အခန်း (၁၉၃-၁၉၅)
Vol. 13 Ch. 193-195
အခန်း ၁၉၃:အဖြူရောင်ဝတ်စုံဝတ်လူ
"အစ်ကို... ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ..."
ထိုအမျိုးသား၏စကားကို ကြားချိန်၌ ချင်းချင်း ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး ချင်းမင်၏လက်မောင်းကိုဆွဲကာ မေးမြန်းလိုက်၏။
"ညီမလေး ဘာမှကြောက်စရာ မလိုဘူး... လောကကြီးမှာ အန္တရာယ်အရှိဆုံး အရာတွေက နတ်ဆိုးသားရဲတွေ မဟုတ်ဘဲ လူတွေဆိုတာကို နားလည်သွားအောင် အမှိုက်ကောင်တွေကို ပြချင်လို့ ညီမလေးကို ဒီနေရာဆီ ခေါ်လာတာပဲ.."
ချင်းမင်က ချင်းချင်း၏လက်ကို ပွတ်သပ်ကာ အပြုံးနှင့် ပြောဆိုလိုက်သည်။
အစ်ကိုဖြစ်သူ၏ တည်ငြိမ်အေးဆေးသော မျက်နှာအမူအယာကို မြင်တွေ့ချိန်၌ ချင်းချင်း၏ စိုးရိမ်ထိတ်လန့်မှုများ ချက်ချင်းပျောက်ကွယ်သွားပေ၏။
အစ်ကိုဖြစ်သူ ရှိနေသရွေ့ မည်သည့်အန္တရာယ်ကိုမျှ စိုးရိမ်စရာ မရှိတော့ချေ။
"ဟား ဟား ဟား... စကားပြောဖို့ နောက်ကျသွားပြီ... ငါတို့လေးယောက်လုံးက သိုင်းဆရာကြီးနယ်ပယ် ကျင့်ကြံသူတွေချည်းပဲ... ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူး... စိတ်ဝိညာဉ်ကျောက်တုံးတွေကို ပေးပြီး လိမ်လိမ်မာမာ နေစမ်းပါ..."
ယနေ့တွင် အမြတ်အစွန်း ကြီးကြီးမားမားရတော့မည်ဟု သေချာနေသဖြင့် ထိုလူများအားလုံး ရယ်မောလိုက်ကြသည်။
ချင်းမင်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"မင်းတို့က ခရမ်းတိမ်တိုက်တောင်တန်းရဲ့ အနက်ပိုင်းကို ရောက်တဲ့အထိ စောင့်မယ်လို့ ငါ ထင်ထားတာ... တောစပ်ကို ရောက်ရောက်ချင်းပဲ မင်းတို့ရဲ့သည်းခံနိုင်စွမ်း ကုန်သွားမယ်လို့ ငါ ထင်မထားမိဘူး... ငါက မင်းတို့ရဲ့သည်းခံနိုင်စွမ်းကို အထင်ကြီးလွန်းသွားတာပဲ..."
"ဘာ... မင်းက ငါတို့ကို အစောကြီးကတည်းက သတိထားမိနေတာလား..."
လူတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
တခြားလူတစ်ယောက်က လှောင်ပြောင်သရော်လိုက်သည်။
"သူက လေလုံးထွားနေတာပါ... ငါတို့ နောက်က လိုက်လာမှန်း သူသာ သိခဲ့ရင် ခရမ်းတိမ်တိုက် တောင်တန်းကို လုံးဝလာမှာ မဟုတ်ဘူး..."
ချင်းမင်က ခေါင်းခါယမ်းလိုက်ပြီး မည်သည့်စကားမျှ ဆက်မပြောတော့ချေ။ စိတ်ဝိညာဉ်ချီများကို သူ၏လက်ထဲတွင် စုစည်းလိုက်ပြီး ဤလူများကို တိုက်ရိုက်ရှင်းလင်းရန် ဟန်ပြင်လိုက်သည်။
သိုင်းဆရာကြီးနယ်ပယ် ကျင့်ကြံသူတစ်စု...
