အရင်းအမြစ်များ ခွဲဝေခြင်းနှင့် ညရောက်ရှိလာခြင်း (၂)
Vol. 12 Ch. 175
"မင်းတို့ သေလိုက်တာပဲ ပိုကောင်းမယ်၊ တောအုပ် ၁၈၈ မှာ မင်းတို့လို အမှိုက်တွေ မလိုဘူး။ မဝယ်နဲ့၊ အဲဒီအတိုင်းပဲ ထိုင်ပြီး သေလိုက်ကြ"
"တောက်... ဘယ်သူက အရင်းအမြစ် မထုတ်နိုင်ဘူးလို့ ပြောလဲဟ"
တစ်ချိန်တည်းမှာပင် စူးစမ်းရှာဖွေသူများအဖွဲ့ထဲ၌လည်း အလုပ်ရှုပ်နေကြချေပြီ။
လီဝမ်ရှီးက အာမေဍိတ်သံပြုလိုက်၏။
"ဘုရားရေ... တော်တော် မြန်မြန် ကုန်သွားတာပဲ။ ငါ တင်လိုက်သမျှ စက္ကန့်ပိုင်းအတွင်း အကုန် ပြောင်သွားတာပဲ"
ကျောက်ရှောင်ချွမ်း - "ငါလည်း အတူတူပဲ၊ ချက်ချင်း ပြောင်သွားတာ။ တောက်... ငါ့အတွက်တောင် ချန်ထားဖို့ မေ့သွားတယ်"
ကျိချောင်းယန် - "ငါ့ဆီမှာ ကျန်သေးတယ်၊ ငါတို့အားလုံးအတွက် လုံလောက်ပါတယ်"
ချီရွှယ်ဖေး - "ဒါဆိုရင်... လဲလှယ်လို့ရလာတဲ့ ဒီအစိမ်းရောင်အဆင့် အရင်းအမြစ်တွေကို ဘယ်လိုလုပ်ကြမလဲ။ အပြင်ထွက်ခဲ့တဲ့ လေးယောက် ခွဲယူကြမလား"
ဝမ်ကွေ့ရှင်း - "ဒါတွေက အစိမ်းရောင်အဆင့်တွေပဲဟာ၊ ငါတော့ သိပ်မလိုချင်ပါဘူး။ ငါ့ဆီမှာလည်း သိပ်အသုံးမဝင်လှဘူး"
ဝမ်လေ့ - "စားစရာ ရှိလား...စားစရာပဲ ပေးပါလား။ အခု တောထဲမှာ ဘာမှစားစရာ မရှိတော့ဘူး၊ ငါစိုက်ထားတဲ့ အသီးအနှံတွေလည်း မမှည့်သေးဘူး။ အားလုံးကိုပဲ အားကိုးနေရတာ"
ရွှီရှင်းက ခဏစဉ်းစားပြီးနောက် ပြောလိုက်၏။
"ဒီအရင်းအမြစ်တွေ အားလုံးကို စီမံခန့်ခွဲဖို့ လီဝမ်ရှီးဆီမှာပဲ ထားလိုက်ပါ။ နင်တို့ပဲ သူက ထောက်ပံ့ရေးပိုင်း ကျွမ်းကျင်တယ်ဆို"
လီဝမ်ရှီး - "ဟင်...ငါ့ဆီမှာ ထားခဲ့မလို့လား"
ကျိချောင်းယန် - "ငါ သဘောတူတယ်၊ အဖွဲ့ရဲ့ ထောက်ပံ့ရေး အကူအညီအတွက်ပဲ သုံးကြတာပေါ့။ လိုအပ်တဲ့လူ သူမဆီကနေ ယူလို့ရတာပေါ့"
လီဝမ်ရှီး - "အင်းလေ... ကောင်းပါပြီ၊ ငါပဲ အမျိုးအစားခွဲပြီး သိမ်းထားပေးမယ်... ဝိုး..အကုန်လုံးကို တစ်ပြိုင်တည်း ငါ့ဆီ မပို့နဲ့လေ၊ ရှုပ်ကုန်ပြီ အမျိုးအစား ခွဲပြီးမှ ပေးကြပါ"
