ဆန်းချင်းရှသည်သာ လူသားအားလုံး၏မျှော်လင့်ရာ
Vol. 5 Ch. 434
ချင်းရွှမ်နတ်တံခါး….
ထိုက်ယီတောင်ထိပ်…
ထိုက်ယီတောင်ထိပ်ရှိ ဟွမ်ထင် ကျမ်းစာရေးထွင်း ထားသည့် ကျောက်နံရံကြီး နံဘေးတွင် အဆောင်လေး တစ်ခု ရှိလေသည်။
အဆောင်လေး အတွင်းတွင် လက်ဖက်ရည် အခိုးအငွေ့များသည် တိမ်တိုက် နဂါးတစ်ကောင် အလားပင် အဆက်မပြတ် ပျံ့လွင့် ထွက်ပေါ်နေလေသည်။
မွှေးပျံ့လွန်းသည့် လက်ဖက်ရည်ရနံ့သည် ရှူရှိုက်မိသူတိုင်း၏ စိတ်ကို ကြည်လင် လန်းဆန်း စေလေသည်။
“ဒါဆို ဆရာဘွားဘွား ချင်းရှောင်းက လျန်လေးကြောင့် ယန်ရွှီးကို လွှတ်ပေးလိုက်တာလား”
ဆန်းလျန်သည် ခရမ်းရောင် ဝတ်စုံဖြင့် အလွန်တရာ လှပလွန်းနေသည့် ကျိလင်နတ်သမီးကို ငေးကြည့်ရင်း မေးလိုက်လေသည်။
ထို့နောက် သူက စိတ်လှုပ်ရှားစွာဖြင့် အကြမ်းခွက် တစ်ခွက်လုံးကို မော့သောက် လိုက်တော့သည်။
ကျိလင်က လက်ဖက်ရည်ကြမ်း မွှေးမွှေးလေးကို တစ်ကျိုက် အရသာခံသောက် လိုက်လေသည်။ သူမနှလုံးသားတစ်ခုလုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။
"လျန်လေး၊ မင်းက လက်ဖက်ရည်ကြမ်းတောင် ကျိုသောက် နေနိုင်သေးတယ် ဆိုတော့ စိတ်အခြေအနေက တော်တော် အေးဆေး တည်ငြိမ်နေတာပဲ၊ ဒီလိုစိတ်အခြေအနေနဲ့ဆိုရင် မင်းဘာမှ မဖြစ်နိုင်သေးပါဘူး၊ ပြီးတော့ ချင်းရှောင်းက မင်းအတွက်ကြောင့် တစ်ခုတည်းနဲ့ ယန်ရွှီးကို လွှတ်ပေးလိုက်တာ မဟုတ်ပါဘူးလေ၊ တကယ်တမ်းက သူလည်း ယန်ရွှီးကို မသတ်နိုင် သေးဘူးလေ"
ကျိလင်နတ်သမီးက ဆန်းလျန်ကို ရှင်းပြလိုက်လေသည်။
ယနေ့ ကျိလင်နတ်သမီးနှင့် အတူ လင်ကွမ်းနတ်သမီး အတူတူ လိုက်ပါလာခြင်း မရှိသည့်အတွက် သူတို့နှစ်ယောက် အေးဆေးစွာ စကား ပြောနိုင်လေသည်။
ဆန်းလျန်၏ မျက်ဝန်းများက ချက်ချင်းပင် အရောင် မှေးမှိန်သွားလေသည်။
သူက ကျောက်စိမ်း အကြမ်း ပန်းကန်လေးကို စားပွဲထက်သို့ အသာပြန်ချလိုက်ရင်း…
"အဲဒီနေ့ တိုက်ပွဲဖြစ်ပြီးတဲ့ နောက်ပိုင်း ယန်ရွှီး ဘာတွေ ထပ်ပြဿနာ ရှာသေးလဲ ဆရာဘွားဘွား သိသလား"
ကျိလင်နတ်သမီးက…
"သူ ဘာပြဿနာ ရှာလို့ရမှာလဲ၊ ငါက ချင်းရွှမ် နတ်တံခါးအတွက်ပဲ စိတ်ပူနေခဲ့တာ၊ ချင်းရွှမ်နတ်တံခါး ဘာအန္တရာယ်မှ မကျရောက်လို့ တော်သေးတယ်"