သူသည်လည်း ထိုအဆင့်တွင် ရှိသော်လည်း သူ၏ကျင့်ကြံနည်းစနစ်သည် အဆင့်မြင့်သော ကောင်းကင်အဆင့် နည်းစနစ်ပင်။ ထို့ပြင် သူသည် သူ၏ပြန်လည်မွေးဖွားခြင်း မတိုင်မီက မှတ်ဉာဏ်များကို သယ်ဆောင်ထားသူ ဖြစ်ပေ၏။ ဤအမှိုက်များကို ရှင်းလင်းရန်အတွက် ဒုတိယတစ်ကွက် ထုတ်သုံးရန်ပင် လိုအပ်မည်မဟုတ်ချေ။
ရုတ်တရက် အဝေးမှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။
"မောက်မာလိုက်တာ... ငါ့ရဲ့ရှေ့မှာ လူသတ်ရဲတယ်ဆိုတော့ မင်းတို့က သေချင်နေတာလား..."
အဖြူရောင်ဝတ်စုံဝတ်လူတစ်ဦးက မိုးကုတ်စက်ဝိုင်းမှနေ၍ အလွန်မြန်ဆန်စွာ ဆင်းသက်လာရာ ချင်းမင်ပင်လျှင် သူ၏လှုပ်ရှားမှုကို အမီမလိုက်နိုင်တော့ချေ။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ထိုလူသည် သူတို့၏ရှေ့၌ မတ်တတ်ရပ်နေလေပြီ။
ထိုအဖြူရောင်ဝတ်စုံဝတ်လူသည် အသက်နှစ်ဆယ်ခန့်ရှိပြီး ပါးလွှာသော ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။ သူ၏မျက်ခုံးများက ဓားများအလား အထက်သို့ မြင့်တက်နေပြီး သူရဲကောင်းဆန်သော အရှိန်အဝါများ ဖြာထွက်နေသည်။
"မင်း... မင်းက ဘယ်သူလဲ... ငါတို့ရဲ့ကိစ္စကို ဘာလို့ ဝင်စွက်ဖက်ရတာလဲ..."
ယခုရောက်ရှိလာသူ၏အရှိန်အဝါကို ခံစားမိသည်နှင့် ဓားပြများ၏စိတ်ထဲတွင် တင်းကြပ်သွားပေ၏။
ဤလူသည် ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်နေသလော...
ချန်ယန်မြို့တွင် မဟာသိုင်းဆရာကြီးနယ်ပယ် ကျင့်ကြံသူများ ရှိသော်လည်း ဤအဖြူရောင်ဝတ်စုံဝတ်လူငယ်သည် ထိုလူများအနက်မှ တစ်ယောက် မဟုတ်ချေ။
ချင်းမင်သည် အဖြူရောင်ဝတ်စုံဝတ်လူကို ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏လက်ထဲ၌ စိတ်ဝိညာဉ်ချီများကို အရူးအမူး စုစည်းလိုက်သည်။
ဤလူ၏ ရုတ်တရက် ရောက်လာမှုက သူ့ကို ပြင်းထန်သော အန္တရာယ်အငွေ့အသက်အား ခံစားရစေပြီး လတ်တလောတွင် သူ အတိအကျ မပြောနိုင်သော ရင်းနှီးနေသည့် ခံစားချက်တစ်ခုကိုလည်း ပေးစွမ်းနေသည်။
"မင်းရဲ့နာမည်ကို ပြောစမ်း..."
ဓားကိုင်ထားသော ခေါင်းဆောင်ဖြစ်သူက အော်ဟစ်လိုက်၏။
"ငါ့ရဲ့နာမည်... ဟမ့်... မင်းတို့က သိဖို့တောင် မတန်ဘူး..."
အဖြူရောင်ဝတ်စုံဝတ်လူက သူ၏နှုတ်ခမ်းကို ကွေးညွှတ်ပြီး သူ၏ဓားကို လျှပ်တစ်ပြက် ပုံစံဖြင့်ဝှေ့ယမ်းကာ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏ပုံရိပ်သည် ချက်ချင်းပျောက်ကွယ်သွားလေ၏။
ထို့နောက် သူသည် ဓားပြများ၏ရှေ့တည့်တည့်တွင် ပြန်ပေါ်လာကာ ဓားရောင်တစ်ချက် လက်သွားပြီးနောက် သူသည် တဖန်ပြန်၍ ပျောက်သွားသည်။
လျှင်မြန်သော လေတိုးသံတချို့ ထွက်ပေါ်လာကာ...