ရွှီရှင်းသည် ဆိုဖာပေါ်မှ ထရပ်ကာ ပြတင်းပေါက်နားသို့ သွား၍ အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။
အခုဆိုလျှင် ညနေ ၆ နာရီကျော်ပြီဖြစ်ရာ မှောင်နေချေပြီ။
သူက နွယ်ပင်တွေကို အစောကြီးကတည်းက ရှင်းထားခဲ့သဖြင့် သူ့သစ်ပင်အိမ်အောက်ခြေမှာတော့ အေးအေးဆေးဆေးပင် ရှိနေသည်။
ရွှီရှင်းသည် သူ၏ ကောင်းမွန်လှသော အမြင်အာရုံဖြင့် မျက်မှောင်ကြုတ်ကာ အဝေးသို့ လှမ်းကြည့်လိုက်၏။
ပတ်ဝန်းကျင် တောအုပ်ထဲတွင် အလွန်ထင်ရှားသည့် သစ်ပင်ကြီး နှစ်ပင်ကို မြင်နေရသည်။
၎င်းတို့မှာ အခြားသူများ၏ သစ်ပင်အိမ်များ ဖြစ်ရမည်။
အကွာအဝေးအရဆိုလျှင် ၁၀ ကီလိုမီတာကျော် ဝေးပေလိမ့်မည်။
သူ့သစ်ပင်အိမ်၏ ကာကွယ်ရေးနယ်မြေမှာ အခုဆိုလျှင် ၆ ကီလိုမီတာ ရှိနေပြီ ဖြစ်သည်။
ဒီတစ်ခါ အဆင့်မြှင့်ပြီးရင် နယ်မြေကော ထပ်တိုးဦးမလားမသိဘူး။
အကယ်၍ နှစ်ဖက်စလုံးက ကာကွယ်ရေးနယ်မြေတွေ ချဲ့လိုက်မယ်ဆိုရင်တော့ နယ်မြေချင်း ထပ်သွားနိုင်တာပေါ့။
"ဟူးးး..."
နောက်ပိုင်းမှာတော့ သူ့အတွက် လုပ်စရာ သိပ်မရှိတော့သဖြင့် အနားယူရမည့် အချိန်ပင်။
"ဟင်"
သူ ခေါင်းလှည့်ရန် ပြင်လိုက်စဉ်မှာပင် ကီလိုမီတာ အနည်းငယ်အကွာက တောအုပ်ကြီးမှာ အနည်းငယ် လှုပ်ခါနေသည်ကို ရွှီရှင်း သတိပြုမိလိုက်၏။
လေတိုက်လို့လား...မဟုတ်ဘူး၊ လှုပ်နေတဲ့ ဧရိယာက ပိုပိုပြီး ကျယ်လာနေတာပဲ..။
ရွှီရှင်း၏ မျက်လုံးများ ကျုံ့သွားကာ မြေပုံကို ချက်ချင်း စစ်ဆေးလိုက်၏။
"ညဘက်ရဲ့ အန္တရာယ်က သစ်ပင်အိမ်အောက်က နွယ်ပင်တွေချည်းပဲ မဟုတ်ဘူးပေါ့လေ"
ရွှီရှင်း သွားကြိတ်လိုက်မိသည်။
သစ်ပင်အိမ်နှင့် ၃ ကီလိုမီတာ၊ ၄ ကီလိုမီတာခန့်အကွာတွင် အနီရောင်အစက်များစွာ ရုတ်တရက် ပေါ်လာချေပြီ။
ထို့ပြင် အစက်အသစ်တွေကလည်း ဆက်တိုက် ပေါ်လာနေဆဲပင်။
ဒီအနီရောင်အစက်တွေက မြေပြင်ကနေ ရုတ်တရက် ထွက်လာတာမျိုး မဟုတ်ဘဲ နေရာ ၆ ခု၊ ၇ ခုလောက်ကနေ စီးထွက်လာနေကြတာ ဖြစ်သည်။
ပုရွက်ဆိတ်တွင်းထဲကနေ ပုရွက်ဆိတ်တွေ အုံနဲ့ကျင်းနဲ့ ထွက်လာနေသလိုမျိုးပေါ့။
များလှချေလားဟ...
