သစ်ပင်အိမ်ခြံဝင်းကိုနေရာချခြင်း
Vol. 12 Ch. 173
ကျိချောင်းယန် တကယ်ပဲ ပြန်ရောက်လာပြီလား။
ရွှီရှင်း၏ စိတ်ထဲတွင် အေးခနဲ ဖြစ်သွားရသည်။
ကျိချောင်းယန် တစ်ခုခုဖြစ်သွားမှာကို သူ တကယ်ပဲ စိုးရိမ်နေခဲ့တာ ဖြစ်၏။
ဧရာမသင်းခွေချပ်ကြီးကတော့ သစ်ပင်အိမ်ခြေရင်းနှင့် မီတာအနည်းငယ်အကွာတွင် တွင်းတစ်တွင်းကို စတင်တူးနေချေပြီ။
နွယ်ပင်များ မြေအောက်ထဲ အဝင်အထွက်လုပ်ထားခြင်းကြောင့် ဒီနေရာက မြေသားများမှာ ပွနေသဖြင့် တူးရသည်မှာ အလွန်လွယ်ကူလှသည်။
ထိုအကောင်ကြီးသည် လက်နက်တစ်ခုနှင့်တူသော သူ၏အမြီးကို မြေကြီးထဲသို့ အားပြုထည့်ကာ ကိုယ်ကိုထိန်းလိုက်ပြီးနောက် လက်သည်းများဖြင့် မြေပြင်ကို စတင်တူးဆွတော့သည်။
ရွှီရှင်းသည် အရင်ဆုံး ခဲခဲလေး၊ မီမီနှင့် ငွေရောင်ဘုရင်တို့ကို အနားယူရန် အပေါ်သို့ လွှတ်လိုက်ပြီး သင်းခွေချပ်အပေါက်လေးနှစ်ကောင်ကိုတော့ အောက်သို့ ချီယူလာခဲ့၏။
အကောင်ကြီး အလုပ်လုပ်နေသည်ကို ကြည့်ရင်း ဒေသတွင်း ဆက်သွယ်ရေးလိုင်းကို သူ ဖွင့်လိုက်သည်။
ကျိချောင်းယန် - "ငါလည်း အဲဒီနှလုံးသားကို သတ်ခဲ့ပြီးပြီ။ ရွှီရှင်း၊ ဝမ်ကွေ့ရှင်း၊ ဝမ်လေ့နဲ့ ငါ့ဆီကရတဲ့ နှလုံးသားအပိုင်းအစတွေ အားလုံးပေါင်းရင် လေးယောက်စာ၊ နှလုံးသားလေးခုစာ ရှိမယ်။ ဒါဆိုရင် တစ်ဒေသလုံးအတွက် လောက်ငမှာပါ"
ကျောက်ရှောင်ချွမ်း - "ဟာ... မိုက်တယ် ဘောစ့် ကျိ။ဘောစ့် ကျိ ပြန်လာပြီဟေ့"
ဝမ်လေ့ - "ငါပြောသားပဲ၊ ဘောစ့် ကျိကတော့ အဆင်ပြေမှာပါလို့။ သူက အကြောင်းမရှိဘဲ ပျောက်သွားတတ်တာ ဝါသနာပါတာကိုး။ ဒါပေမဲ့ ဒီတစ်ခါတော့ ငါလည်း လူကြီးလူကောင်းစာရင်းထဲ ပါသွားပြီ ဟဲဟဲ"
ချီရွှယ်ဖေး - "နင် ဘယ်တွေ ရောက်နေတာလဲ ကျွန်မတို့ အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေအကြောင်း ဆွေးနွေးနေတာ၊ စီစဉ်သူတစ်ယောက်ဖြစ်တဲ့ နင် မရှိနေဘူးလေ"
ကျိချောင်းယန် - "ဟိုတစ်ခါ ရွှီရှင်း သွားခဲ့သလိုမျိုး လက်ပတ်နာရီ လိုင်းမမိတဲ့ နေရာတစ်ခုကို ရောက်သွားလို့ပါ၊ ပြန်ရောက်တာ မကြာသေးဘူး"
ဝမ်ကွေ့ရှင်း - "ဘောစ့် ကျိ၊ ဘယ်ကို သွားခဲ့တာလဲ။ ပြီးခဲ့တဲ့အကြိမ်က ရွှီရှင်း မြေအောက်အနက်ကြီးထဲ ရောက်သွားတုန်းကလည်း လိုင်းမမိဘူးလေ၊ နင် လည်း အဲဒီလိုပဲလား"
