← Chapters

မင်းက ဘယ်သူလဲ

Vol. 30 Ch. 291

မင်းက ဘယ်သူလဲ

Vol. 30 Ch. 291

အနီရောင်နတ်ဆိုးခေါင်းဆောင် ချီဖန်းက ပြောဆိုသည်။

"ဂိုဏ်းချုပ်လင်း...နတ်ဆိုးမြို့တော်မှာ အခု ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်နေတယ်...အစစ်အမှန်နတ်ဆိုးအမွေအနှစ်ရဲ့ တည်နေရာက ရှာရခက်နေတုန်းပဲ..."

"ကောင်းကင်နတ်ဘုရားတောင်နဲ့ ငါ့ရဲ့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူက မြောက်ပိုင်းဒေသရဲ့ အမြင့်မြတ်ဆုံး အင်အားစုတွေပဲ..."

"တကယ်လို့ နှစ်ဖက်လုံး ပူးပေါင်းလိုက်ရင် အတားအဆီးတွေအားလုံးကို ငါတို့က သေချာပေါက် ဖယ်ရှားရှင်းလင်းနိုင်လိမ့်မယ်..."

"မင်း ဘယ်လို သဘောရလဲ..."

ချီဖန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လင်းထျန်းသည် ဤသည်ကို ကြားချိန်၌ အချိန်တခဏကြာခန့် စဥ်းစားတွေးတောလိုက်၏။

သူ ဤနေရာသို့ လာခဲ့ခြင်းမှာ မဟာမိတ်ဖွဲ့ရန်အတွက် ပြင်ဆင်ထားပြီးဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဖူဝမ်နန်းတော်သည် အမြစ်ပြတ်သုတ်သင်ခြင်း ခံလိုက်ရလေပြီ။

အကယ်၍ တစ်နေ့တွင် ကောင်းကင်နတ်ဘုရားတောင်သည် ထိုလျှို့ဝှက်ဆန်းကြယ်သော အင်အားစုနှင့် ရင်ဆိုင်ရပါက ရလဒ်သည် ဖူဝမ်နန်းတော်ထက် များစွာပို၍ ကောင်းမွန်မည် မဟုတ်ချေ။

သို့သော် အကယ်၍ ထိပ်သီးအင်အားစုကြီးနှစ်စုသာ သူတို့၏အင်အားများကို ပေါင်းစပ်လိုက်ပါက ဤသည်မှာ ကွဲပြားခြားနားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ဤအဆိုပြုချက်မှာ သူ လိုချင်သည့်အရာပင်။

သို့သော် မဟာမိတ်များအနေဖြင့် တချို့သော ကိစ္စရပ်များကို ရှင်းလင်းစွာ ဆွေးနွေးရန် လိုအပ်သည်။

ဤသည်ကို တွေးမိချိန်၌ သူက အချိန်တခဏကြာခန့် စဉ်းစားပြီးနောက် ပြောဆိုလိုက်သည်။

"ခေါင်းဆောင် ချီဖန်း...ကျွန်တော့်ရဲ့ ကောင်းကင်နတ်ဘုရားတောင်က မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိပါတယ်..."

"ဒါပေမဲ့ ဒီမဟာမိတ် ဖွဲ့ပြီးရင် ဘယ်သူက ခေါင်းဆောင် ဖြစ်သင့်လဲ..."

"တကယ်လို့ ကြီးမားတဲ့ အခွင့်အရေး တစ်ခုကို ရှာတွေ့ရင် ဒါကို ဘယ်လို ခွဲဝေယူမလဲ..."

"အစစ်အမှန်နတ်ဆိုးအမွေအနှစ်ရဲ့ ပိုင်ဆိုင်မှုကိုကော ဘယ်လိုဆုံးဖြတ်မလဲဆိုတာ အစီအစဉ်တစ်ခု ရှိရမယ်..."

"မညီမျှတဲ့ ခွဲဝေမှုကြောင့် နောက်ပိုင်းမှာ သဘောထားကွဲလွဲမှုတွေ မဖြစ်ရအောင် ဒီအရာအားလုံးကို ကြိုတင်ပြီး ရှင်းလင်းအောင် ဆွေးနွေးရမယ်..."

