← Chapters

ပေါက်ကွဲမှု (၃)

Vol. 12 Ch. 168

ပေါက်ကွဲမှု (၃)

Vol. 12 Ch. 168

ဒီတစ်ခါမှာတော့ ရွှီရှင်းသည် အရင်ကလောက် ဂရုတစိုက် မလုပ်တော့ဘဲ ငွေရောင်ဘုရင်၏ ကျောပေါ်သို့ တိုက်ရိုက်ခုန်တက်ကာ ဂူအတွင်းသို့ တဟုန်ထိုး ဝင်ရောက်သွားတော့သည်။

စူးရှလှသော မီးခိုးမည်းများမှာ အတော်အတန် ကျဲပါးသွားပြီဖြစ်သော်လည်း အတွင်းထဲသို့ ရောက်သည့်အခါ မီးလောင်ထားသည့် အနံ့ဆိုးကြီးက ကျန်ရှိနေဆဲဖြစ်ရာ ရွှီရှင်း၏ လည်ချောင်းကို ယားယံလာစေပြီး အကြိမ်အနည်းငယ် ချောင်းဆိုးမိသွား၏။

"မီးလောင်ထားတဲ့ နွယ်ပင်နံ့ကို သေသေချာချာ ခံစားကြည့်ရင် ခရမ်းသီးကင်နံ့နဲ့တောင် ဆင်သလိုလိုပဲ။"

ဗိုက်ဆာလာချေပြီ....။

ပြန်ရောက်ရင်တော့ စားပွဲကြီး တစ်ခုလောက် လုပ်ရမည်ဟု သူ တွေးလိုက်မိသည်။

ဂူဝနားတွင် မီးခိုးအနည်းငယ် ရှိနေသေးသော်လည်း အောက်ခြေသို့ ရောက်လေလေ မီးခိုးများ နည်းပါးသွားလေဖြစ်ရာ နောက်ဆုံးတွင် နှာခေါင်းကိုပင် ပိတ်ထားစရာ မလိုတော့ပေ။

လမ်းကွေ့တစ်ခုသို့ ရောက်သောအခါ ရွှီရှင်း အထဲသို့ လှမ်းကြည့်လိုက်၏။

"ဟားဟား... တကယ့်ကို လှလိုက်တဲ့မြင်ကွင်းပဲဟေ့"

သူ မရယ်ဘဲ မနေနိုင်တော့ပေ။

မြေအောက်ခန်းမ တစ်ခုလုံးမှာ မီးလောင်ထားသဖြင့် မည်းတူးနေပြီး နွယ်ပင်အားလုံးမှာ မြေပြင်ပေါ်တွင် ပြာအတိ ဖြစ်နေချေပြီ။

မီးမလောင်ဘဲ ကျန်ရစ်သည့် နွယ်ပင်ငုတ်တို အနည်းငယ်မှာလည်း အရောင်အဝါ ကင်းမဲ့နေပြီး သေဆုံးသွားသည့် ပုံစံမျိုး ပေါက်နေသည်။

အလယ်က အသားခဲ နှလုံးသား ကြီးမှာမူ နွယ်ပင်များ မရှိတော့သဖြင့် အကာအကွယ်မဲ့စွာ ပေါ်ထွက်နေ၏။

၎င်းသည်လည်း မီးလောင်ဒဏ်ကို အတော်လေး ခံထားရပုံရပြီး မျက်နှာပြင်မှာ မီးကျွမ်းနေကာ အသားကင်နံ့ပင် ထွက်နေချေပြီ။

နှလုံးကြီး မှာ အရောင်မှိန်သွားပြီး ခုန်နှုန်းမှာလည်း သိသိသာသာ နှေးကွေးသွားရသည်။

ရွှီရှင်း ရောက်လာသည်ကို သိပုံရပြီး ၎င်းသည် အလင်းပြန်ထွက်လာကာ နှလုံးခုန်နှုန်းကို မြှင့်တင်ရန် ကြိုးစားသော်လည်း နွယ်ပင်များ ရစ်ပတ်ထားစဉ်ကနှင့် နှိုင်းယှဉ်လျှင်တော့ အများကြီး အားနည်းနေချေပြီ။

