← Chapters

ဧရာမ သတ္တဝါ သွေးမျိုးဆက်

Vol. 12 Ch. 172

ဧရာမ သတ္တဝါ သွေးမျိုးဆက်

Vol. 12 Ch. 172

ရွှီရှင်းသည် အောက်သို့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သင်းခွေချပ်ပေါက်လေး နှစ်ကောင်ကို ကြည့်လိုက်၏။

သင်းခွေချပ်လေးနှစ်ကောင်မှာ ကြောင်ပေါက်လေးတွေ အရွယ်လောက်သာ ရှိသော်လည်း ချပ်ဝတ်လွှာတွေကတော့ အပြည့်အစုံ ပေါက်နေပြီဖြစ်ပြီး လက်သည်းတွေကလည်း အလွန်စူးရှလှသည်။

သူတို့လေး၏ တောက်ပနေသည့် မျက်လုံးလေး လေးလုံးမှာ ဆောင့်ကြောင့်ထိုင်နေသည့် ရွှီရှင်းကို စိုက်ကြည့်နေကြ၏။

သူမထက် သေးငယ်သည့် အကောင်ပေါက်လေးတွေကို မြင်သောအခါ ခဲခဲလေးက စူးစမ်းလိုစိတ်ဖြင့် အရှေ့သို့ တိုးသွားပြီး သင်းခွေချပ်လေးတစ်ကောင်၏ ခေါင်းကို သူမ၏ လက်သည်းလေးဖြင့် အသာအယာ ပုတ်လိုက်သည်။

ရွှီရှင်းက သူမခေါင်းကို ပုတ်ပေးသလိုမျိုးပင်။

အပုတ်ခံရသည့် သင်းခွေချပ်လေးမှာ ကြောက်လန့်သွားခြင်းမရှိဘဲ မြက်အသိုက်ထဲမှ ရုန်းထွက်လာကာ ခဲခဲလေးကို မျက်လုံးအပြူးသားဖြင့် ပြန်ကြည့်နေ၏။

ကျန်တစ်ကောင်ကတော့ အသိုက်ထဲမှာပဲ ကျန်နေခဲ့ပြီး အသံသေးသေးလေးတွေ ပြုနေရှာသည်။

ရွှီရှင်းကို ဇဝေဇဝါ ဖြစ်စေသည်မှာ ထိုသင်းခွေချပ်ပေါက်လေး နှစ်ကောင်လုံးတွင် သွေးရောင်အစင်းကြောင်းများ လုံးဝမပါရှိဘဲ သာမန်သင်းခွေချပ်လေးတွေလိုပဲ ဖြစ်နေခြင်းပင်။

"ဗီဇပြောင်းသားရဲတွေရဲ့ သားသမီးတွေက သာမန်သားရဲတွေပဲ ဖြစ်တာလား။"

စောစောက သူ တွေ့ခဲ့တဲ့ သင်းခွေချပ် အုပ်စုထဲမှာတော့ ဟိုဧရာမ အကောင်ကြီးကလွဲရင် ကျန်တဲ့အကောင်တွေ အကုန်လုံးမှာ သွေးရောင်အစင်းကြောင်းတွေ ပါနေ၏။

ဒီသင်းခွေချပ်ကြီးက ဘာလို့ သူ့ကလေးတွေကို အပ်ချင်နေရသလဲဆိုတာကို သူ အခုမှ ရိပ်မိသွားတော့သည်။

ဒီကလေးလေး နှစ်ကောင်ဟာ ဗီဇပြောင်းသင်းခွေချပ်တွေ မဟုတ်တာကြောင့် သူတို့အုပ်စုက စွန့်ပစ်လိုက်တာ ဖြစ်နိုင်သည်ဟု သူ တွေးလိုက်မိသည်။

ဒီအုပ်စုထဲမှာ ဗီဇပြောင်းတဲ့ အကောင်တွေကိုပဲ လက်ခံတာ ဖြစ်ရမည်။

ဗီဇမပြောင်းတဲ့ အကောင်ပေါက်တွေ မွေးလာရင်တော့ အသတ်ခံရတာ ဒါမှမဟုတ် စွန့်ပစ်ခံရတာမျိုး ဖြစ်မှာပဲ......။