ဆန်းလျန်သည် ကျိလင်နတ်သမီး၏ မျက်ဝန်းများကို ငေးကြည့် နေမိလေသည်။ ကျိလင်နတ်သမီး၏ မျက်ဝန်းများသည် ရေစင်ကဲ့သို့ ကြည်လင် နေလေသည်။ သို့သော် သေသေချာချာ ကြည့်မည်ဆိုလျှင် ထိုမျက်ဝန်းများထဲတွင် မည်သည့်ပုံရိပ်မှ ထင်ကျန်နေခြင်း မရှိပေ။ ဤသည်မှာ သဲလွန်စ မရှိသည့် အခြေအနေဖြစ်ပြီး လူ့လောကနှင့် စတင် ကင်းကွာခဲ့ပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်လေသည်။
သူမသည် သိပ်မကြာမီအချိန်တွင် လောကကို ကျော်လွန် သွားတော့မည် ဖြစ်လေသည်။
ဆရာဘွားဘွားသာ လောကကို ကျော်လွန်သွာလျှင် ဆန်းလျန်သည် ဆရာဘွားဘွားနှင့် နောက်တစ်ကြိမ် ထပ်တွေ့ခွင့် မရတော့မည်ကို အစိုးရိမ်ကြီး စိုးရိမ်နေမိတော့သည်။
ဆန်းလျန်က လေသံ ခပ်လေးလေးဖြင့်….
“ကမ္ဘာ့ကပ်ဆိုးကြီး ကျရောက်တော့မယ် ဆရာဘွားဘွား၊ ယန်ရွှီး လက်ထဲမှာ ရှိနေတဲ့ အင်အားတွေကို ကျွန်တော် စိတ်ပူတယ်၊ သူက အခု အမှောင်မိစ္ဆာ ဂိုဏ်းကို တည်ထောင်ပြီး သူ့အင်အားနဲ့ ယွမ်ကျိုးနယ် တစ်ခုလုံးကို ဒုက္ခပေးနေပြီ မဟုတ်လား"
ဆန်းလျန်က ခဏနားပြီးမှ စကားကို ဆက်ပြောလိုက်သည်။
"ကြာပန်းစိမ်း ဂိုဏ်းတစ်ဂိုဏ်လုံးဟာ နေ့တစ်ဝက်တည်းနဲ့ နှိမ်နင်း ခံလိုက်ရတယ်၊ အသက်ရှင် ကျန်ရစ်သူ တစ်ယောက်တောင် မရှိခဲ့ဘူး၊ ကျွန်တော်တို့ ချင်းရွှမ်နတ်တံခါးရဲ့ လက်အောက်ခံဖြစ်တဲ့ ချင်းကျန်းဂိုဏ်းလည်း တိုက်ခိုက်ခံရပြီး သုံးယောက်ပဲ အသက်ရှင် ကျန်ခဲ့တယ်၊ ကျန့်ယီဂိုဏ်းက နတ်ဘုရား ကျန်းကျင့်လင်ဟာ သူနှစ်ပေါင်းများစွာ ကျင့်ကြံ ပြုလုပ်ထားခဲ့တဲ့ အင်းသင်္ကေတတွေ အကုန် လုယူတာ ခံလိုက်ရတယ်၊ ထိုက်စု နတ်ဘုရားဂိုဏ်းက အမှောင် မိစ္ဆာဂိုဏ်းရဲ့ လက်အောက်ခံ ဂိုဏ်းတစ်ခု ဖြစ်သွားခဲ့ပြီ၊ အခု နတ်ဘုရားဂိုဏ်းတွေ အတော်များများဟာ သူတို့ရဲ့ တောင်တံခါးတွေကို တင်းတင်းကြပ်ကြပ် ပိတ်ပြီး ကိုယ့်ဂိုဏ်းကိုကိုယ် ကာကွယ် နေကြရတယ်၊ တခြားဂိုဏ်းငယ်လေးတွေမှာ အချို့ကတော့ အမှောင် မိစ္ဆာဂိုဏ်းကို သစ္စာခံ လိုက်ကြပြီး အချို့ကတော့ ထွက်ပြေး တိမ်းရှောင် နေကြရတယ်"
