← Chapters

ဘာလို့ အညံ့မခံတာလဲ

Vol. 30 Ch. 293

ဘာလို့ အညံ့မခံတာလဲ

Vol. 30 Ch. 293

မူလက နတ်ဆိုးနန်းတော်သည် မကြာသေးမီကမှ ပေါ်ထွက်လာသော အင်အားစုအသစ်တစ်ခုသာ ဖြစ်သည်ဟု လူများအားလုံး ထင်မှတ်ထားခဲ့ကြသည်။

ထိုအင်အားစုသည် နတ်ဆိုးမြို့တော်တွင် ပြဿနာများကို ဖန်တီးခဲ့လျှင်ပင် နက်ရှိုင်းသော အခြေခံအုတ်မြစ်ရှိပြီး မြောက်ပိုင်းဒေသတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်ခဲ့သော ကောင်းကင်နတ်ဘုရားတောင်နှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း....

သို့သော် ယခင်က ဖူဝမ်နန်းတော် ကို ဖျက်ဆီးခဲ့သည်ဟု သူတို့ သံသယရှိခဲ့သော အစစ်အမှန် တရားခံမှာ ဤအင်အားစု ဖြစ်နေလိမ့်မည်ဟု သူတို့ ဘယ်သောအခါမျှ မျှော်လင့်မထားခဲ့ကြချေ။

အကယ်၍ နတ်ဆိုးမြို့တော်တွင် သူတို့ ကြောက်ရွံ့သော တစ်ခုတည်းသော အင်အားစုကို အမည်တပ်ရမည်ဆိုလျှင် မည်သူ ဖြစ်မည်နည်း...

ဖူဝမ်နန်းတော်ကို ဖျက်ဆီးခဲ့သော အစစ်အမှန် တရားခံက သဘာဝကျစွာပင် ပထမနေရာတွင် ရှိနေပေ၏။

ဖူဝမ်နန်းတော်၏ ပျက်စီးဆုံးရှုံးမှုကို သူတို့ မြင်တွေ့ခဲ့ရသောကြောင့် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနှင့် မဟာမိတ်ဖွဲ့ရန် စိတ်ကူးကို သူတို့ ရရှိခဲ့ကြခြင်းဖြစ်သည်။

ရည်ရွယ်ချက်မှာ တစ်နေ့တွင် ဤလျှို့ဝှက်ဆန်းကြယ်သော အင်အားစုကို သူတို့ ရင်ဆိုင်ရန်ပင်။

သို့သော် ထိုသို့ဖြစ်လျှင်ပင် ယခုအချိန်မှစ၍ အချိန်အတော်ကြာမြင့်ပေမည်။

ဤသည်က အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ယှဉ်ပြိုင်သည့်အချိန်တွင် ဖြစ်နိုင်သည်။

သူတို့ကို တိုက်ရိုက်ပစ်မှတ်ထားခြင်း ခံရလိမ့်မည်ဟု သူတို့ ဘယ်သောအခါမျှ မျှော်လင့်မထားခဲ့ကြချေ။

ထို့ကြောင့် လူများအားလုံး စိုးရိမ်ပူပန်လာကြ၏။

သူတို့၏ ယခင်က မောက်မာထောင်လွှားမှုများ အားလုံးပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်မှု တုန်လှုပ်ချောက်ချားမှုနှင့် ထိတ်လန့်ကြောက်ရွံမှု အရိပ်အယောင်များက အစားထိုး ဝင်ရောက်လာခဲ့သည်။

ကျင်းချန်ချင်းကို ယာယီတဲအတွင်းသို့ နောက်တစ်ကြိမ် ဖိတ်ကြားလိုက်ချိန်၌ ဂိုဏ်းချုပ် လင်း က လက်ဖက်ရည်ကို သူကိုယ်တိုင် ငှဲ့ပေးလိုက်၏။

ထို့နောက် သူက ညင်သာသောလေသံဖြင့် ပြောဆိုသည်။

"ညီအစ်ကိုကျင်း...ခုဏက ငါ တော်တော်လေး အဆင်အခြင်မဲ့ခဲ့မိတယ်...ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့..."

"ငါမှာ မေးခွန်းနည်းနည်းရှိနေတာကြောင့် ညီအစ်ကိုကျင်းက ဖြေပေးနိုင်မယ်လို့ မျှော်လင့်မိတယ်..."

