အခန်း (၁၈၄-၁၈၆)
Vol. 13 Ch. 184-186
အခန်း ၁၈၄: နည်းနည်းပင်ပန်းနေတယ်
အကြီးအကဲချင်းက ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"စမ်းသပ်မှု ပြီးသွားပြီ... မင်းတို့သုံးယောက်ပဲ အောင်မြင်တယ်... မင်းတို့က ဆေးဆရာကြီးတွေ ဖြစ်လာတာနဲ့ ငါက မင်းတို့ကို ငါ့ရဲ့ နာမည်ခံတပည့်တွေအဖြစ် တရားဝင် လက်ခံမယ်..."
အရွေးမခံရသော တခြားလူငယ်များမှာ အလွန်စိတ်ပျက်သွားကြသော်လည်း သူတို့တတ်နိုင်သည့် အရာဟူ၍ ဘာမျှမရှိပေ။ မဟာဆေးဆရာကြီးက ထိုသို့ပြောဆိုလိုက်ပြီဖြစ်ရာ သူတို့သည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားရလေ၏။
တစ်ချိန်တည်းမှာပင် မဟာဆေးဆရာကြီး၏ အမြင်တွင်ရှိသော ချင်းမင်၏အဆင့်အတန်းကြောင့် သူတို့ အံ့အားသင့်သွားကြသည်။ သူသည် တပည့်တစ်ယောက်နှင့် လုံးဝမတူညီဘဲ သူငယ်ချင်းတစ်ယောက်နှင့် ပို၍တူညီနေသည်။
အမှန်အားဖြင့် ချင်းမင်က အကြီးအကဲချင်း၏ ဆရာနှင့် ပို၍တူနေသည်ဟုပင် သူတို့၏စိတ်ထဲတွင် ဝိုးတဝါး ခံစားမိပေ၏။
သို့သော် ထိုအတွေးက ရယ်စရာကောင်းလွန်းနေသဖြင့် သူက ချက်ချင်းဆိုသလိုပင် ပယ်ဖျက်လိုက်ကြသည်။
"သခင်လေးချင်းကို ကျေးဇူးတင်ပါတယ်..."
ရွေးချယ်ခံရသော လူငယ်သုံးဦးသည် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး ကျေးဇူးတင်စကားပြောဆိုကာ အရိုအသေပေးလိုက်ကြသည်။
ချင်းမင်က လက်ကာပြပြီး ပြောဆိုသည်။
"မင်းတို့ ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး... ငါက အမှန်အတိုင်း ပြောပြတာပါ..."
အချိန်တခဏမျှ စဉ်းစားပြီးနောက် ချင်းမင်က သူတို့ကို အားပေးစကား ပြောဆိုလိုက်၏။
"ဆေးပညာ သင်ယူတဲ့နေရာမှာ နှေးကွေးမှာကို မကြောက်နဲ့... ဆေးပင်တွေ အလဟဿ ဖြစ်သွားမှာကိုလည်း မကြောက်နဲ့..."
"မင်းတို့ ကြောက်ရမှာက ကြိုးစားအားထုတ်မှု မရှိတာ ဒါမှမဟုတ် ဆေးပညာကို ချစ်မြတ်နိုးမှု မရှိတာကိုပဲ... မင်းတို့ဆီမှာ ရိုးသားမှုရှိတဲ့ စိတ်နှလုံးသားတစ်ခု ရှိနေသရွေ့ မင်းတို့အားလုံး မဟာဆေးဆရာကြီးနယ်ပယ်ကို ရောက်နိုင်မယ်လို့ ငါ ယုံကြည်တယ်..."
