ကမ္ဘာကြီးက ပြောင်းလဲသွားပြီ
Vol. 27 Ch. 282
ကောင်းကင်ဒဏ္ဍာရီဂိုဏ်းမှ ထွက်ခွာလာခဲ့ပြီးနောက် ကျန်းယန် သိပ်မဝေးသော တိမ်တောင်အင်ပါယာဆီရောက်ရှိလာခဲ့သည်။
ယွင်ထန့်အင်ပါယာကို စစ်ထူမင်ယွဲ့က ကိုင်တွယ်မည်ဖြစ်သောကြောင့် သူ့တာ၀န်က တိမ်တောင်အင်ပါယာကို ကိုင်တွယ်ဖို့ ဖြစ်လာခဲ့၏။
ကျန်းယန် တိမ်တောင်အင်ပါယာဆီရောက်သောအခါ တိုက်ရိုက်ပင် နန်းမြို့တော်ထဲ၀င်ရောက်သွားခဲ့သည်။
ယခုအခေါက်တွင် သူသည် တိမ်တောင်အင်ပါယာကိုဖိနှိပ်ဖို့ လာခြင်းဖြစ်သောကြောင့် သဘောထားခပ်တင်းတင်းပြထားတာက ပိုကောင်းပေသည်။
တိမ်တောင်အင်ပါယာလီရှီချင်း ကျန်းယန်ကိုအေးစက်စက်စိုက်ကြည့်ကာ မေးလိုက်၏။
“မင်းဘာလို့ရောက်လာပြန်တာလဲ”
သူသည် အတွင်းစိတ်ထဲတွင် အတော်ကြီးဒေါသထွက်နေခဲ့သည်။
ထိုကလေးက သူ့ကို ဧကရာဇ်တစ်ပါးအဖြစ် လုံး၀ အလေးအနက်မထားခဲ့ပေ။
ကျန်းယန် သိုလှောင်လက်စွပ်ထဲမှ ကုလားထိုင်တစ်လုံးထုတ်ကာ လီရှီချင်းရှေ့တွင်ချ၍ ဖြည်းဖြည်းချင်းထိုင်ချလိုက်ပြီး မေးလိုက်၏။
“အရှင်မင်းကြီး ကျွန်တော်တို့မတွေ့တာ ၂နှစ်လောက်ကြာသွားပြီ မဟုတ်လား
ဒီနှစ်တွေအတွင်း ၀တ်စုံပြာအဖွဲ့ရဲ့ အကူအညီနဲ့ တိမ်တောင်အင်ပါယာက အကျိုးအမြတ်တွေ အတော်လေး ရလိုက်တယ်မဟုတ်လား
ကျွန်တော်ထောက်ပံ့ပေးထားတဲ့ နဂါးပျံအဖွဲ့က နည်းနည်းလေးအင်အားပိုကြီးလာတော့ အရှင်မင်းကြီးမှာ ကျွန်ဝောာ့်ကိုရင်ဆိုင်ဖို့ ယုံကြည်မှုတွေ ပိုရှိလာတာလား”
လီရှီချင်း စားပွဲကို ဒေါသဖြင့်ဖြန်းကနဲရိုက်ချလိုက်၏။
“မင်းဘာကိုဆိုလိုတာလဲ”
“၀တ်စုံပြာအဖွဲ့ဆိုတာ ကျွန်တော့်လူတွေပါ” ကျန်းယန် ပြုံး၍ပြောလိုက်သည်။
“ပြီးတော့ ကျွန်တော့်မှာ အဲ့ဒီလိုတပ်ဖွဲ့နှစ်ဖွဲ့ထပ်ရှိသေးတယ်”
လီရှီချင်းအသက်ပြင်းပြင်းရှူလိုက်ကာ အားတင်း၍ ပြုံးလိုက်ပြီး
