အခြေအနေများ
Vol. 5 Ch. 433
ထျန်းမုန့် နတ်သမီးသည် ယန်ရွှီးအနားသို့ ရောက်လာလေသည်။
သူမနှင့် ယန်ရွှီးသည် ကောင်းကင်ထက်တွင် အတူတူရပ်နေပြီး အခြေအနေကို ကြည့်နေလေသည်။
“မိုးကောင်းကင် နတ်မိစ္ဆာက ဘယ်လို တန်ခိုးစွမ်းအားမျိုးကို အကြောက်ဆုံးလဲ မင်းသိလား”
ယန်ရွှီးက ထျန်းမုန့် နတ်သမီးကို မေးလိုက်သည်။
“မိုးကြိုး တန်ခိုးစွမ်းအားပေါ့”
ထျးန်မုန့် နတ်သမီးက ပြန်ဖြေ လိုက်လေသည်။
ယန်ရွှီးက ပြုံးလိုက်ပြီး…
“မင်းပြောတာမှန်တယ်၊ ဆန်းလျန်ရဲ့ အသံမဲ့ တေးသွားတောင်မှ ကျုပ်နှလုံးသားကို ချိတ်ပိတ်ဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူး”
ထျန်းမုန့် နတ်သမီးက…
“ရှင် အခုမှ ဒီအကြောင်းပြောတာ ဘာလျှို့ဝှက်ချက် ရှိလို့လဲ”
ယန်ရွှီးက လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်ရင်း…
“လောကမှ မိုးကြိုး တန်ခိုးစွမ်းအားတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ တကယ် စွမ်းအားကြီးတဲ့ မိုးကြိုး တန်ခိုး စွမ်းအားကတော့ နည်းနည်းပဲရှိတယ်၊ တစ်ခုက ချင်းရွှမ် နတ်တံခါးက စန်းရှောင်ကျင့်စဉ်ပဲ၊ ချုန်းဟယ် နတ်ဘုရားက စန်းရှောင် မိုးကြိုး လက်ဝါးသိုင်းကို တီထွင်ပြီးတဲ့နောက် လင်စုနတ်ဘုရားက အဲဒီ ကျင့်စဉ်ကို အနည်းငယ် ပြုပြင်ပြီး အဆင့်ကိုးဆင့် သတ်မှတ် ပေးခဲ့တယ်၊ နောက်ပိုင်းမှာ ကျိချန်က အဲဒီ စန်းရှောင် ကျင့်စဉ်ကို နဝမ အဆင့်ထိ အောင်မြင်အောင် ကျင့်ကြံခဲ့ပြီး ဖော့ဝမ့်အဆင့်ထိ တက်ရောက် နိုင်ခဲ့တယ်၊ ကျိချန်ဟာ စန်းရှောင် မိုးကြိုးလက်ဝါးသိုင်းနဲ့ လောက တစ်ခုလုံးကို တုန်လှုပ်စေခဲ့တယ်၊ တကယ်တော့ စန်းရှောင် မိုးကြိုး လက်ဝါးသိုင်းဟာ တကယ့် မိုးကြိုး တန်ခိုးစွမ်းအားရဲ့ အနှစ်သာရပဲ”
“ရှင်က ဘာကိုပြောချင်တာလဲ”
ထျန်းမုန့်နတ်သမီးက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ကျိချန်ပြီးတဲ့နောက် လောကမှာ တကယ့် မိုးကြိုး တန်ခိုးစွမ်းအားရဲ့ အနှစ်သာရကို နားလည်တဲ့သူ မရှိတော့ဘူး၊ ဒါပေမဲ့ အခု တစ်ယောက်ရှိလာပြီ”
