အဇူရာတိမ်မြို့ ကြေငြာစာတမ်း
Vol. 27 Ch. 278
ငြိမ်းချမ်းပြီး ဖော်ရွေသော အဇူရာတိမ်မြို့ကို တည်ဆောက်ရန်အလို့ငှာ အောက်ပါကြေငြာချက်များကို ထုတ်ပြန်လိုက်သည်။
(၁) အဇူရာတိမ်မြို့တွင် နေထိုင်သူများသည် သူတို့အိမ်ထောင်စုစာရင်းကို အသိအမှတ်ပြုပေးနိုင်ရန်အတွက် အဇူရာတိမ်မြို့ အုပ်ချုပ်ရေးရုံးသို့သွားရောက်ပြီး စာရင်းသွင်းထားရမည်။ စာရင်းလာမသွင်းသူများကို အပြင်လူများဟုသာ သတ်မှတ်သွားမည်ဖြစ်ပြီး ထိုကိစ္စနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို မိမိကိုယ်တိုင်သာ တာ၀န်ယူရပေမည်။
(၂) လူတိုင်း၏လုံခြုံရေးကို ကာကွယ်ရန်အတွက် အဇူရာတိမ်မြို့ထဲရှိ လမ်းများပေါ်တွင် ခိုက်ရန်ဖြစ်ပွားခြင်းကို တင်းတင်းကြပ်ကြပ်တားမြစ်လိုက်သည်။ တိုက်ခိုက်ချင်တဲ့သူမှန်သမျှ အရင်ဆုံး အဇူရာတိမ်မြို့နယ်နိမိတ်ထဲက ထွက်ခွာသွားပေးရမည်။
(၃) အဇူရာတိမ်မြို့၏ အမြဲတမ်းနေထိုင်သူမဟုတ်သောသူမှန်သမျှကို ယာယီနေထိုင်ခွင့် ပေးသွားမည်။ ထိုယာယီနေထိုင်ခွင့် သက်တမ်းကုန်ဆုံးသွားလျှင် မြို့ထဲတွင် ဆက်လက်နေထိုင်ရန် ဆီလျော်သောအကြောင်းပြချက်ပေးရမည်။ သင့်တော်သောအကြောင်းပြချက်မပေးနိုင်လျှင် မြို့မှ နှင်ထုတ်ခြင်းခံရမည်။
…….
ဤထုတ်ပြန်ချက်သည် နောက်လ၀က်အကြာတွင် အသက်၀င်ပါမည်။ လ၀က်ကြာပြီးနောက် ဤထုတ်ပြန်ချက်ပါ အချက်အလက်များအား မလိုက်နာသူမှန်သမျှကို မြို့မှ နှင်ထုတ်သွားမည်။
ပုံ
အဇူရာတိမ်မြို့အုပ်ချုပ်ရေးအဖွဲ့
……
ထုတ်ပြန်ကြေငြာချက်ထွက်လာပြီးနောက် သာမန်လူများနှင့် ကျင့်ကြံသူများအားလုံး ငေးကြောင်သွားခဲ့ကြ၏။
သာမန်လူတွေအတွက်က ကိစ္စမရှိသော်လည်း ကျင့်ကြံသူများပါ စာရင်းသွင်း မှတ်ပုံတင်ရမည် ဆိုတာကတော့…
တစ်ယောက်ယောက်က တကယ်ကြီး သူတို့ကိုထိန်းချုပ်ချင်နေခြင်းပေလော။
ပြီးတော့ ယာယီနေထိုင်ခွင့်ဆိုတာကြီးက ဘယ်မြို့မှာမှ ရှိမနေပေ။
ကြေငြာစာတမ်းထွက်ပေါ်လာသည်နှင့် တပြိုင်နက် မြို့ထဲတွင် ပွက်လောရိုက်ကုန်ကြလေသည်။
သာမန်လူများကတော့ နာခံစွာပင် သူတို့အိမ်ေထာင်စုများကို စာရင်းသွင်းကာ မှတ်ပုံတင်ခဲ့ကြ၏။
သူတို့သည် မြို့တွင်အရင်ကတည်းက နေထိုင်ကြသူများဖြစ်ပြီး အခြားသွားစရာလည်းမရှိကြပေ။ မြို့ထဲကသာ မောင်းထုတ်ခံလိုက်ရလျှင် သူတို့မည်သို့ရှင်သန်ရပ်တည်ရပါတော့မည်နည်း။
သို့သော် ကျင့်ကြံသူများကတော့ မတူပေ။
