နတ်ဝိညာဉ်အဆင့်တောင် အသတ်ခံရနိုင်တယ်
Vol. 27 Ch. 286
ထိုမျှကြောက်စရာမြင်ကွင်းမျိုးကို မြင်ခဲ့ရသူမှန်သမျှ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေနိုင်ပေသည်။
ထိုလက်နက်က အဆင့် ၉ မှော်လက်နက်ဖြစ်တာ ထင်ရှားနေသော်လည်း သူ့စွမ်းအားက ကြောက်စရာကောင်းလွန်းလှ၏။
ချက်ချင်းဆိုသလို မှတ်ပုံမတင်ရသေးသော ရွှေအမြုတေအဆင့်များနှင့်ဝိညာဉ်အခြေတည်အဆင့်များ ကြောက်လန့်တကြား မြို့ပြင်ဆီ ထွက်ပြေးသွားခဲ့ကြေလသည်။
သူတို့ကြောက်ရွံ့သွားခဲ့ကြ၏။
သူတို့မခုခံရဲကြတော့ပေ။
လျှို့ဝှက်စောင့်ကြည့်နေသော နတ်ဝိညာဉ်အဆင့်များ၏ အမူအရာများလည်း လေးနက်သွားခဲ့ကြသည်။
လူတစ်ရာအတူတစ်ကွပစ်ခတ်လိုက်သော စွမ်းအားက နတ်ဝိညာဉ်အလယ်အဆင့်တစ်ယောက်၏ တိုက်ခိုက်မှုနှင့် ညီမျှနေခဲ့၏။
ထိုအရာက ကြောက်စရာကောင်းလွန်းလှသည်။
နောက်ဆုံးတွင် ထိုသူများက အခြေခံတည်ဆောက်ခြင်းအဆင့်များသာ မဟုတ်ပါလော။
ထိုအခိုက်တွင် အဇူရာတိမ်မြို့ထဲ၌ ထွက်မသွားသေးသော နတ်ဝိညာဉ်အဆင့် ၈ ယောက်သာကျန်ရှိတော့၏။
ထိုနတ်ဝိညာဉ်အဆင့်များသည် မြို့ထဲတွင်အကောင်းဆုံးနေရာဟု သတ်မှတ်၍ရသည့် အဇူရာဧည့်ဂေဟာတွင် နေထိုင်ကြခြင်း ဖြစ်သည်။
မကြာခင်တွင် ကျန်းချန်းရှန် ၀မ်ပေ့လဲ့နှင့်လျန့်ယိတို့ပေါင်းကာ မြို့ထဲတွင် တစ်ခေါက်ကင်းလှည့်ခဲ့ကြ၏။
ထိုအေခါက်တွင် ကံဆိုးသောသူအနည်းငယ်သာ အသတ်ခံခဲ့ရပြီး အများစုက မခုခံရဲခဲ့ကြပေ။
သူတို့နောက်ဆုံးပန်းတိုင်ကတော့ အဇူရာတိမ်ဧည့်ဂေဟာသာ ဖြစ်သည်။
ခေါင်းဆောင်သုံးယောက်၏ အမူအရာများ လေးနက်နေခဲ့ကြ၏။
သူတို့သေနတ်၏စွမ်းအားကို ယုံကြည်ကြပြီး ဝိညာဉ်အခြေတည်အဆင့်များနှင့် ရင်ဆိုင်ရာတွင် လုံး၀ သံသယမရှ်ိခဲ့ပေ။
သို့သော် နတ်ဝိညာဉ်အဆင့်များကို ရင်ဆိုင်နိုင်မနိုင်ကတော့….
