← Chapters

ကျေးဇူးပြုပြီး နေပါအုံး

Vol. 30 Ch. 292

ကျေးဇူးပြုပြီး နေပါအုံး

Vol. 30 Ch. 292

ရက်အနည်းငယ်အကြာတွင် ကင်းထောက် ခေါင်းဆောင်တစ်ဦး သတင်းပို့ရန် ရောက်ရှိလာပေ၏။

"သတင်းပို့ပါတယ်..."

"ကြက်သခင်ကြီး....ကောင်းကင်နတ်ဘုရားတောင် နဲ့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတို့ မဟာမိတ်ဖွဲ့လိုက်တာကို သခင့်ရဲ့ လက်အောက်ခံတစ်ယောက်က တွေ့ရှိခဲ့ပါတယ်..."

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးအနက် ကြက်ပေါက်စတစ်သည် အမြဲတစေ တာဝန်ခံ ဖြစ်ခဲ့ပေ၏။

အင်အားစုတစ်စုက မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ နှင့် မဟာမိတ်ဖွဲ့လိုက်ကြောင်း ကြားချိန်၌ ကြက်ပေါက်စတစ်၏မျက်နှာအမူအယာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူသည် ကြီးမားသော လက်တင်ကုလားထိုင်ပေါ်တွင် မတ်မတ်ထိုင်ကာ တွေးတောနေသည့် အနေအထားကို ယူလိုက်သည်။

အချိန်တခဏအကြာတွင် သူသည် သူ့ကို အစေခံနေသော လက်အောက်ခံအုပ်စုကို စကားပြောဆိုလိုက်၏။

"မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနဲ့ သခင်မလေးပိုင်လင်းတို့ကြားမှာ သွေးကြွေးရန်ငြိုး ရှိတယ်...ဒီအင်အားစုကို သခင်မလေးပိုင်လင်းကိုယ်တိုင် လက်စားချေဖို့ ချန်ထားရမယ်လို့ သခင်က အမိန့်ပေးထားတာကြောင့် သူတို့အပေါ် ငါတို့ လှုပ်ရှားလို့ မရဘူး..."

"ဒါပေမဲ့ အဲ့ဒီကောင်းကင်နတ်ဘုရားတောင်က ဘာသောက်ရေးမပါတဲ့ ကောင်တွေလဲ....သူတို့က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနဲ့ ဘယ်လိုသတ္တိမျိုးနဲ့ ပတ်သက်ရဲပြီးတော့ ကြက်သခင်ကြီးကို ပြဿနာလာရှာရဲတာလဲ..."

"ငါတို့က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို ထိလို့မရဘူး.... ဒါပေမဲ့ ကောင်းကင်နတ်ဘုရားတောင်ကိုတော့ ငါတို့ ထိလို့ရတယ် မဟုတ်လား..."

"အမိန့်ထုတ်ပြန်လိုက်စမ်း... မနက်ဖြန် မွန်းတည့်ချိန်မှာ လူတိုင်းစုရုံးပြီးတော့ ကောင်းကင်နတ်ဘုရားတောင်ကို အမြစ်ပြတ်သုတ်သင်ဖို့ ကြက်သခင်ကြီးရဲ့နောက်ကို လိုက်ခဲ့ရမယ်..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် လက်ရှိနေရာတွင်ရှိနေသူများအားလုံးတွင် မတူညီသော အတွေးများ ရှိနေကြ၏။

ကြက်ပေါက်စတစ်နှင့် တခြားလူများကို ယခင်ကတည်းက အညံ့ခံခဲ့သော ရာသီလေးပါးဂိုဏ်း နှင့်ဓားတစ်သောင်းဂိုဏ်းကဲ့သို့ ဂိုဏ်းများမှ လူများသည် အံ့အားသင့်တုန်လှုပ်မှု မရှိခဲ့ကြချေ။

မည်သို့ပင်ဆိုစေကာမူ ကြက်ပေါက်စတစ်နှင့် တခြားသူများ၏ ခေါင်းဆောင်မှုအောက်တွင် ဖူဝမ်နန်းတော်သည် ဤကဲ့သို့ပင် သုတ်သင်ခံလိုက်ရသည် မဟုတ်လော...

