← Chapters

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း ၁၈၇: ခဲတစ်လုံးတည်းဖြင့် ငှက်လေးကောင်ပစ်ခြင်း

"အို..."

ချင်းယွမ်က ပြောဆိုသည်။

"မင်းကလည်း သူတို့ သေသင့်တယ်လို့ ထင်တာလား..."

အကြီးအကဲများက ချက်ချင်းဆိုသလိုပင် တပြိုင်နက်တည်း ထောက်ခံပြောဆိုလိုက်ကြ၏။

"မိသားစုခေါင်းဆောင်... ကျွန်တော်တို့က ချက်ချင်းသွားတိုက်ခိုက်ပြီးတော့ အဲ့ဒီမိသားစုငယ်နှစ်စုကို ရှင်းပစ်သင့်တယ်လို့ ကျွန်တော် ထင်တယ်... ဒါမှသာ ကျွန်တော်တို့ ချင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်လိမ့်မယ်..."

"သူတို့ကို သတ်သင့်တယ်ဆိုတာ ကျွန်တော် သဘောတူတယ်... ကျွန်တော်တို့ ချင်းမိသားစုက လက်ရှိအခြေအနေကို ရောက်ဖို့ အများကြီး ကြိုးစားခဲ့ရတာ... ဒီမိသားစုငယ်နှစ်စုကြောင့်နဲ့ ပျက်စီးခံလို့ မဖြစ်ဘူး..."

"အမှန်ပဲ... ဒီမိသားစုငယ်နှစ်စုကိုသာ မဖြေရှင်းနိုင်ရင် အခြားမိသားစုတွေကလည်း သေချာပေါက် သူတို့ကို အတုယူကြလိမ့်မယ်..."

"ဒါဆိုရင် အခုပဲသွားပြီး တိုက်ခိုက်ကြတာပေါ့..."

ချင်းယွမ်က သူ၏လက်ကို ဝှေ့ယမ်းကာ ပြတ်ပြတ်သားသား ထုတ်ပြန်ကြေညာလိုက်၏။

"အဖေ..."

ချင်းမင်က မတ်တတ်ထရပ်ကာ သူ၏လက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။

"မိသားစုငယ်လေးနှစ်စုကို ရှင်းပစ်ရုံသက်သက်နဲ့ ကျွန်တော်တို့ ချင်းမိသားစုကိုယ်တိုင် ဘာလို့ လှုပ်ရှားနေမှာလဲ..."

"အမ်..."

ချင်းယွမ်က ချင်းမင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

တခြားအကြီးအကဲများသည်လည်း တိတ်ဆိတ်သွားကြပြီး ချင်းမင်၏ စိတ်ထဲတွင် မည်သည့်အကြံအစည် ရှိနေသည်ကို သိလိုကြသည်။

ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

"လက်ရှိအချိန်မှာ ကျွန်တော်တို့ ချင်းမိသားစုက လျှိုမြို့ရဲ့ ပြိုင်ဘက်ကင်း ထိပ်သီးအုပ်စိုးသူ ဖြစ်နေပြီလေ..."

"ထိပ်သီးအုပ်စိုးသူ တစ်ယောက်အနေနဲ့ ထိပ်သီးအုပ်စိုးသူရဲ့ အရှိန်အဝါမျိုး ရှိနေသင့်တယ်... ကိစ္စတိုင်းကို ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့အဆင့်အတန်းကို နှိမ့်ချလိုက်သလို ဖြစ်သွားလိမ့်မယ်..."

"ကျွန်တော်တို့ မိသားစုဆီမှာ ခိုလှုံလာကြတဲ့ တခြားမိသားစုငယ်တွေကို ဒီကိစ္စ လုပ်ခိုင်းသင့်တယ်လို့ ကျွန်တော် ထင်တယ်... ဒီနည်းလမ်းနဲ့ သူတို့ရဲ့ သစ္စာရှိမှုကို စမ်းသပ်နိုင်သလို ချင်းမိသားစုရဲ့လှေပေါ်မှာ သူတို့ကို ပိုပြီး ခိုင်ခိုင်မာမာ ချည်နှောင်ထားနိုင်လိမ့်မယ်..."

