အမွေအနှစ်မှတဆင့်
Vol. 30 Ch. 296
ကောင်းကင်နတ်ဘုရားတောင်၏ အညံ့ခံမှုသည် အမျိုးသမီးတပည့်တစ်စုကို စေလွှတ်ခြင်းဖြင့် အောင်မြင်မှုတစ်ခုအဖြစ် ကြေညာခြင်းခံလိုက်ရသည်။
ရလဒ်သည် သံသယဝင်စရာ မလိုလောက်အောင် လူများအားလုံးအတွက် ကြီးမားသော ပျော်ရွှင်မှုတစ်ခု ဖြစ်ပေ၏။
ကြက်ပေါက်စတစ်တို့အုပ်စုသည် မိန်းမလှလေးများကို ရရှိခဲ့ကြသည်။
ကောင်းကင်နတ်ဘုရားတောင်သည်လည်း သတ်ဖြတ်ခံရမည့် ဘေးဒုက္ခတစ်ခုကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီး နတ်ဆိုးနန်းတော် ၏အဖွဲ့ဝင်များ ဖြစ်လာခဲ့သည်။
ထို့ပြင် ကောင်းကင်နတ်ဘုရားတောင်၏ ဝင်ရောက်မှုနှင့်အတူ နတ်ဆိုးနန်းတော်၏စွမ်းအားမှာ ထပ်မံ၍ သိသိသာသာ ကြီးထွားလာခဲ့ပေ၏။
နောက်ရက်များတွင် နတ်ဆိုးနန်းတော်အတွက် အတော်လေး ငြိမ်းချမ်းနေခဲ့သည်။
နောက်ဆုံးတွင် သိမ်းသွင်းရမည့် ပတ်ဝန်းကျင်မှ အင်အားစုများအားလုံးကို အခြေခံအားဖြင့် သိမ်းသွင်းပြီးဖြစ်သည်။
ထို့အပြင် ကြက်ပေါက်စတစ်သည် သူ၏ နတ်ဘုရားစိတ်အာရုံမှတဆင့် ပိုင်လင်း ၏ အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။
သူမ ပြဿနာ တစ်စုံတစ်ရာနှင့် ကြုံတွေ့ရမည်ကို သူ လုံးလုံးလျားလျား စိုးရိမ်ပူပန်ခြင်း မရှိချေ။
အချိန်တခဏအတွင်းတွင်...
အရက်သောက်ခြင်း ပျော်ရွှင်စွာ နေထိုင်ခြင်း ညီငယ်အသီးသီး၏ဖားယားမှုများကို ခံစားခြင်းနှင့် မိန်းကလေးတစ်စုနှင့် ကစားခြင်းတို့သည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ နေ့စဉ်လုပ်ရိုးလုပ်စဉ် ကိစ္စရပ်များ ဖြစ်လာခဲ့ပေ၏။
နတ်ဆိုးနန်းတော်သည် အခြေကျသွားခဲ့လေပြီ။
သို့သော် နတ်ဆိုးမြို့တော်တစ်ခုလုံးတွင် ပုန်းကွယ်နေသော အန္တရာယ်များဖြင့် ပြည့်နှက်နေဆဲပင်။
လက်ရှိအချိန်၌ နတ်ဆိုးမြို့တော်ရှိ စွမ်းအားကြီးမားသော အင်အားစု အများစုကို နတ်ဆိုးနန်းတော် က သိမ်းသွင်းခဲ့ပြီးဖြစ်သည်။ သို့ရာတွင်မြောက်ပိုင်းဒေသမှသာမက တခြား ဒေသများမှ ကျင့်ကြံသူများနှင့် ပုံမှန်အားဖြင့် ထင်ပေါ်အောင် မနေတတ်သော မြင့်မြတ်သည့် မိသားစုတချို့ အပါအဝင် မရေမတွက်နိုင်သော အင်အားစုများသည် ထိုနေရာတွင် စုရုံးနေကြဆဲပင်။
လျှို့ဝှက်နယ်မြေ တစ်ခုပြီးတစ်ခု ချိုးဖျက်ခံရသည်နှင့်အမျှ ရှားပါးရတနာများလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
လူအများသည် ဆက်လက်၍ တည်ငြိမ်မနေနိုင်တော့ချေ။
ဆိုရိုးစကားရှိသည့်အတိုင်း ဥစ္စာဓနက စိတ်နှလုံးသားများကို လှုပ်ရှားစေပြီး ရတနာများက စိတ်ဝိညာဉ်များကို မြှူဆွယ်တတ်ပေ၏။
ရတနာများနှင့် လျှို့ဝှက်နယ်မြေများကို ယှဉ်ပြိုင်ရန်အတွက် ဤအင်အားစုများသည် သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် တိုက်ခိုက်ခဲ့ကြသည်။
ထိုကြောင့် နတ်ဆိုးမြို့တော်ရှိ သက်ရှိအရေအတွက်မှာ လျှင်မြန်စွာ ကျဆင်းလာခဲ့သည်။
နေ့စဉ်နေ့တိုင်း ဂိုဏ်းအမြောက်အများ အမြစ်ပြတ်သုတ်သင်ခြင်း ခံနေရကာ သတ်ဖြတ်မှုများသည် အလွန်ဆိုးရွားသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဟု ဆိုနိုင်ပေ၏။
ဤအခြေအနေသည် လဝက်ခန့် ဆက်လက်၍ ဖြစ်ပွားနေခဲ့သည်။
