အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အခန်း ၁၀၃: ဒီလိပ်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ
အချိန်များသည် အက်ကွဲကြောင်းကို ဖြတ်သွားသော မြင်းဖြူတစ်ကောင်လို လျင်မြန်စွာ ကုန်လွန်သွားခဲ့လေသည်။
မသိလိုက်မသိဘာသာပင် သုံးနှစ်တောင် ကြာသွားခဲ့ပြီဖြစ်သည်။
ဤသုံးနှစ်တာကာလအတွင်း ရှောင်မိုသည် ဘိုင်ရုရွှယ်နောက်ကို နေ့စဉ်နေ့တိုင်း လိုက်ကာ ကွန်ဖြူးရှပ်ဂန္ထဝင်ကျမ်းများနှင့် လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကျော်က ထုတ်ဝေခဲ့သည့် ကွန်ဖြူးရှပ်ကျမ်းသစ်များကို လေ့လာခဲ့သည်။
ရှောင်မိုကို စာသင်ပေးရာတွင် ဘိုင်ရုရွှယ်က သိပ်ပြီး အလေးအနက်မထားဘဲ သူ့ကို ခဏခဏ စနောက်တတ်သော်လည်း ရုရွှယ်၏ အသိပညာက တကယ်ကို နက်ရှိုင်းလှသည်ဆိုသည်ကိုတော့ ရှောင်မို ဝန်ခံရပါလိမ့်မည်။
ရုရွှယ်သည် ကျမ်းစာများကို ရှင်းပြသောအခါ စာအုပ်ထဲကအတိုင်း ရွတ်ပြရုံသက်သက် မဟုတ်ဘဲ သူမ၏ ကိုယ်ပိုင် နားလည်သဘောပေါက်မှုများကိုပါ ထည့်သွင်းရှင်းပြလေ့ရှိသည်။
ကျမ်းစာများအပေါ် ရုရွှယ်၏ မှတ်ချက်ရေးသားပုံများက သူ၏ ယခင်ဘဝတုန်းက အကျင့်အချို့နှင့်တောင် ဆင်တူနေသည်ဟု ရှောင်မို ခံစားခဲ့ရသည်။
ဤအရာက ရှောင်မိုကို အတော်လေး ကျေနပ်အားရစေခဲ့သည်။
အရင်တုန်းက ဘာမှမသိဘဲ အရာအားလုံးကို "ဘာဖြစ်လို့လဲ" ဟု အမြဲတမ်း မေးတတ်သော ကောင်မလေးက အခုတော့ ဤမျှလောက် ဗဟုသုတကြွယ်ဝပြီး အရည်အချင်းရှိသူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု ဘယ်သူက ထင်ထားမိမည်နည်း။
စာဖတ်ခြင်းအပြင် ဘိုင်ရုရွှယ်က ရှောင်မို၏ ကျင့်ကြံခြင်းကို အထောက်အကူဖြစ်စေရန် စိတ်နှလုံးကျင့်ကြံခြင်း ပညာရပ်အချို့နှင့် ကိုယ်ခံပညာအတွက် ဓားသိုင်းအချို့ကိုလည်း သင်ပေးခဲ့သည်။
အချိန်ရတိုင်း ဘိုင်ရုရွှယ်က ရှောင်မိုကို ခန္ဓာကိုယ်ကြံ့ခိုင်စေရန်အတွက် ဆေးရည်စိမ်ချိုးပေးလေ့ရှိသည်။
ရှောင်မို၏ ခန္ဓာကိုယ်ကြံ့ခိုင်စေရန် သုံးသော ဆေးဖက်ဝင်ပစ္စည်းအချို့ကို ရှောင်မို မှတ်မိနေပြီး ထိုပစ္စည်းတိုင်းက တန်ဖိုးဖြတ်၍မရလောက်အောင် ရှားပါးလှသည်။
တကယ်တော့ ကျင့်ကြံသူအများစုက ထိုသို့ တန်ဖိုးကြီးသော ဆေးဖက်ဝင်ပစ္စည်းများကို တစ်ခါသုံးပြီးသည်နှင့် လွှင့်ပစ်ရန် နှမြောကြပြီး အကြိမ်ကြိမ် ပြန်သုံးလေ့ရှိကြသည်။
