နောက်ဖေးခြံဝင်းကို ရှင်းလင်းခြင်း
Vol. 12 Ch. 178
စူးစမ်းရှာဖွေသူများအဖွဲ့ဝင်တွေဟာ ကျောက်ရှောင်ချွမ်းရဲ့ လှုပ်ရှားမှုတွေကို သေသေချာချာ စောင့်ကြည့်နေကြသည်။
နောက်ဆုံး မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ကျောက်ရှောင်ချွမ်းက အဖွဲ့ထဲမှာ စာပြန်လာ၏။
ကျောက်ရှောင်ချွမ်း - "အားလုံးပဲ... အောင်မြင်တယ်ဗျို့။ ပုရွက်ဆိတ်တွေက မီးတံတိုင်းကို မဖြတ်နိုင်ကြဘဲ အကုန် မီးလောင်သေကုန်ကြပြီ။ အများစုက မီးကျင်းထဲ ပြုတ်ကျပြီး ပြာဖြစ်သွားကြသလို၊ လွတ်အောင် ထွက်လာနိုင်တဲ့ အကောင်အနည်းငယ်ကလည်း နွယ်ပင်တွေဆီက မီးက ကိုယ်ပေါ်မှာ ကပ်ပါလာတာကြောင့် ၂ မီတာတောင် မရောက်ခင်မှာ သေကုန်ကြတာပဲ"
ကျိချောင်းယန် - "ဒီပုရွက်ဆိတ်တွေက ဒီလောက် မီးစွဲနေတာကိုတောင် သစ်ပင်အိမ်ဘက်ကိုပဲ အတင်း တိုးဝင်နေကြတုန်းလား"
ကျောက်ရှောင်ချွမ်း - "ဟုတ်တယ်ဗျ၊ နွယ်ပင်တွေကြားက လွတ်လာတဲ့ ပုရွက်ဆိတ်တွေက မီးတံတိုင်းကြီးကို လုံးဝ ဂရုမစိုက်ဘဲ သစ်ပင်အိမ်ဆီကိုပဲ အုံနဲ့ကျင်းနဲ့ တိုးဝင်နေကြတာ။ ဒါပေမဲ့ မီးတံတိုင်းက သူတို့ကို လုံးဝ ဟန့်တားထားနိုင်တယ်လေ။ ရမှတ်တွေ တိုးလာတာများ ထိုင်နေရင်းနဲ့တောင် ရနေတာ။ ဒီနွယ်ပင်တွေ ဘယ်လောက်အထိ မီးလောင်နိုင်မလဲဆိုတာပဲ စဉ်းစားနေမိတယ်၊ ပုရွက်ဆိတ်လှိုင်း ပြီးတဲ့အထိတော့ ခံပါစေလို့ ဆုတောင်းရမှာပဲ။ ကဲ... စကားသိပ်မပြောတော့ဘူး၊ စောစောက အိမ်ထဲ ရောက်သွားတဲ့ ပုရွက်ဆိတ်တွေကို သွားရှင်းလိုက်ဦးမယ်"
ရွှီရှင်းကတော့ လေထဲမှာ တွဲလောင်းခိုရင်း ပုရွက်ဆိတ်အုပ်စုတွေရဲ့ လှုပ်ရှားမှုကို အကဲခတ်နေသလို ကျောက်ရှောင်ချွမ်းရဲ့ တုံ့ပြန်မှုတွေကိုလည်း စောင့်ကြည့်နေသည်။
ခဲခဲလေးကိုတော့ ကလေးနှစ်ကောင်နဲ့ ဆော့ဖို့ သစ်ပင်အိမ်ပေါ် ပြန်ပို့ထားလိုက်ရ၏။
လေထဲမှာ တွဲလောင်းခိုနေတဲ့အချိန် သူမကို ပခုံးပေါ်တင်ထားဖို့က အန္တရာယ်များလွန်းလှသည် မဟုတ်ပါလား။