"တစ်ချိန်တည်းမှာပဲ တခြားမိသားစုတွေအားလုံးကို မသိမသာ ခြိမ်းခြောက်နိုင်သလို ချင်းမိသားစုရဲ့ သဘောထားကြီးမှုကိုလည်း ပြသနိုင်လိမ့်မယ်..."

"နောက်ဆုံးတော့ ချင်းမိသားစုက တိုက်ရိုက်လုပ်ဆောင်တဲ့သူ မဟုတ်ဘဲ အဲ့ဒီမိသားစုငယ်တွေက လုပ်ဆောင်တာ ဖြစ်သွားလိမ့်မယ်... ဘယ်သူကမှ ချင်းမိသားစုကို ရက်စက်တယ်လို့ ထင်ကြမှာ မဟုတ်ဘူး..."

လူများအားလုံးသည် ဤအချက်ကို သေချာစွာ မစဉ်းစားဘဲ မနေနိုင်ကြတော့ချေ။

အချိန်အနည်းငယ် ကြာပြီးနောက် ချင်းယွမ်က ထိုအကြံအစည်ကို ပို၍တွေးတောမိလေလေ ပို၍ သဘာဝကျလေလေဖြစ်ကြောင်း ခံစားလိုက်ရသည်။ ချန်ယန်မြို့မှ မိသားစုကြီးများသည်လည်း ဤနည်းလမ်းအတိုင်း လုပ်ဆောင်နေကြသည် မဟုတ်လော။

သူတို့ကိုယ်တိုင် မလှုပ်ရှားဘဲ တခြားမိသားစုများကို ခိုင်းစေကြသည်။ အလုပ်ဖြစ်ပါက သူတို့သည် အကျိုးအမြတ်ကို ခံစားရပြီး အလုပ်မဖြစ်ပါက နစ်နာရသည်မှာ ထိုမိသားစုငယ်များသာ ဖြစ်ပေမည်။

"ချင်းမင်... ဒီနည်းလမ်းက အရမ်းကောင်းတယ်... တကယ့်ကို ခဲတစ်လုံးတည်းနဲ့ ငှက်လေးကောင်ကို ပစ်လိုက်တာပဲ... အံ့အားသင့်စရာပဲ... တကယ့်ကို အံ့အားသင့်စရာပဲ..."

ချင်းယွမ်က လက်ခုပ်တီးကာ ဝမ်းသာအားရ ပြောဆိုလိုက်၏။

"အမှန်ပဲ... တချို့မိသားစုတွေက အပေါ်ယံအနေနဲ့ ကျွန်တော်တို့ ချင်းမိသားစုဆီ ခိုလှုံလာကြပေမဲ့ တကယ်တမ်းကျ သူတို့ ဘာတွေးနေကြလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ... သူတို့ရဲ့ သစ္စာရှိမှုကို သက်သေပြခိုင်းတာက မှန်ကန်တဲ့ လုပ်ရပ်ပဲ..."

"အဲ့ဒီလိုမျိုး ဟိုဘက်ဒီဘက် ယိမ်းနေတဲ့သူတွေကို သူတို့ရဲ့သစ္စာရှိမှုကို မပြသသရွေ့ ဘယ်သူကိုမှ အပြည့်အဝ စိတ်ချနိုင်မှာ မဟုတ်ဘူး..."

အကြီးအကဲတစ်ဦးက ထောက်ခံလိုက်သည်။

"ချင်းမင်... ဒီလောက်ထိ ကောင်းမွန်တဲ့ အစီအစဉ်မျိုးကို မင်း ဘယ်လိုလုပ်ပြီး စဉ်းစားမိသွားတာလဲ..."

ချင်းယွမ်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

ဤနည်းလမ်းသည် အပေါ်ယံကြည့်လျှင် ရိုးရှင်းသည်ဟု ထင်ရသော်လည်း အမှန်အားဖြင့် နက်နဲသိမ်မွေ့သော အဓိပ္ပာယ်များ ဖုံးကွယ်နေသည်။ အရာရာကို ဤမျှထိ သေသေချာချာ တွေးတောနိုင်ခြင်းမှာ သာမန်လူငယ်တစ်ယောက် လုပ်နိုင်စွမ်းရှိသောအရာ မဟုတ်ချေ။

ချင်းမင်က ရှက်ကိုးရှက်ကန်းအပြုံးနှင့် ပြောဆိုသည်။

"ဆရာက ဒီအရာတွေအားလုံး ကျွန်တော့်ကို သင်ပေးခဲ့တာပါ...ဆရာက မိသားစုတွင်း ပဋိပက္ခတွေ အများကြီးကို မြင်တွေ့ခဲ့ရပြီးတော့ သူရဲ့ အမြင်တွေကို မျှဝေပေးခဲ့တယ်... ကျွန်တော်က ဆရာ့ရဲ့သင်ကြားမှုတွေကို နားထောင်ခဲ့လို့သာ မိသားစုကိစ္စတွေကို နားလည်နေတာပါ..."