သို့သော် ရှောင်မို ရေချိုးပြီးတိုင်း ဘိုင်ရုရွှယ်က ထို ဆေးဖက်ဝင်ပစ္စည်းများ အားလုံးကို ငါးစာကျွေးရန် ပင်လယ်ထဲသို့ ပစ်ချလိုက်သည်။
ဘိုင်ရုရွှယ်အတွက်တော့ ရှောင်မို သုံးသမျှ အရာအားလုံးက အကောင်းဆုံးများသာ ဖြစ်ရမည်ဖြစ်သည်။
ဆေးဖက်ဝင်ပစ္စည်းများကို ဒုတိယအကြိမ် ပြန်သုံးရမည်တဲ့လား။
ထိုသို့လုပ်လျှင် ဤမိန်းကလေးက မြောက်ပိုင်းပင်လယ်၏ အရှင်သခင်မ ဖြစ်နေသည်မှာ အလကားပင် ဖြစ်ပေလိမ့်မည်။
အခြားဂိုဏ်းများမှ ကိုယ်ပိုင်တပည့်များက မည်သို့သော အရင်းအမြစ်များ ရရှိကြသည်ကိုတော့ ရှောင်မို မသိပေ။
သို့သော် သူရရှိနေသော အရာများနှင့် ယှဉ်လျှင်တော့ သူတို့ ရရှိသောအရာများက ယှဉ်၍တောင် မရနိုင်ဟု ရှောင်မို ခံစားရသည်။
ဤသို့ မျိုးစုံသော အရင်းအမြစ်များစုဆောင်းရရှိမှုကြောင့် ရှောင်မိုက ချီစုစည်းမှုအဆင့် ကိုးဆင့်၏ အထွတ်အထိပ်သို့ အလျင်အမြန် ရောက်ရှိသွားခဲ့ပြီး အုတ်မြစ်ချခြင်းအဆင့် မိုးကြိုးဘေးဒဏ်ကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ရှောင်မို ဘေးဒဏ်မခံယူမီတွင် ဘိုင်ရုရွှယ်က အကြီးအကျယ် ပြင်ဆင်မှုများ လုပ်ခဲ့သည်။
ဘိုင်ရုရွှယ်က အရင်ဆုံး ကံကောင်းစေသော ရတနာမြေနေရာတစ်ခုကို ရှာဖွေပြီးနောက် မှော်အစီအရင်တစ်ခုကို တည်ဆောက်ခဲ့သည်။
ဘေးဒဏ်ခံယူရမည့်နေ့တွင် ဘိုင်ရုရွှယ်က ရှောင်မိုအား ကောင်းကင်တာအိုကို ရိုသေလေးစားမှုပြရန်အတွက် ကောင်းကင်နှင့် မြေကြီးကို ပူဇော်ခိုင်းပြီးနောက် မှော်လက်နက်မျိုးစုံနှင့် ဆေးလုံးများစွာကို တိုက်ကျွေးလိုက်သည်။
မသိသောလူတစ်ယောက်က မြင်လျှင် ရှောင်မိုက အထက်သုံးဆင့်အတွက် ဘေးဒဏ်ခံယူနေသည်ဟုတောင် ထင်သွားနိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူတစ်ယောက် ဘေးဒဏ်ခံယူနေချိန်တွင် အခြားသူများက ကူညီ၍မရဘဲ ကြည့်နေရုံသာ တတ်နိုင်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် မိုးကြိုးဘေးဒဏ် တစ်ချက်ကျလာတိုင်း ဘိုင်ရုရွှယ်က အရမ်းကို စိုးရိမ်တကြီး ဖြစ်နေတတ်သည်။
ရှောင်မိုက မိုးကြိုးဘေးဒဏ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သွားသောအခါမှ ဘိုင်ရုရွှယ်က သူမ၏ လက်သေးသေးလေးများကို ဖြေလျှော့လိုက်ရာ လက်ဖဝါးထဲတွင် နက်ရှိုင်းသော လက်သည်းရာများ ထင်ကျန်နေသည်ကို တွေ့ရသည်။