လူငယ်သုံးဦး၏ ကျေးဇူးတင်စကားများကြား၌ ချင်းမင်သည် အကြီးအကဲချင်း၏ ဆေးဖော်စပ်ခန်းမှ ထွက်ခွာလာခဲ့ပြီး နံဘေးရှိ သူ၏ကိုယ်ပိုင် ဆေးဖော်စပ်ခန်းဆီသို့ သွားလိုက်သည်။
ချင်းမင်အား အကြီးအကဲချင်းထံမှ ပို၍သင်ယူနိုင်စေရန်အတွက် ဖခင်ဖြစ်သူချင်းယွမ်က သူတို့၏အိပ်ခန်းများ လေ့ကျင့်ရေးခန်းများနှင့် ဆေးဖော်စပ်ခန်းများကို အလွန်နီးကပ်စွာ ရှိနေစေရန် စီစဉ်ပေးထားသည်။
သူ၏ ဆေးဖော်စပ်ခန်းထဲသို့ ဝင်လာပြီးနောက် သိုလှောင်ထားသောနေရာ၌ ပြည့်ကျပ်နေသော ဆေးပင်များကို ကြည့်ကာ ချင်းမင်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သကြားလုံးများကို စတင်၍ ဖော်စပ်လိုက်တော့သည်။
ဤသကြားလုံးများ၏ကုန်ဆုံးမှုကို တခြားမည်သည့် ဆေးလုံးနှင့်မျှ နှိုင်းယှဉ်၍မရနိုင်ချေ။
သူ၏ညီမငယ် ချင်းချင်းဆိုလျှင် တစ်နေ့ကို အလုံးငါးဆယ်ခန့် စားနိုင်ပေ၏။ ထို့ပြင် သကြားလုံးများကို လိုအပ်နေသော ဂိုဏ်းတစ်ဂိုဏ်းလုံးမှ တပည့်များလည်း ရှိနေသေးသည်။ ထိုအကြောင်းကို တွေးတောကြည့်ရုံဖြင့် ချင်းမင် အနည်းငယ် ပင်ပန်းလာသကဲ့သို့ ခံစားလိုက်ရသည်။
သို့ရာတွင် ဂိုဏ်းမှ တပည့်များကို မြန်မြန်ဆန်ဆန် ကြီးထွားလာစေရန်အတွက် ကူညီပေးနိုင်ရန် ထိုပင်ပန်းနွမ်းနယ်မှုကို သူ ကြံ့ကြံ့ခံရန် ဆန္ဒရှိပေ၏။
ထိုတပည့်များအားလုံးသည် နက်ရှိုင်းသော သွေးကြွေးများကို သယ်ဆောင်ထားကြပြီး တစ်ယောက်ချင်းစီတိုင်းကလည်း အလွန်ကြိုးစားကြသဖြင့် ချင်းမင်၏စိတ်ထဲတွင် တိတ်တဆိတ် ထိမိသွားခဲ့သည်။ သူတို့၏ဆရာတစ်ယောက်အနေဖြင့် သူတို့အတွက် သူ၏တာဝန်ကို သူ မည်သည်ကြောင့် မထမ်းဆောင်ဘဲ နေနိုင်မည်နည်း။
"ဟူး..."
အသက်ပြင်းပြင်းရှူထုတ်လိုက်ရင်း ချင်းမင်က ဆေးဖော်စပ်ခြင်းကို စတင်လိုက်တော့သည်။
"ဆေးနတ်ဘုရား ခန္ဓာကိုယ်... သန့်စင်စမ်း..."
ခရမ်းရောင်မီးတောက်တစ်ခုက လေထဲသို့ မြင့်တက်လာပြီး ဆေးပင်များက လေဟာနယ်ထဲတွင် လူးလွန့်လာကြ၏။ ခရမ်းရောင်မီးတောက်နှင့် ထိတွေ့လိုက်သည်နှင့် ထိုအရာများသည် ဆေးရည်များအဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲသွားကြသည်။
ထို့နောက် ထိုဆေးရည်များသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားပြီး ချင်းမင်၏လက်ဟန်သင်္ကေတများမှ ထိန်းချုပ်မှုအောက်တွင် အကွက်ကိုးကွက်ဆေးလုံး များအဖြစ် တစ်လုံးပြီးတစ်လုံး ပြောင်းလဲသွားကြ၏။
ချင်းမင်၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ ယခင်က ပြင်ဆင်ထားသော ကျောက်စိမ်းပုလင်းများ သူ၏ရှေ့တွင် ထွက်ပေါ်လာပြီးတစ်လုံးချင်းစီ ပြုတ်ကျလာသော ဆေးလုံးများကို ဖမ်းယူလိုက်သည်။
ဤနည်းဖြင့် ချင်းမင်သည် အချိန်တခဏမျှ မရပ်နားဘဲ ဆေးဖော်စပ်ခြင်းကို အဆက်မပြတ် လုပ်ဆောင်နေခဲ့သည်။
ထိုနေရာတွင် ထားရှိသော ဆေးပင်များ တဖြည်းဖြည်း နည်းပါးလာပြီး ချင်းမင်၏ရှေ့ရှိ အလွတ်ဖြစ်နေသော ကျောက်စိမ်းပုလင်းများမှာလည်း လျော့နည်းလာသည်။
နောက်ဆုံးတွင် ချင်းမင် ပြင်ဆင်ထားသော ကျောက်စိမ်းပုလင်းများ ကုန်လုဆဲဆဲဖြစ်သွားသဖြင့် စားပွဲတစ်ခုလုံး ပြည့်သွားသည်အထိ ဆေးလုံးများကို စားပွဲပေါ်တွင် တစ်လုံးပြီးတစ်လုံး တင်ထားလိုက်တော့သည်။
"နောက်ဆုံးတော့ ဖော်စပ်လို့ ပြီးသွားပြီ..."
