ယွင်း သွားမှုကြောင့် ဆရာတပည့် နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြလေသည်။ အသံမရှိမဲ့ ပုလွေသံ တေးသွားသည် မည်သည့် နေရာမှ ထွက်ပေါ်လာသည်ကို သူတို့ နှစ်ယောက်လုံး မသိကြသော်လည်း ထိုတေးသွားက ယန်ရွှီးကို တည်ငြိမ်မှု ပျက်ပြားစေ ခဲ့ကြောင်း သူတို့သိလိုက်သည်။
သူတို့က ထိုအခွင့်အရေးကို အသုံးချကာ ထိုးဖောက် တိုက်ခိုက်ရန် ဆုံးဖြတ် လိုက်ကြလေသည်။
ဟွမ်ကျန်းက သူ၏ အတောင်ပံများကို တဖျတ်ဖျတ် ခတ်လိုက်ရာ ပြင်းထန်သည့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး မုန်တိုင်းက ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံ သွားလေသည်။ ထိုမုန်တိုင်းကြီး အောက်တွင် ရွှေရောင် နတ်စစ်သည် များစွာ အသက်ပျောက်ကုန် ကြရတော့သည်။
ထို့နောက် ဆရာတပည့် နှစ်ယောက်သည် နတ်စစ်သည်များ ဆီသို့ ပြိုင်တူ ခုန်ဝင်ကာ ထိုးဖောက် တိုက်ခိုက် လိုက်ကြလေတော့သည်။
ယန်ရွှီးသည် အနက်ရောင် တိမ်တိုက် ပန်းပွင့်ကြီးထက်တွင် မျက်လုံးများ မှိတ်ထားရင်း မတ်တတ် ရပ်နေလေသည်။ အသံမဲ့ တေးသွားသည် သူ့နားထဲတွင် စူးရှကျယ်လောင်စွာ မြည်ဟည်းနေလေ၏။
ယန်ရွှီးသည် သူ့စိတ်များကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ရန် ကြိုးစားရင်း ဒေါသလည်း အလွန် ထွက်နေလေသည်။ သူ့ဘဝတွင် ဒေါသထွက်ရသည့် အချိန်အခါများ ရှိခဲ့ဖူးပါသည်။ သို့သော် ယခုတစ်ကြိမ်ကတော့ ယခင်အကြိမ်များနှင့် မတူဘဲ အလွန်ဆိုးဆိုးရွားရွား ဒေါသ ထွက်နေခဲ့ခြင်း ဖြစ်လေသည်။
အဘယ်ကြောင့် ဆိုသော် ကျန်းရော့ရွှီးဆိုသည်က သူ့ဘဝတွင် မတွေ့ချင် မမြင်ချင်ဆုံးသော လူတစ်ယောက် ဖြစ်သောကြောင့် ဖြစ်လေသည်။ ထို့ပြင် သူသည် ကျန်းရော့ရွှီး၏ တည်ရှိမှုကို သူ့မှတ်ဉာဏ်ထဲတွင် လုံးဝ အမှတ်မရချင်မိခဲ့ပေ။
ယန်ရွှီးသည် ချင်းရွှမ် နတ်တံခါးကို အကြီးအကျယ် ထိခိုက်ပျက်စီး စေခဲ့သည့်တိုင် ကျန်းရော့ရွှီးသည် သူ့အပေါ်တွင် အမုန်းတရား ကင်းစင်ခဲ့လေသည်။ ထိုသို့ သူ့အပေါ်တွင် မမုန့်နိုင်သည့် ဂိုဏ်းတူ အစ်ကိုကြောင့် သူ့စိတ်ထဲတွင် များစွာ အနှောင့်အယှက် ဖြစ်နေခဲ့ရလေသည်။ ကျန်းရော့ရွှီးသည် ကွယ်လွန်သွားပြီ ဖြစ်သည့်တိုင် သူ့ကို စိတ်အနှောင့်အယှက် ပေးနေဆဲ လူတစ်ယောက် ဖြစ်လေသည်။