"ယန်ရွှီးရဲ့ အမှောင် မိစ္ဆာဂိုဏ်းဟာ တဖြည်းဖြည်း အင်အားကြီးသည်ထက် ကြီးလာပြီ ဆရာဘွားဘွား၊ သိပ်မကြာခင်မှာ ယွမ်ကျိုးနယ် တစ်ခုလုံးရဲ့ ကျင့်ကြံသူ လောကကို သူထိန်းချုပ်လိုက်မှာ ကျွန်တော် စိတ်ပူနေမိတယ်၊ အဲဒီလိုသာ လုပ်နိုင်ခဲ့ရင် သူက မိုးမြေ စွမ်းအားတွေကို ပေါင်းစပ် သွားနိုင်ပြီး သူ့အင်အားကို ထျန်းဟွာ နယ်ဘက်အထိ ချဲ့ထွင်လိမ့်မယ်၊ အဲဒီ အချိန်ကျရင် သူ့ရဲ့ တန်ခိုးစွမ်းအားတွေဟာ နတ်ဘုရား တစ်ပါးထက်တောင် မြင့်မားနေတော့မယ်"
ဆန်းလျန်၏ စကားများကြောင့် ကျိလင် နတ်သမီး၏ မျက်နှာ အမူအရာက ပြောင်းလဲသွားခြင်း မရှိပါ။
"ဒါပေမဲ့ အဓိက ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ရှစ်ကျောင်းကတော့ ဘာထိခိုက်မှုမှ မရှိသေးဘူး မဟုတ်လား"
ဆန်းလျန်က ပြုံးလိုက်ရင်း…
“ဆရာဘွားဘွား ပြောတာမှန်ပါတယ်၊ ယန်ရွှီးရဲ့ အမှောင်မိစ္ဆာ ဂိုဏ်းဟာ ဗုဒ္ဓဘာသာ ကျောင်းတော်တွေကိုတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ရှောင်သွားခဲ့ပါတယ်၊ တစ်ချိန်တုန်းက တာအိုဝါဒနဲ့ ဗုဒ္ဓဘာသာကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် တာအိုဝါဒ ဂိုဏ်းတွေ ပျက်စီးသွားရင် ဗုဒ္ဓဘာသာ ကျောင်းတော်တွေက ဝမ်းသာ နေကြမယ်လို့ ယန်ရွှီးက ယူဆ ထားပုံရတယ်၊ ဒါပေမဲ့ မြောင်တိ ဆရာတော်က အဆိုးအကောင်းကို ပိုင်းခြား သိမြင်တဲ့သူ ဖြစ်တယ်၊ သူက ယန်ရွှီးကို တွန်းလှန်ဖို့ အတွက် ကျန်တဲ့ ဗုဒ္ဓဘာသာ ကျောင်းတော် ခုနစ်ကျောင်းကို သတင်းပို့ထားပြီးပြီ"
ကျိလင်နတ်သမီးက…
"အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိနိုင်ဘူး၊ လူတိုင်းဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် တန်ခိုးစွမ်းအားကိုပဲ ယုံကြည်ထားရမှာပဲ၊ ဒါကြောင့် ယန်ရွှီးသာ ကျင့်ကြံသူ လောကကို ထိန်းချုပ်နိုင်တဲ့ တစ်နေ့ကျရင် ဗုဒ္ဓဘာသာ ကျောင်းတော်တွေလည်း သူ့ကို နှိမ်နင်းနိုင်မှာ မဟုတ်တော့ဘူး၊ အခုတော့ ကျန်နေသေးတဲ့ အဓိက နတ်ဘုရား ဂိုဏ်းသုံးဂိုဏ်းက ဘာလုပ်မလဲဆိုတာ စောင့်ကြည့် နေကြပုံရတယ်"
