သေနတ်များဝေပေးခြင်း
Vol. 27 Ch. 284
အခြားဂိုဏ်းချုပ်များ အဇူရာတိမ်ဂိုဏ်း၏အစီအစဉ်ကို အခုလောက်ကြီး အပြင်းအထန်ငြင်းဆန်ကြလိမ့်မည်ဟု ကောင်းကင်ဒဏ္ဍာရီ ထင်မထားခဲ့မိပေ။
သူ့အမြင်တွင် သူတို့အားလုံး၏ အုတ်မြစ်များသည် အဇူရာတိမ်ဂိုဏ်း၏နယ်မြေထဲတွင် တည်ဆောက်ထားရခြင်း ဖြစ်၏။
ထို့အပြင် အဇူရာတိမ်ဂိုဏ်းထဲတွင် ဂိုဏ်းကြီးကိုးဂိုဏ်းကိုပြန်ပြီးတိုက်ခိုက်နိုင်ခဲ့သော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ ရှိနေသေးသည်။ ထိုကဲ့သို့သောသူများ၏ ဦးဆောင်မှုကို ဘာကြောင့်ငြင်းရပါမည်နည်း။
ထိုအရာကို ကံကြမ္မာကောင်းဟုတောင်ပြော၍ ရပေသည်။
ဤလူငယ်လေးများက ဘာတွေတွေးနေကြပါသနည်း။
နတ်ဝိညာဉ်အဆင့် ၈ယောက်တွင် ၂ယောက်သာ ကျန်ခဲ့ပြီး ကျန် ၆ယောက်က ထွက်သွားခဲ့ကြ၏။
ဝိညာဉ်အခြေတည်အဆင့် အယောက်၃၀တွင်တော့ ၂၃ယောက်ကျန်ပြီး ၇ယောက်ထွက်သွားခဲ့သည်။
အခြားဂိုဏ်းများနှင့်ဆက်စပ်နေသောကြောင့် ရွှေအမြုတေအဆင့် ၂ယောက်လည်း ရွေးချယ်စရာမရှိဘဲ ထွက်ခွာသွားခဲ့ရ၏။
အားလုံးက ကောင်းကင်ဒဏ္ဍာရီကို ကြည့်ရှုနေခဲ့ကြသည်။
ကောင်းကင်ဒဏ္ဍာရီ ရယ်မောလိုက်ကာ ပြောလိုက်၏။
“မင်းတို့ဘာလို့ ထွက်မသွားကြတာလဲ”
သူလူအုပ်ကြီးကို ကြည့်ရှုနေခဲ့သည်။ အထူးသဖြင့် နတ်ဝိညာဉ်အဆင့်နှစ်ယောက်ကို ဖြစ်၏။
သူတို့ထဲမှတစ်ယောက် ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။
“လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ကျွန်တော်က ရွှေအမြုတေအဆင့်လေးတစ်ယောက်သက်သက်ပါပဲ
ဒါပေမယ့် ကျွန်တော်က အဇူရာတိမ်ကုန်းမြေတိုက်ကြီးက မဟုတ်ဘူး နှင်းနယ်မြေက လာခဲ့တာ
ကျွန်တော်ငယ်ငယ်ကတည်းက အဇူရာတိမ်ဂိုဏ်းရဲ့ဒဏ္ဍာရီတွေကို နားထောင်ပြီး ကြီးပြင်းလာခဲ့ရတယ် အခုလည်း ကျွန်တော်တို့ အုတ်မြစ်ကို အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်မှာ တည်ဆောက်ထားရတာ အဇူရာတိမ်ဂိုဏ်းက အမိန့်ပေးချင်တယ်ဆိုမှတော့ ကျွန်တော်တို့က လိုက်နာရမှာပဲလေ”
