အဇူရာတိမ်မြို့က ဖြိုခွင်းမှု
Vol. 27 Ch. 285
လွန်ခဲ့သော လ၀က်အတွင်း မြို့သူမြို့သားများအားလုံးက မှတ်ပုံတင်ခဲ့ကြပြီး အပြင်လူများထဲတွင်တော့ အချို့ကသာမှတ်ပုံတင်ခဲ့ပြီး ယာယီနေထိုင်ခွင့်ရရှိခဲ့ကြသည်။
နတ်ဝိညာဉ်အဆင့်များက ဦးဆောင်နေသောကြောင့် မြို့ထဲရှိ အပြင်လူအများစုကမှတ်ပုံမတင်ခဲ့ကြပေ။
ထိုအဖွဲ့နှင့်ရင်ဆိုင်ရသောအခါ ကျန်းကျစ်ချိုး ခါးသက်သက်သာ ပြုံးနိုင်ခဲ့၏။
ထိုအဖွဲ့ကို သူမည်သို့ ထိန်းချုပ်နိုင်ပါမည်နည်း။
သူတို့ကိုထိန်းချုပ်ထားဖို့က ခက်ခဲလွန်းလှသည်။
နောက်ဆုံးတွင် ဆရာဦးလေးအချို့ကို အကူအညီတောင်းကာ လှုပ်ရှားခိုင်းရမှာပဲဟုသာ ကျန်းကျစ်ချိုး ခံစားနေခဲ့ရ၏။
ထိုအဖွဲ့ကို မထိန်းချုပ်နိုင်ခဲ့လျှင် အဇူရာတိမ်မြို့၏ မှတ်ပုံတင်အစီအစဉ်ကလည်း အလုပ်ဖြစ်နိုင်မည် မဟုတ်ပေ။
ထိုအတားအဆီးကြီးက ကျန်းကျစ်ချိုးအတွက် ဖြတ်ကျော်ဖို့ ခက်ခဲလွန်းနေခဲ့ပြီး သူ့အစ်ကိုကြီးချမှတ်ပေးထားသော ငါးနှစ်စာအစီအစဉ်ကို သူကျရှုံးသွားတော့မည်ဟုတောင် သူခံစားနေခဲ့ရသည်။
သူစိတ်ပူနေချိန်တွင် ကျန်းချန်းရှန် ပို့လိုက်သော ဂိုဏ်းသားတစ်ယောက်ရောက်ရှိလာခဲ့ပြီး စီနီယာအစ်ကိုကြီး ပေးလိုက်သောသတင်းကို လာပို့သွားခဲ့၏။
“စီနီယာ အစ်ကိုကြီးက သုံးရက်အတွင်း အဇူရာတိမ်မြို့မှာ ဖြိုခွင်းမှူကြီးတစ်ခု ဖြစ်မယ်လို့ ပြောခဲ့ပါတယ်”
ကျန်းကျစ်ချိုး ငေးကြောင်သွားခဲ့သည်။
“ဖြိုခွင်းမှုဆိုတာ ဘာကိုဆိုလိုတာလဲ” သူသတင်းပို့သူကို ပြန်မေးလိုက်၏။
သတင်းပို့သူ ပြန်ပြောလိုက်သည်။
“စီနီယာအစ်ကိုကြီးဆိုလိုတာက လက်ရှိအဇူရာတိမ်မြို့တိုးတက်ရေးမှာ အနှောင့်အယှက်ပေးနေတဲ့ အနှောင့်အယှက်အတားအဆီးမှန်သမျှကို တတ်နိုင်သမျှ မြန်မြန် ဖြိုခွင်းပစ်တော့မယ်လို့ ဆိုလိုတာပါ”
ကျန်းကျစ်ချိုး အသိစိတ်လွတ်လုမတတ် ဖြစ်သွားခဲ့၏။
နတ်ဝိညာဉ်အဆင့်များကို ဆရာဦးလေးများမပါဘဲ သူတို့ဘယ်လိုဖြေရှင်းကြရပါမည်နည်း။
စာပို့သမားပြုံးကာ ပြောလိုက်သည်။