ကျိချောင်းယန် - "...အင်း၊ ရှင်းပြဖို့တော့ သိပ်မလွယ်ဘူး၊ ဒါပေမဲ့ တကယ်ကို အန္တရာယ်များတဲ့ နေရာတစ်ခုပါ"
ကျိချောင်းယန်၏ မရေမရာ ပြန်ဖြေပုံကို ရွှီရှင်း သတိထားမိလိုက်ပြီး ရင်ထဲတွင် တစ်ချက် ထိတ်သွားရသည်။
ဒါက သူ့စတိုင်မဟုတ်ပေ။
အရင်ကဆိုလျှင် သတင်းအချက်အလက်တစ်ခုခုရှိရင် သူက အမြဲတမ်း မျှဝေပေးတတ်သူဖြစ်သည်၊ အခုလို အဖွဲ့ဝင်တွေ အချင်းချင်း ပိုရင်းနှီးနေတဲ့ အချိန်မှာဆိုရင် ပိုတောင် ပြောပြသင့်သည် မဟုတ်ပါလား။
သူ ဖုံးကွယ်ထားတာကို ကြည့်ခြင်းအားဖြင့် တစ်ခုပဲ ရှိနိုင်သည်။
ဒီကိစ္စဟာ ဒီကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေ၊ ဟိုမြေအောက်ကမ္ဘာနဲ့ ပတ်သက်နေပြီး ဘာမှမသိသေးတဲ့သူတွေကို ပြောပြဖို့ ခွင့်မပြုတာမျိုး ဖြစ်ရမည်။
ဒါကြောင့် ရွှီရှင်းက ကြားထဲက ဝင်ထိန်းပေးလိုက်သည်။
"ကဲ... ဘယ်သွားခဲ့လဲဆိုတာက အရေးမကြီးပါဘူး၊ ပြန်ရောက်လာတာပဲ ဝမ်းသာစရာပါ။ ၆ နာရီကျော်ရင် နွယ်ပင်တွေက စတိုက်လာနိုင်တယ်၊ အခု အရေးကြီးတာက ဒီနှလုံးသားအပိုင်းအစတွေကို ၁၂ ကီလိုဂရမ်စီ အပုံလိုက်ခွဲပြီး တခြားသူတွေကို ဝေပေးဖို့ပဲ။ မင်းတို့ဘက်မှာ နွယ်ပင်တွေ သန်မာလာမှု အခြေအနေ ဘယ်လိုရှိလဲ"
လီဝမ်ရှီး - "နောက်ဆုံး ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။ နောက်ထပ် တစ်နာရီမပြည့်ခင်မှာ နွယ်ပင်တွေက အဆူးတွေ အကုန်နီရဲလာပြီး အစွမ်းကုန် သန်မာလာတော့မှာ။ နင့်အပုံတွေကိုတော့ သူတို့တွေ ဝိုင်းကူလှီးပေးနေကြတယ်၊ အခု ဝမ်ကွေ့ရှင်းနဲ့ ဝမ်လေ့တို့ အပုံတွေအပါအဝင် ကျိချောင်းယန်ရဲ့ အပုံကလွဲရင် ကျန်တာတွေ အကုန်ခွဲပြီးပြီ"
ကျိချောင်းယန် - "ငါ့အပုံကိုလည်း အခုပဲ ဝေပေးလိုက်မယ်"
ချင်ယွန်လုံ - "ဝမ်ရှီးလေးကတော့ ထောက်ပံ့ရေးပိုင်းကို တကယ် သေသေချာချာ ကိုင်တွယ်နိုင်တာပဲ၊ ငါတို့ လှုပ်ရှားမှုတွေက စနစ်တကျ ရှိနေတာ သူကြောင့်ပဲ"
လီဝမ်ရှီး - "ဟဲဟဲ၊ ပထမနှစ်တုန်းက ကျောင်းသားသမဂ္ဂထဲမှာ တစ်နေကုန် အလုပ်ရှုပ်ခဲ့တာလေ၊ ခိုင်းတာတွေ လုပ်ရင်းနဲ့ ဒီလိုကိစ္စတွေက ကျွမ်းကျင်နေတာ"
