← Chapters

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း ၁၉၀: တမင်သက်သက် ပြဿနာရှာခြင်း

"မင်္ဂလာပါ ဧည့်သည်တော်... ဒီနေရာက အဝတ်အစားတွေ အားလုံးကို ကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် ပုံစံထုတ်ထားတာပါ... တစ်ထည်စီတိုင်းမှာ ထူးခြားတဲ့ ပုံစံရှိပြီးတော့ အဖိုးတန်ဆုံး နတ်ဆိုးသားရဲတွေရဲ့ သားမွှေးတွေနဲ့ ပြုလုပ်ထားတာပါ..."

ချင်းချင်းက ဝတ်စုံရှည်တစ်ထည်ကို လက်မလွှတ်နိုင်အောင် ဖြစ်နေသည်အား မြင်တွေ့ချိန်၌ အစေခံမိန်းကလေးတစ်ဦးက လျှောက်လှမ်းလာပြီး မိတ်ဆက်ပေးလေ၏။

"ဒီဝတ်စုံကို သဘောကျလို့လား... သဘောကျရင် ထုတ်ခိုင်းလိုက်..."

ချင်းမင်က ရှေ့သို့တိုးလာပြီး ပြောဆိုလိုက်သည်။

ထိုသို့ပြောဆိုပြီးသည်နှင့် ချင်းမင်က အစေခံမိန်းကလေးထံသို့ ဝတ်စုံကို လက်ကမ်းပေးလိုက်သည်။

"ဒါကို ထုတ်ပေးပါ..."

"ဟုတ်ကဲ့ပါ..."

အစေခံမိန်းကလေးသည် အခက်တွေ့နေဟန် ရှိပေ၏။ ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် စျေးနှုန်းကိုပင် မမေးဘဲ သူမကို ထုတ်ခိုင်းနေခြင်းဖြစ်သည်။ သူသည် သူမကို လှည့်စားနေသလော။

သို့သော် ဤဆိုင်မှ အစေခံမိန်းကလေးတစ်ဦးအနေဖြင့် သူမသည် အခြေခံကျသော ယဉ်ကျေးမှုကို ထိန်းသိမ်းထားဆဲပင်။ ထို့ကြောင့် ချင်းမင်အတွက် ချက်ချင်းဆိုသလိုပင် ထုတ်ပိုးပေးလိုက်သည်။

"ပြီးတော့ ဒီတစ်ထည် ဒီတစ်ထည်နဲ့ အဲ့ဒီတစ်ထည်... ဒါတွေအားလုံးကို ထုတ်ပေးပါ..."

ချင်းမင်က ဝတ်စုံတချို့ကို လက်ညှိုးညွှန်ပြပြီး ပြောဆိုလိုက်၏။

ဤအရာများသည် ဆိုင်အတွင်းရှိ အလှပဆုံးနှင့် စျေးအကြီးဆုံး ဝတ်စုံများပင်။ ချင်းမင်၏အမြင်သည် အလွန်ထူးခြားသဖြင့် ဤဝတ်စုံများကို တိုက်ရိုက်ရွေးချယ်လိုက်ခြင်းဖြစ်သည်။

"ဟုတ်ကဲ့ပါ... ချက်ချင်းထုတ်ပိုးပေးပါ့မယ်..."

အစေခံမိန်းကလေးက ယဉ်ကျေးစွာ ပြောဆိုလိုက်သော်လည်း တိတ်တဆိတ် စိုးရိမ်ပူပန်နေမိသည်။ သူမ၏ကြိုးစားအားထုတ်မှုများ ထပ်မံ၍ အလဟဿ ဖြစ်သွားမည်ဟု သူမ တွေးထင်မိသည်။

ဤဝတ်စုံများသည် အလွန်တန်ဖိုးကြီးပေ၏။ ဧည့်သည်သည် ဒေသခံမဟုတ်မှန်း သိသာထင်ရှားပြီး စျေးနှုန်းကိုပင် မမေးမြန်းချေ။ စျေးနှုန်းကို ပြောလိုက်သည်နှင့် သူ လန့်ပြေးသွားလောက်သည်။