ကျောက်ရှောင်ချွမ်းရဲ့ စကားတွေကို ကြားပြီးတဲ့နောက်မှာတော့ ရွှီရှင်း စိတ်ချသွားရသည်။
ဒီပုရွက်ဆိတ်တွေဟာ လှိုင်ဂူထဲကနေ ထွက်လာတဲ့ အုပ်စုလိုက် သတ္တဝါတွေသာ ဖြစ်ပြီး သစ်ပင်အိမ်ကို ဝါးမြိုဖို့ပဲ သိတဲ့ စက်ရုပ်တွေလို ဖြစ်နေတာကြောင့် ကိုင်တွယ်ရ ပိုလွယ်ကူ၏။
အနည်းဆုံးတော့ သူတို့တွေက ထိတ်လန့်ပြီး ဟိုပြေးဒီပြေးလုပ်ရင်း တောမီးလောင်အောင် လုပ်မှာ မဟုတ်ပေ။
ဝမ်ကွေ့ရှင်း - "နင်တို့ နွယ်ပင်တွေ ထပ်လိုသေးလား။ ငါ့ဆီမှာ နွယ်ပင်တွေ အပုံလိုက် ရှိသေးတယ်နော်"
လီဝမ်ရှီး - "ငါလိုတယ်။ ငါ့သစ်ပင်အိမ်ထဲမှာ ပုရွက်ဆိတ်ကြီးတွေ ပြည့်နေပြီ၊ တကယ်ကို ရွံစရာကြီး"
ကျိချောင်းယန် - "တောမီးလောင်ဖို့ အန္တရာယ်မရှိဘူးဆိုရင်တော့ ဒီနည်းလမ်းကို သုံးလို့ရတာပေါ့။ ငါ့ဆီမှာလည်း သွေးရောင်ဆူးနွယ်ပင်တွေ အများကြီး ရှိပါတယ်၊ ပိုနေတာ"
သူတို့တွေ ဆွေးနွေးနေတာကို နားထောင်ပြီးတဲ့နောက် ရွှီရှင်းကတော့ တခြားသူတွေကို ဂရုမစိုက်နိုင်တော့ပေ။
ဘာလို့လဲဆိုတော့ သူ့သစ်ပင်အိမ် ပတ်ပတ်လည်က ပုရွက်ဆိတ်အုပ်စုတွေက ပြန်ပြီး လှုပ်ရှားလာကြလို့ပင်။
ပုရွက်ဆိတ်အုပ်စု အားလုံးဟာ အမိန့်တစ်ခု ရလိုက်သလိုမျိုး စနစ်တကျနဲ့ ရွှီရှင်းရဲ့ သစ်ပင်အိမ်ဆီကို တပြိုင်တည်း တိုးဝင်လာကြတော့သည်။
ဒီတစ်ခါ ပုရွက်ဆိတ်တွေရဲ့ အရှိန်က အရင်ကထက် အများကြီး ပိုမြန်လာ၏။
ပုရွက်ဆိတ်အုပ်စုကြားထဲ ရောက်နေတဲ့ မီမီ၊ ငွေရောင်ဘုရင်နဲ့ ကြင်ယာတော် သင်းခွေချပ်ကြီးတို့ဟာ မမျှော်လင့်ဘဲ အဝိုင်းခံလိုက်ရတာကြောင့် သူတို့ကို ဝိုင်းနေတဲ့ ပုရွက်ဆိတ်တွေကို အပြတ်ရှင်းဖို့ ရုန်းကန်နေကြရသည်။
"ဝူးးး"
ငွေရောင်ဘုရင်က ဟိန်းဟောက်လိုက်ပေမဲ့ ပုရွက်ဆိတ်စစ်တပ်ကြီးရဲ့ ချီတက်မှုကို မတားဆီးနိုင်ခဲ့ပေ။
သူတို့တွေဟာ ကြောက်ရွံ့တဲ့ စိတ်တွေ လုံးဝ ပျောက်ကွယ်သွားပြီး ရွှီရှင်းရဲ့ သစ်ပင်အိမ်ကိုပဲ ပစ်မှတ်ထားတဲ့ စက်ရုပ်တွေလို ဖြစ်နေကြချေပြီ။