အရမ်းကို များလွန်းလှသည်။
အစပြုကာကွယ်ရေးကာလ ကုန်ဆုံးတုန်းက သားရဲလှိုင်းထက်တောင် အများကြီး ပိုများနေသေးသည်။
အနီရောင်အစက်တွေ ထွက်လာနေတဲ့ နေရာတွေထဲမှာ ရွှီရှင်း ရင်းနှီးနေတဲ့ နေရာနှစ်ခု ပါဝင်နေ၏။
တစ်ခုက ဆားတွင်းဂူဖြစ်ပြီး နောက်တစ်ခုကတော့ တောင်ကုန်းဒေသက ရေကန်အလယ် ဖြစ်သည်။
မနေ့က ရုတ်တရက် ပေါ်လာတဲ့ မြေအောက်ဂူပေါက်တွေထဲကနေ ရန်သူတွေ စီးထွက်လာနေကြတာ ဖြစ်ရမည်။
ရွှီရှင်း ရင်ထဲ တင်းကျပ်သွားရ၏။
ဒါဟာ သာမန် သားရဲလှိုင်းလား၊ ဒါမှမဟုတ် ဗီဇပြောင်းသားရဲလှိုင်းလားမသိဘူး။
တစ်ခုပြီးတစ်ခု လာနေတာပဲကွာ..။
"အီးးး"
ဆိုဖာပေါ်မှာ လှဲနေတဲ့ ခဲခဲလေးက ရုတ်တရက် ခုန်ထလာပြီး ပြတင်းပေါက်ဆီ အပြေးသွားကာ အပြင်ကို လှမ်းကြည့်လိုက်သည်။
ခဲခဲလေးလည်း အန္တရာယ်ကို ခံစားမိပုံရသည်။
ညစာစားပြီး အနားယူနေတဲ့ ငွေရောင်ဘုရင်နဲ့ မီမီတို့ပါ ထရပ်လိုက်ကြ၏။
ထိုစဉ် ကျိချောင်းယန်က အဖွဲ့ထဲတွင် စာပို့လာသည်။
"အားလုံးပဲ... အဝေးကနေပြီးတော့ သိပ်သည်းတဲ့ ခြေသံတွေနဲ့ အင်းဆက်တွေရဲ့ အသံမျိုးတွေကို ငါ ကြားနေရတယ်။ ငါတို့ရဲ့ ဒုက္ခက သစ်ပင်အိမ်အောက်က နွယ်ပင်တွေချည်းပဲ မဟုတ်တော့ဘူးထင်တယ်"
အင်းဆက်တွေလား...
အင်းဆက်လှိုင်းများ ဖြစ်နေမလား။
အနီရောင်အစက်တွေ အများကြီး ရှိသော်လည်း တစ်စက်ချင်းစီကတော့ သာမန်တောကြောင်တစ်ကောင်ရဲ့ အလင်းလောက်ပဲ ရှိပြီး မှိန်ဖျော့နေကြသည်။
ပြီးတော့ မြေအောက်ဂူတွေထဲကနေ စီးထွက်လာတဲ့ အနေအထားကို ကြည့်ရင်တော့ တကယ်ကို အင်းဆက်လှိုင်းပဲ ဖြစ်ရမည်။
ရွှီရှင်းက ချက်ချင်းပင်
"ငါလည်း မြင်နေရပြီ။ ၃ ကီလိုမီတာ၊ ၄ ကီလိုမီတာလောက် အကွာက တောအုပ်ကြီး လှုပ်ခါနေပြီး သစ်ပင်အိမ်တွေဆီကို ဦးတည်လာနေကြတယ်။ အားလုံး သတိထားကြပါ။ ဒါနဲ့... နင်တို့ နှလုံးသားအပင် မျိုးစေ့တွေကို စိုက်ပြီးကြပြီလား"
ဝမ်ကွေ့ရှင်း - "အေး... ပြန်ရောက်တာနဲ့ တန်းစိုက်လိုက်တာပဲ"
ဝမ်လေ့ - "ငါလည်း အတူတူပဲ"