ကျောက်ရှောင်ချွမ်း - "သိပြီ၊ ဒုတိယနှစ်ကျတော့ ဌာနမှူးဖြစ်ပြီး ပထမနှစ်တွေကို ပြန်ခိုင်းတာပေါ့ ဟုတ်လား"
လီဝမ်ရှီး - "ပထမနှစ်တုန်းက အလုပ်ရှုပ်လွန်းလို့ စာမေးပွဲတောင် ကျလုနီးပါးပဲ။ ဒုတိယနှစ်ကျတော့ သူတို့က ငါ့ကို အတွင်းရေးမှူး ခန့်ချင်တာကို ငါက ငြင်းလိုက်တာ"
ဝမ်လေ့ - "ဟေ့ဟေ့... အတိတ်တွေ ပြန်ပြောမနေကြနဲ့ဦး၊ အသက်လုနေရတဲ့ ရှင်သန်ရေးပွဲ အလယ်မှာ ငါနားမလည်တဲ့ ကျောင်းတုန်းက အကြောင်းတွေ ပြောနေကြတာလား၊ ဘာလို့ အတင်းအဖျင်းတွေ ပြောနေကြတာလဲ"
ဝမ်ကွေ့ရှင်း - "အသက်လုနေရတဲ့ အခြေအနေ ဟုတ်လား။ အဲဒီလောက်လည်း မဟုတ်ပါဘူး၊ အေးအေးဆေးဆေးပါပဲ။ ဒါနဲ့... နင်တို့ တက္ကသိုလ်တုန်းက ဘယ်ကလပ်တွေ ဝင်ခဲ့ကြလဲ"
ဝမ်လေ့ - "ဟား... ငါတော့ အဖွဲ့ထဲက ထွက်ပြီ..."
ချင်ယွန်လုံ - "ငါလည်း ထွက်ပြီ..."
ချင်ယွန်ဟု - "ရေငုပ်ကလပ် အကြောင်း သိလား"
စူးစမ်းရှာဖွေသူများ အဖွဲ့ထဲက အငွေ့အသက်က တကယ်ကို ပေါ့ပေါ့ပါးပါး ရှိလှသဖြင့် ရွှီရှင်းလည်း စိတ်အေးသွားရသည်။
ထိုစဉ် သူ့ရင်ခွင်ထဲက သင်းခွေချပ်ပေါက်လေးနှစ်ကောင်က ရုန်းကန်လာပြီး အောက်ဆင်းချင်နေပုံရသည်။
ရွှီရှင်းက သူတို့ကို မြေကြီးပေါ် ချပေးလိုက်ရာ ချက်ချင်းပင် သူတို့အမေဆီ ပြေးသွားကြပြီး သူမလုပ်သလိုမျိုး သူတို့ရဲ့ အမြီးလေးတွေကို မြေကြီးထဲ ထိုးထည့်ကာ လက်သည်းလေးတွေနဲ့ မြေတူးတာကို အားကျမခံ လိုက်လုပ်နေကြတော့သည်။
မိနစ်အနည်းငယ်အတွင်းမှာတင် သစ်ပင်အိမ်အောက်မှာ ၆ မီတာ၊ ၇ မီတာခန့် နက်သည့် တွင်းတစ်တွင်း ပေါ်လာချေပြီ။
ရွှီရှင်းက သူတို့တူးထုတ်လိုက်တဲ့ မြေကြီးတွေကို သိမ်းလိုက်၏။
ဒါတွေက အစိမ်းရောင်အဆင့် မြေကြီးတွေဖြစ်တာကြောင့် စတုတ္ထထပ်မှာ အပင်စိုက်တဲ့အခါ သုံးဖို့ အကောင်းဆုံးပဲ မဟုတ်ပါလား။
ရွှီရှင်း တွင်းထဲကို လှမ်းကြည့်ပြီး မေးလိုက်သည်။
"ငါ အခု ဆင်းလို့ရပြီလား"
သင်းခွေချပ်ကြီးက ရသည်ဟု အသံပြုလိုက်၏။
တွင်းက စောင်းစောင်းလေးဖြစ်ပြီး အရင်မြေအောက်ဂူ အဝင်ပေါက်တွေနဲ့ ဆင်တူသော်လည်း အများကြီး ပိုသေးလှသည်၊ လမ်းလျှောက်ဝင်လို့မရဘဲ ခေါင်းတိုက်နိုင်တာကြောင့် ရွှီရှင်းက လျှောစီးသလိုမျိုးပဲ ဆင်းသွားလိုက်ရသည်။