ယန်ရွှီး၏ မျက်ဝန်းများသည် မိုင်ထောင်ပေါင်း များစွာကို ဖြတ်သန်းပြီး အဝေး တစ်နေရာသို့ ငေးမော နေသယောင် ထင်မှတ် ရလေသည်။
“အဲဒီလူက ရှင်လား၊ ဒါမှမဟုတ် ဆန်းလျန်လား”
ထျန်းမုန့် နတ်သမီးက မေးလိုက်သည်။
“ဆန်းလျန်က ထိုက်ရွှီးနည်းဗျူဟာကို ကျင့်ကြံတဲ့သူပဲ၊ သူ့မှာ ကိုယ်ပိုင် ကျင့်စဉ်လမ်း ရှိနေပြီ မိုးကြိုး တန်ခိုးစွမ်းအားကို ဘယ်လိုလုပ် ထပ်သင်မှာတဲ့လဲ၊ ပြီးတော့ ကျုပ်ကလည်း မိုးကောင်းကင် နတ်မိစ္ဆာ ကျင့်စဉ်ကို ကျင့်ကြံထားတာ၊ မိုးကြိုး တန်ခိုးစွမ်းအားကိုသာ ထပ်လေ့ကျင့်ရင် ကျင့်စဉ် နှစ်ခုရှုပ်ထွေးပြီး ဒုက္ခကောင်းကောင်း ရောက်သွားမှာပေါ့၊ ကျုပ်ပြောတဲ့ သူက ကွမ်းချင်း နတ်ဘုရားဂိုဏ်းက အငယ်ဆုံး နတ်ဘုရား လင်ရွှမ်ထင်ပဲ”
“သူက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူ့ကို ဒီလိုဖြစ်အောင် ရှင်လုပ်လိုက်တာလား”
ထျန်းမုန့် နတ်သမီးသည် ဖြစ်နိုင်ချေ တစ်ခုကို စဉ်းစားလိုက်မိသည်။
ယန်ရွှီးဆိုသည့် လူသည် အလွန်မှ ကြောက်စရာ ကောင်းပြီး လိမ္မာပါးနပ်လှသူ ဖြစ်လေသည်။ သူမသည် တုန်လှုပ် သွားခဲ့ရလေသည်။
“အမှန်ပဲ၊ ကျုပ်က စန်းရှောင် မိုးကြိုး လက်ဝါးသိုင်းကို မသင်ယူခဲ့ပေမယ့် နားလည်အောင် လေ့လာ ထားခဲ့တယ်၊ မိုးကြိုးတန်ခိုး စွမ်းအားနောက်ကွယ်က တာအို အဓိပ္ပာယ်ဟာ နားလည်ဖို့ မခက်ပါဘူး၊ ကျုပ်က သူလိုချင်တဲ့ မိုးကြိုး တန်ခိုးစွမ်းအားကို အသုံးချပြီး သူ့နှလုံးသားထဲမှာ မိစ္ဆာမျိုးစေ့ကို အသာလေး ထည့်ထားခဲ့တာ၊ လင်ရွှမ်ထင်က ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းက နတ်ဆိုး စစ်သည်တွေနဲ့ တိုက်ခိုက်ရင်း မိုးကြိုးတန်ခိုးစွမ်းအားကို သူ့ဟာသူအလိုလို နားလည် လာတယ်လို့ ထင်နေတာ၊ ပြီးတော့ အဲဒီ နတ်ဆိုးစစ်သည်တွေကို သူသတ်ဖြတ်တဲ့ ဒေါသ တရားတွေက ကျုပ်ရဲ့ မိစ္ဆာစွမ်းအားတွေပဲ၊ မိုးကြိုး တန်ခိုးစွမ်းအားကို သူအသုံးပြုလေလေ သူ့ကိုယ်ထဲကို ကျုပ်ထည့်ပေး ထားတဲ့ မိစ္ဆာစွမ်းအားတွေက ပိုပြီးမြင့်မား လာလေပဲ”
ယန်ရွှီး ပြုံးနေလေသည်။ သို့သော် ထိုအပြုံးသည် မည်မျှ ကြောက်စရာ ကောင်းကြောင်း ထျန်းမုန့် နတ်သမီးသာ နားအလည်ဆုံး ဖြစ်လေသည်။