ဒီသင်းခွေချပ်ကြီးကတော့ ဟိုဧရာမ အကောင်ကြီးကို မယှဉ်နိုင်ပေမဲ့ တော်တော်လေးတော့ ကြီးမားလှသည်။

အမြီးအပါအဝင်ဆိုလျှင် ၃ မီတာခန့် ရှည်၏။

သာမန် သင်းခွေချပ် အကောင်ကြီးတွေဆိုလျှင် ၁ မီတာကျော်လောက်ပဲ ရှိ၏။

စောစောက သူ ကြည့်ခဲ့တဲ့ အုပ်စုထဲမှာလည်း ဒီအကောင်ထက် ကြီးတာကို မတွေ့ရပေ။

အများစုက ၁ မီတာလောက်ပဲ ရှိကြသည်။

ဒါကို ကြည့်ခြင်းအားဖြင့် ဒီသင်းခွေချပ်ကြီးဟာ ဟိုဧရာမ အကောင်ကြီးပြီးရင် အင်အားအကြီးဆုံး ဖြစ်ရမည်။

ဒီသင်းခွေချပ်ကြီးရဲ့ ချပ်ဝတ်လွှာတွေ ပျက်စီးနေတာဟာ သူ့ကလေးတွေကို ကာကွယ်ရင်းနဲ့ ဖြစ်ခဲ့တာ ဖြစ်ရမည်။

သူမဟာ အုပ်စုကနေ ဖယ်ကြဉ်ခံထားရတာ ဖြစ်ပေသည်။

ဒါကြောင့်လည်း သူမဟာ မီမီနဲ့ ငွေရောင်ဘုရင်တို့ရဲ့ အသတ်ခံရမယ့် ဘေးကို ဂရုမစိုက်ဘဲ ရွှီရှင်းရှေ့ကို ရောက်လာပြီး လမ်းပြပေးခဲ့တာ ဖြစ်ရမည်။

သူမရဲ့ ကလေးတွေ ရှင်သန်နိုင်ဖို့အတွက် ရွှီရှင်းကို ခေါ်သွားစေချင်၏။

ရွှီရှင်း၏ ခန့်မှန်းချက် မှန်ကန်နိုင်သည်ဟု တွေးလိုက်ပြီး မေးလိုက်၏။

"မင်းရဲ့ ကလေးတွေကို ငါ့ကို ခေါ်သွားစေချင်တာလား"

သင်းခွေချပ်ကြီးက မြက်အသိုက်ထဲမှာ ခဲခဲလေးနဲ့ ဆော့နေတဲ့ ကလေးလေးတွေကို ကြည့်ပြီး ခေါင်းညိတ်ပြ၏။

ပြီးနောက် ရွှီရှင်းကို အသနားခံတဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။

"ငါသာ ခေါ်မသွားရင် သူတို့ သေမှာလား"

သင်းခွေချပ်ကြီးက ထပ်မံ ခေါင်းညိတ်ပြပြန်သည်။

"ကောင်းပြီလေ၊ ငါ သဘောတူတယ်"

ရွှီရှင်းက လက်ခံလိုက်၏။

သင်းခွေချပ်လေး နှစ်ကောင်ကို ကျွေးထားဖို့က သူ့အတွက် မခက်ခဲပေ။

ဒါပေမဲ့ သူက တစ်ခု ထပ်တိုးလိုက်သည်။

"ဒါပေမဲ့... မင်းလည်း ငါတို့နဲ့ လိုက်ခဲ့ရမယ်"

ရေတိုမှာတော့ ဒီသင်းခွေချပ်လေးတွေက ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ ဖြစ်နေတာကလွဲလျှင် ဘာအကျိုးမှ ရှိဦးမှာ မဟုတ်ပေ။