ချင်းယွမ်နှင့်အကြီးအကဲများက ခေါင်းညိတ်လိုက်ကြ၏။ အကြီးအကဲချင်း၏သင်ကြားပေးမှုကြောင့်ဟု ဆိုပါက ဤသည်မှာ သဘာဝကျသွားလေပြီ။

အကြီးအကဲချင်း၏ အတွေ့အကြုံများကို သူတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီးဖြစ်ရာ ပင်လယ်သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းသည်ဟု ဆိုလျှင်ပင် လွန်ကဲမည်မဟုတ်ချေ။

"ချင်းမင်... အကြီးအကဲချင်းဆီကနေ မင်း သေချာ သင်ယူရမယ်... ဒီလိုဗဟုသုတမျိုးကိုတောင် မင်းကို သင်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် သူ မင်းအပေါ် မျှော်လင့်ချက်တွေ အများကြီးထားမှာ သေချာတယ်... သူ့ကို စိတ်ပျက်အောင် မလုပ်နဲ့..."

ချင်းယွမ်က တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

"ငါတို့အားလုံးလည်း အသက်ကြီးလာကြပြီ... အနာဂတ်ဆိုတာ မင်းတို့လူငယ်တွေရဲ့ လက်ထဲမှာပဲ... တစ်နေ့ကျရင် မိသားစုကို မင်းဆီ လွှဲပြောင်းပေးရလိမ့်မယ်..."

ချင်းမင်က သူ၏လက်ကိုပူးဆုပ်ပြီး တုံ့ပြန်လိုက်၏။

"ဟုတ်ကဲ့ပါ အဖေ... ဆရာ့ဆီမှာ ကျွန်တော်က ကြိုးစားသင်ယူပါ့မယ်..."

"ဒါပေမဲ့ အဖေက အခုမှ မဟာသိုင်းဆရာကြီးနယ်ပယ်ကို ရောက်ကာစပဲ ရှိသေးတယ်လို့ ကျွန်တော် ခံစားရတယ်... အနာဂတ်မှာ အဖေက သိုင်းဘိုးဘေးနယ်ပယ် သိုင်းဝိညာဉ်နယ်ပယ် ဒါမှမဟုတ် သိုင်းဘုရင်နယ်ပယ် အထိတောင် ရောက်လာနိုင်တယ်..."

"ချင်းမိသားစုက အဖေ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ နှစ်ထောင်နဲ့ချီပြီး သေချာပေါက် တည်ရှိနေမှာပါ... ကျွန်တော်ကတော့ ချင်းမိသားစုရဲ့ သခင်လေးအဖြစ်နဲ့ပဲ ကျေနပ်နေပါ့မယ်..."

အခန်း ၁၈၈: ပထမမိသားစု၏ ရည်မှန်းချက်

"ဟား ဟား ဟား..."

လူများအားလုံး ရယ်မောလိုက်ကြသည်။

ချင်းယွမ်က လက်ကာပြရင်း ပြောဆိုသည်။

"ငါ့ရဲ့အရည်အချင်းကို ငါ သိတယ်... သိုင်းဘုရင်နယ်ပယ်ဆိုတာကို မေ့ထားလိုက်အုံး... သိုင်းဘိုးဘေးနယ်ပယ်ကို ရောက်နိုင်မလားဆိုတာတောင် မသေချာဘူး..."

"ကျွန်တော့်ဆရာရဲ့ ချင်းမိသားစုအပေါ် ထောက်ပံ့မှုနဲ့ လူတိုင်းသိထားတဲ့ ကျွန်တော့်ရဲ့ ဆေးပညာပါရမီတို့ကြောင့် အဖေက သိုင်းဘုရင်နယ်ပယ်ကို ရောက်နိုင်ရုံတင်မကဘူး... ကျွန်တော်တို့အားလုံးလည်း သိုင်းဘုရင်နယ်ပယ်ကို ရောက်သွားနိုင်တဲ့ အလားအလာတွေ ရှိတယ်..."

