← Chapters

သစ်ပင်အိမ်သို့ ပြန်လာခြင်း

Vol. 12 Ch. 170

သစ်ပင်အိမ်သို့ ပြန်လာခြင်း

Vol. 12 Ch. 170

"ဝိုး... ရှင့် ဘေးနားမှာ ဗီဇပြောင်းသားရဲတွေ ဒီလောက်တောင် အများကြီးပဲလား အကုန်လုံးကို ယဉ်ပါးအောင် လုပ်ထားတာလား"

လီဝမ်ရှီးသည် ရွှီရှင်း၏ အနောက်က ငွေရောင်ဘုရင်၊ မီမီနှင့် အာဖုတို့ကို သတိထားမိသွားပြီး အံ့သြတကြီး မေးလိုက်၏။

"အင်း... ငါ မင်းကိုပေးထားတဲ့ စာချုပ်နဲ့ပဲ အကုန်လုံးကို ယဉ်ပါးအောင် လုပ်ထားတာလေ"

ရွှီရှင်းက ခပ်အေးအေးပင် ရှင်းပြလိုက်သော်လည်း သူ၏ အာရုံမှာမူ ထောင့်နားက ဂူပေါက်ငယ်လေးဆီသို့သာ ရောက်နေသည်။

"အီးးး"

ရွှီရှင်းက ဂူပေါက်ကို စိတ်ဝင်စားနေသည်ကို မြင်သောအခါ ခဲခဲလေးက အထဲသို့ ပြေးဝင်ရန် ပြင်လိုက်၏။

"ပြန်လာခဲ့စမ်း"

ရွှီရှင်းက ခဲခဲလေး၏ ဂုတ်ပိုးကို လှမ်းဖမ်းကာ ပြန်ဆွဲလိုက်ရသည်။

ဒီနေရာက ခွင့်ပြုချက်မရှိဘဲ သူမ သွားဆော့ရမည့် နေရာမဟုတ်ပေ။

ငွေရောင်ဘုရင်၊ မီမီနှင့် အာဖုတို့ကတော့ အများကြီး ပိုပြီး နားထောင်ကြသည်။

သူတို့သုံးကောင်လုံးမှာ ရွှီရှင်းနှင့် စာချုပ်ရှိထားပြီးသားဖြစ်သဖြင့် လိမ်မာကြသော်လည်း ခဲခဲလေးကတော့ အမြဲတမ်း ဟိုပြေးဒီလွှား ဆော့ကစားနေတတ်သည်။

အခုထိလည်း ခဲခဲလေးဟာ မြေပုံပေါ်မှာ အလင်းစက်အဖြစ် ပေါ်မလာသေးပေ။

ကံကောင်းထောက်မစွာဖြင့် ဒီကောင်မလေးက အဖော်ကောင်း တစ်ကောင်ဖြစ်နေပြီဖြစ်ရာ ထွက်ပြေးသွားမှာကိုတော့ စိုးရိမ်စရာ မရှိတော့ပေ။

ခဲခဲလေးက အထဲကို ဝင်ရဲတယ်ဆိုရင်တော့ ဒီနေရာမှာ အန္တရာယ်မရှိနိုင်ဘူးဆိုတဲ့ သဘောပဲ.....။

မဟုတ်ရင်တော့ သူမ ဘယ်တော့မှ ဝင်ရဲမှာ မဟုတ်ဘဲ ရွှီရှင်းကိုပါ မဝင်ဖို့ တားနေမှာ ဖြစ်သည်။

"အဆင်ပြေရဲ့လား၊ ဟိုဘက်မှာ တစ်ခုခု ဖြစ်လို့လား"

လီဝမ်ရှီးက စိုးရိမ်တကြီး မေးလိုက်၏။

သူမ ဗီဒီယိုဖွင့်ထားသော်လည်း ရွှီရှင်းနှင့် သူ့အနောက်က အခြေအနေကိုသာ မြင်ရပြီး ထောင့်က ဂူပေါက်ကိုတော့ မမြင်ရပေ။

"ဘာမှမဟုတ်ပါဘူး"

ရွှီရှင်းက ကင်မရာကို ထောင့်ဘက်သို့ လှည့်ပြလိုက်ရင်း

"ဒီဂူပေါက်ထဲကနေ ဗီဇပြောင်းသားရဲတစ်ကောင် ထွက်လာလို့လေ"