အဖြူရောင်ဝတ်စုံဝတ်လူသည် မျောလွင့်နေရင်း ဓားပြများကြားမှ ဖြတ်သန်းသွားကာ သူ မူလရပ်နေသော နေရာသို့ ပြန်ရောက်လာသည်။
မြို့ထဲဝင်စဥ်ကတည်းက ချင်းမင်နှင့် ချင်းချင်းကို လှောင်ပြောင်ခဲ့သော အမျိုးသားအပါအဝင် ဓားပြများသည် သွေးအိုင်ထဲတွင် လဲကျသွားတော့သည်။
အဖြူရောင်ဝတ်စုံဝတ်လူက သူ၏ဓားကို ဓားအိမ်ထဲပြန်ထည့်ပြီး ချင်းမင်ဘက်သို့ လှည့်ကြည့်ကာ ပြောဆိုသည်။
"အကုန် ပြီးသွားပြီ... မင်းတို့ ခရမ်းတိမ်တိုက် တောင်တန်းကနေ ဝေးဝေးနေတာ အကောင်းဆုံးပဲ... အဲ့ဒီနေရာက အန္တရာယ်များတယ်..."
ထိုသို့ပြောဆိုပြီးနောက် သူသည် ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။
"နေအုံး..."
ချင်းမင်က ရုတ်တရက် လှမ်းခေါ်လိုက်သည်။
အဖြူရောင်ဝတ်စုံဝတ်လူက ရပ်တန့်သွားပြီး နောက်သို့ပြန်လှည့်ကြည့်သည်။
"ငါက မင်းတို့ကို အိမ်ပြန်လိုက်ပို့ပေးဖို့ မမျှော်လင့်နဲ့... ငါ အဲဒီလောက် အားမနေဘူး... ချန်ယန်မြို့က မဝေးပါဘူး... မင်းတို့ဘာသာ ပြန်နိုင်ပါတယ်..."
အခန်း ၁၉၄: ကျွယ်ဝူယ
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"အသက်ကိုကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ငါတို့ကို ပြန်လိုက်ပို့ပေးဖို့ မင်းကို တားလိုက်တာ မဟုတ်ပါဘူး..."
"ခရမ်းတိမ်တိုက် တောင်တန်းက အန္တရာယ်များပေမဲ့ ငါ့အတွက်တော့ ဘာမှမဟုတ်ပါဘူး..."
ချင်းမင်က သူ့ကိုခေါ်ရခြင်းမှာ သူ့ကို သိနေသောကြောင့်ပင်။ သူတို့နှစ်ဦးသည် အတိတ်ဘဝတွင် အလွန်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။
နှစ်ထောင်ချီကြာအောင် သူငယ်ချင်းဖြစ်ခဲ့ကြသဖြင့် အဖြူရောင်ဝတ်စုံဝတ်လူ လှုပ်ရှားလိုက်သည်နှင့် ချင်းမင်က သူ့ကို ချက်ချင်းမှတ်မိသွားခဲ့သည်။
တစ်ခါတစ်ရံတွင် လောကကြီး အလွန်ကျဉ်းမြောင်းလေရာ လူတစ်ယောက်အနေဖြင့် အံ့အားသင့်မဆုံး ဖြစ်ရတတ်သည်။
"ဒါဆိုရင် ဘာလို့ ငါ့ကို တားလိုက်တာလဲ..."
ထိုလူက ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။
သူသည် မျက်တောင်မခတ်ဘဲ လူသတ်ခဲ့သည်ကို မြင်သည့်တိုင် ဤမျှထိ တည်ငြိမ်အေးဆေးစွာ စကားပြောဆိုရဲပေရာ ဤကဲ့သို့ လူမျိုးမှာ အလွန်ရှားပါးသည်။
"မင်းနဲ့သူငယ်ချင်း ဖြစ်ချင်လို့ တားလိုက်တာပါ..."