ထိုကဲ့သို့ လူမျိုးများကို သူမ ရှားရှားပါးပါး မြင်တွေ့ခဲ့ဖူးသည်။ လောကကြီးကို သိပ်မမြင်ဖူးသော သခင်လေးတချို့က ချန်ယန်မြို့ရှိ အဝတ်အစားများသည် မြို့ငယ်လေးများမှ အဝတ်အစားများနှင့် စျေးနှုန်းချင်းတူညီမည်ဟု ထင်မှတ်တတ်ကြသည်။

ရလဒ်အနေဖြင့် စျေးနှုန်းကို ပြောလိုက်သည်နှင့် သူတို့ လန့်ပြေးသွားတတ်သည်။

"နောက်ထပ် သဘောကျတာ ရှိသေးလား..."

အစေခံမိန်းကလေး မည်သည့်အရာအား တွေးတောနေသည်ကို ချင်းမင် မသိသည့်အပြင် ဂရုလည်း မစိုက်ပေ။ ညီမဖြစ်သူအတွက် အဝတ်အစား ရွေးပေးရန် အလုပ်ရှုပ်နေသဖြင့် အစေခံမိန်းကလေး၏ မျက်နှာအမူအယာကို သတိထားမိရန် သူ့ထံ၌ အချိန်ရှိမည်မဟုတ်ချေ။

"အင်း..."

ချင်းချင်းက အချိန်တခဏမျှ စဉ်းစားပြီးနောက် ပြောဆိုသည်။

"မရှိတော့ပါဘူး... အလှဆုံး အဝတ်အစားတွေ အားလုံးက ယူပြီးပြီလေ... အရင်တစ်ခေါက်က ဝယ်ထားတဲ့ အဝတ်အစားတွေကိုတောင် ဝတ်လို့မကုန်သေးဘူး..."

ချင်းမင်က ပြုံးလိုက်သည်။

"ညီမလေး သဘောကျရင် ထပ်ဝယ်လေ... ချန်ယန်မြို့ကို လာရတာက မလွယ်ဘူး...အစ်ကို့ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိတယ်ဆိုတာ ညီမလေး သိသားပဲ... အစ်ကို့အတွက် ချွေတာပေးဖို့ မလိုပါဘူး..."

"အို... စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိတယ်ဆိုပါလား...ဟီး ဟီး... ယောက်ျားရေ လာကြည့်စမ်းပါအုံး... အဲ့ဒီတောသားနှစ်ယောက်က သူတို့ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံးများ အများကြီး ရှိတယ်လို့ ပြောပြီး ဝတ်စုံတွေ အများကြီး ရွေးထားတယ်..."

အမျိုးသမီးတစ်ဦးက သူ၏ပါးစပ်ကို ဖွင့်ဟပြီး လှောင်ပြောင်လိုက်သည်။

မကြာမီတွင် အမျိုးသားတစ်ဦးက အထဲမှ ထွက်လာပြီး ရယ်မောလိုက်၏။

"ဟား ဟား... အဝတ်အစားတွေ ဒီလောက်အများကြီး ရွေးထားတာ... ပိုက်ဆံရော ပေးနိုင်မှာတဲ့လား..."

"ငါ့ကို ပေးကြည့်စမ်း... ဒီအရာတွေက ဒီဆိုင်မှာ စျေးအကြီးဆုံး အဝတ်အစားတွေချည်းပဲ... ပြီးတော့ သူတို့က ဒီလောက်တောင် အများကြီး ယူထားတာ... တောသားတွေက တောသားတွေပါပဲလား..."

ထိုအမျိုးသားက အစေခံမိန်းကလေး၏ လက်ထဲရှိ ဝတ်စုံများကို ကြည့်ကာ အညှာအတာကင်းမဲ့စွာဖြင့် လှောင်ပြောင်လိုက်သည်။

ဤအမျိုးသားနှင့်အမျိုးသမီးသည် ချင်းမင်တို့ ချန်ယန်မြို့သို့ စရောက်စဉ်က ဆုံတွေ့ခဲ့ရသော လူနှစ်ဦးပင်။ လောကကြီးသည် တကယ့်ကို ကျဉ်းမြောင်းပြီး သူတို့ ပြန်ဆုံတွေ့ခဲ့လေပြီ။

"ဒီခွေးလင်မယားက ဘယ်ကနေ ရောက်လာတာလဲ... မင်းတို့ မဝယ်နိုင်တာနဲ့ တခြားသူတွေလည်း မဝယ်နိုင်ဘူးလို့ ထင်နေတာလား... မင်းတို့က လူတွေကို ခွေးမျက်လုံးတွေနဲ့ အထင်သေးနေတာပဲ..."

