← Chapters

နှလုံးသားအပင် နှင့် ပုရွက်ဆိတ်အုပ်စု တိုက်ပွဲ

Vol. 12 Ch. 176

နှလုံးသားအပင် နှင့် ပုရွက်ဆိတ်အုပ်စု တိုက်ပွဲ

Vol. 12 Ch. 176

စောစောက မီမီ့ ပါးစပ်ထဲ ပုရွက်ဆိတ်ရှိနေတုန်းက မြေကြီးထဲကနေ နွယ်ပင်တွေ ထိုးထွက်မလာခဲ့ပေ။

ပုရွက်ဆိတ်ကို ပါးစပ်ထဲကမှ ချလိုက်တဲ့အချိန်မှသာ နွယ်ပင်က ရုတ်တရက် ပေါ်လာပြီး ပုရွက်ဆိတ်ကို ထိုးသတ်လိုက်ခြင်း ဖြစ်သည်။

ဒါကိုကြည့်ခြင်းအားဖြင့် နှလုံးသားအပင်က ထိန်းချုပ်ထားတဲ့ ဒီနွယ်ပင်တွေဟာ ရန်သူနဲ့ မိတ်ဆွေကို သေသေချာချာ ခွဲခြားနိုင်တာ သိသာလှ၏။

ကိုယ့်ဘက်တော်သားတွေကို မထိခိုက်အောင် လုပ်ဆောင်နိုင်တာကတော့ တကယ်ကို ချီးကျူးစရာပင် ဖြစ်သည်။

ကြောင်ပေါက်တစ်ကောင်လောက်ကြီးတဲ့ ဒီပုရွက်ဆိတ်ကြီးဟာ အထိုးခံလိုက်ရပြီးနောက်မှာတောင် တအီအီနဲ့ ရုန်းကန်နေသေးသည်။

"ဒီကောင်တွေရဲ့ အသက်က ဒီလောက်တောင် ပြင်းတာလား။"

ရုတ်တရက် ပုရွက်ဆိတ်ရဲ့ ရုန်းကန်မှုက ပြင်းထန်လာပြီး တစ်ကိုယ်လုံးက အရည်တွေ အစုပ်ခံလိုက်ရသလိုမျိုး ဖြစ်သွားကာ အသားပြည့်နေတဲ့ အမည်းရောင် ကိုယ်ထည်ကြီးမှာ တဖြည်းဖြည်း ခြောက်ကပ်သွားတော့သည်။

နောက်ဆုံးတွင် နွယ်ပင်ပေါ်မှာ ပုရွက်ဆိတ် အရေခွံပါးပါးလေးပဲ တွဲလောင်းကျန်ရစ်ခဲ့၏။

"ဒါ... ဒီနွယ်ပင်တွေက သူတို့ထိုးသတ်လိုက်တဲ့ သတ္တဝါတွေဆီက အားတွေကို စုပ်ယူနိုင်တာပေါ့လေ"

ရွှီရှင်း တံတွေးတစ်ချက် မျိုချလိုက်မိပြီး အနည်းငယ်တော့ ကျောစိမ့်သွားရသည်။

[ဗီဇပြောင်း ပုရွက်ဆိတ်တစ်ကောင်ကို သတ်ဖြတ်လိုက်သဖြင့် ရမှတ် - ၀.၂ ရရှိပါသည်။]

ဟင်၊ ၀.၂ မှတ်ပဲလား။

တော်တော်လေး နည်းလှချေလား။

အမဲလိုက်ပွဲတုန်းကလို ငါးဆနဲ့ တွက်ရင်တောင် ဒီပုရွက်ဆိတ်က ၁ မှတ်ပဲ ရမှာဖြစ်ပြီး သာမန်တောယုန်တစ်ကောင်နဲ့ အတူတူပင်။

ဒီလောက်တောင် အားနည်းတာလားမသိဘူး။

ဒီကောင်ကို ဗီဇပြောင်းပုရွက်ဆိတ်လို့သာ ခေါ်ပေမဲ့ ကိုယ်ပေါ်မှာ သွေးရောင်အစင်းကြောင်းတွေ မရှိသလို ကြောင်ပေါက်လေးတစ်ကောင် အရွယ်လောက်သာ ရှိ၏။