မြေကြီးထဲကနေ ထွက်လာတဲ့ နွယ်ပင်တွေက သစ်ပင်အုပ်တွေကြားထဲကနေ ထိုးထွက်လာပြီး များပြားလှတဲ့ ပုရွက်ဆိတ်တွေကို ထိုးသတ်ကာ ဝါးမြိုနေကြသည်။
ဒါပေမဲ့ နွယ်ပင်တွေရဲ့ တိုက်ခိုက်မှု နယ်ပယ်က မကျယ်ပြန့်လှတာကြောင့် အရှိန်မြှင့်လာတဲ့ ဒီပုရွက်ဆိတ်ကြီးတွေဟာ မီတာ ၅၀ အတွင်းကို ခဏချင်းအတွင်းမှာတင် ရောက်ရှိလာကြတော့သည်။
နွယ်ပင်တွေ အများကြီး ရှိနေပေမဲ့ ပုရွက်ဆိတ်တွေရဲ့ ရူးသွပ်တဲ့ ချီတက်မှုကိုတော့ မဟန့်တားနိုင်ကြပေ။
"အာဖု... တိုက်ခိုက်စမ်း"
ရွှီရှင်း အမိန့်ပေးလိုက်၏။
သစ်ပင်ထိပ်မှာ ဇောက်ထိုးခိုနေတဲ့ အာဖုက အောက်ကို မဆင်းဘဲ အတောင်ပံတွေကို ဖြန့်ကားလိုက်ကာ စူးရှလှတဲ့ အော်သံကြီးကို ထုတ်လွှတ်လိုက်တော့သည်။
အာဖုရဲ့ အသံလှိုင်းတွေက ငွေရောင်ဘုရင်ရဲ့ ဟိန်းသံနဲ့ မတူဘဲ တိုက်ရိုက် ထိခိုက်စေနိုင်၏။
ဒါကြောင့် ပုရွက်ဆိတ်တွေက မကြောက်တတ်ဘူးဆိုရင်တောင် ဒီအသံကြောင့် တစ်ချက် တန့်သွားကြရသည်။
အနားမှာ ရှိတဲ့ အကောင်တွေဆိုလျှင် ခေါင်းတွေ၊ ကိုယ်ထည်တွေပါ ပေါက်ထွက်ကုန်ကြ၏။
အဝေးက ပုရွက်ဆိတ်တွေကတော့ ခဏအတွင်း ပြန်သတိဝင်လာပြီး ရှေ့ကို ဆက်တိုးကြပေမဲ့ အာဖုရဲ့ အော်သံကြောင့် စနစ်တကျရှိနေတဲ့ အစီအစဉ်က ပျက်သွားပြီး တစ်ကောင်နဲ့တစ်ကောင် နင်းမိတာတွေ ဖြစ်ကုန်ကြသည်။
နွယ်ပင်တွေကတော့ ဒီအခွင့်အရေးကို အသုံးချပြီး တောအုပ်ထဲက ပုရွက်ဆိတ်တွေကို အပြတ်ရှင်းတော့၏။
မီမီ၊ ငွေရောင်ဘုရင်နဲ့ ကြင်ယာတော် သင်းခွေချပ်ကြီးတို့လည်း တောအုပ်ထဲမှာ ပိုပြီး အစွမ်းပြလာကြသည်။
မီမီနဲ့ ငွေရောင်ဘုရင်တို့က အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲတွေ ဖြစ်တာကြောင့် သွေးဆာတတ်တဲ့ အကျင့်ရှိကြပြီး သတ်လေလေ ပိုပြီး တက်ကြွလာလေလေ ဖြစ်၏။
ကြင်ယာတော်ကတော့ အဆင့်မတက်သေးတာကြောင့် သွေးမဆာပေမဲ့ သူမရှေ့က ပုရွက်ဆိတ် ဘူဖေး စားပွဲကြီးကိုတော့ လက်လွှတ်မခံနိုင်တာ အမှန်ပင်။
"တော်တယ် အာဖု"