တာအိုကျင့်စဉ် တစ်ခုသည် မိစ္ဆာစွမ်းအား ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။ ကျင့်ကြံ အောင်မြင်လေလေ မိစ္ဆာ အဆိပ်သင့်လေလေ ဖြစ်နေမည် ဖြစ်လေသည်။ အဆုံးသတ်တွင်တော့ ဘဝ တစ်ခုလုံးသည် မိစ္ဆာနတ်ဘုရား၏ ထိန်းချုပ်မှု အောက်သို့ ရောက်မှန်းမသိ ရောက်သွား ပေလိမ့်မည်။
ယန်ရွှီး၏ မိုးကောင်းကင် နတ်မိစ္ဆာ တန်ခိုး စွမ်းအားများမှာ သိမ်မွေ့သည်ထက် သိမ်မွေ့လာပြီ ဖြစ်လေသည်။ သူက သဘာဝကျသည့် ထောင်ချောက်များဖြင့် နတ်ဘုရားများကိုပင် မိစ္ဆာ စွမ်းအားဖြင့် ထိန်းချုပ် နိုင်နေပြီ ဖြစ်လေသည်။ လင်ရွှမ်ထင်သည် မည်မျှပင် သတိထားနေပါစေ သူ၏ ကျင့်စဉ်လမ်း အဆင့်မြင့်မား လာသည်မှာ မိစ္ဆာစွမ်းအား အဆိပ်သင့်ခြင်းကြောင့်ဟု မည်သို့ ထင်မှတ် ပါမည်နည်။
လင်ရွှမ်ထင်သည် ကျင့်စဉ်လမ်း အဆင့် တက်လှမ်းချင်လွန်းသည့် လောဘတရားကို အခြေခံကာ ယန်ရွှီးက မိစ္ဆာမျိုးစေ့ကို ထည့်သွင်းပေးခဲ့ခြင်း ဖြစ်လေသည်။ လက်တစ်လုံးခြားဖြင့် ပါးပါးလေး လှည့်စားခဲ့သည့် လှည့်ကွက်မျိုးကို ယန်ရွှီး အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။
ထျန်းမုန့် နတ်သမီးသည် တွေးနေရင်းဖြင့်ပင် ကောင်းကင်ထက်မှ တိုက်ပွဲ အခြေအနေကို လှမ်းကြည့် လိုက်လေသည်။ သူမ၏ စိတ်ထဲတွင် ဝမ်းနည်းခြင်းနှင့်အတူ ကြောက်လန့်ခြင်းကိုလည်း ခံစား နေရလေသည်။ ထိုမျှ ယုတ်မာ ရက်စက်လွန်းသည့် ယန်ရွှီးဆိုသူနှင့် အတူ သူမ၏ ဘဝသည်လည်း အဆုံးသတ် မလှမည်ကို စိတ်ပူ နေမိလေသည်။
ယန်ရွှီးက ယခုကဲ့သို့ ကိစ္စရပ်များကို ပြောပြနေခြင်းမှာ သူမကို ခြိမ်းခြောက်နေခြင်း ဖြစ်ကြောင်း ထျန်းမုန့်နတ်သမီး ကောင်းကောင်း သဘောပေါက် ထားလေသည်။
သူမသည် မည်သည့် စကားမှ ဆက်မပြောတော့ဘဲ တိုက်ပွဲကိုသာ ဆက်ကြည့် နေလေတော့သည်။
လင်ရွှမ်ထင်၏ သံမဏိ မိုးကြိုးဓားသည် မရည်ရွယ်ပါဘဲ ယွိမင် နတ်ဘုရားထံသို့ ဝင်ရောက် သွားလေသည်။
အဖြစ်အပျက်များ မြန်ဆန် လွန်းသည့် အတွက် လင်ရွှမ်ထင် ကိုယ်တိုင်ပင် နားမလည်နိုင် ဖြစ်နေရလေသည်။ သူသည် သံမဏိ မိုးကြိုး ဓားမဟာလမ်းစဉ်ကို သေသေချာချာ ကျင့်ကြံ ထားခဲ့သည့်တိုင် သူ၏ ဓားဝိညာဉ်သည် သူ့စကားကို အဘယ့်ကြောင့် မနာခံရပါသနည်း။