ရှည်လျားသော သက်ပြင်းတစ်ချက်ကို ချလိုက်ရင်း ချင်းမင်သည် လက်တစ်ချောင်းမျှပင် မလှုပ်ချင်တော့ဘဲ ကြမ်းပြင်ပေါ်တွင် လှဲချလိုက်၏။
"ချင်းမင်... အထဲမှာရှိလား..."
အကြီးအကဲချင်း၏အသံက တံခါး၏အပြင်ဘက်မှ ထွက်ပေါ်လာသည်။
"ကျွန်တော် ရှိတယ်... ဝင်လာခဲ့ပါ..."
ချင်းမင်က လှမ်းအော်လိုက်သည်။
ကျွီ...
ဆေးဖော်စပ်ခန်း၏တံခါး ပွင့်သွားပြီး အကြီးအကဲချင်းက ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာသည်။
ချင်းမင်သည် ယမန်နေ့ကကဲ့သို့ သတိလက်လွတ် လုပ်မိမည်ကို သူ စိုးရိမ်သဖြင့် လာရောက်စစ်ဆေးခြင်း ဖြစ်ပေ၏။
"ဒါက..."
စားပွဲပေါ်ရှိ ဆေးလုံးများကို မြင်တွေ့ချိန်၌ အကြီးအကဲချင်း၏ မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
စားပွဲတစ်ခုလုံးပေါ်တွင် ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးများနှင့် ပြည့်နှက်နေပြီး အလုံးရေ ထောင်နှင့်ချီ၍ ရှိနေပေမည်။
ဤဆေးလုံးများအားလုံးကို ချင်းမင် ဖော်စပ်ထားခြင်း ဖြစ်သလော...
ကြမ်းပြင်ပေါ်တွင် လှဲနေသော ချင်းမင်ကို မြင်တွေ့ချိန်၌ သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး အလျင်စလို လျှောက်လှမ်းသွားလိုက်၏။
"ချင်းမင်... မင်း အဆင်ပြေရဲ့လား..."
အကြီးအကဲချင်းက စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်သည်။
ချင်းမင်က ပင်ပန်းနွမ်းနယ်စွာဖြင့် လက်ကာပြရင်း ပြောဆိုသည်။
"ကျွန်တော် အဆင်ပြေပါတယ်... တစ်ခါတည်းနဲ့ ဆေးလုံးတွေ အများကြီး ဖော်စပ်လိုက်လို့ နည်းနည်းပင်ပန်းသွားရုံပါ..."
အခန်း ၁၈၅: မတိုးတက်နိုင်ဘူး
"တစ်ခါတည်းဆေးလုံးတွေ အများကြီး... ဟုတ်လား..."
အကြီးအကဲချင်းက မေးမြန်းသည်။
"မင်းက ဆေးလုံးတွေ ဘယ်လောက်များများ ဖော်စပ်လိုက်လို့လဲ..."
ချင်းမင်က သမ်းဝေပြီး တုံ့ပြန်အဖြေပေးသည်။
"တစ်သောင်းလောက် ရှိမယ်ထင်တယ်..."
"တစ်သောင်း ဟုတ်လား..."
အကြီးအကဲချင်းသည် ချက်ချင်းဆိုသလိုပင် အံ့အားသင့်မှင်တက်သွားပေ၏။
တစ်ရက်တည်းဖြင့် ဆေးလုံးတစ်သောင်းခန့် ဖော်စပ်ခဲ့ပြီး ထိုအရာအားလုံးသည် ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေသလော...
ဆေးဖော်စပ်သည်မှာ မည်သည့်အချိန်ကစ၍ ဤမျှထိ လွယ်ကူသွားသလော...
သို့မဟုတ် လောကကြီး ပြောင်းလဲသွားခဲ့သလော....
