အခန်း (၁၈၁-၁၈၃)
Vol. 13 Ch. 181-183
အခန်း ၁၈၁: အရသာကောင်းလား
"ဆရာ့ရဲ့အမိန့်ကို နာခံပါ့မယ်..."
ယန်ရှုက ဦးဆောင်၍ ဖြေကြားလိုက်၏။
တခြားတပည့်များကလည်း တပြိုင်နက်တည်း ပြောဆိုသည်။
"ဆရာ့ရဲ့အမိန့်ကို နာခံပါ့မယ်..."
ချင်းမင်က ဆက်လက်၍ ပြောဆိုလိုက်၏။
"ဒုတိယအချက်အနေနဲ့ ဂိုဏ်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဘယ်သူ့ကိုမှ ထုတ်ပြောခွင့်မရှိဘူး... ဖောက်ဖျက်တဲ့သူကို ကွပ်မျက်မယ်..."
"ဟုတ်ကဲ့.."
တပည့်များက တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။
"ကောင်းပြီ... အရေးကြီးဆုံးကိစ္စတွေကို ပြောပြီးသွားပြီ... မင်းတို့က ဒါတွေကို စိတ်ထဲမှာ မှတ်ထားရမယ်... အခု မင်းတို့ကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ သင်ပေးမယ်..."
ချင်းမင်က တပည့်များ၏ တည်ကြည်လေးနက်သော မျက်နှာအမူအယာများကို ကြည့်ကာ ထိုစည်းမျဉ်းနှစ်ခုကို သူတို့၏စိတ်ထဲတွင် ခိုင်ခိုင်မာမာ မှတ်သားသွားကြပြီဖြစ်ကြောင်း သိလိုက်သဖြင့် သူ၏စိတ်ထဲမှ အသိအမှတ်ပြုလိုက်၏။
"ကျင့်ကြံခြင်းလမ်းစဉ်မှာ အခြေခံက အရေးအကြီးဆုံးပဲ... ဖြတ်လမ်းလိုက်ချင်တဲ့သူက ကျင့်ကြံခြင်းလမ်းကြောင်းမှာ သေချာပေါက် ခရီးမတွင်နိုင်ဘူး...ဒီအချက်ကို မင်းတို့ မှတ်ထားရမယ်..."
"အခု ငါက ကျင့်ကြံခြင်းလမ်းစဉ်ရဲ့ အခြေခံဗဟုသုတတွေကို အရင်ရှင်းပြမယ်..."
"ကျင့်ကြံခြင်းလမ်းစဉ်ကို ကျင့်ကြံဆင့်နယ်ပယ်တွေနဲ့ စိတ်ဝိညာဉ်ကျွမ်းကျင်မှုတွေဆိုပြီး နှစ်မျိုးခွဲခြားထားတယ်..."
"အဲဒီအထဲမှာ ကျင့်ကြံဆင့်နယ်ပယ်ကို အဓိကအဆင့်ကြီးဆယ့်တစ်ဆင့် ခွဲခြားထားတယ်...ဒါတွေက ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် သိုင်းစစ်သည်တော်နယ်ပယ် သိုင်းဆရာကြီးနယ်ပယ် မဟာသိုင်းဆရာကြီးနယ်ပယ် သိုင်းဘိုးဘေးနယ်ပယ် သိုင်းဝိညာဉ်နယ်ပယ် သိုင်းဘုရင်နယ်ပယ် သိုင်းဧကရာဇ်နယ်ပယ် သိုင်းအာဏာရှင်နယ်ပယ် သိုင်းသူတော်စင်နယ်ပယ် နဲ့ သိုင်းနတ်ဘုရားနယ်ပယ်တို့ပဲ.."
"ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် သိုင်းစစ်သည်တော်နယ်ပယ် သိုင်းဆရာကြီးနယ်ပယ် နဲ့ မဟာသိုင်းဆရာကြီးနယ်ပယ်တွေက ရုပ်ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက်ပဲ... သိုင်းဘိုးဘေးနယ်ပယ်ကို ရောက်မှသာ ကျင့်ကြံခြင်းလမ်းစဉ်ရဲ့ တံခါးပေါက်ကို တကယ်ကြီး ခြေချနိုင်ပြီလို့ သတ်မှတ်လို့ရတယ်..."