သူက ယန်ရွှီးကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သော်လည်း တကယ်တမ်းတွင် ဓားသွားက သူ၏ ဂိုဏ်းတူ အစ်ကိုနှင့် ဂိုဏ်းတူတူလေး ဆီသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်လေသည်။
ယွိမင်နတ်ဘုရားသည် ချက်ချင်းပင် နတ်ဘုရား မီးအိမ် ဆယ့်သုံးခုကို အသုံးပြုကာ သံမဏိ မိုးကြိုးဓားကို ကာကွယ် လိုက်လေသည်။ သို့သော်… အသုံးမဝင်ခဲ့ပါ။ လင်ရွှမ်ထင်၏ သံမဏိ မိုးကြိုးဓားသည် လေကဲ့သို့ လျင်မြန်သည့် အရှိန်ဖြင့် ဝင်ရောက်လာကာ နတ်ဘုရား မီးအိမ်အားလုံးကို ငြှိမ်းသတ် ပစ်လိုက်လေသည်။
ယွိမင်နတ်ဘုရားနှင့် ဟွမ်ကျန်းတို့မှာ မိုးကြိုးဓားကြောင့် ဖြစ်ပေါ်လာသည့် မိုးကြိုး ကွန်ရက်ကြီး အတွင်းသို့ ကျဆင်း သွားရလေတော့သည်။
ယန်ရွှီးက ယွိမင်နတ်ဘုရား သေသည်လား ရှင်သည်လား ဆိုသည့်အချက်ကို စိတ်မဝင်စားပါ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ဖြစ်လာစေရန် အတွက် ကြိုတင်ကြံစည်ခဲ့သည့် ဇာတ်ဆရာမှာ သူကိုယ်တိုင်ပင် မဟုတ်ပါလား။ အဆုံးသတ်သည် ထိုသို့ပင် ဖြစ်လာရမည် ဖြစ်လေသည်။
သူက ချင်းရှောင်းကို အာရုံစိုက်နေရလေသည်။
ချင်းရှောင်း၏ ဗလာနယ်ဖျက် ဓားသည် ယန်ရွှီးကို ထိခိုက်နိုင်ခြင်း မရှိသေးပါ။ သူမသည် ယန်ရွှီးတန်ခိုး စွမ်းအား မြင့်မားနေသည့် အချိန်တွင် တိုက်ခိုက်နေရခြင်း ဖြစ်သလို သူမ၏ ဗလာနယ် ဖျက်ဓားမှာလည်း အမြင့်ဆုံး အဆင့်သို့ မရောက်သေးပေ။
သို့သော် သူမ၏ အကန့်အသတ်မဲ့ ထိုက်ယင်း တန်ခိုးစွမ်းအားကို ဤလောကတွင် အလွယ်တကူ ရှောင်ရှားနိုင်သည့် သူက ခပ်ရှားရှားပင် ဖြစ်လေသည်။
ကြည်လင်သည့် ရေခဲများသည် ကောင်းကင်တစ်ခုလုံးသို့ ဖုံးလွှမ်းသွားလေသည်။
ရေခဲပြင် တစ်ခုလုံးကို ဓားရှည်တစ်လက်က ထိုးခွင်း ပျံသန်းလာလေသည်။ ထိုဓားရှည်ကို လောကတွင် မည်သည့်အရာကမှ တားဆီးနိုင်ခြင်း ရှိမည် မဟုတ်ပေ။