ဒါပေမဲ့ ဒီသင်းခွေချပ်ကြီးကတော့ မတူပေ။

သူမက တကယ်ကို သန်မာပုံရသည်။

အလယ်အလတ်အဆင့် မဟုတ်သေးပေမဲ့ သူမရဲ့ လက်သည်းတွေက ဗီဇပြောင်းနေပြီဖြစ်ရာ အဆင့်တက်ဖို့ လက်တစ်ကမ်းအလိုပဲ ရှိနေတာ ဖြစ်ရမည်။

အဆင့်မတက်ခင်က ငွေရောင်ဘုရင်နဲ့ မီမီတို့လိုပင်။

ဒီအခြေအနေက သူ့အတွက်တော့ အကောင်းဆုံး ရွေးချယ်မှုပဲ ဖြစ်သည်။

ချန်ယင်းတို့မိသားစု လည်း ပျောက်နေတာကြောင့် စာချုပ်တွေကို သူကိုယ်တိုင် မလုပ်နိုင်သေးပေ။

ဒါကြောင့် ရှိတဲ့ စာချုပ်တွေကို တန်ဖိုးရှိရှိ သုံးရမှာ ဖြစ်သည်။

ဒီသင်းခွေချပ်ကြီးလို အဆင့်တက်ခါနီး သားရဲနဲ့ စာချုပ်ချုပ်တာက အကောင်းဆုံးပဲ မဟုတ်ပါလား။

သင်းခွေချပ်ကြီးက ခဏတာ တွေဝေသွားပြီး ချက်ချင်း အကြောင်းမပြန်သေးပေ။

ရွှီရှင်းက အခွင့်အရေးကို အသုံးချပြီး အရင်ကလောက် ရန်မလိုတော့တဲ့ ငွေရောင်ဘုရင်၊ မီမီနဲ့ အပေါ်မှာ ခိုနေတဲ့ အာဖုတို့ကို ညွှန်ပြလိုက်ကာ

"သူတို့ကို ကြည့်လိုက် သူတို့လည်း ဗီဇပြောင်းသားရဲတွေပဲ။ မင်း ကလေးတွေကို ငါ့ကို အပ်တာက ဒီမှာ ဖယ်ကြဉ်ခံရလို့ မဟုတ်လား။ ငါတို့နဲ့ လိုက်ခဲ့ပါ"

"အီးးး"

ခဲခဲလေးက သင်းခွေချပ်ကြီးဘေးကို ပြေးသွားပြီး သူမ၏ လက်သည်းလေးဖြင့် သင်းခွေချပ်ကြီး၏ ခြေထောက်ကို အသာအယာ ပုတ်လိုက်၏။

ငွေရောင်ဘုရင်နဲ့ မီမီတို့ကလည်း အရင်လို ရန်လိုမနေတော့ပေ။

မီမီကတော့ မြေအောက်မြို့တော်မှာပဲ တစ်ယောက်တည်း ကြီးပြင်းလာတဲ့ ကြောင်မျိုးနွယ်ဖြစ်တာကြောင့် တခြားသူတွေကို သိပ်ဂရုမစိုက်ဘဲ အသာအယာ လှဲနေ သည်။

ဒါပေမဲ့ ဝံပုလွေအုပ်စုရဲ့ ခေါင်းဆောင်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ငွေရောင်ဘုရင်ကတော့ သစ္စာဖောက်ခံရတာနဲ့ စွန့်ပစ်ခံရတဲ့ ခံစားချက်ကို နားလည်သူ ဖြစ်သည်။

၎င်းသည် သင်းခွေချပ်ကြီးနားသို့ လျှောက်သွားပြီး သူမ၏ ချပ်ဝတ်လွှာကို အားပေးသည့်အနေဖြင့် အသာအယာ ပုတ်ပေးလိုက်၏။

ရွှီရှင်းက သင်းခွေချပ်ပေါက်လေး နှစ်ကောင်ကို ချီပြီး ဆော့ကစားလိုက်သည်။

ဒီကလေးလေးတွေက လူမကြောက်သည့်အပြင် ရွှီရှင်း၏ ရင်ခွင်ထဲမှာ လဲနေရင်း သူ့ကို မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်နေကြရှာသည်။