သူတို့၏အမြင်အရ ကြက်သခင်ကြီးမှ ကောင်းကင်နတ်ဘုရားတောင်ကို အမြစ်ပြတ်သုတ်သင်ရန်မှာ ခက်ခဲသော ကိစ္စတစ်ရပ် မဟုတ်ချေ။

နောက်ပိုင်းမှ ဝင်ရောက်လာသူများအတွက်မူ သူတို့၏စိတ်နှလုံးသားထဲတွင် လှိုင်းလုံးကြီးတစ်ခု မလွဲမသွေ မြင့်တက်လာပေ၏။

ဤသည်မှာ ကောင်းကင်နတ်ဘုရားတောင်ဖြ၀်ပြီး မြောက်ပိုင်းဒေသ၏ ထိပ်သီးအင်အားစုကြီး လေးစုအနက်မှ တစ်ခုပင်။

ထိုသို့ဆိုသည့်တိုင် ကြက်ပေါက်စတစ်၏ ပါးစပ်ထဲတွင် ထိုအင်အားစုသည် သာမန်ကြက်နှင့်ခွေးများကဲ့သို့ လွယ်လင့်တကူ အမြစ်ပြတ်သုတ်သင်ခံရမည့်အလား အသံထွက်နေခဲ့သည်။

ဖူဝမ်နန်းတော် သုတ်သင်ခံရခြင်း၏ အထင်ကြီးစရာကောင်းသော စွမ်းဆောင်ရည်အကြောင်းကို ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်း၏တပည့်များထံမှ သူတို့ ကြားသိခဲ့ရသော်လည်း....

သို့သော် နောက်ထပ် ထိပ်သီးအင်အားစုကြီးတစ်စုကို သုတ်သင်မည့်အကြောင်း ပြောဆိုနေသည်ကို ကြားချိန်၌ သူတို့၏စိတ်နှလုံးသားထဲတွင်ထိတ်လန့်တုန်လှုပ်မှုကို မခံစားဘဲ မနေနိုင်ခဲ့ကြချေ။

သို့သော် မကြာမီမှာပင် သူတို့ စိတ်လှုပ်ရှားလာကြ၏။

တစ်နေ့တွင် ထိပ်သီးအင်အားစုကြီးတစ်စု အမြစ်ပြန်သုတ်သင်ခံရခြင်းကို သူတို့ ကံကောင်းထောက်မစွာဖြင့် မျက်မြင်တွေ့ရလိမ့်မည်ဟု သူတို့ ဘယ်သောအခါမျှ မျှော်လင့်မထားခဲ့ကြချေ။ ထိုအကြောင်းကို တွေးတောမိရုံဖြင့် သူတို့ကို အနည်းငယ် စိတ်လှုပ်ရှားသွားစေခဲ့သည်။

လူတစ်ယောက်တည်းသာ စိတ်နှလုံးသား လေးလံမှုကို ခံစားနေရသည်။

ဤလူမှာ ဟန်ထျန်းဂိုဏ်း၏ဂိုဏ်းချုပ် ကျင်းချန်ချင်းပင်။

လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက သူသည် ကောင်းကင်နတ်ဘုရားတောင်၏ ဂိုဏ်းချုပ်ကြောင့် အသက်ကယ်တင်ခြင်း ခံခဲ့ရဖူးပေ၏။

ယခုချိန်၌ ကြက်သခင်ကြီးသည် ကောင်းကင်နတ်ဘုရားတောင်ကို သုတ်သင်ရန် လူများကို ဦးဆောင်တော့မည်ကို ကြားသိရချိန်၌ သူသည် အချိန်တခဏတာမျှ နက်ရှိုင်းသော စိတ်မငြိမ်မသက်ဖြစ်မှုများထဲသို့ ကျဆင်းသွားခဲ့သည်။

သူသည် ကြက်ပေါက်စတစ်တို့အုပ်စု၏ သိမ်းသွင်းခြင်းကို ပထမဆုံး ခံရချိန်၌ သူ၏ စိတ်နှလုံးသားထဲတွင် မလိုလားမှုနှင့်နာကြည်းမှုများကို ခံစားခဲ့ရပေ၏။

မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူ၏အဆင့်အတန်းမှာ လူတစ်ယောက်၏အောက် လူတစ်သောင်း၏အထက်တွင်ရှိသည်ဟု ဆိုနိုင်သည်။

ရုတ်တရက် အလိုရှိသလို ဆင့်ခေါ်ခံရနိုင်ပြီး နှင်ထုတ်ခံရနိုင်သော လက်အောက်ငယ်သား တစ်ဦး ဖြစ်လာချိန်၌ မည်သူမဆို မမျှတဟု ခံစားရပေမည်။

သို့သော် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ....