ချင်းမင်က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ပြုံးကာ ပြောဆိုလိုက်သည်။

"အို... မင်းက ငါ့ကိုတောင် အထင်သေးရဲတယ်ပေါ့လေ... ဒီနေ့ မင်း ဘယ်လို ပိုက်ဆံပေးမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့..."

အမျိုးသားဖြစ်သူက ရှေ့သို့ခြေနှစ်လှမ်းတိုးလာပြီး အော်ဟစ်လိုက်၏။

"ဆိုင်တာဝန်ခံ... ဆိုင်တာဝန်ခံ... မြန်မြန်ထွက်လာခဲ့စမ်း... ဒီမှာ ပြဿနာရှာတဲ့သူတွေ ရောက်နေတယ်..."

"ဘယ်သူလဲ..."

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အပြင်သို့ ထွက်လာပြီး မေးမြန်းလိုက်သည်။

"ကျွန်တော်က ဒီဆိုင်ရဲ့ ဆိုင်တာဝန်ခံ ပါ... ဒီမှာ ဘာတွေဖြစ်နေတာလဲ..."

"ကြည့်လိုက်စမ်း... အဲ့ဒီလူက စိတ်ဝိညာဉ်ကျောက်တုံးတွေ မရှိဘဲနဲ့ အဝတ်အစားတွေ အများကြီး ရွေးထားတယ်... သူက ပြဿနာလာရှာတာ အသိသာကြီးပဲ... တခြားသူတွေ အဝတ်အစားရွေးတာကို အနှောင့်အယှက် မဖြစ်စေဖို့အတွက် သူ့ကို စောစောစီးစီး မောင်းထုတ်လိုက်ဖို့ ငါ အကြံပေးချင်တယ်..."

အမျိုးသားဖြစ်သူက ချင်းမင်ကို မျက်စောင်းထိုးကြည့်ပြီး ကျယ်လောင်စွာ ပြောဆိုသည်။

ထိုအမျိုးသား၏အသံသည် အလွန်ကျယ်လောင်သဖြင့် အနီးအနားရှိ စျေးဝယ်သူများလည်း စုရုံးလာကြသည်။ ပွဲကြည့်ပရိသတ် များပြားလာသည်ကို မြင်တွေ့ချိန်၌ အမျိုးသားဖြစ်သူသည် ပို၍ပင် မောက်မာလာပေ၏။ ထိုမျက်ပေါက်ကျဥ်းကျဥ်းအမျိုးသားက သူ၏မျက်လုံးများကို ကျဉ်းမြောင်းပြီး အော်ဟစ်လိုက်သည်။

"အဝတ်အစားလည်း မဝယ်ဘဲနဲ့ အားလုံးကို ထုတ်ပိုးခိုင်းနေတာလား...ဒါက ငါတို့ အဝတ်အစားရွေးတာကို နှောက်ယှက်နေတာ အသိသာကြီးပဲ... မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ တမင်တကာ ပြဿနာရှာနေတာပဲ..."

အခန်း ၁၉၁ :အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး

ချင်းမင်က ထိုအမျိုးသားကို အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏အကြည့်တွင် ရွံရှာမှုများဖြင့် ပြည့်နှက်နေပေ၏။

"ဘာလဲ... ငါတို့ အဝတ်အစားဝယ်တာက မင်းတို့က ဘာလို့ အနှောင့်အယှက် ပေးနေတာလဲ... မင်းတို့က ငါတို့နှစ်ယောက် မြို့ထဲဝင်လာကတည်းက ပစ်မှတ်ထားပြီး ဟိုဟာကို အထင်သေး ဒီဟာကို အထင်သေးနဲ့ လုပ်နေတာလေ... ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေတာလား..."