မြေပြင်ပေါ်က ပြာပုံတွေကြားမှာ တစ်ဝက်တစ်ပျက် သေနေတဲ့ နွယ်ပင်အချို့က တုန်ခါသွားပြီး အနီရောင်အလင်းဖျော့ဖျော့ ထွက်ပေါ်လာကာ သူတို့ကိုယ်သူတို့ ပြန်လည်ပြုပြင်ရန် ကြိုးစားလာကြသည်။

ရွှီရှင်းကတော့ ဒီနှလုံးသားကို နောက်ထပ် အခွင့်အရေး ပေးမှာ မဟုတ်တော့ပေ။

သူသည် မြှားသေနတ်ကို မြှောက်ကာ ပေါက်ကွဲမြှားတစ်စင်း ပစ်လိုက်၏။

နွယ်ပင်တွေရဲ့ အကာအကွယ် မရှိတော့တဲ့အတွက် ဒီနှလုံးသားကြီးဟာ ဧရာမ ပစ်မှတ်ကြီးတစ်ခု ဖြစ်နေတော့သည်။

"ဝုန်း"

ပေါက်ကွဲမြှားသည် နှလုံးသားပေါ်တွင် ပေါက်ကွဲသွားပြီး အသားစများကို လွင့်စင်သွားစေသည်။

နှလုံးသားကြီးမှာ အလင်းဖျက်ခနဲ တစ်ချက်ဖြစ်သွားပြီးမှ ပြန်မှိန်သွားကာ အပြင်းအထန် ကျုံ့သွားတော့သည်။

အားစိုက်ပြီး အော်ဟစ်နေသည့် အသံမျိုးပင် ထွက်ပေါ်လာ၏။

"နှုတ်ဆက်ပါတယ်ကွာ"

"ဝုန်း"

"ဝုန်း"

"ဝုန်း"

"ဝုန်း"

ပေါက်ကွဲမြှားများကို အဆက်မပြတ် ပစ်ခတ်လိုက်ရာ ရွှီရှင်း၏ နားမှာလည်း ဒီပေါက်ကွဲသံကြီးတွေကို ကျင့်သားရနေပြီ ဖြစ်သည်။

ဂူတစ်ခုလုံး တုန်ခါသွားပြီး နံရံမှ မြေစာများနှင့် အသားတုံးကြီးများ နေရာအနှံ့ လွင့်စင်ကုန်၏။

မီးခိုးများ ကျဲပါးသွားသောအခါ အလယ်တွင် အပေါက်ကြီးဖြစ်နေသည့် ဧရာမ အသားတုံးကြီးတစ်ခုသာ ကျန်တော့သည်။

၎င်း၏ နှလုံးခုန်သံမှာလည်း အလွန်ပင် အားနည်းသွားချေပြီ။

သူသည် လှံကို ထုတ်ကာ အမိန့်ပေးလိုက်၏။

"ငွေရောင်ဘုရင်၊ မီမီ... သွား၊ ဒီနှလုံးသားကို အပြတ်ရှင်းပစ်လိုက်ကြ"

"ဝူးးး"

"ညောင်"

လူတစ်ယောက်နှင့် သားရဲနှစ်ကောင်တို့ စတင် လှုပ်ရှားကြတော့သည်။

ရွှီရှင်း၏ လှံက နှလုံးကြီးထဲသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်ပြီး မီမီ၏ လက်သည်းများမှာလည်း မြန်ဆန်လှသဖြင့် အသားစများမှာ ဟိုဟိုဒီဒီ လွင့်ထွက်ကုန်၏။

ငွေရောင်ဘုရင်ကမူ နှလုံးသား၏ ဒဏ်ရာကို ရူးသွပ်စွာ ကိုက်ဖြတ်လိုက်ရာ ခေါင်းကို တစ်ချက်ခါယမ်းလိုက်ရုံဖြင့် အသားကီလို ရာဂဏန်းလောက် ပြတ်ထွက်သွားတော့သည်။