မြို့ထဲတွင် အခြေချနေထိုင်ကြသူများ ထိုကိစ္စနှင့်ပတ်သက်ပြီး သေချာစဉ်းစားပြီးနောက်တွင်တော့ နောက်ဆုံးတွင် မှတ်ပုံတင်ရန် အုပ်ချုပ်ရေးရုံးဆီ ရောက်ရှိလာခဲ့ကြသည်။
သူတို့အများစုသည် အဆင့်နိမ့်ကျင့်ကြံသူများသာ ဖြစ်ကြ၏။
သူတို့တွင် သတင်းအချက်အလက်အများကြီးမရှိသော်လည်း အဇူရာတိမ်ဂိုဏ်းတွင် နတ်ဝိညာဉ်အဆင့်ပညာရှင်များ ရှိတာကိုတော့ သိကြပေသည်။
အဇူရာတိမ်မြို့နောက်တွင်ကျောထောက်နောက်ခံပြုပေးထားသည်ကလည်း အဇူရာတိမ်ဂိုဏ်းသာ ဖြစ်၏။
ထို့ကြောင့် သူတို့တွင် မှတ်ပုံတင်လိုက်ဖို့မှလွဲ ရွေးချယ်စရာ မရှိတော့ပေ။
သို့သော် ကျင့်ကြံသူများကတော့ မတူပေ။
ဘယ်သူမှ မှတ်ပုံမတင်ချင်ကြသလို ယာယီနေထိုင်ခွင့်ပဲရရှိမှာမျိုးကိုလည်း သူတို့ မလိုလားကြပေ။
သူတို့သည် အဇူရာတိမ်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် မနေလိုကြပေ။
အခြေခံတည်ဆောက်ခြင်းအဆင့် အများစုကတော့ အခြေအနေကိုသာ စောင့်ကြည့်နေခဲ့ကြ၏။
သူတို့မျက်လုံးများက ရွှေအမြုတေအဆင့်များ ဝိညာဉ်အခြေတည်အဆင့်များနှင့် နတ်ဝိညာဉ်အဆင့်များအပေါ် ရောက်ရှိနေခဲ့ကြသည်။ ထိုအင်အားကြီးပုဂ္ဂိုလ်များ မှတ်ပုံတင်ဖို့ လက်ခံလိုက်ရင်တော့ သူတို့လည်း လက်ခံလိုက်ကြမည်သာ။
မဟုတ်လျှင်တော့ သူတို့၀င်ပါမည် မဟုတ်ပေ။
ရွှေအမြုတေအဆင့်များ ရွေးချယ်ရခက်နေခဲ့သည်။
သူတို့ မှတ်ပုံတင်လိုက်သင့်ပါသလော။
ဝိညာဉ်အခြေတည်အဆင့်များနှင့်နတ်ဝိညာဉ်အဆင့်များကတော့ အဇူရာတိမ်ဂိုဏ်း၏ ထုတ်ပြန်ချက်ကို လုံး၀ ဂရုမစိုက်ခဲ့ကြပေ။
….
အဇူရာတိမ်ဧည့်ဂေဟာတွင် များစွာသော ရွှေအမြုတေအဆင့်များ စုဝေးနေခဲ့ကြ၏။
သူတို့ထဲမှတစ်ယောက်လှောင်ပြောင်လိုက်လေသည်။
“အဇူရာတိမ်မြို့ရဲ့ မြို့အရှင်နာမည်က ကျန်းကျစ်ချိုးတဲ့ သူကဝိညာဉ်အခြေတည်အဆင့်ထဲ ရောက်ခါစ ကောင်လေးတစ်ယောက်ပဲ
ငါသူ့အကြောင်းစုံစမ်းပြီးပြီ သူကအဇူရာတိမ်ဂိုဏ်းရဲ့ အမည်ခံတပည့်တစ်ယောက်သက်သက်ပဲ ဂိုဏ်းထဲမှာ ဘာအဆင့်မှရှိမနေဘူး သူ့မှာ အဇူရာတိမ်မြို့ကို အုပ်ချုပ်ဖို့တာ၀န်ပဲ ရှိတာ
အဲ့ဒီလိုဝိညာဉ်အခြေတည်အဆင့်လေးတစ်ယောက်က ငါတို့ကို ထိန်းချုပ်ချင်တာတဲ့လား ဟမ့်”
“ဒီခွေးကောင်လေးက နောက်မှာ အဇူရာတိမ်ဂိုဏ်းအထောက်အပံ့ရှိနေတော့ မောက်မောက်မာမာနဲ့ လုပ်ချင်ရာလုပ်လို့ရတယ်ထင်နေတာ အဲ့ဒီကြေငြာချက်က အဇူရာတိမ်ဂိုဏ်းကထုတ်ပြန်ဝာာဆိုရင်တော့ ငါတို့ကျိန်းသေပေါက် လိုက်နာမှာပဲ ဒါပေမယ့် ဒီအဇူရာတိမ်မြို့လေးလောက်ကတော့ကွာ ငါတို့ရှေ့မှာ လာမောက်မာပြမနေသင့်ဘူး”