ထို့ပြင် ချင်းရွှမ်နတ်တံခါးတွင် ကျန်းရော့ရွှီးကဲ့သို့ ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်သူ မည်သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပေ။ ကျန်းရော့ရွှီးသည် ချင်းရွှမ်နတ်တံခါး ပြိုကျ ပျက်စီးလုနီးပါး ဖြစ်နေသည့် အရေးကြီးဆုံး အချိန်တွင် အခြေအနေများကို မယိမ်းယိုင်အောင် ထိန်းသိမ်း ပေးထားခဲ့သူ ဖြစ်လေသည်။
သို့တိုင်အောင် ဖြစ်ခဲ့သမျှ အကြောင်းများ အတွက် ကျန်းရော့ရွှီးသည် သူ့အပေါ်တွင် အပြစ်လည်း မတင်ခဲ့သလို မကျေမနပ်လည်း မဖြစ်ခဲ့ပေ။
ထို့ကြောင့် ယန်ရွှီးအနေဖြင့် ကျန်းရော့ရွှီးကို နာကျင် ထိခိုက်စေရန် အတွက် အကြောင်းပြချက် ရှာမတွေ့နိုင်ခဲ့ပေ။ သို့ရာတွင် ကျန်းရော့ရွှီးသည် သူ၏ လက်ချက်ဖြင့်ပင် သေဆုံး ခဲ့ရလေသည်။
ယန်ရွှီးသည် အေးစက်ပြီး အကြင်နာတရား ကင်းမဲ့သူ တစ်ယောက် ဖြစ်သည့်တိုင် သူ့နှလုံးသားထဲရှိ အနက်ရှိုင်းဆုံး နေရာတွင် ကျန်းရော့ရွှီး၏ ပုံရိပ်ကို တွေ့မြင်လိုက်ရသည့် အခါ မိုးကောင်းကင် နတ်မိစ္ဆာ တန်ခိုးစွမ်းအား များပင်လျှင် အနည်းငယ် နှေးကွေး သွားရလေသည်။
သူ့ဘဝတွင် သူနာကျင်အောင် ပြုလုပ်မိသူများထဲတွင် သူ့ကို အကြီးမားဆုံး နောင်တ ရစေခဲ့သူမှာ ပိယွင် နတ်သမီးဟုသာ ထင်မှတ် ထားခဲ့ဖူးသည်။ သို့သော် ယခု ဆန်းလျန်၏ အသံမဲ့တေးသွားကို ကြားလိုက်ရသည့် အခါတွင်တော့ သူ့ကို အကြီးမားဆုံး နောင်တ ရစေခဲ့သူမှာ ကျန်းရော့ရွှီး ဖြစ်နေခဲ့ကြောင်း သူသဘောပေါက် သွားရလေသည်။
ချစ်ခြင်း မေတ္တာနှင့် မုန်းတီးမှု…
မည်သည့် အရာကို မဆို သူက ကျော်ဖြတ် နိုင်ခဲ့သူ ဖြစ်သည်။
အတိတ်သည်လည်း ပြီးဆုံးခဲ့ပြီဖြစ်ပြီး ယန်ရွှီးဆိုသည့် "သူ" သည်လည်း အစပိုင်း ကာလများက ကဲ့သို့ ကောင်းမွန်သည့် လူတစ်ယောက် ပြန်ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။