ဆေးလုံးများ ပြည့်နှက်နေသော စားပွဲနှင့် ချင်းမင်၏ရှေ့တွင် စုပုံနေသော ကျောက်စိမ်းပုလင်းများကို ကြည့်ကာ အကြီးအကဲချင်းသည် အချိန်အတော်ကြာသည်အထိ အခြေအနေကို နားမလည်နိုင်ဘဲ နေရာတွင် မတ်တတ်ရပ်နေမိသည်။
သူသည် ဆေးဘုရင်တစ်ပါးဖြစ်ပြီး ကိစ္စများစွာကို မြင်တွေ့ခဲ့ဖူးသူဖြစ်သည်။
သို့သော် ချင်းမင်နှင့် ပတ်သက်လာချိန်၌ သူသည် ဘာမှမဟုတ်ကြောင်းကို သိလိုက်ရသည်။
သူ၏ အထွတ်အထိပ်အချိန်၌ပင် မစားမသောက်ဘဲ တစ်နေကုန် ဆေးဖော်စပ်သည့်တိုင် အလုံးငါးရာထက်ပို၍ ဖော်စပ်နိုင်ခြင်း မရှိပေ။
ထိုသို့ဖော်စပ်နိုင်ရန်ပင် သူ၏ သိုင်းဘုရင်နယ်ပယ် စွမ်းအားနှင့် ဆေးဘုရင်တစ်ပါး၏ စွမ်းရည်တို့ကို ပေါင်းစပ်၍ အသုံးပြုရပေမည်။
သို့သော် သိုင်းဆရာကြီးနယ်ပယ်တွင်သာ ရှိသေးသော ချင်းမင်သည် တစ်ရက်အတွင်း ဆေးလုံးသောင်းနှင့်ချီ၍ ဖော်စပ်နိုင်ပြီး ထိုအရာအားလုံးသည် ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးများ ဖြစ်နေသည်။
ထိုသို့ဆိုလျှင် သူ၏ကျင့်ကြံခြင်းသည် သိုင်းဘုရင်နယ်ပယ်သို့ ရောက်သွားပါက တစ်ရက်အတွင်းတွင် ဆေးလုံး မည်မျှထိ ဖော်စပ်နိုင်မည်နည်း။
တစ်သိန်းလား ဒါမှမဟုတ် နှစ်သိန်းလား...
အချိန်တခဏကြာ အနားယူပြီးနောက် ချင်းမင်သည် အတော်လေး သက်သာလာသည်ဟု ခံစားရကာ ထထိုင်လိုက်ပြီး ဆေးလုံးများကို သိမ်းဆည်းရန် ဟန်ပြင်လိုက်၏။
ဆေးလုံးများကို အချိန်ကြာမြင့်စွာ ဤအတိုင်းထားပါက ဆေးအာနိသင်ကို လျော့ကျစေလိမ့်မည်။ ယခုချိန်၌ အကြီးအကဲချင်း ရှိနေပြီဖြစ်ရာ သူနှင့်အတူ ကျောက်စိမ်းပုလင်းများ ပါလာမည်မှာ သေချာပေါက်ပင်။
"အကြီးအကဲချင်း... ခင်ဗျားဆီမှာ ကျောက်စိမ်းပုလင်း ဘယ်လောက်ရှိလဲ... ကျွန်တော့်ဆီမှာ ကုန်သွားလို့..."
"ကျောက်စိမ်းပုလင်းတွေ ကုန်သွားပြီ.... ဟုတ်လား..."
အကြီးအကဲချင်းက ကြမ်းပြင်ပေါ်တွင် နေရာအနှံ့အပြား၌ ပြန့်ကျဲနေသော ကျောက်စိမ်းပုလင်းများကို ထပ်မံ၍ ကြည့်လိုက်၏။ ထို့နောက် သူ၏သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းတချို့ကို ထုတ်ယူပြီး ပြောဆိုသည်။
"ကြမ်းပြင်ပေါ်က ကျောက်စိမ်းပုလင်းတွေ အားလုံးက ဆေးလုံးတွေနဲ့ ပြည့်နေတာလား..."
ချင်းမင်က တုံ့ပြန်အဖြေပေးသည်။
"ဟုတ်တယ်... အစေခံတွေက ဒီလောက်ထိ ကြိုးစားပြီးတော့ ကျွန်တော့်အတွက် ဆေးပင်တွေ အများကြီး ပြင်ဆင်ပေးလိမ့်မယ်လို့ မထင်ထားမိဘူး... အဲဒါကြောင့် ဆေးလုံးတွေ သိမ်းဖို့ ကျောက်စိမ်းပုလင်းတွေ ကုန်သွားတယ်..."