အခြားရွှေအမြုတေအဆင့်တစ်ယောက် မျက်လုံးထဲတွင်လည်း အကြောက်တရားများရှိနေပြီး သူဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ကျွန်တော့်ဂိုဏ်းက ဟိုးမြောက်ပိုင်းမှာရှိတာ မကြာသေးခင်တုန်းက တာအိုပေါင်းစည်းခြင်းအဆင့် ၃ယောက် နှင်းနယ်မြေကနေ ကျွန်တော်တို့ဂိုဏ်းနယ်မြေကိုဖြတ်ပြီး အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ၀င်သွားကြတယ်
ပြီးတော့ ကျွန်တော်ကိုယ်တိုင်ပဲ အဲ့ဒီ တာအိုပေါင်းစည်းခြင်းအဆင့် ၃ယောက် သေဆုံးသွားတာကို မြင်ခဲ့ရတယ်
အဲ့တာကြောင့် စီနီယာကောင်းကင်ဒဏ္ဍာရီပြောတာ မမှားပါဘူး အဇူရာတိမ်ကုန်းမြေတိုက်ကြီးက တကယ်ပဲ အန္တရာယ်ရှိနေပြီ
အခြားဂိုဏ်းတွေက တကယ်ကြီး အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို ဖျက်ဆီးချင်နေကြတာ”
ကောင်းကင်ဒဏ္ဍာရီ သက်ပြင်းချလိုက်မိသည်။
သူ့အကြည့်က လူတိုင်းဆီဖြတ်ပြေးသွားပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်၏။
“အားလုံးပဲ ငါဒီနေ့မင်းတို့အားလုံးကို ခေါ်လိုက်ရတဲ့အကြောင်းအရင်းကတော့ ဒီကိစ္စကို အတည်ပြုဖို့ပါပဲ
မင်းတို့အားလုံးနေခဲ့တယ်ဆိုမှတော့ မင်းတို့က အဇူရာတိမ်ဂိုဏ်းရဲ့ အစီအစဉ်အတိုင်း လိုက်နာမယ်လို့ လက်ခံလိုက်ကြတာပဲ မဟုတ်လား”
“ဒါပေါ့” လူတိုင်းခေါင်းညိတ်ပြလိုက်ကြသည်။
“မင်းတို့ဂိုဏ်းနာမည်တွေနဲ့ ဂိုဏ်းတွေရဲ့တည်နေရာတွေကို ငါ့ဆီပေးကြ”
ကောင်းကင်ဒဏ္ဍာရီ အဇူရာတိမ်ကုန်းမြေတိုက်ကြီးမြောက်ပိုင်းနယ်မြေပါရှိသော မြေပုံကိုထုတ်ကာ ပြောလိုက်၏။
“ဒီမြေပုံကို အဇူရာတိမ်ဂိုဏ်းဆီပို့မှာ”
လူတိုင်း သူတို့ဂိုဏ်းနာမည်များနှင့် နယ်မြေများကို မြေပုံပေါ်တွင် မှတ်သားပေးလိုက်ကြသည်။
ကောင်းကင်ဒဏ္ဍာရီ ခေါင်းညိတ်ပြလိုက်၏။
“အရမ်းကောင်းတယ် အားလုံးပဲ ကိုယ့်ဂိုဏ်းကိုယ်ပြန်လို့ရပြီ အခြားဂိုဏ်းတွေကိုလည်း စောင့်ကြည့်ထားကြ မကြာခင် သတင်းကောင်းရောက်လာလိမ့်မယ်”
ပြောပြီးသည့်နောက် ကောင်းကင်ဒဏ္ဍာရီ အဇူရာတိမ်ဂိုဏ်းရှိရာအရပ်ဆီ ပျံသန်းထွက်ခွာသွားခဲ့လေသည်။
သူထိုသတင်းကို ကျန်းယန်ဆီသွားပို့ပေးရပေဦးမည်။