"ငါနဲ့ လိုက်ခဲ့ရင် ငါ မင်းကို ပိုသန်မာအောင် လုပ်ပေးမယ်။ ဟိုနှစ်ကောင်ကို ကြည့်လိုက်၊ သူတို့လည်း အရင်က မင်းလိုပဲ၊ မင်းထက်တောင် အဆင့်နိမ့်ရင် နိမ့်ဦးမှာ"

ရွှီရှင်းက ငွေရောင်ဘုရင်နဲ့ မီမီကို ညွှန်ပြလိုက်သည်။

ငွေရောင်ဘုရင်ဆိုလျှင် အစက သာမန်ဝံပုလွေပဲ မဟုတ်ပါလား။

"ဒါပေမဲ့ အခုတော့ သူတို့က မင်းထက် အများကြီး သန်မာနေကြပြီ"

ငွေရောင်ဘုရင်ကလည်း ဒါဟာ အမှန်ပဲဆိုသည့်အလား တိုးတိုးလေး အူလိုက်၏။

သင်းခွေချပ်ကြီးလည်း နားဝင်သွားပုံရပြီး ရွှီရှင်းအနားသို့ လျှောက်လာကာ ဝပ်လိုက်သည်။

သူမ လိုက်ခဲ့မည်ဟု အချက်ပြလိုက်ခြင်း ဖြစ်သည်။

ရွှီရှင်း ပြုံးလိုက်၏။

ကောင်းလိုက်တာ၊ ဒီသင်းခွေချပ်ကြီးသာ ရှိရင် သစ်ပင်အိမ်အနီးက မြေအောက်တွေကိုပါ သူ စူးစမ်းနိုင်တော့မှာလားမသိဘူး...။

အနာဂတ်မှာ ကောင်းကင်ပေါ်မှာ သစ်ပင်အိမ်ရှိမယ်၊ မြေပြင်ပေါ်မှာ နှလုံးသားအပင်က ကာကွယ်ပေးထားတဲ့ ခြံဝင်းရှိမယ်၊ ပြီးတော့ မြေအောက်မှာလည်း သူ အသုံးချလို့ရတဲ့ နေရာတွေ ရှိလာမှာပေါ့...။

သူသည် လက်တစ်ဖက်က သင်းခွေချပ်လေးတွေကို ချီထားရင်း ဗီဇပြောင်းသားရဲ စာချုပ်တစ်ခုကို ထုတ်လိုက်ကာ

"ငါ အခု မင်းနဲ့ စာချုပ်ချုပ်မယ်၊ ဒါမှ ငါတို့ တကယ့် အဖော်တွေ ဖြစ်သွားမှာ"

ပြောပြီးနောက် ရွှီရှင်းသည် စာချုပ်ကို ချိုးဖျက်လိုက်၏။

စာချုပ်က အောင်မြင်သွားသည်။

သူမရဲ့ ကလေးလေးတွေကို ရွှီရှင်းက ချီထားတာကြောင့်ရော၊ ကလေးလေးတွေက ရွှီရှင်းကို လက်ခံတာကြောင့်ရော သင်းခွေချပ်ကြီးက လုံးဝ မရုန်းကန်ဘဲ စာချုပ်စွမ်းအားကို လက်ခံလိုက်ခြင်း ဖြစ်သည်။

[ဗီဇပြောင်းသင်းခွေချပ်နှင့် စာချုပ်ချုပ်ဆိုပြီးပါပြီ၊ ရမှတ် ၉၀ ရရှိပါသည်။]

ရမှတ်ကို ကြည့်ပြီး ရွှီရှင်း အံ့သြသွားရသည်။

ဟိုတုန်းက မီမီနဲ့ စာချုပ်ချုပ်တုန်းကလည်း ၉၀ ပဲ ရခဲ့တာလေ။

ဒါကို ကြည့်ခြင်းအားဖြင့် ဒီသင်းခွေချပ်ကြီးဟာလည်း မီမီလိုပဲ အလယ်အလတ်အဆင့်ကို တက်တော့မယ့် အခြေအနေမှာ ရှိနေတာ သေချာသည်။