ထိုထဲမှ ရွှေအမြုတေအဆင့်အများစုသည် ဂိုဏ်းကြီးများမှ အဇူရာတိမ်ဂိုဏ်း၏လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်ရန်လွှတ်ထားသော သူလျှိုများသာ ဖြစ်ကြ၏။
ထိုဂိုဏ်းကြီးများသည် အဇူရာတိမ်ဂိုဏ်းက သူတို့မျှော်လင့်မထားသော ကိစ္စကြီးတစ်ခုခုကို ရုတ်တရက်လုပ်ပစ်လိုက်မှာကို စိတ်ပူနေခဲ့ကြသည်။
ထို့ကြောင့် ရွှေအမြုတေအဆင့်အချို့ပို့ကာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။
ထိုရွှေအမြုတေအဆင့်များသည် ဂိုဏ်းကြီးများမှဖြစ်သောကြောင့် သာမန်အားဖြင့် မာနကြီးကြပေသည်။ ထို့ကြောင့် သူတို့သည် အဇူရာတိမ်ဂိုဏ်း၏တပည့်လေးတစ်ယောက်ဆီတွင် မှတ်ပုံသွားတင်စရာ အကြောင်းရှိမနေပေ။
ထို့အပြင် သူတို့သည် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများအဖြစ် ဟန်ဆောင်နေကြခြင်းဖြစ်လေရာ အနည်းငယ် မောက်မာပြခြင်းက သူတို့သရုပ်မှန်ကို ဖုံးကွယ်ရာတွင်လည်း အထောက်အကူဖြစ်ေစ၏။
ရွှေအမြုတေအဆင့်တစ်ယောက် အနည်းငယ်မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းက ၀င်ပါလာနိုင်လား”
“ဘယ်သူက ၀င်ပါလာမှာလဲ” အရင်ဆုံးစပြောခဲ့သော ရွှေအမြုတေအဆင့်ပဲ ၀င်ပြောလိုက်ပြန်၏။
“လင်းယွင်ကျိနဲ့ အခြားသူတွေက ရွှေအမြုတေအဆင့်ပဲရှိသေးတာ ငါတို့က သူတို့ကိုကြောက်နေစရာလား
အဇူရာတိမ်ဂိုဏ်းက ဘာလုပ်နိုင်မှာမလို့လဲ”
“သူတို့က ဒီလိုကိစ္စလေးအတွက် သူတို့ရဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ဂိုဏ်းချုပ်ကိုလည်း ထုတ်မလာလောက်ဘူးမလား
အဲ့ဒီလိုသာ လုပ်လာခဲ့ရင် အဇူရာတိမ်ဂိုဏ်းက အများကြီးမျက်နှာပျက်သွားရမှာပဲ”
“သူတို့က အဲ့အစား မိစ္ဆာအရှင်တစ်ယောက်ကိုထုတ်လာရင်ရော” ရွှေအမြုတေအဆင့်တစ်ယောက် ရုတ်တရက်မေးလိုက်သည်။
ထိုစကားထွက်လာသည်နှင့် လူတိုင်း တိတ်ဆိတ်သွားခဲ့၏။
တခဏကြာသောအခါ ပထမဆုံးစကားစပြောခဲ့သော ရွှေအမြုတေအဆင့်ပဲ အေးအေးဆေးဆေးပြန်ပြောလိုက်သည်။
“သူတို့က မိစ္ဆာတစ်ကောင်ထုတ်လာရင်တော့ ငါတို့က သူတို့နဲ့ပူးပေါင်းပေးရမှာပေါ့
အဲ့ဒီမိစ္ဆာထွက်လာတာကလည်း ကောင်းတဲ့ကိစ္စတစ်ခုဖြစ်လာမှာပဲ
အဲ့ဒီအခါ ငါတို့က မိစ္ဆာရဲ့သတင်းကိုနည်းနည်းလေးဖြန့်ပေးလိုက်ဝာာနဲ့ အဇူရာတိမ်မြို့ထဲမှာ နေတဲ့သူတွေ ကြောက်လန့်ပြီး ထွက်ပြေးကုန်ကြလိမ့်မယ်
လူဘယ်နှစ်ယောက်များ အဇူရာတိမ်မြို့ထဲ နေရဲဦးမလဲ ကြည့်ကြတာပေါ့”
……..