"သိုင်းဘိုးဘေးတစ်ယောက်က စိတ်ဝိညာဉ်ချီကနေ ပုံသဏ္ဌာန်တစ်ခု ဖွဲ့စည်းနိုင်ပြီးတော့ အဝေးကနေ တိုက်ခိုက်နိုင်တယ်... သူတို့ရဲ့သက်တမ်းကလည်း နောက်ထပ်နှစ်တစ်ရာလောက် တိုးလာနိုင်တယ်..."
"သိုင်းဝိညာဉ်နယ်ပယ်မှာတော့ စိတ်ဝိညာဉ်ချီကို ဝိညာဉ်အနေနဲ့ ပြောင်းလဲနိုင်တယ်... အဲဒါက အရမ်းနက်နဲသိမ်မွေ့ပြီးတော့ သူတို့ရဲ့ သက်တမ်းကလည်း နှစ်တစ်ထောင်အထိ ရောက်နိုင်တယ်..."
"အဲ့ဒီနောက်က နယ်ပယ်တွေအကြောင်းကိုတော့ မင်းတို့ သိုင်းဝိညာဉ်နယ်ပယ်ကို ရောက်တဲ့အချိန်ကျမှ ဆက်ရှင်းပြတော့မယ်..."
ချင်းမင်သည် တပည့်များကို တွန်းအားပေးလိုသောကြောင့် ဤသို့ပြောဆိုလိုက်ခြင်း ဖြစ်ပေ၏။
သေချာသည်မှာ ချင်းမင်၏ရှင်းပြချက်ကို ကြားလိုက်ချိန်၌ တပည့်များအားလုံးသည် သိုင်းဝိညာဉ်နယ်ပယ်နှင့် လက်တစ်ကမ်းအကွာတွင် ရောက်နေသကဲ့သို့ စိတ်လှုပ်ရှားသွားကြသည်။
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"ဒါပေါ့... စိတ်ဝိညာဉ်ကျွမ်းကျင်မှုတွေကလည်း အတော်လေး အရေးကြီးတယ်... ကျင့်ကြံဆင့်တူညီတဲ့ သူတွေကြားမှာ နက်နဲသိမ်မွေ့တဲ့ စိတ်ဝိညာဉ်ကျွမ်းကျင်မှု ရှိတဲ့သူက စိတ်ဝိညာဉ်ကျွမ်းကျင်မှု အားနည်းတဲ့ ကျင့်ကြံသူကို အလွယ်တကူ ချေမှုန်းနိုင်တယ်..."
"ဒါ့ပြင် စိတ်ဝိညာဉ်ကျွမ်းကျင်မှုတွေကို ကျင့်ကြံတာက မင်းတို့ရဲ့ခန္ဓာကိုယ်ကို ပိုပြီးကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်အောင် ကူညီပေးပြီး ကျင့်စဉ်နည်းစနစ်တွေကို ပိုပြီးကောင်းမွန်အောင် ကျင့်ကြံနိုင်စေတယ်... စိတ်ဝိညာဉ်ကျွမ်းကျင်မှုတွေကို ဘယ်တော့မှ အထင်မသေးသင့်ဘူး..."
ချင်းမင်သည် စင်မြင့်ထက်မှနေ၍ လွတ်လပ်စွာ ပြောဆိုနေပြီး ကျင့်ကြံသူများနှင့် ပတ်သက်သော ကိစ္စရပ်အသီးသီးကို နက်နဲသိမ်မွေ့သော်လည်း ရိုးရှင်းသောနည်းလမ်းဖြင့် ရှင်းပြနေသည်။
ယခင်က ကျင့်ကြံခြင်းကို တစ်ကြိမ်တစ်ခါမျှ နားမလည်ခဲ့ဖူးသော ဤလူငယ်များသည် ဗဟုသုတများကို အငမ်းမရ စုပ်ယူရင်း လုံးဝမှင်တက်သွားကြသည်။
ထိုသင်ကြားမှုသည် တစ်နာရီခန့် ကြာမြင့်ခဲ့ပေ၏။ ယနေ့သင်ခန်းစာကို အဆုံးသတ်လိုက်ချိန်တွင် ချင်းမင်၏လည်ချောင်းများပင် ခြောက်ကပ်နေလေပြီ။
တပည့်များကမူ အချိန်ကုန်မြန်လွန်းသည်ဟုသာ ခံစားနေကြရပြီး ဆရာ့ထံမှ သင်ကြားမှုများကို အားမရနိုင်သေးချေ။
ချင်းမင်သည် ယန်ရှုကို သူ၏ကိုယ်ပိုင်လေ့ကျင့်ရေးခန်းထဲသို့ ခေါ်ဆောင်သွားသည်။
"ဆရာ... လက်ဖက်ရည် သုံးဆောင်ပါအုံး..."