နေ့စဉ် ကျင့်ကြံခြင်းအပြင် ဘိုင်ရုရွှယ်က ရှောင်မို၏ လက်တွေ့တိုက်ခိုက်ရေး အတွေ့အကြုံ တိုးလာစေရန်အတွက် ရှောင်မိုနှင့် လေ့ကျင့်တိုက်ခိုက်ရန် သားရဲငယ်လေးအချို့ကို ခဏခဏ ဖမ်းလာလေ့ရှိသည်။
ဤသားရဲများထဲတွင် ချောက်နက်သံချပ်ကာ မိစ္ဆာမြင်းခွာဂဏန်း၊ ချော်ရည်သံချပ်ကာ ဂဏန်းဘုရင်နှင့် အော်ဟစ်မြည်တမ်းနေသော စိတ်နှလုံးဖမ်းစား ကမာကောင်တို့ ပါဝင်သော်လည်း ထိုမျှနှင့်တင် မကသေးပေ။
"အစ်မဘိုင်၊ ဘာလို့ သူတို့နာမည်တွေက အကုန်လုံး ထူးဆန်းနေရတာလဲဟင်။"
ရှောင်မိုက သူ့ရှေ့မှာရှိတဲ့ ဒီရေအပြာရောင် ပင်လယ်ငါးကို ကြည့်ရင်း မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ အရင်က သားရဲတွေလိုပဲ သူ့နာမည်ကိုလည်း နင့်အစ်မ ငါက ပေးထားလို့ပေါ့။" ဘိုင်ရုရွှယ်၏ မျက်လုံးများက လခြမ်းကွေးလေးတွေလို ဖြစ်သွားသည်။ "ဘာဖြစ်လို့လဲ။ မိုလေးက နားထောင်လို့ မကောင်းဘူးထင်လို့လား။"
"မဟုတ်ပါဘူး... နားထောင်လို့ အတော်လေး ကောင်းပါတယ်။" ရှောင်မို ခဏလောက် ဆွံ့အသွားသည်။
"အစ်မလည်း နားထောင်လို့ ကောင်းတယ်လို့ ထင်တယ်။" ဘိုင်ရုရွှယ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "မိုလေး ရှေ့က ဒီရေအပြာရောင် ပင်လယ်ငါးကို မြန်မြန် အနိုင်ယူလိုက်တော့။"
"ဟုတ်ကဲ့ အစ်မ။"
ရှောင်မိုက သူ၏ သစ်သားဓားကို ယူကာ ဒီရေအပြာရောင် ပင်လယ်ငါးဆီသို့ ခုတ်ချလိုက်သည်။
ပင်လယ်ငါး၏ ဆူးတောင်များ တုန်ယင်သွားသည်။
သူ၏ရှေ့မှ လူသားမျိုးနွယ် ကလေးလေးကို ဆားငန်ရည် တစ်ငုံလောက် မှုတ်ထုတ်လိုက်ရုံဖြင့် သေအောင် သတ်နိုင်မည်ဟု သူ ယုံကြည်နေသည်။
သို့သော် သူက မနီးမဝေးတွင်ရှိသော ရွှေရောင် ဒေါင်လိုက်သူငယ်အိမ်များနှင့် အမျိုးသမီးကို လှမ်းကြည့်လိုက်သည်။
သူသာ ပါးစပ်ဟရဲလျှင် သေချာပေါက် အရင်ဆုံး သေရမည့်သူမှာ သူပင်ဖြစ်ကြောင်း သူ သိနေသည်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန် ကြာပြီးနောက်တွင်တော့ ရှောင်မိုက ကြီးမားသော အောင်ပွဲကို ရရှိသွားသည်။ ဘိုင်ရုရွှယ်က ဒီရေအပြာရောင် ပင်လယ်ငါးကို ကန်ထုတ်လိုက်ပြီး ရှောင်မိုကို ပျော်ရွှင်စွာ လက်ခုပ်တီး အားပေးလိုက်သည်။ "မိုလေးက အရမ်းတော်တာပဲ မိုလေးက တကယ့် ပါရမီရှင်လေးပဲ~"
"ကျေးဇူးတင်ပါတယ် အစ်မဘိုင်။"
ရှောင်မိုက နဖူးမှ ချွေးပူများကို သုတ်လိုက်သည်။