မြေပုံပေါ်တွင် သင်းခွေချပ်ရှိသည့် နေရာ၌ အစိမ်းရောင် အစက်ကလေး ပေါ်လာ၏။

မြေပုံက မြေအောက်ရန်သူတွေကို မပြသော်လည်း အဖော်တွေကိုတော့ ဘယ်နေရာမှာပဲရှိရှိ ပြပေးသည် မဟုတ်ပါလား။

အဆင့်တက်ခါနီး သင်းခွေချပ်ကြီးနဲ့ ဒီလောက်လွယ်လွယ် စာချုပ်ချုပ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဒီသင်းခွေချပ်ကြီးဟာ သူမရဲ့ မျိုးနွယ်ထဲမှာ ထူးခြားတဲ့ အကောင်ကြီး ဖြစ်ရပေမည်။

ကလေးလေး နှစ်ကောင်ကတော့ သူ့ရင်ခွင်ထဲမှာ တွန့်လိမ်နေပြီး သူ့ရဲ့ ချပ်ဝတ်ပေါ်ကို တွားတက်ကာ ရွှီရှင်းရဲ့ ပါးကို လာပွတ်နေကြသည်။

သူတို့လေးတွေက ရွှီရှင်းကို တကယ်ပဲ ခင်တွယ်နေကြပုံရ၏။

ရွှီရှင်းသည် မိုးရာသီတုန်းက သူ့ဆီကို ပြေးလာခဲ့ကြတဲ့ ငါးလေးတွေကို သတိရသွားသည်။

သူတို့ဟာ ရွှီရှင်းကို မြင်တာနဲ့ မပြေးဘဲ ရွှီရှင်းကို ဝိုင်းနေခဲ့ကြသည် မဟုတ်ပါလား။

"ငါ့မှာ သတ္တဝါတွေကို ဆွဲဆောင်နိုင်တဲ့ ပါရမီတစ်ခုခုများ ရှိနေတာလား။"

ခဲခဲလေးကို စတွေ့တုန်းကလည်း သူမက အန္တရာယ်ကို သတိထားတတ်ပေမဲ့ ရွှီရှင်း ချီလိုက်တဲ့အခါမှာတော့ ငြိမ်နေခဲ့သည် မဟုတ်ပါလား။

ဘာပဲဖြစ်ဖြစ် အခုတော့ ဒီသင်းခွေချပ်လည်း သူတို့အဖွဲ့ထဲ ရောက်လာလေပြီ။

တတိယမြောက် ဂူကတော့ တကယ်ကို အကျိုးရှိခဲ့၏။

"ကဲ... ထွက်ကြစို့"

ရွှီရှင်းက ကလေးလေး နှစ်ကောင်ကို ချီရင်း ပြောလိုက်၏။

"မင်း ငါတို့နဲ့ လိုက်လာမှာဆိုတော့ ဒီကလေးတွေကို မင်းပဲ ဆက်ပြီး ပြုစုရမှာပေါ့။ ငါ မင်းတို့ နေဖို့ နေရာတစ်ခု ပေးမယ်။ စိတ်မပူနဲ့၊ အဲဒီနေရာက အရမ်း လုံခြုံတယ်"

သင်းခွေချပ်ကြီးက ခေါင်းညိတ်ပြီး ရွှီရှင်းကို အပြင်ဘက်သို့ လမ်းပြခေါ်ဆောင်သွားတော့သည်။

ဂူပေါက်ကို ထပ်ကျော်တဲ့အချိန်မှာ ရွှီရှင်း အထဲကို သေသေချာချာ ထပ်ကြည့်လိုက်၏။

ဟိုဧရာမ အကောင်ကြီးကလွဲရင် ကျန်တဲ့ သင်းခွေချပ်တွေ အကုန်လုံးမှာ သွေးရောင်အစင်းကြောင်းတွေ ရှိနေကြသည်။

