ပေါက်ကွဲမှု (၂)
Vol. 12 Ch. 167
သို့သော်လည်း စောစောက ပစ်ခတ်လိုက်သည့် မီးမြှားသုံးစင်းသည် နွယ်ပင်လုံးကြီးပေါ်ရှိ နေရာသုံးခု ကို မီးစွဲလောင်စေခဲ့ပြီဖြစ်ရာ မီးတောက်များသည် အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားပြီး နွယ်ပင်အများအပြားကို ဝါးမြိုသွားတော့သည်။
အသစ်ပြန်ပေါက်လာသည့် အပြင်ဘက်က နွယ်ပင်များသည် မီးလောင်နေသည့် နွယ်ပင်လုံးကြီးကို ရူးသွပ်စွာ ဝိုင်းရိုက်ပြီး မီးငြှိမ်းသတ်ရန် ကြိုးစားကြသော်လည်း အချည်းနှီးသာ ဖြစ်၏။
နွယ်ပင်များမှ ထွက်သည့် အရည်များမှာ မီးလောင်လွယ်သည့် လောင်စာများသကဲ့သို့ ဖြစ်နေသဖြင့် မီးမှာ ပို၍သာ ပြင်းထန်လာသည်။
နွယ်ပင်အချို့မှာ မီးငြှိမ်းသတ်ရန် ရိုက်ပုတ်ရင်း သူတို့ကိုယ်ပင် မီးကူးစက်ခံရပြီး မီးတောက်ထဲတွင် တွန့်လိမ်နေကြစဉ် ဘေးနားရှိ သူတို့၏ အဖော်များကပါ သူတို့ကို ဝိုင်းဝန်းဆွဲဖြဲ ပစ်လိုက်ကြပြန်သည်။
"သွားကြစို့"
မီးကို ဘယ်လိုမှ ငြှိမ်းလို့ မရတော့တာကို မြင်သည်နှင့် ရွှီရှင်းသည် ငွေရောင်ဘုရင်ပေါ်သို့ ချက်ချင်း ခွစီးကာ ကျောပေါ်တွင် ပြားပြားလေး ဝပ်လိုက်၏။
ရွှီရှင်း သေချာပြီဖြစ်ကြောင်း သိသည်နှင့် ငွေရောင်ဘုရင်သည် မြေပြင်ပေါ်သို့ ရောက်အောင် တဟုန်ထိုး ပြေးတက်တော့သည်။
လှိုင်ဂူလမ်းကြောင်းမှာ ၂ မီတာခန့် ကျယ်ဝန်းပြီး အမြင့်လည်း ရှိသဖြင့် သာမန်အတိုင်း စီးလျှင် ခေါင်းနှင့် အပေါ်နံရံ တိုက်မိနိုင်သော်လည်း ကျောပေါ်တွင် ဝပ်စီးနေသဖြင့် ဘာပြဿနာမှ မရှိပေ။
၁ ကီလိုမီတာတောင် မပြည့်သည့် ခရီးကို ငွေရောင်ဘုရင်သည် စက္ကန့်ပိုင်းအတွင်း ဖြတ်ကျော်ပြီးနောက် လူတစ်ယောက်နှင့် သားရဲလေးကောင်တို့သည် မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလာကြချေပြီ။
ရွှီရှင်းသည် ဝံပုလွေပေါ်မှ ဆင်းကာ ဂူအတွင်းဘက်သို့ လှမ်းကြည့်လိုက်ရာ မည်းမှောင်နေသည့် မီးခိုးများမှာ လမ်းကြောင်း၏ တစ်ဝက်ခန့်အထိ ပြည့်နှက်နေပြီး အပေါ်သို့ လှိုက်ကာထွက်လာနေသည်ကို တွေ့ရ၏။
တကယ်တော့ ဒီအပြန်လမ်းက အန္တရာယ်ရှိနိုင်တယ်လို့ သူ တွေးထားခဲ့တာ ဖြစ်သည်။
ကျိချောင်းယန် တစ်ယောက်လည်း ဒီလမ်းမှာတင် အဆက်အသွယ် ပြတ်သွားခဲ့တာ မဟုတ်ပါလား။
"အဲဒီလူကတော့... ဘာအကြောင်းမှမရှိဘဲ ရုတ်တရက်ကြီး အဆက်အသွယ် ပြတ်သွားရတယ်လို့။"
စူးစမ်းရှာဖွေသူများ အဖွဲ့ထဲတွင် ဝမ်လေ့မှာ ဗီဇပြောင်း ပျံလွှားပိုးမွှားတွေရဲ့ လိုက်လံတိုက်ခိုက်မှုကနေ လွတ်မြောက်လာခဲ့ချေပြီ။
ဝမ်လေ့ - "ဘုရားရေ... အဲဒီပိုးကောင်တွေ နောက်ဆုံးတော့ ထွက်သွားကြပြီ။ ငါ့မျက်နှာဆိုတာ ဖောင်းကားပြီး ဘာနဲ့တူမှန်းတောင် မသိတော့ဘူး၊ တကယ်ကို နာလိုက်တာ..."