ကျန်းချန်းရှန် နတ်ဝိညာဉ်အဆင့်များကို ပြောလိုက်သည်။
“ကျေးဇူးပြုပြီး အဇူရာတိမ်မြို့ထဲက ထွက်သွားပေးပါ မှတ်ပုံတင်ပြီးမှ ခင်ဗျားတို့ ပြန်၀င်လာလို့ရပါမယ်”
နတ်ဝိညာဉ်အဆင့်များ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။
“အသင့်ပြင်ထားကြ”
၀မ်ပေ့လဲ့နှင့်အခြားနှစ်ယောက် လက်ကာပြလိုက်ကြသည်။
သူတို့အမိန့်ေအာက်က အဖွဲ့များ ချက်ချင်းသေနတ်များကို မြှောက်ကာ ချိန်ထားလိုက်ကြ၏။
“ပထမသတိပေးချက် ကျေးဇူးပြုပြီး မြို့ထဲကထွက်သွားကြပါ မှတ်ပုံတင်ပြီးမှ မြို့ထဲကို နောက်တစ်ခေါက် ပြန်၀င်လို့ရပါမယ်”
ခုနကဖြစ်ရပ်များအရ ထိုလူများသည် သတိပေးပြီးနောက် တကယ်ပစ်မှန်း နတ်ဝိညာဉ်အဆင့်များ သိနေခဲ့ကြ၏။
နတ်ဝိညာဉ်အဆင့်တစ်ယောက် အခြားသူများကို တစ်ချက်ကြည့်ကာ ပြောလိုက်လေသည်။
“ငါပူးပေါင်းမယ် ငါမှတ်ပုံတင်မယ်”
သူအဇူရာတိမ်မြို့ပြင်ဆီ ပျံထွက်သွားခဲ့၏။
သို့သော် သူ့နတ်အာရုံကတော့ မြို့ထဲကအခြေအနေကို စောင့်ကြည့်နေဆဲပင်။
တစ်ယောက်က ဦးဆောင်လိုက်သည်နှင့် အခြားသူများလည်း အကြောင်းပြချက်မျိုးစုံပေးကာ မြို့ပြင်သို့ ထွက်ခွာသွားခဲ့ကြသည်။
သို့သော် တစ်ယောက်ကတော့ ထိုနေရာတွင် ရှိနေဆဲပင်။ သူ့မျက်လုံးထဲတွင်လည်း ဒေါသမီးတောက်များ တောက်လောင်နေခဲ့၏။
ထိုကျင့်ကြံသူသည် ၀မ်လင်းဂိုဏ်းကလွှတ်ထားသော ကျင့်ကြံသူသာ ဖြစ်သည်။
၀မ်လင်းဂိုဏ်းသည် လျော်ကြေးကိစ္စကတည်းက သူတို့အနိုင်ကျင့်ခံလိုက်ရသည်ဟု အမြဲ ခံစားနေခဲ့ရခြင်း ဖြစ်၏။
ထို့အပြင် မိစ္ဆာများကလည်း ၀မ်လင်းကုန်းမြေတိုက်ကြီးထဲ၀င်လာကာ ဖျက်ဆီးသွားခဲ့ကြသေးသည်။
မိစ္ဆာများဖျက်ဆီးခဲ့သော နယ်မြေများထဲတွင် ထိုနတ်ဝိညာဉ်အဆင့်၏ မွေးရပ်မြေလည်း ပါ၀င်ခဲ့၏။
ထို့ကြောင့် သူ့အဇူရာတိမ်ဂိုဏ်းအပေါ် အမုန်းတရားက အခြားဂိုဏ်းသားများထက်ပိုပြီး နက်ရှိူင်းပေသည်။
အခုလို အဇူရာတိမ်ဂိုဏ်းက မလောက်လေးမလောက်စား အခြေခံတည်ဆောက်ခြင်းအဆင့်များနှင့် ရင်ဆိုင်ရရာတွင်တော့ သူလုံး၀ ဆုတ်မပေးနိုင်ပေ။
သူသည် နတ်ဝိညာဉ်အဆင့်တစ်ယောက်သာ ဖြစ်၏။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် သို့မဟုတ် တာအိုပေါင်းစည်းခြင်းအဆင့်နှင့်ရင်ဆိုင်ရလျှင်တော့ သူ့တွင်ေရွးချယ်စရာရှိမည် မဟုတ်ပေ။
သို့သော် အခုလိုအခြေခံတည်ဆောက်ခြင်းအဆင့်လေးတွေကိုတော့ သူနောက်ဆုတ်မပေးလိုခဲ့ပေ။
ထိုလက်နက်များက အစွမ်းထက်မှန်း သူသိနေခဲ့သော်လည်း သူ့မာနက ဆုတ်ခွာဖို့ ငြင်းဆန်နေခဲ့သည်။
ငါက နတ်ဝိညာဉ်အဆင့်တစ်ယောက်ပဲ ငါ့မှာ အကာအကွယ်ရတနာလည်းရှိတယ် တစ်ခုခုမှားသွားရင်တောင် ငါထွက်ပြေးနိုင်သေးတယ် သူတို့က ငါ့ကိုချက်ချင်း သတ်ပစ်လိုက်နိုင်မှာတဲ့လား!