သူတို့အားလုံး အိပ်နေကြပုံရပြီး တစ်ကောင်မှ လှုပ်ရှားခြင်း မရှိပေ။

ဒါပေမဲ့ ရွှီရှင်းကတော့ အလျင်စလို မလုပ်ဝံ့ပေ။

ဒီဗီဇပြောင်းသင်းခွေချပ်တွေချည်းပဲဆိုလျှင် ကိုင်တွယ်လို့ ရနိုင်သော်လည်း ဟိုဧရာမ အကောင်ကြီးကတော့ တကယ်ကို ကြောက်စရာ ကောင်းလှသည်။

ဧရာမ သတ္တဝါအစစ်ကြီးက ဘာလို့ ဗီဇပြောင်းသားရဲ အုပ်စုထဲမှာ ရောက်နေရတာလဲ။

"နေဦး... တစ်အုပ်စုလုံးမှာ အဲဒီ ဧရာမ သတ္တဝါကြီးမှာပဲ သွေးရောင်အစင်းကြောင်း မရှိတာ..."

ပြီးတော့ သွေးရောင်အစင်းကြောင်းရှိတဲ့ သင်းခွေချပ်ကြီးက သွေးရောင်အစင်းကြောင်း မရှိတဲ့ ကလေးတွေကို မွေးလာတယ်...

ဒါဆိုရင် ဒီကလေးလေးတွေဟာ ဟိုဧရာမ အကောင်ကြီးရဲ့ ကလေးတွေ ဖြစ်နေမလား...

ရွှီရှင်းသည် ရှေ့ကနေ လမ်းပြနေတဲ့ သင်းခွေချပ်ကြီးကို ကြည့်လိုက်၊ အနောက်က အုပ်စုကို ပြန်ကြည့်လိုက်နှင့် မျက်လုံးတွေ ပြူးသွားရ၏။

သူ တွေးလေလေ ဒါက ပိုပြီး ဖြစ်နိုင်ခြေ ရှိလေလေပင်။

ဒီဂူတစ်ခုလုံးမှာ သူ စာချုပ်ချုပ်ထားတဲ့ သင်းခွေချပ်ကြီးဟာ အကြီးဆုံးဖြစ်ပြီး သူမရဲ့ အဆင့်အတန်းဟာ ဟိုဧရာမ အကောင်ကြီးပြီးလျှင် ဒုတိယ ဖြစ်လောက်သည်။

ရှေ့က သင်းခွေချပ်ကြီးကတော့ ရွှီရှင်း ကျန်နေခဲ့ပြီး အုပ်စုထဲကို လှမ်းကြည့်နေတာ မြင်တော့ အမြန်ပြန်လာပြီး သူ့ကို သူမရဲ့ လက်သည်းကြီးနဲ့ တွန်းကာ အထဲက အုပ်စု နိုးလာမှာကို စိုးရိမ်နေသည့်အလား လုပ်ပြသည်။

ရွှီရှင်း သူမနောက်ကို လိုက်သွားရင်း မမေးဘဲ မနေနိုင်တော့ပေ။

"ဒီကလေးလေးတွေရဲ့ အဖေက ဘယ်သူလဲ"

သူမဟာ အမဖြစ်ကြောင်း သူ သိသည် မဟုတ်ပါလား။

သင်းခွေချပ်ကြီးက ခဏတာ ရပ်သွားပြီး အသံလေး တစ်ချက်ပြုကာ ရှေ့ကို ဆက်သွားသည်။

"အီးးး"

သူ့ပခုံးပေါ်က ခဲခဲလေးက သင်းခွေချပ်လေးတွေကို ဆော့ကစားပေးနေရင်း လက်နှစ်ဖက်နဲ့ အဝိုင်းကြီးတစ်ခုကို လုပ်ပြလိုက်၏။

ရွှီရှင်း အသက်ကို ဝဝရှူလိုက်ပြီး

"တကယ်ပဲ ဟိုအကောင်ကြီးပေါ့လေ"

"အီးးး"

ခဲခဲလေးက ခေါင်းညိတ် ထောက်ခံလိုက်သည်။

ဒါဆိုရင် သူဟာ ဧရာမ သတ္တဝါကြီးရဲ့ ဇနီးနဲ့ ကလေးတွေကို ခိုးပြေးလာတာပေါ့လေ...

အမလေး...