ဤသားရဲများကို သူ အကြိမ်ငါးဆယ် ဆက်တိုက် အနိုင်ရထားပြီးဖြစ်သော်လည်း ရှောင်မိုက တကယ်ကို ဂုဏ်ယူစရာမရှိဟု ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ဤသားရဲများက သူ့ကို အလျှော့ပေးရုံတင်မကဘဲ သမုဒ္ဒရာကြီးတစ်ခုလုံးကိုပါ ပေးအပ်နေသကဲ့သို့ ဖြစ်နေသောကြောင့်ဖြစ်သည်။
ရုရွှယ်က သားရဲတစ်ကောင်ကို ဖမ်းလာတိုင်း သူတို့မှာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။
သူတို့က ရှောင်မိုကို သတိထားပြီး တိုက်ခိုက်ရန်သာ ရဲကြပြီး နောက်ဆုံးတွင်တော့ သဲအိတ်ကဲ့သို့ အကြမ်းဖက် အရိုက်ခံလိုက်ရခြင်းသာ ဖြစ်သည်။
အရိုက်ခံရပြီးနောက် ရုရွှယ်က ပွန်းပဲ့ရောင်ရမ်းနေသော ထိုသားရဲများကို ပြန်လွှတ်ပေးလိုက်သည်။
သူတို့က နောက်ကိုတောင် လှည့်မကြည့်ရဲကြချေ။
ရှောင်မိုက ထိုကိစ္စအတွက် အတော်လေး အနေရခက်နေသော်လည်း ရုရွှယ်၏ စေတနာကိုတော့ အလဟဿ မဖြစ်စေချင်ပေ။
ထို့အပြင် ထိုအကြောင်းကို ထည့်မပြောပါနှင့်တော့။
ဤသားရဲများက သူ့ကို သမုဒ္ဒရာကြီးတစ်ခုလုံး ပေးအပ်နေသကဲ့သို့ ဖြစ်နေသော်လည်း ရှောင်မိုက ဤသားရဲများ သူ့အပေါ် မည်မျှလောက် အလျှော့ပေးထားသည်ဆိုသည့် အပေါ်မူတည်၍ သူ၏ လက်ရှိ ခွန်အားကို ခန့်မှန်းနိုင်သေးသည်။
သို့သော် တစ်နေ့တွင်တော့ ဘိုင်ရုရွှယ်က ဓားနဂါးလိပ်တစ်ကောင်ကို ဖမ်းလာခဲ့သည်။
ဤဓားနဂါးလိပ်ကတော့ မတူပေ။
၎င်းက အုတ်မြစ်ချခြင်းအဆင့် အလယ်ပိုင်းနှင့် ညီမျှသော ခွန်အားရှိသည့် အဆင့်ရှစ် သားရဲတစ်ကောင် ဖြစ်သည်။
ရှောင်မိုနှင့် ဓားနဂါးလိပ်တို့က အတော်လေး ကောင်းကောင်း လေ့ကျင့်တိုက်ခိုက်နိုင်ခဲ့ပြီး အင်အားချင်း မျှတနေပုံရသည်။
သို့သော် ရှောင်မိုက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး ဓားဖြင့် ခုတ်ချလိုက်သည်။
ဓားနဂါးလိပ်က သူ၏အသက်အန္တရာယ်ကို အာရုံခံမိသွားပြီး အလိုအလျောက် ရေတိုင်တစ်ခုကို ပစ်လွှတ်လိုက်သည်။
ရှောင်မို အချိန်မီ မရှောင်နိုင်လိုက်ဘဲ လက်မောင်းကို အထိခံလိုက်ရသည်။
"မိုလေး" ဘိုင်ရုရွှယ် လန့်သွားသည်။ သူမက ရှောင်မို၏ ဒဏ်ရာကို စစ်ဆေးရန် အလျင်အမြန် ပြေးလာခဲ့သည်။ "အဆင်ပြေရဲ့လား။"
"ကျွန်တော် အဆင်ပြေပါတယ် အစ်မဘိုင်။ ဒဏ်ရာအသေးအမွှားလေးပါ။ မနာကျင်ရဘဲ ဘယ်လိုလုပ် ကျင့်ကြံလို့ရမှာလဲ။" ရှောင်မိုက ဂရုမစိုက်သလို ပြောလိုက်သည်။ "ကျွန်တော် ဆက်တိုက်ပါ့မယ်။"
ဘိုင်ရုရွှယ်က ခေါင်းခါလိုက်သည်။ "ဒီနေ့ ဆက်မတိုက်နဲ့တော့။ မိုလေး အရမ်းတော်ပါတယ်။ အခန်းထဲ ပြန်ပြီး အရင်နားလိုက်ဦး။ ခဏနေ ထမင်းစားဖို့ အစ်မ ခေါ်လိုက်မယ်။"
