အဇူရာတိမ်ကုန်းမြေတိုက်ကြီး ကံကြမ္မာကို စကားတစ်လုံးတည်းဖြင့် ဆုံးဖြတ်ခြင်း
Vol. 27 Ch. 279
ကောင်းကင်ဒဏ္ဍာရီသည် သူ့ကောင်းကင်ဒဏ္ဍာရီဂိုဏ်း၏ အုတ်မြစ်ကို မပျောက်ပျက်စေလိုသူ ဖြစ်၏။
အခုတော့ တစ်ယောက်ယောက်က သူ့ရှေ့တွင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို စုစည့်မည့်အကြောင်း လာပြောနေချေပြီ။
ထိုအရာက ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကိုလည်း စုစည်းမည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။
“အို့” ကောင်းကင်ဒဏ္ဍာရီမထူးခြားဟန်ဖြင့် ပြန်ပြောလိုက်သည်။ သူတကယ်လည်း ဘာပြောရမလဲ သိမနေခဲ့ပေ။
ကျန်းယန် ကောင်းကင်ဒဏ္ဍာရီ၏ထူးဆန်းသောတုန့်ပြန်ပုံကို ကြည့်ပြီး သူဘာတွေးနေလဲ အကြမ်းဖျင်းခန့်မှန်းမိသွားခဲ့သည်။ သို့သော် သူထိုကိစ္စကို ယာယီလျစ်လျူရှုထားလိုက်ပြီး ဆက်ပြောလိုက်၏။
“စီနီယာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ တိုက်ပွဲကြီးကိုစီနီယာအာရုံခံမိခဲ့တယ်မဟုတ်လား”
ကောင်းကင်ဒဏ္ဍာရီသက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်သည်။
“ငါအာရုံခံမိခဲ့ပြီးတော့ တိုက်ပွဲကြီးဖြစ်နေပြီဆိုတာလည်း သိခဲ့တယ် ဒါပေမယ့် မြင်ကွင်းကကြောက်စရာကောင်းလွန်းလို့ ငါသေချာသွားမကြည့်ရဲခဲ့ဘူး…
ဒါပေမယ့် တိုက်ပွဲထဲက တစ်ခုက ဒီနေရာနဲ့သိပ်မဝေးတဲ့နေရာမှာဖြစ်ခဲ့တာ
ကြောက်စရာကောင်းပြီး တာအိုပေါင်းစည်းခြင်းအဆင့်စွမ်းအားထက်ကျော်လွန်နေတဲ့ မီးတောက်ကြီးတွေ ကောင်းကင်မှာပြည့်နေတာကို ငါအဝေးကနေတောင်မြင်ခဲ့ရတယ်
အဲ့ဒီလိုစွမ်းအားမျိုးကို ငါသွားထောက်လှမ်းလိုက်ရင်လည်း စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို အပြစ်ပြုမိသွားမှာ
အဲ့တာကြောင့်…မင်းရောက်လာတာအတော်ပဲ တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ”
“အို့ ဘာမှတော့မဟုတ်ပါဘူး” ကျန်းယန် အေးအေးဆေးဆေးပြောလိုက်သည်။
“ဂိုဏ်းကြီး ၉ဂိုဏ်းက အဇူရာတိမ်ဂိုဏ်းကိုအားလုံးပေါင်းပြီး တိုက်ရုံလေးပါ
သူတို့က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၀ယောက်ကို ကုန်းမြေတိုက်ကြီးအပြင်မှာ ၀န်းရံခိုင်းထားပြီး အချိန်မရွေးကျူးကျော်နိုင်ဖို့ အသင့်ပြင်ထားခဲ့ကြတယ်လေ
ပြီးတော့ တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့် ၂၇ယောက်နဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ကျိုးရွှမ်ရှန်းက အဇူရာတိမ်ဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ဖို့ ကုန်းမြေတိုက်ကြီးထဲ ၀င်လာကြတယ်”
