← Chapters

ကာကွယ်ရေးတိုက်ပွဲ ပြီးဆုံးခြင်းနှင့် သစ်ပင်အိမ် အဆင့်တက်ခြင်း (၂)

Vol. 12 Ch. 180

ကာကွယ်ရေးတိုက်ပွဲ ပြီးဆုံးခြင်းနှင့် သစ်ပင်အိမ် အဆင့်တက်ခြင်း (၂)

Vol. 12 Ch. 180

[သစ်ပင်အိမ်အတွင်း၌ ခရမ်းရောင် ဗီဇပြောင်း ကြင်ယာတော် သင်းခွေချပ် ရုပ်တု (အစိမ်းရောင်အဆင့်) ကို ထားရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သစ်ပင်အိမ် အလှဆင်ရမှတ် +၁၀၊ လက်ရှိ သစ်ပင်အိမ် အလှဆင်ရမှတ်: ၁၆၆.၄]

နာရီဝက်အတွင်းမှာတင် သူအမြတ်တနိုးတန်ဖိုးထားရတဲ့ ကြင်ယာတော် သင်းခွေချပ်ကြီးရဲ့ ရုပ်တုတစ်ခု ပြီးစီးသွားခဲ့ချေပြီ။

သူ ထရပ်လိုက်ပြီး ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်ရာ ပုရွက်ဆိတ်စစ်တပ်ကြီးဟာ အရှင်းနီးပါး ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ကျန်ရှိနေတဲ့ ပုရွက်ဆိတ်အနည်းငယ်ဟာ နောက်ဆုံးလက်ကျန် အား နဲ့ အုပ်စုပြန်ဖွဲ့ပြီး သစ်ပင်အိမ်ကို နောက်ဆုံးအကြိမ် တိုက်ခိုက်ဖို့ ပြင်နေကြ၏။

ငွေရောင်ဘုရင်နဲ့ မီမီတို့ကတော့ ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ ဆက်တိုက် နှိမ်နင်းနေကြဆဲ ဖြစ်သည်။

ဒါပေမဲ့ ကြင်ယာတော် သင်းခွေချပ်ကြီးကတော့ ဗိုက်ဝသွားပြီလားမသိပေ။

တိုက်ခိုက်တာကို ရပ်လိုက်ပြီး သစ်ပင်အိမ်နဲ့ မီတာ ၈၀၊ ၉၀ အကွာမှာ လှဲရင်း ငွေရောင်ဘုရင်တို့ တိုက်ပွဲဝင်နေတာကို ထိုင်ကြည့်နေတော့သည်။

သူမရဲ့ ချပ်ဝတ်လွှာတွေဟာ အပြည့်အဝ ပြန်လည်ကောင်းမွန်သွားပြီဖြစ်ရာ လရောင်အောက်မှာ တောက်ပြောင်နေပြီး ကြည့်ရတာ တကယ်ကို လှပလှ၏။

အချိန်နည်းနည်း ထပ်လိုသေးတာကြောင့် နောက်ထပ် ရုပ်တုတစ်ခုလောက် ထပ်ထွင်းဦးမည်ဟု ရွှီရှင်း ဆုံးဖြတ်လိုက်၏။

သူသည် ကျောက်ဆစ်ဓား ကို နောက်တစ်ကြိမ် ပြန်ကိုင်လိုက်ပြန်သည်။

နောက်ထပ် နာရီဝက်အကြာမှာတော့ သင်းခွေချပ်ပေါက်လေး နှစ်ကောင် အချင်းချင်း ဖက်တွယ်ပြီး လိမ့်ဆော့နေတဲ့ ရုပ်တုလေး တစ်ခု ပြီးသွားခဲ့၏။

[သစ်ပင်အိမ်အတွင်း၌ သင်းခွေချပ်ညီနောင် ရုပ်တု (အစိမ်းရောင်အဆင့်) ကို ထားရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သစ်ပင်အိမ် အလှဆင်ရမှတ် +၁၀၊ လက်ရှိ သစ်ပင်အိမ် အလှဆင်ရမှတ်: ၁၇၆.၄]