ဘိုင်ရုရွှယ်က လက်လှမ်း၍ ရှောင်မို၏ ဒဏ်ရာကို ပွတ်သပ်ပေးလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် တကယ်ပင် ဒဏ်ရာအသေးအမွှားလေးသာ ဖြစ်ပြီး ချက်ချင်း ပြန်ကောင်းသွားခဲ့သည်။
"ဒါဆိုလည်း အစ်မ၊ ကျွန်တော် သွားနားလိုက်ဦးမယ်။"
ရှောင်မိုက တကယ်တော့ ဓားနဂါးလိပ်နှင့် နည်းနည်းလောက် ထပ်တိုက်ချင်သေးသည်။ သူ အခုမှ တိုက်ချင်စိတ် ပေါ်လာခါစပင် ရှိသေးသည်။
သို့သော် ရုရွှယ်၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ သူမ သေချာပေါက် သဘောတူမည် မဟုတ်ကြောင်းကို သိနေသည်။
"အင်း၊ မြန်မြန်သွားတော့။"
ဘိုင်ရုရွှယ်က ပြုံးကာ ရှောင်မို၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
ရှောင်မို အခန်းထဲ ဝင်သွားပြီးနောက်တွင်တော့ ဘိုင်ရုရွှယ်၏ အရင်က ပြုံးနေသော မျက်နှာက ချက်ချင်းပင် လေးနက်သွားသည်။
ဘိုင်ရုရွှယ်က လှည့်ကာ ဓားနဂါးလိပ်ကို ကြည့်လိုက်သည်။
ကြီးမားလှသော နဂါးအငွေ့အသက်ကို ခံစားလိုက်ရပြီး ဓားနဂါးလိပ်မှာ အဆက်မပြတ် တုန်ယင်နေခဲ့သည်။
ထိုညနေတွင် ရှောင်မို ခြံဝန်းထဲမှ ထွက်လာသောအခါ ဓားနဂါးလိပ် မရှိတော့သည်ကို တွေ့လိုက်ရသည်။
"အစ်မဘိုင်၊ အဲဒီဓားနဂါးလိပ်ကို ပြန်လွှတ်လိုက်ပြီလား။" ရှောင်မိုက မေးလိုက်သည်။
ရှောင်မို သားရဲများနှင့် လေ့ကျင့်တိုက်ခိုက်ပြီးတိုင်း ဘိုင်ရုရွှယ်က ၎င်းတို့ကို ပြန်လွှတ်ပေးလေ့ရှိသည်။
"ဟင်။ အဲဒီလိပ်လား။ အင်း၊ သူ ပြန်သွားပြီ။" ဘိုင်ရုရွှယ်က မီးဖိုချောင်ထဲမှ လှမ်းပြောလိုက်သည်။ "ခဏစောင့်ဦး မိုလေး၊ အစ်မ ထမင်းဟင်း ချက်ချင်း ပြင်ပေးမယ်။"
"ဟုတ်ကဲ့ အစ်မဘိုင်။" ရှောင်မိုက ခေါင်းညိတ်လိုက်ပြီး ခြံဝန်းထဲတွင် စာအုပ်တစ်အုပ်ကို ဆက်ဖတ်နေလိုက်သည်။
အမွှေးတိုင်တစ်ဝက်စာ အချိန်ကြာပြီးနောက် ဘိုင်ရုရွှယ်က ဟင်းအိုးကို ကိုင်ကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။
အိုးထဲမှ ထွက်လာသော မွှေးပျံ့သည့်ရနံ့ကို ရလိုက်သောအခါ ရှောင်မိုက တကယ်ကို စားချင်စိတ် ပေါ်လာခဲ့သည်။ "အစ်မဘိုင်၊ ဒီည ဘာစားမှာလဲဟင်။ အရမ်းမွှေးနေတာပဲ"
"ထူးထူးခြားခြားတော့ မဟုတ်ပါဘူး၊ အစ်မ အလွယ်တကူ ချက်လိုက်တာပါ။ မွှေးနေတယ်ဆိုတော့ မိုလေး ဒီည ပိုစားရမယ်နော်။"
"အင်း။"
ဘိုင်ရုရွှယ်က ဟင်းအိုးကို စားပွဲပေါ်သို့ တင်လိုက်သည်။
ရှောင်မိုက အိုးထဲသို့ ငုံ့ကြည့်လိုက်သည်။