ဤစကားများသည် နှစ်ဖက်ကြားတွင် ဖြစ်နိုင်ခြေရှိသော ပဋိပက္ခများ အားလုံးကို ရှင်းလင်းစွာ ချပြလိုက်ခြင်း ဖြစ်ပေ၏။

ချီဖန်း ဦးဆောင်သော နတ်ဆိုးခေါင်းဆောင်များသည် ဤစကားကိုကြားချိန်၌ အံ့အားသင့်သွားခြင်းမရှိဘဲ ဝမ်းသာသွားခဲ့ကြသည်။

ထိပ်သီးအင်အားစုကြီးနှစ်စုကြားမှ မဟာမိတ်ဖွဲ့မှုကို စကားလုံး အနည်းငယ်မျှဖြင့် ဖြေရှင်း၍ မရနိုင်ချေ။

ဤကိစ္စတွင် ထည့်သွင်းစဉ်းစားရမည့် ပြဿနာများစွာ ရှိနေပေ၏။

တစ်ဖက်လူက တောင်းဆိုမှုများ ပြုလုပ်မည်ကို သူတို့ မကြောက်ကြချေ။

တစ်ဖက်လူက လွယ်လင့်တကူ သဘောတူမည်ကိုသာ သူတို့ ကြောက်ရွံ့ကြသည်။

ဤတောင်းဆိုမှုများက တစ်ဖက်လူသည် စကားသက်သက်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ မဟာမိတ်ဖွဲ့ရန် အမှန်တကယ် ဆန္ဒရှိကြောင်း သက်သေပြနေခဲ့သည်။

အချိန်တခဏကြာသည်အထိ နှစ်ဖက်လုံးသည် ဤပြဿနာများကို စတင်၍ ဆွေးနွေးကြတော့သည်။

အပြန်အလှန် ဆွေးနွေးပြီးနောက်...

နှစ်ဖက်စလုံးသည် သဘောတူညီချက်များကို ရရှိခဲ့ကြသည်။

ပထမအချက်အနေဖြင့် အင်အားစုနှစ်စုသည် အထက်အောက် ခွဲခြားမှုမရှိဘဲ တန်းတူညီမျှသော အဆင့်အတန်းဖြင့် မဟာမိတ် ဖွဲ့ပြီး ကိုယ်ပိုင်တာဝန်များကို ထမ်းဆောင်ကာ အချင်းချင်း ဝင်ရောက်စွက်ဖက်ခြင်း မပြုရချေ။

ဒုတိယအချက်မှာ ရန်သူများနှင့် ကြုံတွေ့ချိန်၌ နှစ်ဖက်လုံးသည် တူညီသော တပ်ဦးတစ်ခုကို ဖွဲ့စည်းပြီး အပြင်လူများကို အတူတကွ တိုက်ခိုက်ရပေမည်။

တတိယအချက်သည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို မျှဝေရပေမည်။ အကယ်၍ အစစ်အမှန်နတ်ဆိုးအမွေအနှစ်နှင့် ကြုံတွေ့ရပါက နှစ်ဖက်လုံးသည် ရန်သူများကို အတူတကွ ရှင်းလင်းပြီး ပူးပေါင်းထိန်းချုပ်ရမည်ဖြစ်ကာ ခွဲဝေမှုကို နောက်မှဆွေးနွေးပေမည်။

စတုတ္ထအချက်ကမူ အကယ်၍ လမ်းတလျှောက်တွင် လျှို့ဝှက်နယ်မြေတစ်ခုကို ရှာတွေ့ပါက ပထမဆုံး ရှာတွေ့သည့်အဖွဲ့က အရင်းအမြစ်များ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို ဦးစားပေး သိမ်းယူပေမည်။ အကယ်၍ နှစ်ဖက်စလုံးက တပြိုင်နက်တည်း ရှာတွေ့ပါက ထက်ဝက်စီ ခွဲဝေယူရမည်။

...

ထိုသဘောတူညီမှု၌ အချက်များစွာ ရှိသော်လည်း ရလဒ်အတွက်မူ နှစ်ဖက်လုံး အလွန်စိတ်ကျေနပ်ခဲ့ကြသည်။

ထိုအချိန်မှစ၍ လူအုပ်စုနှစ်စုသည် လုံးလုံးလျားလျား ပေါင်းစည်းသွားခဲ့လေပြီ။

တစ်ချိန်တည်းမှာပင်...

ထူးဆန်းသော တောအုပ်တစ်ခုထဲတွင်...