ရွှီရှင်းသည် ကိုယ်လက်ဆန့်လိုက်ပြီး အနည်းငယ် ညောင်းညာနေတဲ့ သူ့ခေါင်းကို ပွတ်လိုက်မိသည်။

စိတ်ဝိညာဉ်စွမ်းအား ပြန်ဖြည့်ဖို့အတွက် လိမ္မော်သီးတွေ ထပ်မစားတော့ဘဲ အခြေအနေတွေ ပြေလည်သွားပြီဖြစ်တာကြောင့် ဒီညတော့ ကောင်းကောင်း အိပ်စက်ဖို့ပဲ စဉ်းစားလိုက်တော့သည်။

"ဝူးးး"

ငွေရောင်ဘုရင်ရဲ့ ဟိန်းသံဟာ သစ်ပင်အိမ်ခြေရင်းကနေ ပဲ့တင်ထပ်လာ၏။

သူ ပြတင်းပေါက်ကနေ ကြည့်လိုက်ရာ ပုရွက်ဆိတ်တွေရဲ့ အစအန မရှိတော့ဘဲ နွယ်ပင်တွေဟာလည်း မြေအောက်ထဲကို ပြန်ဝင်သွားကြပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ပုရွက်ဆိတ်အားလုံးဟာ နွယ်ပင်တွေနဲ့ သားရဲ သုံးကောင်ရဲ့ တိုက်ခိုက်မှုအောက်မှာ အရှင်းပြောင်သွားကြချေပြီ။

သူ့ရဲ့ ရမှတ်တွေကို ကြည့်လိုက်ရာ ၂၄၀၀ ကျော် တိုးလာသည်ကို တွေ့ရ၏။

ပုရွက်ဆိတ် တစ်ကောင်ကို ၀.၂ မှတ် ရပြီး ဒီနာရီအနည်းငယ်အတွင်းမှာတင် သူ့သစ်ပင်အိမ် ပတ်ပတ်လည်မှာ ဗီဇပြောင်း ပုရွက်ဆိတ်ပေါင်း ၁၂၀၀၀ ကျော် သေဆုံးခဲ့၏။

တကယ်ကို များလှချေလား။

ရွှီရှင်း သစ်ပင်အိမ်ပေါ်ကနေ ဆင်းလာပြီး မီတာ ၁၀၀ အကွာအဝေးက နေရာကို သွားကြည့်လိုက်သည်။

နွယ်ပင်တွေရဲ့ ရိုက်ချက်ကြောင့် အဝေးကို လွင့်စင်သွားတဲ့ ပုရွက်ဆိတ် အသေကောင်တွေ အများကြီး ရှိနေသော်လည်း အားအင်စုပ်ယူဖို့အတွက်တော့ အလှမ်းဝေးနေပုံရ၏။

သူသည် အရိုးဓားနဲ့ ခွဲစိတ်ကြည့်သော်လည်း ဘာပစ္စည်းမှ ထွက်မလာပေ။

ဒီပုရွက်ဆိတ်တွေက ရမှတ်ပေးဖို့သက်သက်ပဲ လာကြတာလားမသိဘူး...။

ခွဲစိတ်ထားတဲ့ ပုရွက်ဆိတ်ကိုယ်ထည်တွေကို မြေပေါ် ပစ်ချလိုက်ပြီး ရွှီရှင်း သစ်ပင်အိမ်ခြေရင်းကို ပြန်လာခဲ့သည်။

မီမီကတော့ မြေပြင်ပေါ်မှာ ပြားပြားဝပ်ပြီး အမောဖောက်နေရှာသည်။

ဒါဟာ သူမအတွက်တော့ တကယ့်ကို ခံနိုင်ရည် စမ်းသပ်ပွဲကြီးတစ်ခုပင်။

တိုက်ခိုက်နေတုန်းကတော့ တက်ကြွနေပေမဲ့ ရပ်လိုက်တာနဲ့ ခြေပင်မခိုင်တော့တဲ့အထိ ပင်ပန်းသွားပုံရ၏။