ရွှီရှင်းက အာဖုကို ချီးကျူးလိုက်သည်။
အာဖုရဲ့ အသံလှိုင်း တိုက်ခိုက်မှုက ပုရွက်ဆိတ်အုပ်စုနဲ့ဆိုရင် တကယ်ကို ထိရောက်လှသည်။
နွယ်ပင်တွေက ပုရွက်ဆိတ်တွေကို တစ်ကောင်ချင်းစီ ထိုးသတ်နေတာကို ကြည့်ရင်း ရွှီရှင်း မေးစေ့ကို ပွတ်ကာ စဉ်းစားလိုက်၏။
ဒီနည်းလမ်းက အလုပ်ဖြစ်နှုန်း သိပ်မမြန်လှပေ။
ငါ့ရဲ့ နွယ်ပင်တွေက အလျားလိုက် ရိုက်ပြီး တိုက်ခိုက်လို့ မရဘူးလားမသိဘူး...။
နွယ်ပင်တွေက တောအုပ်ကို ပျက်စီးမှာ ကြောက်နေပုံရပြီး တိုက်ခိုက်တဲ့အခါ သစ်ပင်တွေကို အမြဲ ရှောင်နေကြသည်။
ဒါကြောင့် အချိန်အတော်ကြာ တိုက်ခိုက်နေပေမဲ့ သစ်ပင်တွေကတော့ သစ်ရွက်အနည်းငယ် ကြွေတာကလွဲရင် ဘာမှမဖြစ်ကြပေ။
နွယ်ပင်တွေက သစ်ပင်တွေ မထိခိုက်အောင်လို့ အလျားလိုက် ရိုက်ပုတ်တဲ့ တိုက်ခိုက်မှုကို မလုပ်တာများလား။
သူကသာ နွယ်ပင်တွေကို စိတ်ကြိုက် လုပ်ခိုင်းလိုက်ရင်ရော...။
သူ စမ်းကြည့်ရမည်။
သူသည် သစ်ပင်အိမ်ခြေရင်းသို့ ဆင်းသက်လိုက်ပြီးနောက် နှလုံးသားအပင် မျိုးစေ့စိုက်ခဲ့တဲ့ နေရာကို ကြည့်ကာ ပြောလိုက်သည်။
"နှလုံးသားအပင်... ငါပြောတာ ကြားလား။ မင်းမှာ အသက်ရှိတယ်ဆိုတာ ငါသိတယ်။ ဟိုအပြာရောင်အဆင့် ထင်းရှူးပင်ကြီးကလွဲရင် ကျန်တဲ့သစ်ပင်တွေကို မငဲ့ပါနဲ့တော့၊ ဒါတွေက ဘယ်လိုပဲဖြစ်ဖြစ် ခုတ်ပစ်ရမယ့် သစ်ပင်တွေပဲ။ မင်းရဲ့ အစွမ်းတွေကို အပြည့်အဝ ထုတ်သုံးပြီး တိုက်ခိုက်လိုက်"
သူ့ရဲ့ အစီအစဉ်က မီတာ ၁၀၀ ပတ်လည်က သစ်ပင်အားလုံးကို ရှင်းပြီး သစ်ပင်အိမ်အောက်ကို ခြံဝင်းကြီးအဖြစ် ပြောင်းလဲဖို့ မဟုတ်ပါလား။
ဒါကြောင့် တိုက်ပွဲဖြစ်နေတုန်း ဒီသစ်ပင်တွေကို ကာကွယ်နေဖို့က အဓိပ္ပာယ်မရှိပေ။
နှလုံးသားအပင်က ရွှီရှင်းရဲ့ စကားကို သေသေချာချာ ကြားလိုက်ပုံရသည်။
သူပြောပြီးတာနဲ့ နွယ်ပင်အုပ်ကြီးထဲမှာ ဧရာမ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့သည်။