အောက်တွင် ၁ မီတာကျော်ကျော်သာ မြင့်ပြီး အကျယ် စတုရန်းမီတာ ၁၀ ထက်မပြည့်သည့် နေရာလေးတစ်ခုကို တူးထားသည်ကို တွေ့ရ၏။
အပေါ်ပေါက်ကနေ နေရောင်ခြည် ဝင်နေတာကြောင့် အိမ်ခန်းငယ်လေးတစ်ခုလို ခံစားရစေသည်။
ထိုနေရာ၏ ကြမ်းပြင်တွင် သစ်ပင်အိမ်၏ အမြစ်များကို စတင် မြင်တွေ့လိုက်ရသည်။
သင်းခွေချပ်ကြီး ဘာလို့ ဆက်မတူးတော့တာလဲဆိုတာ ရွှီရှင်း နားလည်သွားလေပြီ....။
သစ်ပင်အိမ်ရဲ့ အမြစ်တွေဆီ ရောက်သွားလို့ပင်။
သစ်ပင်အိမ်ရဲ့ အမြစ်တွေကို မြေကြီး ၆ မီတာ၊ ၇ မီတာလောက် ဖုံးထားတာကြောင့် တော်တော်လေး ထူလှသည်။
ဒါဟာ သူ့အတွက် မြေအောက်ကို အသုံးချဖို့ အခွင့်အရေးကောင်းပင်။
ရွှီရှင်းက ဂူထဲက မြေသားကို ထိကြည့်လိုက်ရာ တော်တော်လေး ကျစ်လျစ်မာကျောနေသည်ကို တွေ့ရ၏။
အပေါ်ယံ မြေသားက ပွနေတယ်ဆိုပင်မယ့် ၂ မီတာ၊ ၃ မီတာအောက် ရောက်သွားရင်တော့ မြေသားက ကျစ်လျစ်သွားသဖြင့် မြေအောက်ခန်းတွေအတွက် တည်ငြိမ်မှုကို ပေးနိုင်၏။
နေရာအရမ်းကြီး မကျယ်ဘူးဆိုရင်တော့ မြေပြိုမှာကို ပူစရာမလိုပေ။
ပထမဆုံးဂူထဲမှာ သူရခဲ့တဲ့ အနီရောင်မြူပန်း မျိုးစေ့ ကို မြေအောက်မှာ စိုက်လို့ရသည်။
အစကတော့ သစ်ပင်အိမ်ထဲမှာ စိုက်မလို့ စဉ်းစားခဲ့သော်လည်း တံခါးအဖွင့်အပိတ်လုပ်ရင် အနီရောင်မြူတွေက အိမ်ထဲအထိ ပျံ့နှံ့လာမှာဖြစ်တာကြောင့် အဆင်မပြေပေ။
သင်းခွေချပ်ကြီးကို မြေအောက်အခန်းငယ်လေး တစ်ခု ထပ်တူးခိုင်းပြီး အဲဒီထဲမှာ ဒီမျိုးစေ့ကို စိုက်၊ ပြီးမှ တံခါးနဲ့ ပိတ်ထားလိုက်ရင် အနီရောင်မြူ အခန်းလေး ဖြစ်သွားမှာပဲ...။
ငွေရောင်ဘုရင်၊ မီမီ၊ အာဖုနဲ့ သင်းခွေချပ်ကြီးတို့ဟာ အဲဒီထဲဝင်ပြီး အနီရောင်မြူတွေရဲ့ အစွမ်းနဲ့ သူတို့ရဲ့ စွမ်းအားတွေကို မြှင့်တင်နိုင်မှာ ဖြစ်သည်။
တံခါးဖွင့်လိုက်ရင် မြူအချို့ ထွက်လာနိုင်သော်လည်း အပြင်မှာဆိုတော့ လေထဲမှာ ပျံ့လွင့်သွားမှာဖြစ်ရာ ဘာမှ ပူစရာမရှိပေ။
"သေချာပြီ"
လောလောဆယ်တွင် သင်းခွေချပ်ကြီးက အတွင်းဘက်အကျဆုံးနေရာမှာ လှဲနေပြီး ကလေးနှစ်ကောင်ကတော့ နို့စို့ဖို့ အလုပ်ရှုပ်နေကြသည်။
ဒါကြောင့်လည်း ဒီကလေးနှစ်ကောင်က စောစောက သူ့ရင်ခွင်ထဲကနေ အတင်းရုန်းထွက်နေကြတာကိုး....