ဤနေရာရှိ တောင်များသည် အနီရောင် ဖြစ်နေကာ ပန်းများ မြက်များနှင့် သစ်ပင်များသည်လည်း အနီရောင်ရင့်ရင့် ဖြစ်နေပေ၏။

ဤသည်က သွေးရောင်တောအုပ်တစ်ခုနှင့် တူညီနေသည်။

ကျုံးချင်သည် ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ အရက်သောက်နေသည်။

သူသည် မိုးကောင်းကင်ယံသို့ မော့ကြည့်ပြီး သူ၏စိတ်အခြေအနေ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ပေ၏။

အကြောင်းပြချက်မရှိဘဲ အမျိုးသမီးတစ်ဦးနှင့် သူ အိပ်ခဲ့ရသည်။

သူ အရှုံးပေါ်သွားပုံ မရသော်လည်း လှည့်စားခံရသကဲ့သို့ ခံစားလိုက်ရသည်။

ဤခံစားချက်မှာ အလွန်အမင်း ရှုပ်ထွေးလှပေ၏။

သူ၏ရုပ်ပိုင်းဆိုင်ရာအရ ပျော်ရွှင်စရာကောင်းသော်လည်း စိတ်ပိုင်းဆိုင်ရာအရမူ သက်တောင့်သက်သာ မရှိချေ။

ဟော်လင်းအာ ချန်ထားခဲ့သော ပစ္စည်းကို သူ တွေ့ရှိခဲ့သည်။

"ဧကရာဇ်အဆင့်ကျင့်စဉ်"သည် လက်သုံးချောင်းစာအထူ လက်တစ်ဝါးစာ အကျယ်နှင့် တစ်ပေခန့် အရှည်ရှိပြီး ဖုန်မှုန့်များ ဖုံးလွှမ်းနေကာ ရှေးကျသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

ဧကရာဇ်အဆင့်ကျင့်စဉ်....

ဤသည်မှာ မရေမတွက်နိုင်သော အင်အားစုများမှ အသေအလဲ တိုက်ခိုက်၍ လုယူကြမည့် အရာတစ်ခုပင်။

သို့သော် ကျုံးချင်သည် ထိုအရာကို လှန်ကြည့်ရန်ပင် စိတ်မဝင်စားခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ သူ၏သိုလှောင်ရုံထဲတွင် ဤကဲ့သို့ အရာများ ဂိုဒေါင်တစ်ဝက်ခန့် ပြည့်နှက်နေဆဲပင်။

သို့သော် ဤဧကရာဇ်အဆင့်ကျင့်စဉ်ကို ကြည့်ရင်း....

ဟော်လင်းအာ၏ပုံရိပ်သည် သူ၏စိတ်ထဲတွင် ထွက်ပေါ်ခဲ့သည်။

သိကျွမ်းခြင်းမှသည် ရင်းနှီးမှုအထိ...ထို့နောက် ဖြစ်ပျက်ခဲ့သည့်အရာများ...

အမျိုးသမီးတစ်ဦးအတွက် ဤမျှထိ သူ ပြင်းထန်စွာ ကျရှုံးသွားခဲ့သည်ကို ကျုံးချင် သိပ်မယုံကြည်နိုင်သေးချေ။

"ဧကရာဇ်အဆင့်ကျင့်စဉ်..."

"မင်း ဘယ်က လာတာလဲ..."

သူသည် ဟော်လင်းအာ၏တည်နေရာကို ရှာဖွေရန်လည်း ကြိုးစားခဲ့သည်။

သို့သော် ပတ်ဝန်းကျင်ကို ရှာဖွေပြီးနောက် နတ်ဆိုးမြို့တော်တွင် ထိုကဲ့သို့လူမျိုး လုံးဝရှိမနေခဲ့ချေ။

တစ်ဖက်လူသည် ထွက်ခွာသွားခဲ့ပြီ ဖြစ်ပုံရသည်။

သို့သော် ထိုသို့ဖြစ်လျှင်ပင် ဤှသည်က တရားလွန်သည်ဟု ကျုံးချင်က ခံစားမိပေ၏။

တစ်ဖက်လူသည် သူ့ထံ ချဉ်းကပ်လာပြီးနောက် သူနှင့်အိပ်ခဲ့ကာ ဧကရာဇ်အဆင့်ကျင့်စဉ်တစ်ခုကို ချန်ထားခဲ့ပြီး အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ထွက်သွားခဲ့သည်။

သူမသည် သူနှင့်အိပ်ရန် သီးသန့်ရောက်လာသည့်အလားပင်။

အကယ်၍ သူမသာ အမျိုးသားတစ်ဦးကို လိုချင်ပါက သူမ၏ရုပ်ရည်နှင့်ဆိုလျှင် မည်ကဲ့သို့ အမျိုးသားမျိုးကို သူမ မရှာနိုင်ဘဲ နေမည်နည်း....