ယန်ရှုက လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ ချင်းမင်ထံသို့ ယူဆောင်လာပြီး စားပွဲပေါ်သို့ ချပေးလိုက်၏။
ချင်းမင်က ခေါင်းညိတ်လိုက်ပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်ကာ ပြောလိုက်သည်။
"ယန်ရှု... မကြာသေးခင်က တပည့်တွေရဲ့ စာပေသင်ကြားမှုမှာ တိုးတက်မှု ရှိရဲ့လား..."
"ဆရာ..."
ယန်ရှုက သူ၏လက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။
"တပည့်တွေအားလုံးက အရမ်းကြိုးစားပမ်းစား သင်ယူနေကြတယ်... နောက်တစ်လလောက်ဆိုရင် သူတို့သင်ထားတာတွေကို လွယ်လွယ်ကူကူ အသုံးပြုနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်..."
ချင်းမင်က စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။
"မင်းအတွက် ပင်ပန်းမှာပဲ... သူတို့ကို သင်ပေးရတာက မလွယ်လောက်ဘူး..."
"မပင်ပန်းပါဘူး... ဒါက ဆရာ့ရဲ့တပည့်တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ..."
ယန်ရှုက တုံ့ပြန်ပြောဆိုသည်။
ချင်းမင်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းကာ ဆေးလုံးတချို့ကို စားပွဲပေါ်သို့ တင်လိုက်ရင်း ပြောဆိုလိုက်၏။
"ဒီအရာတွေက မင်းတို့ရဲ့ ကျင့်ကြံခြင်းအတွက် အများကြီး အကျိုးရှိစေပြီးတော့ အရည်အချင်းကိုလည်း တိုးတက်စေနိုင်တယ်... မင်း သူတို့ကို ဝေပေးလိုက်ပါ..."
ထို့သို့ပြောဆိုပြီးနောက် ချင်းမင်က ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ယန်ရှုထံသို့ ပစ်ပေးလိုက်သည်။
"အရင်ဆုံး ဆေးလုံးတစ်လုံး စမ်းစားကြည့်ပြီး အရသာဘယ်လိုနေလဲဆိုတာ ပြောပြအုံး... မကောင်းရင် မင်းအတွက် အရသာပြောင်းပေးမယ်..."
"အရသာလား..."
ယန်ရှုက ဆေးလုံးကို ဇဝေဇဝါဖြင့် ဖမ်းယူပြီး သူ၏ပါးစပ်ထဲသို့ ထည့်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် ချိုမြိန်သော အရသာတစ်ခုက သူ၏ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီး သူ၏နှလုံးသားကိုပင် ချိုမြသွားစေသည်။
"ဒါ... ဒါက... ဆေးလုံးက ချိုနေတာလား..."
ယန်ရှု အနည်းငယ် ကြက်သေသေသွားပေ၏။
သူသည် ဤကဲ့သို့သော ဆေးလုံးမျိုးကို တစ်ကြိမ်တစ်ခါမျှ မသောက်ဖူးသည့်အပြင် ကြားပင်မကြားဖူးချေ။
ထို့ပြင် ဆရာသည် အစောပိုင်းက ဘာပြောလိုက်သနည်း...
အရသာ ပြောင်းပေးနိုင်သည်ဟု ဆိုသလော...
အခန်း ၁၈၂: ကြည်လင်သောနှလုံးသား ဓားနည်းစနစ်
ဘုရားရေ... ဆေးလုံးတွေက အရသာကိုတောင် စိတ်ကြိုက်ပြောင်းလို့ရတာလား...
ယန်ရှုသည် ချိုမြမြအရသာတွင် နစ်မြောနေဆဲမှာပင် စိတ်ဝိညာဉ်ချီလှိုင်းတစ်ခုက သူ၏ဒန်တျန်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပေ၏။
နှေးကွေးနေခဲ့သော ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်ရှိ သူ၏ကျင့်ကြံဆင့်တိုးတက်မှုသည် ရုတ်တရက် ပွင့်အံ့ထွက်သွားပြီး ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် ပထမအဆင့်သို့ ရောက်ရှိသွားသည်။
"ငါ အဆင့်တက်သွားပြီလား..."