ဓားရှည်သည် မိုးကောင်းကင် နတ်မိစ္ဆာနယ်မြေ အတွင်းသို့ ထိုးဖောက် ဝင်ရောက် လာလေသည်။ ဓားရှည်သည် အလွန်မှ သိမ်မွေ့သည့် တန်ခိုးစွမ်းအားများကို ထုတ်လွှတ်လိုက်သည့် အခါတွင်တော့ မိုးကောင်းကင် နတ်မိစ္ဆာ နယ်မြေမှာ အပိုင်းပိုင်း ကွဲသွားရလေသည်။
ချင်းရှောင်းနတ်သမီး၏ ဓားမှ ဓားခြိမ်းသံများ ထွက်ပေါ်လာပြီး ဓားခြိမ်းသံများသည် တဖြည်းဖြည်း ကျယ်လောင် လာလေသည်။
ဓားရှည်ကိုကိုင်ကာ လေထဲတွင် ရပ်တန့်နေသည့် ချင်းရှောင်း၏ အသွင်အပြင်မှာ အလွန်မှ အေးစက်စက် နိုင်လွန်းလှသည်။ သူမသည် ယန်ရွှီးရှိရာသို့ တစ်လှမ်းချင်း လမ်းလျှောက်လာနေပြီး သူမထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေလေသည်။
ယန်ရွှီးမှာ ချင်းရှောင်းထံမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ အလွန်မှ ကြောက်မက်ဖွယ်ရာ ကောင်းသည်ဟု ခံစားနေရပြီး သူ၏ မျက်ခုံးနှစ်ခုကြားတွင် အေးစက်သည့် အငွေ့အသက်ကို ခံစားလိုက်ရလေသည်။
ချင်းရှောင်းသည် လမ်းလျှောက်နေရာမှ ယန်ရွှီးထံသို့ ချက်ချင်းပင် ခုန်ဝင်လိုက်ပြီး ယန်ရွှီး၏ မျက်ခုံးနှစ်ခုကြားရှိ ပင်မသွေးကြော ဆုံချက်နေရာကို ထိုးဖွင့်လိုက်လေသည်။
ယန်ရွှီး၏ ခန္ဓာကိုယ်သည် နှစ်ပိုင်း ကွဲသွားလေသည်။
သို့သော် ယန်ရွှီး၏ နှစ်ပိုင်းကွဲသွားသော ခန္ဓာကိုယ်သည် ရွှံ့စေးများအလား ဖြစ်သွားပြီး ယန်ရွှီးနှစ်ယောက် ဖြစ်ပေါ် လာလေတော့သည်။
မည်သူက ယန်ရွှီးအစစ်၊ မည်သူက ယန်ရွှီးအတု ဆိုသည်ကို ခွဲခြား မရနိုင်လောက်အောင် သူတို့ နှစ်ယောက်သည် ထပ်တူကျလွန်းလေသည်။
ချင်းရှောင်းသည် သူမ၏ ဓားကို တစ်ချက် ကြည့်လိုက်လေသည်။ သူမသည် အလွန်မှ အံ့သြ တုန်လှုပ်သွားရလေသည်။
ယန်ရွှီးက ပြုံးလိုက်ရင်း…
“ဆရာဒေါ်လေး၊ မင်းကျုပ်နောက်ကို လိုက်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီ၊ ကျုပ်က ဆရာဒေါ်လေးကို ပြန်တိုက်ချင်တဲ့ စိတ်ရှိရင် ကျုပ်လောက် မိုက်မဲတဲ့သူ ရှိပါဦးမလား၊ ပြီးတော့ ဆရာဒေါ်လေးက အကန့်အသတ်မဲ့ ထိုက်ယင်း တန်ခိုးစွမ်းအားကို ကျင့်ကြံအောင်မြင် ထားတာ၊ ထျန်းရှန်းကျင်းက နတ်ဘုရားတွေ ထက်တောင် ကြောက်ဖို့ ကောင်းသေးတယ်"
ချင်းရှောင်းနတ်သမီးက….