ချင်းမင်က ပြောဆိုသည်။
"သူငယ်ချင်း...ဟုတ်လား..."
အဖြူရောင်ဝတ်စုံဝတ်လူ အနည်းငယ် ကြောင်အမ်းသွားပေ၏။ ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် မည်သူဖြစ်သနည်း။ သူ့ကိုပင် မသိဘဲနှင့် သူငယ်ချင်း ဖြစ်ချင်နေသည်။
သူ ရောင်းစားခံရမည်ကို မကြောက်သလော...
"နတ်ဘုရားပုံစံပြောင်းဆေးလုံး... ရပ်တန့်စမ်း..."
ချင်းမင်က နတ်ဘုရားပုံစံပြောင်းဆေးလုံး၏ ရုပ်ဖျက်ထားမှုကို ရုတ်သိမ်းလိုက်ပြီး သူ၏အစစ်အမှန်ရုပ်သွင်သို့ ပြန်ပြောင်းလိုက်သည်။
"မင်း... မင်း..."
အဖြူရောင်ဝတ်စုံဝတ်လူသည် ထိုအံ့အားသင့်ဖွယ်မြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။
"အဲ့ဒါကို ဘယ်လိုလုပ်လိုက်တာလဲ..."
အတိတ်ဘဝက အထွတ်အထိပ် သိုင်းသူတော်စင်ဖြစ်ခဲ့သူသည် ယခုအချိန်၌ ဤမျှထိ ရိုးအနေသည်ကို မြင်တွေ့ချိန်၌ ချင်းမင် ရယ်ချင်စိတ်ပေါက်သွားလေ၏။
"ဒါက ရုပ်ဖျက်ဆေးလုံးတစ်ခုပါ... ထူးဆန်းတဲ့အရာ မဟုတ်ပါဘူး..."
ချင်းမင်က အပြုံးနှင့်ပြောဆိုကာ အဖြူရောင်ဝတ်စုံဝတ်လူ၏ ဇဝေဇဝါဖြစ်မှုကို ဖြေရှင်းပေးလိုက်သည်။
အဖြူရောင်ဝတ်စုံဝတ်လူက ချင်းမင်ကို ဂရုတစိုက်ကြည့်ပြီး မေးမြန်းလေသည်။
"မင်းက ကိုယ့်ရဲ့ရုပ်သွင်ကို ဖုံးကွယ်ဖို့ အဖိုးတန်ဆေးလုံးတစ်လုံးကို သုံးထားတယ်ဆိုကတည်းက မင်းရဲသရုပ်မှန်ကို တခြားသူတွေ သိမှာကို မလိုလားဘူးဆိုတာ သက်သေပြနေတာပဲလေ... ဘာလို့ ငါ့ကို ပေးမြင်ရတာလဲ..."
ချင်းမင်က ပြတ်ပြတ်သားသား တုံ့ပြန်အဖြေပေးလိုက်၏။
"ဘာလို့လဲဆိုတော့ ငါက မင်းနဲ့ သူငယ်ချင်း ဖြစ်ချင်လို့လေ... ပြီးတော့ သူငယ်ချင်းတွေကြားမှာ လှည့်စားလို့ မရဘူး..."
"သူငယ်ချင်း..."
အဖြူရောင်ဝတ်စုံဝတ်လူက ရယ်မောလိုက်ပြီး ချင်းမင်အပေါ်ကြည့်သော သူ၏မျက်လုံးများတွင် ရိုးသားမှုများဖြင့် ပြည့်နှက်နေပေ၏။ ရုတ်တရက် သူ စိတ်လှုပ်ရှားသွားပြီး တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ကောင်းပြီ... ငါ ကျွယ်ဝူယက မင်းကို သူငယ်ချင်းအဖြစ် အသိအမှတ်ပြုတယ်..."