“ဒုတိယသတိပေးချက်!”
သေနတ်ပြောင်း ၃၀၀လုံးကနတ်ဝိညာဉ်အဆင့်ကျင့်ကြံသူကို ချိန်ရွယ်ထားခဲ့ကြ၏။
“ကျိုးဟုန် မာနထားမနေနဲ့တော့” အပြင်ဘက်က နတ်ဝိညာဉ်အဆင့်တစ်ယောက် နတ်အာရုံဖြင့် သတိလှမ်းပေးလိုက်သည်။
“အခြေခံတည်ဆောက်ခြင်းအဆင့် ဂျူနီယာတစ်အုပ်နဲ့ ရန်ဖြစ်နေစရာအကြောင်းမရှိဘူး ငါတို့မှာအခြားအရေးကြီးကိစ္စတွေ ရှိသေးတယ်”
မာနမထားနဲ့တော့ တဲ့လား!
ကျိုးဟုန်ထိုစကားကြောင့် ပိုပြီးပင် ဒေါသထွက်သွားခဲ့၏။
“ငါအရင်ဆုံး သူတို့ခွန်အားကို စမ်းသပ်ကြည့်လိုက်ဦးမယ်” သူနတ်အာရုံဖြင့် ပြန်ပြောလိုက်သည်။
ထို့နောက် သူ့လက်ထဲတွင် အဆင့် ၃ မှော်ရတနာတစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုအရာက ဓားရှည်တစ်လက်ပင်။
ကောင်းကင်နှင့်မြေပြင်နိယာမများက သူ့နတ်အာရုံနှင့်အတူ လှုပ်ရှားလာခဲ့လေသည်။ သူ့သိုင်းကွက်ပုံပေါ်သွားချိန်တွင်တော့ ပတ်ပတ်လည်က စိတ်ဝိညာဉ်စွမ်းအင်များက တောင်တစ်လုံးအဖြစ် ဖွဲ့တည်သွားပြီး လူသုံးရာကို ဖိချလိုက်၏။
တစ်ချိန်တည်းမှာပင် ကျိုးဟုန် ဒေါသတကြီး အော်ပြောလိုက်သည်။
“ငါက ရွှေအမြုတေအဆင့်တစ်ယောက်ပဲ ခွေးကောင်လေးတွေကများ ငါ့ကိုမလေးမစားလုပ်ဝံ့သလား မင်းတို့အကြီးအကဲတွေကိုယ်စား မင်းတို့ကို သင်ခန်းစာ ပေးပေးမယ်ကွ”
ကျိုးဟုန်နှင့်ရင်ဆိုင်ရသောအခါ ကျန်းချန်းရှန်တို့ တောင့်တင်းကုန်ကြ၏။
နတ်ဝိညာဉ်အဆင့်တစ်ယောက်သည် အထင်သေး၍ ရသောအရာ မဟုတ်ပေ။
ကျိုးဟုန်လှုပ်ရှားလိုက်တာကို မြင်သည်နှင့် သူတို့တတိယသတိပေးချက်ပင် မပြောတော့ဘဲ ချက်ချင်း ပစ်ခတ်လိုက်ကြလေသည်။
ကျည်ဆန်သုံးရာက ကြောက်မက်ဖွယ်စွမ်းအားဖြင့် ကျိုးဟုန်ဆီ ပြေး၀င်သွားခဲ့၏။
ကျိုးဟုန် အမူအရာချက်ချင်းပြောင်းလဲသွားခဲ့သည်။ထိုကျည်များကို ရင်ဆိုင်ရတာက သူထင်တာထက် ပိုခက်မှန်း သူသိရှိသွားခဲ့၏။
သူကောင်းကင်နှင့်မြေပြင်နိယာမကိုသုံးကာ ဖွဲ့တည်ထားသော တောင်ကြီးသည် ထိုလူသုံးရာကို အပြင်းအထန်ဒဏ်ရာရသွားစေနိုင်တာ သေချာပေသည်။ သို့သော် သူမခုခံခဲ့လျှင် ထိုလူသုံးရာကလည်း သူ့ကို သတ်ပစ်နိုင်နေခဲ့၏။