ဘဝဆိုသည်က အမြဲတမ်း အပြောင်းအလဲများနှင့် ပြည့်နှက်နေသည်ပဲ ဖြစ်လေသည်။
ကျန်းရော့ရွှီးသည် ယန်ရွှီးကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်အောင် ပြုလုပ်ပေးရန် မည်သို့မျှ မတတ်နိုင်တော့သည့် အဆုံး ယန်ရွှီးနှင့် အလွန်ဆင်တူသည့် ဆန်းလျန်ကို ပျိုးထောင် ပေးခဲ့လေသည်။ ဆန်းလျန်သည် ယန်ရွှီးကဲ့သို့ပင် လွတ်လပ်မှုကို မြတ်နိုးပြီး ပြိုင်ဘက်ကင်း တန်ခိုးစွမ်းအား များကိုလည်း ပိုင်ဆိုင်သူဖြစ်လေသည်။
သို့သော် ဆန်းလျန်ဆိုသည်က တန်ခိုးစွမ်းအား မည်မျှပင် ကြီးမားပါစေ လူသားများ အားလုံးအပေါ်တွင် မေတ္တာတရားနှင့် လူသားချင်း စာနာစိတ်ကို ဖြန့်ဝေပေးနေဆဲ ဖြစ်လေသည်။ ထိုအချက်က ဆန်းလျန်နှင့် ယန်ရွှီး မတူညီသည့် အချက်ပင် ဖြစ်လေသည်။
ထို့ပြင် ဆန်းလျန်သည် ကျန်းရော့ရွှီး၏ လွှမ်းမိုးမှုကို မသိမသာ ခံခဲ့ရသည်ဟုလည်း သတ်မှတ်၍ ရသည်။
အသံမဲ့ တေးသွားသည် ယန်ရွှီး၏ စိတ်ဝိညာဉ် အတွင်းသို့ တဖြည်ဖြည်း စိမ့်ဝင် လာလေသည်။ ထိုအသံမဲ့ တေးသွားသည် ဆန်းလျန်က သူ့ကို စစ်ဆေးနေခြင်း ဖြစ်ကြောင်း ယန်ရွှီး ကောင်းကောင်း သဘောပေါက် လေသည်။
ထိုစစ်ဆေးမှုသည် ပြင်ပမှ ရောက်လာခြင်း မဟုတ်သလို ကိုယ်တွင်းမှလည်း ထွက်ပေါ်လာခြင်း မဟုတ်ခဲ့ပေ။ သို့သော် ယန်ရွှီးအတွက်တော့ တုန်လှုပ်မှုကို ဖြစ်ပေါ် စေလေသည်။
ဆန်းလျန်သည် အသံမဲ့ တေးသွားနှင့် ယန်ရွှီးကို စစ်ဆေးနေခြင်းကြောင့် ယန်ရွှီး၏ နှလုံးသားထဲမှ အသံတစ်ခု ထွက်ပေါ် လာခဲ့လေသည်။
ဘယ်အရာကို ယန်ရွှီး ရွေးချယ်မည်နည်း။
အကောင်းလား အဆိုးလား။
အမှောင်လား အလင်းလား။
ယန်ရွှီးသည် သူ၏ မူလစိတ်ရင်းများ ပျောက်ကွယ်သွားကာ မိစ္ဆာနတ်ဘုရား တစ်ပါး လုံးလုံး ဖြစ်ခဲ့သည့်တိုင် သူ့အမှားများကို သိမြင် နောင်တရခဲ့လျှင်တော့ နတ်ဘုရား တစ်ပါးအဖြစ် ချက်ချင်း ပြောင်းလဲ သွားနိုင်လေသည်။