“ငါတို့တိမ်တောင်အင်ပါယာက အမြဲတန်း အဇူရာတိမ်ဂိုဏ်းနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိချင်ခဲ့တာပါ ဒီတစ်ခေါက် ၀တ်စုံပြာအဖွဲ့ရဲ့ အကူအညီကြောင့် ငါတို့အကျိုးအမြတ်အများကြီး ရလိုက်တယ် အဲ့တာကြောင့် အဇူရာတိမ်ဂိုဏ်းကို ကျေးဇူးတင်ပါတယ်
အမတအရှင်ကျန်း ဒီတစ်ခေါက်လာတာက အဲ့ဒီကိစ္စအတွက်သက်သက်တော့ မဟုတ်ဘူးမလား”
သူကျန်းယန်ဆိုလိုတာကို နားလည်၏။
ထို့ကြောင့် သူ့တွင်လေသံလျှော့လိုက်ဖို့မှလွဲ ရွေးစရာမရှိတော့ပေ။
နဂါးပျံတပ်ဖွဲ့သည် ပိုအားကောင်းလာသော်လည်း အဇူရာတိမ်ဂိုဏ်းရှေ့တွင်တော့ ဘာမှ မဟုတ်သေးပေ။
ကျန်းယန် လီရှီချင်းမေးခွန်းကိုတိုက်ရိုက်မဖြေခဲ့ပေ။ ထိုအစား ဆက်မေးလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းရဲ့ အနောက်မြောက်ဘက်က မိုင်တစ်ထောင်ကျော်ကြီးမားတဲ့ မြေကဖုန်းဆိုးမြေအဖြစ် ပြောင်းလဲသွားခဲ့ရတယ် အဲ့ဒီမှာရှိတဲ့ သက်ရှိတွေအားလုံးလည်း သေဆုံးခဲ့တယ်
အရှင်မင်းကြီး အဲ့ဒီသတင်းကို ကြားမိပါသလား”
လီရှီချင်း ကျန်းယန်ကိုကြည့်ကာ ဖြည်းဖြည်းချင်းပြန်ပြောလိုက်၏။
“အဲ့ဒီအရပ်က ကောင်းကင်နဲ့မြေပြင်မှာ သာမန်မဟုတ်တဲ့ လှုပ်ရှားမှုတွေရှိတယ်လို့ စစ်သူကြီးရှုပိုင်ပြောတာ ကြားခဲ့ရတယ်
စစ်သူကြီးရှုပိုင်က အဲ့ဒီနေရာကို စုံစမ်းဖို့လူတွေလွှတ်ခဲ့တယ် မကြာခင်မှာ ရလဒ်တွေကိုသိရတော့မှာပါ
အဲ့ဒီဒေသက တိမ်တောင်အင်ပါယာရဲ့ နယ်မြေဟုတ်မနေဘူး အဲ့တာကြောင့် စုံစမ်းမှုတွေက နှေးကွေးနေခဲ့ရတာ
ဒါပေမယ့် မကြာခင်က တိမ်တောင်အင်ပါယာမှာလည်း ကိစ္စကြီးတစ်ခု ဖြစ်သွားသေးတယ်
ယွင်ကျိုးမှာရှိတဲ့ အပင်တွေရုတ်တရက် ခြောက်သွေ့သွားပြီး လူပေါင်းများစွာလည်း ရုတ်တရက်ကြီး အသက်ကြီးသွားခဲ့ရတယ် အကြောင်းအရင်းကိုတော့ မသိရဘူး
အဲ့တာကြောင့် ငါတို့က အမတအရှင်ချင်းယွင်ကို မိစ္ဆာတစ်ကောင်ကောင်များ လွတ်သွားသလားလို့ မေးဖို့ စီစဉ်ထားတာပါ”