ဤမမျှတဟု ခံစားရမှုသည် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပေ၏။

ဤသည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။ အကြောင်းအရင်းမှာ ကြက်သခင်ကြီးသည် အလွန်ရက်ရောလွန်းသောကြောင့်ပင်။

သူသည် သူ ယုံကြည်ရသူများကို စိတ်ဝိညာဉ်ဆေးလုံးများ ရတနာများနှင့် ကျင့်စဉ်များ ပေးလေ့ရှိသည်။

ထို့ပြင် စူးစမ်းလေ့လာရေးခရီးတိုင်းမှ ဆုလာဘ်များကိုလည်း ယူဆောင်လာပေးသည်။

ယခင်က ခေါင်းကိုက်စရာ ဖြစ်ခဲ့သော ကျင့်ကြံခြင်း အရင်းအမြစ်များသည် ကြက်သခင်ကြီး၏ လက်အောက်တွင် အလုပ်လုပ်ရချိန်၌ မကုန်ဆုံးနိုင်လောက်အောင် ပေါများနေသည်။

ကြက်ပေါက်စတစ်တို့၏ လက်အောက်တွင် အလုပ်လုပ်ခြင်းက သူ့အား ထောင်စုနှစ်ပေါင်းများစွာ လမ်းလွဲနေမှုများကို ကျော်ဖြတ်နိုင်စေခဲ့သည်ဟု ဆိုနိုင်ပေ၏။

ဤကဲ့သို့ များပြားလှသော အဆင်ပြေမှုများအောက်တွင် ကျင်းချန်ချင်းသည် ဤကဲ့သို့ ရက်ရောသော သခင်မျိုးနှင့် စောစောမတွေ့ခဲ့ရသည်ကိုပင် နောင်တရနေခဲ့သည်။

ထို့ကြောင့် ယခုချိန်၌ သူ အလွန်အမင်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။

တစ်ဖက်တွင် သူ၏ ရက်ရောသောသခင် ဖြစ်ပြီး တခြားတစ်ဖက်တွင် သူ၏အသက်သခင် ကျေးဇူးရှင်ပင်။

သူ မည်သည့်အရာကို ပြုလုပ်သင့်သနည်း...

သစ္စာစောင့်သိမှုနှင့် အသက်ကယ်တင်ခဲ့သည့် ကျေးဇူးကို ပြန်ဆပ်ခြင်း နှစ်ခုလုံးကို သူ မည်သို့ ထိန်းသိမ်းနိုင်မည်နည်း...

နောက်ဆုံးတွင် ကျင်းချန်ချင်း၏မျက်လုံးများ တောက်ပသွားပြီး သူ့ထံတွင် အကြံတစ်ခု ရလာခဲ့ပေ၏။

ကြက်ပေါက်စတစ်အတွက်...

ကောင်းကင်နတ်ဘုရားတောင်၏ အရေးကိစ္စမှာ အသေးအမွှား ကိစ္စတစ်ခုသာ ဖြစ်သည်။

သူ များစွာတွေးတောနေရန် မတန်ချေ။

မနက်ဖြန်တွင် ကောင်းကင်နတ်ဘုရားတောင်ကို တိုက်ခိုက်မည့်အကြောင်း လူသိရှင်ကြား ထုတ်ပြန်ကြေညာပြီးနောက် သူ၏အာရုံစိုက်မှုသည် သီချင်းနှင့်အက ဖျော်ဖြေမှုဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ကျင်းချန်ချင်းသည် အဆိုအကများကို ကြည့်ရှု၍ ပြီးဆုံးသွားပြီးနောက် လူအုပ်ကြီးနှင့်အတူ ပင်မခန်းမကြီးထဲမှ ထွက်လာခဲ့သည်။

ကင်းထောက်ခေါင်းဆောင်ထံမှ ကောင်းကင်နတ်ဘုရားတောင်၏ တည်နေရာကို စုံစမ်းပြီးနောက် သူသည် သူ၏ခရီးဆုံးပန်းတိုင်သို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။