တချို့လူများသည် အလွန်အားယားနေကြပြီး တစ်နေ့တာလုံး သူတို့ကိုယ်သူတို့ အထက်စီးကနေကာ သူတို့အောက်နိမ့်သည်ဟု ထင်ရသူများကို အထင်သေးရင်း အချိန်ကုန်ဆုံးနေတတ်ကြသည်။

ချင်းမင်သည် ထိုကဲ့သို့လူမျိုး၏ အဆင့်အထိရောက်အောင် သူ့ကိုယ်သူ မနှိမ့်ချလိုခဲ့ချေ။ သို့ရာတွင် သူတို့သည် သူ့ကို အကြိမ်ကြိမ် နှောင့်ယှက်နေခဲ့သဖြင့် အမှန်တကယ်ကို အဓိပ္ပာယ်မရှိတော့ပေ။

"နင် အဝတ်အစားဝယ်တာကို အနှောင့်အယှက် ဖြစ်စေတာလား... နင်က ဝယ်ရော ဝယ်နိုင်လို့လား..."

အမျိုးသမီးက သူမ၏တုတ်ခိုင်သော ခါးကို လှုပ်ယမ်းကာ လျှောက်လှမ်းလာရင်း ခနဲ့တဲ့တဲ့ အပြုံးနှင့် ပြောဆိုသည်။

"နယ်ခံမဟုတ်တဲ့ နင်တို့လို လူတွေက ဒီနေရာက အဝတ်အစားတွေကို ဘယ်လိုလုပ်ပြီး ဝယ်နိုင်မှာလဲ..."

သူမသည် ထိုမိန်းကလေးကို ကြည့်မရဖြစ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ ထိုမိန်းကလေးသည် မည်သည်ကြောင့် သူမထက် ပိုလှနေသနည်း။

သူမထက် ပိုလှသော်လည်း စိတ်ဝိညာဉ်ကျောက်တုံး များများစားစားရှိမည် မဟုတ်ချေ။ သူမသည် လူများကို ဤကဲ့သို့ လှောင်ပြောင်ရသည်အား သဘောကျပေ၏။ သူမထက် ပိုလှသောသူများ အခက်တွေ့နေသည်ကို မြင်ရတွေ့ချန်၌ စိတ်ကျေနပ်မှုကို သူမ ခံစားရသည်။

ချင်းမင်က ခေါင်းခါယမ်းလိုက်ပြီး ဆိုင်တာဝန်ခံကိုကြည့်ကာ ပြောဆိုလိုက်၏။

"ဒီအဝတ်အစားတွေကို ထုတ်ပိုးပြီး ရှင်းပေးပါ... နောက်ဆိုရင် ဒီလိုလူမျိုးတွေကို ဆိုင်ထဲ အဝင်မခံပါနဲ့... အကြောင်းမဲ့ ဆိုင်ရဲ့အဆင့်အတန်းကို ကျသွားစေရုံပဲ ရှိမယ်..."

ဆိုင်တာဝန်ခံက အစေခံမိန်းကလေးကို တစ်ချက်ကြည့်လိုက်ရာ သူမက ချက်ချင်းနားလည်သွားပြီး ရိုသေစွာဖြင့် ပြောဆိုသည်။

"ဧည့်သည်... ဒီအဝတ်အစားတွေအားလုံးအတွက် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင့်ငါးရာ ကျသင့်ပါတယ်..."

"မဝယ်နိုင်ဘူး မဟုတ်လား... ကျွတ် ကျွတ်... အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင့်ငါးရာကျော်တောင်... မင်းက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးကို မြင်ရောမြင်ဖူးရဲ့လား..."

ချင်းမင်နှင့်ဆိုင်တာဝန်ခံတို့၏ စကားများကို ကြားချိန်၌ အမျိုးသားဖြစ်သူက ဒေါသထွက်သွားသည်။ ဆင်းရဲသော တောသားတစ်ယောက်က သူ့ကို အထင်သေးဝံ့သည်။ ထိုကြောင့်အခွင့်အရေးရသည်နှင့် သူက ချက်ချင်းဆိုသလိုပင် လှောင်ပြောင်လိုက်၏။

သူကိုယ်တိုင်ပင်လျှင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင့်ငါးရာကို မထုတ်နိုင်ရာ ဤဆင်းရဲသော တောသား ထုတ်နိုင်မည်ဟု သူ မယုံကြည်ချေ။

ချင်းချင်းက ချင်းမင်၏အင်္ကျီလက်ကိုဆွဲပြီး တီးတိုးပြောဆိုသည်။

"အစ်ကို... ဒီက အဝတ်အစားတွေက အရမ်းစျေးကြီးတယ်... တခြားနေရာမှာ သွားကြည့်ရအောင်လေ..."