သူ့အမြင်တွင် ထိုကဲ့သို့သော ကြောက်စရာဖြစ်ရပ်မျိုးဖြစ်အောင်လုပ်နိုင်သူမှာ မိစ္ဆာများသာ ရှိပေသည်။
သူ့ခန့်မှန်းချက်ကလည်း အတော်လေးနီးစပ်ခဲ့၏။ တကယ်လည်း ထိုအဖြစ်အပျက်က မိစ္ဆာဂူဟွမ်ကြောင့် ဖြစ်ပျက်ခဲ့ရခြင်း ဖြစ်၏။
ကျန်းယန် လီရှီချင်းမေးခွန်းကို တိုက်ရိုက်မဖြေဘဲ ဆက်ပြောလိုက်သည်။
“အနောက်မြောက်ပိုင်းက ဖုန်းဆိုးမြေက စွမ်းအားကြီးပညာရှင်နှစ်ယောက်ရဲ့ တိုက်ပွဲကြောင့် ဖြစ်သွားခဲ့ရတာ
အဲ့ဒီစွမ်းအားကြီးတည်ရှိမှုကြီးတွေက အဇူရာတိမ်ကုန်းေမြတုိက်ကြီးကို ဖျက်ဆီးချင်ေနတဲ့ အခြားကုန်းမြေတိုက်ကြီးတွေဆီကပဲ ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းက သူတို့ကိုပြန်မောင်းထုတ်ခဲ့တာ
အလားတူပဲ ယွင်ကျိုးကအဖြစ်အပျက်ကလည်း အဇူရာတိမ်ဂိုဏ်းက အဲ့ဒီကျင့်ကြံသူတွေကို လိုက်တိုက်ခိုက်ရင်း ဖြစ်ခဲ့ရတာ”
လီရှီချင်းအမူအရာပြောင်းလဲသွားခဲ့သည်။
“အခြားကုန်းမြေတိုက်ကြီးတွေဆီက ကျူးကျော်မှုလား” သူအမြန်မေးလိုက်၏။
ကျန်းယန် ခေါင်းညိတ်ပြလိုက်သည်။
“အခြားကုန်းမြေတိုက်ကြီးတွေက ကျွန်တော်တို့ကိုဖျက်ဆီးပစ်ချင်နေတာလို့ ကျွန်တော်အမြဲပြောခဲ့ပါတယ် ခင်ဗျားတို့လူတွေဘယ်တုန်းကမှ မယုံခဲ့ကြပေမယ့် တကယ်တော့ အဇူရာတိမ်ဂိုဏ်းကပဲ ခင်ဗျားတို့ကို အဲ့ဒီအန္တရာယ်ကနေ ကာကွယ်ပေးထားခဲ့တာ
အခုဆိုရလဒ်ကိုလည်း သက်သေပြပြီးပြီ
လက်ရှိမှာ အဇူရာတိမ်ဂိုဏ်းက ကပ်ဘေးကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတယ် အဲ့တာကြောင့် ကျွန်တော်တို့မှာ ရှိသမျှအင်အားအားလုံးကိုစုစည်းပြီး ခုခံရလိမ့်မယ်
အဇူရာတိမ်ဂိုဏ်းက သူ့ကိုယ်ပိုင်ရန်သူတွေကို ရင်ဆိုင်မယ်
အဲ့ဒီလိုပဲ တိမ်တောင်အင်ပါယာကလည်း သူ့တာ၀န်သူ ယူရလိမ့်မယ်”
“ဒီတစ်ခေါက် ကျွန်တော်လာခဲ့တာက တိမ်တောင်အင်ပါယာက အဇူရာတိမ်ဂိုဏ်းရဲ့ အမိန့်တွေကိုနာခံပြီး အဇူရာတိမ်ဂိုဏ်းရဲ့ အစီအစဉ်အတိုင်း လိုက်လုပ်မယ်လို့ မျှော်လင့်မိလို့ပါ