"မင်းပြောတာ မမှားဘူး၊ ဒါပေမဲ့ မင်းကတော့ မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်ရဲ့ အစစ်အမှန်နဲ့ အတုအယောင် အဆင့်ကိုတောင် ကျော်လွန်အောင် ကျင့်ကြံနိုင်ခဲ့ပြီပဲ၊ ငါ့ရဲ့ အကန့်အသတ်မဲ့ ထိုက်ယင်း စွမ်းအားက မင်းကို သတ်နိုင်မှာ မဟုတ်တော့ဘူး"
“ဆရာဒေါ်လေး၊ မင်းကျုပ်ကို ဘာမှ လုပ်လို့မရသလို ကျုပ်လည်း မင်းကို ဘာမှလုပ်လို့ မရပါဘူး၊ ဒီတော့ ဆက်မတိုက်ခိုက်ဘဲ ဒီနေရာမှာပဲ ရပ်လိုက်ကြရအောင်၊ ဒီ တူလေးက ဆရာဒေါ်လေးရဲ့ ကျေးဇူးကို ပြန်ပေးဆပ်မှာပါ"
ယန်ရွှီးနှစ်ယောက်စလုံးက တစ်ပြိုင်တည်း ပြောလိုက်သည်။
ချင်းရှောင်း နတ်သမီးက…
"လူပေါင်းများစွာရဲ့စိတ်ကို ဆက်ပြီး လှည့်စား နေဦးမယ် ဆိုရင်တော့ မင်းနဲ့ငါကြားမှာ ဘာမှ ညှိနှိုင်းစရာ မရှိဘူး"
ယန်ရွှီးနှစ်ယောက်သည် တစ်ယောက်တည်း အဖြစ် ပြန်လည် ပေါင်းစပ် သွားလေသည်။
ယန်ရွှီးက ချင်းရှောင်းကို ပြုံးပြလိုက်ရင်း…
“ကျုပ်စကားကို ဆုံးအောင် နားထောင်ပါဦး ဆရာဒေါ်လေး”
ခဏနားပြီးမှ ယန်ရွှီးက စကား ဆက်ပြောလိုက်သည်။
"တကယ်လို့ ဒီကတူလေးက ဆန်းလျန်လေးကို ကူညီပေးမယ်ဆိုရင် ဆရာဒေါ်လေးက အတိတ်က အငြိုး အတွေးတွေကို ခွင့်လွှတ်ပြီး ကျုပ်ကို အလွတ် ပေးနိုင်မလား"
ဆန်းလျန်ဆိုသည့် အမည်ကို ကြားသည်နှင့် ချင်းရှောင်း နတ်သမီး၏ မျက်နှာထားမှာ အနည်းငယ် ပျော့ပြောင်း သွားလေသည်။
“ငါက မင်းကိုယုံရမှာလား”
သူမက ပြောလိုက်သည်။
ယန်ရွှီးက မျက်လုံးများကို အသာပိတ်လိုက်ရင်း…
"ဆရာဒေါ်လေး၊ ဆန်းလျန်ရဲ့ အသက်ကိုကယ်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်၊ အဲဒါက လင်ထိုင်ဖန်း ကျွမ်းတောင်ကို ဝင်ခွင့်ရဖို့ပဲ၊ ဒါပေမဲ့ အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုရဲ့ ဘိုးဘေး ဆရာသခင်တွေက လင်ထိုင်ဖန်းကျွမ်းတောင်ကို သူတို့ရဲ့ တန်ခိုးစွမ်းအား အကုန်သုံးပြီး ချိတ်ပိတ်ထားခဲ့တာ၊ အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုမှာ ဝင်ခွင့်လက်မှတ် တစ်ခုစီ ရှိကြတယ်၊ အဲဒီ လက်မှတ် လေးခုစလုံးကို ရမှ လင်ထိုင်ဖန်း ကျွမ်းတောင်ကို ပိတ်ထားတဲ့ ချိတ်ကို ဖွင့်လို့ရမှာ၊ ဒီက တူလေးမှာ ထိုက်စုနတ်ဘုရား ဂိုဏ်းရဲ့ ဝင်ခွင့် လက်မှတ် ရှိနေပါတယ်"
ယန်ရွှီးဆိုလိုသည့် အဓိပ္ပာယ်မှာ ရှင်းလင်းလေသည်။
သူသာ ထိုက်စု နတ်ဘုရားဂိုဏ်းမှ ပိုင်ဆိုင်သည့် ဝင်ခွင့်လက်မှတ်ကို ထုတ်မပေးလျှင် ဆန်းလျန်အနေဖြင့် လင်ထိုင်ဖန်းကျွမ်းသို့ မည်သို့မျှ ဝင်ခွင့်ရမည် မဟုတ်တော့ပေ။
ယန်ရွှီးပြောသည့် အကူအညီ ဆိုသည်က အကျပ်ကိုင်ခြင်း တစ်မျိုးပင် ဖြစ်လေသည်။
***