“စီနီယာအစ်ကိုကျန်း ကြောက်နေစရာမလိုပါဘူး စီနီယာအစ်ကိုကြီးပြောတာတော့ သုံးရက်အတွင်း ဖြိုခွင်းမှုကြီးကို စမယ်တဲ့ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တပ်သားတွေက ဒီသုံးရက်အတွင်း သေနတ်ကိုကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်အောင် လေ့ကျင့်နေကြလို့လေ ပြီးရင်တော့ တကယ့်တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ပြပြီပဲ”
ပြောပြီးသည့်နောက် သူဂိုဏ်းထဲရှိ သေနတ်လေ့ကျင့်ရေးကို သွားရောက်ကြည့်ရှုရန် ပြန်သွားခဲ့၏။
ထိုစဉ် ကျန်းကျစ်ချိုးကတော့ စိတ်ရှုပ်ထွေးနေခဲ့သည်။
ဘာတွေဖြစ်နေသလဲဆိုတာ သူလုံး၀ နားမလည်တော့ပေ။
တစ်ဖက်တွင် ကျန်းယန် သေနတ်တပ်သားတစ်သောင်းကို ဦးဆောင်ကာ လေ့ကျင့်ပေးနေခဲ့သည်။
သူကိုယ်တိုင် ဘယ်လိုပစ် ဘယ်လိုချိန် ဟူသောနည်းစနစ်များကို ရှင်းပြပေးနေခဲ့၏။
ကျန်းယန်၏ လမ်းညွှန်မှုအောက်တွင် တပ်သားများက စတင်လေ့ကျင့်နေခဲ့ကြသည်။
သေနတ်ကိုင်ထားသော တပ်သား ၁၀၀၀၀ ကိုကြည့်ပြီး ကျန်းယန်စိတ်ပင်လှုပ်ရှားလာခဲ့ရ၏။
ထိုဆန်းသစ်ပြုပြင်ထားသော သေနတ်များသည် သူသုံးခဲ့သော ဘားရတ်ရိုင်ဖယ်ထက် အများကြီးပိုပြီး အစွမ်းထက်ပေသည်။
သူ့ဘားရတ်ရိုင်ဖယ်က သာမန်ပစ္စည်းများဖြင့်သာထုလုပ်ထားခြင်းဖြစ်ပြီး ဤသေနတ်များကတော့ အဆင့် ၉ မှော်လက်နက်များ ဖြစ်ကြ၏။ အချို့အလက်များဆိုလျှင် အဆင့် ၈ သို့ပင် ရောက်ရှိနေခဲ့ကြသည်။
အချို့ကျည်များတွင်ဆိုလျှင်လည်း အထူးပစ္စည်းများထည့်သွင်းပြုလုပ်ထားသောကြောင့် ထိုကျည်များက ကောင်းကင်နှင့်မြေပြင်နိယာမများကို သယ်ဆောင်နိုင်၏။
ထို့ကြောင့် အချို့ကျည်များတွင် ပေါက်ကွဲစေသောသက်ရောက်မှုများ ရှိကြသည်။
အချို့တွင် အေးခဲစေသော သက်ရောက်မှုများရှိပြီး အချို့ဆိုလျှင် မိုးကြိုးများကိုပင် ထုတ်လွှတ်ပေးနိုင်၏။
အလွန်ပြင်းထန်သောအဆိပ်ထည့်သွင်းထားသည့် ကျည်များပင် သူတို့ထုတ်လုပ်ထားခဲ့ကြသေးသည်။
ထိုအထူးကျည်ဆန်များဖြင့်သာဆိုလျှင် သူတို့သေနတ်များ၏ စွမ်းအားက ပေါ့ပေါ့တန်တန်သဘောထား၍ ရသောအရာ မဟုတ်တော့ပေ။
ထိုအရာများက သေနတ်ဆိုတာထက် အမြှောက်များနှင့်ပိုနီးစပ်နေခဲ့၏။
ပစ်ချက်တစ်ချက်တိုင်းတွင် ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်တစ်ယောက်၏ စွမ်းအားမျို းပါ၀င်ပေသည်။
သို့သော် ထိုအထူးကျည်များက အလွန်ဈေးကြီးသောကြောင့် များများစားစားတော့ မထုတ်နိုင်ပေ။