"ဘယ်သူတွေ ဘယ်လို တွေးတွေး ဂရုစိုက်စရာတော့ မရှိပါဘူး ဆရာဘွားဘွား၊ နှစ်ပေါင်း တစ်ရာအတွင်း ချင်းရွှမ်နတ်တံခါးရဲ့ ဘိုးဘေးတွေ ရင်ဆိုင်ခဲ့ရတဲ့ ရန်ကြွေးအတွက် လင်ထိုင်ဖန်း ကျွမ်းတောင်ကို ယန်ရွှီးနဲ့ အတူသွားဖို့ လျန်လေး ဆုံးဖြတ်ပြီးပါပြီ"
ဆန်းလျန်က ပြောလိုက်လေသည်။
ကျိလင်နတ်သမီးက…
"လျန်လေး၊ လင်ထိုင်ဖန်း ကျွမ်းတောင်ကို ဝင်ဖို့အတွက် အဓိက နတ်ဘုရား ဂိုဏ်းကြီး လေးဂိုဏ်းရဲ့ ဝင်ခွင့်လက်မှတ်တွေ လိုတယ်လေ၊ ထိုက်စု နတ်ဘုရားဂိုဏ်းရဲ့ ဝင်ခွင့်လက်မှတ်က ယန်ရွှီးလက်ထဲမှာ၊ ဒီကောင်က လင်ထိုင်ဖန်းကျွမ်း အတွင်းက အရာတွေကို အမြဲလိုချင်နေတဲ့ ကောင်ပဲ၊ မင်းနဲ့ ကျိန်းသေ သူက လိုက်မှာပဲ၊ ဒါပေမဲ့ ထိုက်စန့် နတ်ဘုရားဂိုဏ်းနဲ့ ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းက ဝင်ခွင့် လက်မှတ်တွေကို ရအောင်ယူဖို့က မလွယ်ဘူး ထင်တယ်နော်"
ဆန်းလျန်က သူ၏ အင်္ကျီလက်ထဲမှ ပန်းချီကား တစ်ချပ်ကို ထုတ်ယူလိုက်ပြီး ကျောက်စားလေးပေါ်တွင် ဖြန့်တင် လိုက်လေသည်။
ထိုက်ချိ သရုပ်ဖော်ပုံများမှ လွဲပြီး ပန်းချီကားထက်တွင် မည်သည့်အရာမှ ရေးသားထားခြင်း မရှိပေ။
"ဒီ ထိုက်ချိ သရုပ်ဖော်ပန်းချီကားက ထိုက်စန့် နတ်ဘုရားဂိုဏ်းရဲ့ ဝင်ခွင့် လက်မှတ်လား၊ အင်မတန်မှ တန်ဖိုးကြီးတာပဲ၊ မင်းဘယ်လို လုပ်ရခဲ့တာလဲ လျန်လေး"
ကျိလင်နတ်သမီးက မေးလိုက်လေသည်။
ဆန်းလျန်က…
"ထိုက်စန့် နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ် ဝူချန်ကျီက တပည့် တစ်ယောက်ကို စေလွှတ်ပြီး ဒီပန်းချီကားကို ပေးခိုင်းလိုက်တာပါ၊ သူက အမှာစကားလည်း ပါးလိုက်သေးတယ်၊ 'ဆန်းကျန်းရန် နတ်ဘုရားက လူသား အားလုံးအပေါ်မှာ မေတ္တာ ထားတယ်၊ ထိုက်စန့် နတ်ဘုရားဂိုဏ်းက ဒီပန်းချီကားကို မပေးဘဲ မနေရဲပါဘူး' တဲ့"
ထိုစကားကြောင့် ကျိလင်နတ်သမီးမှာ မရယ်ဘဲ မနေနိုင်တော့ပေ။
“ထိုက်စန့် နတ်ဘုရားဂိုဏ်းက ပြဿနာကို လက်ရှောင်ဖို့ ကြိုးစားနေတာပဲ၊ ဒီဝင်ခွင့် လက်မှတ်ကို မင်းကို ပေးလိုက်မှတော့ သူ့ဘက်က အနေသာကြီး ဖြစ်သွားပြီပေါ့"
ဆန်းလျန်က သက်ပြင်း တစ်ချက် ချလိုက်ရင်း..