ချီရွှယ်ဖေး - "အပြာရောင်အဆင့် သွေးတိတ်ဆေးပင်တွေကို သုံးလိုက်ပါ၊ ဒဏ်ရာရထားရင် နှမြောမနေနဲ့။ ငါ့ဆီမှာ ဆေးပင်တွေ အများကြီး ရှိတယ်"
သူမက တော်တော်လေး သဘောကောင်းလှသည်။
သို့သော် ဝမ်လေ့ကို အပြင်ထွက်ခိုင်းရန် အကြံပြုခဲ့သူမှာ သူမဖြစ်သဖြင့် ယခုကဲ့သို့ တာဝန်ယူပေးခြင်းကလည်း လိုအပ်သည် မဟုတ်ပါလား။
ဝမ်လေ့ - "ဒါဆိုလည်း ငါ သုံးလိုက်တော့မယ်"
ချီရွှယ်ဖေး - "အေး... သုံးလိုက်ပါ"
ဝမ်ကွေ့ရှင်း - "...ငါ ဒုတိယဂူကိုလည်း စစ်ပြီးပြီ၊ ရွှီရှင်းပြောတဲ့ နှလုံးသားတော့ မရှိပြန်ဘူး။ ဒါပေမဲ့ နင် တို့လိုပဲ အနီရောင်ပန်းကြီးတွေနဲ့ ပိုးကောင်တွေတော့ ရှိတယ်"
ရွှီရှင်း - "ငါတော့ အဲဒီ နှလုံးသား ကို တွေ့ခဲ့ပြီ"
ရွှီရှင်းသည် သူ၏ အတွေ့အကြုံများကို မျှဝေပေးလိုက်ပြီး ထိုအသားခဲနှလုံးသားကြီးကို တွေ့လျှင် တွေဝေမနေဘဲ မီးမြှားနှင့်သာ ပစ်ရန် သူတို့ကို အကြံပေးလိုက်၏။
အကယ်၍ နှလုံးကြီး မှ အလင်းထွက်မလာခင်မှာသာ သူ မီးရှို့နိုင်ခဲ့လျှင် အခုလို ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ပေ။
ဂူပေါက်ထဲမှ စူးရှရှ မီးလောင်နံ့များနှင့်အတူ မီးခိုးမည်းများ ထွက်ပေါ်နေသဖြင့် အောက်က နွယ်ပင်တွေ အတော်လေး အထိနာသွားပြီဖြစ်ကြောင်း သိနိုင်၏။
လီဝမ်ရှီး - "ဝိုး... ကြားရတာ တကယ် အန္တရာယ်များတာပဲ..."