အမှန်တကယ်ကိုပင် အတိတ်ဘဝက သူ၏သူငယ်ချင်း ကျွယ်ဝူယ ဖြစ်နေပြီး ဤနေရာတွင် သူ့ကို တွေ့ရမည်ဟု ချင်းမင် တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။
အတိတ်ဘဝတွင် ကျွယ်ဝူယက သူသည် ချန်ကုန်းမြေမှ လာသည်ဟု ချင်းမင်ကို ပြောခဲ့ဖူးသည်။ ဤမျှတိုက်ဆိုင်စွာဖြင့် သူတို့ ပြန်ဆုံတွေ့ရမည်ဟု သူ ဘယ်တုန်းကမှ တွေးထင်မထားခဲ့ပေ။
ဤတစ်ကြိမ် ခရမ်းတိမ်တိုက်တောင်တန်းသို့ သူ လာခဲ့ခြင်းက မှန်ကန်သော လုပ်ရပ်ပင်။
"မင်းတို့က ခရမ်းတိမ်တိုက် တောင်တန်းကို ဘာကိစ္စနဲ့ လာကြတာလဲ..."
ကျွယ်ဝူယက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
ချင်းမင်နှင့်ချင်းချင်းကို ကြည့်ရသည်မှာ သူတို့နှစ်ဦးလုံး လူငယ်များသာ ဖြစ်နေသည်။
လူငယ်နှစ်ဦးက အန္တရာယ်များသော ခရမ်းတိမ်တိုက် တောင်တန်းသို့ မည်သည်ကြောင့် ဝင်ရောက်လာကြသနည်းဟု သူ တွေးတောနေမိသည်။
ချင်းမင်က ကျွယ်ဝူယကိုကြည့်ပြီး ရယ်မောလိုက်၏။ အတိတ်ဘဝတွင် သူတို့သည် အကျင့်စရိုက် အလွန်တူညီကြသည်။ သူတို့နှစ်ယောက်သည် အရာရာကို စူးစမ်းလိုစိတ်ရှိပြီး တရားမျှတမှုနှင့်သစ္စာရှိမှုကို ကိုင်စွဲထားသည်။
ထို့ကြောင့် ချင်းမင်က သူ၏သရုပ်မှန်ကို ထုတ်ဖော်ပြသပြီးနောက် ကျွယ်ဝူယက သူ့ကို သူငယ်ချင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။
"ကျွန်မတို့က ဒီနေရာကို ပျော်ပျော်ပါးပါး ကစားဖို့ လာခဲ့တာပါ..."
ချင်းချင်းက အစ်ကိုဖြစ်သူ၏သူငယ်ချင်း ဖြစ်သွားသော ကျွယ်ဝူယကို ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်ပြီး သူ့ကို ဂရုတစိုက် လေ့လာကြည့်လိုက်၏။
အစ်ကိုဖြစ်သူသည် မည်သူနှင့်မဆို လွယ်လင့်တကူ မိတ်ဆွေဖွဲ့တတ်သူ မဟုတ်ချေ။ သူ့ကို ချက်ချင်း စိတ်ဝင်စားသွားစေသူ မည်သူမဆို ထူးခြားသူတစ်ယောက်သာ ဖြစ်ပေမည်။
"ပျော်ပျော်ပါးပါး ဟုတ်လား..."
ကျွယ်ဝူယသည် စကားမပြောနိုင်လောက်အောင် ဆွံ့အသွားပေ၏။
"ဒီနေရာမှာ ပျော်စရာကောင်းတာ ဘာမှမရှိဘူး..."
" ရှိတာပေါ့... မင်းလို အံ့အားသင့်စရာကောင်းတဲ့ လူတစ်ယောက် ရှိနေတာပဲလေ... ငါတို့သာ ခရမ်းတိမ်တိုက်တောင်တန်းကို မလာခဲ့ရင် မင်းနဲ့ ဆုံဖြစ်မှာ မဟုတ်ဘူး... ဟုတ်တယ်မလား..."