"အဲဒီအချိန်ကျရင် ကျွန်တော်တို့ ချင်းမိသားစုက လျှိုမြို့မှာ အကောင်းဆုံးမိသားစု ဖြစ်ရုံတင် မကဘူး..... မဟာရှားအင်ပါယာ တစ်ခုလုံးမှာပါ အကောင်းဆုံးမိသားစု ဖြစ်လာလိမ့်မယ်..."

ချင်းမင်က ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုလိုက်၏။

သူသည် ဆေးနတ်ဘုရားတစ်ပါးပင်။ ဆေးနတ်ဘုရားတစ်ပါး၏ အပြည့်အဝထောက်ပံ့မှုကို ရရှိထားသော မိသားစုတစ်စုသည် ဤချန်ကုန်းမြေ တွင် အင်အားအကြီးမားဆုံး မိသားစု မဖြစ်လာဘဲ မည်သို့နေမည်နည်း။

ဤသည်မှာ နှိမ့်ချပြောဆိုခြင်းသာ ဖြစ်ပေ၏။ ချင်းမင်၏ပန်းတိုင်မှာ ကုန်းမြေတစ်ခုလုံးပေါ်တွင် အင်အားအကြီးမားဆုံး မိသားစု ဖြစ်လာစေရန်ပင်။

ချင်းမင် ဤသို့ပြောဆိုသည်ကို ကြားချိန်၌ အကြီးအကဲများနှင့် ချင်းယွမ်တို့ အလွန်အမင်း ဝမ်းသာသွားကြ၏။

ချင်းမင်တွင် တိုက်ခိုက်လိုစိတ် ရှိနေသည်ကို သူတို့ မြင်တွေ့ချင်ခဲ့ကြသဖြင့် စိတ်ကျေနပ်သွားသည်။ အကြောင်းအရင်းမှာ တစ်စုံတစ်ယောက်ထံတွင် မြင့်မားသော စိတ်ဓာတ်ရှိမှသာ အောင်မြင်နိုင်မည် ဖြစ်သောကြောင့်ပင်။

ရည်မှန်းချက်မရှိဘဲ အချိန်များကို အလဟဿ ကုန်ဆုံးစေမည်ဆိုလျှင် မည်သည့်အရာကိုမျှ အောင်မြင်နိုင်မည် မဟုတ်ချေ။

"ကောင်းလိုက်တာ... မင်းက တကယ်ကို ငါ ချင်းယွမ် ရဲ့ သားပါလား..."

ချင်းယွမ် က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ဒါဆိုရင် ငါတို့ စောင့်ကြည့်ကြတာပေါ့... မင်းက ငါတို့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ ငါ မျှော်လင့်တယ်..."

"စိတ်မပူပါနဲ့ အဖေ... ကျွန်တော် အဖေ့ကို ဘယ်တုန်းကများ စိတ်ပျက်အောင် လုပ်ခဲ့ဖူးလို့လဲ..."

ချင်းမင်က ယုံကြည်မှုရှိစွာဖြင့် တုံ့ပြန်အဖြေပေးလိုက်၏။

အစည်းအဝေးသည်ရယ်မောသံများဖြင့် ပြီးဆုံးသွားတော့သည်။

သူတို့ ဤမျှထိ စိတ်သက်သောင့်သက်သာ မဖြစ်ခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ ချင်းယန် မိသားစုသို့ ရောက်လာစဥ်ကတည်းက ချင်းမိသားစုတစ်စုလုံးသည် ကိစ္စရပ်ပေါင်းများစွာဖြင့် အလုပ်ရှုပ်နေခဲ့သည်။

ယခုအချိန်၌ ချင်းမိသားစုသည် လျှိုမြို့၏ ထိပ်သီးအုပ်စိုးသူ ဖြစ်လာခဲ့ပြီဖြစ်ပြီး သူတို့၏ နေရာကို မည်သည့်အရာကမျှ မလှုပ်ခတ်နိုင်တော့ချေ။ ထိုကြောင့် ချင်းမိသားစုရှိ လူများအားလုံးသည် နောက်ဆုံးတွင် အပြည့်အဝ စိတ်အေးသွားကြကာ သူတို့၏အောင်ပွဲရလဒ်များကို အပြည့်အဝ ခံစားနိုင်ကြလေပြီ။

"အစ်ကို... ဘာတွေများ ဒီလောက်တောင် ပျော်နေတာလဲ..."