ကျောက်ရှောက်ချွမ်း - "ငါ့သစ်ပင်အိမ်အောက်မှာ တဒုန်းဒုန်းနဲ့ ခုန်နေတဲ့ အသားခဲကြီး ရှိနေမယ်ဆိုတာကို တွေးကြည့်ရုံနဲ့တင် ကြောက်လှပြီ။ အစ်ကိုရွှီရာ... အခု အကြီးအကဲကျိနဲ့လည်း အဆက်အသွယ် မရတော့ဘူးဆိုတော့ ငါတို့ကို ကယ်ဖို့ မင်းကိုပဲ အားကိုးရတော့မှာပဲ"
ချင်ယွန်လုံ - "ကျိချောင်းယန် ဘာဖြစ်သွားတာလဲ၊ တစ်ခုခု အခက်တွေ့နေတာလားမသိဘူး"
ဝမ်လေ့ - "ဟေ့... အကြီးအကဲကျိက ဒီလောက်အစွမ်းထက်တာ ဘာဖြစ်မှာလဲ။ သူ့နာမည်က မီးခိုးရောင် မပြောင်းသေးဘူးဆိုတော့ အသက်ရှင်နေတုန်းပဲလေ။ အစ်ကိုရွှီတောင် ဟိုတစ်ခါ ဂူထဲမှာ အကြာကြီး အဆက်အသွယ် ပြတ်သွားသေးတာပဲ၊ သူလည်း အဆင်ပြေမှာပါ။ ဒါနဲ့... နွယ်ပင်အုပ်စုကို မီးရှို့ပစ်တာ ကြားရတာ တော်တော် အရသာရှိမှာပဲ။ တောထဲမှာ မီးမသုံးရလို့ အောင့်အီးနေရတာ၊ ငါလည်း စမ်းကြည့်ချင်လိုက်တာ"
ကျိချောင်းယန်သည်လည်း ရွှီရှင်း ဟိုတစ်ခါ ကြုံခဲ့ရသလို လိုင်းမမိသည့် နေရာတစ်ခုခုသို့ ရောက်သွားခြင်း ဖြစ်နိုင်ပါသည်ဟု သူ တွေးလိုက်မိသည်။
သို့သော် သူသည် နှလုံးသားဆီမှ အပြင်သို့ ပြန်ထွက်လာတဲ့အချိန်မှာ အဆက်အသွယ် ပြတ်သွားခြင်းဖြစ်သည်။
အပြင်ကို ပြန်ထွက်တဲ့ လမ်းပဲရှိတာကို ဘယ်နေရာမှာ လိုင်းမမိဘဲ ဖြစ်နေပါလိမ့်....။
"နေဦး... အဲဒီအချိန်မှာ ကျိချောင်းယန်က သူ ထွက်သွားတော့မယ်လို့ ပြောခဲ့တာပဲ။"
ဒါပေမဲ့ အဲဒါက သူ အပြင်ကို လုံးဝ ထွက်သွားပြီလို့ မဆိုလိုပေ။
မြေအောက်မှာ တခြားလမ်းကြောင်းတွေကို သူ ရှာတွေ့သွားတာလည်း ဖြစ်နိုင်၏။
သူ့ရဲ့ အကြားအာရုံနဲ့ဆိုလျှင် တခြား ဝင်ပေါက်တွေကို ရှာတွေ့ဖို့က ဖြစ်နိုင်သည် မဟုတ်ပါလား။
ရွှီရှင်းသည် မီးခိုးများ ထွက်နေဆဲဖြစ်သည့် ဂူပေါက်ကို ကြည့်လိုက်၏။
မြေအောက်မှာ တခြားလမ်းကြောင်းတွေ ရှိနေနိုင်ဦးမှာလားမသိဘူး....။
ဝမ်ကွေ့ရှင်းကလည်း အဖွဲ့ထဲတွင် စာပို့လာသည် - "နွယ်ပင်အုပ်စုလား။အင်း... ငါကတော့ မီးသုံးဖို့ မလိုပါဘူး။ မီးသုံးရင် ငါလည်း အပြင်ကို ပြေးနေရဦးမှာလေ။ ငါ့နည်းငါ့ဟန်နဲ့ပဲ ဖြေရှင်းလိုက်မယ်"
