အခန်း (၁၆၆)
Vol. 12 Ch. 166
ရွှီရှင်း၏ စောင့်ကြည့်နေမှုအောက်တွင် နှလုံးသား၏ အပြင်ဘက်မှ ရစ်ပတ်ထားသည့် ဗီဇပြောင်းနွယ်ပင် အလွှာလိုက်ကြီးမှာ အပြင်ဘက်အလွှာမှစ၍ စတင်ကွာကျလာ၏။
နွယ်ပင်အများအပြားမှာ နှလုံးခုန်သံနှင့်အညီ အနီရောင်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ ယိမ်းခါနေကြသည်။
"တောက်.."
ရွှီရှင်းက သွားကြိတ်ကာ ကျိန်ဆဲလိုက်ပြီး သားရဲလေးကောင်ဘက်သို့ လှည့်၍ တိုးတိုးလေး မှာကြားလိုက်၏။
"ခဏနေရင် ငါ မီးမြှားနဲ့ ပစ်မယ်။ နွယ်ပင်တွေ မီးစွဲတာနဲ့ ငါတို့ မြေပေါ်ကို အမြန်ဆုံး ပြေးတက်ကြမယ်၊ ကြားလား"
သားရဲအားလုံးက ခေါင်းညိတ် ထောက်ခံကြသည်။
သူသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး မီးမြှားတစ်စင်းကို မြှားသေနတ်တွင် တပ်ဆင်လိုက်၏။
မြေအောက်ခန်းမကြီးထဲတွင်တော့ နွယ်ပင်အများအပြားမှာ နှလုံးသားကြီး၏ ရှေ့တွင် ကာကွယ်ထားသည့် အစောင့်အကြပ်များအလား ဝန်းရံထားကြသည်။
ရွှီရှင်းသည် မျက်မှောင်ကြုတ်ကာ နွယ်ပင်များကြားက ဟာကွက်ကို ချိန်ရွယ်ပြီး ခလုတ်ကို ဆွဲလိုက်၏။
"ရှူးးး..."
အပြာရောင်အဆင့် မြှားသေနတ်၏ စွမ်းအားကြောင့် မီးမြှား၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။
လေထုနှင့် ပွတ်တိုက်မှုကြောင့် မြှားဆီမှ မီးပွားများ ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် အလင်းတန်းတစ်ခုအလား ကျန်ရစ်ခဲ့၏။
"တစ်ခုခုသာ လာမပိတ်ရင်တော့ အပြင်က နွယ်ပင်တွေကြားကနေ ဖြတ်ပြီး အထဲက နွယ်ပင်လုံးကြီးကို ထိမှာပဲ"
သို့သော် အခြေအနေက သူထင်သလို ဖြစ်မလာခဲ့ပေ။
မီးမြှား၏ အလင်းတန်း ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် အပြင်ဘက်ရှိ နွယ်ပင်တစ်ဒါဇင်ကျော်မှာ ရုတ်တရက် ထကြွလာကြသည်။
သွေးရောင်ဆူးနွယ်ပင် အချို့က ပျံသန်းလာသည့် မီးမြှားကို အလွန်မြန်ဆန်သော အရှိန်ဖြင့် ရိုက်ချလိုက်သဖြင့် မြှားမှာ ဘေးသို့ လွင့်စင်သွားရ၏။
ကျန်သည့် နွယ်ပင်များကမူ ရွှီရှင်းရှိရာသို့ တဟုန်ထိုး တိုက်ခိုက်လာကြတော့သည်။
"ဒုက္ခပဲ"
ရွှီရှင်းသည် လမ်းကွေ့နောက်သို့ ချက်ချင်း ပြန်ဝင်ပုန်းလိုက်ရ၏။
သွေးရောင်နွယ်ပင် အချို့မှာ သူ့ကို ထိုးစိုက်ရန် ကြိုးစားရင်း ချပ်ဝတ်တန်ဆာကို ပွတ်တိုက်ကာ လမ်းကြောင်းနံရံထဲသို့ အရှိန်ဖြင့် ဝင်သွားကြသည်။
နံရံများမှာ ကျောက်သားမဟုတ်ဘဲ ခြောက်သွေ့သည့် မြေစေးများ ဖြစ်သဖြင့် သွေးရောင်ဆူးနွယ်ပင်များသည် မြေကြီးထဲသို့ မီတာအနည်းငယ်အထိ နက်ရှိုင်းစွာ မြုပ်ဝင်သွားကြ၏။
၎င်းတို့က မြေကြီးထဲမှ ပြန်ထွက်ကာ ထပ်မံတိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် မီမီက အပေါ်သို့ ခုန်တက်ကာ ငွေရောင်အလင်းတန်းအချို့နှင့်အတူ ထိုနွယ်ပင်များကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်လိုက်သည်။