အကြီးအကဲချင်းက ကျောက်စိမ်းပုလင်းတစ်လုံးကို ကောက်ကိုင်လိုက်ရာ အနည်းငယ် လေးလံနေသည်ကို ခံစားမိကေ၏။ သူက အဖုံးကို ဖွင့်လိုက်သောအခါ ဆေးလုံးတစ်လုံးက သူ၏ရှေ့တွင် ထွက်ပေါ်လာသည်။
ဆေးလုံးသည် ပုလင်းဝသို့ပင် ရောက်နေပြီဖြစ်ရာ အထဲမှ ဆေးလုံးကို မြင်ရရန်အတွက် သွန်ချရန်ပင် မလိုတော့ချေ။
ကြမ်းပြင်တခွင်လုံး၌ ပြန့်ကျဲနေသော ကျောက်စိမ်းပုလင်းများကို ထပ်ကြည့်ပြီးနောက် အကြီးအကဲချင်းသည် လုံးဝစကားမပြောနိုင်တော့ဘဲ ချင်းမင်ကို ဆေးလုံးများ သိမ်းဆည်းရန် ကူညီပေးလိုက်တော့သည်။
"ဒီဆေးလုံးတွေအားလုံးက ခုဏလေးတင် မင်းဖော်စပ်ထားတာတွေလား..."
အကြီးအကဲချင်းက မေးမြန်းလိုက်၏။
ချင်းမင်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"ဟုတ်တယ်... ဒီဆေးလုံးတွေ ဖော်စပ်ရတာ ကျွန်တော် သေမတတ် ပင်ပန်းသွားတာပဲ..."
သူ ပြန်လည်မွေးဖွားလာပြီးကတည်းက ဤမျှထိ များပြားသော ဆေးလုံးများကို ဖော်စပ်ရသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင်။
ဆေးလုံးများကို သိမ်းဆည်းနေစဉ်တွင် အကြီးအကဲချင်း၏စိတ်ထဲ၌ ခံစားချက်များ လှိုင်းထန်နေသည်။ ချင်းမင်၏ ဆေးဖော်စပ်ခြင်းစွမ်းရည်သည် အလွန်စွမ်းအားကြီးမားနေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။
သူသည် တစ်ကြိမ်တည်းနှင့် ဆေးလုံးသောင်းနှင့်ချီ၍ ဖော်စပ်နိုင်သည်။ ဤကဲ့သို့ လူတစ်ယောက်၏ ဆေးဖော်စပ်ခြင်းစွမ်းရည်သည် မည်သည်ကြောင့် စွမ်းအားမကြီးမားဘဲ နေမည်နည်း။
'ငါလည်း ချင်းမင်ဆီကနေ သင်ယူပြီးတော့ ဆေးလုံးတွေ ပိုပြီးဖော်စပ်ဖို့ လိုအပ်နေပြီထင်တယ်... ဆေးလုံးတွေကို လုံလုံလောက်လောက် ဖော်စပ်မှ ငါ့ရဲ့ ဆေးဖော်စပ်ခြင်းနည်းစနစ်ကို ပိုပြီးမြန်မြန် တိုးတက်လာစေနိုင်မယ်'
အကြီးအကဲချင်းက သူ၏စိတ်ထဲတွင် ဤအရာကို တွေးတောနေပြီးနောက် အနည်းငယ် မသေချာသကဲ့သို့ ခံစားရသဖြင့် မေးမြန်းလိုက်သည်။
"ချင်းမင်... ငါလည်း မင်းလိုမျိုး ဆေးလုံးတွေ ဖော်စပ်မယ်ဆိုရင် ငါ့ရဲ့ ဆေးဖော်စပ်နိုင်စွမ်းက တိုးတက်လာမယ်လို့ မင်း ထင်လား..."
"မတိုးတက်နိုင်ဘူး..."
ချင်းမင်က ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။
"မတိုးတက်နိုင်ဘူး ဟုတ်လား..."
အကြီးအကဲချင်းသည် အလွန်အံ့အားသင့်သွားပေ၏။
"ဘာဖြစ်လို့လဲ..."