ယန်ရှုက တွေဝေမိန်းမောစွာဖြင့် ရေရွတ်လိုက်၏။
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"ဒီဆေးလုံးက အံ့အားသင့်ဖို့ကောင်းပေမဲ့ ဆေးတစ်လုံးတည်းနဲ့တော့ မင်းကို အဆင့်တက်အောင် လုပ်မပေးနိုင်ဘူး... မင်းကလေ့ကျင့်မှုမှာ အတော်လေး ကြိုးစားခဲ့ပုံရတယ်... ဆေးလုံးရဲ့ အကူအညီနဲ့ နောက်ဆုံးတော့ အဆင့်တက်သွားတာပဲ..."
"ဆေးလုံးရဲ့ အကူအညီ မပါရင်တောင် အချိန်အတိုင်းအတာတစ်ခု ကြာရင် မင်းက ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် ပထမအဆင့်ကို ရောက်သွားမယ်လို့ ငါ ယုံကြည်တယ်..."
"ကျွန်တော့်ကို လူသစ်တစ်ယောက် ဖြစ်လာအောင် ဖန်တီးပေးတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်..."
ယန်ရှုက မျက်ရည်များဝဲကာ တည်ကြည်လေးနက်စွာဖြင့် အရိုအသေပေးလိုက်သည်။
"အဲ့ဒီလိုတွေ လုပ်နေဖို့ မလိုပါဘူး... မင်းရဲ့ဆရာတစ်ယောက်အနေနဲ့ ကျင့်ကြံနည်းစနစ်တွေ သင်ပေးပြီး ဆေးလုံးတွေ ပေးကမ်းရတာက ငါ လုပ်သင့်လုပ်ထိုက်တာတွေပဲ..."
ချင်းမင်က လက်ကာပြရင်း ပြောဆိုလိုက်၏။
ထို့နောက် ချင်းမင်သည် သူ၏သိုလှောင်လက်စွပ်ထဲမှ စာအုပ်အချို့ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်သည်။
"ဒီစာအုပ်တွေအားလုံးက ကျင့်ကြံခြင်းလမ်းစဉ်နဲ့ ကျင့်ကြံခြင်းအကြောင်းတွေကို မိတ်ဆက်ပေးထားတာ... မင်း အားတဲ့အချိန်တိုင်း ဖတ်လို့ရတယ်..."
"ပြီးတော့ တပည့်တွေ အားလပ်ချိန်မှာ ဒီစာအုပ်တွေကို ဖတ်ပြီး ဗဟုသုတကျယ်ပြန့်လာအောင် သီးသန့်စာကြည့်တိုက်တစ်ခု ဆောက်လိုက်အုံး..."
"ဟုတ်ကဲ့ပါ ဆရာ..."
ယန်ရှုက စားပွဲပေါ်ရှိ စာအုပ်များကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။
"နောက်ပြီးတော့ ဒါက ဓားနည်းစနစ်တစ်ခုပဲ... အဲ့ဒီနည်းစနစ်မှာ ဓားကွက်ကိုးကွက်ပါတယ်... မင်း အရင်လေ့လာကြည့်အုံး... ရင်းနှီးသွားပြီဆိုရင် ငါ အသေးစိတ် ရှင်းပြပေးမယ်..."
ချင်းမင်က စာအုပ်ငယ်လေးတစ်အုပ်ကို ထုတ်ယူကာ ယန်ရှုထံသို့ လက်ကမ်းပေးလိုက်၏။
ဤစာအုပ်ငယ်လေးထဲတွင် ကောင်းကင်အဆင့်မြင့် စိတ်ဝိညာဉ်ကျွမ်းကျင်မှုဖြစ်သော 'ကြည်လင်သောနှလုံးသား ဓားနည်းစနစ်' ၏ ပထမဆုံး ဓားကွက်ကိုးကွက်ကို ရေးမှတ်ထားသည်။
ကြည်လင်သောနှလုံးသား ဓားနည်းစနစ်တွင် စုစုပေါင်း ဓားကွက်ရှစ်ဆယ့်တစ်ကွက်ရှိသည်။ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အတွက်မူ ပထမဆုံး ဓားကွက်ကိုးကွက်ကိုသာ သင်ယူရန် လိုအပ်ပေ၏။ သတင်းမပေါက်ကြားစေရန်အတွက် ချင်းမင်က ယန်ရှုကို ထိုဓားကွက်ကိုးကွက်သာ ပေးခဲ့ခြင်းဖြစ်သည်။
ဤကြည်လင်သောနှလုံးသား ဓားနည်းစနစ်သည် အဓိကအားဖြင့် အမြန်နှုန်းနှင့် ပျော့ပျောင်းမှုကို အသားပေးထားသောကြောင့် ရွှေခန္ဓာကိုယ်ငှက်မွှေးပြောင်းလဲခြင်း နည်းစနစ် နှင့် အံဝင်ခွင်ကျ ဖြစ်နေသည်။
"ဟုတ်ကဲ့..."