ကျင်းချန်ချင်း၏မျက်နှာအမူအယာသည် အနည်းငယ် ရှုပ်ထွေးနေပေ၏။

အစောပိုင်းက လင်းထျန်းသည် အေးစက်တင်းမာနေပြီး သူ့ကို နှင်ထုတ်တော့မည့်ပုံ ပေါ်နေခဲ့သော်လည်း ယခု၌မူ သူ့ကို ဂုဏ်ထူးဆောင် ဧည့်သည်တစ်ဦးကဲ့သို့ စိတ်အားထက်သန်စွာ ဆက်ဆံနေခဲ့သည်။

သူ့ကို 'ညီအစ်ကို' ဟုပင် ခေါ်ဆိုနေပေ၏။

ဤပြတ်သားသော ကွဲပြားခြားနားချက်က လူများအားလုံးကို အမှန်တကယ်ပင် စိတ်ခံစားမှုဖြင့် သက်ပြင်းချသွားစေခဲ့သည်။

"ဂိုဏ်းချုပ်လင်း.... ကျေးဇူးပြုပြီး လွတ်လွတ်လပ်လပ်မေးပါ....ကျွန်တော် ဖြေနိုင်သမျှ အရာအားလုံးကို သေချာပေါက် ပြောပြပါ့မယ်..."

"ကျွန်တော် မပြောနိုင်တဲ့အရာတွေအတွက်ကတော့ ဂိုဏ်းချုပ်လင်းက ခွင့်လွှတ်ပေးပါ..."

ဂိုဏ်းချုပ်လင်းထျန်းသည် အချိန်တခဏကြာမျှ တွေးတောပြီးနောက် ပြောဆိုလိုက်သည်။

"ညီအစ်ကိုကျင်း...ဒီသတင်းအချက်အလက်ကို ဘယ်ကရခဲ့တာလဲ...ငါ့ကို နည်းနည်းလောက် ပြောပြဖို့ အဆင်ပြေမလား..."

ကျင်းချန်ချင်းက ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်၏။

"မကြာသေးခင်က ကျွန်တော်က နတ်ဆိုးနန်းတော်ရဲ့ သိမ်းသွင်းတာကို ခံခဲ့ရတယ်....ပြီးတော့ နန်းတော်သခင်ဖြစ်တဲ့ ကြက်သခင်ကြီးရဲ့ မျက်နှာသာပေးမှုကို ရရှိပြီး သူ့ရဲ့နောက်လိုက် ဖြစ်လာခဲ့တယ်..."

"ဂိုဏ်းချုပ်လင်း...ဒီသတင်းအချက်အလက်ရဲ့ မှန်ကန်မှုကို သံသယဝင်နေစရာ မလိုပါဘူး..."

"သေချာတာက မနက်ဖြန် ကောင်းကင်နတ်ဘုရားတောင်ကို တိုက်ခိုက်တဲ့အချိန်မှာ ကျွန်တော်လည်း သူတို့ထဲက တစ်ယောက် ဖြစ်နေလိမ့်မယ်..."

"အခုတစ်ကြိမ် ကျွန်တော် ဒီနေရာကို လာခဲ့တာက ကျေးဇူးကြွေးကိုဆပ်ဖို့ သက်သက်ပါ...အခု အကြွေးကျေသွားပြီဆိုတော့ အခုချိန်ကစပြီး ကျွန်တော်တို့က ရန်သူတွေ ဖြစ်သွားပြီ..."

"တကယ်လို့ ဂိုဏ်းချုပ်လင်းက ကျွန်တော့်ကို ခြိမ်းခြောက်မှုတစ်ခုလို့ ယူဆရင် ဒီနေ့ ကျွန်တော့်ကို သတ်ပစ်နိုင်ပါတယ်...ဒါက အတိတ်က အသက်ကယ်တင်ခဲ့တဲ့ ကျေးဇူးကိုလည်း ပြန်ဆပ်ရာ ရောက်လိမ့်မယ်..."

လင်းထျန်းက သူ၏လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်၏။

"ညီအစ်ကိုကျင်း မင်း အတွေးလွန်နေပြီ...မင်း အခုလို လာပြီးအသိပေးတာက ငါတို့ကောင်းကင်နတ်ဘုရားတောင်အတွက် ကြီးမားတဲ့ ကျေးဇူးတစ်ခုပါပဲ....ငါတို့က ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ ကျေးဇူးကန်းတဲ့ လုပ်ရပ်မျိုးကို လုပ်နိုင်မှာလဲ..."