ရွှီရှင်း ဖတ်ကြည့်ရင်း ခါးသက်သက် အပြုံးနှင့် ခေါင်းခါမိသည်။
တိုက်ခိုက်ရေးစွမ်းရည်မှာတော့ ဝမ်ကွေ့ရှင်းကို သူ တကယ် အားကျရပါသည်။
သူမက သူမရဲ့ အစွမ်းတွေအကြောင်း အသေးစိတ် မပြောသော်လည်း တိုက်ခိုက်ရေးမှာတော့ အလွန်ကျွမ်းကျင်သည် မဟုတ်ပါလား။
ဘယ်လို စွမ်းရည်မျိုး ရှိသလဲဆိုတာကိုတော့ ဘယ်သူမှ မသိကြပေ။
မီးခိုးများမှာ တဖြည်းဖြည်း ကျဲပါးလာပြီး မြေအောက်တွင် အောက်စီဂျင် မလောက်တော့သဖြင့် မီးလောင်မှုလည်း ရပ်တန့်သွားပုံရသည်။
ငွေရောင်ဘုရင်နှင့် မီမီတို့မှာ မီးခိုးကင်းရာ အရိပ်ထဲတွင် လှဲနေကြပြီး အာဖုကတော့ မီမီ၏ ကျောပေါ်တွင် နားနေရင်း မီးခိုးတွေ ကုန်အောင် စောင့်နေကြ၏။
ခဲခဲလေးကတော့ ထူးထူးဆန်းဆန်း မီးခိုးတွေ ထွက်နေတဲ့ ဂူပေါက်နားကို ပြေးလွှားဆော့ကစားနေရင်း မီးခိုးမှန်ပြီး တစ်ကိုယ်လုံး မည်းတူးသွားရုံတင်မက သူမရဲ့ အမြီးကြီးပါ မည်းသွားတော့သည်။
ရွှီရှင်းမှာ ရယ်လည်းရယ်ချင်၊ စိတ်လည်းညစ်သွားကာ ခဲခဲလေးကို ဖမ်းပြီး အားနဲ့ ပွတ်ချပေးလိုက်ရသည်။
"အီးး အီးးး အီးးး"
ခဲခဲလေးက မကျေမနပ် ကန့်ကွက်နေသော်လည်း အချည်းနှီးသာ ဖြစ်၏။
ရွှီရှင်းကတော့ ကျောက်မီးသွေးခဲလေး တစ်ကိုယ်လုံးကို လာဖက်မှာ
မလိုလားပေ။
ကံကောင်းထောက်မစွာဖြင့် ခဲခဲလေးမှာ သဘာဝအလျောက် အညစ်အကြေး မတင်သည့် ပါရမီ ရှိနေပုံရသည်။
အရင်က သူမကို ရေချိုးပေးစဉ်ကလည်း ရေမှာ မညစ်ပတ်သွားသည်ကို ရွှီရှင်း သတိပြုမိခဲ့ဖူးသည်။
အခုလည်း အကြိမ်အနည်းငယ် ပွတ်လိုက်ရုံဖြင့် ဖြူဖွေးသည့် ပန်ဒါလေး ပြန်ဖြစ်လာချေပြီ။
ခဲခဲလေးသည် ရွှီရှင်း၏ လက်မောင်းမှတစ်ဆင့် ပခုံးပေါ်သို့ ပြန်တက်လိုက်၏။
ဂူပေါက်မှ မီးခိုးမည်းများ ထွက်လာခြင်း ရပ်တန့်သွားချေပြီ။
နွယ်ပင်တွေ ပြန်မနိုးလာခင် အမြန်ဆင်းပြီး သွားစစ်ဆေးကြည့်တာ အကောင်းဆုံးပဲဟု ရွှီရှင်း တွေးလိုက်မိသည်။
---
အခန်း ၁၆၇ ပြီး။