ဟင်
ဒီလိပ်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။
အခန်း ၁၀၄
မြောက်ပိုင်းပင်လယ်၏ ကောင်းကင်ယံအထက်တွင် လူငယ်တစ်ဦးက သူ၏ဘေး၌ ရပ်နေသော ဆရာဖြစ်သူကို မေးလိုက်လေသည်။
"ဆရာ၊ မြောက်ပိုင်းပင်လယ်မှာ တကယ်ပဲ နဂါးပျံတွေ ရှိတာလား။"
ထိုလူငယ်၏ဆရာမှာ လောကီအညစ်အကြေးများနှင့် ကင်းစင်နေသည့် မသေမျိုးတစ်ပါးကဲ့သို့ ပုံပေါက်နေသော ဆံဖြူအဘိုးအိုတစ်ဦးဖြစ်ပြီး လောကလူသားများ တင်စားခေါ်ဝေါ်လေ့ရှိသည့် ပုန်းကွယ်နေသော ထိပ်တန်းပညာရှင်ဆိုသည့် ပုံစံမျိုးပင် ဖြစ်ပေသည်။
ထိုအဘိုးအို၏ အမည်မှာ လီဖုန်းရှန်းဖြစ်ပြီး ဝမ်ရှန်းဂိုဏ်း၏ ဘိုးဘေးကြီးဖြစ်ကာ မသေမျိုးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
အဘိုးအို၏ လက်ထဲတွင် အစီအရင်ကျောက်စိမ်းပြားတစ်ခု ရှိနေခဲ့သည်။
ကျောက်စိမ်းပြားပေါ်ရှိ ညွှန်တံလေးမှာ တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား အဆက်မပြတ် လည်ပတ်နေလေသည်။
"ရှိတာပေါ့၊ ဘာလို့ မရှိရမှာလဲ။ ဒီမြောက်ပိုင်းပင်လယ်မှာ မသေမျိုးအဆင့် အစောပိုင်းမှာရှိတဲ့ နဂါးပျံတစ်ကောင်ဖြစ်တဲ့ နဂါးအရှင်သခင် ရှိတယ်။"
ဝမ်ရှန်းဂိုဏ်း၏ ဂိုဏ်းချုပ်က သူ၏ မုတ်ဆိတ်ကို သပ်ကာ ပြုံးလိုက်လေသည်။
"သူမရဲ့ လက်အောက်မှာ နဂါးဘုရင်ရှစ်ပါးလည်း ရှိသေးတယ်။ အပြာရောင်နဂါးပျံတစ်ကောင်က သူမရဲ့ ညီမဖြစ်ပြီး မြောက်ပိုင်းပင်လယ်ရဲ့ ကိစ္စအဝဝကို ကိုယ်စား စီမံခန့်ခွဲပေးတယ်။ ကျန်တဲ့ နဂါးဘုရင် ခုနစ်ပါးကတော့ မြောက်ပိုင်းပင်လယ်ရဲ့ အရပ်မျက်နှာ ခုနစ်ခုမှာ နေရာယူပြီး နဂါးနန်းတော်ကို စောင့်ကြပ်ပေးကြတယ်။
ပြီးတော့ ဒီမြောက်ပိုင်းပင်လယ်က မိစ္ဆာမျိုးနွယ်လောကနဲ့ အနန္တဓမ္မလောကတို့ရဲ့ ဆုံမှတ်မှာ တည်ရှိနေတာ။
ထပ်ပြောရရင် မြောက်ပိုင်းပင်လယ်နဂါးနန်းတော်က ပုံမှန်အားဖြင့် ပြဿနာရှာလေ့မရှိတော့ လူသားမျိုးနွယ်တွေကလည်း အများအားဖြင့် မျက်ကွယ်ပြုထားကြတာပေါ့။"
ဆရာဖြစ်သူ၏ စကားများကို နားထောင်ရင်း စုရန်ဟုအမည်ရသော လူငယ်လေး၏ မျက်လုံးများထဲတွင် စိုးရိမ်မှုအရိပ်အယောင်များ ပေါ်လာခဲ့သည်။