ကျိချောင်းယန် - "တော်သေးတာပေါ့၊ ငါ့ဆီမှာလည်း အခုပဲ ကြီးထွားမှု ပြီးစီးကြောင်း အသိပေးချက် တက်လာတယ်"
ကျောက်ရှောင်ချွမ်း - "ဟင် ငါတို့ ဘာလုပ်ကြမလဲ။ သစ်ပင်အိမ်တွေ တိုက်ခိုက်ခံရမှာလား"
ကျိချောင်းယန် - "မင်းတို့ သစ်ပင်အိမ် ပတ်ပတ်လည်မှာ နွယ်ပင်တွေ ရှိနေသေးတာက အကာအကွယ် ဖြစ်နိုင်တယ်။ နှလုံးသားအပိုင်းအစတွေကို အခုချက်ချင်း မသုံးကြပါနဲ့ဦး"
ချီရွှယ်ဖေး - "မရတော့ဘူး၊ အဲဒီနွယ်ပင်တွေက စတိုက်နေပြီ။ သစ်ပင်အိမ် ချပ်ဝတ်ကို တစ်ချက်ရိုက်လိုက်တာနဲ့ အချိုင့်ကြီး ဖြစ်သွားတာပဲ။ အခုပဲ သုံးရတော့မယ်"
လီဝမ်ရှီး - "ငါလည်း အတူတူပဲ ဘုရားရေ။ ငါ့သစ်ပင်အိမ် ချပ်ဝတ်တစ်ခုဆိုရင် အစိတ်စိတ်အမွှာမွှာတောင် ဖြစ်သွားပြီ"
ရွှီရှင်း မြေပုံကို ကြည့်လိုက်ရာ ၃ ကီလိုမီတာ၊ ၄ ကီလိုမီတာအကွာမှာ အနီရောင်အစက်တွေ အုပ်စုလိုက် စုပြုံနေပြီး သစ်ပင်အိမ်တွေဆီကို အရှိန်အဟုန်နဲ့ ဦးတည်လာနေတာကို တွေ့ရသည်။
ဒီအတိုင်းဆိုရင် မိနစ်အနည်းငယ်အတွင်းမှာတင် ဒီအမည်မသိ ရန်သူတွေဟာ သစ်ပင်အိမ်ကို ဝိုင်းထားတော့မှာ ဖြစ်သည်။
ရွှီရှင်း - "ဒါဆိုရင်တော့ သုံးလိုက်ကြတော့ သုံးလိုက်ပြီးရင် အပြင်က နွယ်ပင်တွေက ပြန်ထွက်လာပြီး ခုခံပေးလိမ့်မယ်၊ အဲဒါက အကူအညီ ဖြစ်နိုင်တာပဲ"
လီဝမ်ရှီး - "အင်း... သိပြီ"
ဒီအနီရောင်အစက်တွေက တကယ်တော့ ဘာတွေလဲ...။
ထိုစဉ် သစ်ပင်အိမ်အောက်မှာ ခိုနေတဲ့ အာဖုကလည်း သတိပေးတဲ့အနေနဲ့ စူးရှစွာ အော်လိုက်ပြီး ပုန်းနေတဲ့ ကြင်ယာတော် သင်းခွေချပ်ကြီးလည်း ဂူထဲကနေ ထွက်လာချေပြီ။
"ငွေရောင်ဘုရင်၊ မီမီ၊ ခဲခဲလေး... အောက်ဆင်းကြစို့"
"အီးးး"
"ဝူးးး"
သားရဲသုံးကောင်နှင့်အတူ ရွှီရှင်းသည် သိပ်သည်းလှသော တောအုပ်ကြီးကို စိုးရိမ်တကြီး စောင့်ကြည့်နေလိုက်၏။
ငွေရောင်ဘုရင်ကတော့ အလွန်အမင်း သတိရှိနေတဲ့ အနေအထားနဲ့ ဟိန်းဟောက်နေသည်။
ခဲခဲလေးကတော့ သူ့ပခုံးကို တုန်တုန်ယင်ယင်နဲ့ ဖက်ထားရှာ၏။