"ငါ့မှာ မေးခွန်းတစ်ခု ကျန်သေးတယ်...ငါတို့ကောင်းကင်နတ်ဘုရားတောင် က နတ်ဆိုးနန်းတော်နဲ့ အတိတ်က ရန်ငြိုးမရှိသလို လတ်တလော ရန်ငြိုးလည်း မရှိဘူး... ပြီးတော့ အကျိုးစီးပွား ပဋိပက္ခလည်း မရှိဘူး... နတ်ဆိုးနန်းတော်က ငါတို့ကောင်းကင်နတ်ဘုရားတောင် ကို ဘာလို့ တိုက်ခိုက်ချင်တာလဲဆိုတာ ညီအစ်ကိုကျင်း သိလား..."

ဤသည်က လင်းထျန်း၏ဇဝေဇဝါဖြစ်နေမှု ဖြစ်ရုံသာမက ကောင်းကင်နတ်ဘုရားတောင်မှ အဆင့်မြင့်အဖွဲ့ဝင်များအားလုံး၏ ဇတဇဝါဖြစ်နေမှုလည်း ဖြစ်ပေ၏။

လူများအားလုံး၏ စိန်ရှုပ်ထွေးနေသော အကြည့်များအောက်တွင် ကျင်းချန်ချင်းက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

"မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနဲ့ နတ်ဆိုးနန်းတော် ကြားမှာ နက်ရှိုင်းတဲ့ ရန်ငြိုးတစ်ခု ရှိနေတယ်...နတ်ဆိုးနန်းတော်မှာ စုစုပေါင်း နန်းတော်သခင် ဆယ့်နှစ်ဦး ရှိတယ်...ဒီနန်းတော်သခင် ဆယ့်နှစ်ဦးထဲက တစ်ဦးစီတိုင်းက ယန်သုံးပါးနယ်ပယ် အထက်က တည်ရှိမှုတွေချည်းပဲ..."

"ပြီးတော့ နန်းတော်သခင်ဆယ့်နှစ်ဦးရဲ့ အထက်မှာ အမြင့်မြတ်ဆုံးသခင်တစ်ဦးလည်း ရှိနေသေးတယ်..."

"မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူက သခင့် ရဲ့ သတ်မှတ်စာရင်းမှာ ပါနေတာ ကြာပြီ...ဒါပေမဲ့ အကြောင်းအရင်းတစ်ခုခုကြောင့် အခုလောလောဆယ်မှာ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ ကို မလှုပ်ရှားကြသေးတာပဲ..."

"ဒါပေမဲ့ ခင်ဗျားတို့က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနဲ့ မဟာမိတ် ဖွဲ့လိုက်တယ်...သခင့်ရဲ့အမိန့်ကြောင့် ကန့်သတ်ခံထားရတဲ့ နန်းတော်သခင် ဆယ့်နှစ်ဦးက မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူအပေါ် မလှုပ်ရှားနိုင်ဘူးဆိုတော့ သူတို့ရဲ့လှံထိပ်က ကောင်းကင်နတ်ဘုရားတောင်ဆီကို တိုက်ရိုက်ဦးတည်သွားတာပဲ..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် လက်ရှိနေရာတွင် ရှိနေသူများအားလုံး မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။ သူတို့တစ်ဦးစီတိုင်း၏စိတ်နှလုံးသားများထဲတွင် အဆင့်ဆယ့်နှစ် မုန်တိုင်းတစ်ခု တိုက်ခတ်သွားခဲ့ပေ၏။

ကျင်းချန်ချင်းက ဤမြင်ကွင်းကို မြင်တွေ့မိသဖြင့် ကျယ်လောင်သောလေသံဖြင့် ပြောဆိုလိုက်သည်။

"စကားတွေလည်း ပြောပြီးပြီဆိုတော့ ကျွန်တော် သွားသင့်ပြီ...ဂိုဏ်းချုပ်လင်းက ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မယ်လို့ မျှော်လင့်မိတယ်..."