"ဆရာ၊ မြောက်ပိုင်းပင်လယ်က အဲဒီလောက်တောင် အင်အားကြီးတာ။ ကျွန်တော်တို့ ဒီကိစ္စကို လက်လျှော့လိုက်ရင် မကောင်းဘူးလား။ ကျွန်တော်တစ်ယောက်တည်းလည်း ကောင်းကောင်း ကျင့်ကြံနိုင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က မြောက်ပိုင်းပင်လယ် နဂါးအရှင်သခင်ကို အန္တရာယ်ပေးမိရင် မြောက်ပိုင်းပင်လယ်တစ်ခုလုံးက မိစ္ဆာမျိုးနွယ်လောကဘက်ကို ကူးပြောင်းသွားနိုင်ပြီး ကျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ စစ်မျက်နှာစာအတွက် ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။"
"မိုက်မဲတဲ့ ကလေး။"
လီဖုန်းရှန်းက အရေတွန့်နေသော မျက်နှာအိုကြီးဖြင့် ပြုံးလိုက်လေသည်။
သူက လက်ဆန့်တန်းကာ တပည့်ဖြစ်သူ၏ ခေါင်းကို ပွတ်သပ်လိုက်သည်။ "စုရန်၊ မင်းက အရမ်း သဘောကောင်းလွန်းတယ်။ ဒါပေမဲ့ တစ်ခုတော့ သိထားရမယ်၊ လူသားက လူသားပဲ၊ မိစ္ဆာက မိစ္ဆာပဲ။ အမျိုးမတူရင် စိတ်ထားလည်း ကွဲပြားကြစမြဲပဲ။
မြောက်ပိုင်းပင်လယ်နဂါးနန်းတော်က ကြားနေဝါဒီ သက်သက်ပဲလို့ မင်းက တကယ်ယုံနေတာလား။
ဟီးဟီးဟီး။
မြောက်ပိုင်းပင်လယ်နဂါးနန်းတော်က မိစ္ဆာမျိုးနွယ်လောကဘက်က ပိုမြင့်တဲ့ တန်ဖိုးတစ်ခု ပေးလာမယ့်အချိန်ကို စောင့်နေကြတာသက်သက်ပဲ။
မြောက်ပိုင်းပင်လယ်နဂါးနန်းတော်က ပြသနေတဲ့ စေတနာဆိုတာကလည်း လူသားမျိုးနွယ်တွေကို ပေါ့ဆသွားအောင် ချွေးသိပ်ဖို့ ရည်ရွယ်တာသက်သက်ပဲ။
အချိန်ကျလာတာနဲ့အမျှ မြောက်ပိုင်းပင်လယ်နဂါးနန်းတော်က လူသားမျိုးနွယ်တွေအပေါ် သူတို့ရဲ့ အစွယ်တွေကို ထုတ်ပြဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။"
"တကယ်ပဲ အဲဒီလိုလားဟင်။" စုရန်က အပြစ်ကင်းစင်ကာ ရိုးသားသော အကြည့်ဖြင့် မေးလိုက်သည်။
"စုရန်၊ မင်းက ငယ်သေးတော့ မိစ္ဆာတွေရဲ့ ယုတ်မာတဲ့ စိတ်နှလုံးကို သဘာဝကျကျ နားမလည်နိုင်သေးတာပါ။"
လီဖုန်းရှန်းက သက်ပြင်းချလိုက်လေသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်တို့ကြားက ပထမဆုံး ကြီးမားတဲ့စစ်ပွဲကြီး ပြီးဆုံးသွားပြီးတဲ့နောက်မှာ သူတို့ကြားက ပဋိပက္ခက ဖြေရှင်းလို့မရအောင် ဖြစ်သွားခဲ့တယ်။ နှစ်တွေကြာလာတာနဲ့အမျှ ပွတ်တိုက်မှုတွေက အဆက်မပြတ် ဖြစ်ပေါ်နေပြီး နာကြည်းမှုတွေကလည်း အရမ်းကို နက်နက်ရှိုင်းရှိုင်း စုပုံလာခဲ့တယ်။
နဂါးပျံမျိုးနွယ်တွေ မြစ်ကိုဖြတ်ကူးတဲ့အခါ အကြီးမားဆုံးသော ဘေးဒဏ်က ဘာလဲဆိုတာ မင်းသိလား။
အဲဒါက ကောင်းကင်ဘေးဒဏ်ဆိုတာ မဟုတ်ဘူး၊ ငါတို့ လူသားမျိုးနွယ်တွေပဲ။
နဂါးမျိုးနွယ်ရဲ့ တစ်ကိုယ်လုံးက ရတနာတွေချည်းပဲ။ နဂါးအဖြစ် ပြောင်းလဲဖို့ မြစ်ကိုဖြတ်ကူးတဲ့ နဂါးပျံအများစုက အမဲလိုက်ခံရပြီး အနည်းငယ်လောက်ကပဲ ရေနက်ပိုင်းကို ထွက်ပြေးလွတ်မြောက်နိုင်ကြတယ်။