ကောင်းကင်ဒဏ္ဍာရီ ပင့်သက်ရှိုက်လိုက်မိသည်။
ဒါကြီးက ဟာသဟုတ်မနေခဲ့ပေ။
ဂိုဏ်းကြီး ၉ ဂိုဏ်း ပူးပေါင်းလိုက်လျှင် မည်မျှကြောက်စရာကောင်းသောစွမ်းအား ဖြစ်နေပါမည်နည်း။
သို့သော် ထိုကလေးကတော့ အေးဆေးဖြစ်နေပုံဖြင့် ပြောပြနေခဲ့သည်။ သူ့ကို လာနောက်နေပုံပင်။
သေချာတွေးပြီးနောက် ကောင်းကင်ဒဏ္ဍာရီဒေါသတကြီး ပြန်ပြောလိုက်၏။
“နောက်မနေနဲ့တော့”
“ကျွန်တော်နောက်နေတာမဟုတ်ဘူး” ကျန်းယန် သူ့ကိုကြည့်ကာ ပြောလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းက သေခြင်းရှင်ခြင်းအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတယ် ပြီးတော့ ကျွန်တော်တို့က မိစ္ဆာ ၁၅ကောင်ကို လွှတ်ပေးပြီး သူတို့နဲ့ပူးပေါင်းခဲ့တယ်
အဲ့ဒီမှာ ကျွန်တော့်ဆရာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်နဲ့ ပေါင်းလိုက်တော့ ကျွန်တော်တို့မှာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၆ယောက်အား ရှိသွားတယ်လေ
တစ်ချက်တည်းနဲ့ ကျွန်တော်တို့က တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်တွေကို ရှင်းပစ်ခဲ့ပြီး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၀ယောက်ကို မောင်းထုတ်နိုင်ခဲ့တယ်
ပြီးတော့ ၀မ်လင်းကုန်းမြေတိုက်ကြီးဆီ မိစ္ဆာ ၅ကောင်လွှတ်ပြီး ၀မ်လင်းဂိုဏ်း အရှုံးပေးကြောင်းသဘောတူညီချက်ပေးရတဲ့အထိ ရိုက်နှက်ပစ်ခဲ့တယ်
နောက်ဆုံးကျတော့ မိစ္ဆာ ၁၅ကောင်ရဲ့အားနဲ့ပဲ ဂိုဏ်းကြီးတွေကိုဖိအားပေးပြီး ဂိုဏ်းကြီး ၉ဂိုဏ်းဆီက လျော်ကြေး ၆၀ဘီလီယံကျော် ရခဲ့တယ်”
သူကောင်းကင်ဒဏ္ဍာရီကိုပင် မိစ္ဆာအရေအတွက်အကြောင်း အမှန်တရားကို ပြောမပြခဲ့ပေ။
ကောင်းကင်ဒဏ္ဍာရီ ကျန်းယန်ကိုငေးကြောင်စွာ စိုက်ကြည့်နေခဲ့မိသည်။
အတန်ကြာသောအခါမှ သူဒေါသတကြီး ပြောလိုက်၏။
“ကောင်စုတ်လေး ငါမင်းကိုမနောက်ဖို့ ပြောခဲ့တယ်မလား”
သူကြားခဲ့ရသမျှအရာအားလုံးက စိတ်ကူးယဉ်ဆန်လွန်းလှသည်။
အဇူရာတိမ်ဂိုဏ်းသည် မိစ္ဆာများကိုစောင့်ကြပ်နေသော ဂိုဏ်းဖြစ်၏။ ထိုမိစ္ဆာ ၁၅ကောင်ကိုသာ လွှတ်ပေးလိုက်လျှင် အဇူရာတိမ်ကုန်းမြေတိုက်ကြီး ဆက်လက်တည်ရှိနိုင်ပါဦးမည်လော။
ပြီးတော့ ဂိုဏ်းကြီး ၉ဂိုဏ်းဆီက စိတ်ဝိညာဉ်ကျောက်တုံး ၆၀ဘီလီယံတဲ့လား။
ထိုအရာကလုံး၀ အဓိပ္ပာယ်ရှိမနေခဲ့ပေ။
“ကောင်းကင်ဒဏ္ဍာရီ သူနောက်နေတာမဟုတ်ဘူး”
ချင်းယွင်ကျိအသံ ရုတ်တရက်ပေါ်လာခဲ့လေသည်။
“မကြာသေးခင်က ငါတို့တကယ်ကြီး သူတို့နဲ့တိုက်ခိုက်ခဲ့ရတယ်