ဤအချိန်၌ လူများအားလုံးသည် သူယူဆောင်လာသော သတင်းကြောင့် ထိတ်လန့်တုန်လှုပ်နေဆဲပင်။

သူ့ကို ဆက်နေခိုင်းရန် သူတို့ထံတွင် စိတ်အခြေအနေ မရှိကြချေ။

ထို့ပြင် တိတိကျကျပြောဆိုရလျှင် နှစ်ဖက်လုံးသည် ရန်သူများ ဖြစ်လာနိုင်ခြေရှိသည့် လူများပင်။ ကျန်းချန်ချင်းသည် ဤမျှထိ ကြီးမားသော အန္တရာယ်ကို စွန့်ကာ သတင်းလာပို့ပေးခြင်းက သူ၏အလွန်အမင်း သဘောကောင်းမှုတစ်ခု ဖြစ်နေလေပြီ။

ထိုကြောင့် သူ့ကို ထပ်မံ၍ ဆက်နေခိုင်းရန် မလိုအပ်တော့ချေ။

ကျင်းချန်ချင်း ထွက်ခွာသွားသည်နှင့် ခန်းမအတွင်းရှိ အခြေအနေသည် လေးလံထိုင်းမှိုင်းသွားပေ၏။

လူများအားလုံးသည် သူတို့၏စိတ်နှလုံးသားများကို ဖိနှိပ်ထားသော တောင်ကြီးတစ်လုံး ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

ဤအဖြစ်အပျက်ကြောင့် ယခင်က ပြီးဆုံးသွားခဲ့သော အစည်းအဝေးကို ပြန်လည်၍ စတင်ရတော့ပေမည်။

ကံကောင်းထောက်မစွာဖြင့် ဂိုဏ်း၏အဆင့်မြင့်အဖွဲ့ဝင်များအားလုံး ရောက်ရှိနေကြသဖြင့် ပြန်လည်စုဝေးရန် မလိုအပ်တော့ချေ။

လင်းထျန်းသည် အဓိကထိုင်ခုံတွင် ထိုင်ကာ လူများအားလုံးကို ပြောဆိုလိုက်သည်။

"အားလုံးပဲ...ငါတို့ကောင်းကင်နတ်ဘုရားတောင်ရဲ့ အခြေအနေက မရေမရာ ဖြစ်နေပြီလို့ ပြောနိုင်တယ်..."

"ကောင်းကင်နတ်ဘုရားတောင်ကို ဒီဘေးဒုက္ခကနေ ကင်းဝေးစေဖို့ကို အခု ငါတို့ ဘာလုပ်သင့်လဲ..."

"ဘယ်သူ့မှာ အကြံဉာဏ် ရှိလဲ..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် လူများအားလုံးသည် ခါးသီးသော အကြည့်များကို ဖလှယ်လိုက်ကြပြီး သူတို့တစ်ဦးစီ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့်ထိတ်လန့်မှုများ ထင်ဟပ်နေသည်။

အကြီးအကဲတစ်ဦးက ထိတ်လန့်တကြား ပြောဆိုသည်။

"ဂိုဏ်းချုပ်...ဒီနတ်ဆိုးနန်းတော်ရဲ့အင်အားက ကျွန်တော်တို့ စိတ်ကူးယဥ်တွေးတောထားတာထက် အများကြီးပိုပြီး ထိတ်လန့်စရာကောင်းတယ်..."

"အရင်က ဖူဝမ်နန်းတော် ဖျက်ဆီးခံလိုက်ရတာကို ကျွန်တော်တို့ သိလိုက်တဲ့အချိန်မှာ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနဲ့ မဟာမိတ်ဖွဲ့လိုက်ရင်... တစ်ဖက်လူကို ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ ထင်ခဲ့တယ်..."

"ဒါပေမဲ့ အခုကြည့်ရသလောက် ကျွန်တော်တို့က အရမ်းရိုးအလွန်းခဲ့တာပဲ..."

"ယန်သုံးပါးနယ်ပယ်အထက်က တည်ရှိမှု ဆယ့်နှစ်ယောက်... ဒီအင်အားစုက ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် လူများအားလုံး၏စိတ်နှလုံးသားများ သုံးဆခန့် ပို၍လေးလံသွားပေ၏။

ကျင်းချန်ချင်း ယူဆောင်လာသော သတင်းအချက်အလက်များအားလုံးသည် သူတို့ကို ထိတ်လန့်သွားစေသည်ဟု ဆိုနိုင်သည်။

ယန်သုံးပါးနယ်ပယ်အထက်မှ တည်ရှိမှုဆယ့်နှစ်ခုဆိုသည်မှာ ခုခံ၍မရနိုင်သော အင်အားတစ်ရပ် ဖြစ်နေလေပြီ။ ဤထိတ်လန့်ဖွယ်ကောင်းသော ထိပ်သီးကျင့်ကြံသူဆယ့်နှစ်ဦး၏ အထက်တွင် သခင်တစ်ဦး ရှိနေသေးသည်ကို ထည့်ပြောနေရန်ပင် မလိုတော့ချေ။