ချင်းမင်ကအချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ပြောဆိုသည်။
"ဆေးဖော်စပ်တဲ့နေရာမှာ အရေးကြီးဆုံးက ကိုယ့်ရဲ့ နှလုံးသားကို နှစ်မြှုပ်ထားဖို့ပဲ... အရေအတွက် စုဆောင်းဖို့ မဟုတ်ဘူး... ခင်ဗျားက ဆေးလုံးတွေ ဘယ်လောက်ပဲ အများကြီး ဖော်စပ်ပါစေ...ခင်ဗျားရဲ့ နှလုံးသားကို နှစ်မြှုပ်မထားဘူးဆိုရင် ခင်ဗျားက လက်မှုပညာရှင် တစ်ယောက်ပဲ ဖြစ်လာနိုင်မယ်....မဟာဆရာကြီးတော့ ဖြစ်လာမှာ မဟုတ်ဘူး..."
"နှလုံးသားကို နှစ်မြှုပ်ထားပြီးတော့ ဆေးဖော်စပ်တာကို ချစ်မြတ်နိုးကာ ဆေးပင်တွေကို ချစ်မြတ်နိုးတာမျိုး ရှိနေမှ ဆေးလမ်းစဉ်ရဲ့ စစ်မှန်တဲ့ အနှစ်သာရကို နားလည်နိုင်လိမ့်မယ်..."
အကြီးအကဲချင်းသည် ချင်းမင်၏စကားများကို နားထောင်ရင်း အတွေးနက်သွားလေ၏။ အမှန်တကယ်ကိုပင် ဆေးလုံးများကို သာမာန်ကာလျှံကာ ဖော်စပ်ရုံဖြင့် အဆင့်မြင့်နယ်ပယ် တစ်ခုသို့ ရောက်ရှိနိုင်မည်ဆိုလျှင် မည်သူမဆို စွမ်းအားကြီးမားသော ဆေးဆရာကြီးတစ်ယောက် ဖြစ်လာပေမည်။
သိသာထင်ရှားသည်မှာ ဆေးလမ်းစဉ်တွင် ချင်းမင်၏စွမ်းရည်သည် ဆေးဖော်စပ်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်မှုကြောင့်ဟု ထင်မှတ်ကာ သူ နားလည်မှုလွဲနေခဲ့ခြင်းပင်။ အမှန်အားဖြင့် အခြေအနေသည် ထိုကဲ့သို့ လုံးဝမဟုတ်ပေ။
အခန်း ၁၈၆: သေသင့်တယ်
"ဒါဆိုရင် ဘယ်လိုမျိုးကို စစ်မှန်တဲ့ နှစ်မြှုပ်ထားမှုလို့ သတ်မှတ်တာလဲ..."
အကြီးအကဲချင်းက ဆက်လက်၍ မေးမြန်းလိုက်၏။
ဆေးလမ်းစဉ်တွင် ဆံခြည်တစ်မျှင်စာ အမှားအယွင်းကပင် မိုင်တစ်ထောင်အထိ လွဲချော်သွားစေနိုင်သဖြင့် အကြီးအကဲချင်းအနေဖြင့် အသေးစိတ်အချက်အလက်တိုင်းကို ရှင်းလင်းစွာ သိရှိထားရန် လိုအပ်သည်။
ချင်းမင်က ဆေးလုံးတစ်လုံးကို ယူကာ သူ၏လက်ဝါးပေါ်တွင် တင်၍ လေ့လာကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဆေးလမ်းစဉ်ထဲမှာ လုံးလုံးလျားလျား နစ်မြောသွားတဲ့အချိန်မှသာ ဆေးလုံးတစ်လုံးရဲ့ အတွင်းပိုင်းအနှစ်သာရကို အမှန်တကယ် သိမြင်နိုင်လိမ့်မယ်..."
"ဆေးဖော်စပ်တာကို ငြီးငွေ့စရာလို့ မခံစားရတော့ဘဲ အရသာခံပြီး လုပ်ဆောင်လာနိုင်တဲ့ အခိုက်အတန့်ကစပြီး ခင်ဗျားက ဆေးလမ်းစဥ်ထဲ တကယ်ကို နှစ်မြှုပ်သွားပြီလို့ ဆိုနိုင်တယ်..."
"အဲ့ဒီနယ်ပယ်ကို မရောက်မချင်း ဆေးလုံးတွေကို သဘောကျဖို့ အတင်းအကျပ် ကြိုးစားနေတာက အလကားပဲ..."
