ပြေးစရာမြေမရှိ
Vol. 5 Ch. 432
ယွိမင်နတ်ဘုရားနှင့် ဟွမ်ကျန်းသည် သူတို့သည် မဟာအမှားကြီး ကျူးလွန်ခဲ့ပြီ ဖြစ်ကြောင်း နားလည် လိုက်မိကြလေသည်။ သူတို့က သူတို့ နှစ်ယောက်ပေါင်း တန်ခိုးစွမ်းအားဖြင့် ယန်ရွှီးကို အနိုင်ယူနိုင်လိမ့်မည်ဟု ထင်မှတ် ခဲ့မိကြလေသည်။
သူတို့က ယန်ရွှီးကို လျှော့တွက် ခဲ့မိကြသည်။
ယခုတော့ ဆန်းလျန်သည် မိုးကောင်းကင် နတ်မိစ္ဆာနှင့် ပတ်သက်သည့် အကြောင်းကို သူ့ကို အဘယ့်ကြောင့် မမေးမြန်းခဲ့သည်ကို ဟွမ်ကျန်း သဘောပေါက် သွားခဲ့ရပြီ။
ယန်ရွှီး ပြောသည်မှာ မှန်လေသည်။
သူသည် ရေတွင်းထဲမှ ဖားတစ်ကောင်သာ ဖြစ်လေသည်။ သူတွေ့မြင်သမျှကို ပြီးပြည့်စုံသည်ဟု ထင်မှတ်ခဲ့မိသည်။ တကယ်တမ်းတွင်တော့ လောကတွင် များများ တွေ့မြင်ရလေ မသိသေးသည့် ကိစ္စများက ပိုများလေပင် ဖြစ်လေသည်။ သူက ယန်ရွှီး၏ မိစ္ဆာမျိုးစေ့ကို အချိန်ကာလ တစ်ခုကြာအောင် တွန်းလှန် နိုင်ခဲ့သည်ကို အောင်မြင်မှုကြီး တစ်ခုဟု ထင်မှတ် နေခဲ့မိသည်။ သူက ယန်ရွှီးကို နှိမ်နင်း နိုင်လိမ့်မည်ဟူ၍ပင် တွေးထင် နေခဲ့မိသေးသည်။
ယခုအချိန် ခဏလေး အတွင်းမှာပင် သူမှားခဲ့ပြီ ဖြစ်ကြောင်း ဟွမ်ကျန်း နားလည် သဘောပေါက် သွားရသည်။
ယန်ရွှီးသည် တစ်ချိန်မဟုတ် တစ်ချိန်တော့ ကျရှုံးရမည် ဖြစ်လေသည်။ သို့သော် ယန်ရွှီးကို နှိမ်နင်းနိုင်မည့် သူသည် မည်သို့မျှ သူမဖြစ်နိုင်ပေ။ ဆန်းလျန်က သူ၏ နှလုံးသားထဲမှ မိစ္ဆာမျိုးစေ့ကို ရှင်းထုတ် ပေးခဲ့သည့် အချိန်ကလည်း ထိုသို့ သူတွေးခဲ့ဖူးသည်။
ယခုတော့ သူ၏ဆရာနှင့် နှစ်ယောက် ပေါင်းပြီး တိုက်ခိုက်သည့်တိုင် ယန်ရွှီးကို အနိုင်ယူနိုင်ခဲ့ခြင်း မရှိပေ။
သူသည် စိတ်ပျက်ခြင်းနှင့် အပြစ်ရှိခြင်းများကို ရင်တွင်းမှ ခံစား နေရလေသည်။
သူ၏ ခံစားချက်များကို နားလည်သည့် အလား ယွိမင် နတ်ဘုရားသည် သူ၏ပခုံးကို အသာပုတ်ကာ နှစ်သိမ့် ပေးလိုက်လေသည်။
သူငယ်စဉ်က အမှားတစ်ခုခု ကျူးလွန်မိခဲ့တိုင်း ဆရာဖြစ်သူသည် သူ့ကို မည်သည့်အခါမှ အပြစ်မပေးခဲ့ပါ။ သူအမှားလုပ်သည့် အခါတိုင်း ပခုံးကို အသာပုတ်ကာ အားပေးခဲ့ပြီး အသစ် တစ်ဖန် ပြန်လည် စတင်ရန် အားပေးခဲ့သည်ချည်းပင် ဖြစ်လေသည်။
ဟွမ်ကျန်းက ခေါင်းကိုမော့လိုက်ပြီး ယန်ရွှီးကို စိုက်ကြည့်လိုက်သည်။
"မင်းကတော့ အားနည်းချက်တွေ မရှိတဲ့သူပေါ့၊ ဒါပေမဲ့ တေးသွားလေး တစ်ခုကတော့ မင်းကို ဒုက္ခပေးနိုင်တယ် မဟုတ်လား"
ဟွမ်ကျန်းက ယန်ရွှီးကို နှုတ်လှန် ထိုးလိုက်လေသည်။
"မင်း ခန္ဓာကိုယ်ကိုသာ အသုံးချစရာ မရှိရင် မင်းနဲ့ ဒီလို ပေါက်ကရတွေ ပြောနေဖို့ အချိန်ကိုမရှိဘူး"
ယန်ရွှီးက ပြန်ပြောလိုက်လေသည်။