ချင်းကုန်းမြေကဲ့သို့ ကျယ်ပြန့်သော ကုန်းမြေပေါ်တွင် သူ၏အတိတ်ဘဝက အချစ်ဆုံးသူငယ်ချင်းနှင့် ပြန်လည်ဆုံတွေ့ရခြင်းမှာ တကယ်ကို ရှားပါးလှသဖြင့် ချင်းမင်သည် ကံကြမ္မာ၏ အံ့အားသင့်ဖွယ်ကောင်းပုံကို ထပ်မံ၍ အံ့အားသင့်မိသည်။
"ငါက ထူးဆန်းတဲ့သူလား..."
ကျွယ်ဝူယက ခေါင်းခါယမ်းပြီး ပြောဆိုသည်။
"မင်းကမှ တကယ့်ကို ထူးဆန်းတဲ့လူလို့ ငါ ထင်တယ်..."
ပထမဆုံးအကြိမ် တွေ့တွေ့ချင်းမှာပင် မည်သူကမျှ မိတ်ဆွေဖြစ်ရန် မဆုံးဖြတ်ကြချေ။
အခန်း ၁၉၅: ယှဉ်ပြိုင်ခြင်း
"မင်းလည်း အတူတူပဲလေ... ပထမဆုံးအကြိမ် တွေ့တွေ့ချင်းမှာပဲ ငါ့ရဲ့သူငယ်ချင်း ဖြစ်သွားတာပဲ မဟုတ်လား..."
ချင်းမင်က အပြုံးနှင့် ပြောဆိုလိုက်၏။
ကျွယ်ဝူယက သူ၏နဖူးကို ပွတ်သပ်လိုက်သည်။ ယနေ့ သူ ဘာဖြစ်နေသည်ကို သူ မသိတော့ချေ။ သူ၏ရှေ့ရှိ လူငယ်လေးနှင့် မည်သို့မည်ပုံ သူငယ်ချင်း ဖြစ်သွားခဲ့သည်ကိုပင် သူ နားမလည်နိုင်အောင် ဖြစ်နေသည်။
လူငယ်လေး၏ ရိုးသားမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည့်အပြင် သူ၏ ကြင်နာပြီး ချဉ်းကပ်ရလွယ်ကူသော အရှိန်အဝါကြောင့်လည်း ဖြစ်နိုင်သည်။
"ငါ မမှားဘူးဆိုရင် မင်းက ခရမ်းတိမ်တိုက် တောင်တန်းမှာ အတွေ့အကြုံရှာဖို့လာတာ ဖြစ်ရမယ်... ဟုတ်တယ်မလား..."
ချင်းမင်က ပြောဆိုသည်။
"မင်း ဘယ်လိုလုပ်ပြီး သိတာလဲ..."
ကျွယ်ဝူယက အံ့အားတသင့် မေးမြန်းသည်။
ခရမ်းတိမ်တိုက်တောင်တန်းသို့ လာကြသော ကျင့်ကြံသူအများစုမှာ များသောအားဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများ ရှာဖွေရန် ရောက်လာကြခြင်းဖြစ်သည်။
သူတို့သည် ဆေးပင်များ စုဆောင်းခြင်း သို့မဟုတ် နတ်ဆိုးသားရဲများကို အမဲလိုက်ခြင်းတို့ ပြုလုပ်ကြသည်။ လေ့ကျင့်ရေးအတွက် လာသူမှာ အလွန်နည်းပါးပြီး ဤလူငယ်လေးက ချက်ချင်းဆိုသလိုပင် မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့သဖြင့် သူ အံ့အားသင့်သွားခဲ့သည်။
'သေချာတာပေါ့... ကျွယ်ဝူယက အရင်ကအတိုင်းပဲ... နေရာတိုင်းမှာ သိုင်းပညာကို လေ့ကျင့်နေတဲ့ သိုင်းရူး တစ်ယောက်ပါပဲလား...'