သူအဇူရာတိမ်ဂိုဏ်းဆီရောက်သောအခါ ကျန်းယန်သည် ကျန်းချန်းရှန်၊အခြားသူများနှင့်အတူ လေ့ကျင့်ရေးကွင်းတွင် အစည်းအဝေးတစ်ခု လုပ်နေသည်ကို တွေ့လိုက်ရ၏။
တပည့်သုံးသောင်းကျော်ကို တွေ့လိုက်ရသောအခါ ကောင်းကင်ဒဏ္ဍာရီ တုန်လှုပ်သွားခဲ့လေသည်။
အဘယ်ကြောင့် ၂နှစ်အတွင်း အဇူရာတိမ်ဂိုဏ်းတွင် လူဒီလောက်များလာရပါသနည်း။
ကောင်းကင်ဒဏ္ဍာရီရောက်လာသည်ကို မြင်သောအခါ အစည်းအဝေးအလယ်ရှိ ကျန်းယန် ခဏရပ်လိုက်ပြီး ကောင်းကင်ဒဏ္ဍာရီကို သူကိုယ်တိုင် ထွက်ကြိုခဲ့၏။
နောက်ဆုံးတွင် သူသည် အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်ရှိရှားပါးပါရမီရှင်များထဲမှ တစ်ယောက်မဟုတ်ပါလော။ သူ့ကို ကောင်းကောင်းဆက်ဆံဖို့ လိုပေသည်။
“စီနီယာ အဆင်ပြေခဲ့လား” ကျန်းယန် ပြုံး၍ မေးလိုက်၏။
ကောင်းကင်ဒဏ္ဍာရီ ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။
“အခြေအနေက သိပ်တော့မကောင်းဘူး ဂိုဏ်း ၄၆ဂိုဏ်းမှာ ဂိုဏ်း၃၀ပဲ အဇူရာတိမ်ဂိုဏ်းနောက်လိုက်ဖို့ သဘောတူတယ် အခြား ၁၅ဂိုဏ်းက ဂိုဏ်းမဟာမိတ်အဖွဲ့က ထွက်သွားကြတယ်
သူတို့ထဲက ၆ဂိုဏ်းမှာ နတ်ဝိညာဉ်အဆင့်တွေ ရှိကြတယ်”
လတ်တလောတွင် အဇူရာတိမ်ဂိုဏ်းသည် အင်အားကြီးပညာရှင်များ လိုအပ်နေကြောင်း သူသိ၏။ နတ်ဝိညာဉ်အဆင့် ၆ ယောက်ဆိုသည်မှာ နည်းသောပမာဏ မဟုတ်ပေ။
“ကောင်းတယ်” ကျန်းယန် လေးပင်စွာ ခေါင်းညိတ်လိုက်သည်။
“နတ်ဝိညာဉ်အဆင့် ၆ယောက်ထွက်သွားတာတောင် မင်းကကောင်းတယ်လို့ ပြောနေတာလား” ကောင်းကင်ဒဏ္ဍာရီ ကျန်းယန်ကိုထူးဆန်းစွာ ကြည့်ကာ ပြောလိုက်၏။
ကျန်းယန်ရယ်မောကာ ပြောလိုက်သည်။
“စီနီယာ ကျွန်တော်တို့က ဘာလို့ ထွက်သွားတဲ့သူတွေကို နှမြောနေရမှာလဲ
ကျွန်တော်တို့ဂရုစိုက်ရမှာက နေခဲ့တဲ့ ဂိုဏ်း ၃၀ ကိုပဲ
အဲ့ဒီလူတွေကမှ ကျွန်တော်တို့ တန်ဖိုးထားသင့်တဲ့သူတွေ”
ကောင်းကင်ဒဏ္ဍာရီ ကျန်းယန်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်မိ၏။
သူမေးလိုက်သည်။
“ထွက်သွားတဲ့ အဖွဲ့တွေကိုရော”
ကျန်းယန် အသာအယာပြုံးလိုက်၏။