ငွေရောင်ဘုရင်ကတော့ အခုထိ မားမားမတ်မတ် ရပ်နေဆဲဖြစ်ပြီး ခံ့ညားလှသည်။

သူ့ရဲ့ မေးစေ့နားမှာ ပုရွက်ဆိတ်တွေဆီက ထွက်တဲ့ ကြည်လင်တဲ့ အရည်တွေသာ ပေကျံမနေရင် ပိုကြည့်ကောင်းလောက်၏။

ကြင်ယာတော် သင်းခွေချပ်ကြီးကတော့ သူ့ကို စိုက်ကြည့်နေပြီး သူမရဲ့ လက်သည်းနဲ့ သူ့အင်္ကျီကိုတောင် ဆွဲနေသေးသည်။

"အော်... သိပြီ"

ရွှီရှင်း နားလည်သွားသည်။

သူသည် မီမီနဲ့ ငွေရောင်ဘုရင်ကို သစ်ပင်အိမ်ပေါ် အနားယူဖို့ လွှတ်လိုက်ပြီး အခုထိ အားအင်တွေ ပြည့်နေတဲ့ သင်းခွေချပ်ပေါက်လေး နှစ်ကောင်ကို အောက်သို့ ချီယူလာခဲ့၏။

ကြင်ယာတော် သင်းခွေချပ်ကြီးဟာ ကလေးနှစ်ကောင်ကို ခေါ်ပြီး ဂူထဲကို ပြန်ဝင်သွားတော့သည်။

"သစ်ပင်အိမ်က ဒီလောက်ကောင်းတာကို အာဖုရော၊ ကြင်ယာတော် သင်းခွေချပ်ကြီးရော ဘာလို့ မြေအောက်မှာပဲ နေချင်ကြတာလဲမသိဘူး။"

ရွှီရှင်း ခေါင်းခါယမ်းရင်း သစ်ပင်အိမ်ပေါ် ပြန်တက်လာခဲ့သည်။

မီမီနဲ့ ငွေရောင်ဘုရင်ကတော့ ထောင့်တစ်နေရာမှာ အိပ်ပျော်နေကြချေပြီ။

ဆိုဖာပေါ်မှာတော့ ခဲခဲလေးကို မတွေ့ရတော့ပေ။

အိပ်ခန်းထဲ သွားကြည့်လိုက်မှ သူမဟာ ကုတင်ပေါ်မှာ နေရာဦးပြီး အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။

ခဲခဲလေးကို ဘေးသို့ အသာရွှေ့ပြီး ရွှီရှင်းလည်း အနားယူဖို့ ပြင်လိုက်တော့သည်။

စောစောက ရုပ်တုတွေ ထွင်းလိုက်တာက သူ့ရဲ့ အားအင်တွေကို တော်တော်လေး ကုန်ခမ်းစေခဲ့သည် မဟုတ်ပါလား။

ထိုစဉ် သူ့လက်ပတ်နာရီက တုန်ခါလာပြီး လီဝမ်ရှီးဆီက ဗီဒီယိုခေါ်ဆိုမှု ဝင်လာ၏။

"ရွှီရှင်း ရှင် ဘာလို့ ကျွန်မကို ထောက်ပံ့ရေးပိုင်းတွေ ခိုင်းရတာလဲ။ ကျွန်မ တော့ တော်တော် ပင်ပန်းနေပြီ၊ ပစ္စည်းတွေကို အမျိုးအစားခွဲလို့ အခုမှ ပြီးတာ"

ဗီဒီယို ဆက်သွယ်ပြီးတာနဲ့ လီဝမ်ရှီးက သစ်သားကုလားထိုင်ပေါ်မှာ မှီရင်း မောပန်းနွမ်းနယ်တဲ့ အသံနဲ့ လှမ်းပြောတော့သည်။