"ဒါပေမဲ့ ဒီထိုက်ချိ သရုပ်ဖော် ပန်းချီကားကို ပေးမှတော့ သူက သဘောထားကြီးတဲ့ သူတစ်ယောက်ပါပဲ၊ သူ့ကို ကျွန်တော် လေးစားမိတယ်၊ အခွင့်အရေးရရင် တာအို တရားတောင် ဆွေးနွေး ချင်မိတယ်"
"လျန်လေး၊ အခုမင်းရဲ့ အခြေအနေက အားနည်းနေတယ်၊ တန်ခိုး စွမ်းအားတွေ ကန့်သတ် ခံနေရတယ် ဆိုတာ တန်ခိုးစွမ်းအားတွေ ပျက်စီးတာနဲ့ အတူတူပဲ၊ အခုအချိန်မှာ မင်းစိတ်ကို ပေါ့ပေါ့ပါးပါးပဲ ထားပြီး တာအို တရားအကြောင်း လေ့လာစမ်းပါ၊ ပြီးတော့ မင်းဟာ လင်ထိုင် တာအိုပြိုင်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ရနိုင်တယ် ဆိုတာလည်း မမေ့နဲ့၊ လောလောဆယ်တော့ ငါ မင်းအတွက် ဒါပဲ ပြောနိုင်တယ်၊ ပြီးတော့ ဒီထိုက်ချိ သရုပ်ဖော် ပန်းချီကားက ငါ့အတွက် အသုံးဝင်တယ်၊ ဒါကြောင့် ငါယူသွားမယ်၊ မင်း လင်ထိုင်ဖန်းကျွမ်းကို သွားခါနီးကျမှ ငါ့ဆီမှာ ပြန်လာယူလိုက်"
ပြောပြောဆိုဆိုနှင့်ပင် ကျိလင်နတ်သမီးသည် ထိုက်ချိ သရုပ်ဖော် ပန်းချီကားကို ကောက်သိမ်း လိုက်လေသည်။
ထိုက်ချိ သရုပ်ဖော် ပန်းချီကားတွင် ယင်နှင့် ယန် တာအို သဘောတရားများ ပါဝင်သည့် အတွက် သူမအတွက် များစွာ အသုံးဝင်လေသည်။ ထို့ပြင်သူမနှင့် ဆန်းလျန်မှာ အားနာရမည့် သူများလည်း မဟုတ်သည့် အတွက် ထိုသို့ ယူသွားခြင်း ဖြစ်လေသည်။
ဆန်းလျန်က…
“ကျွန်တော်ကလည်း ဒီပန်းချီကားကို ဆရာဘွားဘွားကို ပေးမလို့ပါဘဲ"
ဆန်းလျန်စကားကြောင့် ကျိလင်နတ်သမီးက ပြုံးလိုက်ရင်း…
“မင်းက အရမ်းလိမ္မာတဲ့ တပည့်ပဲ၊ ဒါနဲ့ ထိုက်စန့် နတ်ဘုရားဂိုဏ်းက ဝင်ခွင့် လက်မှတ်ရပြီ ဆိုတော့ ရွှမ်ထျန်းဂိုဏ်းက ဝင်ခွင့် လက်မှတ်ကရော"
ဆန်းလျန်က…
"လူစောယိကို ရွှမ်ထျန်းနတ်ဘုရား ဂိုဏ်းကို သွားဖို့ ကျွန်တော် လွှတ်လိုက်တယ်၊ ကောင်းကင် တံခါးရေလက်ကြားကို ရောက်တော့ ရောင့်ရဲခြင်း ကျောင်းတော်ကိုတောင် မဝင်ရသေးဘူး၊ ဝမ်ရှီတောက်က အမှာစကား ကြားလိုက်တယ်၊ လင်ထိုင် တာအိုပြိုင်ပွဲ မတိုင်ခင်မှာ လူလွှတ်ပြီး ဝင်ခွင့် လက်မှတ်ကို ပေးလိုက်မယ်တဲ့၊ ဒါနဲ့ လူစောယိလည်း ပြန်လာခဲ့တယ်"