ဗိုက်ဆာနေကြတာပဲ။
တော်သေးတာက သင်းခွေချပ်ကြီးကို သူ ခေါ်ထုတ်လာမိလို့၊ မဟုတ်လို့ကတော့ ဒီနို့မပြတ်သေးတဲ့ ကလေးတွေအတွက် နို့ ဘယ်မှာသွားရှာရမှာလဲ။
နို့မပြတ်သေးပေမဲ့ မြေတူးတာကိုတော့ ကူညီနိုင်နေပြီလား။
တကယ်ကို သတ္တဝါကြီး သွေးပါတဲ့ ကောင်လေးတွေပဲ၊ မွေးကတည်းက ပါရမီပါလာတာ။
သင်းခွေချပ်တွေက တစ်ကိုယ်လုံး အကြေးခွံတွေနဲ့ ဖုံးနေပေမဲ့ တွားသွားသတ္တဝါ မဟုတ်ဘဲ နို့တိုက်သတ္တဝါတွေ ဖြစ်သည်။
လင်းနို့တွေလိုပဲ သူတို့က ထူးခြားကြသည်၊ သင်းခွေချပ်က အကြေးခွံပါတဲ့ တစ်ခုတည်းသော နို့တိုက်သတ္တဝါဖြစ်ပြီး လင်းနို့ကတော့ ပျံနိုင်တဲ့ တစ်ခုတည်းသော နို့တိုက်သတ္တဝါ မဟုတ်ပါလား။
တိုက်တိုက်ဆိုင်ဆိုင် ရွှီရှင်းမှာ ဒီနှစ်မျိုးလုံး ရှိနေပြီဖြစ်ရာ သူ့ရဲ့ စုဆောင်းလိုတဲ့ ဝါသနာကို အတော်လေး ကျေနပ်စေသည်။
"ဒါဆိုရင် ဒီကလေးနှစ်ကောင်ကို မင်းပဲ ကြည့်ထားလိုက်တော့နော်၊ ငါ သစ်ပင်အိမ်ပေါ် သယ်မသွားတော့ဘူး"
ရွှီရှင်းက မေးလိုက်၏။
သင်းခွေချပ်ကြီးက ခေါင်းညိတ်ပြသည်။
အပြင်ထွက်လာပြီဆိုမှတော့ သူမပဲ ပြုစုရမှာပေါ့။
ရွှီရှင်းက မေးစေ့ကို ပွတ်ရင်း နို့တိုက်နေတဲ့ သင်းခွေချပ်ကြီးကို ကြည့်ပြီး ပြောလိုက်သည်။
"မင်းကို နာမည်တစ်ခု ပေးရမယ်။ မင်းက ဟိုဧရာမ အကောင်ကြီးရဲ့ ဇနီး ဒါမှမဟုတ် ဇနီးတွေထဲက တစ်ယောက် ဖြစ်ရမယ် မဟုတ်လား။ အဲဒီအကောင်ကြီးက မင်းတို့ရဲ့ ဧကရာဇ်ဆိုတော့ မင်းကိုတော့... ကြင်ယာတော် လို့ပဲ ခေါ်တော့မယ်"
ကြင်ယာတော် သင်းခွေချပ်ကြီးကတော့ ခေါင်းလေးကို အသာအယာ လှည့်ကြည့်ရုံသာရှိပြီး နာမည်ကို သိပ်သဘောကျပုံတော့ မရပေ။
"ဒီကလေးနှစ်ကောင်ထဲက အကောင်ကြီးတဲ့သူကို အိမ်ရှေ့စံ၊ သေးတဲ့သူကို မင်းသားလေး လို့ ခေါ်မယ်"
ရွှီရှင်း လက်ခုပ်တစ်ချက်တီးလိုက်၏။
ဒီကလေးတွေ ကြီးလာရင် ဧရာမသင်းခွေချပ်တွေ ဖြစ်လာမှာဖြစ်တာကြောင့် ဒီနာမည်တွေက သင့်တော်လှသည် မဟုတ်ပါလား။
ကလေးနှစ်ကောင်ကတော့ ရွှီရှင်းကို ဂရုမစိုက်ဘဲ နို့စို့တာကိုပဲ အာရုံစိုက်နေကြသည်။