အဲဒီအကောင်ကြီးသာ မြေပေါ်တက်လာပြီး သူ့မိသားစုကို လိုက်ရှာရင်တော့ ဒုက္ခပဲ။

ရွှီရှင်းသည် သူ့ရင်ခွင်ထဲက ကလေးလေး နှစ်ကောင်ကို ပြန်ကြည့်လိုက်ရာ မျက်လုံးတွေက အရောင်တောက်လာရ၏။

ငယ်ငယ်လေးနဲ့တင် ဒီလောက် မာကျောတဲ့ ချပ်ဝတ်လွှာတွေ ပါလာတာ မဆန်းတော့ပေ၊ သူတို့ဟာ ပါရမီထူးတဲ့ ကလေးတွေပဲ ဖြစ်ရမည်....

ဒီဂူထဲက အကြီးမားဆုံး ဆုလာဘ်ကတော့ ဒီကလေးတွေပဲ ဖြစ်ရမည်။

သူတို့ဟာ ဗီဇပြောင်းသားရဲနဲ့ ဧရာမ သတ္တဝါတို့ရဲ့ ကလေးတွေပဲ မဟုတ်ပါလား။

သူတို့မှာ ဧရာမ သတ္တဝါရဲ့ သွေးပါနေတာပဲ...။

ဒီကလေးတွေ ကြီးလာရင် တကယ်ကို ကြီးမားလာမှာလားမသိဘူး။

သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရဆိုလျှင် ဧရာမ သတ္တဝါတွေနဲ့ ဗီဇပြောင်းသားရဲတွေဟာ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း နှစ်ခု ဖြစ်သည်။

အခုတော့ သူ့မှာ နှစ်မျိုးလုံး ရှိနေ၏။

ပြီးတော့ ကမ္ဘာ့စည်းမျဉ်းတွေကို ဂရုမစိုက်တဲ့ ပန်ဒါလေး ခဲခဲလေးလည်း ရှိသေး၏။

ငါက တကယ် သားရဲတွေကို ထိန်းချုပ်တဲ့သူ တစ်ယောက် ဖြစ်လာတော့မှာလားမသိဘူး.....။

မီမီနဲ့ အာဖုတို့သာ လက်ပတ်ထဲ ဝင်ချင်ရင် ငါက တကယ့် ဆင့်ခေါ်သူ တစ်ယောက်လို ဖြစ်နေမှာပဲ..။

ဒီသင်းခွေချပ်ကြီးကိုတော့ လက်ပတ်ထဲ ထည့်ဖို့ သူ စိတ်ကူးမရှိပေ၊ ဘာလို့လဲဆိုတော့ သူမက ကလေးတွေကို ပြုစုရဦးမှာဖြစ်သလို သင်းခွေချပ်တွေက သွားမရှိတာကြောင့် ပိုးမွှားတွေကိုပဲ စားကြ၏။

လက်ပတ်ထဲ ထည့်ထားလျှင် သူက ပိုးမွှားတွေ လိုက်ဖမ်းပေးနေရမှာဆိုတော့ အဆင်မပြေပေ။

သူမကို စိတ်ကြိုက် လွတ်လွတ်လပ်လပ် နေခိုင်းတာ အကောင်းဆုံးပဲ။

ဘာပဲဖြစ်ဖြစ် နှလုံးသားအပင် ရှိနေတော့ သစ်ပင်အိမ် ပတ်ဝန်းကျင်က လုံခြုံနေပြီပဲဟာ သူမ စိတ်ကြိုက် မြေတူးပြီး အသိုက်လုပ်နေလို့ ရတာပဲ။

မိနစ်အနည်းငယ် ကြာပြီးနောက် ရွှီရှင်းတို့အဖွဲ့ဟာ မူလဝင်ပေါက်ကနေတစ်ဆင့် မြေပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။

"ပြန်ကြစို့... နေဦး၊ ဟိုဗီဇပြောင်းနှလုံးသား ရှိခဲ့တဲ့ ဂူကို အရင်သွားကြည့်ရအောင်"