ဒီနည်းလမ်းနဲ့ပဲ ကျွန်တော်တို့မှာ ရှင်သန်ဖို့အခွင့်အရေးတစ်ခု ရှိလာနိုင်မှာ”
လီရှီချင်း ချက်ချင်းမတ်တပ်ထရပ်ကာ ဒေါသတကြီးအော်ပြောလိုက်လေသည်။
“မင်းတို့က တိမ်တောင်အင်ပါယာရဲ့ တကယ့်အုပ်ချုပ်သူတွေ ဖြစ်လာချင်နေကြတာလား မဖြစ်နိုင်ဘူး ငါဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး”
“ဒါဆိုရင် သေဖို့ ပြင်ထားလိုက်တော့” ကျန်းယန် ကုလားထိုင်ပေါ်တွင်ထိုင်နေရင်း လီရှီချင်းကိုကြည့်ကာ အေးအေးဆေးဆေးပြောလိုက်၏။
“တကယ်လို့ တိမ်တောင်အင်ပါယာမှာ နောက်တော်၀င်မိသားစုတစ်ခု နန်းတက်လာခဲ့ရင် သူတို့က ပိုပြီးနာခံတတ်လိမ့်မယ်လို့ ကျွန်တော်ယုံတယ်
တိမ်တောင်အင်ပါယာက ဘီလီယံနဲ့ချီတဲ့သူတွေ ဘေးကင်းနေသေးသရွေ့ ဘယ်သူပဲအုပ်ချုပ်ချုပ် ကျွန်တော်ဂရုမစိုက်ဘူး”
“ရိုင်းလိုက်လေ” လီရှီချင်း ဟိန်းဟောက်လုိက်သည်။
“မင်းကများ ငါကိုယ်ေတာ်ကို ဒီလိုပြောရဲရသလား”
မိန်းမစိုးဟုန်လည်း ဘေးကနေ ၀င်အော်လိုက်၏။
“မင်းက အဇူရာတိမ်ဂိုဏ်းကဆိုတာနဲ့ တိမ်တောင်အင်ပါယာမှာ လုပ်ချင်တိုင်းလုပ်လို့ရလိမ့်မယ်လို့ မထင်လိုက်နဲ့”
ကျန်းယန် ထရပ်ကာ ကုလားထိုင်ကိုပြန်သိမ်းလိုက်သည်။
“ကျွန်တော့်မှာ အချိန်ရှိရင်တော့ အချိန်ပေးပြီး အရှင်မင်းကြီးကို သိမ်းသွင်းမှာပါ ကံဆိုးစွာနဲ့ လတ်တလော ကျွန်တော်တို့မှာ အလိုအပ်ဆုံးအရာက အချိန်ဖြစ်နေတယ်”
သူတကယ်ပဲ ထိုကဲ့သို့သော ကိစ္စမျိုးအပေါ် အချိန်မဖြုန်းနိုင်ပေ။
အကယ်၍ တိမ်တောင်အင်ပါယာလေးကို နှစ်ပေါင်းများစွာသုံးပြီး သိမ်းသွင်းနေရလျှင် သူအခြားကိစ္စများကို ဘယ်လိုသွားဆောင်ရွက်ရပါတော့မည်နည်း။
“ကျွန်တော်နောက်ဆုံးအကြိမ်မေးပါမယ်…အရှင်မင်းကြီး အဇူရာတိမ်ဂိုဏ်းရဲ့ ဦးဆောင်မှုနောက်ကို လိုက်မှာလား မလိုက်ဘူးလား” ကျန်းယန် လီရှီချင်းကို အေးစက်စက်စိုက်ကြည့်ကာ မေးလိုက်၏။