သို့သော် ယန်ရွှီးသည် ထိုသို့ ရွေးချယ်မှုများကို ပြုလုပ်ရသည်ကို နှစ်သက်သူ တစ်ယောက် မဟုတ်ပေ။ သူက ကိစ္စတစ်ခု မလုပ်ခင်တွင် သေသေချာချာ စဉ်းစားပြီးမှ လုပ်ခဲ့သူ တစ်ယောက် ဖြစ်လေသည်။ သူက လောကရှိ နည်းဘောင် စည်းကမ်းနှင့် ဥပဒေများကို တော်လှန်ခဲ့သူ တစ်ယောက် ဖြစ်လေသည်။
အကောင်းအဆိုး ရွေးချယ်နေရလျှင် ယန်ရွှီးသည် အဘယ်မှာ ယန်ရွှီး ဟုတ်ပါ တော့မည်နည်း။
ဆန်းလျန်ဆိုသည့် လူငယ်သည် သူ့ကို စစ်ဆေးရန် အတွက် အလွန် လိမ္မာပါးနပ်သည့် နည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။
ကျန်းရော့ရွှီး ခုတ်လှဲနေသည့် ဝါးပင်သည် နောက်ဆုံးတွင်တော့ လဲကျ သွားခဲ့လေသည်။
ကျန်းရော့ရွှီးသည် သူ၏အင်္ကျီလက်ဖြင့် နဖူးထက်မှ ချွေးစများကို အသာ သုတ်လိုက်ရင်း ယန်ရွှီးကို လှည့်ကြည့်လိုက်သည်။
"ဂိုဏ်းတူညီလေး၊ ဒီနေ့တော့အလုပ်ပြီးပြီ၊ ပြန်ကြရအောင်"
ကျန်းရော့ရွှီး စကားကို ကြားသည်နှင့် ယန်ရွှီးသည် ထိုင်ရာမှထကာ ကျန်းရော့ရွှီးရှိရာသို့ လျှောက်လာလေသည်။
သူက အပြုံးပါးပါးလေး တစ်ချက် ပြုံးလိုက်ရင်း…
"အလုပ် တစ်ခုလုပ်ဖို့ ကျန်သေးတယ်၊ ကျုပ်တို့ သွားလို့ မရသေးဘူး"
ကျန်းရော့ရွှီးက ယန်ရွှီးစကားကြောင့် အံ့အားသင့်သွားပြီး…
"ဘာလုပ်စရာ ကျန်သေးလို့လဲ"
ယန်ရွှီးက သူ၏ ဘယ်ဘက် ရင်ဘတ်ကို တစ်ချက်ဖိလိုက်ရင်း…
"ဂိုဏ်းတူအစ်ကို၊ ကျုပ်ရဲ့ဘယ်ဘက်ရင်ပတ်ကို ဖွင့်ပြီး အဲဒီနေရာမှာ နှလုံးသားရှိ မရှိဆိုတာ စစ်ဆေးပေးပါလား"
ယန်ရွှီး၏ စကားများကို ကျန်းရော့ရွှီးသည် အမှန်တကယ် နားမလည်ခဲ့ပါ။
"မင်း ဘာတွေ ပြောနေတာလဲ၊ လူမှန်ရင် နှလုံးသား ရှိရမှာပေါ့၊ နှလုံးသားမရှိဘဲ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ"
ယန်ရွှီးက ခေါင်းတစ်ချက် ခါယမ်းလိုက်ရင်း…
"လူတစ်ယောက်ဟာ နှလုံးသားမရှိဘဲ အသက် မရှင်နိုင်ဘူးလို့ ဘယ်သူပြောလဲ၊ ပြီးတော့ မြင်မှမမြင်ရဘဲ နှလုံးသား ရှိ မရှိဆိုတာကို ဘယ်လို ယုံကြည် လက်ခံရမလဲ၊ ကျုပ်လည်း ကျုပ်မှာ တကယ်တမ်း နှလုံးသား ရှိ မရှိ ဆိုတာ သိချင်မိတယ်"
ကျန်းရော့ရွှီးက မျက်စိပျက် မျက်နှာပျက်ဖြင့်…