ရွှီရှင်းအတွက်တော့ ဒါက မကြီးမားလှပေမဲ့ သာမန်ပုရွက်ဆိတ်နဲ့ ယှဉ်လျှင်တော့ အဆမတန် ကြီးမားနေတာကြောင့် ဒါဟာ မြွေကြီးတွေလိုပဲ အရွယ်အစား ဗီဇပြောင်းလဲမှုမျိုး ဖြစ်နိုင်ပါသည်ဟု သူ ခန့်မှန်းလိုက်သည်။

ဒီလို သတ္တဝါမျိုးတွေကို သတ်ရင်တော့ ရမှတ် သိပ်မရတာ သဘာဝပင်။

ပုရွက်ဆိတ်ကို စုပ်ယူလိုက်တဲ့ နွယ်ပင်ကတော့ ဘာမှ ထူးထူးခြားခြား ပြောင်းလဲမသွားပေ။

၎င်းသည် ပုရွက်ဆိတ်အရေခွံကို မြေပေါ် ပစ်ချလိုက်ပြီး ပတ်ဝန်းကျင်မှာ ရန်သူမရှိတာ သေချာမှ မြေအောက်ထဲ ပြန်ဝင်သွားတော့သည်။

နွယ်ပင်ထွက်လာတဲ့ မြေပြင်ကလည်း ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်သွားပြီး ပြန့်ပြူးသွားချေပြီ။

ရွှီရှင်း ဆောင့်ကြောင့်ထိုင်ပြီး မြေကြီးကို စမ်းကြည့်လိုက်ရာ နွယ်ပင်ထွက်ခဲ့တဲ့ အစအနတောင် ရှာမတွေ့တော့ပေ။

"ဒီနှလုံးသားအပင်က တကယ်ကို အလိုက်သိတာပဲ၊ သူဖျက်ဆီးလိုက်တဲ့ မြေကြီးကိုတောင် သူကိုယ်တိုင် ပြန်ပြင်ပေးတာလားမသိဘူး။"

မြေပုံပေါ်မှာ သူ့သစ်ပင်အိမ်ဆီ ဦးတည်လာနေတဲ့ အနီရောင်စစ်တပ်ကြီးကို ကြည့်ရင်း ရွှီရှင်းပင် ကြက်သီးထလာရသည်။

အနီရောင်အစက်အပြုံလိုက်ကြီးဟာ အုပ်စု ၇ ခု ကွဲသွားပြီး အခုဆိုရင် သစ်ပင်အိမ်ရဲ့ ၁ ကီလိုမီတာ ပတ်လည်ထဲကို ဝင်ရောက်လာကြပြီ ဖြစ်သည်။

သူက အဖွဲ့ထဲမှာ ချက်ချင်း အသိပေးလိုက်သည်။

"ပုရွက်ဆိတ်အုပ်စုကြီးပါပဲ။ ပုရွက်ဆိတ်တစ်ကောင်ချင်းစီက တောကြောင်တစ်ကောင်လောက် ကြီးတယ်။ တစ်ကောင်ချင်းစီက အားနည်းတယ်ဆိုပေမဲ့ သတိမလွတ်ကြနဲ့။ အရေအတွက်က အရမ်းများတယ်၊ အနည်းဆုံး တစ်သောင်းကျော်လောက် ရှိမယ်"

ဝမ်လေ့ - "ပုရွက်ဆိတ်လှိုင်းကြီးလား။ ဒါကို ဘယ်လို ရင်ဆိုင်ရမှာလဲ။ ဧရာမ သတ္တဝါကြီးတစ်ကောင်နဲ့ပဲ ရင်ဆိုင်လိုက်ချင်တော့တယ်ဗျာ..."

ချင်ယွန်လုံ - "ပုရွက်ဆိတ်အုပ်စုဆိုရင် ပေါက်ကွဲမြှားတွေက တကယ်ထိရောက်မှာပေါ့။ တစ်ချက်ပစ်လိုက်ရင် တစ်အုပ်လုံး ပြောင်သွားမှာပဲ"

လီဝမ်ရှီး - "ပိုးကောင်ကြီးတွေလား...အမလေး... ငါ ပိုးကောင်ကြီးတွေကို အမုန်းဆုံးပဲ။ ဒါတင်မကဘူး၊ ထောင်နဲ့ချီပြီး လာနေတာလား.."