ဤအချိန်၌ ကောင်းကင်နတ်ဘုရားတောင်မှ လူများသည် တောင်တန်းကြားရှိ တောအုပ်တစ်ခုထဲတွင် စခန်းချနေခဲ့သည်။

သူတို့သည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို အဝေးမှနေ၍ မျက်နှာမူထားလေ၏။

ဂိုဏ်းချုပ်လင်းသည် ယာယီတဲတစ်ခုထဲတွင် အဆင့်မြင့်အဖွဲ့ဝင်တစ်စုနှင့် အစည်းအဝေးတစ်ခု ကျင်းပနေခဲ့သည်။

အစည်းအဝေး အဆုံးသတ်ကာ လူတိုင်း လူစုခွဲတော့မည့်အချိန်မှာပင်...

ရုတ်တရက် အစောင့်တစ်ဦးက သတင်းပို့ရန် ရောက်လာခဲ့သည်။

"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်.... အပြင်မှာ ဟန်ထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကျင်းချန်ချင်းလို့ သူ့ကိုယ်သူ ခေါ်တဲ့ လူတစ်ယောက်က အရိုအသေပေးဖို့ ရောက်လာပြီးတော့ ဂိုဏ်းချုပ် ရဲ့ အသက်ကယ်တင်ခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ လာတာပါလို့ ပြောပါတယ်..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် လူများအားလုံး၏မျက်နှာများထက်တွင် အံ့အားသင့်သွားသော အမူအယာများကို ထင်ဟပ်လာကြသည်။

ဤခေတ်ကာလကြီးတွင် အထူးသဖြင့် ဤကျင့်ကြံခြင်းလောက၌ ကျေးဇူးဆပ်မည့်သူများမှာ ဖီးနစ်ငှက်မွှေးနှင့် ချီလင်ဦးချိုကဲ့သို့ ရှားပါးလှသည်။

ထို့ပြင် သူတို့ဂိုဏ်းချုပ်၏ အဆင့်အတန်းနှင့် စွမ်းအားအရ သာမန်ပစ္စည်းများက သူ၏မျက်စိကို ဖမ်းစားနိုင်မည် မဟုတ်ချေ။

လင်းထျန်းက ပြန်လည်၍ တွေးတောလိုက်ရာ လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက ကျင်းချန်ချင်းအမည်ရှိသော လူတစ်ဦးကို မတော်တဆ ကယ်တင်ခဲ့ဖူးကြောင်း မှတ်မိသွားပေ၏။

နောက်ပိုင်းတွင် ထိုလူသည် တစ်နည်းနည်းဖြင့် ထူးခြားသော ကံကောင်းမှုတစ်ခုကို ရရှိခဲ့ပြီး မြောက်ပိုင်းဒေသ၏ ပထမတန်းစားအင်အားစု ဆယ်စုအနက်မှ တစ်စု၏ ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။

ထိုကဲ့သို့ လူမျိုးက အမှန်တကယ်ကိုပင် သူ တွေ့ဆုံရန် ထိုက်တန်ပေ၏။

"သူ့ကို ဝင်ခွင့်ပြုလိုက်..."

လင်းထျန်း စကားပြောလိုက်သည်နှင့် အစောင့်က ရိုသေလေးစားစွာ ခေါင်းညိတ်ပြပြီး ဆုတ်ခွာသွားသည်။

မကြာမီမှာပင် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လေးထောင့်ကျကျမျက်နှာနှင့် မျက်ခုံးနှစ်ခုက ထိစပ်လုမတတ် ဖြောင့်တန်းနေသော အသွင်အပြင်ရှိသည့် အမျိုးသားတစ်ဦးက တဲအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ဤှသည်မှာ ကျင်းချန်ချင်းပင်။

သူသည် လင်းထျန်းထံသို့ ချဉ်းကပ်သွားပြီး သူ၏လက်ကိုပူးဆုပ်ကာ အကြောင်းအရာကို တိုက်ရိုက်ပြောဆိုလိုက်သည်။

"ဂိုဏ်းချုပ်လင်း...အဲ့ဒီအချိန်က ခင်ဗျားရဲ့ အသက်ကယ်တင်ခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့အတွက် သတင်းတစ်ခုပေးဖို့ ကျွန်တော် အထူး လာခဲ့တာပါ..."