ဤနေရာရှိ အဝတ်အစားများ ဤမျှထိ စျေးကြီးမည်ဟု သူမ တွေးထင်မထားမိချေ။ အဝတ်အစား အနည်းငယ်မျှဖြင့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင့်ငါးရာကျော် ကျသင့်နေသည်။

အကယ်၍ ဤစိတ်ဝိညာဉ်ကျောက်တုံးများကို မိသားစုတပည့်များ ကျင့်ကြံရန်အတွက် ပေးမည်ဆိုလျှင် သူတို့ အချိန်အတော်ကြာ ကျင့်ကြံနိုင်ပေမည်။ အဝတ်အစား အနည်းငယ်အတွက် စိတ်ဝိညာဉ်ကျောက်တုံးများ ဤမျှထိ အသုံးပြုခြင်းက အမှန်တကယ်ကို မှားယွင်းသည်ဟု သူမ ခံစားမိသည်။

"ပိုက်ဆံမရှိရင် ထွက်သွားလိုက်စမ်းပါ... မဟုတ်တာတွေ ဟန်ဆောင်မနေနဲ့..."

အမျိုးသမီးက ချင်းချင်းကို စောင့်ကြည့်နေခဲ့ပြီး သူမ၏စကားကို ကြားသည်နှင့် ချက်ချင်းဆိုသလိုပင် အော်ဟစ်လိုက်၏။

ချင်းမင်က ခေါင်းခါယမ်းလိုက်ပြီး ထိုလူနှစ်ဦးကို ခွေးရူးများကဲ့သို့ သဘောထားလိုက်သည်။ ထို့နောက် သူ၏သိုလှောင်လက်စွပ်ထဲမှ အနက်ရောင်အိတ်တစ်လုံးကို ထုတ်ယူပြီး ဖွင့်လိုက်ရာ အထဲတွင် စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ပြည့်နှက်နေသည်။

ဒါက...

အမျိုးသမီးသည် အိတ်ထဲရှိ စိတ်ဝိညာဉ်ကျောက်တုံးများကို မြင်တွေ့ချိန်၌ ရုတ်တရက် အံ့အားသင့်မှင်တက်သွားတော့သည်။ ဤအရာများအားလုံးသည် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများ ဖြစ်နေသလော။

တောသားနှစ်ယောက်ထံတွင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများ ဤမျှထိ အမြောက်အများ ရှိနေသလော။

ပတ်ဝန်းကျင်ရှိ လူများသည် စိတ်ဝိညာဉ်ကျောက်တုံးများ ဤမျှထိများပြားစွာ ရှိနေခြင်းကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးကြသဖြင့် ချက်ချင်းဆိုသလိုပင် တီးတိုးရေရွတ်လိုက်ကြသည်။

"ဝိုး... အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင်လဲ... အနည်းဆုံး တစ်ရာကျော်လောက်တော့ ရှိနိုင်တယ်..."

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာလောက် ရှိမယ်ထင်တယ်... ဒါက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးလေ... တစ်တုံးကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းနဲ့ ညီမျှတယ်... ငါ့ဆီမှာသာ အဲ့ဒီလောက်များတဲ့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိခဲ့ရင် အရမ်းကောင်းမှာပဲ..."

"ငါ့ဆီမှာသာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေ အဲ့ဒီလောက်များများ ရှိခဲ့ရင် မဟာသိုင်းဆရာကြီးနယ်ပယ်အထိ တိုက်ရိုက်ကျင့်ကြံဖို့အတွက် အားကိုးလို့ရပြီ..."