မင်းသေချာစုံစမ်းကြည့်ရင် အမှန်တရားကို သိသွားမှာပါ”
ကောင်းကင်ဒဏ္ဍာရီ ငေးကြောင်သွားခဲ့၏။
သူကျန်းယန်စကားကိုမယုံသော်လည်း ချင်းယွင်ကျိစကားကိုတော့ မယုံ၍ မရပေ။
သူစုံစမ်းဖို့တောင် မရဲခဲ့ချိန်တွင် ထိုမျှကြောက်စရာကောင်းသော အဖြစ်အပျက်မျိုး ဖြစ်သွားခဲ့လိမ့်မည်ဟု သူထင်မထားခဲ့မိပေ။
သူ့လို တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်တောင် မသိခဲ့လျှင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်က လူဘယ်နှစ်ယောက်က ထိုကိစ္စကို သိနိုင်ပါမည်နည်း။
“စီနီယာ အဲ့ဒီတုန်းက မြင်ခဲ့တဲ့ ကြောက်စရာမီးတောက်တွေက” ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။
“အဲ့တာတွေက မိစ္ဆာမျိုးနွယ်က ရှေးဟောင်းမိစ္ဆာ ဂူဟွမ်ရဲ့မီးတောက်တွေ
သူကမီးတောက်မိစ္ဆာတစ်ကောင်ပဲ”
ကောင်းကင်ဒဏ္ဍာရီ အမြင်များပင် မပြတ်မသားဖြစ်သွားခဲ့သည်။
သူလုံး၀ တုန်လှုပ်သွားခဲ့ရ၏။
အတန်ကြာသောအခါမှ သူသတိပြန်လည်သွားပြီး တံတွေးမြိုချကာ မေးလိုက်သည်။
“...ပြီးတော့ရော”
ကျန်းယန် အမူအရာလေးနက်သွားကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဂိုဏ်းကြီး ၉ဂိုဏ်းက ဒီတစ်ခေါက်အကြီးအကျယ်ရှုံးနိမ့်သွားပြီး လျော်ကြေးအဖြစ် ဘီလီယံ ၆၀ကျော်ပေးခဲ့ရတာ
သူတို့က ဒီကိစ္စကို အလွယ်တကူလျှော်ပေးလိုက်မှာ မဟုတ်ဘူး”
“သူတို့ လတ်တလောမလှုပ်ရှားသေးတဲ့အကြောင်းအရင်းက လက်ရှ်ိအဇူရာတိမ်ဂိုဏ်းမှာ သူတို့ကိုဖိနှိပ်ဖို့ လုံလောက်တဲ့အင်အား ရှိနေလို့ပဲ
ဒါပေမယ့် အကြောင်းပြချက်အချို့ကြောင့် အဇူရာတိမ်ဂိုဏ်းမှာ နှစ် ၂၀ပဲအချိန်ရတယ်
နှစ် ၂၀ကုန်သွားရင် စစ်ပွဲကြီးတစ်ခုထပ်ဖြစ်လာလိမ့်ဦးမယ်
ကျွန်တော်တို့က ဒီနှစ် ၂၀အတွင်းမှာ ဂိုဏ်းကြီး ၉ ဂိုဏ်းနဲ့ ယှဉ်နိုင်ဖို့ လုံလောက်တဲ့အင်အားရှိလာအောင် ကြိုးစားထားရမယ်
ပြီးတော့ ဂိုဏ်းကြီး ၉ဂိုဏ်းကလည်း ဒီနှစ်တွေအတွင်း ကျွန်တော်တို့ကို ငြိမ်းငြိမ်းချမ်းချမ်း ဖွံ့ဖြိုးတိုးတက်ခွင့်ပြုမှာ မဟုတ်ဘူး
အဇူရာတိမ်ဂိုဏ်းထဲမှာတော့ ဘာအတွင်းရေးပဋိပက္ခမှရှိမလာလောက်ဘူးဆိုတာကိုတော့ ကျွန်တော်ယုံတယ်
ဆိုတော့ အဇူရာတိမ်ဂိုဏ်းရဲ့အင်အားကို တိုးချဲ့ပေးမယ့် တစ်ခုတည်းသော အရာက အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်က သက်ရှိတွေပဲ
အဲ့တာကြောင့် ကျွန်တော်အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို စုစည်းချင်တာပဲ
ဒါကြောင့်ပဲ ကျွန်တော်စီနီယာ့ဆီ အကူအညီတောင်းဖို့ လာခဲ့တာပါ