"ဂူပေါက်အသေးလေးလား တော်တော်သေးတာပဲ၊ ဝပ်ပြီးဝင်မှ ရမှာပေါ့။ အထဲမှာ အန္တရာယ်ရှိရင် ဝပ်ပြီးသွားနေရတာက ဘာမှလုပ်လို့ရမှာ မဟုတ်ဘူးနော်"

လီဝမ်ရှီး ပြောတာလည်း ဟုတ်ပေ၏။

ရွှီရှင်းကိုယ်တိုင်ကလည်း အထဲကို ဝင်ဖို့ စိတ်ကူးမရှိပေ။

"ကဲ... ဒါတွေကို ခဏထားလိုက်ဦး။ မင်း အားရင် ဒီအသားတွေကို ခွဲပေးဖို့ ကူညီပေးမလား။ တစ်ပုံကို ၃ ကီလိုဂရမ်လောက်စီ လုပ်ပေးနော်"

"အော်... ရတာပေါ့၊ ဟဲဟဲ၊ ကျွန်မ လည်း ရှင်တို့ကို တစ်ခုခု ကူညီပေးနိုင်ပြီပေါ့"

"အသားတစ်တုံးကို မီးရှို့ကြည့်ပြီး သစ်ပင်အိမ်အောက်က နွယ်ပင်တွေကို မောင်းထုတ်နိုင်လားဆိုတာ စမ်းကြည့်ဦးနော်"

"ကောင်းပါပြီရှင်"

ဗီဒီယိုပိတ်လိုက်ပြီးနောက် ရွှီရှင်းသည် ဒေသတွင်း ဆက်သွယ်ရေးလိုင်းတွင် စာတစ်စောင် တင်လိုက်၏။

"အားလုံးပဲ... အဲဒီနွယ်ပင်တွေကို သွားမတိုက်ခိုက်ကြပါနဲ့ဦး။ သူတို့ကို သတ်လေ ပိုပေါက်လာလေမို့ အဆုံးသတ်မှာ မဟုတ်ဘူး"

သစ်ပင်အိမ်အောက်ခြေမှာ ဗီဇပြောင်းနှလုံးသားကြီး ရှိနေတယ်ဆိုတာကို သူ မပြောပြသလို၊ ဒါတွေအားလုံးက သစ်ပင်အိမ်အမြစ်တွေကနေ ဗီဇပြောင်းလဲသွားတာဆိုတာကိုလည်း သူ မပြောပြခဲ့ပေ။

သူ့ရဲ့ ခန့်မှန်းချက်က မှန်ကန်နေသော်လည်း ဒါကို ထုတ်ပြောလိုက်ရင် လူတွေ ကြောက်လန့်ကုန်မှာကို သူ စိုးရိမ်မိသည်။

တစ်စုံတစ်ယောက်ရဲ့ စိတ်ဓာတ်ကသာ မခံနိုင်ဘဲ ပြိုလဲသွားရင်တော့...။

ဒါပေမဲ့ အခုထိ အသက်ရှင်နေတဲ့သူတွေကတော့ ဒီလောက်တော့ ခံနိုင်ရည်ရှိမှာပါလေ။

အခုအချိန်မှာတော့ ဆက်သွယ်ရေးလိုင်းမှာ လူတွေ တော်တော်လေး စည်ကားနေသည်။

လူတိုင်းက အိမ်ထဲမှာပဲ ပိတ်မိနေပြီး ပြတင်းပေါက်ကနေ အပြင်ကိုတောင် လှမ်းမကြည့်ရဲကြတာကြောင့် ပျင်းရိနေကြခြင်း ဖြစ်၏။

"ငါကတော့ အကြီးအကဲရွှီပြောတာကို နားထောင်တယ်၊ အပြင်ကို လုံးဝမထွက်ဘူး၊ ခေါင်းတောင် ပြူမကြည့်ဘူး။ နွယ်ပင်တွေကို သတ်ဖို့လား အိပ်မက်တောင် မမက်ဘူး"

"နွယ်ပင်သတ်ဖို့တဲ့လား ဘော့စ် ရွှီက ငါ့ကို အထင်ကြီးလွန်းနေတာပဲ၊ ငါက အဲဒီလောက် အဆင့်ရှိလို့လား"