"ဆေးဖော်စပ်တာကို ပျော်မွေ့ရမယ်... လုပ်ငန်းစဉ်ကို အရသာခံရမယ် ဟုတ်လား..."
အကြီးအကဲချင်းက ဆေးလုံးတစ်လုံးကို သူ၏လက်ချောင်းများကြားတွင် လှိမ့်ကာ အတွေးနက်သွားလေ၏။
သူ ဆေးဖော်စပ်တိုင်း သူ၏စိတ်သည် ဆေးပညာတွင် နစ်မြောရန်ထက် သူ၏ဆေးဖော်စပ်ခြင်းစွမ်းအားကို မြှင့်တင်ရန်သာ အာရုံစိုက်ခဲ့မိသည်။
ယခင်က သူ၏ စိတ်ဝင်စားမှုများ ပျောက်ကွယ်သွားပြီးနောက်တွင် ဆေးဖော်စပ်ခြင်းသည် သူ့အတွက် အဆုံးမရှိငြီးငွေ့ဖွယ်ကောင်းသော အလုပ်တစ်ခု ဖြစ်လာခဲ့သည်။
ထိုအရာကို အမှန်တကယ် ချစ်မြတ်နိုးရန်မှာ မည်မျှထိ ခက်ခဲလိုက်သနည်း...
"နောက်ဆုံးတော့ ပြီးသွားပြီ..."
ချင်းမင်က ပျင်းရိစွာ အကြောဆန့်လိုက်ရင်း ပြောဆိုသည်။
"နောက်တစ်ခါကျရင် ကျောက်စိမ်းပုလင်းတွေ ပိုပြီးစုထားမှဖြစ်မယ်..."
အကြီးအကဲချင်း က ရယ်မောလိုက်၏။
"ဆေးဖော်စပ်လို့ ပြီးသွားပေမဲ့ သိမ်းစရာ ကျောက်စိမ်းပုလင်းမရှိတဲ့ ဆေးဆရာကြီးဆိုတာ မင်းတစ်ယောက်ပဲ ရှိမယ်ထင်တယ် ချင်းမင်..."
ချင်းမင်က ရှက်ယမ်းယမ်းပြီး သူ၏နှာခေါင်းကို ပွတ်သပ်လိုက်၏။
အစေခံများက ဆေးပင်များကို ဤမျှထိ များများ ပြင်ဆင်ပေးမည်ကို သူ မည်သို့ ခန့်မှန်းနိုင်မည်နည်း။ သူသာ ကြိုသိခဲ့လျှင် ကျောက်စိမ်းပုလင်းများကိုလည်း တစ်ခါတည်း တောင်းထားခဲ့မည်ဖြစ်ပြီး ယခုကဲ့သို့ ဆေးလုံးများ ထားစရာနေရာမရှိသည့် အခြေအနေမျိုး ကြုံတွေ့ရမည် မဟုတ်ချေ။
"ကောင်းပြီလေ... မင်းကို ထပ်ပြီး အနှောင့်အယှက် မပေးတော့ဘူး... အနားယူလိုက်အုံး..."
အကြီးအကဲချင်းက သူ၏အင်္ကျီလက်ကို ခါယမ်းရင်း ပြောဆိုသည်။
အကြီးအကဲချင်းကို လိုက်ပို့ပြီးနောက် ချင်းမင်သည် ဆေးလုံးများအားလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်ပြီး ယနေ့အတွက် ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။
မြို့တော်ဝန်အိမ်တော်၏ အစည်းအဝေးခန်းမထဲတွင် ချင်းယွမ်နှင့်အကြီးအကဲများသည် အရုဏ်တက်ချိန်ကတည်းက စုဝေးနေကြ၏။
"မိသားစုခေါင်းဆောင်... မနေ့က လက်ဆောင်တွေ အတော်လေး ရလိုက်တယ်..."
အကြီးအကဲတစ်ဦးက ရွှင်မြူးသောလေသံဖြင့် ပြောဆိုသည်။
ချင်းယွမ်က စားပွဲပေါ်ရှိ စာရင်းစာအုပ်ကို ဖွင့်ကြည့်လိုက်သည်။ သူဖတ်လေလေ သူ၏အပြုံးက ပို၍ကျယ်ပြန့်လာလေလေဖြစ်ပြီး ပါးစပ်ပင် မပိတ်နိုင်တော့ချေ။
"ဟား ဟား ဟား... ဒီမိသားစုငယ်လေးတွေက ဘယ်လိုမျိုး အလိုက်တသိ နေရမလဲဆိုတာ ကောင်းကောင်း သိကြတာပဲ... သူတို့ရဲ့ လက်ဆောင်တွေက အတော်လေး ရက်ရောတယ်... ဒါပေမဲ့ မိသားစုငယ်နှစ်ခုကတော့ ပေါ်မလာဘူး ထင်တယ်..."