ရွှီရှင်းလည်း သင်းခွေချပ် နို့စို့တာကို ထိုင်ကြည့်နေဖို့ ဝါသနာမပါသဖြင့် သူတို့ကို မနှောင့်ယှက်တော့ဘဲ အသစ်တူးထားတဲ့ ဂူထဲကနေ အေးအေးဆေးဆေး ပြန်ထွက်လာခဲ့၏။
အနီရောင်မြူပန်း စိုက်မယ့်ကိစ္စကိုတော့ ဒီပွဲပြီးမှပဲ အကူအညီတောင်းတော့မည်ဟု သူ ဆုံးဖြတ်လိုက်သည်။
ဂူထဲကနေ တွားသွားပြီး ထွက်လာကာ အပေါက်ဝမှာ ရပ်နေရင်း ဒီဂူပေါက်ကြီးက ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေသည်ဟု သူ ခံစားရ၏။
အခု သစ်ပင်အိမ်အောက်က မြေကွက်လပ်မှာ ဒီဂူပေါက်ကြီးက ဒီအတိုင်း ဟာလာဟင်းလင်း ဖြစ်နေ၏။
နှလုံးသားအပင်က ကာကွယ်ပေးထားတယ်ဆိုပေမဲ့ ဂူဝကြီးက အရမ်း ပေါ်လွင်လွန်းနေသည် မဟုတ်ပါလား။
သူသည် အရောင်းအဝယ် ပလက်ဖောင်းကနေ အနီရောင်သီးပင် မျိုးစေ့အချို့ကို ဝယ်ကာ ဂူဝပတ်ပတ်လည်မှာ ကြဲလိုက်၏။
ပြီးနောက် ရမှတ်ဆိုင်ကနေ အစိမ်းရောင်အဆင့် မြေသြဇာအိတ်အချို့ကို ဝယ်ပြီး ဖြူးလိုက်သည်။
ချက်ချင်းပင် အနီရောင်သီးပင် လေးတွေကနေ အညှောက်လေးတွေ စတင် ထွက်ပေါ်လာတော့သည်။
ဒီနည်းနဲ့ဆိုလျှင် မနက်ဖြန်မနက်ကျရင် ဒီနေရာက ချုံပုတ်တွေနဲ့ ဖုံးသွားမှာဖြစ်တာကြောင့် ဂူဝကြီးက ထင်းမနေတော့ပေ။
"ပြီးပြည့်စုံသွားပြီ။"
ရွှီရှင်း လက်ခုပ်တစ်ချက်တီးလိုက်ပြီး သစ်ပင်အိမ်အောက်က မြေကွက်လပ်ကို ပြန်လည် မွမ်းမံရန် ပြင်လိုက်တော့သည်။
နှလုံးသားအပင်က ပတ်ဝန်းကျင် မီတာ ၁၀၀ ကို ကာကွယ်ပေးနိုင်တာဆိုတော့ သူက သစ်ပင်အိမ်အောက်က မြေကွက်လပ်ကို သူ့ရဲ့ ကိုယ်ပိုင် ခြံဝင်းကြီးအဖြစ် ပြောင်းလဲပစ်ရန် စီစဉ်လိုက်၏။
မီတာ ၉၀ ပတ်လည်ကို ခြံစည်းရိုးခတ်ပြီး မီတာ ၁၀ လောက်ကိုတော့ အကာအကွယ်ဇုန်အဖြစ် ချန်ထားမည်။
ဒီနည်းနဲ့ဆိုလျှင် တောရိုင်းတိရစ္ဆာန်တွေ လာတိုက်ရင် ခြံစည်းရိုး အပြင်ဘက်မှာ ပိတ်မိနေမှာဖြစ်သလို၊ နှလုံးသားအပင်ရဲ့ နွယ်ပင်တွေကလည်း တိုက်ခိုက်ပေးမှာဖြစ်တာကြောင့် ခြံစည်းရိုးရော၊ နှလုံးသားအပင်ပါ အသုံးဝင်မှာ ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ သစ်ပင်အိမ်အောက်ကို မရောက်နိုင်တဲ့ သားရဲတွေဟာ သစ်ပင်အိမ်ပေါ်က မြှားသေနတ်ကြီးရဲ့ ပစ်မှတ်တွေ ဖြစ်သွားမည်ဖြစ်သည်။