ဝမ်ကွေ့ရှင်း - "ပုရွက်ဆိတ်အုပ်စုလား။ ဒါဆိုရင်တော့ ငါ့အတွက် အေးဆေးပဲ၊ ကိုင်တွယ်ရ လွယ်ပါတယ်။"

ကျောက်ရှောက်ချွမ်း - "ဗျာ? ပုရွက်ဆိတ်အုပ်စုက ကိုင်တွယ်ရ လွယ်တယ်ဟုတ်လား။ အမကြီး ဝမ်၊ ငါ့ကို ကယ်ပါဦး၊ ငါလည်း ပိုးကောင်တွေကို ကြောက်တယ်ဗျ"

ဝမ်ကွေ့ရှင်း - "...ငါ နင်တို့ကိုတော့ မကူညီနိုင်ဘူးလေ။"

ကျိချောင်းယန် - "ပုရွက်ဆိတ်အုပ်စုကိုတော့ မီးနဲ့တိုက်တာ အကောင်းဆုံးပဲ၊ ဒါပေမဲ့ တောထဲမှာဆိုတော့ တောမီးလောင်မှာကို သတိထားရမယ်။"

"မီးနဲ့တိုက်တဲ့ နည်းဗျူဟာလား။"

ရွှီရှင်း၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားသည်။

ငါ့သစ်ပင်အိမ်ထဲမှာ ရှင်းထုတ်ထားတဲ့ ဗီဇပြောင်းနွယ်ပင်တွေ အပုံလိုက် ကျန်သေးတာပဲ.....။

အဲဒီထဲမှာ နွယ်ပင်ရည်တွေ အများကြီး ပါတယ်။

ဒီနွယ်ပင်တွေကို သစ်ပင်အိမ်ပတ်ပတ်လည်မှာ အဝိုင်းလိုက် စီထားပြီး မီးရှို့လိုက်ရင် သစ်ပင်အိမ်ကို ကာကွယ်ပေးမယ့် မီးကွင်းကြီး ဖြစ်သွားမှာ မဟုတ်လား။

ရွှီရှင်းက ဒီအကြံကို အဖွဲ့ထဲမှာ မျှဝေပေးလိုက်၏။

ကျိချောင်းယန် - "ဒါက ဖြစ်နိုင်တယ်။ ဒါပေမဲ့ သစ်ပင်အိမ်ပတ်ဝန်းကျင်က သစ်ပင်တွေကို သေသေချာချာ ရှင်းထားဖို့ လိုမယ်။ အကောင်းဆုံးကတော့ သစ်ပင်အိမ်ပတ်ပတ်လည်မှာ မြောင်းတူး၊ အဲဒီထဲမှာ နွယ်ပင်တွေကို ထည့်ပြီးမှ ရှို့တာက ပိုစိတ်ချရလိမ့်မယ်"

လီဝမ်ရှီး - "ငါ ပုရွက်ဆိတ်တွေကို မြင်နေရပြီ။ အရမ်းကြီးတာပဲ။ များလည်း များလှချေလား။ လာနေကြပြီ အား... သူတို့တွေ နွယ်ပင်တွေရဲ့ တိုက်ခိုက်တာ ခံနေရပြီ"

ဟုတ်ပါသည် ဒီနွယ်ပင်တွေဟာ လူတွေနဲ့ သစ်ပင်အိမ်ကိုတင် တိုက်ခိုက်တာ မဟုတ်ဘဲ လှုပ်ရှားသမျှ အရာအားလုံးကို တိုက်ခိုက်တတ်ကြ၏။

သစ်ပင်အိမ်ဆီ လာနေတဲ့ ဒီပုရွက်ဆိတ်တွေဟာလည်း သူတို့အတွက်တော့ ပစ်မှတ်တွေပါပဲ။

ရွှီရှင်းရဲ့ သစ်ပင်အိမ်နားမှာတော့ ပုရွက်ဆိတ်တွေ မရှိသေးပေ။

တောအုပ်က သစ်ပင်အိမ်နဲ့ မီတာအနည်းငယ်ပဲ ဝေးသော်လည်း နှလုံးသားအပင်ကတော့ မီတာ ၁၀၀ အကွာကတည်းက ပုရွက်ဆိတ်တွေကို ဟန့်တားထားသည်။