"ဒါနဲ့... စောစောက အိမ်ထဲမှာ မနေနိုင်ဘူး၊ အပြင်ထွက်မယ်ဆိုတဲ့ကောင် ဘယ်ရောက်သွားလဲ"

"သေသွားပြီလေ။ သူ အဲဒီလို ပြောတာကြားတာနဲ့ သူ့နာမည်ကို ငါ စောင့်ကြည့်နေတာ၊ စက္ကန့်ပိုင်းအတွင်းမှာပဲ နာမည်က မီးခိုးရောင် ပြောင်းသွားတာပဲ"

"ဒီသူရဲကောင်းကို အလေးပြုပါတယ်"

"သူရဲကောင်း ဟုတ်လား။ ဒါက ဦးနှောက်မရှိဘဲ သေတွင်းထဲ အတင်းတိုးဝင်သွားတာပါဟ"

"ငါတို့အတွက် လမ်းပြပေးမယ့်သူတွေ လိုအပ်တယ်လေ"

"ဘောစ့် ရွှီတို့အဖွဲ့ကမှ တကယ့် လမ်းပြသူတွေပါ၊ ဟိုကောင်ကတော့ အလွန်ဆုံးရှိလှ အမြှောက်စာပါပဲ"

ဆက်သွယ်ရေးလိုင်းက လူအများစုဟာ အပြင်ထွက်ပြီး သေသွားတဲ့သူတွေကို လှောင်ပြောင်နေကြသည်။

ဒါကလည်း ပုံမှန်ပင် ၊ ကမ္ဘာပေါ်က အန္တရာယ်များတဲ့ အားကစား ဗီဒီယိုတွေအောက် မှတ်ချက် ပေးကြသလိုမျိုးပေါ့။

ရွှီရှင်းကတော့ အပြင်ထွက်ဝံ့တဲ့သူတွေ ပိုရှိစေချင်သည်။

အဆင်အခြင်မဲ့တဲ့သူတွေ မဟုတ်ဘဲ အသက်ရှင်အောင် ကြိုးစားနိုင်တဲ့သူတွေကိုပေါ့။

ဒဏ်ရာပြင်းပြင်းထန်ထန် ရရင်တောင် ဘာမှမဖြစ်ပေ၊ သူ ကယ်တင်ပေးနိုင်၏။

အဲဒီလိုလူမျိုးတွေက အနည်းဆုံးတော့ သတ္တိနဲ့ အရည်အချင်း ရှိကြသည် မဟုတ်ပါလား။

ဒါပေမဲ့ လောလောဆယ်မှာတော့ အဲဒီလိုလူမျိုး မတွေ့ရသေးပေ။

အပြင်ထွက်တဲ့သူ တော်တော်များများကတော့ အရှင်း ပျောက်ကွယ်သွားကြချေပြီ။

ဒါမှမဟုတ် သူတို့ရဲ့ အတွေ့အကြုံကို ဆက်သွယ်ရေးလိုင်းမှာ မပြောချင်တာလည်း ဖြစ်နိုင်တာ၏။

ရွှီရှင်းသည် ဂူပေါက်ကို ကြည့်ပြီး အတန်ငယ် တွေဝေနေမိသည်။

သူကိုယ်တိုင် ဝပ်ပြီးဝင်ဖို့ကတော့ တကယ်ကို အန္တရာယ်များသလို အဆင်မပြေလှပေ။

"အီးးး"

ခဲခဲလေးက ရွှီရှင်း တွေဝေနေတာကို မြင်တော့ သူမ၏ ရင်ဘတ်ကို လက်နဲ့ပုတ်ပြပြီး သူမ ဝင်စစ်ဆေးပေးမယ်လို့ အမူအရာ လုပ်ပြသည်။

အာဖုကလည်း ခဲခဲလေးဘေးမှာ နားလိုက်ပြီး သူမနဲ့အတူ လိုက်သွားချင်ပုံရသည်။

"ကောင်းပြီလေ"

ရွှီရှင်းက သဘောတူလိုက်၏။

ခဲခဲလေးကိုယ်တိုင်က အန္တရာယ်မရှိဘူးလို့ ထင်နေမှတော့ တကယ်ပဲ ပြဿနာမရှိနိုင်တာပဲလေ..။