"ဟားဟားဟား... အားလုံးက မင်းရဲ့ စီမံခန့်ခွဲမှုကို ချီးကျူးနေကြတာလေ၊ အရည်အချင်းရှိတဲ့သူက အလုပ်ပိုလုပ်ရတာပေါ့"

ရွှီရှင်း အားနာသလို ပြောလိုက်မိသည်။

သူမ ပျင်းချင်တယ်လို့ ပြောထားတာကို သူ သိနေသည် မဟုတ်ပါလား။

"ပထမနှစ်တုန်းက ဒါတွေချည်းပဲ အခိုင်းခံခဲ့ရလို့ အခု ဘာမှ မလုပ်ချင်တော့တာလေ"

လီဝမ်ရှီးက မျက်စောင်းလေး တစ်ချက်ထိုးပြီး ကင်မရာကို လှည့်ပြလိုက်ရာ အစိမ်းရောင်အဆင့် ကျောပိုးအိတ်တွေ အစီအရီ ရှိနေတာကို တွေ့ရသည်။

"နောက်ဆုံးတော့ အကုန် စနစ်တကျ ဖြစ်သွားပြီ"

"ပြီးသွားပြီဆိုတော့လည်း အဆင်ပြေတာပေါ့။ နောက်ဆို ရလာတဲ့ အရင်းအမြစ်တွေ အကုန် မင်းဆီပဲ တိုက်ရိုက် ပို့တော့မယ်။ မင်း ပဲ စိတ်ကြိုက် စီမံခန့်ခွဲလိုက်တော့"

ရွှီရှင်းက ရယ်ရင်း ပြောလိုက်၏။

"ဟွန့်... ဒါတွေက သာမန်အရင်းအမြစ်တွေပါပဲ၊ ကျွန်မ ဆီမှာလည်း မရှားပါဘူး။ သူတို့ လိုချင်ရင် ကျွန်မဆီ အရင်လာရမှာဆိုတော့ တော်တော် လက်ဝင်မှာပဲ။ ဒါပေမဲ့လည်း အဖွဲ့အစည်းအတွက်ဆိုတော့ ထားလိုက်ပါတော့"

လီဝမ်ရှီးက လည်ပင်းကို ဟိုဘက်ဒီဘက် လှည့်ပြီး ထရပ်လိုက်သည်။

ဗီဒီယိုထဲမှာတော့ ဒီအထပ်တစ်ခုလုံးဟာ ပစ္စည်းသိုလှောင်တဲ့ နေရာဖြစ်နေပြီး စင်တွေ၊ ကျောပိုးအိတ်တွေနဲ့ ပြည့်နှက်နေချေပြီ။

"ဒါနဲ့... ဟိုဘက်မှာ ပုရွက်ဆိတ်တွေ အခြေအနေ ဘယ်လိုလဲ"

ရွှီရှင်းက မေးလိုက်၏။

"အင်း... သိပ်မကျန်တော့ပါဘူး။ တကယ်တော့ သွေးရောင်ဆူးနွယ်ပင်တွေရဲ့ အကာအကွယ်ကို ကျော်နိုင်တဲ့သူ သိပ်မရှိပါဘူး၊ နွယ်ပင်တွေက တစ်ချက်ရိုက်လိုက်ရင် အပြုံလိုက် သေတာလေ။ အဲဒီထဲကမှ လွတ်လာတဲ့ အကောင်အနည်းငယ်ကိုတော့ ငါလုပ်ထားတဲ့ မီးကွင်းကြီးက ပြာဖြစ်အောင် လုပ်လိုက်တာပေါ့"

လီဝမ်ရှီးက ဆိုဖာပေါ်မှာ ထိုင်ရင်း ပြန်ဖြေသည်။

"မီးကွင်းက အခုထိ လောင်နေတုန်းလား"

"အင်း... တော်တော်လေး မီးခံတာ ဘယ်တော့မှ ငြိမ်းမလဲတောင် မသိဘူး"