နွယ်ပင်အမြောက်အမြားဟာ မြေကြီးထဲကနေ ရုတ်တရက် ထိုးထွက်လာပြီး အနီးအနားက အစိမ်းရောင်အဆင့်နဲ့ အဖြူရောင်အဆင့် သစ်ပင်ပင်စည်တွေထဲကို အတင်း ထိုးစိုက်လိုက်ကြ၏။
ရွှီရှင်း အံ့သြတကြီး ကြည့်နေစဉ်မှာပဲ သစ်ရွက်တွေက ချက်ချင်းဆိုသလို ဝါးပြီး ကြွေကျကုန်ကြတော့သည်။
စက္ကန့်ပိုင်းအတွင်းမှာတင် မီတာ ၁၀၀ ပတ်ဝန်းကျင်ဟာ သစ်ရွက်ခြောက်တွေနဲ့ ဖုံးလွှမ်းသွားပြီး သစ်ပင်အားလုံးဟာ သေသွားတဲ့ သစ်ပင်ခြောက်တွေအဖြစ် ပြောင်းလဲသွားချေပြီ။
သူ မထိဖို့ မှာထားတဲ့ အပြာရောင်အဆင့် ထင်းရှူးပင်ကြီးကတော့ ဘာမှမဖြစ်ဘဲ ကြံ့ကြံ့ခံ ရပ်တည်နေဆဲ ဖြစ်သည်။
"တကယ်ကြီးလားဟ အပင်တွေဆီကလည်း စွမ်းအင်ကို စုပ်ယူနိုင်တာပေါ့လေ"
ရွှီရှင်း မျက်လုံးပြူးကာ တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
ပြီးနောက် သူ အားရပါးရ ရယ်မောလိုက်၏။
နွယ်ပင်တွေက ငါ့ကို တကယ့်ကို ကူညီပေးလိုက်တာပဲ...။
ဒီလောက်ကျယ်တဲ့ မြေကွက်လပ်က သစ်ပင်တွေကို သူကိုယ်တိုင်သာ လိုက်ခုတ်နေရမယ်ဆိုလျှင် အချိန်အများကြီး ကုန်မှာဖြစ်သလို သူ့ရဲ့ အပြာရောင်အဆင့် ပုဆိန်လည်း ပျက်စီးသွားလောက်၏။
အခုတော့ နွယ်ပင်တွေက အကုန်ရှင်းပေးလိုက်တာကြောင့် သူ့အတွက် အလုပ်အများကြီး သက်သာသွားလေသည်။
ဒီအစိမ်းရောင်အဆင့် သစ်သားတွေအတွက်တော့ သူ နှမြောမနေပေ၊ ဘာလို့လဲဆိုတော့ သစ်သားဆိုတာ တောထဲမှာ နေရာအနှံ့ ရှိသလို သူ့ဆီမှာလည်း အပုံလိုက် ရှိနေတာကြောင့်ပင်။
ဒါ့အပြင် နှလုံးသားအပင်က ဒီအပင်တွေနဲ့ သတ္တဝါတွေဆီက စွမ်းအင်ကို စုပ်ယူတာဟာလည်း နောက်ပိုင်း အဆင့်တက်ဖို့အတွက် စွမ်းအင်စုဆောင်းတာဖြစ်မှာမို့ နှမြောစရာ မဟုတ်ပေ။
မီမီ၊ ငွေရောင်ဘုရင်နဲ့ ကြင်ယာတော်တို့တောင် ပတ်ဝန်းကျင်က အပြောင်းအလဲကြောင့် တန့်သွားကြရသည်။
မီမီဆိုလျှင် နွယ်ပင်တစ်ပင်က ပုရွက်ဆိတ်တွေကိုရော သူမကိုပါ တိုက်ခိုက်တော့မယ် ထင်ပြီး နွယ်ပင်ကိုပါ လှမ်းကုတ်ဖို့ ပြင်လိုက်သေးသည်။
"မီမီ... နွယ်ပင်တွေကို မတိုက်နဲ့"