ယန်ရှုက ထိုစာအုပ်ငယ်လေးကို ဂရုတစိုက် လှမ်းယူလိုက်၏။ ဆရာဖြစ်သူက ယနေ့၌ စင်မြင့်ထက်တွင် စိတ်ဝိညာဉ်ကျွမ်းကျင်မှုများအကြောင်းကို ပြောခဲ့သဖြင့် ဆရာက သူ့ကို တစ်ခုခုပေးလိမ့်မည်ဟု သူ ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။
"ကောင်းပြီ... ငါ ရှင်းပြစရာရှိတာတွေကို ရှင်းပြပြီးပြီ... မင်းမှာ မေးစရာရှိရင် မနက်ဖြန်မှ မေးတော့... ငါသွားတော့မယ်..."
ချင်းမင်က မတ်တတ်ထရပ်ကာ တံခါးဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
"ဂရုစိုက်သွားပါ ဆရာ..."
ယန်ရှုက အရိုအသေပြုလိုက်၏။
ချင်းမင် အလျင်စလို ထွက်သွားရသည့် အကြောင်းအရင်းမှာ ချင်းမိသားစုအတွက် စိုးရိမ်နေခြင်းကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်သည့်အပြင် သူလိုချင်သော ဆေးပင်များ ရောက်လာချိန်တန်နေသောကြောင့်လည်း ဖြစ်သည်။
သူသည် ဂိုဏ်းမှ တပည့်များကို ပေးရန် သကြားလုံးများကို အလျင်အမြန်ဖော်စပ်ရန် လိုအပ်နေသည်။
ယန်ရှု သောက်သုံးလိုက်သည်ကို မြင်တွေ့ပြီးနောက် ဤဆေးလုံး၏ အာနိသင်ကို သူ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရလေပြီ။
သူ တွက်ဆထားသည်မှာ ဂိုဏ်းမှ တပည့်များကို ဤဆေးလုံးများ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်သရွေ့...
သူတို့၏ ကျင့်ကြံဆင့်များ တဟုန်ထိုး မြင့်တက်လာပေလိမ့်မည်။
လျှိုမြို့သို့ ပြန်ရောက်ပြီးနောက် ချင်းမင်သည် သူ၏အနက်ရောင်ဝတ်ရုံကို ချွတ်လိုက်ကာ နတ်ဘုရားပုံစံပြောင်း ဆေးလုံး၏ အာနိသင်ကို ရပ်တန့်လိုက်သည်။ ထို့နောက် သူ၏မူလရုပ်သွင်သို့ ပြန်ပြောင်းလိုက်ပြီး ချင်းအိမ်တော်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားလေသည်။
"သခင်လေးချင်းကို ဂါရဝပြုပါတယ်..."
"မင်္ဂလာနံနက်ခင်းပါ သခင်လေးချင်း..."
လမ်းတလျှောက်၌ သူ လျှောက်လှမ်းသွားစဉ်တွင် ကင်းလှည့်နေသော မြို့စောင့်တပ်များနှင့် ကျင့်ကြံသူများအားလုံးက သူ့ကို ရိုသေလေးစားစွာ နှုတ်ဆက်ကြ၏။
ချင်းမင်ကလည်း ရယ်ပြုံးကာ ခေါင်းညိတ်၍ ပြန်လည်တုံ့ပြန်လိုက်သည်။
ဤမြို့စောင့်တပ်များသည် ချင်းမိသားစုမှ အသစ်စုဆောင်းထားသူများဖြစ်ပြီး သူတို့အနက်မှ အများစုမှာ မိသားစု၏ ယခင်အစေခံဟောင်းများပင်။
ပြီးခဲ့သည့်တစ်ကြိမ်က စီးမာမိသားစု တိုက်ခိုက်လာစဉ်တွင် မြို့စောင့်တပ်သားအမြောက်အများ ထွက်ပြေးခဲ့ကြသည်။ ချင်းမိသားစုက အလုံးစုံ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လိုက်ပြီးနောက် ယခုအချိန်၌ မြို့စောင့်တပ်များသည် ချင်းမိသားစုအပေါ် အကြွင်းမဲ့ သစ္စာရှိကြ၏။
တဖြည်းဖြည်း ပြန်လည်စည်ကားလာသော လျှိုမြို့ကိုကြည့်ကာ ချင်းမင်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