လမ်းလျှောက်လာရင်း ပြုံးနေသော ချင်းမင်ကို မြင်တွေ့ချိန်၌ ချင်းချင်းက နံဘေးမှ ထွက်လာပြီး သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။

ချင်းမင်က သူ့ညီမ၏ခေါင်းကို ပွတ်သပ်လိုက်ပြီး ပြောဆိုသည်။

"ညီမလေးက ပိုပိုပြီး ချစ်စရာကောင်းလာလို့ အစ်ကိုက ပျော်နေတာပေါ့..."

"လိမ်နေတာ..."

ချင်းချင်းသည် နှုတ်မှ အလျှော့မပေးသော်လည်း သူမ၏မျက်နှာထက်တွင် အပြုံးများ ဝေဆာနေသည်။

"အစ်ကို ခုဏလေးတင် အကြီးအကဲတွေနဲ့ စကားပြောခဲ့တာ မဟုတ်လား... သတင်းကောင်း တစ်ခုခု ရှိလို့နေမှာပေါ့..."

ချင်းမင်က အချိန်တခဏမျှ စဉ်းစားပြီး ပြောဆိုသည်။

"သတင်းကောင်းတစ်ခုတော့ ရှိတယ်... အစ်ကို ချန်ယန်မြို့ကို သွားလည်မလို့ စဉ်းစားနေတာ... ညီမလေးရော လိုက်မလား..."

သူ ပြန်လည်မွေးဖွားလာချိန်တွင် ညီမလေးအတွက် အဝတ်အစားလှလှလေးများ ဝယ်ပေးမည်ဟု ပြောခဲ့သည်ကို သူ မှတ်မိနေဆဲပင်။ ယခုချိန်၌ ချင်းမိသားစုသည် အဆင်ပြေသွားပြီဖြစ်ရာ ချန်ယန်မြို့ သို့ အလည်အပတ်သွားရန် အချိန်တန်လေပြီ။

ပထမအချက်အနေဖြင့် သူ၏ညီမလေးကို လောကကြီးအား မြင်တွေ့စေနိုင်ပြီး ဒုတိယအချက်အနေဖြင့် သူ လိုအပ်နေသော ဆေးပင်များ ရှိမရှိ သွားရောက်ရှာဖွေနိုင်သည်။

သူ၏ဆရာ ခံစားနေရသော အဆင့်ခုနစ် 'အဆိပ်နဂါး ဆေးလုံး' အဆိပ်အတွက် ဆေးပင်များ လိုအပ်နေပြီး ချန်ယန်မြို့ တွင် ဆေးပင်တချို့ ရှိကောင်းရှိနိုင်သည်။

တစ်ကြိမ်တည်းဖြင့် ဆေးပင်အားလုံးကို ရှာတွေ့ရန်မှာ မဖြစ်နိုင်သော်လည်း သူ ကံကောင်းပြီး လိုအပ်နေသော ဆေးပင် တစ်မျိုးနှစ်မျိုးကို တွေ့ခဲ့လျှင်ပင် ကောင်းမွန်နေလေပြီ။

"ဟုတ်ကဲ့..."

ချင်းချင်းက ဝမ်းသာအားရ ခုန်ပေါက်လိုက်သည်။

"ညီမ ချန်ယန်မြို့ကို တစ်ခါမှ မရောက်ဖူးဘူး... သွားချင်တယ်...ညီမ သွားချင်တယ်..."

"ကောင်းပြီလေ... ငါတို့ အတူတူ သွားကြတာပေါ့..."

ချင်းမင်က အပြုံးနှင့် ပြောဆိုလိုက်၏။

"ဒါပေမဲ့ လမ်းမှာ လိမ္မာရမယ်နော်... စကားနားမထောင်ရင် အိမ်ပြန်ပို့ပစ်မှာ..."

ချင်းမင်က တင်းမာသောလေသံဖြင့် ထပ်မံ၍ ပြောဆိုသည်။

"ဟုတ်ကဲ့ပါ..."