ရွှီရှင်းက အမြန် လှမ်းအော်လိုက်သည်။
"ဒါတွေက ငါ ခိုင်းထားတာလေ"
သားရဲသုံးကောင်လုံး စိတ်အေးသွားပြီး သူတို့ရဲ့ အမဲလိုက်ပွဲကို ဆက်လက် ဆင်နွှဲကြတော့သည်။
တစ်ချိန်တည်းမှာပဲ နွယ်ပင်တွေက တစ်ကောင်ချင်းစီ ထိုးသတ်တဲ့ နည်းလမ်းကို ရပ်လိုက်ပြီး အားလုံးကိုတစ်ခါတည်း တိုက်ခိုက်တဲ့ နည်းလမ်းကို ပြောင်းသုံးလိုက်ကြချေပြီ။
သွေးရောင်ဆူးနွယ်ပင်တွေလောက် အဆူးတွေ မများပေမဲ့ ပြင်းထန်တဲ့ အားနဲ့ ရိုက်ပုတ်လိုက်တဲ့အခါမှာတော့ ရှေ့မှာ ရှိသမျှ အရာအားလုံး ပျက်စီးကုန်တော့သည်။
သေသွားတဲ့ သစ်ပင်ခြောက်တွေဟာ နွယ်ပင်တွေရဲ့ ရိုက်ချက်ကို မခံနိုင်ကြဘဲ ဂျွတ် ဂျွတ် ဆိုတဲ့ အသံတွေနဲ့အတူ ကျိုးကျကုန်ကြရာ ပုရွက်ဆိတ် အမြောက်အမြားကိုပါ ဖိမိပြီး သေကုန်ကြတော့သည်။
မီတာ ၁၀၀ ပတ်လည်က သစ်ပင်အားလုံး လဲကျကုန်ပေမဲ့ နွယ်ပင်တွေကတော့ မရပ်တန့်ဘဲ ဆက်တိုက် ရိုက်ပုတ်နေဆဲ ဖြစ်သည်။
သစ်သားစတွေနဲ့ ပုရွက်ဆိတ် အသေကောင်တွေဟာ လေထဲမှာ လွင့်စင်ကုန်ပြီး သစ်ပင်ခြောက်တွေဟာလည်း အစိပ်စိပ်အမွှာမွှာ ဖြစ်ကုန်ချေပြီ။
မိနစ်ဝက်တောင် မပြည့်ခင်မှာပဲ နှလုံးသားအပင်ရဲ့ ထိန်းချုပ်မှုအောက်က နွယ်ပင်တွေဟာ သစ်ပင်အိမ် ပတ်ဝန်းကျင် မီတာ ၁၀၀ ကို ကွက်လပ်ကြီးဖြစ်အောင် ရှင်းလင်းပစ်လိုက်ကြတော့သည်။
သစ်ပင်တွေ မရှိတော့တာကြောင့် ပုရွက်ဆိတ်တွေက ပိုပြီး မြန်မြန် ချဉ်းကပ်လာနိုင်ပေမဲ့ နွယ်ပင်တွေရဲ့ တိုက်ခိုက်မှု နည်းဗျူဟာက ပြောင်းလဲသွားပြီး တစ်ပင်နဲ့တစ်ပင် အချိတ်အဆက်မိမိ တိုက်ခိုက်နေကြတာကို ကြည့်ပြီး ရွှီရှင်းပင် အံ့သြသွားရသည်။
နွယ်ပင်အချို့က အလျားလိုက် ရိုက်ပြီး ပုရွက်ဆိတ်အများစုကို အသေသတ်သလို၊ ကျန်တဲ့ နွယ်ပင်တွေကတော့ လွတ်ထွက်လာတဲ့ အကောင်တွေကို တစ်ကောင်ချင်းစီ ထိုးသတ်ကာ စွမ်းအင် စုပ်ယူနေကြသည်။
"သစ်ပင်တွေက တကယ်ပဲ သူတို့ရဲ့ စွမ်းရည်ကို ဟန့်တားထားတာပါလား"