အစောပိုင်းက သူတို့ ရင်းနှီးခဲ့ကြစဉ်တွင် ကျုံးချင်ပင်လျှင် သူမ၏ အစစ်အမှန် အသွင်အပြင်ကြောင့် မှင်တက်သွားခဲ့သည်ဟု ဆိုနိုင်ပေ၏။

ဟော်လင်းအာ မည်သည့်အရာအား တွေးတောနေသနည်းဆိုတာကို သူ နားမလည်နိုင်ခဲ့ချေ... လုံးလုံးလျားလျား နားမလည်နိုင်ခဲ့ချေ။

သူ၏စိတ်နှလုံးသားထဲတွင် စိတ်ရှုပ်ထွေးမှုအမျိုးမျိုး လွှမ်းမိုးနေခဲ့သည်။

ဤသည်က ကျုံးချင်ကို ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

သူ အရက်ကို နောက်ထပ်တစ်ငုံ သောက်လိုက်၏။

ထိုအချိန်မှာပင်...

သူ၏ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခု တွန့်လိမ်နေသည်ကို သူ ရုတ်တရက် ခံစားလိုက်ရသည်။

"အမ်..."

ကျုံးချင်က ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်အတွင်းသို့ ကြည့်ရှုလိုက်သည်။

သူ၏ဒန်တျန်ထဲတွင် တစ်စုံတစ်ခုကို သူ မြင်တွေ့မိပေ၏။

"ဒါက ဘာလဲ....ဘာတွေ ဖြစ်နေတာလဲ..."

ကျုံးချင်က မျက်မှောင်ကြုတ်ပြီး အဆက်မပြတ် စစ်ဆေးကာ လေ့လာကြည့်ရှုလိုက်သည်။

သူ၏ဒန်တျန်ထဲတွင် တစ်စုံတစ်ခု ရှိနေသည်ဟု သူ အမြဲတစေ ခံစားနေရသော်လည်း ထိုအရာကို သူ သေချာစွာ အာရုံခံကြည့်ချိန်၌ တည်ရှိမှုကို မခံစားရချေ။

သို့သော် သက်ဝင်လှုပ်ရှားမှုတစ်ခုကို သူ အမြဲတစေ ခံစားနေရသည်။

ကျုံးချင်သည် သူ၏ကျင့်ကြံမှုကို တစ်ကြိမ် လှည့်ပတ်လိုက်ရာ ကြီးမားသော စွမ်းအားများက သူ၏ခန္ဓာကိုယ်တလျှောက် စီးဆင်းသွားသော်လည်း သူ မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ရချေ။

"ဒါက ဘာကြီးလဲ..."

ကျုံးချင် ခေါင်းကိုက်သွားသကဲ့သို့ ခံစားမိပေ၏။

သူ၏ခန္ဓာကိုယ်ထဲတွင် အမှန်တကယ်ကို တစ်ခုခုရှိနေကြောင်း သူ အတပ်ပြောနိုင်သည်။

သို့သော် သူသည် ထိုအရာကို ရှာမတွေ့နိုင်ခဲ့ချေ။

နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးမှု...သွေးချီ အာရုံခံမှု...အသိစိတ်ဖြင့် စုံစမ်းစစ်ဆေးမှု...

သူ နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့သော်လည်း အချည်းနှီး ဖြစ်နေဆဲပင်။

ထိုအရာ၏ပုန်းကွယ်နေမှုက အမှန်တကယ်ကို ခေါင်းကိုက်စရာ ကောင်းလှပေ၏။

ဤသည်က ကျားတစ်ကောင်သည် လိပ်တစ်ကောင်ကိုကိုက်ရန် ကြိုးစားနေသကဲ့သို့ စတင်ရန် နည်းလမ်းမရှိချေ။

"ဒါက ဟော်လင်းအာနဲ့ ပတ်သက်နေနိုင်မလား..."

ဤပုံမှန်မဟုတ်မှုသည် ယခုမှသာ ထွက်ပေါ်လာခြင်း ဖြစ်ပေ၏။ ကျုံးချင်သည် ဤပုံမှန်မဟုတ်မှုကို ဟော်လင်းအာကြောင့်ဟု ယူဆလိုက်သည်။

သို့သော် အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူထံတွင် မည်သည့်သဲလွန်စမျှ မရှိသေးချေ။

ထို့ပြင် သူ၏ကျင့်ကြံမှုကို တစ်ကြိမ်လှည့်ပတ်ပြီးနောက် ဤအရာက သူ၏ခန္ဓာကိုယ်ကို အန္တရာယ်မပြုကြောင်း သူ ရှင်းလင်းစွာ သတိပြုမိခဲ့သည်။

အန္တရာယ်မရှိသည့်အပြင် ထိုအရာသည် မည်သည့်နေရာကလာကြောင်း သူ မသိသောကြောင့် သူ ထိုအကြောင်းကို ဆက်မတွေးတော့ရန် ရိုးရှင်းစွာ ဆုံးဖြတ်လိုက်သည်။

သူ၏ပြဿနာများကို သူ ရှေ့ဆက်၍ စဥ်းစားလိုစိတ် မရှိတော့ချေ။

သူ သက်ပြင်းချပြီး အရက်ကို ဆက်လက်၍ သောက်နေလိုက်၏။

သူ၏မျက်နှာပေါ်တွင် လွမ်းဆွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

...