တခြားအကြီးအကဲတစ်ဦးက နောင်တရနေသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနဲ့ မဟာမိတ်ဖွဲ့တာက ကောင်းမွန်တဲ့ လှုပ်ရှားမှုတစ်ခုလို့ မူလက ကျွန်တော်တို့ ထင်ခဲ့တယ်.... ဒါပေမဲ့ ဒါက ကျွန်တော်တို့ ကောင်းကင်နတ်ဘုရားတောင် တွင်းနက်ကြီးထဲကို ဆင်းသက်တာရဲ့ အစဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ..."

လူများအားလုံး တစ်ယောက်ပြီး တစ်ယောက် စကားပြောလိုက်ကြသည်။ နှစ်ဖက်အကြား၌ စွမ်းအားကွာဟမှုကို သေချာစွာ ချပြလိုက်သည်နှင့်အမျှ လူများအားလုံး၏စိတ်နှလုံးသားများအတွင်းတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားပေ၏။

နှစ်ဖက်လုံးသည် အဆင့်တူ မဟုတ်ကြချေ။

အကယ်၍ မနက်ဖြန်တွင် တစ်ဖက်လူ လာရောက် တိုက်ခိုက်မည့်အချိန်ကို သူတို့ စောင့်ရမည်ဆိုလျှင်...

သူတို့ တောင့်ခံနိုင်မည် မဟုတ်ချေ။ သူတို့ လုံးလုံးလျားလျား တောင့်ခံနိုင်မည် မဟုတ်ချေ။

ယခင်က ဖူဝမ်နန်းတော်၏ ကြေကွဲဖွယ် ကံကြမ္မာက ရလဒ်ကို သူတို့အား ပြသခဲ့ပြီး ဖြစ်ပေ၏။

အချိန်တခဏအတွင်းတွင် ဝမ်းနည်းကြေကွဲဖွယ် စိတ်ခံစားမှုတစ်ခု ထွက်ပေါ်သွားပြီး ထိတ်လန့်မှုက ကူးစက်ရောဂါပိုးအလား ပျံ့နှံ့သွားခဲ့သည်။

ထိုအချိန်မှာပင် သတ္တမအကြီးအကဲက ဖျော့တော့တော့လေသံဖြင့် ပြောဆိုသည်။

"ဂိုဏ်းချုပ်... ကျွန်တော်တို့ ဘာလို့ အညံ့မခံတာလဲ..."

"မင်း ဘာပြောလိုက်တယ်..."

ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သော အကြည့်များက စကားပြောဆိုလိုက်သူဆီသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြ၏။

ထိုအကြည့်များသည် မီးတောက်များဖြင့် ပြည့်နှက်နေသည့်အလား စူးရှတောက်ပနေပြီး သတ္တမအကြီးအကဲအား ပုန်းအောင်းချင်လာသည်အထိ ရှက်ရွံ့သွားစေခဲ့သည်။

သူ အလွန်အမင်း နောင်တရနေခဲ့ပေ၏။

ကောင်းကင်နတ်ဘုရားတောင်သည် မြောက်ပိုင်းဒေသရှိ ထိပ်သီးအင်အားစုကြီးလေးစု အနက်မှ တစ်ခုပင်။

ဂိုဏ်းတွင် ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် မာန်မာန ရှိခဲ့သည်။

သူသည် ဤကဲ့သို့ သိက္ခာမဲ့သည့် စကားမျိုးကို ပြောဆိုရန် မည်မျှထိ မိုက်မဲခဲ့သနည်း...

ယခုချိန်မှစပြီး ဂိုဏ်းချုပ်က သူ့ကို မည်သို့ တွေးထင်သွားမည်နည်း။

သူ၏လုပ်ဖော်ကိုင်ဖက်များက သူ့ကို မည်သို့ ကြည့်မည်နည်း....

သူ့ကို အရိုးပျော့သော သတ္တိကြောင်သူ တစ်ဦးဟု သူတို့ တွေးထင်သွားမည်လော...

သူကို သေရမည်ကို ကြောက်ရွံပြီး သိက္ခာသမာဓိမရှိသူဟု ယူဆသွားမည်လော...