သူနတ်အာရုံကိုထပ်သုံးလိုက်သောအခါ တောင်ကြီးကပျောက်ကွယ်သွားပြီး ချက်ချင်းဆိုသလို သူ့ရှေ့တွင် အကာအကွယ်အလွှာများ ပေါ်လာခဲ့လေသည်။
ထို့နောက်တွင်တော့ သူ့အကာအကွယ်အလွှာများတစ်ထပ်ပြီးတစ်ထပ်ပြိုကွဲသွားပြီး ရပ်တန့်မရသော ကျည်များက သူ့ဆီတိုး၀င်လာနေကြသည်ကို မြင်လိုက်ရ၏။
ကျိုးဟုန်မျက်နှာဖြူဖျော့သွားခဲ့သည်။
သူနောက်တစ်ခါတွေးလိုက်ရုံဖြင့် သူ့ရှေ့တွင် အကာအကွယ်လွှာများ ပေါ်လာခဲ့ကြပြန်၏။
တစ်ဒါဇင်ကျော်သော အကာအကွယ်လွှာများကို ဖောက်ခဲ့ပြီးနောက်တွင်တော့ ကျည်ဆန်များက အဟုန်ကုန်ဆုံးသွားကာ မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။
သို့သော် နောက်ကျည်တစ်သုတ်ရောက်ရှိလာခဲ့ပြန်၏။
သို့သော် ထိုအခိုက်တွင် ကျိုးဟုန်အတွက် တုန့်ပြန်ဖို့ အချိန်ရသွားခဲ့ချေပြီ။
သူဒါဇင်နှင့်ချီသာ အကာအကွယ်အလွှာများထပ်ထုတ်လိုက်ပြီး ချက်ချင်းဆိုသလို သူ့လက်ထဲက ဓားကို ဝှေ့ယမ်းလိုက်သည်။
ထိုအခါ ကောင်းကင်မိုးကြိုးများက လူသုံးရာဆီတိုး၀င်သွားခဲ့၏။
ထိုအရာက နတ်ဝိညာဉ်အဆင့်တစ်ယောက်၏ တိုက်ခိုက်မှု ဖြစ်ပေသည်။
အခြေခံတည်ဆောက်ခြင်းအဆင့်တစ်အုပ်မပြောနှင့် ရွှေအမြုတေအဆင့်တစ်အုပ်ပင် ခုခံနိုင်မည် မဟုတ်ပေ။
ရုတ်ချည်းဆိုသလို ကျန်းယန် သူတို့ရှေ့တွင်ပေါ်ထွက်လာခဲ့ပြီး ကျိုးဟုန်၏တိုက်ခိုက်မှုကို မင်ကွမ်းချပ်၀တ်ကို သုံးကာ ခုခံလိုက်လေသည်။
“မင်းတို့အဲ့ဒီမှာ ဘာကြောင်ကြည့်နေကြတာလဲ” ကျန်းယန် ကျိုးဟုန်ကိုအေးစက်စက်စိုက်ကြည့်နေရင်း ပြောလိုက်၏။
“သူကခုခံချင်နေမှတော့ သူ့ကိုသေတဲ့အထိပစ်သတ်ကြတော့လေ သူကမောက်မာမနေဘူးလား အားလုံးကိုခေါ်လိုက်”
ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ကမ္ဘာကြီးအား အဇူရာတိမ်မြို့သည် နတ်ဝိညာဉ်အဆင့် တာအိုပေါင်းစည်းခြင်းအဆင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များအပါအ၀င် ဘယ်သူမှ လာရမ်းကား၍မရသော မြို့ဆိုတာကို ပြသရမည် ဖြစ်သည်။