ရန်သူတွေဆီက စွမ်းအင်ကို အဆက်မပြတ် စုပ်ယူနိုင်တာကြောင့် နွယ်ပင်တွေဟာ ပင်ပန်းနွမ်းနယ်တာမျိုး မရှိဘဲ ပိုပြီး သန်မာလာကြသည်။
အခုဆိုလျှင် ပုရွက်ဆိတ်စစ်တပ်ကြီးဟာ မီတာ ၁၀၀ အစွန်းကနေ မီတာ ၂၀ လောက်ပဲ တိုးဝင်နိုင်ကြတော့သည်။
အလယ်က နွယ်ပင်တွေဆိုရင် တိုက်ခိုက်စရာ ရန်သူမရှိတာကြောင့် မြေကြီးထဲကိုတောင် ပြန်ဝင်သွားကြပြီ ဖြစ်သည်။
"ဒါ... ဒါက တကယ်ကို အစွမ်းထက်လွန်းတာပဲ"
ရွှီရှင်းသည် အခုမှ တကယ့်ကို လုံခြုံသွားပြီလို့ ခံစားလိုက်ရသည်။
ဒီလောက် အစွမ်းထက်တဲ့ နွယ်ပင်တွေ ရှိနေမှတော့ ဧရာမ သတ္တဝါကြီးတွေ လာမတိုက်မချင်း သူ့သစ်ပင်အိမ်ကို ဘာမှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်တော့ပေ။
ခဏလောက် ထပ်စောင့်ကြည့်ပြီး ဒီပုရွက်ဆိတ်တွေက ဘာမှ မခြိမ်းခြောက်နိုင်တော့တာ သေချာမှ ရွှီရှင်း သစ်ပင်အိမ်ပေါ် ပြန်တက်ဖို့ ပြင်လိုက်သည်။
သူက အဝေးမှာ တိုက်ပွဲဝင်နေကြတဲ့ သားရဲ သုံးကောင်ကို လှမ်းအော်လိုက်၏။
"မင်းတို့ ပြန်တက်ချင်တဲ့အချိန်ကျရင် ငါ့ကို အော်ပြောလိုက်ဦး၊ ငါ လာကြိုမယ်"
"ဝူးးး"
ငွေရောင်ဘုရင်က ပြန်ထူးပြီး တိုက်ပွဲကို ဆက်လက် ဆင်နွှဲနေ၏။
ရမှတ်တိုးတဲ့ အသံတွေကတော့ သူ့နားထဲမှာ ရံဖန်ရံခါ မြည်နေဆဲ ဖြစ်သည်။
[ဗီဇပြောင်း ပုရွက်ဆိတ် ၁၀၀ ကို သတ်ဖြတ်လိုက်သဖြင့် ရမှတ် - ၂၀ ရရှိပါသည်။]
တော်သေးတာက အကောင် ၁၀၀ သတ်မှ တစ်ခါ မြည်ခြင်းပင်၊ တစ်ကောင်ချင်းစီအတွက်သာ မြည်နေရင်တော့ သူ ရူးသွားမှာ အမှန်ပဲ။
ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ ပုရွက်ဆိတ်တွေက သတ်ရတာ တကယ် လွယ်ကူလှသည်။
သူတို့က သစ်ပင်အိမ်ကိုပဲ ပစ်မှတ်ထားပြီး လူတွေကို ဂရုမစိုက်တာကြောင့် လူတိုင်း ရမှတ်တွေ အပုံလိုက် ရကြလောက်မည်။
နှလုံးသားအပင်က သတ်တဲ့ အကောင်တွေကတော့ သူတို့ရဲ့ ရမှတ်ထဲ မဝင်ပေမဲ့ ကိုယ်တိုင် သတ်တဲ့ အကောင်တွေနဲ့တင် ရမှတ် ရာဂဏန်းလောက် ရဖို့က မခဲယဉ်းလှပေ။