ကျွန်တော်တို့ရဲ့ အင်အားတွေကိုတိုးမြှင့်ဖို့အတွက် ကျွန်တော်တို့ကိုယ်ကျွန်ဝောာ်တို့ ကြိုးတစ်ချောင်းအဖြစ် ကျစ်ထားဖို့လိုတယ် မဟုတ်ရင် နှစ် ၂၀ ကုန်သွားပြီးတဲ့နောက်နေ့က အဇူရာတိမ်ကုန်းမြေတိုက်ကြီး ပျက်ဆီးတဲ့နေ့ဖြစ်လာလိမ့်မယ်”
ကောင်းကင်ဒဏ္ဍာရီနောက်ဆုံးတွင် နားလည်သွားခဲ့သည်။
သူခါးသက်သက်ပြုံးကာ ပြောလိုက်၏။
“ငါကောင်းကင်ဒဏ္ဍာရီဂိုဏ်းရဲ့ အုတ်မြစ်ကို လက်လျှော့ဖို့ တွန့်ဆုတ်နေပေမယ့်လည်း ငါအခုဘာလုပ်သင့်လဲဆိုတာ သိပါတယ်
ဆိုတော့…မင်းငါ့ကိုဘာလုပ်စေချင်လဲ”
ကျန်းယန် ပြောပုံအရ အဇူရာတိမ်ကုန်းမြေတိုက်ကြီးတွင် ရွေးချယ်စရာလမ်းက တစ်ခုတည်းသာရှိတော့ပုံရသည်။
ကျန်းယန်မျက်ခုံးပင့်ကာ ပြုံးလိုက်၏။
“ကြည့်ရတာ စီနီယာတစ်ခုခုကိုအထင်လွဲသွားတဲ့ပုံပဲ
ကျွန်တော်ပြောတဲ့ ကုန်းမြေတိုက်ကြီးကို စုစည်းတယ်ဆိုတာ အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို အဇူရာတိမ်ဂိုဏ်းထဲ စုပ်ယူလိုက်မယ်ဆိုတဲ့ သဘောမျိုးမဟုတ်ပါဘူး
လွန်ခဲ့တဲ့ နှစ်၁၀၀၀အတွင်း အဇူရာတိမ်ကုန်းမြေတိုက်ကြီးက တိမ်တောင်အင်ပါယာနဲ့ ယွင်ထန့်အင်ပါယာလိုအင်ပါယာတွေနဲ့ မြောက်ပိုင်းက ဂိုဏ်းတွေအများကြီးကို မွေးထုတ်ပေးနိုင်ခဲ့တယ် ပြီးတော့ စီနီယာ့ရဲ့ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းလို ဂိုဏ်းကြီးမျိုးကိုရောပဲ
အဲ့ဒီအင်အားစုတွေအကုန်လုံးက အနာဂတ်မှာ အရင်လိုပဲ အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်မှာ ဖွံ့ဖြိုးတိုးတက်နိုင်ကြမှာပါ
ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းက ကျွန်တော်တို့ရဲ့ လီ၃၀၀ကျယ်၀န်းတဲ့ နယ်မြေကိုပဲ ယူမှာ ဘယ်သူ့ရဲ့အုတ်မြစ်ကိုမှ ထိပါးမှာမဟုတ်ဘူး
ဒါပေမယ့် ကြိုပြီး တောင်းဆိုချင်တာလေး တစ်ခုတော့ရှိတယ်
အင်အားစုတွေအားလုံးက အဇူရာတိမ်ဂိုဏ်းရဲ့အမိန့်ကို နာခံရမယ်
အနည်းဆုံးတော့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးကပ်ဘေးနဲ့ရင်ဆိုင်နေရတဲ့ ကာလအတွင်းမှာ အဇူရာတိမ်ဂိုဏ်းနဲ့ ပူးပေါင်းရမယ်
နောက်ဆုံးတော့ ကျွန်တော်တို့က ဂိုဏ်းကြီး ၉ဂိုဏ်းကို ရှေ့တန်းကနေပြီး ရင်ဆိုင်ပေးနေတာလေ ကျွန်တော်တို့နောက်မှာ အတွင်းရေးပဋိပက္ခတွေ ရှိနေရင် အဆင်ဘယ်ပြေနိုင်ပါ့မလဲ
အခုအခြေအနေမှာ ကျွန်တော်တို့ဘက်က အမှားသေးသေးလေးတောင် လုပ်ခွင့်မပေးနိုင်ဘူး
ဒီချဉ်းကပ်မှုကို စီနီယာနားလည်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”
ကောင်းကင်ဒဏ္ဍာရီ ကျန်းယန်ကို အံ့အားတကြီး ကြည့်လိုက်၏။