သာမန်သေနတ်များတွင်လည်း အထူးသတ္တုများထည့်သွင်းပြုလုပ်ထားသောကြောင့် ပစ်အားက အရင်ထက်ပိုပြင်းလာခဲ့၏။
ထိုစွမ်းအားက ကျန်းယန်၏ဘားရတ်ရိုင်ဖယ်ထက် သာလွန်ပြီး ရွှေအမြုတေအဆင့်တစ်ယောက်၏ စွမ်းအားကိုပင် ကျော်လွန်ပေသည်။
ကျန်းယန် တပ်သားများ၏သေနတ်များမှထွက်နေသော ကျည်ဆန်များနှင့် ပေါက်ကွဲထွက်သွားသော စိတ်ဝိညာဉ်ကျောက်တုံးများကို ကြည့်ရှုနေခဲ့၏။
ထို့နောက်သူဘေးကကျန်းချန်းရှန်ကို ပြောလိုက်သည်။
“လေ့ကျင့်ရေးပြီးသွားရင် ကျည်ဆန်တွေကို ပြန်ကောက်ဖို့ပြောလိုက် အဲ့တာတွေကို ကျည်ဆန်ဖြစ်အောင် ပြန်ထုလုပ်လို့ရတယ်”
“ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကြီး” ၀မ်ပေ့လဲ့နှင့်အခြားသူများ အကြိမ်ကြိမ်ခေါင်းညိတ်လိုက်ကြ၏။
သူတို့အတော်ကြီးစိတ်လှုပ်ရှားနေခဲ့ကြသည်။
ထိုသေနတ်များ၏စွမ်းအားကို သူတို့မျက်စိများဖြင့် တပ်အပ်မြင်နေခဲ့ရ၏။
ထိုသေနတ်များကို ပစ်ခတ်ရန် လိုအပ်သောစွမ်းအားကလည်း မကြီးမားလှပေ။
အခြေခံတည်ဆောက်ခြင်းအဆင့်များပင် သူတို့တွင် လုံလောက်သောစိတ်ဝိညာဉ်ပင်လယ်ရှိနေပါက ၇ချက် ၈ချက်လောက် ပစ်ခတ်နိုင်ပေသည်။
ရွှေအမြုတေအဆင့်ဆိုလျှင် အချက်ရေအများကြီးပစ်ခတ်ဖို့က ပြဿနာရှိမည် မဟုတ်ပေ။
လူတိုင်းက ကြိုးစားလေ့ကျင့်နေကြပြီး သုံးရက်ပြည့်ကာ သူတို့အစွမ်းပြရမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြ၏။
သုံးရက်ပြည့်ပြီး လေးရက်မြောက်မနက်တွင် ကျန်းယန်ထံမှ အမိန့်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“သေနတ်ရှိတဲ့တပည့်တွေအားလုံး စုစည်းကြ”
တပည့်တစ်သောင်းချက်ချင်းေလ့ကျင့်ရေးကွင်းပြင်တွင် နေရာယူလိုက်ကြ၏။
တစ်ယောက်ချင်းစီ၏ လက်ထဲတွင် သေနတ်များကိုင်ထားကာ အမူအရာများက လေးနက်နေခဲ့သည်။
တပည့်တစ်သောင်းက တပ်ဖွဲ့သုံးဖွဲ့အဖြစ် လူခွဲကာရပ်နေခဲ့ကြပြီး သူတို့ဆီက ကျောချမ်းဖွယ်သတ်ဖြတ်ခြင်းအရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။
ကျန်းယန် သူတို့ရှေ့တွင်ရပ်ကာ လေးလေးနက်နက်ပြောလိုက်သည်။