ဟွမ်ကျန်း၏ နှုတ်လှန်ထိုးမှုက ယန်ရွှီးကို မည်သို့မျှ မထိခိုက်စေခဲ့ပါ။
ယန်ရွှီး၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် အလင်းတန်းများသည် ရေများကဲ့သို့ စီးဆင်းနေပြီး ယွိမင်နတ်ဘုရားနှင့် ဟွမ်ကျန်းတို့ကို ဖုံးအုပ်လုနီးပါး ဖြစ်နေခဲ့လေသည်။
ဟွမ်ကျန်းသည် တန်ခိုး စွမ်းအား မြင့်မားသူ ဖြစ်သည့်တိုင် မလှုပ်နိုင်တော့ပေ။
ယွိမင်နတ်ဘုရား၏ ခန္ဓာကိုယ်မှ များပြားလွန်းသည့် တန်ခိုးစွမ်းအားများ ပေါက်ကွဲ ထွက်နေပြီး ယန်ရွှီး၏ အလင်းတန်းများက သူ၏ တန်ခိုးစွမ်းအားများကို ဖိနှိပ်ထားလေသည်။
ယန်ရွှီးသည် စစ်မှန်သည့် မိုးကောင်းကင် နတ်မိစ္ဆာ တန်ခိုးစွမ်းအားကို ယခုမှ ထုတ်သုံးလိုက်ခြင်း ဖြစ်လေသည်။ သူက မိုးကောင်းကင် နတ်မိစ္ဆာ တန်ခိုးစွမ်းအားကို အသုံးပြုကာ သူ၏ ပတ်ဝန်းကျင်တွင် မိုးကောင်းကင် နတ်မိစ္ဆာ နယ်မြေကို ဖန်ဆင်း လိုက်လေသည်။
မိုးကောင်းကင် နတ်မိစ္ဆာ နယ်မြေမှ ကြီးမားလွန်းသည့် တန်ခိုးစွမ်းအား များသည် ယွိမင်နတ်ဘုရားနှင့် ဟွမ်ကျန်းတို့ကို မတ်မတ်ပင် မရပ်နိုင်တော့လောက်အောင် ရိုက်ချ လိုက်လေသည်။
ယန်ရွှီးသည် လေထဲတွင် ရပ်တန့်နေလေသည်။
တစ်ချိန်တည်းမှာပင် ယန်ရွှီးသည် ယွိမင်နတ်ဘုရားနှင့် ဟွမ်ကျန်းတို့၏ စိတ်ထဲတွင်လည်း ရောက်ရှိ နေခဲ့လေသည်။ ယန်ရွှီး၏ ပုံရိပ်သည် သူတို့၏ တန်ခိုး စွမ်းအားများကို အသုံးပြု၍ မရအောင် ဖိနှိပ်ထားလေသည်။
ယန်ရွှီး၏ ပုံရိပ်များ လွှမ်းမိုး ခံလိုက်ရသည်နှင့် သူတို့၏ ကိုယ်ပိုင်စိတ်များက ပျက်ပြားစ ပြုလာလေသည်။ ထိုသို့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းထက် များစွာ အန္တရာယ် ပိုများလေသည်။
အမှန်တော့ ယန်ရွှီးမှာ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းအတွင်းသို့ ဝင်ရောက်ခဲ့သည့် အတွက် ဟွမ်ကျန်းနှင့် ယွိမင်နတ်ဘုရားတို့၏ တန်ခိုးစွမ်းအားများကို သိနားလည်ထားသူ ဖြစ်လေသည်။ ထို့ကြောင့် တိုက်ခိုက်ရသည်က လွယ်ကူနေခဲ့ခြင်း ဖြစ်လေသည်။ သူက ဟွမ်ကျန်းနှင့် ယွိမင် နတ်ဘုရားတို့၏ အားနည်းချက်များကို သိရှိနေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ကွက်လပ်များကို သိမြင်နေသည့် အတွက် ထိုသို့ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
အကယ်၍ လောက တစ်ခွင်ရှိ ကျင့်ကြံသူများသာ ယခုမြင်ကွင်းကို တွေ့မြင်ပါက နတ်ဘုရား တစ်ပါးနှင့် ဖော့ဝမ့်အဆင့် ကျင့်ကြံသူ တစ်ယောက်တို့ကို ယန်ရွှီးက ထိုသို့ အလွယ်တကူ ထိန်းချုပ် ထားနိုင်သည်ကို ယုံကြည်မည်ပင် မဟုတ်ပေ။
ယွိမင်နတ်ဘုရားသည် နောင်တ အကြီးအကျယ် ရနေခဲ့လေသည်။