ချင်းမင်က သူ၏စိတ်ထဲမှ တွေးတောလိုက်၏။
နှစ်ထောင်ချီကြာအောင် သူငယ်ချင်းဖြစ်ခဲ့ကြသဖြင့် ချင်းမင်သည် ကျွယ်ဝူယအကြောင်းကို သူ၏လက်ဖမိုးကဲ့သို့ ကောင်းစွာသိနေသောကြောင့် သူ၏ခန့်မှန်းမှုများ တိကျမှန်ကန်နေခဲ့သည်။
"မင်းဆီမှာ သွေးစွန်းနေတာတွေ မရှိဘူး... ပြီးတော့ မင်းရဲ့လှုပ်ရှားမှုတွေကလည်း အလောတကြီး ဖြစ်မနေဘူးလေ... အဲဒါကြောင့်ငါ ခန့်မှန်းလိုက်တာပါ..."
ကျွယ်ဝူယက ခေါင်းညိတ်လိုက်သည်။ လူငယ်လေး မည်သို့ သိသွားသည်ကို သူ နားမလည်သေးသော်လည်း ထိုမေးခွန်းအပေါ် ဆက်လက်၍ မတွေးတောတော့ချေ။
"ငါ့နာမည်က ချင်းမင်ပါ... သူကတော့ ငါ့ရဲ့ညီမ လေးချင်းချင်း... မင်းရဲ့သိုင်းပညာကို တိုးတက်ချင်တယ်ဆိုရင် ဒီလိုလေ့ကျင့်မှုမျိုးက အလကားပဲ... အင်း...ဒါက လုံးဝအလကားဖြစ်သွားတာတော့ မဟုတ်ပေမဲ့ မင်းအတွက်တော့ သိပ်ပြီးအကျိုးရှိမှာ မဟုတ်ဘူး..."
ချင်းမင်က ပြောဆိုသည်။
"သိပ်အကျိုးမရှိဘူး ဟုတ်လား..."
ကျွယ်ဝူယက ချင်းမင်ကို ကြည့်ပြီး ပြုံးလိုက်၏။
"မင်း နားမလည်ပါဘူး... မင်းရဲ့သိုင်းပညာက ပိုပြီးမြင့်မားလာလေလေ တိုက်ခိုက်ဖို့ ပိုပြီးလိုအပ်လေလေပဲ..မကြာခဏ တိုက်ခိုက်နေမှ သိုင်းပညာအပေါ် ပိုပြီးနက်ရှိုင်းတဲ့ နားလည်မှုကို ရနိုင်လိမ့်မယ်..."
ချင်းမင်က ခေါင်းခါယမ်းပြီး သူ၏လက်ကို ရှေ့သို့ဆန့်တန်းကာ ပြောဆိုသည်။
"ငါတို့ နည်းနည်းလောက် ယှဉ်ပြိုင်ကြည့်ရအောင်..."
ကျွယ်ဝူယကို သူ၏စစ်မှန်သော သူငယ်ချင်းအဖြစ် ပြောင်းလဲရန်အတွက် သူ၏စွမ်းရည်များကို ပြသရပေမည်။
နဂါးတစ်ကောင်သည် မြွေများနှင့်အတူ မနေထိုင်ချေ။ တူညီသော လူအမျိုးအစားများသာ တစ်ဦးနှင့်တစ်ဦး သူငယ်ချင်း ဖြစ်နိုင်ကြသည်။
ချင်းမင်က သူသည် ပါရမီရှင်တစ်ယောက် ဖြစ်ရုံသာမက ကျွယ်ဝူယထက်ပင် သာလွန်သော ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း ကျွယ်ဝူယကို သိစေချင်သည်။
"မင်းက..."
ကျွယ်ဝူယက ချင်းမင်ကို လက်ညှိုးထိုးပြီး ပြောဆိုသည်။
"မင်းက ငါနဲ့ ယှဉ်ပြိုင်ချင်တာလား... ငါက သိုင်းဘိုးဘေးနယ်ပယ်မှာနော်..."
ချင်းမင်က ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ... ဒါဆိုရင် ငါ့ရဲ့ ကျင့်ကြံဆင့်ကိုလည်း သိုင်းဘိုးဘေးနယ်ပယ်အထိ ဖိနှိပ်ထားလိုက်မယ်..."
"ဘာ... ငါ နားကြားမှားသွားတာလား..."