“ငါတို့ဂိုဏ်းက အဇူရာတိမ်မြို့ကို နေထိုင်ဖို့သင့်တော်တဲ့မြို့တစ်မြို့ဖြစ်အောင် တည်ဆောက်ဖို့ ဆုံးဖြတ်ထားခဲ့တယ် ကံဆိုးစွာနဲ့ အချို့ဝိညာဉ်အခြေတည်အဆင့်တွေ ရွှေအမြုတေအဆင့်တွေက သူတို့ခွန်အားကိုအားကိုးပြီး အဇူရာတိမ်မြို့တည်ဆောက်ရေးမှာ နှောင့်ယှက်နေခဲ့ကြတယ်
ဒီနေ့ ငါတို့ကအဲ့ဒီသိုးမည်းတွေအားလုံးကို သုတ်သင်ပြီး အဇူရာတိမ်မြို့မှာ နေထိုင်သူတွေအတွက် အေးချမ်းတဲ့ပတ်၀န်းကျင်တစ်ခုဖြစ်ပေါ်လာအောင် ဆောင်ရွက်ကြမယ်
အခုစစ်သားတွေကို လူခွဲမယ် လူ ၁၀၀ကိုအဖွဲ့တစ်ဖွဲ့စီခွဲကြမယ် အဖွဲ့တစ်ဖွဲ့စီမှာခေါင်းဆောင် ရွှေအမြုတေအဆင့်တစ်ယောက်ရှိရမယ်
စစ်ဆင်ရေးစတင်ပြီ အဖွဲ့ခွဲကြတော့”
၀မ်ပေ့လဲ့နှင့်အခြားသူများ ချက်ချင်းအဖွဲ့ခွဲလိုက်ကြပြီး လူ၁၀၀၀၀က တခဏအတွင်း များစွာသောအဖွဲ့များအဖြစ် ကွဲထွက်သွားခဲ့၏။
မကြာခင်တွင် အဖွဲ့ ၁၀၀ ဖြစ်ပေါ်လာခဲ့လေသည်။
ကျန်းယန် လေးလေးနက်နက်အော်ပြောလိုက်၏။
“တာ၀န်ချိန်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက်ထောက်ပံ့ပေးကြရမယ်
ဥပဒေကိုမလိုက်နာတဲ့သူမှန်သမျှကို သတိပေးချက် သုံးခါပေးပြီးတာနဲ့ သတ်
အပြင်းအထန်ခုခံတဲ့သူတွေကို ခြွင်းချက်မရှိ ချက်ချင်း သတ်
ဘယ်ဝိညာဉ်အခြေတည်အဆင့် နတ်ဝိညာဉ်အဆင့်ကိုမဆို နည်းနည်းလောက်ရန်လိုဟန်ပြတာနဲ့ ချက်ချင်း သတ်
အားလုံးပဲ အခုချက်ချင်း အဇူရာတိမ်မြို့ဆီ ချီတက်ကြတော့
အဇူရာတိမ်မြို့ဖြိုခွင်းမှုစစ်ဆင်ရေး စတင်ပြီလို့ ကြေငြာလိုက်ပြီ!”
လူ၁၀၀၀၀သည် သင်္ဘောပျံများကို စီးနင်းကာ အဇူရာတိမ်မြို့ဆီ ပျံသန်းထွက်ခွာလာခဲ့ကြ၏။
ကျန်းယန် ကိုယ်တိုင်လည်း စစ်ဆင်ရေးကိုကြည့်ရှုဖို့ လိုက်ပါလာခဲ့သည်။
ထိုလှုပ်ရှားမှုကြီးက အဇူရာတိမ်ဂိုဏ်းကို လှုပ်ခတ်သွားစေခဲ့၏။
အဖွဲ့များကတစ်ဖွဲ့ပြီးတစ်ဖွဲ့ အဇူရာတိမ်မြို့ဆီ ချီတက်သွားခဲ့ကြသည်။
နေရာတိုင်းတွင် အသံများက ဆူညံသွားခဲ့၏။
“အဇူရာတိမ်မြို့ထဲမှာ မှတ်ပုံတင်ပြီးသားသူေတွအားလုံး စိတ်ပူစရာမလိုပါဘူး အားလုံးပဲ အိမ်ထဲမှာနေပေးကြပါ မလှုပ်ရှားကြပါနဲ့”
“မှတ်ပုံမတင်ထားရသေးတဲ့ သူတွေကတော့ ချက်ချင်းအဇူရာတိမ်မြို့ထဲက ထွက်ခွာသွားပေးပါ”
“သတိပေးပါမယ် မှတ်ပုံမတင်ထားရသေးတဲ့သူတွေအားလုံး အဇူရာတိမ်မြို့ထဲကချက်ချင်း ထွက်သွားပေးကြပါ”
အဖွဲ့များက မြို့ထဲကသူများကို စတင်စစ်ဆေးလေတော့သည်။
……