သူတို့နှစ်ယောက် ခဏတာ စကားပြောပြီးနောက် ဗီဒီယို ပိတ်လိုက်ကြသည်။

ရွှီရှင်းလည်း ကုတင်ပေါ်မှာ လှဲရင်း မျက်လုံးမှိတ်လိုက်တော့၏။

ပင်ပင်ပန်းပန်း ဖြတ်သန်းခဲ့ရတဲ့ တစ်နေ့တာအပြီးမှာတော့ အနားယူရမည့် အချိန်ပင် ဖြစ်၏။

အခုချိန်မှာတော့ ဘာမှ ထပ်ဖြစ်မှာ မဟုတ်တော့ပေ။

တစ်ခုခု ဖြစ်လာရင်လည်း အာဖုက သတိပေးမည်ဖြစ်သည်။

...

ရွှီရှင်းသည် ထူးဆန်းသော အသံတစ်ခုကြောင့် ပြန်လည် နိုးလာခဲ့ပြန်သည်။

[သစ်ပင်အိမ် ကာကွယ်ရေးတိုက်ပွဲ ပြီးဆုံးပါပြီ။ သစ်ပင်အိမ်သည် ကာကွယ်ရေးနယ်မြေအတွင်းရှိ ခြိမ်းခြောက်မှုများကို ချက်ချင်း ရှင်းလင်းသွားမည် ဖြစ်ပါသည်။]

[သစ်ပင်အိမ် အဆင့်မြှင့်တင်မှု အောင်မြင်ပါပြီ။ အသက်ရှင်ကျန်ရစ်သူ အားလုံးကို ဂုဏ်ပြုပါသည်။ ယခုမှစ၍ သင်တို့၏ ရှင်သန်နိုင်စွမ်းမှာ အဆမတန် မြင့်တက်လာတော့မည် ဖြစ်သည်]

[အဆင့်မြင့်သွားသော သစ်ပင်အိမ်နှင့်အတူ ကာကွယ်ရေးနယ်မြေသည် ၃ ကီလိုမီတာ ထပ်မံ ကျယ်ပြန့်သွားပြီး ကာကွယ်နိုင်စွမ်းမှာလည်း များစွာ မြင့်တက်လာပါပြီ။]

[ထို့အပြင် ယခုအကြိမ် သစ်ပင်အိမ် အဆင့်မြှင့်တင်မှုတွင် အသက်ရှင်ကျန်ရစ်သူ အားလုံးအတွက် ပုံစံထုတ်လုပ်နည်း အသစ်များနှင့် လုပ်ဆောင်ချက် အသစ်များကို ထည့်သွင်းပေးထားပါသည်။ အသေးစိတ်ကို သစ်ပင်အိမ် ထိန်းချုပ်စနစ်တွင် စစ်ဆေးကြည့်ရှုနိုင်ပါသည်။]

[ယခုပွဲအတွက် အထူးအဆင့်သတ်မှတ်ချက်စာရင်းကို ထုတ်ပြန်လိုက်ပါပြီ။ စာရင်းထဲပါဝင်သူ အားလုံးသည် အထူးဆုလာဘ်များကို ရရှိကြမည် ဖြစ်သည်။]

ရွှီရှင်း ကုတင်ပေါ်မှ ထထိုင်ရင်း မျက်လုံးကို ပွတ်ကာ အမြင်အာရုံကို ပြန်လည် ရှင်းလင်းအောင် လုပ်လိုက်ပြီး စောစောက သတင်းစကားတွေကို ပြန်လည် စဉ်းစားနေမိသည်။

ကာကွယ်ရေးနယ်မြေက ၃ ကီလိုမီတာ ထပ်တိုးသွားတယ်ပေါ့လေ...။

သူ မျှော်လင့်ထားသလိုပင် စိုးရိမ်နေမိတဲ့ အခြေအနေက ရောက်လာချေပြီ။

သူ့သစ်ပင်အိမ်ရဲ့ ကာကွယ်ရေးနယ်မြေဟာ အနီးအနားက တခြားသစ်ပင်အိမ်တွေရဲ့ နယ်မြေတွေနဲ့ မလွဲမသွေ ထပ်သွားတော့မှာ ဖြစ်သည်။