သူတို့ဟာ မီးခိုးနံ့တွေ နံနေပြီး မည်းတူးနေတဲ့ ဒုတိယမြောက် ဂူပေါက်ဝသို့ ရောက်ရှိလာခဲ့ကြ၏။

၁ မီတာလောက်ရှိတဲ့ အပေါက်ငယ်လေးကတော့ ရှိနေဆဲပင်။

"ဒီအပေါက်အကြောင်း မင်း သိလား"

ရွှီရှင်းက သင်းခွေချပ်ကြီးကို ညွှန်ပြပြီး မေးလိုက်သည်။

သင်းခွေချပ်ကြီးက ငှက်ကလေးလို အသံသေးသေးလေး ပြုလိုက်၏။

ခဲခဲလေးရဲ့ အမူအရာနဲ့အတူ ရွှီရှင်း နားလည်သွားသည်မှာ

ဒီအပေါက်ကို သူတို့အုပ်စုထဲက ဗီဇပြောင်းသင်းခွေချပ် တစ်ကောင်က လိုက်တူးရင်းနဲ့ မတော်တဆ ဒီနေရာကို ရောက်လာခဲ့ခြင်း ဖြစ်ရမည်။

တကယ်လား......

အဲဒါ တကယ် ဖြစ်နိုင်လို့လား။

ဒါပေမဲ့ ရွှီရှင်းလည်း ဒါကို ဆက်ပြီး စူးစမ်းမနေတော့ပေ။

သူ့မှာ နှလုံးသား အပိုင်းအစတွေကို ခွဲဝေပေးဖို့ ကိစ္စက ကျန်သေးသည် မဟုတ်ပါလား။

ဒါကြောင့် သားရဲတွေကို ခေါ်ပြီး သစ်ပင်အိမ်သို့ ပြန်လာခဲ့သည်။

သင်းခွေချပ်ကြီးကို သစ်ပင်အိမ်ထဲ ခေါ်သွားချင်သော်လည်း အာဖုလိုပဲ သူမဟာ အိမ်ထဲဝင်ဖို့ သိပ်စိတ်မပါလှပေ။

ထိုစဉ် ရွှီရှင်း၏ စိတ်ထဲတွင် အသိပေးချက်တစ်ခု ပေါ်လာ၏။

[နှလုံးသားအပင် ကြီးထွားမှု ပြီးဆုံးပါပြီ။ သစ်ပင်အိမ်နှင့် အတူယှဉ်တွဲ နေထိုင်သွားမည်ဖြစ်ပြီး သစ်ပင်အိမ်ပတ်ဝန်းကျင် မီတာ ၁၀၀ အတွင်းကို ကာကွယ်ပေးသွားမည် ဖြစ်ပါသည်။]

မီတာ ၁၀၀ ပတ်လည်လား....

ဒါဆိုရင် စတုရန်းမီတာ သုံးသောင်းကျော်တောင် ရှိတာပေါ့...

ဒီခြံဝင်းကြီးက တကယ်ကို ကျယ်တာပဲ....

ရွှီရှင်း ပြုံးလိုက်ပြီး သင်းခွေချပ်ကြီး၏ ကျောကို ပုတ်ကာ

"မင်း သစ်ပင်အိမ်ထဲ လိုက်ဝင်စရာ မလိုပါဘူး။ ဒီ မီတာ ၁၀၀ ပတ်ဝန်းကျင်မှာ မင်း ကြိုက်တဲ့နေရာမှာ အသိုက်လုပ်နေ။ စိတ်ချ၊ ဒီနေရာက အရမ်း လုံခြုံတယ်"

ထိုစဉ် သူ့လက်ပတ်နာရီက တုန်ခါလာ၏။

ကြည့်လိုက်ရာ လီဝမ်ရှီးဆီက သီးသန့်စာ ဖြစ်နေသည်။

"ရွှီရှင်း... ကျိချောင်းယန် ပြန်ရောက်လာပြီ သူလည်း ဟိုနှလုံးသားကြီးကို သတ်နိုင်ခဲ့တယ်တဲ့"

---

အခန်း ၁၇၂ ပြီး။

All Chapters