"မင်းရဲ့ အတွေးတွေက ချော်ထွက်နေပြီ၊ ဒီလိုပေါက်ကရတွေ လျှောက်တွေးပြီး မင်းရဲ့ စွမ်းအားနဲ့ အချိန်တွေကို အလဟသ ဖြုန်းတီး ပစ်နေတာပဲ၊ မင်းသိထားရမှာက နှစ်ပေါင်း သုံးထောင် အတွင်း မင်းဟာ ချင်းရွှမ်နတ်တံခါးမှာ ပထမဆုံး ပေါ်ထွက်လာတဲ့ ပါရမီရှင်ပဲ၊ မင်းကို ဆရာက အဲဒီလို ပြောထားတယ်၊ မင်း ဒီလို လျှောက်တွေးနေမယ့် အစား ကျင့်စဉ်ကျင့်ကြံစမ်းပါ၊ မင်းက ကျုပ်တို့ အားလုံးထက် သာသွားမယ့်သူပါ၊ ကဲ… ပြန်ကြမယ်၊ ပြန်ကြမယ် …၊ ဒီကိစ္စကို ထပ်မပြောနဲ့တော့၊ ပြီးတော့ မင်း ဒီလိုပေါက်ကရတွေ တွေးနေတာကို တခြား ဂိုဏ်းတူ ညီအစ်ကိုတွေလည်း မသိစေနဲ့"
"ကျုပ်က သူတို့ကို ဂရုမစိုက်ပါဘူး၊ အစ်ကိုက ကျုပ်ရင်ဘတ်ကို ဖွင့်ပြီး နှလုံးသား ရှိ မရှိ စစ်ဆေးမပေးဘူး ဆိုရင် တခြား တစ်ယောက်ကို ကျုပ်က ခိုင်းရမှာပေါ့"
ယန်ရွှီးက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
"မင်းနဲ့ မင်းရဲ့ ပေါက်ကရတွေ ရပ်တန်းက ရပ်လိုက်တော့"
ကျန်းရော့ရွှီးသည် သူ၏လက်ထဲမှ ပုဆိန်ကို လွှင့်ပစ်လိုက်ပြီး ယန်ရွှီး၏ လက်ကိုဆွဲကာ ချင်းလျန် တောင်ထိပ်မှ တောင်အောက်သို့ ဆင်းသွားလေတော့သည်။
ကျန်းရော့ရွှီး ဆွဲခေါ်ရာ နောက်သို့ပါလာသည့် ယန်ရွှီး၏ ပုံသဏ္ဌာန်သည် တဖြည်းဖြည်း မှေးမှိန် လာလေသည်။
ယန်ရွှီးက သက်ပြင်း တစ်ချက် ချလိုက်ရင်း….
"ဒီလို ထင်ယောင်ထင်မှား ဖန်ဆင်း ထားတာတောင်မှ အစ်ကိုက ကျုပ်ကို မထိခိုက် စေခဲ့ဘူးနော်၊ ဒါ ကျုပ်အတွက်တော့ တော်တော်ဆိုးတာပဲ၊ ဒါနဲ့ ဆန်းလျန်ရာ … မင်းရော နည်းနည်းလေးမှ ဒေါသ မထွက်ဘူးလား၊ တကယ်တမ်းဆို ကျန်းရော့ရွှီးကို ကျုပ်ကို ပုဆိန်နဲ့ ခုတ်ခိုင်း လိုက်ရမှာ မဟုတ်ဘူးလား၊ ကျုပ် ပြန်မခုခံပါဘူးဗျာ"
ကျန်းရော့ရွှီးမှာ ယန်ရွှီး၏ စကားများကြောင့် စိတ်များ ရှုပ်ထွေးလာရပြီး ယန်ရွှီးကို လှည့်ကြည့် လိုက်လေသည်။ ထိုအခါ သူဆွဲခေါ် လာခဲ့သည့် ယန်ရွှီးသည် တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။
ယန်ရွှီးသည် နောင်တ တရားရပြီး မိစ္ဆာလမ်းမှ သွေဖယ်ရန် အတွက် မရွေးချယ်ခဲ့ပေ။