ဤအချိန်၌ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် သူတို့ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု ခံစားနေရသည်။

နတ်ဆိုးနန်းတော်....

ဤသည်မှာ နတ်ဆိုးမြို့တော်တွင် မကြာသေးမီကမှ ပြန်လည်မွမ်းမံထားသော ခမ်းနားကြီးကျယ်သည့် ခန်းမကြီးပင်။

ဤသည်က နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ တရားဝင်နေအိမ်လည်း ဖြစ်ပေ၏။

ခန်းမကြီး အတွင်းတွင်...

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် မြင့်မားသောထိုင်ခုံများပေါ်တွင် ထိုင်နေကြသည်။

သူတို့၏ရှေ့တွင် ရှားပါးသော ဟင်းလျာမျိုးစုံ ရှိနေကာ သူတို့၏ ဘယ်နှင့်ညာတွင် ဂိုဏ်းအသီးသီးမှ လှပသော မိန်းကလေးများက သူတို့ကို လုပ်ကျွေးပြုစုနေကြသည်။

ခန်းမ၏တစ်ဖက်တစ်ချက်စီတွင် လူတချို့က ဇီသာတီးနေကြပြီး တချို့က ပုလွေမှုတ်နေကြကာ ဗုံသံများနှင့် ဇီသာသံများ သဟဇာတဖြစ်နေပေ၏။ တေးဂီတသံများသည် လေထုထဲတွင် ပြည့်နှက်နေကာ ကောင်းကင်ဘုံမှ ဂီတသံစဥ်များနှင့် တူညီနေသည်။

အလယ်တွင် ဖျတ်လက်တက်ကြွသော ကချေသည်မလေးများသည် ကြိုးစားပမ်းစား ဖျော်ဖြေနေကြပြီး သူမတို့၏ အကအလှများကို ပြသနေကြ၏။

သက်ဝင်လှုပ်ရှားပြီး မွှေးကြိုင်သော ခန်းမကြီးထဲတွင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ အဆက်မပြတ် အော်ဟစ်ရယ်မောသံများက ပဲ့တင်ထပ်နေသည်။

အရက်ကောင်းများကို သောက်သုံးကာ ချယ်ရီသီးများကို မြည်းစမ်းပြီး နံဘေးနှစ်ဖက်စလုံးရှိ အလှလေးများကို ပွေ့ဖက်ခြင်းတို့ဖြင့် သူတို့သည် လက်တွဲဖော်အမြောက်အများရှိခြင်း၏ ပျော်ရွှင်မှုကို ခံစားနေကြသည်။

သူတို့သည် ကာမဂုဏ်လိုက်စားမှု ပညာရပ်ကို အမှန်တကယ်ပင် ကျွမ်းကျင်နေကြလေပြီ။

သို့သော် ဤကဲ့သို့ အပြုအမူမျိုးဖြင့်ပင် သူတို့၏ လက်အောက်ခံ အင်အားစုများမှာ ပို၍ပို၍ကြီးထွားလာခဲ့သည်။

သူတို့၏အင်အား တိုးတက်လာသည်နှင့်အမျှ အလှအဂေးလေးများကို ထောက်ပံ့ရေးလမ်းကြောင်းတစ်ခုအလား နတ်ဆိုးနန်းတော် သို့ ပေးပို့လာကြ၏။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကို အစေခံသော အမျိုးသမီးများသည် နေ့စဉ်နှင့်အမျှ တူညီခြင်းမရှိဟုဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ၊ သူတို့သည် အသစ်အဆန်းနှင့် စိတ်လှုပ်ရှားမှုများကို အမြဲတစေ တွေ့ကြုံခံစားနိုင်သည်။

သေချာသည်မှာ သူတို့သည် ပျော်မွေ့နေရုံသက်သက် မဟုတ်ချေ။

သူတို့ ပျော်မွေ့နေချိန်တွင် နတ်ဆိုးမြို့တော်၏ လက်ရှိအခြေအနေများကို စုံစမ်းရန်အတွက် လူလွှတ်ရန်ကိုလည်း သူတို့ မမေ့လျော့ခဲ့ကြချေ။

All Chapters