"ကြည့်ရတာ ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းက ထိုက်စန့် နတ်ဘုရား ဂိုဏ်းလောက် သဘောထားကြီးနိုင်ပုံ မပေါ်ဘူး"
ကျိလင်နတ်သမီးက ပြောလိုက်လေသည်။
"အဲဒါက သူတို့ကို မထိခိုက်သေးလို့ပါ ဆရာဘွားဘွား၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီပြဿနာ အားလုံးက ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းကို လုံးဝ မထိခိုက်နိုင်ပါဘူး၊ ယန်ရွှီးဟာ ယွမ်ကျိုးနယ် တစ်ခုလုံးကို သိမ်းပိုက်နိုင်ရန်တောင်မှ ရွှမ်ထျန်း နတ်ဘုရား ဂိုဏ်းကိုတော့ ထိရဲမှာ မဟုတ်ဘူးလေ"
ဆန်းလျန်က ပြောလိုက်သည်။
ယန်ရွှီး၏ မိစ္ဆာ စွမ်းအားများသည် မြင့်မားသည်ထက် မြင့်မားလာပြီး ယွမ်ကျိုးနယ် တစ်ခုလုံးမှ ကျင့်ကြံသူများမှာ ကျီးလန့်စာ စားဖြစ်နေခဲ့ရပြီ ဖြစ်လေသည်။ သို့သော်… အဓိက ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ရှစ်ခုကတော့ ထိုပြဿနာများထဲမှ ရှောင်ရှား နေနိုင်ခဲ့လေသည်။
ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းက တောင်တံခါးကို ပိတ်ထားလိုက်ပြီ ဖြစ်သလို ထိုက်စန့် နတ်ဘုရားဂိုဏ်းကတော့ လက်ရှောင် သွားခဲ့ပြီ ဖြစ်လေသည်။ ထိုက်စု နတ်ဘုရား ဂိုဏ်းကတော့ ယန်ရွှီးနှင့် ပူးပေါင်း သွားခဲ့သည်။
ထို့ကြောင့် ယွမ်ကျိုးနယ်မှ ကျင့်ကြံသူ အားလုံးသည် သူတို့ကို ကယ်တင်ရန် အတွက် ချင်းရွှမ် နတ်တံခါးဆီသို့သာ မျှော်လင့်တကြီးဖြင့် အာရုံ စိုက်လာကြလေသည်။
"ဆန်းချင်းရှ နတ်ဘုရားသာ ထွက်မလာတော့ရင် လူသားတွေအား လုံး ဒုက္ခ ရောက်ကုန် တော့မှာပဲ"
ထိုစကားသည် ကျင့်ကြံသူ လောကတွင် ပျံ့နှံ့လျှက် ရှိပြီ ဖြစ်လေသည်။
***