ထို့ကြောင့် ဆန်းလျန်၏ စစ်ဆေးခြင်းမှာလည်း ပျက်စီး သွားရလေသည်။ သူသည် နောင်တ တရားဖြင့် လမ်းမှန်သို့ သွားမည့်အစား ကျန်းရော့ရွှီး ပုဆိန်ဖြင့် အခုတ်ခံရန်သာ ရွေးချယ်ခဲ့သည် မဟုတ်ပါလား။
ချင်းလျန် တောင်ထိပ်ရှိ ဝါးရုံတောထက်သို့ နေရောင်ခြည်က ဖြာကျ နေလေသည်။
ဆန်းလျန်သည် ပလွေ မှုတ်နေခြင်းကို ရပ်တန့်လိုက်လေသည်။ ထိုအခါ အသံမဲ့ တေးသွားသည်လည်း စကြဝဠာအတွင်းမှ ပျောက်ကွယ် သွားရလေသည်။
ဆန်းလျန်သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း မိုးကုတ် စက်ဝိုင်းဆီသို့ ငေးမော ကြည့်နေလေသည်။
"လောကမှာ ဘယ်သူမှ ထာဝရ အသက် မရှင်သန်နိုင်ပါဘူး၊ ဘယ်သူမှ ခြွင်းချက်မရှိဘူး"
ချန်ကျင်းချင်သည် ဆန်းလျန် ပြောသည့် စကားကို နားမလည်သည့်တိုင် သူ့ခေါင်းထဲတွင် မှတ်ထား လိုက်လေသည်။ အချိန်မည်မျှ ကြာသည်ဖြစ်စေ တစ်ချိန်တွင်တော့ ဆရာဖြစ်သူ၏ စကားများကို သူနားလည် လာမည်ဟု မျှော်လင့်ထားခဲ့သည်။
ယန်ရွှီးသည် အနက်ရောင် တိမ်တိုက် ပန်းပွင့်ကြီး ထက်တွင် ရပ်နေရင်း မျက်ဝန်းများ အသာအယာ ပွင့်လာလေသည်။
သူမျက်လုံး ဖွင့်လိုက်သည်နှင့် သူဖန်ဆင်းခဲ့သည့် ရွှေရောင်နတ် စစ်သည်များ အားလုံးမှာ ယွိမင်နတ်ဘုရားနှင့် ဟွမ်ကျန်း၏ လက်ဖြင့် အကုန် သုတ်သင် ခံလိုက်ကြရပြီ ဖြစ်လေသည်။ ယွိမင်နတ်ဘုရားနှင့် ဟွမ်ကျန်းတို့၏ တန်ခိုးစွမ်းအား များသည် စကြဝဠာ တစ်ခုလုံး တုန်လှုပ် သွားတော့မည့် အလား အရာအားလုံးကို ဖျက်ဆီးပစ်နေကြလေသည်။
နေဝင်သွားခဲ့လေပြီ…။
ယန်ရွှီးသည် သူ၏ မိုးကောင်းကင် နတ်မိစ္ဆာ တန်ခိုးစွမ်းအားကို အသုံးပြုကာ ယွိမင်နတ်ဘုရားနှင့် ဟွမ်ကျန်းတို့၏ ရွှမ်ချင်း အလင်းစွမ်းအားများကို အဆက်မပြတ် တိုက်လိုက်လေသည်။
ရွှမ်ချင်း အလင်းစွမ်းအားများသည် မည်မျှပင် ပြင်းထန်ပါစေ မိုးကောင်းကင် နတ်မိစ္ဆာ တန်ခိုးစွမ်းအား၏ တစ်စိတ်တစ်ပိုင်းကိုပင် ဖျက်ဆီးပစ်ရန် မလွယ်ကူနိုင်ပေ။ နောက်ဆုံးတွင်တော့ ရွှမ်ချင်း အလင်းစွမ်းအားများသည် တဖြည်းဖြည်း ငြိမ်သက် သွားရလေသည်။