"ဝင်ကြည့်လိုက်ဦး။ အထဲက အရမ်းနက်ရင်တော့ ရှေ့ဆက်မသွားနဲ့နော်၊ ချက်ချင်း ပြန်ထွက်လာခဲ့၊ ကြားလား"

"အီးးး"

ခဲခဲလေးက ခေါင်းညိတ်ပြပြီး ၁ မီတာလောက်မြင့်တဲ့ ဂူထဲကို ပြေးဝင်သွားတော့သည်။

အာဖုကလည်း နောက်က လိုက်သွား၏။

အာဖုရဲ့ အတောင်ပံဖြန့်ကားမှုက ၂ မီတာရှိပေမဲ့ သူ့ကိုယ်ထည်က သေးတာကြောင့် အတောင်ပံတွေကို ရုပ်ပြီး ဝင်သွားဖို့က လွယ်ကူလှသည်။

ရွှီရှင်းသည် ငွေရောင်ဘုရင်ကို မှီထားရင်း ခဲခဲလေးနဲ့ အာဖုဆီက သတင်းကို စောင့်နေလိုက်၏။

မီမီကတော့ မြေပြင်ပေါ်မှာ လှဲနေသည်။

ဒီဂူပေါက်အသေးလေးထဲကိုတော့ မီမီနဲ့ ငွေရောင်ဘုရင်တို့ ဝင်ဖို့က မဖြစ်နိုင်ပေ။

မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ ဂူထဲကနေ ခဲခဲလေးရဲ့ အော်သံနဲ့ အာဖုရဲ့ အသံဖျော့ဖျော့လေးတွေ ကြားလိုက်ရသည်။

သူတို့အချင်းချင်း တစ်ခုခု ဆွေးနွေးနေကြပုံရပြီး ခဏအကြာမှာတော့ ခဲခဲလေး ပြန်ထွက်လာကာ အာဖုကလည်း နောက်က ပါလာ၏။

"အီးးး အီးးး အီးးး"

ခဲခဲလေးက သူမ၏ လက်သည်းလေးတွေနဲ့ ပြန်ပြီး အမူအရာ လုပ်ပြပြန်သည်။

"အထဲမှာ လမ်းခွဲတွေ အများကြီး ရှိတယ်၊ ဂူတွေက အများကြီးပဲ ရှုပ်ထွေးနေတာလားမသိဘူး။ လမ်းပျောက်မှာ စိုးတာနဲ့ အနက်ကြီးထိ မသွားခဲ့ဘူးပေါ့"

ရွှီရှင်းက ခဲခဲလေး ဆိုလိုတာကို နားလည်သွားပြီး ပြန်ပြောလိုက်၏။

"အီး"

ခဲခဲလေးက ခေါင်းညိတ်ပြသည်။

ဒါဆိုရင်တော့ စူးစမ်းဖို့က မဖြစ်နိုင်သေးပေ။

ဝမ်ကွေ့ရှင်း ပြောပြချက်အရဆိုလျှင် တတိယမြောက် ဂူပေါက်က ဒီသင်းခွေချပ်လို သတ္တဝါနဲ့ ပတ်သက်နိုင်၏။

အပြင်ထွက်တဲ့အခါ တတိယဂူကို သွားစစ်ဆေးကြည့်ရမည်။

ဒီနေရာနဲ့ ဆက်သွယ်နေတာလည်း ဖြစ်နိုင်သည် မဟုတ်ပါလား။

ဒါပေမဲ့ အဲဒီမတိုင်ခင် သူ သစ်ပင်အိမ်ကို ပြန်သွားပြီး အခြေအနေ စစ်ဆေးဖို့ လိုအပ်သည်။

နှလုံးသားကို သတ်ပြီးနောက် အပေါ်က ဗီဇပြောင်းနွယ်ပင်တွေ ဘာဖြစ်သွားသလဲဆိုတာ သူ မသေချာသေးပေ။

သစ်ပင်အိမ်အမြစ်ကနေ ပြောင်းလဲသွားတာဆိုရင်တောင် အခုတော့ သူတို့က ဗီဇပြောင်းနွယ်ပင်တွေ ဖြစ်နေပြီဖြစ်ရာ ဒီအတိုင်း ထားလို့မရပေ။