ကြင်ယာတော် သင်းခွေချပ်ကြီးက ရုတ်တရက် သူမရဲ့ ကလေးနှစ်ကောင်ကို အပြင်ထုတ်လာတာကြောင့် ရွှီရှင်း သူမရဲ့ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားပြီး ကလေးတွေကို သစ်ပင်အိမ်ပေါ် အမြန်ပို့ပေးကာ အောက်ကို ပြန်ဆင်းလာခဲ့သည်။
သူ မြေပြင်ပေါ် ရောက်သည်နှင့် မီမီသည် အဝေးသို့ အလွန်မြန်သော အရှိန်ဖြင့် ပြေးထွက်သွားပြီး တောအုပ်ထဲသို့ ခဏအတွင်း ပျောက်ကွယ်သွားတော့သည်။
"မီမီ"
ရွှီရှင်း သူမကို မတားနိုင်လိုက်ဘဲ အဝေးသို့ ပြေးသွားသည်ကိုသာ ကြည့်နေလိုက်ရ၏။
မြေပုံအရဆိုလျှင် မီမီသည် သစ်ပင်အိမ်ဆီ ဦးတည်လာနေသည့် အနီရောင်အစက်အုပ်စုတစ်ခုဆီသို့ ချဉ်းကပ်သွားခြင်း ဖြစ်သည်။
ထိုနေရာသို့ ရောက်သည်နှင့် သူမသည် ချက်ချင်း လှည့်ပြန်လာခဲ့၏။
စက္ကန့်ပိုင်းအတွင်းမှာတင် မီမီသည် ပါးစပ်ထဲမှာ အမည်းရောင်အရာတစ်ခုကို ကိုက်ပြီး တောထဲက ပြန်ထွက်လာခဲ့သည်။
ထိုအရာမှာ ရုန်းကန်နေဆဲဖြစ်ပြီး ၎င်းဆီမှ ကြည်လင်သော အရည်များ အဆက်မပြတ် ထွက်ကျနေ၏။
ပုရွက်ဆိတ်တွေပဲ...
တကယ်ကို ပုရွက်ဆိတ်တွေပါလား....
ဒါပေမဲ့ သာမန်ပုရွက်ဆိတ် မဟုတ်ဘူး၊ ကြောင်တစ်ကောင်လောက်ကြီးတဲ့ ဧရာမ ပုရွက်ဆိတ်တွေပဲ....
မီမီက ရွှီရှင်းအနားကို ပြေးလာပြီး အကိုက်ခံထားရတဲ့ ပုရွက်ဆိတ်ကို မြေကြီးပေါ် ပစ်ချလိုက်သည်။
၎င်းကို ပစ်ချလိုက်သည်နှင့် တစ်ပြိုင်နက် လက်မောင်းလောက် ထူတဲ့ နွယ်ပင်တစ်ပင်ဟာ မြေအောက်ကနေ ဝုန်းခနဲ ထွက်လာပြီး ထိုပုရွက်ဆိတ်ကို တစ်ခါတည်း ထိုးစိုက်လိုက်တော့သည်။
"ရှူးးး..."
သူ့ခြေဖျားနဲ့ နှာခေါင်းထိပ်ကို ပွတ်ကာ ထွက်လာတဲ့ နွယ်ပင်ကို ကြည့်ပြီး ရွှီရှင်း အသက်ရှူပင် မှားသွားရသော်လည်း ချက်ချင်းပင် ဝမ်းသာအားရ ပြုံးလိုက်မိသည်။
ဒီနွယ်ပင်မှာ သွေးရောင်အစင်းကြောင်း နဲ့ ဆူးတွေ မပါလည်း ဟိုဗီဇပြောင်းနွယ်ပင်တွေထက် မညံ့ဘူးဆိုတာ သိသာလှသည် မဟုတ်ပါလား။
အခန်း ၁၇၅ ပြီး။