နောက်ဆုံးတွင်တော့ နှလုံးသားကြီးမှာ အရှုံးပေးသွားရပြီး လုံးဝ မှောင်မိုက်သွားကာ နှလုံးခုန်ခြင်းလည်း ရပ်တန့်သွားတော့သည်။

[ဗီဇပြောင်းအပင်၏ နှလုံးသားကို သတ်ဖြတ်လိုက်သဖြင့် ရမှတ်: ၃၀၀ ရရှိပါသည်။]

ရမှတ် ၃၀၀ လား....

အကယ်၍ ဒါဟာ အမဲလိုက်ပွဲ တုန်းကလို ရမှတ် ၅ဆ သာဆိုရင် စုစုပေါင်း ၁၅၀၀ ဖြစ်မှာဖြစ်ပြီး အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲ သုံးကောင်နဲ့ ညီမျှတာပဲဟု သူ တွေးလိုက်မိသည်။

ရွှီရှင်းသည် မြေပြင်ပေါ်မှ လက်ဖဝါးခန့်ရှိသည့် အသားတုံးတစ်ခုကို ကောက်ယူလိုက်၏။

[ဗီဇပြောင်းအပင်၏ နှလုံးသားအပိုင်းအစ (အစိမ်းရောင်အဆင့်) ၁.၂၆ ကီလိုဂရမ် ရရှိပါသည်။]

[ဗီဇပြောင်းအပင်၏ နှလုံးသားအပိုင်းအစ (အစိမ်းရောင်အဆင့်) - ဤအရာကို မီးရှို့လိုက်ပါက ဗီဇပြောင်းအပင်များကို မောင်းထုတ်နိုင်သည့် မီးခိုးများ ထွက်ပေါ်လာမည်။ ၁ ကီလိုဂရမ်လျှင် ၁ နာရီ ခံသည်။]

မီးရှို့လိုက်ရင် ဗီဇပြောင်းအပင်တွေကို မောင်းထုတ်နိုင်တဲ့ မီးခိုးတွေ ထွက်လာမှာလား။

ရွှီရှင်း၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ဝိုင်းစက်သွားရ၏။

ဒါဟာ တခြား အသက်ရှင်ကျန်ရစ်သူတွေကို သစ်ပင်အိမ် ကာကွယ်ရေးတိုက်ပွဲကနေ ကယ်တင်ပေးနိုင်မယ့် သော့ချက်ပင်။

ဒါကိုသုံးပြီး ဗီဇပြောင်းအပင်တွေကို မောင်းထုတ်လိုက်လျှင် သူတို့ မြေအောက်က နှလုံးသားကို သွားသတ်စရာ မလိုတော့ဘဲ ကာကွယ်ရေးကာလ ကုန်ဆုံးတဲ့အထိ တောင့်ခံထားနိုင်မှာ ဖြစ်သည်။

ဒါပေမဲ့ မေးခွန်းထုတ်စရာ တစ်ခုရှိတာက...

ရွှီရှင်း ဒါတွေကို သူတို့ကို ပေးမှာလားဆိုတာပင်။

ဒီပွဲမှာ အားနည်းတဲ့သူတွေက အားကြီးတဲ့သူတွေကို အားကိုးရမှာလား...။

ဒီပွဲက ရွှီရှင်းကို အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့ ကူညီပေးနေသလိုပင်။

ရွှီရှင်းသည် သူ့ရှေ့က ပျက်စီးနေသည့် ဧရာမ နှလုံးသားကြီးကို ကြည့်လိုက်၏။

အလေးချိန်က တန်ပေါင်းများစွာ ရှိမလားမသိဘူး.....။

ရုတ်တရက် ပျက်စီးနေသည့် နှလုံးသား၏ အသားစများကြားတွင် တစ်ခုခု လင်းလက်နေတာကို သူ မြင်လိုက်ရသည်။

ဒါက ဘာကြီးလဲ...။

---

အခန်း ၁၆၈ ပြီး။

All Chapters