ရှင်နေသေးရင်တော့ အကုန် ရှင်းပစ်ရမည်။

ရွှီရှင်းသည် ငွေရောင်ဘုရင်ကို စီးပြီး ဂူထဲကနေ အမြန်ပြန်ထွက်လာကာ သစ်ပင်အိမ်ရှေ့သို့ ရောက်ရှိလာခဲ့၏။

ထင်ထားသည့်အတိုင်းပင် သွေးရောင်ဆူးနွယ်ပင်တွေဟာ သေမသွားဘဲ လေထဲမှာ ယိမ်းခါနေကြဆဲ ဖြစ်သည်။

ဒါပေမဲ့ နှလုံးသားရဲ့ စွမ်းအင်မရှိတော့တာကြောင့် သူတို့ရဲ့ ဆူးတွေကတော့ နီရဲမနေတော့ဘဲ သာမန်နွယ်ပင်တွေလိုပဲ ဖြစ်နေကြချေပြီ။

ရွှီရှင်းသည် မြှားသေနတ်ကို ထုတ်လိုက်ပြီးမှ ခဏစဉ်းစားကာ ပြန်သိမ်းလိုက်၏။

အပြင်ဘက်ကနေ စပြီး ရှင်းရတာက အထဲကနေ အတင်းတိုးထွက်ရတာထက် အများကြီး ပိုလွယ်ကူသည် မဟုတ်ပါလား။

အနည်းဆုံးတော့ ဝိုင်းရံခံရမှာကို ပူစရာမလိုတော့ပေ။

"ငွေရောင်ဘုရင်၊ မီမီ"

ရွှီရှင်း ဝံပုလွေပေါ်က ဆင်းလိုက်၏။

"စောစောက အပြင်ထွက်တုန်းက မင်းတို့ ဒီနွယ်ပင်တွေကို သတ်ချင်နေကြတာ မဟုတ်လား။ အခု အခွင့်အရေး ရပြီ"

သူက နွယ်ပင်တွေကို ညွှန်ပြလိုက်ရင်း

"ဒီနွယ်ပင်တွေက ထပ်ပြီး ပြန်မပေါက်တော့ဘူး၊ မင်းတို့ စိတ်ကြိုက် တိုက်ခိုက်လို့ရပြီ။ အာဖု... မင်းလည်း ကူပေးလိုက်ဦး"

ဗီဇပြောင်းသားရဲတွေဟာ တိုက်ပွဲတွေကနေတစ်ဆင့် ပိုပြီး မြန်မြန် သန်မာလာကြတာကို ရွှီရှင်း သတိပြုမိခဲ့သည်။

ဒါကြောင့် တိုက်ပွဲရှိရင် သူတို့ကိုပဲ ကိုင်တွယ်ခိုင်းတာ အကောင်းဆုံးပင်။

ဒီနွယ်ပင်တွေက အဆင့်နိမ့် ဗီဇပြောင်းသက်ရှိတွေပဲ ဖြစ်ပြီး အလယ်အလတ်အဆင့်ဖြစ်တဲ့ ငွေရောင်ဘုရင်နဲ့ မီမီကို ကြောက်ကြသည်။

ဒါကြောင့် သူတို့အတွက်တော့ ဒါဟာ အန္တရာယ်ရှိတဲ့ ရန်သူတွေ မဟုတ်ဘဲ အတွေ့အကြုံ ရမယ့် ရတနာသိုက်ကြီးလိုပင်။

ပြီးတော့ သူ့အတွက်လည်း ရမှတ် ရတနာသိုက်ကြီးပေါ့။

ဒါကို ကြားတာနဲ့ ငွေရောင်ဘုရင်နဲ့ မီမီတို့ရဲ့ အငွေ့အသက်တွေ ချက်ချင်း ပြောင်းလဲသွားတော့သည်။

ငွေရောင်ဘုရင်က ဟိန်းဟောက်လိုက်ပြီး သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အစွယ်တွေပေါ်က သွေးရောင်အစင်းကြောင်းတွေက လင်းလက်လာ၏။

မီမီကလည်း သူမ၏ လက်သည်းတွေကို ထုတ်လိုက်ရာ မြေကြီးထဲမှာ အပေါက်ကြီးတွေ ဖြစ်သွားတော့သည်။

အာဖုကတော့ အပေါ်ကနေ ပျံဝဲနေ၏။

၎င်းက အလယ်အလတ်အဆင့် မဟုတ်သေးတာကြောင့် တိုက်ခိုက်ဖို့ သိပ်စိတ်မပါသော်လည်း ရွှီရှင်း ခိုင်းတာကိုတော့ အမြဲ နားထောင်တတ်သည်။