ချင်းမင်က အနက်ရောင်အိတ်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံး နှစ်ဆယ့်ငါးတုံးကို ထုတ်ကာ ဆိုင်တာဝန်ခံထံသို့ လက်ကမ်းပေးလိုက်သည်။

"ဒီမှာ စိတ်ဝိညာဉ်ကျောက်တုံး နှစ်ဆယ့်ငါးတုံး... ရေတွက်ကြည့်အုံးမလား..."

ဆိုင်တာဝန်ခံက စိတ်ဝိညာဉ်ကျောက်တုံးများကို ယူကာ တည်ကြည်လေးနက်စွာ အရိုအသေပေးပြီး အပြုံးနှင့် ပြောဆိုသည်။

"သခင်လေးက... နောက်နေတာပဲ ဖြစ်ရမယ်..."

စိတ်ဝိညာဉ်ကျောက်တုံး နှစ်ဆယ့်ငါးတုံးတည်းကို ရေတွက်ရန် လိုအပ်သလော...

တစ်ချက်ကြည့်ရုံဖြင့် အရေအတွက်ကို သိနိုင်ရာ ဤလူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ကို လှောင်ပြောင်နေခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။

ထို့ကြောင့် ဆိုင်တာဝန်ခံက အမျိုးသားနှင့် အမျိုးသမီးထံသို့ လျှောက်လှမ်းသွားပြီး ပြောဆိုလိုက်၏။

"ခင်ဗျားတို့နှစ်ယောက်ကို ဒီနေရာက မကြိုဆိုဘူး... ကျေးဇူးပြုပြီး ထွက်သွားပေးပါ..."

ချင်းမင်က စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ပေးလိုက်သည်အား မြင်တွေ့သည်နှင့် ထိုလူနှစ်ဦး ဆွံ့အသွားကြသည်။ ထိုအနက်ရောင်အိတ်ထဲတွင် စိတ်ဝိညာဉ်ကျောက်တုံး အနည်းဆုံးနှစ်ရာခန့်ရှိပြီး ထိုအရာအားလုံးမှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသည်။

အခန်း ၁၉၂: လုယက်ခြင်း

ဆိုင်တာဝန်ခံ၏စကားကို ကြားချိန်၌ အမျိုးသားဖြစ်သူက ချက်ချင်းဆိုသလိုပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ကောင်းပြီလေ... သွားကြမယ်..."

အမျိုးသားက စိတ်ဝိညာဉ်ကျောက်တုံးအိတ်ကို စူးစူးဝါးဝါးကြည့်လိုက်ပြီးနောက် အဝလွန်နေသော အမျိုးသမီးနှင့်အတူ အသက်လုပြေးရသကဲ့သို့ ထွက်ပြေးသွားတော့သည်။

အမျိုးသမီး၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေပေ၏။ သူမ ထွက်သွားချိန်၌ တစ်စုံတစ်ယောက်က တွေ့မြင်သွားမည်ကို ကြောက်ရွံ့နေသည့်အလား သူမ၏လက်ဖြင့် မျက်နှာကို ဖုံးကွယ်သွားသည်။

"ဟား ဟား...ဒီလူနှစ်ယောက်က ရယ်စရာကောင်းလိုက်တာ... တခြားသူတွေကို တောသားတွေလို့ လှောင်ပြောင်နေသေးတယ်... သူတို့တစ်သက်နဲ့တစ်ကိုယ် စိတ်ဝိညာဉ်ကျောက်တုံး ဒီလောက်များတာကို မြင်ဖူးမှာတောင် မဟုတ်ဘူး..."

"ငါလည်း အဲ့ဒီလို ထင်တာပဲ... အိတ်ကိုကြည့်နေတဲ့ အဲ့ဒီအမျိုးသမီးရဲ့အမူအယာကို မမြင်လိုက်ဘူးလား... အိတ်ပေါ်ကို ခုန်အုပ်ချင်နေတဲ့ပုံ ပေါက်နေတယ်..."

"အဲ့ဒီအမျိုးသားရဲ့အမူအယာက အရယ်ရဆုံးပဲ... အိတ်ထဲကို ဝင်တော့မတတ် ကြည့်နေပြီးတော့ တခြားသူတွေကို တောသားတွေလို့ ခေါ်နေတာလေ... သူကမှ တောသားလို့ ငါ ထင်မိတယ်..."