နောက်ဆုံး၌ လျှိုမြို့သည် တည်ငြိမ်မှုကို ပြန်ရသွားလေပြီ။ ယခုချိန်၌ သူ၏အစီအစဉ်များကို အလေးအနက်ထား၍ စတင်နိုင်တော့ပေမည်။
ချင်းမိသားစု၏ ထိန်းချုပ်မှုအောက်တွင် လျှိုမြို့သည် အနာဂတ်တွင် များစွာပိုမိုဘေးကင်းလုံခြုံလာပေမည်။ လူစိမ်းများ သို့မဟုတ် ထူးခြားသော လှုပ်ရှားမှု တစ်ခုခုရှိလာပါက ချင်းမိသားစုက ပထမဆုံး သိရှိပေလိမ့်မည်။
နောက်ထပ် တိုးတက်မှုကာလတစ်ခု ကြာပြီးနောက် လျှိုမြို့ တစ်မြို့လုံးက ချင်းမိသားစုကို အသိအမှတ်ပြုလာလိမ့်မည်ဟု သူ ယုံကြည်ထားသည်။ ထိုအချိန်ရောက်လျှင် ချင်းမိသားစုသည် လျှိုမြို့တစ်မြို့လုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ပေမည်။
အခန်း ၁၈၃: ချင်းယန် တပည့်ရွေးချယ်ခြင်း
ချင်းမင်သည် မြို့တော်ဝန်အိမ်တော်အတွင်းသို့ ဝင်ရောက်ခဲ့သည်။ အိမ်တော်တစ်ခုလုံးက စားသောက်ပွဲတစ်ခုအတွက် ပြင်ဆင်နေကြသည်။ လျှိုမြို့မှ မိသားစုငယ်များကို သူ၏ဖခင်မှ ဖိတ်ကြားထားသည့် စားသောက်ပွဲက ယနေ့ညတွင် ကျင်းပမည့်ပုံရသည်။
"သခင်လေးချင်း..."
အစေခံတစ်ဦးက ချင်းမင်ကို မြင်တွေ့သည်နှင့် ပျာပျာသလဲ လျှောက်လှမ်းလာသည်။
"သခင်လေး ပြင်ဆင်ခိုင်းထားတဲ့ ဆေးပင်တွေ အဆင်သင့်ဖြစ်နေပါပြီ... ဆေးဖော်စပ်ခန်းထဲမှာ ထားပေးထားပါတယ်..."
ဆေးဖော်စပ်ခန်းထဲတွင် ဆေးပင်များကို သိမ်းဆည်းရန် သီးသန့်နေရာတစ်ခုရှိပြီး ထိုအရာက ဆေးပင်များကို လတ်ဆတ်နေစေရန် ကူညီပေးလေ၏။
ချင်းမင်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"မင်းတို့ ပင်ပန်းသွားပြီ..."
"သခင်လေးချင်းအတွက် အလုပ်လုပ်ပေးရတာက ဘာမှမပင်ပန်းပါဘူး..."
အစေခံက ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။
ချင်းမင်က ပြုံးလိုက်ပြီး ဆေးဖော်စပ်ခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားလိုက်၏။
"မင်းတို့က ဘယ်လိုလုပ်ပြီးတော့ အဲ့ဒီလောက်တောင် တုံးအနေရတာလဲ... သုံးခါတောင် သင်ပေးပြီးပြီတောင် ဒီဆေးပင်နှစ်မျိုးရဲ့ အဓိက ကွာခြားချက်ကို မခွဲခြားနိုင်သေးဘူးလား..."
ချင်းမင်က လှမ်းကြည့်လိုက်ရာ အကြီးအကဲချင်းက ဆေးပင်နှစ်မျိုးကို ကိုင်ထားရင်း လူငယ်တချို့ကို ဆူပူကြိမ်းမောင်းနေသည်အား မြင်တွေ့လိုက်ရသည်။
ထိုလူငယ်များအနက် အများစုမှာ ချင်းမိသားစုမှ အစေခံများ၏ သားသမီးများ ဖြစ်ကြသည်။ လူငယ်တစ်ယောက်မှာမူ ချင်းမင် မှတ်မိနေသော ချင်းမိသားစုမှ သွေးဝေးတပည့်ဖြစ်ပြီး ထိုတပည့်၏အမည်မှာ ချင်ရှောက်ကျွင်းပင်။
အမှန်အားဖြင့် သူသည် ချင်းမိသားစု၏ သခင်လေးတစ်ယောက်အနေဖြင့် အလွန်အရည်အချင်းမပြည့်မီချေ။ အကြောင်းအရင်းမှာ မိသားစု၏ တပည့်အများစုကို သူ မသိသောကြောင့်ပင်။ စားသောက်ပွဲတစ်ခုတွင် အတူအရက်သောက်ခဲ့ဖူးသောကြောင့်သာ ချင်ရှောက်ကျွင်းကို သူ အနည်းငယ် မှတ်မိနေခြင်း ဖြစ်သည်။
"ဂါရဝပြုပါတယ် သခင်လေးချင်း..."