သူ့အနေဖြင့် လင်ရှောင် ခန်းမဆောင်တွင် များစွာ အချိန်ဖြုန်း မနေခဲ့သင့်ပေ။ သို့မဟုတ်ပါက ယနေ့ အချိန်အခါတွင် ယခုကဲ့သို့ အရှက်တကွဲ ကိစ္စဖြင့် ကြုံတွေ့ရမည် မဟုတ်ပေ။
လင်ရှောင် ခန်းမဆောင်၏ တန်ခိုးစွမ်းအား မြင့်မားလာစေရန် အတွက် သူက သူ၏ တန်ခိုးစွမ်းအား မြင့်မားမှုကို လျစ်လျူရှု ခဲ့မိသည်။ မဟုတ်ပါက သူသည် ရွှမ်ချင်းအလင်းစွမ်းအားကို ယခုထက်ပိုမို အစွမ်းထက်အောင် ကျင့်ကြံနိုင်မည် ဖြစ်ပြီး ယန်ရွှီးကိုတော့ အနည်းဆုံး ခုခံ ကာကွယ် နိုင်မည် ဖြစ်လေသည်။
ယန်ရွှီး၏ခန္ဓာကိုယ်မှ အလင်းတန်းများသည် ယွိမင် နတ်ဘုရားနှင့် ဟွမ်ကျန်းပေါ်သို့ ကျရောက် နေသည့်တိုင် ယန်ရွှီးက သူတို့နှစ်ယောက်ကို ကြည့်နေခြင်း မရှိပါ။
သူ၏အကြည့်များက ကောင်းကင်၏ အခြားဘက် အစွန်းသို့ ရောက်ရှိ နေလေသည်။
သူကြည့်နေသည့်နေရာတွင် မိန်းမပျိုနှစ်ယောက် ရှိနေလေသည်။
အေးစက် ရှည်လျားသည့် ဓားတစ်လက်ကို ကိုင်ဆောင်ပြီး အစိမ်းရောင် ဝတ်ဆင်ထားသည့် မိန်းမပျို တစ်ယောက်နှင့် အဖြူရောင် ဝတ်ဆင်ထားသည့် မိန်းမပျို တစ်ယောက်တို့ ဖြစ်လေသည်။
ယန်ရွှီးက သူတို့နှစ်ယောက်လုံးကို ကောင်းကောင်း သိလေသည်။
ဓားကိုင်ထားသူမှာ ချင်းရှောင်း နတ်သမီးဖြစ်ပြီး အဖြူရောင် ဝတ်စုံနှင့် မိန်းမပျိုမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ လင်ကွမ်း နတ်သမီးပင် ဖြစ်လေသည်။
ယန်ရွှီးမှာ လင်ကွမ်းနတ်သမီးကို ကြောက်စရာ မလိုသည့်တိုင် ချင်းရှောင်းကိုတော့ သူကြောက်ရွံ့ မိလေသည်။
သူက ချင်းရှောင်းဘက်မှ စတင် တိုက်ခိုက် လာမည်ကို စောင့်နေလေသည်။
မိုးကောင်းကင် နတ်မိစ္ဆာကျင့်စဉ်သည် "ယန်" စွမ်းအားကို အခြေခံလေသည်။ ချင်းရှောင်းက အဆင့်မြင် "ယင်" စွမ်းအား ကျင့်စဉ်ဖြစ်သည့် ထိုက်ယင်း တန်ခိုးစွမ်းအားကို ကျင့်ကြံ အောင်မြင်ထားသူ ဖြစ်လေသည်။
သူတို့ နှစ်ယောက် တိုက်ခိုက်လျှင် မည်သူက သာမည်လဲ ဆိုသည်ကို ယန်ရွှီး သိချင်နေမိသည်။
သို့သော် ယခု သူရင်ဆိုင်ရမည့် ချင်းရှောင်းသည် ယခင်က ချင်းရှောင်းထက် ပိုပြီး ကြောက်စရာ ကောင်းသူ တစ်ယောက် ဖြစ်လေသည်။
ချင်းရှောင်းဘက်မှ စတင် မတိုက်ခိုက်မချင်း ယန်ရွှီးသည် ချင်းရှောင်း၏ တန်ခိုးစွမ်းအားကို တိတိကျကျ ခန့်မှန်းနိုင်ခြင်း မရှိပေ။
သူက ဆန်းလျန်၏ စစ်ဆေးမှုကို တွန်းလှန်နိုင်ခဲ့သည်။
သို့သော်… ချင်းရှောင်း၏ တိုက်ခိုက်မှုကိုတော့ သူက ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ပေ။
မည်သို့ပင် ဖြစ်စေ ယန်ရွှီးက အခြေအနေများကို စိတ်ဝင်စား နေမိလေသည်။ သူ့အတွက်တော့ သေခြင်းတရားဆိုသည်က ကစားစရာ တစ်ခုမျှသာ ဖြစ်လေသည်။
ထိုအချိန်တွင်….