ထိုအခိုက်တွင် ကျန်းချန်းရှန်နှင့်သူ့လူ ၁၀၀က ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်နှင့် ရင်ဆိုင်နေခဲ့ရ၏။
ထိုဝိညာဉ်အခြေတည်အဆင့် အလွန်ဒေါသထွက်နေပြီး ကျန်းချန်းရှန်ကိုလက်ညှိုးထိုးကာ အော်ပြောလိုက်သည်။
“မင်းတို့ကောင်တွေ ဘာဖြစ်ချင်နေတာလဲ ငါကဘာလို့မှတ်ပုံတင်ရမှာလဲ မင်းတို့မှာ ငါ့ကိုထိန်းချုပ်ပိုင်ခွင့် ရှိနေလို့လား”
ကျန်းချန်းရှန် သူ့ကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်၏။
“ခင်ဗျားအဇူရာတိမ်မြို့ထဲမှာ နေတဲ့ကာလပတ်လုံး မှတ်ပုံတင်ထရမယ် အဲ့တာက အဇူရာတိမ်မြို့ရဲ့စည်းမျဉ်းပဲ
ကျုပ်မှတ်တမ်းကို စစ်ခဲ့ပြီးပြီ ခင်ဗျားကမှတ်ပုံမတင်ရသေးဘူး ယာယီနေထိုင်ခွင့်လည်းမရှိဘူး
အခု ကျေးဇူးပြုပြီး အဇူရာတိမ်ဂိုဏ်းထဲက ထွက်သွားပေးပါ”
“ငါမသွားနိုင်ဘူး မင်းတို့ကငါ့ကိုဘာလုပ်နိုင်မှာမလို့လဲ” ဝိညာဉ်အခြေတည်အဆင့် လှောင်ပြောင်လိုက်လေသည်။
“ပထမအကြိမ်သတိပေးချက် ချက်ချင်းထွက်သွားပါ”
ကျန်းချန်းရှန် လက်တစ်ဖက်မြှောက်လိုက်၏။
သူ့နောက်ရှိ လူတစ်ရာကချက်ချင်းသေနတ်များကို မြှောက်ကာ ဝိညာဉ်အခြေတည်အဆင့်ကို ချိန်ထားလိုက်ကြသည်။
သို့သော် ဝိညာဉ်အခြေတည်အဆင့်က လုံး၀ကြောက်နေပုံမပေါ်ပေ။
အဘယ်ကြောင့်ဆိုသော် သေနတ်များမှထွက်ပေါ်နေသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းက အတော်လေးအားနည်းပြီး အဆင့် ၈ ၉ အဆင့်လောက်သာ ရှိမှန်း သူသိနေ၍ ဖြစ်၏။
ထိုလူများထဲမှ အများစုကလည်း အခြေခံတည်ဆောက်ခြင်းအဆင့်များသာ ဖြစ်ကြသည်။
“ဒုတိယသတိပေးချက်”
ဝိညာဉ်အခြေတည်အဆင့် လှောင်ပြောင်လိုက်၏။
“ငါကမှ မင်းတို့ကို သတိပေးရမယ့်သူပါ ငါဒေါသထွက်လာပြီးတိုက်ခိုက်မိရင် အပြစ်မတင်နဲ့နော်”
သူသူ့၏အဆင့် ၉ မှော်လက်နက်ကို ပြောနေရင်း ဆွဲထုတ်လိုက်လေသည်။
“တတိယသတိပေးချက် ပစ်!”
ချိန်ထားပြီးသော လူတစ်ရာက အမိန့်ရသည်နှင့် ချက်ချင်းပစ်ခတ်လိုက်ကြ၏။
ထိုအခါ သွေးမြူများပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။
ဝိညာဉ်အခြေတည်အဆင့်ချက်ချင်းပျောက်ကွယ်သွားခဲ့ရ၏။
သူ့တွင်ခုခံကာကွယ်မည့်အချိန်ပင် မရှိခဲ့ပေ။
ချက်ချင်းပေါက်ကွဲသွားခဲ့ရခြင်း ဖြစ်သည်။