ချင်းမင် လျှောက်လှမ်းလာသည်ကို မြင်တွေ့ချိန်၌ လူငယ်များက တညီတညွတ်တည်း နှုတ်ဆက်လိုက်ကြ၏။
အကြီးအကဲချင်း က လှည့်ကြည့်ပြီး ဝမ်းသာအားရ ပြောဆိုသည်။
"ချင်းမင်... မင်း ပြန်ရောက်လာပြီလား..."
"ဆရာ... ကျွန်တော့်အတွက် ဂျူနီယာညီလေးတစ်ယောက် ရွေးနေတာလား..."
ချင်းမင်က အပြုံးနှင့် မေးမြန်းလိုက်သည်။
အကြီးအကဲချင်းက သူ၏ခေါင်းကို ပွတ်သပ်ပြီး ပြောဆိုသည်။
"အမှန်ပဲ... ဒါပေမဲ့... သူတို့က တကယ့်ကို တုံးအလွန်းပြီး သင်ယူတာ နှေးကွေးလွန်းတယ်... ငါ့ရဲ့တပည့်ဖြစ်ဖို့ အများကြီး လိုသေးတယ်..."
ချင်းမင်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားကာ သူ၏နှာခေါင်းကို ပွတ်လိုက်၏။
အတိတ်ဘဝတုန်းက သူ၏ဆရာ ချင်းယန်ထံမှ ဆေးပင်များကို ခွဲခြားရန် စတင်သင်ယူစဉ်က အညှာအတာကင်းမဲ့စွာ ဆူပူခံခဲ့ရသည်ကို သူ မှတ်မိနေဆဲပင်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ထိပ်တန်းအဆင့် မီးစွမ်းအင်ပါဝင်သော စိတ်ဝိညာဉ်အမြှစ်နှင့် ဆေးပညာအပေါ် ထားရှိသော သူ၏ပြင်းပြသော စိတ်ဆန္ဒတို့ကြောင့် သူ၏ဆရာထံမှ ပညာရပ်များကို အောင်မြင်စွာ ဆက်ခံနိုင်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတွင် တပည့်ဖြစ်သူက ဆရာ့ထက် သာလွန်သွားခဲ့ပြီး သူသည် နာမည်ကျော်ကြားသော 'ဧကရာဇ်မင်' ဖြစ်လာခဲ့သည်။
အတိတ်ဘဝက ဆေးပညာသင်ယူခဲ့သည့် လုပ်ငန်းစဉ်ကို ပြန်လည်အမှတ်ရကာ ချင်းမင်က ပြောဆိုလိုက်သည်။
"ဆရာ... တကယ်တော့ ဆေးပညာနဲ့ ပတ်သက်လာရင် ပါရမီဆိုတဲ့ အရာတွေက ဒုတိယနေရာမှာရှိတယ်... အရေးကြီးဆုံးက ပြင်းပြတဲ့ စိတ်ဆန္ဒပဲ..."
"ပြင်းပြတဲ့ စိတ်ဆန္ဒ..."
အကြီးအကဲချင်းက စဉ်းစားနေဟန်ဖြင့် ရေရွတ်လိုက်၏။
တခြားတစ်ယောက်ယောက်ကသာ ဤစကားကို သူ့အားပြောခဲ့လျှင် သူ သေချာပေါက် ဂရုစိုက်မည်မဟုတ်ပေ။ သို့သော် ချင်းမင်သည် မည်သူဖြစ်သနည်း။ ချင်းမင်၏ ဆေးပညာစွမ်းရည်က သူ့ထက် အလွန်အမင်း သာလွန်နေသည်။ အကယ်၍ ပြင်းပြသော စိတ်ဆန္ဒက ဆေးပညာသင်ယူရာတွင် အရေးအကြီးဆုံးဟု သူပြောဆိုလျှင် ထိုစကားတွင် အမှန်တရား တစ်စုံတစ်ရာ ရှိနေရပေမည်။
ချင်းမင်က ပြုံးလိုက်ပြီး ချင်ရှောက်ကျွင်းနှင့် တခြားလူငယ်နှစ်ဦးကို လက်ညှိုးညွှန်ပြကာ ပြောဆိုလိုက်၏။
"ဒီသုံးယောက်က ဆေးဆရာကြီး ဖြစ်လာဖို့ လိုအပ်ချက်တွေနဲ့ အပြည့်အဝ ကိုက်ညီတယ်... သူတို့က ကြီးမားတဲ့ အောင်မြင်မှုတွေ ရလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်..."