ထိုအချိန်တွင် မြေအောက်ခန်းမကြီးအတွင်း၌ ရုတ်တရက် မီးတောက်တစ်ခု ဟုန်းခနဲ ထွက်ပေါ်လာ၏။
ရွှီရှင်း ချောင်းကြည့်လိုက်သောအခါ မီးမြှားကြောင့် ဖြစ်သည်ကို တွေ့ရသည်။
အထဲက နွယ်ပင်လုံးကြီးကို တိုက်ရိုက်မထိသော်လည်း ဘေးနားရှိ သွေးရောင်နွယ်ပင်တစ်ခု၏ အောက်ခြေကို သွားမှန်သဖြင့် မီးစွဲသွားခြင်း ဖြစ်သည်။
"ကောင်းတယ်...ဒီထဲမှာ နွယ်ပင်တွေက အပြုံလိုက်ဆိုတော့ တစ်ခု မီးစွဲရင် ကျန်တာတွေလည်း လွတ်မှာ မဟုတ်ဘူး"
သို့သော် နောက်ထပ် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရွှီရှင်း မျက်လုံးပြူးသွားရ၏။
ပတ်ဝန်းကျင်ရှိ နွယ်ပင်အားလုံးမှာ ရွှီရှင်းကို တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး မီးလောင်နေသည့် နွယ်ပင်ဆီသို့ ရူးသွပ်စွာ ဝိုင်းဝန်းရိုက်နှက် တိုက်ခိုက်ကြတော့သည်။
မရေတွက်နိုင်သော ရိုက်ချက်များနှင့် ထိုးစိုက်မှုများအောက်တွင် ထိုနွယ်ပင်မှာ အပိုင်းပိုင်း ပြတ်ထွက်သွားရုံတင်မကဘဲ မီးတောက်များမှာလည်း ပျံ့နှံ့ခွင့်မရဘဲ ငြိမ်းသတ်ခြင်း ခံလိုက်ရ၏။
"ဒီနွယ်ပင်တွေက မီးမလောင်အောင် တားဆီးနိုင်ကြတာပါလား"
ဒါတွေအားလုံးက စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်ပြီး ရွှီရှင်း၏ လက်များမှာလည်း ရပ်တန့်မနေဘဲ ပေါက်ကွဲမြှားတစ်စင်းကို အသင့်ပြင်ပြီးသား ဖြစ်နေပြီ။
"အားလုံး နားပိတ်ထားကြ"
သူက ပြောပြီးသည်နှင့် ခလုတ်ကို ဆွဲလိုက်၏။
"ဝုန်း"
ပေါက်ကွဲမြှားမှာ သွေးရောင်ဆူးနွယ်ပင်များနှင့် ထိမှန်သွားသော်လည်း ထိတွေ့သည့် ခဏမှာပင် ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ ၎င်းကို လာရောက်ပိတ်ဆို့သည့် နွယ်ပင်အားလုံးကို နှစ်ပိုင်း ပြတ်ထွက်သွားစေသည်။
သူသည် ပေါက်ကွဲမြှားကို သုံး၍ လမ်းကြောင်းတစ်ခု ဖွင့်လိုက်ပြီးမှ မီးမြှားကို အထဲသို့ ထိုးဖောက်ဝင်ရောက်စေကာ နွယ်ပင်လုံးကြီးကို မီးရှို့ရန် ကြံစည်နေခြင်း ဖြစ်သည်။
မီးခိုးများကြားမှနေ၍ ရွှီရှင်းသည် သူဖန်တီးထားသည့် ဟာကွက်ဆီသို့ နောက်ထပ် ပေါက်ကွဲမြှားတစ်စင်းကို ထပ်မံပစ်ခတ်လိုက်၏။
အပြင်ဘက်က ကာကွယ်နေသည့် နွယ်ပင်အချို့က ပေါက်ကွဲမြှားကို ထပ်မံရိုက်ချရန် ကြိုးစားကြပြီး ကျန်သည့် နွယ်ပင်များကမူ ရွှီရှင်းကို ဝိုင်းတိုက်ကြပြန်သည်။
ရွှီရှင်းလည်း လမ်းကွေ့နောက်သို့ ထပ်မံဝင်ပုန်းလိုက်ရပြန်၏။
သွေးရောင်ဆူးနွယ်ပင်များမှာ ဂူဝသို့ အဆက်မပြတ် ရိုက်ခတ်နေပြီး သွေးရောင်နွယ်ပင်အချို့မှာလည်း နံရံများကို ထိုးဖောက်နေကြသည်။
ရုတ်တရက် အာဖုက စူးရှသည့် အော်သံတစ်ခု ပြုလိုက်ရာ တိုက်ခိုက်ပြီး ပြန်ဆုတ်ရန်ပြင်နေသည့် နွယ်ပင်များမှာ တစ်ချက် တန့်သွားကြ၏။