သစ်ပင်အိမ်ထဲ ပြန်ရောက်တဲ့အခါ ခဲခဲလေးက သင်းခွေချပ်ပေါက်လေး နှစ်ကောင်နဲ့ ကြမ်းပြင်ပေါ်မှာ လိမ့်ပြီး ဆော့နေတာကို ရွှီရှင်း တွေ့လိုက်ရသည်။
ခဲခဲလေးက သင်းခွေချပ်လေးတွေထက် အနည်းငယ်ပဲ ကြီးတာကြောင့် သုံးကောင်သား တကယ့်ကို ပျော်နေကြ၏။
ရွှီရှင်း ပြန်လာတာ မြင်တော့ ခဲခဲလေးက မြေပြင်ပေါ်မှာ လှဲရင်း အသံလေးပြုကာ နှုတ်ဆက်ပြီး ဆက်ဆော့နေပြန်သည်။
"ဒီကလေး နှစ်ကောင်က နည်းနည်း ကြီးလာတာလား"
ရွှီရှင်း ထူးခြားမှုတစ်ခုကို သတိပြုမိလိုက်သည်။
တစ်ရက်တောင် မကုန်သေးပေမဲ့ သူ့ရဲ့ အမြင်အာရုံ မြှင့်တင်မှုကြောင့် ဒီအပြောင်းအလဲ သေးသေးလေးကို သူ သတိထားမိလိုက်ခြင်း ဖြစ်သည်။
သူက နည်းနည်း ပိုသေးတဲ့ မင်းသားလေးကို ချီကြည့်လိုက်ရာ၊ ဗိုက်ဝနေပုံရပြီး သူ့ကို မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်နေရှာသည်။
ငါ ဆော့နေတာကို ဘာလို့ လာချီတာလဲ ဆိုတဲ့ အကြည့်မျိုးနှင့်ပင်။
အလေးချိန် တိုးလာတာကို ခံစားမိတော့ ရွှီရှင်း အံ့သြသွားရသည်။
ဧရာမ သတ္တဝါ သွေးပါတဲ့ ကောင်လေးတွေဆိုတော့လည်း မဆန်းပါဘူး၊ နို့တစ်ခါ သောက်ပြီးတာနဲ့ တစ်နာရီ၊ နှစ်နာရီအတွင်းမှာတင် ခန္ဓာကိုယ်က သိသိသာသာ ပြောင်းလဲလာတာလားမသိဘူး။
"ခဲခဲလေးရေ... သူတို့ကို အနိုင်ကျင့်ချင်ရင် အခုပဲ ကျင့်ထားလိုက်တော့၊ နောက်ရက်အနည်းငယ်ကြာရင် သူတို့က နင့်ထက် ပိုကြီးလာတော့မှာ"
ရွှီရှင်းက ကောင်လေးကို ပြန်ချပေးရင်း ခဲခဲလေးကို စလိုက်သည်။
"အီးးး"
ခဲခဲလေးကတော့ ကြမ်းပြင်ပေါ်မှာ လှဲရင်း ခေါင်းလေးစောင်းကာ ကြည့်နေရှာသည်။
တကယ်လို့ ဒီအရှိန်နဲ့သာ ဆက်ကြီးနေမယ်ဆိုရင်တော့ ရက်ပိုင်းအတွင်းမှာတင် ခဲခဲလေးထက် ကြီးလာမှာ သေချာသည်။
ဒါနဲ့ ဒီကလေးတွေက အသက်ဘယ်လောက်ပဲ ရှိသေးလို့လဲ...။
ရက်ပိုင်းအတွင်းမှာတင် ဒီလောက် မာတဲ့ ချပ်ဝတ်လွှာတွေ ပေါက်လာတာလား....။
ရွှီရှင်းကတော့ သူတို့ ကြီးလာမယ့်အချိန်ကို တကယ်ကို စောင့်မျှော်နေမိတော့သည်။
---
အခန်း ၁၇၈ ပြီး။