“သူတို့က အဇူရာတိမ်ဂိုဏ်းနောက် မလိုက်ချင်မှတော့ သူတို့ဂိုဏ်းတွေကို အခြားကုန်းမြေတိုက်ကြီးတွေပေါ်မှာပဲ တည်ဆောက်ခိုင်းလိုက်ကြတာပေါ့
ဒါပေါ့ သူတို့ထွက်မသွားခင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးနဲ့ သက်ဆိုင်တဲ့အရာတွေကိုတော့ ထားခဲ့ရမယ်
ဥပမာ သူတို့ဂိုဏ်းရတနာတိုက်ထဲက ရတနာတွေတို့ သူတို့သန့်စင်ထားတဲ့ မှော်လက်နက်တို့လို ဟာတွေပေါ့
အစကတော့ သူတို့ကျင့်ကြံခြင်းအဆင့်ကိုတောင် ယူထားမလို့ပဲ ဒါပေမယ့် ကျွန်တော်ကသဘောထားကြီးတော့ ဒီတိုင်းပဲလွှတ်ပေးလိုက်ပါမယ်”
ကောင်းကင်ဒဏ္ဍာရီ ကျန်းယန် ဆွံ့အစွာ ကြည့်လိုက်မိသည်။
သူ့နှလုံးသားထဲတွင်တော့ ထိုမလိုက်နာခဲ့သောဂိုဏ်းများကို သနားနေမိ၏။
ထိုဂိုဏ်းများသည် အဘယ်ကြောင့် အခြေအနေများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ရပါသနည်း။
အဇူရာတိမ်ဂိုဏ်းသည် အရင်ကအဇူရာတိမ်ဂိုဏ်း မဟုတ်တော့ပေ။
“စီနီယာ ကောင်းကောင်းလုပ်ခဲ့ပါတယ်” ကျန်းယန် ဆက်ပြောလိုက်သည်။
“ကျေးဇူးပြုပြီး နှစ်၀က်လောက် အနားယူလိုက်ပါဦး နှစ်၀က်ပြီးရင်တော့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးက လုံး၀တည်ငြိမ်သွားလိမ့်မယ်
အဲ့ဒီအချိန်ကျရင် ကျွန်တော်က အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်က ဂိုဏ်းချုပ်တွေအားလုံးကို စုပြီး အစည်းအဝေးတစ်ခု ထပ်ကျင်းပမယ်
အစည်းအဝေးပြီးတဲ့အခါ ကျွန်တော့်ဆရာကို အားလုံးအတွက် တာအိုသင်ခန်းစာ တစ်ခုလောက်ဟောကြေားပေးဖို့ ပြောလိုက်မယ် စီနီယာဘယ်လိုထင်လဲ”
ကောင်းကင်ဒဏ္ဍာရီ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်၏။
“အရမ်းကောင်းတယ် အချိန်ကျလာတဲ့အခါ ငါ့ကိုသတိသာပေးလိုက်”
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက် ဟောကြားပေးသော တာအိုတရားဆိုသည်မှာ ရွှေထက်ရှားသောအရာသာ ဖြစ်သည်။
“စီနီယာ ကျွန်တော်တို့လည်း အရမ်းရင်းနှီးနေပြီဆိုတော့ ကျွန်တော် ကိန်းကြီးခန်းကြီးတွေ ချဲ့မနေတော့ဘူး” ကျန်းယန် လေ့ကျင့်ရေးကွင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
“ကျွန်တော် အစည်းအဝေးမပြီးသေးလို့ အခု ပြန်သွားလိုက်ပါဦးမယ်”