ထိုစဉ် ကျန်းကျစ်ချိုး လူပေါင်းများစွာကိုမြို့ထဲလွှတ်ကာ ကြေငြာစာတမ်းကိုဖြန့်နေပြီး လူတိုင်းမှတ်ပုံတင်ကြဖို့ နှိုးဆော်နေခဲ့၏။
အဆုံးသတ်တွင် ရလဒ်က အရမ်းတော့ကောင်းမနေခဲ့ပေ။
ကျန်းကျစ်ချိုး အကူအညီမဲ့စွာဖြင့် ကျန်းယန်ကိုသွားရှာခဲ့ပြီး ပြောလိုက်သည်။
“စီနီယာအစ်ကိုကြီး ကျွန်တော်တို့ထိန်းချုပ်ချင်တဲ့သူတွေက မှတ်ပုံလာမတင်ကြဘူး”
သူတို့ထိန်းချုပ်ချင်သည်မှာ ကျင့်ကြံသူများကိုသာ ဖြစ်၏။
ကျန်းယန်အသာအယာပြုံးလိုက်ကာ
“ငါတို့က လ၀က်အချိန်ပေးခဲ့တယ်မဟုတ်လား ထုတ်ပြန်ချက်ကိုပဲ ဆက်ဖြန့်ပြီး သူတို့မှတ်ပုံတင်မတင် သေချာအောင်သာ ဆက်လုပ်နေ
ဒီတစ်ခေါက်က ငါတို့နှိမ့်ချပေးနေလေလေ ပိုကောင်းလေလေပဲ
နားမထောင်တဲ့သူတွေကိုတော့ လ၀က်ပြီးမှ ဖြေရှင်းကြမယ်
အို့ ပြီးတော့ ဒီလ၀က်အတွင်း မြို့ကိုလည်း သန့်ရှင်းသပ်ရပ်နေအောင် လုပ်ထား
ငါလည်းဒီလ၀က်အတွင်း အချို့ကိစ္စလေးတွေ ဂရုစိုက်စရာ ရှိသေးတယ်”
ကျန်းကျစ်ချိုး စိတ်ရှုပ်ထွေးသွားခဲ့သည်။ ကျန်းယန်က ထိုကျင့်ကြံသူများကို ထောင်ချောက်တစ်ခုဆင်နေသလို သူခံစားနေခဲ့ရ၏။
သို့သော်လည်း မြို့ထဲတွင်က နတ်ဝိညာဉ်အဆင့်အနည်းငယ်လည်း ရှိနေခဲ့သည်။ ထိုနတ်ဝိညာဉ်အဆင့်များသာ မြို့ကိုဖရိုဖရဲဖြစ်အောင်လုပ်ခဲ့လျှင် မြို့ကလုံး၀ပျက်ဆီးသွားရမည်သာ။
……
ကျန်းကျစ်ချိုး မြို့ဆီစိုးရိမ်ပူပန်မှုများဖြင့် ပြန်လာခဲ့ပြီး သတင်းကိုဆက်လက်ထုတ်ပြန်နေကာ မှတ်ပုံလာတင်မည့်သူများကို စောင့်ဆိုင်းနေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူငွေသုံး၍ မြို့ကိုသန့်ရှင်းနေခဲ့၏။
အဇူရာတိမ်မြို့သည် တစ်နေ့ပြီးတစ်နေ့ ပြောင်းလဲလာခဲ့သည်။
ထိုစဉ် ကျန်းယန်ကတော့ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းဆီသွားကာ ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်နှင့် သွားရောက်တွေ့ဆုံခဲ့၏။
ဂိုဏ်းတွင်းပဋိပက္ခများဖြစ်ပြီးနောက် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းသည် ခြောက်ကပ်နေခဲ့သည်။
ကျန်းယန် ရောက်ရှိသွားသောအခါ သူတို့တောင်ဂိတ်တံခါးတွင် လူတစ်ယောက်မှပင် ရှိမနေခဲ့ပေ။
ကျန်းယန် အော်ပဲခေါ်ရမလား ဘယ်လိုလုပ်ရမလဲတွေးနေစဉ်တွင် ကောင်းကင်ဒဏ္ဍာရီ၏အသံ ထွက်ပေါ်လာခဲ့၏။
“တက်သာလာခဲ့ပါ ငါအခုတပည့်တွေကို သင်ခန်းစာပို့ချနေတာ အမြန်အပြီးသတ်ခဲ့မယ်”
ကျန်းယန်ပြုံးကာ တောင်ပေါ်တက်လာခဲ့လေသည်။