“မိန်းမစိုးဟုန်” လီရှီချင်း အံကိုကြိတ်၍ ခေါ်လိုက်သည်။
“အစေခံအိုကြီးက နာခံလျက်ပါ”
မိန်းမစိုးဟုန် တစ္ဆေတစ်ကောင်ကဲ့သို့ ရွေ့လျားသွားပြီး ကျန်းယန်ဆီပြေး၀င်သွားခဲ့၏။
သူ့ခန္ဓာကိုယ်ရွေ့လျားသွားသည်နှင့် ကောင်းကင်နှင့်မြေပြင်နိယာမများကလည်း သူနှင့်အတူ လိုက်ပါလှုပ်ရှားသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် မိန်းစိုးဟုန်လိုနှင့်တူသည့် များစွာသော ဝိညာဉ်အခြေတည်အဆင့်များက လီရှီချင်းကို ကာကွယ်ရန် သူ့ပတ်ပတ်လည်တွင် နေရာယူထားလိုက်ကြ၏။
ကျန်းယန်မျက်ခုံးများတွန့်ကွေးသွားခဲ့သည်။
“နောက်လိုက်အိုကြီးကလည်း နတ်ဝိညာဉ်အဆင့်ကိုရောက်သွားပြီလား ခင်ဗျားတို့သဘောထားတွေတင်းမာကုန်တာ မအံ့ဩတော့ပါဘူး ခင်ဗျားတို့အင်အားက တိုးလာတာကိုး”
“အဇူရာတိမ်ဂိုဏ်းကို ကျေးဇူးတင်သင့်တယ်” မိန်းမစိုးဟုန် မောက်မာစွာ ရယ်မောလိုက်၏။
“မင်းတို့ကသာ အရင်းအမြစ်တွေသိမ်းပိုက်ဖို့ ကူညီမပေးခဲ့ရင် ငါအဆင့်ချိုးဖြတ်ဖို့ ခက်ခဲနေခဲ့ဦးမှာပဲ”
“စိတ်မပူပါနဲ့ ငါကအဇူရာတိမ်ဂိုဏ်းကို အပြစ်မပြုချင်ပါဘူး မင်းကိုဖမ်းပြီးတာနဲ့ အဇူရာတိမ်ဂိုဏ်းကို မင်းကိုလာခေါ်ခိုင်းလိုက်မှာ”
သူနတ်ဝိညာဉ်စွမ်းအားကိုသုံးကာ ကောင်းကင်နှင့်မြေပြင်နိယာမများကိုထိန်းချုပ်ပြီး ကျန်းယန်ကို ချုပ်နှောင်လိုက်လေသည်။
ကျန်းယန် ထိုနေရာတွင် မလှုပ်မယှက်ရပ်နေခဲ့၏။ မင်ကွမ်းချပ်၀တ်ကို ၀တ်ဆင်ထားသောကြောင့် သူသည် ထိုနိယာမများ၏စွမ်းအားကို တောင့်ခံနိုင်နေခဲ့သည်။
“ခင်ဗျားက အခုမှ နတ်ဝိညာဉ်အဆင့်ရောက်တာကို ကျုပ်ကိုဖမ်းထားဖို့ ဘယ်ကယုံကြည်မှုတွေရလာတာလဲ” ကျန်းယန်ပြောလိုက်ကာ ခေါင်းကိုခါယမ်းလိုက်၏။
အဇူရာတိမ်ဂိုဏ်းကိုတောင် လာခေါ်ခိုင်းဦးမတဲ့လား!
မင်းတို့မှာ အဲ့လောက်အရည်အချင်းရှိလို့လား!
သေမျိုးကမ္ဘာမှာ ကျတဲ့ဆင်း!