ဤအခြေအနေကို တွေးတောမိသည်နှင့် သတ္တမအကြီးအကဲသည် စိုးရိမ်ပူပန်သွားပေ၏။

"ဂိုဏ်းချုပ်... ကျွန်တော် စကားမှားသွားပါတယ်...ကျွန်တော်က ဂိုဏ်းနဲ့အတူ သေအတူရှင် မကွာ အတူတူနေမယ်လို့ သေချာပေါက် ကျမ်းသစ္စာ ကျိန်ဆိုရဲပါတယ်..."

"ကောင်းကင်နတ်ဘုရားတောင်က လူတစ်ယောက်အနေနဲ့ သေဖို့ မတ်တပ်ရပ်ရုံပဲ ရှိတယ်... ရှင်သန်ဖို့ ဒူးထောက်ရမယ့် အကြောင်းပြချက် မရှိဘူး..."

"ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ အမှားတွေအတွက် ပြန်ပေးဆပ်ဖို့ အခွင့်အရေးတစ်ခုလောက် ပေးပါ..."

သူ အလျင်စလို ရှင်းပြလိုက်၏။

သို့သော် ဤအချိန်၌ လင်းထျန်းသည် သူ၏ လက်ကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်ထားပြီး ဖြစ်သည်။

"သတ္တမအကြီးအကဲ မင်းက ဘာလို့ အဲ့ဒီလို ပြောရတာလဲ...ဒီအကြံပြုချက်က အရမ်း ကောင်းတယ်...ငါ ရာနှုန်းပြည့် သဘောတူတယ်..."

ဂိုဏ်းချုပ်က သူ၏ရပ်တည်ချက်ကို ဖော်ပြလိုက်သည်အား မြင်တွေ့ချိန်၌ တခြားသူများအားလုံးလည်လည်း သူတို့၏ အတွေးများကို ဆက်လက်၍ ဖုံးကွယ်မထားကြတော့ချေ။

သေခြင်းတရားနှင့် နှိုင်းယှဉ်ပါက သိက္ခာသမာဓိကို အစားအစာအဖြစ် စား၍ရနိုင်သလော...

ဖူဝမ်နန်းတော်၏ ကြေကွဲဖွယ် အခြေအနေက သူတို့၏မှတ်ဉာဏ်များထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။

တခြားသူများ၏ ရည်ရွယ်ချက်များကို နားမလည်မီ မည်သူကမျှ အညံ့ခံမည့် စိတ်ကူးကို မဖော်ပြရဲခဲ့ခြင်းသာ ဖြစ်သည်။

ယခု တစ်စုံတစ်ယောက်က စကားစပြောလာပြီဖြစ်ရာ သူတို့သည်လည်း အလွန်ဆန္ဒရှိနေကြ၏။

"သတ္တမအကြီးအကဲက ဒီလောက်ထိ ကြီးမားတဲ့ ပါရမီကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..."

"ငါတို့ကောင်းကင်နတ်ဘုရားတောင်ကို ဘေးဒုက္ခကနေ ကယ်တင်နိုင်တဲ့ ဒီလောက်ထိ ကောင်းမွန်တဲ့ အကြံဉာဏ်မျိုးကို စဉ်းစားမိတယ်..."

"သတ္တမအကြီးအကဲက သာမန်လူ မဟုတ်ဘူးဆိုတာ အရင်ကတည်းက ငါ သိခဲ့တယ်..."

"အခု ကြည့်ရတာတော့ လူတွေအပေါ် ငါ့ရဲ့ အကဲဖြတ်မှုက တကယ့်ကို မဆိုးဘူးပဲ..."

"သတ္တမအကြီးအကဲမှာ အိပ်ပျော်နေတဲ့ နဂါးနဲ့ အပျံသင်စ ဖီးနစ်ငှက်ရဲ့ အမူအကျင့်မျိုး သေချာပေါက်ရှိတယ်..."

လွန်ကဲသော ချီးမွမ်းမှုများကို ရင်ဆိုင်ရချိန်တွင် သတ္တမအကြီးအကဲ လုံးလုံးလျားလျား မှင်တက်သွားတော့သည်။

ငါက ဘယ်သူလဲ...

ငါ ဘယ်ရောက်နေတာလဲ...

ငါ ဘာလုပ်ခဲ့တာလဲ...

သူသည် လက်နက်ချရန် အကြံပြုရုံမျှသာ ဖြစ်သော်လည်း မည်သည်ကြောင့် အိပ်ပျော်နေသော နဂါးနှင့် အပျံသင်စ ဖီးနစ်ငှက်ကဲ့သို့ ဘဝမျိုး ဖြစ်သွားသနည်း။

All Chapters