လင်ရွှမ်ထင်နှင့် ထျန်းမုန့် နတ်သမီးတို့မှာ အပြင်းအထန် တိုက်ခိုက်နေကြဆဲ ဖြစ်လေသည်။
လင်ရွှမ်ထင်သည် တိုက်ခိုက်နေရင်းမှ ယွိမင်နတ်ဘုရားနှင့် ဟွမ်ကျန်းတို့ အခြေအနေ မဟန်သည်ကို လှမ်းတွေ့ လိုက်ရသည်။
လင်ရွှမ်ထင်သည် ဓားချက် တစ်ချက်ဖြင့် ထျန်းမုန့်ကို နောက်သို့ ဆုတ်သွားအောင် ဝှေ့ယမ်း တိုက်ခိုက်လိုက်ပြီး ယန်ရွှီးရှိရာသို့ မိုးကြိုး တန်ခိုးစွမ်းအားများကို အသုံးပြုကာ ထိုးဖောက် ဝင်ရောက် လာခဲ့လေသည်။
လင်ရွှမ်ထင် ဝင်ရောက်လာသည်ကို တွေ့မြင် လိုက်ရသည်နှင့် ဟွမ်ကျန်းမှာ အနည်းငယ် စိတ်သက်သာရာ ရသွားသလို ယွိမင် နတ်ဘုရားကလည်း ဝမ်းသာစွာဖြင့် ပြုံးလိုက် မိလေသည်။
လင်ရွှမ်ထင်၏ သံမဏိ မိုးကြိုးဓားသိုင်းသည် မိုးကောင်းကင် နတ်မိစ္ဆာကို ကောင်းကောင်း ဒုက္ခပေးနိုင်သည့် တန်ခိုးစွမ်းအားပင် ဖြစ်လေသည်။
လင်ရွှမ်ထင် ဝင်ရောက်လာသည်နှင့် မိုးကောင်းကင် နတ်မိစ္ဆာ တန်ခိုးစွမ်းအားများ ပျက်စီး သွားရပြီး ဟွမ်ကျန်းနှင့် ယွိမင်တို့မှာ လှုပ်ရှား၍ ရလာကြလေသည်။
“ဂိုဏ်းတူညီလေး၊ အတူတူ တိုက်ကြမယ်”
ယွိမင်နတ်ဘုရားက အော်ဟစ် လိုက်သည်။
လင်ရွှမ်ထင်၏ သံမဏိ မိုးကြိုးဓားသည် မိုးကောင်းကင် နတ်မိစ္ဆာ နယ်မြေ အတွင်းသို့ ထိုးဖောက် ဝင်ရောက် သွားလေသည်။ သို့သော် သံမဏိ မိုးကြိုးဓားသည် ယန်ရွှီးအနားသို့ ရောက်ရှိ သွားခြင်း မရှိပေ။
လင်ရွှမ်ထင်၏ ဓားဝိညာဉ်သည် ယန်ရွှီးဆီသို့ ရောက်ရှိမည့်အစား ကျယ်လောင်သည့် မိုးခြိမ်းသံကြီး တစ်သံ ထွက်ပေါ်လာကာ ယွိမင်နတ်ဘုရားနှင့် ဟွမ်ကျန်းဆီသို့ ရောက်ရှိ သွားလေသည်။
ယွိမင်နတ်ဘုရားမှာ ဓားဝိညာဉ်ကို အချိန်မီ ခုခံနိုင်ခြင်း မရှိသလို ဟွမ်ကျန်းမှာတော့ သူ့ရှေ့တွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို နားလည်နိုင်စွမ်း ပျောက်ဆုံး သွားရလေသည်။
ထိုအချိန်တွင်…
ဓားဝိညာဉ်တစ်ခုသည် ယန်ရွှီးဆီသို့ ထိုးဖောက် ဝင်ရောက် လာလေသည်။
ယန်ရွှီးသည် ချင်းရှောင်းနတ်သမီး၏ ဓားဝိညာဉ်ကို ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ပါ။
ထို့အတူ ယွိမင် နတ်ဘုရားမှာလည်း လင်ရွှမ်ထင်၏ ဓားဝိညာဉ်ကို ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့တော့ပါ။
***