လေထဲတွင် အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုအလင်းတန်းများ အလယ်တွင် ယန်ရွှီးကို တွေ့မြင်နိုင်လေသည်။
သူ၏ အနက်ရောင် ဝတ်ရုံသည် လေထဲတွင် ပျံ့လွင့်နေပြီး သူ၏ အနက်ရောင် ဆံနွယ်များသည် ရေတံခွန် တစ်ခုအလား လေထဲတွင် စီးဆင်းနေလေသည်။
မြင်ရသူတိုင်း ရင်သပ် ရှုမော ရလောက်အောင် လှပလွန်းသည့် မြင်ကွင်း ဖြစ်လေသည်။
အနက်ရောင် တိမ်တိုက်များကြားတွင် ဟွမ်ကျန်းက သူ၏ အတောင်ပံများကို အဆက်မပြတ် ရိုက်ခတ် နေလေသည်။
ယွိမင်နတ်ဘုရားသည် ယန်ရွှီးနှင့် မျက်နှာချင်းဆိုင်ရှိ လေထဲတွင် ရပ်တန့်နေလေသည်။
သူနှင့် ဟွမ်ကျန်း နှစ်ယောက်ပေါင်းသည့် တန်ခိုးစွမ်းအားကိုပင် ယန်ရွှီးက မဖြုံသည့် အတွက် ယွိမင်နတ်ဘုရား၏ ရင်ထဲတွင် နင့်နေအောင် ခံစားနေရလေသည်။ သူ့ရှေ့မှ မိုးကောင်းကင် နတ်မိစ္ဆာဆိုသူသည် သတ်၍ရော သေပါမည် တဲ့လား။
ထိုသူ၏ ရုပ်ခန္ဓာကို ဖျက်ဆီးပစ်ရန်အတွက် အမှန်တကယ်ပင် နည်းလမ်း မရှိလေဘူးလား။
ဟွမ်ကျန်းသည် ယန်ရွှီး၏ မိုးကောင်းကင် နတ်မိစ္ဆာကျင့်စဉ်ကို နားလည် သွားခဲ့ပြီဟု သူ့ကိုယ်သူ ထင်ခဲ့မိသည်။ ယခုတော့ သူသိခဲ့သမျှသည် အပေါ်ယံမျှသာ ဖြစ်ကြောင်း သိရှိ သွားခဲ့ရလေပြီ။
ယန်ရွှီးက ဟွမ်ကျန်းကို လှမ်းကြည့်လိုက်ရင်း…
"မင်းတို့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို ကျုပ်ဘာလို့ အထင်သေးရသလဲ သိလား၊ ဘာလို့လဲ ဆိုတော့ မင်းတို့တွေဟာ ရေတွင်းထဲက ဖားတွေလိုပဲ၊ ရေတွင်းဝက လှမ်းမြင်နေရတဲ့ ကောင်းကင်ကိုပဲ ကောင်းကင်ကြီး တစ်ခုလုံးလို့ ထင်နေတဲ့ ကောင်တွေ"
ပြောပြီးသည်နှင့် ယန်ရွှီးက ပြုံးလိုက်လေသည်။
သူ့အပြုံးတွင် အထင်အမြင် သေးမှုများဖြင့် ပြည့်နှက်နေလေသည်။
အမှန်တော့ ယွိမင်နတ်ဘုရားနှင့် ဟွမ်ကျန်းတို့သည် ယန်ရွှီးက ဆန်းလျန်၏ ပုလွေသံဖြင့် အစစ်ဆေး ခံနေရချိန်တွင် ရွှေရောင် နတ်စစ်သည်များကို တိုက်ခိုက်ပြီး ထွက်ပြေးသွားပါက လွတ်မြောက် သွားနိုင်လေသည်။
သို့သော် သူတို့က ထွက်မပြေးဘဲ ယန်ရွှီးကို တိုက်ခိုက်ခဲ့သည့် အတွက် ထိုအခွင့်အလမ်းနှင့် လွဲချော်ခဲ့ရခြင်း ဖြစ်လေသည်။
***