သားရဲနှစ်ကောင် မတိုက်ခိုက်ခင်မှာပဲ အာဖုက အရင်စလိုက်၏။

စူးရှတဲ့ အော်သံကြောင့် အပြင်ဘက်က နွယ်ပင်တွေ တောင့်သွားပြီး အက်ကြောင်းတွေ ပေါ်လာကြသည်။

တစ်ချိန်တည်းမှာပင် ငွေရောင်ဘုရင်နဲ့ မီမီတို့ကလည်း ဝိုင်းဝန်း တိုက်ခိုက်ကြတော့ရာ နွယ်ပင်အပိုင်းအစတွေ နေရာအနှံ့ လွင့်စင်ကုန်၏။

"အီးးး အီးးး"

ခဲခဲလေးက ရွှီရှင်းရဲ့ ပခုံးပေါ်ကနေ လက်သည်းလေးတွေ ယမ်းပြီး အားပေးနေရှာသည်။

"အပြင်ဘက်ကနေ တစ်ပတ်ချင်းစီ ရှင်းသွားကြ"

ရွှီရှင်းက ညွှန်ကြားလိုက်၏။

သူတို့တွေကို အထဲသို့ တန်းတိုးဝင်ပြီး အပီအပြင် တိုက်ခိုက်ခိုင်းလို့ ရသော်လည်း ဒဏ်ရာတွေ ရမှာကို သူ မလိုလားပေ။

မစစ်ဆေးရသေးတဲ့ ဂူပေါက်တစ်ခု ကျန်နေသေးတာကြောင့် ဒဏ်ရာကို မလိုလားအပ်ဘဲ မရစေချင်တာ ဖြစ်သည်။

အာဖုက အပေါ်ကနေ အသံလှိုင်းတွေနဲ့ နှောင့်ယှက်ပေးပြီး အောက်မှာတော့ ငွေရောင်ဘုရင်နဲ့ မီမီတို့က ရှင်းပေးနေကြသည်။

နွယ်ပင်တွေကို ရှင်းထုတ်တဲ့ အရှိန်မှာ အလွန်မြန်ဆန်လှပြီး ရမှတ်တွေ တိုးလာတဲ့ အသံကလည်း ရွှီရှင်းရဲ့ နားထဲမှာ အဆက်မပြတ် မြည်နေတော့သည်။

အခုဆိုလျှင် သူ့ရဲ့ ရမှတ်တွေက ၅၀၀၀ ကျော်သွားပြီ ဖြစ်၏။

သူ့အတွက်တော့ အပြာရောင်အဆင့် မြေကြီးဆိုတာ မရှားတော့တဲ့ အရင်းအမြစ်တစ်ခုပင်။

အော်ဂဲနစ်မြေသြဇာ (အပြာရောင်အဆင့်) တစ်အိတ်ကို ရမှတ် ၅၀၀ ပဲ ပေးရတာဖြစ်ပြီး သူ့မှာ ၃၀ ရာခိုင်နှုန်း လျှော့စျေးရှိတာကြောင့် ၃၅၀ ပဲ ကျသင့်၏။

ဒါပေမဲ့ အခုချိန်မှာတော့ သူ ရမှတ်တွေကို မသုံးချင်သေးပေ။

သစ်ပင်အိမ် အဆင့်မြှင့်တာက မကြာခင် ပြီးတော့မှာဖြစ်သလို ဒုတိယအဆင့်လည်း စတော့မည် မဟုတ်ပါလား။