အကြီးအကဲချင်းသည် ဆေးပညာကို စတင်၍ သင်ကြားပေးနေပြီဖြစ်သောကြောင့် သူတို့၏ ပါရမီကို စမ်းသပ်ပြီးဖြစ်ပေမည်။ ထိုကြောင့် အနည်းဆုံးအနေဖြင့် ဆေးဆရာကြီးတစ်ယောက်ဖြစ်ရန်အတွက် အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီနေမည်မှာ သေချာပေါက်ပင်။
ထို့ကြောင့် သူတို့၏အရည်အချင်းကို မမေးမြန်းဘဲ ချင်းမင်က ထိုလူငယ်သုံးဦးကို တိုက်ရိုက် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
"ဒီသုံးယောက်လား..."
အကြီးအကဲချင်းက ထိုလူငယ်သုံးယောက်ကို သေချာကြည့်လိုက်ပြီး ဇဝေဇဝါဖြင့် မေးမြန်းသည်။
"မင်းက သူတို့ကို မစမ်းသပ်ရသေးဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ သင့်တော်တဲ့သူတွေမှန်း သိတာလဲ..."
"ဆရာက သူတို့ရဲ့ ပါရမီကို စမ်းသပ်ပြီးပြီလို့ ကျွန်တော် ယုံကြည်တယ်... ဒီလူငယ်တွေထဲမှာ အဲ့ဒီသုံးယောက်က ဆေးပင်တွေနဲ့ အနက်ရှိုင်းဆုံး ဆက်နွယ်မှုရှိတဲ့ သူတွေပဲ..."
"ဆေးပင်တွေနဲ့ ဆေးလုံးတွေကို ရင်ဘတ်ထဲကနေ အစစ်အမှန် ချစ်မြတ်နိုးတဲ့သူတွေသာ ဆေးလမ်းစဉ်ရဲ့ မဟာဆေးဆရာကြီးတစ်ယောက် ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်..."
"အခြားလူငယ်တွေကတော့ ဆေးဆရာကြီးဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ဆွဲဆောင်ခံထားရတာ... သူတို့က ဂုဏ်ပုဒ်နဲ့ စည်းစိမ်ချမ်းသာကို သဘောကျတာ.... ဆေးပညာကို သဘောကျတာ မဟုတ်ဘူး..."
ချင်းမင်က ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်၏။ ဆေးပင်များအပေါ် ထားရှိသော သူတို့၏ သဘောထားကို ကြည့်ရုံဖြင့် ဤလူငယ်သုံးဦးထံတွင် ဆေးပညာအပေါ် အပြင်းထန်ဆုံး ခံစားချက်ရှိကြောင်း သူ မြင်တွေ့နိုင်သည်။
ဆေးနတ်ဘုရားဖြစ်သော သူ့အတွက် မည်သူက ဆေးပညာကို အမှန်တကယ် ချစ်မြတ်နိုးပြီး မည်သူက မချစ်မြတ်နိုးဘူးသည်ကို ဆုံးဖြတ်ရန်မှာ အလွန်ရိုးရှင်းလှသည်။
ဤရွေးချယ်ခံရသော တပည့်များသည် ချင်းမိသားစု၏တိုးတက်မှုအတွက် အတော်လေး အရေးကြီးသောကြောင့် ချင်းမင်က ဖုံးကွယ်ထားခြင်းမရှိဘဲ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ထို့အပြင် သူတို့သည် ဆေးပညာလမ်းစဉ်ကို မလိုက်စားနိုင်လျှင်ပင် ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လက်၍ လျှောက်လှမ်းနိုင်သည်။
စိတ်ဝင်စားမှုမရှိဘဲ ဆေးပညာကို အတင်းအကြပ် သင်ခိုင်းခြင်းက သူတို့၏အရည်အချင်းများကို နိမ့်ပါးသွားစေရုံသာ ဖြစ်ပေလိမ့်မည်။