ချင်းချင်းက ချင်းမင်၏လက်မောင်းကို ဖက်တွယ်ကာ ချွဲနွဲ့လိုက်သည်။

"ကျွန်မ ချင်းချင်းက အလိမ္မာဆုံးပဲလေ... သေချာပေါက် စကားနားထောင်ပါ့မယ်..."

ချန်ယန်မြို့သို့ သွားလည်ရရန်အတွက် ချင်းချင်းသည် သူမ၏မာနကိုပင် စွန့်လွှတ်ကာ အချိန်အတော်ကြာ မသုံးခဲ့သော သူမ၏ချွဲနွဲ့သည့်စွမ်းရည်ကို အသုံးပြုလိုက်သည်။

"ကောင်းပြီ... အခုပဲ သွားကြတာပေါ့..."

ချင်းမင်က သဘောတူလိုက်၏။

သူတို့နှစ်ယောက်သား ချက်ချင်းဆိုသလိုပင် ထွက်ခွာလာခဲ့ကြသည်။ ချင်းမင်သည် အချိန်ဆွဲတတ်သူ မဟုတ်ပေ။ ချန်ယန်မြို့ သို့သွားရန် ဆုံးဖြတ်ပြီးသည်နှင့် 'နတ်ဘုရားပုံစံပြောင်း ဆေးလုံး' ကို သောက်ကာ ရုပ်ဖျက်ပြီးနောက် သူတို့နှစ်ဦး ထွက်ခွာလာခဲ့တော့သည်။

အခန်း ၁၈၉: တောသားများ

"ဝိုး... ချန်ယန်မြို့ က အကြီးကြီးပဲ... ခရီးရှည်ကြီး လာရတာ တန်သွားပြီ..."

ရှေ့ရှိ ကျယ်ဝန်းသော လမ်းမကြီးကို ကြည့်ကာ ချင်းချင်းက ဝမ်းသာအားရ ပြောဆိုလိုက်၏။

ချင်းမင်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်လေသည်။ ညီမဖြစ်သူကို ခေါ်ထုတ်လာခြင်းက သေချာပေါက် အေးချမ်းမည်မဟုတ်ကြောင်း သူ သိနေခဲ့သည်။

လမ်းတစ်လျှောက်လုံး ပင်ပန်းသည်ဟု ညည်းညူလာခဲ့သော ချင်းချင်းသည် ယခုချိန်၌ လူစည်ကားနေသော လမ်းမများကို မြင်သောအချိန်တွင်မူ အားအင်များ ပြန်လည်ပြည့်ဖြိုးလာလေပြီ။

သူက အရမ်းပင်ပန်းနေပြီလို့ ပြောခဲ့တာ မဟုတ်လား....

အရသာရှိတဲ့ အစားအစာတွေနဲ့ ပျော်စရာကောင်းတဲ့ အရာတွေကို မြင်လိုက်တာနဲ့ ဘယ်လိုလုပ် ရုတ်တရက်ကြီး အားအင်တွေ ပြည့်လာရတာလဲ...

"ဟိုမှာကြည့်... အဝတ်အစားလှလှလေးတွေ အများကြီးပဲ... မြန်မြန်၊ သွားကြည့်ရအောင်..."

ချင်းချင်းက အဝတ်အထည်ဆိုင်တစ်ဆိုင်ကို လက်ညှိုးညွှန်ပြကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။

"ချန်ယန်မြို့က အဝတ်အစားတွေကို တစ်ခါမှ မမြင်ဖူးဘူး... ဆိုင်ထဲက အဝတ်အစားတွေက သေချာပေါက် လှနေမှာပဲ..."

"ဒီလူတွေက ဘယ်ကများ ရောက်လာကြတာလဲ... အရာရာတိုင်းကို အထူးအဆန်းလုပ်နေကြတယ်... လောကကြီးကို မမြင်ဖူးကြတာ အသိသာကြီးပဲ...ဒါက သာမန် အဝတ်အထည်ဆိုင်လေး တစ်ဆိုင်ပဲလေ... ဘာများ ထူးခြားနေလို့လဲ... တောသားတွေပါလား..."

အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ဦး၏ လက်ကိုကိုင်ထားရင်း ချင်းချင်းကို အထင်သေးစွာ ကြည့်ကာ သူမ၏နံဘေးရှိ အမျိုးသားကို ပြောဆိုလိုက်၏။

ထိုအမျိုးသားက လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအဖြစ် ရုပ်ဖျက်ထားသော ချင်းမင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှပသော အမျိုးသမီးငယ်လေးအဖြစ် ပြောင်းလဲထားသော ချင်းချင်းကို ကြည့်ကာ ဂရုမစိုက်ဟန်ဖြင့် ပြောဆိုသည်။

"လောကကြီးကို မမြင်ဖူးတဲ့ တောသားတွေမို့လို့ အထူးအဆန်းဖြစ်ပြီး အော်ဟစ်နေကြတာပါ... သွားရအောင်... ငါတို့က အဆင့်မြင့်ဆိုင်မှာပဲ အဝတ်အစား သွားဝယ်ကြမယ်..."

ထိုသို့ပြောဆိုပြီးနောက် သူက ချင်းချင်းကို တစ်ချက်ထပ်ကြည့်လိုက်ပြီး ထွက်ခွာသွားသည်။

"အစ်ကို... အဲ့ဒီလူနှစ်ယောက်က ဘယ်သူတွေလဲ... ဘာလို့ ဒီလိုမျိုးတွေ လာပြောရတာလဲ... သူတို့မှာ ယဉ်ကျေးမှုဆိုတာ လုံးဝမရှိကြဘူး..."

ချင်းချင်းက မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

ချင်းမင်က လက်ကာပြလိုက်၏။

"အဲ့ဒီလို အမှိုက်ကောင်တွေက နေရာတိုင်းမှာ ရှိတယ်... ဒီလို အမှိုက်ကောင်တွေအတွက်နဲ့ ဒေါသထွက်နေရတာ မတန်ဘူး..."

ချင်းချင်းက နှာခေါင်းရှုံ့လိုက်သည်။

"ထားလိုက်တော့... ကျွန်မတို့လည်း အဲဒီ့ဆိုင်ထဲ မဝင်တော့ဘူး... တခြားတစ်နေရာမှာ သွားကြည့်ကြတာပေါ့..."

ထိုလူနှစ်ဦး၏ဝေဖန်မှုကို ခံလိုက်ရပြီးနောက် ချင်းချင်းသည် ထိုဆိုင်ထဲသို့ ဝင်လိုစိတ် မရှိတော့ချေ။

ထို့ပြင် ထိုဆိုင်သည် ချန်ယန်မြို့တွင် အမှန်တကယ်ကို စည်ကားသော ဆိုင်တစ်ဆိုင် မဟုတ်ပေ။ သူမသည် ချန်ယန်မြို့သို့ ယခုမှ ရောက်ဖူးပြီး အရာအားလုံးက သူမအတွက် အသစ်အဆန်းဖြစ်နေသောကြောင့်သာ ဝင်ကြည့်ချင်ခဲ့ခြင်းဖြစ်သည်။

"သွားကြစို့... အစ်ကိုက ညီမလေး အဝတ်အစားဝယ်ဖို့ အကောင်းဆုံးဆိုင်ကို ခေါ်သွားပေးမယ်..."

ချင်းမင်က ရက်ရောစွာ ပြောဆိုသည်။

စိတ်ဝိညာဉ်ကျောက်တုံးများသည် သူ့အတွက် မြေကြီးများအလားပင်။ ညီမဖြစ်သူ ပျော်ရွှင်နေသရွေ့ စိတ်ဝိညာဉ်ကျောက်တုံးများ မည်မျှကုန်သည်ဖြစ်စေ ကိစ္စမရှိချေ။

အကယ်၍ သူ၏သရုပ်မှန် ပေါ်လွင်သွားမည်ကိုသာ မကြောက်ပါက ချင်းမင်ထံတွင်ရှိသော ဆေးလုံးများဖြင့် ချန်ယန်မြို့ တစ်မြို့လုံးကိုပင် ဝယ်ယူ၍ ရနိုင်သည်။ အဝတ်အစား အနည်းငယ်ကို မည်သည်ကြောင့် အရေးစိုက်ရမည်နည်း။

"အစ်ကိုက အကောင်းဆုံးမှန်း သိပြီးသားပါ..."