ရွှီရှင်း၏ ထက်မြက်သော အမြင်အာရုံက အာဖု၏ အသံလှိုင်းကြောင့် နွယ်ပင်များပေါ်တွင် အက်ကြောင်းလေးများ ပေါ်လာသည်ကို သတိပြုမိလိုက်သည်။
"အာဖုရဲ့ တိုက်ခိုက်မှုက ဒီဂူထဲမှာ တကယ် ထိရောက်တာပဲ။ ငါ့ကိုလည်း ဘာမှ မထိခိုက်စေဘူး"
တစ်ချိန်တည်းမှာပင် မီမီနှင့် ငွေရောင်ဘုရင်တို့က ရပ်နေသည့် နွယ်ပင်များကို အတူတကွ တိုက်ခိုက်ကာ စက္ကန့်ပိုင်းအတွင်းမှာပင် အစိပ်စိပ်အမွှာမွှာ ဖြစ်အောင် လုပ်ပစ်လိုက်ကြသည်။
ရွှီရှင်းကလည်း လက်မနှေးဘဲ နောက်ထပ် ပေါက်ကွဲမြှားတစ်စင်းကို ထိုနေရာသို့ပင် ထပ်မံ ဗုံးကြဲလိုက်၏။
အပြင်ဘက်မှာ ကျန်နေတဲ့ နွယ်ပင်အနည်းငယ်က ပေါက်ကွဲမြှားကို ထပ်မံတားဆီးကြသည်။
ဝုန်း ခနဲ မြည်သံနှင့်အတူ ထိုနွယ်ပင်များမှာ တစ်ဝက်ခန့် ပြတ်ထွက်သွားကြပြီး ကျန်နေတဲ့ အပိုင်းအစတွေမှာတော့ နှလုံးသားရဲ့ စည်းချက်အတိုင်း မှိန်ဖျော့ဖျော့ လင်းနေကြသည်။
ဒီနွယ်ပင်တွေက သူတို့ရဲ့ အရှိန်နဲ့ဆိုလျှင် ရှောင်လို့ရလောက်သည် ၊ ဒါပေမဲ့ သူတို့ရဲ့ တကယ့်တာဝန်က သူတို့နောက်က နှလုံးသားကို ကာကွယ်ဖို့ပင်။
ရွှီရှင်းက သူတို့ ဘာပဲဖြစ်ဖြစ် ကာကွယ်မှာကို သိနေတာကြောင့် သူတို့ ကာကွယ်ရမယ့် နေရာကိုပဲ တည့်တည့်ပစ်ခဲ့ခြင်း ဖြစ်သည်။
အခုတော့ သူတို့လည်း တစ်ဝက်တစ်ပျက်ပဲ ကျန်တော့သည်။
ရုတ်တရက် နှလုံးခုန်သံမှာ ပိုမို ပြင်းထန်လာပြီး မြေပြင်ပေါ်က ပြတ်ထွက်နေတဲ့ နွယ်ပင်အပိုင်းအစတွေမှာ နီရဲတောက်ပလာကာ အလျင်အမြန် ပြန်လည်ကြီးထွားလာကြ၏။
ဒုတိယအလွှာက နွယ်ပင်တွေကလည်း စတင်လှုပ်ရှားလာပြီး ရုန်းထွက်ဖို့ ပြင်နေကြချေပြီ။
သူတို့သာ လှုပ်ရှားလာရင် နွယ်ပင်တွေ ပိုများလာမှာဖြစ်ပြီး အဆက်မပြတ် ပြန်ပေါက်နေတဲ့ ဒီနွယ်ပင်တွေကြားကနေ သွေးရောင်နှလုံးသားကြီးကို တိုက်ခိုက်ဖို့က မဖြစ်နိုင်လောက် တော့ပေ။
"အခုပဲ..."
ရွှီရှင်းသည် မီးမြှားတစ်စင်းကို အလျင်အမြန် တပ်ဆင်ပြီး ပစ်ခတ်လိုက်၏။
ဒါက ပထမအသုတ် နွယ်ပင်တွေ အပြည့်အဝ ပြန်မပေါက်သေးခင်နဲ့ ဒုတိယအသုတ်တွေ အပြည့်အဝ မလှုပ်ရှားသေးခင် အချိန်ကို ကွက်တိလက်ဦးမှု ယူလိုက်ခြင်း ဖြစ်သည်။
မီးမြှားသည် နွယ်ပင်လုံးကြီးပေါ်သို့ တည့်တည့်မှန်သွားပြီး ချက်ချင်းပင် နွယ်ပင်လုံးကြီး၏ အစိတ်အပိုင်းတစ်ခုမှာ မီးစွဲလောင်သွားတော့သည်။
နွယ်ပင်လုံးကြီးမှာ နွယ်ပင်တွေက ရှုပ်ထွေးစွာ ရစ်ပတ်နေတာကြောင့် မီးတောက်များမှာ နွယ်ပင်တွေဆီကို အလျင်အမြန် ကူးစက် ပြန့်နှံ့သွား၏။
ရွှီရှင်းက ထိုနေရာမှာတင် ရပ်မနေဘဲ စတုတ္ထမြောက် မီးမြှားကိုပါ ဆက်တိုက် ပစ်ခတ်လိုက်သည်။
ထိုမြှားကိုတော့ အသစ်ပြန်ပေါက်လာသည့် ပထမအသုတ် နွယ်ပင်များက ဘေးသို့ ရိုက်ချလိုက်ကြ၏။
---
အခန်း ၁၆၆ ပြီး။