ထိုစကားကို ကြားချိန်၌ တာဝန်ခံအကြီးအကဲက ချက်ချင်းမတ်တတ်ထရပ်ပြီး ပြောဆိုသည်။
"ဟုတ်တယ်... မိသားစုငယ်နှစ်ခု ပျက်ကွက်ခဲ့တယ်... သတင်းတွေအရတော့ သူတို့က ကျွန်တော်တို့ ချင်းမိသားစုကို အထင်သေးနေတယ်လို့ ဆိုကြတယ်..."
"ကျွန်တော်တို့က ကံကောင်းလို့သာ ဒီနေရာကို ရောက်လာတာလို့ သူတို့က ယုံကြည်နေပြီးတော့ ကျွန်တော်တို့ရဲ့အုပ်စိုးမှုကို လက်ခံဖို့ ငြင်းဆန်နေကြတယ်..."
ဘုန်း...
ချင်းယွမ်က စားပွဲခုံကို ရိုက်ပုတ်လိုက်ပြီး မတ်တတ်ထရပ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဒီလိုအချိန်မျိုးမှာတောင် ငါတို့ရဲ့ နေရာကို မေးခွန်းထုတ်ရဲသေးတယ်ပေါ့... သေလမ်းရှာနေတဲ့ကောင်တွေပဲ...ဒီလိုမိသားစုမျိုးတွေက အခုချိန်ထိ ဘယ်လိုများ ရှင်သန်နေနိုင်သလဲဆိုတာ ငါ နားကိုမလည်နိုင်တော့ဘူး..."
"အဖေ... ဘာတွေကများ အဖေကို ဒီလောက်တောင် ဒေါသထွက်စေရတာလဲ..."
ချင်းမင်က အစည်းအဝေးခန်းမထဲသို့ ပြုံးရွှင်စွာ ဝင်ရောက်လာရင်း မေးမြန်းလိုက်သည်။
ဆေးဖော်စပ်ခြင်းနှင့်ကျင့်ကြံခြင်းတို့ကြားတွင် အလုပ်ရှုပ်နေသဖြင့် သူသည် ညဉ့်နက်မှ အိပ်ရာဝင်ခဲ့ရသဖြင့် ယခုမှသာ နိုးလာခြင်းဖြစ်သည်။
"ချင်းမင်... မင်းရောက်လာပြီလား... လာ ထိုင်ပါအုံး..."
အကြီးအကဲတချို့က ဝမ်းသာအားရဖြင့် ပျာပျာသလဲ နေရာပေးလိုက်ကြ၏။
"မင်း မသိသေးလို့ပါ... မနေ့က မြို့ထဲက မိသားစုတွေအားလုံးကို ဖိတ်ကြားပြီးတော့ ဧည့်ခံခဲ့ပေမဲ့ မိသားစုငယ်နှစ်ခုက ငါတို့ကို အထင်သေးပြီး လူတောင် မလွှတ်ခဲ့ကြဘူး...အဲ့ဒါကြောင့် မင်းရဲ့အဖေ ဒေါသထွက်နေတာပဲ..." အကြီးအကဲတစ်ဦးက ရှင်းပြသည်။
"မင်အာ...အဲ့ဒီမိသားစုငယ်နှစ်ခုကို ဘယ်လို စီစဉ်သင့်တယ်လို့ ထင်လဲ..."
ချင်းယွမ်က မေးမြန်းလိုက်သည်။
သူသည် ကျင့်ကြံသူများကို စေလွှတ်၍ သူတို့ကို ရှင်းလင်းပစ်ရန် စိတ်ကူးနေသော်လည်း ချင်းမင် ရောက်လာပြီဖြစ်ရာ သားဖြစ်သူထံတွင် ကွဲပြားသော အမြင်ရှိမရှိ သူ ကြားလိုသည်။
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"အဲ့ဒီမိသားစုနှစ်စုလုံး သေသင့်တယ်လို့ ကျွန်တော် ထင်တယ်..."