မရေတွက်နိုင်သောနှင်းများ ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့ပြီး ဓားချီကိုသယ်ဆောင်ထားသော နှင်းပွင့်များက ခန်းမတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။
ထိုအကွက်ကို ကမ္ဘာပေါ်က ပါရမီအကောင်းဆုံးဟူသော ဝိညာဉ်အခြေတည်အဆင့်များပင် မခုခံနိုင်လေရာ သာမန်ဝိညာဉ်အခြေတည်အဆင့် မိန်းမစိုးလေးများက မည်သို့ခုခံနိုင်ပါမည်နည်း။
နှင်းပွင့်များနှင့် ထိမိသည်နှင့် ထိုမိန်းမစိုးလေးများ၏ တစ်ကိုယ်လုံး အပေါက်များဖြစ်သွားခဲ့ပြီး သွေးများက အိတ်ပေါက်သလို ပန်းထွက်လာခဲ့၏။
အစက စိတ်အေးနေသော လီရှီချင်းတစ်ယောက် မိန်းမစိုးလေးများ၏ကြောက်မက်ဖွယ်အခြေအနေနှင့် လေထဲက နှင်းပွင့်များကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြား အော်ဟစ်လိုက်လေသည်။
“ဧကရာဇ်ကို ကာကွယ်ကြ”
မိန်းမစိုးဟုန် နှောင့်နှေးမနေရဲခဲ့ပေ။ ချက်ချင်းဆိုသလို လီရှီချင်းဘေးသို့ ရောက်ရှိသွားခဲ့ပြီး နတ်ဝိညာဉ်အသိစိတ်စွမ်းအားကိုသုံးကာ နှင်းပွင့်များကို ရှင်းထုတ်ပစ်လိုက်၏။
ကျန်းယန် လီရှီချင်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
နှင်းလွှာဓားချီများက သူ့ပတ်ပတ်လည်တွင် ဝဲနေခဲ့ပြီး ကြောက်မက်ဖွယ်ဖိအားက ဖြာထွက်နေခဲ့၏။
မိန်းမစိုးဟုန် အလျင်အမြန်ပင် သူ့ကိုလမ်းပိတ်ထားလိုက်သည်။
သူ့မျက်လုံးထဲ ကြမ်းကြုတ်လိုသောအလင်းတစ်ချက်လက်သွားပြီးနောက် နတ်ဝိညာဉ်အဆင့်၏ ကြောက်မက်ဖွယ်နတ်အာရုံကို ဆန့်ထုတ်ကာ ကျန်းယန်၏အသိစိတ်ပင်လယ်ထဲ၀င်ပြီး သူ့ဝိညာဉ်ကို ဖိနှိပ်ဖို့ ကြိုးစားလိုက်၏။
သို့သော် သူ့နတ်အာရုံ အသိစိတ်ပင်လယ်ထဲရောက်သွားသည်နှင့် ကောင်းကင်တုန်လောက်အောင် ကြောက်စရာကောင်းသော အလံရှည်ကြီးတစ်စင်းက ဝေ့ယမ်းနေသည်ကိုသာ မြင်လိုက်ရသည်။
တလံတစ်ချက် အသာအယာယမ်းလိုက်သည်နှင့် မိန်းမစိုးဟုန် သူ့နတ်ဝိညာဉ်ကြေမွသွားတော့မလို ခံစားလိုက်ရ၏။
မိန်းမစိုးဟုန် ကြောက်လန့်တကြား အသံနက်ကြီးဖြင့် အော်ဟစ်ပြီးနောက်တွင်တော့ စွမ်းအားကင်းမဲ့သွားဟန်ဖြင့် ကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။
အကယ်၍ သူသာ သူ့နတ်အာရုံကိုအမြန်ဆွဲမထုတ်ခဲ့လျှင် သူ့နတ်ဝိညာဉ်ပင် ကြေမွသွားနိုင်လောက်၏။
ထိုအခိုက်တွင် မိန်းမစိုးဟုန် ကြောက်လန့်မှုကိုသာ ခံစားနေခဲ့ရသည်။
သူထိုအရာကို နားမလည်နိုင်ခဲ့ပေ။
အဘယ်ကြောင့် ထိုမျှကြောက်စရာကောင်းသောအရာကြီးတစ်ခုက တည်ရှိနေရပါသနည်း။
အဲ့ဒီအလံကတကယ်ပဲ ဘာကြီးလဲ!