သူကောင်းကင်ဒဏ္ဍာရီဂိုဏ်း၏ လေ့ကျင့်ရေးကွင်းဆီရောက်သောအခါ ဒါဇင်နှင့်ချီသောတပည့်များကို သင်ခန်းစာပို့ချနေသည့် ကောင်းကင်ဒဏ္ဍာရီကို တွေ့လိုက်ရ၏။
ကျန်းယန် တိတ်တဆိတ်ပင် ဘေးတွင်ထိုင်ကာ သင်ခန်းစာကိုနားထောင်နေခဲ့သည်။
အချိန်အနည်းငယ်ကြာပြီးမှ ကောင်းကင်ဒဏ္ဍာရီသင်ခန်းစာကို အဆုံးသတ်လိုက်ပြီး တပည့်များကို တန်းဖြုတ်လိုက်ကာ ကျန်းယန်ဆီ လျှောက်လာခဲ့ပြီး သူ့ကိုယ်သူလှောင်ပြောင်နေဟန်ဖြင့် ပြောလိုက်၏။
“အခု ငါ့ကောင်းကင်ဒဏ္ဍာရီဂိုဏ်းမှာ တပည့်နည်းနည်းပဲ ကျန်တော့တယ် သူတို့ထဲမှာ အရမ်းပါရမီကောင်းတဲ့တပည့်မျိုးလည်း ရှိမနေဘူးလေ အဲ့တော့ ငါကိုယ်တိုင်သင်ခန်းစာပို့ချဖို့ကလွဲ ရွေးချယ်စရာ မရှိတော့ဘူး”
သူသည် ဒုတိယအကြိမ်သူ့ဂိုဏ်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေခြင်းဖြစ်သည်။ သူ့ဒုတိယအကြိမ်တည်ဆောက်ခြင်းသည် ပထမအကြိမ် ဘာမှမရှိရာကနေ တည်ဆောက်ရခြင်းထက် အနည်းငယ်သာ သာလွန်ပေသည်။
ကျန်းယန် ပြုံးကာ ပြောလိုက်၏။
“စီနီယာ စီနီယာ့အခြေအနေက လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက အဇူရာတိမ်ဂိုဏ်းအခြေအနေထက် အများကြီး သာပါတယ်”
ကောင်းကင်ဒဏ္ဍာရီ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်ကာ
“ဒါပေမယ့် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းမှာ မင်းလိုလူမရှိဘူးလေ…နှစ်ရာချီတည်ဆောက်လာရတဲ့ အုတ်မြစ်ကို ငါတကယ်ပဲ အခုလိုပြိုပျက်မသွားစေချင်ဘူး ကံကောင်းတာက ကျိယန်ရှိနေသေးတာပဲ မဟုတ်ရင်တော့ ငါဘာလုပ်ရမယ်တောင် သိမှာမဟုတ်တော့ဘူး
သူအခု တံခါးပိတ်ကျင့်ကြံနေတယ် သူပြန်ထွက်လာတဲ့အခါ နတ်ဝိညာဉ်အဆင့်ကိုရောက်မယ့် အခွင့်အရေးရှိနေတယ်
အဲ့ဒီအချိန်ကျရင်တော့ ငါနည်းနည်းစိတ်အေးရမှာပါ
စကားမစပ် မင်းကအဇူရာတိမ်ဂိုဏ်းမှာအလုပ်ရှုပ်နေရမယ့်အစား ဘာလို့ဒီကိုရောက်လာတာလဲ”
ပြောနေရင်း သူကျန်းယန်ကို ကောင်းကင်ဒဏ္ဍာရီ ပင်မခန်းမထဲ ဖိတ်ခေါ်လုိက်၏။
“ကျွန်တော် ဒီတစ်ခေါက် စီနီယာ့ဆီကအကူအညီတောင်းဖို့ ရောက်လာခဲ့တာပါ” ကျန်းယန် ပြုံး၍ပြောလိုက်သည်။
“ငါ့ဆီကလား” ကောင်းကင်ဒဏ္ဍာရီအံ့အားသင့်သွားခဲ့၏။
“အဟုတ်ပါပဲ စီနီယာ” ကျန်းယန် ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်တော်အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို ပေါင်းစည်းဖို့ စီစဉ်နေပါတယ် ပြီးတော့ စီနီယာကကျွန်တော့်ကို အပြည့်အ၀ထောက်ခံဖို့ မျှော်လင့်ပါတယ်”
ကောင်းကင်ဒဏ္ဍာရီရုတ်တရက်တောင့်တင်းသွားကာ ဘာပြောရလဲပင် မသိတော့ပေ။