ကျန်းချန်းရှန် ၀မ်ပေ့လဲ့နှင့်လျန့်ယိတို့ ချက်ချင်းသတင်းပို့လိုက်ကြ၏။
သတင်းရသည်နှင့် ဒါဇင်နှင့်ချီသောအဖွဲ့များက အဇူရာတိမ်ဧည့်ဂေဟာဆီ ချီတက်လာခဲ့ကြလေသည်။
လူတစ်သောင်းသည် အဇူရာတိမ်ဧည့်ဂေဟာကို ဝိုင်းထားကာ ကျိုးဟုန်ကိုသေနတ်များဖြင့် ချိန်ထားခဲ့ကြ၏။
ထိုမြင်ကွင်းကိုမြင်သောအခါ ကျိုးဟုန်ကျောမှ ချွေးအေးများ ကျဆင်းလာခဲ့သည်။
“နားလည်မှုလွဲတာပါ နားလည်မှုလွဲတာပါ အားလုံးက နားလည်မှုလွဲသွားတာပါ”
သူလူသုံးရာကိုခုခံနိုင်သော်လည်း လူတစ်သောင်းကိုတော့ ဘယ်လိုမှခုခံနိုင်မည် မဟုတ်ပေ။
ကျန်းယန် လက်ကာပြကာ လူတိုင်းကိုပြောလိုက်၏။
“နားလည်မှုလွဲတယ်ဆိုတာမျိုးမရှိဘူး သူ့ကိုအသေပစ်သတ်ကြ
ဆက်တိုက်ပစ်ကြ သူ့ကိုအနားယူခွင့်မပေးနဲ့
မင်းတို့ရဲ့ ပစ်ကွင်းထောင့်ချိုးတွေကို ချိန်ညှိပြီး သူ့ပတ်ပတ်လည် မီတာ ၁၀၀နယ်မြေကို ပိတ်ထား သူ့ကိုထွက်ပြေးခွင့်မပေးနဲ့”
လူတစ်သောင်းစတင်ပစ်ခတ်လိုက်ကြချေပြီ။
ကျိုးဟုန် သူ့ပတ်ပတ်လည်ကို ပိတ်ကာရံထားသော ကျည်မုန်တိုင်းကြီးကိုသာ မြင်လိုက်ရလေသည်။
သူ့တွင်ပြေးစရာလမ်းမရှိပေ။
သူလုပ်နိုင်သည်က အကာအကွယ်အလွှာဖွင့်ပြီး ကာကွယ်နေရုံသာ ဖြစ်၏။
သူအရင်ကတည်းက ထွက်ပြေးခဲ့သင့်ပေသည်။ သို့သော် အခုတော့ အားလုံးက နောက်ကျသွားခဲ့ချေပြီ။
တခဏအကြာတွင် သူ့တစ်ကိုယ်လုံးက သွေးမြူအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့ရလေသည်။
“အဇူရာတိမ်မြို့ဖြိုခွင်းမှုစစ်ဆင်ရေး ပြီးပြီ ဆုတ်ခွာကြ” ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။
“အားလုံးပဲ လေ့ကျင့်ရေးကွင်းကိုပြန်သွားပြီး ဒီနေ့တိုက်ပွဲကနေ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်သုံးသပ်ကြ”
ထို့နောက် လူတစ်သောင်းက လေ့ကျင့်ရေးကွင်းပြင်ဆီ ပြန်သွားခဲ့ကြသည်။
ထိုမြင်ကွင်းကိုမြင်ခဲ့ရသောသူများ၏ မျက်နှာများကတော့ ဖြူဖျော့နေခဲ့ကြ၏။
ဒါကြီးက နတ်ဝိညာဉ်အဆင့်တစ်ယောက်လေ….
အခြေခံတည်ဆောက်ခြင်းအဆင့်များ၏ မီးပေါက်သေနတ်များအောက်တွင် အသတ်ခံခဲ့ရသော နတ်ဝိညာဉ်အဆင့်တစ်ယောက်……