အကယ်၍ သူသာ တမင် လိုက်ရှာမယ်ဆိုလျှင် ဒီနေ့မှာတင် တခြားသူတွေရဲ့ သစ်ပင်အိမ်တွေကို သူ မြင်တွေ့ရလောက်သည်။

ဒါပေမဲ့ ပုံစံထုတ်လုပ်နည်း အသစ်တွေနဲ့ လုပ်ဆောင်ချက် အသစ်တွေက ဘာတွေများ ဖြစ်လောက်မလဲ။

သူ့ဘေးနားကို လှည့်ကြည့်လိုက်ရာ ခဲခဲလေးကတော့ အခုထိ အိပ်မောကျနေဆဲ ဖြစ်သည်။

ဒီကောင်မလေးက သူထက်စောအိပ်ပြီး သူထက် နောက်ကျမှ နိုး၏။

တကယ်ကို အေးဆေးလှချေပြီ။

သူသည် လုပ်ဆောင်ချက်အသစ်တွေကို စစ်ဆေးဖို့ လက်ပတ်နာရီကို ဖွင့်ရန် ပြင်လိုက်စဉ်မှာပင် သူ့နားထဲသို့ နောက်ထပ် အသိပေးချက်တစ်ခု ထပ်မံ ဝင်လာပြန်သည်။

[သစ်ပင်အိမ် အလှဆင်ရမှတ် ၁၀၀ ကျော်လွန်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယနေ့အတွက် မြှင့်တင်မှုပေးအပ်ပါသည်။ အကြားအာရုံ မြှင့်တင်မှု ၁ ရက်တာ အကျုံးဝင်ပါသည်။]

ရုတ်တရက်ဆိုသလို ခဲခဲလေးရဲ့ ဟောက်သံ ၊ ဧည့်ခန်းထဲက ငွေရောင်ဘုရင်နဲ့ မီမီတို့ရဲ့ အသက်ရှူသံ၊ နှလုံးသားအပင်ရဲ့ စည်းချက်မှန်မှန် နှလုံးခုန်သံ၊ သစ်ရွက်တွေကြား တိုးဝှေ့တိုက်ခတ်နေတဲ့ လေသံ...

ပိုးမွှားတွေနဲ့ ငှက်တွေရဲ့ အသံတွေ...

မရေတွက်နိုင်တဲ့ အသံတွေဟာ သူ့နားထဲကို စီးဝင်လာပြီး သူ့ရဲ့ စိတ်ကို အံ့သြစရာကောင်းလောက်အောင် ကြည်လင်သွားစေတော့သည်။

ဒါက မနေ့က ကျိချောင်းယန် ရခဲ့တဲ့ စွမ်းရည်ပဲ၊ တကယ်ကို အသုံးဝင်တာပဲ။

ဒါပေမဲ့ နည်းနည်းတော့ ဆူညံနေသလိုပဲ။

သစ်ပင်အိမ် အဆင့်မြှင့်တင်မှု ပြီးသွားသည်နှင့် အလှဆင်ရမှတ်ရဲ့ တကယ့် အခန်းကဏ္ဍကို သူ အခုမှ အပြည့်အဝ နားလည်သွားတော့၏။

ဒါပေမဲ့ သူ့ရဲ့ အကြားအာရုံ မြှင့်တင်မှုကို ကောင်းကောင်း အသုံးမချရသေးခင်မှာပဲ အသံကြီးက နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာပြန်သည်။

[ရှင်သန်ရေးကမ္ဘာ ဖန်တီးရှင် ခွင့်ပြုချက်ကို ဖွင့်လှစ်နေသည်...]

[ဖွင့်လှစ်မှု မအောင်မြင်ပါ၊ ဒုတိယအကြိမ် ကြိုးစားနေသည်...]

ဟာ ဘာဖြစ်တာလဲ...။

---

အခန်း ၁၈၀ ပြီး။

All Chapters