ပြောစမ်းပါဦး၊ ဒီလိုအခြေအနေမျိုးအောက်မှာ နဂါးမျိုးနွယ်တွေက ငါတို့ လူသားမျိုးနွယ်ကို မမုန်းတီးဘဲ နေပါ့မလား။
သူတို့က ငါတို့ကို အရေခွံခွာ၊ အကြောတွေဆွဲထုတ်ပစ်ချင်နေကြပြီး ငါတို့ရဲ့ ဝိညာဉ်တွေကို မီးအိမ်ဆီအဖြစ် အသုံးပြုဖို့ တောင့်တနေကြတာ။"
"..." ဆရာဖြစ်သူ၏ စကားများကို နားထောင်ပြီးနောက် စုရန်က ခေါင်းငုံ့ကာ တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
"မိစ္ဆာမျိုးနွယ်အားလုံးက ဒီလိုချည်းပါပဲ။"
လီဖုန်းရှန်းက သူ၏ နောက်ဆုံးတပည့်လေး၏ ပခုံးကို ထပ်မံပုတ်လိုက်ရာ သူ၏ မျက်လုံးအောက်ခြေတွင် ပြင်းပြသော ရမ္မက်ရောင်ဝါတစ်ခုက လက်ကနဲ ဖြစ်သွားခဲ့သည်။
"တပည့်လေး၊ မင်း ဘာကိုမှ အများကြီး စဉ်းစားနေစရာ မလိုပါဘူး။ မင်းက အသက်ဆယ့်ငါးနှစ်ပဲ ရှိသေးပြီး ကျင့်ကြံခြင်းအဆင့်က ဂူဗိမာန်အဆင့်မှာပဲ ရှိနေသေးပေမဲ့ မင်းက ပြိုင်စံရှားတဲ့ ပါရမီရှင်ပဲ။ မင်းမှာ အရာခပ်သိမ်းကို ဝါးမျိုနိုင်၊ မူလအစကို ပြန်လည်ရောက်ရှိစေနိုင်ပြီး အာဟာရဓာတ်တွေကို ကိုယ်ပိုင်အသုံးချနိုင်အောင် ပြောင်းလဲပေးနိုင်တဲ့ ရှားရှားပါးပါး ဗလာသန့်စင်ခန္ဓာ ရှိတယ်။
ကျင့်ကြံသူတစ်ယောက်ရဲ့ အတားအဆီးတွေက မင်းအတွက်တော့ လုံးဝ မရှိသလောက်ပါပဲ။
မင်းရဲ့ဆရာ ငါ့အတွက်ကတော့ အသက်ရှင်ဖို့ နှစ်သိပ်မကျန်တော့ပါဘူးလေ၊ ဒါပေမဲ့ ကံကောင်းတာက ဒီအဆင့်အထိတော့ ရှိနေသေးတယ်။
အဲဒီ မြောက်ပိုင်းပင်လယ် နဂါးအရှင်သခင်က မသေမျိုးအဆင့် အစောပိုင်းမှာပဲ ရှိသေးတာ။ မင်းဆရာက သူမထက် ကျင့်ကြံခြင်းအဆင့်ခွဲ နှစ်ခုတောင် ပိုမြင့်တယ်။
ငါ လွယ်လွယ်ကူကူ အနိုင်မရနိုင်ဘူးဆိုရင်တောင် ငါက အချိန်အကြာကြီး ပြင်ဆင်ထားခဲ့တာဆိုတော့ နှစ်ဦးစလုံး ပျက်စီးရမယ်ဆိုရင်တောင်မှ သူမကို သတ်ပစ်မယ်။
ဒါက ငါတို့ လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ အန္တရာယ်တစ်ခုကို ဖယ်ရှားပေးရုံတင်မကဘူး၊ မင်းအတွက်ပါ အခွင့်အရေးရဖို့ ရည်ရွယ်ထားတာ။
မင်းသာ ဒီနဂါးပျံရဲ့ အသက်သွေးကို စုပ်ယူနိုင်ပြီး ငါတို့ ဝမ်ရှန်းဂိုဏ်းရဲ့ ဝမ်ရှန်းကျင့်စဉ်နဲ့ ပေါင်းစပ်လိုက်နိုင်မယ်ဆိုရင် နောက်ပိုင်း ကြိုးကြိုးစားစား ကျင့်ကြံရုံနဲ့တင် မင်းရဲ့အနာဂတ်က အတိုင်းအဆမရှိ တိုးတက်လာလိမ့်မယ်။"
"ဒါပေမဲ့ ဆရာ... ဆရာကရော။"