ကျွယ်ဝူယက သူ၏နားကို ကလော်လိုက်ပြီးနောက် သူ စကားမှားမပြောမိကြောင်း သိလိုက်ရသဖြင့် စဉ်းစားလိုက်၏။
ဤလူငယ်လေးသည် မည်သည်ကြောင့် နားမလည်သနည်း...
သူသည် သိုင်းဘိုးဘေးနယ်ပယ်၌ ရှိနေသည်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပြီးလေပြီ။
ကျွယ်ဝူယက မည်သို့ရှင်းပြရမှန်းမသိဖြစ်နေစဉ်မှာပင် ချင်းမင်၏အရှိန်အဝါ မြင့်တက်လာပြီး သိုင်းဘိုးဘေးနယ်ပယ်၏အရှိန်အဝါကို ချက်ချင်းထုတ်လွှတ်လိုက်သည်။
ကျွယ်ဝူယက ချင်းမင်ကို တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ကြည့်လိုက်၏။ သိုင်းဆရာကြီးနယ်ပယ်တွင်ရှိသော ချင်းမင်သည် ယဉ်ကျေးသိမ်မွေ့သော သိုးသူငယ်လေးနှင့် တူခဲ့ပါက ယခုအချိန်တွင်မူ ချောင်းမြောင်းနေသော ကျားသစ်တစ်ကောင်နှင့် တူညီနေလေပြီ။
သူ့ထံ၌ အန္တရာယ်ရှိသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
တစ်ချိန်တည်းမှာပင် ကျွယ်ဝူယ၏စိတ်ထဲတွင် စိတ်လှုပ်ရှားမှုကို ဝိုးတဝါး ခံစားလိုက်ရသည်။ ဤမျှထိငယ်ရွယ်သော သိုင်းဘိုးဘေးနယ်ပယ် ကျင့်ကြံသူကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ဤလူငယ်သည် အမှန်တကယ်ကို ထူးချွန်ပြောင်မြောက်သော ပါရမီရှင်တစ်ယောက်ပင်။
ဤကဲ့သို့ လူတစ်ယောက်နှင့် တိုက်ခိုက်ရခြင်းမှာ သူ့အတွက် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ ဤသည်မှာ စစ်မှန်သော သိုင်းပညာယှဉ်ပြိုင်ပွဲတစ်ခုပင်။
"ချင်းချင်း... ဘေးဖယ်နေလိုက်..."
ချင်းမင်က ညွှန်ကြားလိုက်၏။
သူသည် သူ၏နတ်ဘုရားအာရုံကို အသုံးပြု၍ လေ့လာကြည့်ပြီးဖြစ်ရာ အနီးအနားတွင် မည်သည့်အန္တရာယ်မျှ မရှိကြောင်း သိထားသည်။
ထို့ပြင် သူသည် အလွန်နီးကပ်စွာ ရှိနေသဖြင့် ချင်းချင်းထံတွင် အန္တရာယ်တစ်စုံတစ်ရာ ရှိလာပါက သူမကို ချက်ချင်းကယ်တင်နိုင်ပေမည်။
"ဟုတ်ကဲ့ပါ..."
ချင်းချင်းကလည်း သူတို့ ယှဉ်ပြိုင်ကြတော့မည်ကို သိရှိထားပေ၏။
အစ်ကိုဖြစ်သူ၏ အရှိန်အဝါက မျက်နှာချင်းဆိုင်ရှိ အဖြူရောင်ဝတ်စုံဝတ်လူထက် လုံးဝမနိမ့်ကျသည်ကို သူမ မြင်တွေ့လိုက်ရသည်။ ထိုကြောင့် ချင်းချင်းသည် စိတ်အေးချမ်းစွာဖြင့် ဘေးသို့လျှောက်သွားလိုက်ပြီး သူမ၏အစ်ကိုနှင့် အဖြူရောင်ဝတ်စုံဝတ်လူကို စူးစိုက်၍ ကြည့်နေလိုက်သည်။
"အဆင်သင့်ဖြစ်ပြီလား... ငါ လှုပ်ရှားတော့မယ်..."
ကျွယ်ဝူယက သူ၏ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ချင်းမင်ကို တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ကြည့်ကာ ပြောဆိုလိုက်သည်။
Thank For Reading.