မီတာ ၉၀ ပတ်လည်ဆိုတာ သေးတယ်ထင်ရပေမဲ့ တကယ်တော့ ဧက ၃၀ ကျော် စတုရန်းမီတာ ၃၀၀၀၀ ကျော် တောင် ကျယ်တာဖြစ်ရာ သူ့အတွက် သီးနှံစိုက်ဖို့နဲ့ သားရဲတွေ မွေးမြူဖို့ လုံလောက်လှသည် မဟုတ်ပါလား။
သူ တွေးလေလေ ဒါက ပိုပြီး ပြီးပြည့်စုံလေလေဖြစ်ရာ ရွှီရှင်း၏ မျက်နှာတွင် အပြုံးများ ပေါ်လာတော့သည်။
အကယ်၍ သူ စိတ်ကူးထားသလိုသာ တကယ်ဖြစ်လာရင်တော့ သစ်ပင်အိမ်ဟာ တကယ့် ကမ္ဘာပျက်ကပ် ကာကွယ်ရေးခံတပ်ကြီး ဖြစ်သွားလောက်၏။
ဧရာမမြွေကြီးတွေ၊ မိကျောင်းကြီးတွေ ဒါမှမဟုတ် မိစ္ဆာတွေ လာမတိုက်မချင်းတော့ သားရဲတွေ ဘယ်လောက်ပဲ လာလာ သူကတော့ သစ်ပင်အိမ်ပေါ်မှာ အပန်းဖြေနေရုံပင်။
သစ်ပင်အိမ်အောက်က နေရာကိုလည်း သူ အသုံးချရမည်။
နေရောင်မရဘူးဆိုပေမဲ့ အရိပ်ကြိုက်တဲ့ ချုံပင်တွေနဲ့ မှိုတွေကို စိုက်လို့ရတာပဲ....။
အစိမ်းရောင်အဆင့်လောက်ဆိုရင်ကို ရပါပြီ....။
သစ်ပင်အိမ်အောက်မှာ သားရဲတွေကို ကာကွယ်နိုင်ပြီဆိုပေမဲ့ သဘာဝဘေးအန္တရာယ်တွေကိုတော့ သူ မထိန်းချုပ်နိုင်သေးပေ။
ဒါကြောင့် စတုတ္ထထပ်မှာ စိုက်လို့မရတဲ့ အပင်တွေကလွဲရင် အပြာရောင်အဆင့် အရင်းအမြစ်တွေကိုတော့ စတုတ္ထထပ်မှာပဲ ဆက်စိုက်ထားမှာ ဖြစ်သည်။
ဒီနေ့တော့ သစ်ပင်အိမ်အောက်က အရိပ်ရတဲ့ နေရာကို အရင်ဆုံး အသုံးချလိုက်ရအောင်....။
အရောင်းအဝယ် ပလက်ဖောင်းကနေ အနီရောင်သီးပင် မျိုးစေ့တွေ ဝယ်ကာ မြေပေါ်မှာ ကြဲ ပြီး မှိုမျိုးစေ့တွေကိုလည်း ရှာကာ ဖြူးလိုက်သည်။
နောက်ရက်အနည်းငယ်အတွင်းမှာတော့ သစ်ပင်အိမ်အောက်မှာ ဒီအရာတွေနဲ့ ပြည့်နှက်နေလောက်သည်။
ကျန်တဲ့ နေရာတွေကိုတော့ သားရဲတွေ ပြန်ရောက်လာလျှင် နွယ်ပင်တွေရဲ့ ကာကွယ်ရေးက ဘယ်လောက်အထိ ထိရောက်သလဲဆိုတာကို ကြည့်ပြီးမှ ဆက်လက် စီစဉ်တော့မည်ဟု သူ ဆုံးဖြတ်လိုက်သည်။
---
အခန်း ၁၇၃ ပြီး။