"..."

ထိုလူနှစ်ဦးကို ဆိုင်တာဝန်ခံက မောင်းထုတ်လိုက်ပြီးနောက် လူများအားလုံးက ချက်ချင်းဆိုသလိုပင် ရယ်မောလိုက်ကြသည်။ လူအများသည် တခြားသူများကို အထင်သေးတတ်သော လူမျိုးကို မနှစ်သက်ကြချေ။

ဆိုင်တာဝန်ခံသည် ထိုလူနှစ်ယောက်ကို မောင်းထုတ်ပြီးနောက် ချင်းမင်ထံသို့ ပြန်လာကာ ရိုသေလေးစားစွာ ပြောဆိုသည်။

"သခင်လေး... ဒီကိစ္စအပေါ်မှာ ကျေနပ်မှုရှိရဲ့လား..."

ချင်းမင်က ခေါင်းညိတ်လိုက်သည်။ သူ မကျေနပ်ချင်လျှင်ပင် မကျေနပ်၍ မရတော့ချေ။ လူများကို မောင်းထုတ်လိုက်ပြီဖြစ်ရာ မည်သည်ကြောင့် သူ မကျေမနပ် ဖြစ်နိုင်အုံးမည်နည်း။

"ချင်းချင်း... သွားကြစို့..."

"ဟုတ်ကဲ့ အစ်ကို... စားစရာတစ်ခုခု သွားဝယ်ကြမယ်လေ..."

ချင်းချင်းက သူမ၏အဝတ်အစားများကို သယ်ကာ ဝမ်းသာအားရ ပြေးလာလေ၏။

ညီမဖြစ်သူ ချင်းချင်း၏ခေါင်းကို ပွတ်သပ်ပေးပြီးနောက် ချင်းမင်က သူမကိုခေါ်ကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။

"ဂရုစိုက်သွားပါ သခင်လေး... မကြာခင် ထပ်လာဖို့ မျှော်လင့်ပါတယ်..."

ဆိုင်တာဝန်ခံက ပျာပျာသလဲ လိုက်ပါပို့ဆောင်သည်။

သူတို့၏ဆိုင်အတွက် တစ်နှစ်စာဝင်ငွေသည် ယနေ့တစ်နေ့တာ ဝင်ငွေနှင့်ပင် ညီမျှချင်မှ ညီမျှပေလိမ့်မည်။ ဤမျှထိ ကြီးမားသော ဖောက်သည်မျိုးအတွက် မည်မျှထိ ဝန်ဆောင်မှုပေးရသည်ဖြစ်စေ လွန်ကဲမည် မဟုတ်ပေ။

"ချင်းချင်း... စားပြီးရင် အနားယူကြမယ်လေ... မနက်ဖြန်ကျရင် အစ်ကို ညီမလေးကို ကစားလို့ အရမ်းကောင်းတဲ့ နေရာတစ်ခုကို ခေါ်သွားပေးမယ်..."

ချင်းမင်က လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောဆိုလိုက်၏။

"ပျော်စရာကောင်းတဲ့ နေရာတွေ.... ဟုတ်လား..."

ချင်းချင်းသည် မျက်လုံးပြူးသွားကာ အစ်ကိုဖြစ်သူကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရင်း မေးမြန်းလိုက်သည်။

"ဘယ်လိုမျိုး ပျော်စရာကောင်းတဲ့ နေရာတွေလဲ..."

"ခရမ်းတိမ်တိုက် တောင်တန်းလေ..."

နောက်တစ်နေ့နံနက်တွင် တည်းခိုခန်း၌ နံနက်စာစားပြီးနောက် ချင်းမင်နှင့်ချင်းချင်းတို့သည် ခရမ်းတိမ်တိုက်တောင်တန်းသို့ တိုက်ရိုက်ထွက်ခွာလာခဲ့ကြသည်။

"အစ်ကို... အန္တရာယ်တွေနဲ့များ ကြုံရနိုင်လား... ဒီခရမ်းတိမ်တိုက်တောင်တန်းက ကျွန်မတို့ လျှိုမြို့ရဲ့ နတ်ဆိုးသားရဲတောအုပ် မဟုတ်ဘူးနော်... အဲ့ဒီအထဲမှာ အဆင့်လေး နတ်ဆိုးသားရဲတွေတောင် ရှိတယ်လို့ ကျွန်မ ကြားဖူးတယ်..."