မီတာ ၁၀၀ အကွာ တောအုပ်ထဲမှာတော့ နွယ်ပင်တွေဟာ မြေကြီးထဲကနေ အဆက်မပြတ် ထိုးထွက်လာပြီး ပုရွက်ဆိတ်တွေကို ထိုးသတ်နေကြ၏။

နွယ်ပင်ပေါ်မှာ အထိုးခံထားရတဲ့ ပုရွက်ဆိတ်တွေဟာ အားအင်တွေ စုပ်ယူခံလိုက်ရပြီး အရေခွံပဲ ကျန်တော့တဲ့အထိ ဖြစ်ကုန်ကြသည်။

တောအုပ်က သိပ်သည်းနေတာကြောင့် ပုရွက်ဆိတ်တွေရဲ့ အရှိန်ကို တုံ့ဆိုင်းစေပြီး နွယ်ပင်တွေအတွက်တော့ အခွင့်အရေးကောင်း ဖြစ်နေတော့သည်။

နွယ်ပင်တွေဟာ မြေကြီးထဲကနေ ထိုးထွက်ရုံတင်မကဘဲ မြေပေါ်မှာ မြွေတွေလို တွားသွားပြီး ပုရွက်ဆိတ်တွေကို တစ်ကောင်ပြီးတစ်ကောင် အသားကင်တုတ်ထိုးသလိုမျိုး လိုက်လံထိုးသတ်နေကြ၏။

ဒီမြင်ကွင်းက သစ်ပင်အိမ်ရဲ့ အရပ်မျက်နှာ အားလုံးမှာ ဖြစ်ပျက်နေခြင်း ဖြစ်သည်။

သူ့ရဲ့ နှလုံးသားအပင်ကတော့ ဒီကျူးကျော်သူတွေကို စနစ်တကျ ရှင်းလင်းပေးနေချေပြီ။

ရမှတ်တိုးတဲ့ အသံတွေကလည်း သူ့နားထဲမှာ အဆက်မပြတ် မြည်နေတော့သည်။

တစ်ခါတိုးရင် ၀.၂ မှတ်ပဲဆိုပေမဲ့ ဘာမှမရှိတာထက်စာရင်တော့ တော်သေးတာပေါ့...။

ရွှီရှင်း၏ စိုးရိမ်စိတ်တွေ တဖြည်းဖြည်း လျော့ပါးသွားရသည်။

သူ့ရဲ့ နှလုံးသားအပင်က တော်တော်လေး သန်မာသလို တိုက်လေလေ ပိုသန်မာလာလေလေ ဖြစ်ပုံရသည်။

ပုရွက်ဆိတ်တွေဆီက စွမ်းအင်တွေကို စုပ်ယူနိုင်တာကြောင့် နွယ်ပင်တွေက ပိုပြီး ဖျတ်လတ်လာသလို တောအုပ်ထဲမှာလည်း အားစိုက်စရာမလိုဘဲ လှုပ်ရှားနိုင်နေကြသည်။

ဒါပေမဲ့ ပုရွက်ဆိတ်အုပ်စုရဲ့ အားသာချက်ကတော့ အရေအတွက်ပဲ ဖြစ်သည်။

အမည်းရောင် ပုရွက်ဆိတ်တွေက အရမ်းများလွန်းလှသဖြင့် နွယ်ပင်တွေကြားကနေ လွတ်ထွက်လာတဲ့အကောင်တွေ ရှိနေ၏။

အစပိုင်းမှာ နွယ်ပင်တွေက မီတာ ၁၀၀ ဝန်းကျင်မှာပဲ ထွက်လာကြသော်လည်း နောက်ပိုင်းမှာတော့ သစ်ပင်အိမ်နဲ့ မီတာ ၆၀၊ ၇၀ အကွာအထိ ရောက်လာကြပြီး ပုရွက်ဆိတ်တွေကို ဝါးမြိုနေကြချေပြီ။

ဒီအတိုင်းဆိုရင်တော့ ပုရွက်ဆိတ်တချို့က မီတာ ၁၀၀ ကာကွယ်ရေးမျဉ်းကို ကျော်ဖြတ်ပြီး သစ်ပင်အိမ်နားအထိ ရောက်လာကြတော့မယ်...။

ဒါပေမဲ့ ရွှီရှင်းကတော့ သိပ်မစိုးရိမ်တော့ပေ။

နွယ်ပင်တွေက ဒီလောက် မြန်မြန်ရှင်းနေမှတော့ သစ်ပင်အိမ်နား ရောက်လာမယ့် ပုရွက်ဆိတ် အရေအတွက်က သိပ်မရှိနိုင်လောက်တော့ပေ။