"အော်... ဘာသတင်းလဲ..."

လင်းထျန်း၏သိချင်စိတ် နိုးကြားလာခဲ့သည်။

ကောင်းကင်နတ်ဘုရားတောင်မှ တခြားအဆင့်မြင့် အဖွဲ့ဝင်များသည်လည်း ဤှမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေကြသည်။

လူတချို့က ဤသည်မှာ အစစ်အမှန်နတ်ဆိုးအမွေအနှစ်နှင့် ပတ်သက်သော သတင်းများ ဖြစ်နိုင်သလောဟုပင် တွေးတောနေကြ၏။

ကောင်းကင်နတ်ဘုရားတောင်၏ လက်ရှိ အဆင့်အတန်းနှင့် အခွင့်အာဏာအရ အစစ်အမှန်နတ်ဆိုးအမွေအနှစ်နှင့် ပတ်သက်သော သတင်းများသာလျှင် သူတို့အတွက် တန်ဖိုးရှိပုံရသည်။

လူများအားလုံး၏ စူးစမ်းလိုသော သို့မဟုတ် မေးခွန်းထုတ်လိုသော အကြည့်များအောက်တွင်....

ကျင်းချန်ချင်းက တည်ကြည်လေးနက်သော အမူအယာဖြင့် ပြောဆိုလိုက်၏။

"မနက်ဖြန်ကျရင် နတ်ဆိုးနန်းတော်က ကောင်းကင်နတ်ဘုရားတောင်ကို လာပြီးတိုက်ခိုက်လိမ့်မယ်..."

"ဂိုဏ်းချုပ်လင်းက ပြင်ဆင်မှုတွေ ကြိုပြီးလုပ်ထားမယ်လို့ ကျွန်တော် မျှော်လင့်မိတယ်..."

"ဒါ... ဒါက မင်းရဲ့ အသက်ကယ်တင်ခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ မင်း ပေးတဲ့ သတင်းလား..."

မျှော်လင့်ချက်တချို့ ရှိနေခဲ့သော လင်းထျန်း၏ မျက်နှာမှာ ချက်ချင်းဆိုသလိုပင် အေးစက်တင်းမာသွားပေ၏။

သူသည် လှည့်စားခံလိုက်ရသကဲ့သို့ ခံစားမိသည်။

ကောင်းကင်နတ်ဘုရားတောင်မှ တခြားအဆင့်မြင့် အဖွဲ့ဝင်များသည်လည်း ကျင်းချန်ချင်းအား ရန်လိုသောမျက်လုံးများဖြင့် စတင်၍ ကြည့်ရှုလာကြသည်။

အကြီးအကဲတစ်ဦးကမူ လှောင်ပြောင်သရော်လိုက်သည်။

"ဟီး ဟီး...နတ်ဆိုးနန်းတော်လား ...ဒါက နတ်ဆိုးမြို့တော်မှာ မကြာသေးခင်ကမှ ပေါ်လာတဲ့ အင်အားစုအသစ်တစ်ခုဆိုတာ ဒီလူအိုကြီး သိတယ်..."

"အချိန်တိုအတွင်းမှာ ဒီအင်အားစုက တကယ့်ကို တော်တော်လေး လှုပ်ခတ်မှု ဖြစ်စေခဲ့တယ်..."

"ဒါပေမဲ့ ငါတို့ရဲ့ ကောင်းကင်နတ်ဘုရားတောင် က မြောက်ပိုင်းဒေသရဲ့ ထိပ်သီးအင်အားစုကြီး လေးစုထဲက တစ်ခုလေ..."

"သူတို့က ကျွန်တော်တို့ရဲ့ ကောင်းကင်နတ်ဘုရားတောင်နဲ့ ရန်သူဖြစ်ဖို့ မထိုက်တန်ဘူး..."