အဲဒီအချိန်ကျရင် ရမှတ်ဆိုင် မှာ အသစ်တွေ ထပ်ပေါ်လာနိုင်၏။

ဒါကြောင့် ရမှတ်တွေကို စုထားတာ အကောင်းဆုံးပဲဟု သူ ဆုံးဖြတ်လိုက်သည်။

၁၀ မိနစ်လောက်အတွင်းမှာပဲ သစ်ပင်အိမ်ပတ်ပတ်လည်က နွယ်ပင်တွေ အကုန်ရှင်းသွားချေပြီ။

သူ ထင်ထားတဲ့အတိုင်း ဒီနွယ်ပင်တွေက ထပ်ပြီး ပြန်မပေါက်တော့ပေ။

မြေပြင်ပေါ်မှာတော့ တွန့်လိမ်နေတဲ့ နွယ်ပင်အပိုင်းအစတွေ အများကြီး ကျန်ရစ်ခဲ့သည်။

ရွှီရှင်းသည် ထိုနွယ်ပင်အားလုံးကို ကျောပိုးအိတ်ထဲ ထည့်လိုက်၏။

ဒီဗီဇပြောင်းနွယ်ပင်တွေက တန်ဖိုးရှိလှသည် မဟုတ်ပါလား။

၎င်းတို့ထံမှ ဗီဇပြောင်းနွယ်ပင်ရည် တွေ ထုတ်ယူလို့ရသလို၊ ကျန်တာတွေကိုလည်း ချီရွှယ်ဖေးက ဆေးဖော်စပ်တဲ့နေရာမှာ သုံးလို့ရ၏။

"ဝိုး... တော်တော်လေး လေးတာပဲ..."

နွယ်ပင်တွေက အများကြီးဆိုတော့ တကယ်ကို လေးလှသည်။

ရွှီရှင်းသည် သစ်ပင်အိမ်ထဲကို ပြန်ဝင်ပြီး အရင်းအမြစ်တွေ ထည့်တဲ့ အစိမ်းရောင်အဆင့် ကျောပိုးအိတ်တွေထဲကို အကုန်ပြောင်းထည့်လိုက်၏။

ပြီးနောက် သစ်ပင်အိမ်အောက်ခြေသို့ ပြန်ဆင်းလာခဲ့သည်။

နှလုံးသားအပင် မျိုးစေ့ ကို စိုက်ရမည့် အချိန်ပင်။

ဖော်ပြချက်အရဆိုလျှင် ဒီနှလုံးသားအပင်ဟာ သစ်ပင်အိမ်နဲ့ အတူယှဉ်တွဲ နေထိုင်ရမှာဖြစ်တာကြောင့် သစ်ပင်အိမ်နဲ့ မြေအမျိုးအစားတူတဲ့ နေရာမှာ စိုက်တာ အကောင်းဆုံးပင် ဖြစ်သည်။

ရွှီရှင်းသည် သစ်ပင်အိမ်အောက်မှာ ဂေါ်ပြားနဲ့ ကျင်းအသေးလေးတစ်ခု တူးပြီး မြစိမ်းရောင် မျိုးစေ့လေးကို စိုက်လိုက်၏။

[နှလုံးသားအပင် မျိုးစေ့ကို အောင်မြင်စွာ စိုက်ပျိုးပြီးပါပြီ။ ကြီးထွားရန် ၂ နာရီ လိုအပ်ပါသည်။]

ကောင်းပြီ...

သစ်ပင်အိမ်မျိုးစေ့လိုပဲ ၂ နာရီအတွင်း အလျင်အမြန် ကြီးထွားလာမှာပဲ...။

၂ နာရီအကြာမှာ ဘာတွေ ပြောင်းလဲမလဲဆိုတာ စောင့်ကြည့်ရုံပဲ...။

အခုဆိုလျှင် ညနေ ၃ နာရီကျော်နေပြီဖြစ်ရာ ဒီနှလုံးသားအပင်ဟာ ညမရောက်ခင်မှာတင် အပြည့်အဝ ကြီးထွားလာမှာ ဖြစ်သည်။

သားရဲလေးကောင်ကို သစ်ပင်အိမ်ထဲ ပြန်ခေါ်သွားပြီးနောက် ရွှီရှင်းသည် ချပ်ဝတ်တန်ဆာကို ချွတ်လိုက်ကာ ဆိုဖာပေါ်တွင် အနားယူလိုက်၏။

အနည်းဆုံးတော့ သူ့ဘက်က ပြဿနာတွေအားလုံး ဖြေရှင်းပြီးသွားပြီဖြစ်သည်။

ခဏလောက် အနားယူပြီးမှ ပြန်ထွက်ရမယ်...။

အဲဒီမတိုင်ခင် သူတို့တွေကို အတွေ့အကြုံတွေ ပြောပြပြီး သတင်းအချက်အလက်တွေ ဖလှယ်ရဦးမှာလားမသိဘူး။

---

အခန်း ၁၇၀ ပြီး။

All Chapters