သူ့ဂိုဏ်း၏အုတ်မြစ်ကို တကယ်ကြီး ထိန်းထားနိုင်ပါဦးမည်လော။
သူ့အမြင်တွင် လက်ရှိအဇူရာတိမ်ဂိုဏ်း၏အင်အားက ကြောက်စရာကောင်းတာထက်ပင် ပိုနေပြီး ခုခံဖို့ လုံး၀ဖြစ်နိုင်မည် မဟုတ်ပေ။
ထို့အပြင် အဇူရာတိမ်ဂိုဏ်းသည် အဇူရာကုန်းမြေတိုက်ကြီးကောင်းကျိုးအတွက် ဆောင်ရွက်နေခြင်းဖြစ်လေရာ ဤကုန်းမြေတိုက်ကြီးတွင် နေထိုင်သူများအနေဖြင့် ပါ၀င်အကျိုးဆောင်ပေးသင့်၏။
သူတွန့်ဆုတ်နေသည့် တစ်ခုတည်းသောအရာက သူ့ဂိုဏ်း၏အုတ်မြစ်ကြောင့်သာ ဖြစ်သည်။
အခုတော့ ထိုကိစ္စအတွက်စိတ်ပူစရာမလိုတော့ပေ။
“ဆိုတော့ မင်းကငါ့ကိုဘာကူညီစေချင်ဝာာလဲ” ကောင်းကင်ဒဏ္ဍာရီစိတ်၀င်တစား မေးလိုက်၏။
ကျန်းယန်ပြုံးလိုက်သည်။
“လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ကျွန်တော်စီနီယာ့ကို မဟာမိတ်တပ်ပေါင်းစုတစ်ခုတည်ဆောက်ဖို့ အကြံပေးခဲ့တယ် အခုက အဲ့ဒီမဟာမိတ်တပ်ပေါင်းစုကို အသုံးပြုရမယ့်အချိန်ပဲ
ကျွန်ဝောာ်စီနီယာ့ကို အဲ့ဒီမဟာမိတ်အဖွဲ့သားတွေကိုစုစည်းပြီး ခုနက ကျွန်တော်ပြောပြခဲ့တဲ့အကြောင်းအရာကို ပြောပြစေချင်ပါတယ်”
“ပြဿနာမရှိပါဘူး” ကောင်းကင်ဒဏ္ဍာရီချက်ချင်း သဘောတူလိုက်၏။
“ခဏစောင့်ပေး ငါသူတို့ကိုသွားရှာပြီး ဒီကိစ္စကိုအမြန်ပြီးသွားအောင် လုပ်ပေးမယ်”
“ကျေးဇူးတင်ပါတယ် စီနီယာ” ကျန်းယန် ကျေးဇူးတင်စကား ပြောလိုက်လေသည်။
“အစည်းအဝေးပြီးသွားရင် ကျွန်တော့်ကို ရလဒ်လေးပြန်အကြောင်းကြားပေးပါ
လက်ရှိအခြေအနေမှာ ကျွန်တော်ကအဇူရာတိမ်ဂိုဏ်းရဲ့ ကိစ္စအ၀၀ကိုတာ၀န်ယူထားပါတယ်
အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို စုစည်းမယ့်အကြံကလည်း ကျွန်တော့်အကြံဆိုတော့ ရလဒ်ကိုကျွန်တော်သိဖို့ လိုလို့ပါ”
ကောင်းကင်ဒဏ္ဍာရီ ကျန်းယန်ကိုတုန်လှုပ်စွာ ကြည့်လိုက်မိ၏။
ချင်းယွင်ကျိသည် ကျန်းယန်ကို ကိစ္စအားလုံးလွှဲထားလိုက်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။
ဤအခိုက်တွင် သူ့ရှေ့ကကလေးသည် အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်တွင် အာဏာအရှိဆုံးသူ ဖြစ်နေခဲ့ချေပြီ။
ကံဆိုးစွာဖြင့် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းနှင့်အဇူရာတိမ်ဂိုဏ်းကြားက လက်ထပ်ပွဲသည် မအောင်မြင်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် သူစိတ်ပူသလိုလည်း ခံစားလိုက်ရ၏။
အဇူရာတိမ်ကုန်းမြေတိုက်ကြီးသည် တကယ်ကြီး ရှင်သန်နိုင်မည်လော။
ဂိုဏ်းကြီး ၉ ဂိုဏ်းက အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို အလွယ်တကူ အလွှတ်ပေးလိမ့်မည် မဟုတ်ပေ။