အစ်ကိုဖြစ်သူက အဝတ်အစားများ ဝယ်ပေးမည်ဟု ကြားချိန်တွင် ချင်းချင်း၏မျက်နှာတွင် အပြုံးများ ဝေဆာသွားပေ၏။

"ဟိုမှာကြည့်...အဲ့ဒီအဝတ်အထည်ဆိုင်က ကောင်းတယ်... ဆိုင်လည်း ကြီးပြီး အဝတ်အစားတွေလည်း အများကြီးပဲ..."

ချင်းချင်းက ဆိုင်တစ်ဆိုင်ကို လက်ညှိုးညွှန်ပြပြီး ပြောဆိုသည်။

ချင်းမင်က ထိုဆိုင်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

"မဆိုးဘူး... အဲ့ဒီဆိုင်ကနေ ဝယ်ကြတာပေါ့..."

ဆိုင်ထဲသို့ ဝင်သွားပြီးနောက် ချင်းချင်းသည် မျက်စိကျိန်းလောက်အောင် လှပသော အဝတ်အစားများကြားတွင် ဝန်းရံခံလိုက်ရပြီး ရွေးချယ်စရာများလွန်းသဖြင့် စိတ်ရွှင်လန်းစွာဖြင့် လိုက်လံကြည့်ရှုနေတော့သည်။

သူ၏ရှေ့ရှိ ဆိုင်ကို ကြည့်ကာ ချင်းမင်က သက်ပြင်းချလိုက်သည်

"ချန်ယန်မြို့ကို လျှိုမြို့က ယှဉ်လို့မရတာ အမှန်ပဲ... ဒီနေရာက စီးပွားရေးက လျှိုမြို့ထက် အများကြီး ပိုပြီးတိုးတက်တယ်..."

"စွမ်းအားနည်းနည်းရှိတဲ့ ကျင့်ကြံသူတွေက လျှိုမြို့ကို အထင်သေးကြတာ အံ့အားသင့်စရာတော့ မဟုတ်ဘူး..."

ဤအရာနှင့် ပတ်သက်၍ သူ လုပ်နိုင်သည်မှာ ဘာမျှမရှိပေ။ လျှိုမြို့တွင် စီးပွားရေး အရင်းအမြစ် မရှိဘဲ စိုက်ပျိုးရေးအပေါ်တွင်သာ မှီခိုနေရသဖြင့် မဖွံ့ဖြိုးနိုင်သေးချေ။

သို့သော် ချန်ယန်မြို့ကမူ ကွဲပြားခြားနားသည်။ ချန်ယန်မြို့သည် ခရမ်းတိမ်တိုက်တောင်တန်း ကို ကျောထောက်နောက်ခံ ပြုထားပြီး အရင်းအမြစ်များ ပေါကြွယ်ဝကာ ကျင့်ကြံသူများစွာ အဝင်အထွက် ရှိသည်။ ဤသည်ကို လျှိုမြို့က ယှဉ်ပြိုင်၍ မရနိုင်ချေ။

ချန်ယန်မြို့တွင် မဟာသိုင်းဆရာကြီးတစ်ယောက်သည် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ သတ်မှတ်ခံရသော်လည်း လျှိုမြို့ တွင်မူ မဟာသိုင်းဆရာကြီးနယ်ပယ်သည် လွှမ်းမိုးအုပ်ချုပ်နိုင်သူတစ်ယောက်ပင်။

ဤမြို့နှစ်မြို့သည် ကွဲပြားခြားနားသော အဆင့်များတွင် ရှိနေသဖြင့် စီးမာမိသားစုသည် ချင်းမိသားစုကို သူတို့၏မျက်လုံးထဲတွင် လုံးဝထည့်မထားခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။

ချန်ယန်မြို့တွင် ကြီးစိုးနိုင်သော မိသားစုတစ်စုက ချင်းမိသားစု၏သခင်မလေးကို ပြန်ပေးဆွဲရဲခြင်းမှာ ကျိုးကြောင်းဆီလျော်သည်ဟု ဆိုနိုင်သည်။

သို့သော်လည်း ဆေးနတ်ဘုရား ဖြစ်သော ချင်းမင်နှင့် ဆုံတွေ့ခဲ့ရသဖြင့် စီးမာမိသားစုသည် သူတို့၏ ကံဆိုးမှုကိုသာ အပြစ်တင်နိုင်ပေမည်။

All Chapters