အဲဒီအချိန်ကျရင်တော့ မီမီတို့၊ ငွေရောင်ဘုရင်တို့တောင် မလိုဘဲ အာဖုရဲ့ အော်သံနဲ့တင် အပြတ်ရှင်းနိုင်၏။

"နေဦး... အာဖု"

"အာဖု... ဟိုနားက ပုရွက်ဆိတ်တွေကို အသံလှိုင်းနဲ့ တိုက်ခိုက်ကြည့်လိုက်"

ရွှီရှင်းက မီမီ့ကျောပေါ်မှာ နားနေတဲ့ အာဖုကို ခိုင်းလိုက်၏။

အာဖုက ချက်ချင်းပဲ အပေါ်ကို ပျံတက်သွားပြီး စူးရှရှ အော်လိုက်တော့သည်။

ချက်ချင်းဆိုသလို တောအုပ်ထဲက ပုရွက်ဆိတ်တွေရဲ့ ခြေလှမ်းတွေ တန့်သွားရ၏။

အာဖုရဲ့ အော်သံကြောင့် အနီးအနားက ပုရွက်ဆိတ်တွေဟာ လှုပ်မရတော့ဘဲ ဖြစ်သွားသလို၊ အရှေ့ဆုံးက ပုရွက်ဆိတ်တစ်သုတ်ဆိုလျှင် ခေါင်းတွေတောင် ပေါက်ထွက်ကုန်ကြသည်။

နွယ်ပင်တွေရဲ့ တိုက်ခိုက်မှုနဲ့ပါ ပေါင်းလိုက်ရင်တော့ မီတာ ၁၀၀ အတွင်းက ပုရွက်ဆိတ် ထက်ဝက်လောက်ဟာ ရှင်းလင်းခြင်း ခံလိုက်ရချေပြီ။

"တော်တယ် အာဖု"

ရွှီရှင်းက လက်ခုပ်တီးပြီး ချီးကျူးလိုက်သည်။

ငွေရောင်ဘုရင်ကလည်း အရှုံးမပေးဘဲ ခေါင်းမော့ကာ ဟိန်းဟောက်လိုက်၏။

"ဝူးးး....."

ငွေရောင်ဘုရင်ရဲ့ ဟိန်းသံဟာ တိုက်ရိုက်တော့ မထိခိုက်စေပေမဲ့ ခြောက်လှန့်တဲ့ အာနိသင်တော့ ရှိသည်။

ပုရွက်ဆိတ်တွေ တစ်ချက် တန့်သွားတဲ့အချိန်မှာ နွယ်ပင်တွေက ရူးသွပ်စွာနဲ့ ပုရွက်ဆိတ်တွေကို အပြတ်ရှင်းပစ်လိုက်ကြတော့သည်။

ရွှီရှင်းရဲ့ ရမှတ်တွေက ၂၀၀ ကျော်အထိ တက်လာသဖြင့် ပုရွက်ဆိတ် တစ်ထောင်ကျော်လောက်ဟာ အာဖု၊ ငွေရောင်ဘုရင်နဲ့ နှလုံးသားအပင်တို့ရဲ့ စုပေါင်းတိုက်ခိုက်မှုအောက်မှာ သေဆုံးသွားကြပြီဖြစ်ကြောင်း သိလိုက်ရသည်။

ကျန်ရှိနေသေးတဲ့ ပုရွက်ဆိတ်အုပ်စုကတော့ မီတာ ၁၀၀ အကွာမှာ ရပ်တန့်သွားပြီး အနားယူနေကြပုံရသည်။

"ဆက်မတိုက်တော့ဘူးလားကွ"

ရွှီရှင်းက သစ်ပင်အိမ်အမြစ်ကို ကိုင်ပြီး မီတာ ၂၀ အမြင့်အထိ တက်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။

အုပ်စုကွဲသွားတဲ့ ပုရွက်ဆိတ်တွေဟာ ပြန်လည်စုစည်းနေကြပြီး နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ဖို့အတွက် အစီအစဉ်ဆွဲနေကြသလိုပင်။

---

အခန်း ၁၇၆ ပြီး။

All Chapters