လှပသော ခရမ်းတိမ်တိုက်တောင်တန်းကို ကြည့်ကာ ချင်းချင်းက စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်၏။

စတုတ္ထအဆင့် နတ်ဆိုးသားရဲတစ်ကောင်သည် မဟာသိုင်းဆရာကြီးနယ်ပယ်အဆင့်ရှိ လူသားကျင့်ကြံသူတစ်ဦးနှင့် ညီမျှပြီး ချင်းမင်ကမူ သိုင်းဆရာကြီးနယ်ပယ်တွင်သာ ရှိနေသေးသည်။ ထိုကြောင့် ချင်းချင်း စိုးရိမ်နေသည်မှာလည်း အံ့အားသင့်စရာ မဟုတ်ချေ။

ချင်းမင်က သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး သူ၏အသံတွင် သူရဲကောင်းဆန်မှုများဖြင့် ပြည့်နှက်နေသည်။

"စိတ်မပူပါနဲ့... ဘယ်အဆင့် နတ်ဆိုးသားရဲပဲ ဖြစ်ဖြစ် အစ်ကို ကိုင်တွယ်နိုင်တယ်... အထဲဝင်ပြီး ပျော်ပျော်ပါးပါး သွားကစားကြတာပေါ့..."

"မင်းတို့က နတ်ဆိုးသားရဲတွေကို မြင်ခွင့်ရတော့မှာ မဟုတ်ဘူး..."

ထိုအချိန်မှာပင် အမျိုးသားတစ်ဦး၏ ရိုင်းပျစွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

"ဘယ်သူလဲ... အဲ့ဒီနေရာမှာ ဘယ်သူရှိနေတာလဲ..."

ချင်းချင်းက ​လူသူကင်းမဲ့နေသော တောအုပ်ကို ကြည့်ကာ မနှစ်မြို့ဖွယ် အော်သံကြီးကြောင့် ရုတ်တရက် ထိတ်လန့်သွားသည်။

"ဟား ဟား..."

လူရိပ်တစ်ခုက ရှေ့မှ ထွက်လာပေ၏။ ထိုလူသည် အဝတ်အထည်ဆိုင်တွင် ချင်းမင်တို့ကို လှောင်ပြောင်ခဲ့သော အမျိုးသားပင်။

"အဲ့ဒီလူပဲ... သူ့ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိတယ်..."

"စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး... ဟုတ်လား..."

ချင်းမင်၏နောက်မှနေ၍ လူသုံးယောက် ထပ်မံ၍ ထွက်ပေါ်လာသည်။ သူတို့အနက်မှ တစ်ယောက်က သူ၏ဓားမြှောင်ကို လျှာဖြင့်လျက်ကာ သရော်တော်တော်အပြုံးဖြင့် ပြောဆိုသည်။

"မင်းဆီမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်တောင် ရှိနေလဲဆိုတာ ကြည့်ရသေးတာပေါ့... အဲ့ဒါတွေအားလုံး ငါ့ကို ပေးစမ်း..."

"ရှင်တို့တွေက ဘယ်သူတွေလဲ... ဘာလို့ ကျွန်မတို့ကို လာတားနေတာလဲ..."

"အပိုတွေ ပြောမနေနဲ့... စိတ်ဝိညာဉ်ကျောက်တုံးတွေကို ထုတ်ပေးမလား ဒါမှမဟုတ် ငါက မင်းတို့ကို အသေသတ်ပစ်ရမလား... တစ်ခုရွေးစမ်း..."

"ဒါပေမဲ့ ဒီလောက်လှတဲ့ မိန်းကလေးတစ်ယောက် သေသွားရမှာ နှမြောစရာပဲ... ငါတို့ ညီအစ်ကိုတွေကို ခဏလောက် အဖော်ပြုပေးပါစေအုံးလား..."

အမျိုးသားတစ်ဦးက ရမ္မက်ကြီးစွာ ရယ်ပြုံးရင်း သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။

All Chapters