သူ၏စကားများတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေပေ၏။

ကျင်းချန်ချင်းအပေါ် သူ၏အမြင်မှာ အလွန်အမင်း ဆိုးရွားနေခဲ့သည်။

ဂိုဏ်းချုပ်လင်းက ပို၍ပင် အေးစက်တင်းမာသော လေသံဖြင့် ပြောဆိုသည်။

"မင်းရဲ့ ရိုးသားမှုကို ငါ ခံစားမိတယ်..တခြား ဘာကိစ္စမှမရှိရင် မင်း ထွက်သွားလို့ ရပြီ...ငါ့ရဲ့ ကောင်းကင်နတ်ဘုရားတောင်က မြောက်ပိုင်းဒေသမှာ အခိုင်အမာ ရပ်တည်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ...ကြောင်တစ်ကောင် ခွေးတစ်ကောင်က ရန်စလို့ရတဲ့ အရာ မဟုတ်ဘူး..."

"နတ်ဆိုးနန်းတော်ဆိုတဲ့ အဖွဲ့အတွက်ကတော့ သူတို့ မလာရင် ထားလိုက်ပေါ့ ...တကယ်လို့ သူတို့က ငါတို့ကောင်းကင်နတ်ဘုရားတောင် ရဲ့ အင်အားကို လာစမ်းရဲရင် သူတို့ ဘယ်တော့မှ ပြန်မလာနိုင်အောင် ငါ သေချာပေါက် လုပ်ပေးမယ်..."

သူ စကားပြောနေစဉ် သူ့ထံမှ စွမ်းအားကြီးမားသော ယုံကြည်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤသည်မှာ ကောင်းကင်နတ်ဘုရားတောင်၏ ထူးခြားသော မာန်မာနပင်။

ကျင်းချန်ချင်း၏အမူအယာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏မျက်နှာ သုန်မှုန်သွားပေ၏။

သူသည် သူတို့ကို သတင်းလာပေးရန်နှင့် သတိပေးရန်အတွက် အလွန်ကြီးမားသော ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။

ဤကဲ့သို့ ရလဒ်မျိုး ဖြစ်လာမည်ဟု သူ ဘယ်သောအခါမျှ မျှော်လင့်မထားခဲ့ချေ။

သူသည် မည်သည့် လေးစားမှုကိုမျှ မရရှိခဲ့ရုံသာမက သူတို့က သူ့ကို တံခါးအပြင်သို့ တိုက်ရိုက် နှင်ထုတ်နေကြသည်။

ဤသည်ကို တွေးမိချိန်၌ သူ အနည်းငယ် စိတ်ပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဂိုဏ်းချုပ်လင်းက ဒီလောက်တောင် ယုံကြည်မှု ရှိနေမှတော့ ကျွန်တော်က တကယ်ကို ရိုင်းစိုင်းခဲ့မိတာပဲ...ကျွန်တော် အခု ပြန်ပါတော့မယ်..."

သို့သော် သူ ယာယီတဲထဲမှ ထွက်ခွာတော့မည့် အချိန်မှာပင်...

နောက်ဆုံးတွင် သူ တစ်ခုခုကို မပြောဘဲ မနေနိုင်ခဲ့ချေ။

"ထိပ်သီးအင်အားစုကြီးလေးစုထဲက တစ်ခုဖြစ်တဲ့ ဖူဝမ်နန်းတော်က နတ်ဆိုးနန်းတော် ရဲ့ လက်ချက်နဲ့ ကျဆုံးသွားခဲ့တာပဲ..."

"စကားတွေလည်း ပြောပြီးပြီ...အသက်ကယ်တင်ခဲ့တဲ့ ကျေးဇူးကိုလည်း ပြန်ဆပ်ပြီးပြီ... ဂိုဏ်းချုပ်လင်း ဘယ်လို လှုပ်ရှားဖို့ ရွေးချယ်မလဲဆိုတာက ကျွန်တော့်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပါဘူး..."

"နှုတ်ဆက်ပါတယ်..."

သို့သော် သူ၏ ဂရုမစိုက်သောလေသံဖြင့် ပြောဆိုသော စကားများသည် မိုးကြိုးပစ်ခတ်သည့်အလား လူများအားလုံး၏ စိတ်နှလုံးသားများကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားပေ၏။

"အရှင်... ကျေးဇူးပြုပြီး နေပါအုံး..."

တစ်စုံတစ်ယောက်က စိုးရိမ်ပူပန်သွားကာ ကျင်းချန်ချင်းအား အလျင်အမြန် ပြန်လည်၍ ဖိတ်ခေါ်လိုက်သည်။

All Chapters