ကောင်းကင်ဒဏ္ဍာရီခေါင်းညိတ်ပြလိုက်လေသည်။
“သွားပါ အလုပ်ရှုပ်လိုက်ဦး”
ထို့နောက် သူလည်းထွက်ခွာသွားခဲ့၏။
ကျန်းယန် လေ့ကျင့်ရေးကွင်းဆီ ပြန်ရောက်လာပြီးနောက် လူတိုင်းကို ပြုံး၍ ကြည့်လိုက်လေသည်။
“ဒီနေ့ ငါလူတိုင်းကိုဒီနေရာမှ စုလိုက်ရတာက သတင်းကောင်းတစ်ခုပြောပြမှာမလို့ပဲ
အရင်က ငါမင်းတို့ကို သေနတ်အကြောင်း ပြောခဲ့တယ်မဟုတ်လား
အခုငါတို့ဆီမှာ အလက်ရေအတော်များများထုတ်လုပ်ပြီးပြီဆိုတော့ အခုက အားလံုးအတွက် သေနတ်တွေ ခွဲပေးရမယ့် အချိန်ပဲ”
လူတိုင်းစိတ်လှုပ်ရှားသွားခဲ့ကြလေသည်။
ဒီနေ့တွင် သူတို့သေနတ်ကိုင်ရတော့မည်လော။
“ငါတို့မှာ သေနတ်အလက် ၁၀၀၀၀ ပဲရှိသေးတယ် အဲ့တာကြောင့် လူတိုင်းအတွက်တော့ မလောက်နိုင်ဘူး” ကျန်းယန် ဆက်ပြောလိုက်၏။
“ဒါပေမယ့် စိတ်မပူကြပါနဲ့ ၂လအတွင်း ငါတို့မှာလူတိုင်းကိုတပ်ဆင်ပေးဖို့ သေနတ်တွေရှိလာတော့မှာ
လက်ရှိ သေနတ်တွေကိုတော့
ကျန်းချန်းရှန်နဲ့၀မ်ပေ့လဲ့ မင်းတို့အဖွဲ့တွေက လူပိုများတော့ မင်းတို့ကတစ်ဖွဲ့ကို အလက်ရေ ၃၅၀၀ ယူလိုက်ကြ
ဂျူနီယာညီမလေးလျန့်ယိ နင်ကတော့ လက်ရှိလူပိုနည်းနေတာဆိုတော့ အလက်ရေ ၃၀၀၀ ရမယ်
သေနတ်တွေရပြီးရင် မင်းတို့တွေ သေနတ်တွေနဲ့ရင်းနှီးအောင် လေ့ကျင့်ပြီး အချိန်တိုအတွင်း သူ့ရဲ့အသုံးပြုပုံကို နားလည်သွားအောင် လုပ်ရမယ်
၃ရက်အတွင်း ငါမင်းတို့ကို ဒီသေနတ်တွေရဲ့စွမ်းအားကို ကမ္ဘာတစ်ခုလုံး သိသွားရအောင် ထုတ်ပြစေချင်တယ်
ဒီသေနတ်တွေနဲ့ဆိုရင် အခြေခံတည်ဆောက်ခြင်းအဆင့်တွေကတောင် ဝိညာဉ်အခြေတည်အဆင့်တွေတင်မဟုတ်ဘဲ နတ်ဝိညာဉ်အဆင့်တွေကိုအထိ ခြိမ်းခြောက်နိုင်တယ်ဆိုတာ ကမ္ဘာကြီးကို ပြသရမယ်
ငါမေးမယ် မင်းတို့လုပ်နိုင်ကြလား”
“လုပ်နိုင်ပါတယ်” လူတိုင်း ကျယ်လောင်စွာ အော်ပြောလိုက်ကြ၏။
“အရမ်းကောင်းတယ် အခုသေနတ်တွေ ဝေပေးလိုက်တော့” ကျန်းယန် ပြုံး၍ ပြောလိုက်လေသည်။
“ကျန်းချန်းရှန် ၃ရက်အတွင်း အဇူရာတိမ်မြို့မှာ ဖြိုခွင်းမှုကြီးတစ်ခု ဖြစ်တော့မယ်လို့ ကျန်းကျစ်ချိုးကို လူလွှတ်ပြီး သတင်းပို့လိုက်”