ယနေ့တွင် မြေပြင်ကို တုန်ခါစေသော ဟိန်းဟောက်သံကြီးတစ်သံက နတ်ဆိုးမြို့တော် ၏ နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာပြီး လူများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။
မှိုင်းညို့နေသော ကောင်းကင်ယံတွင် တလိန့်လိမ့်ထနေသော နတ်ဆိုးစွမ်းအင်များ မြင့်တက်နေသည်။
နတ်ဆိုးလေပြင်းများကြားတွင် ကောင်းကင်လှေကား၏အဆုံး၌ အမျိုးသမီးတစ်ဦး မတ်တတ်ရပ်နေပေ၏။
ဤသည်မှာ တခြားလူ မဟုတ်ဘဲ ပိုင်လင်းပင်။
သို့သော် ဤအချိန်၌ သူမ၏ခန္ဓာကိုယ်တွင် လုံးလုံးလျားလျား အားအင်ကုန်ခမ်းနေလေပြီ။
သူမထံတွင် ချွေးများဖြင့် ရွှဲနစ်နေပြီး သူမ၏ မျက်နှာ ဖြူရော်နေကာ မျက်လုံးများ နီမြန်းနေပြီး မောပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူမသည် နောက်သို့ ပြန်လှည့်ကြည့်လိုက်၏။
အမှုမဲ့အမှတ်မဲ့ဖြင့် သူမသည် ကောင်းကင်လှေကား၏ လှေကားထစ် ကိုးသောင်းကိုးထောင်ကိုးရာကိုးဆယ့်ကိုးထစ်ကို တက်လှမ်းပြီးလေပြီ။
ဤကောင်းကင်လှေကားလမ်းကြောင်းသည် အမှန်တကယ်ကို အလွန်ခက်ခဲလှ၏။
သူမ၏ခြေလှမ်းတိုင်းသည် တောင်ကြီးတစ်လုံးကို ထမ်းပြီး ရှေ့သို့သွားနေရသကဲ့သို့ ခံစားရသည်။
ခြေတစ်လှမ်းလှမ်းတိုင်း ရှေ့သို့သွားရန် ခုခံတားဆီမှုက အနည်းငယ် တိုးလာခဲ့သည်။
ထို့ပြင် ကောင်းကင်လှေကား၏ နံဘေးပတ်လည်တွင် နတ်ဆိုးလေပြင်းများ တဝုန်းဝုန်းထနေခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်က သတိမထားမိဘဲ ကောင်းကင်လှေကားမှ ပြုတ်ကျသွားပါက ပတ်ဝန်းကျင်ရှိ လေပြင်းမုန်တိုင်းများကြောင့် အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲခံရပေမည်။
အမှန်တကယ်အားဖြင့် ပိုင်လင်းသည် သူမ၏ ခရီးတစ်ဝက်သို့ ရောက်ရှိချိန်တွင် သူမ၏ ခွန်အားများအားလုံး ကုန်ခမ်းသွားခဲ့သည်။ သူမ အထွတ်အထိပ်သို့ အောင်မြင်စွာ ရောက်ရှိရန် သူမအား ထောက်ပံ့ပေးခဲ့သည်မှာ မယိမ်းယိုင်သော ဆန္ဒတစ်ခုနှင့် အမုန်းတရား၏ တွန်းအားပင်။
ယခု ပြန်လည်၍ အမှတ်ရကြည့်ချိန်၌ သူမထံတွင် ကြောက်ရွံ့မှုများ ကျန်ရစ်နေသေးသည်ကို ခံစားမိပေ၏။
အကယ်၍ သူမသည် ဤကိစ္စကို နောက်တစ်ကြိမ် ထပ်လုပ်ရမည်ဆိုပါက အထွတ်အထိပ်သို့ အောင်မြင်စွာ ရောက်ရှိမည်ဟု သူမထံတွင် အမှန်တကယ်ကို ယုံကြည်ချက် မရှိချေ။
ကံကောင်းထောက်မစွာဖြင့် ထိုအရာအားလုံး အဆုံးသတ်သွားလေပြီ။
ထို့ပြင် ပိုင်လင်း ထိပ်ဆုံးသို့ ရောက်ရှိသွားသည်နှင့်အမျှ....
သူမ၏ခြေထောက်အောက်ရှိ ကောင်းကင်လှေကား လုံးလုံးလျားလျား ပြိုကျသွားခဲ့သည်။
"ဝုန်း..."
ပျံ့လွင့်နေသော ဖုန်မှုန့်များနှင့်အတူ...
ပြိုကျသွားသော ကောင်းကင်လှေကားသည် ကြီးမားသော တုန်ခါမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီးနောက် လျှင်မြန်စွာ ပြန်လည်ပေါင်းစပ်သွားကာ နောက်ဆုံးတွင် ပေတစ်ရာမြင့်သော မိုးပြာရောင် ကျောက်တံခါးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ကျောက်တံခါးကြီး၏အထက်တွင် မှိန်ပျပျ အလင်းရောင်တစ်ခု တောက်ပနေပြီး မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ မြုပ်နှံခံထားရပြီး ယခုမှ ဤလောကတွင် ပြန်လည်ထွက်ပေါ်လာသည့်အလား ရှေးဟောင်းဆန်ပြီး နက်နဲသိမ်မွေ့သော အရှိန်အဝါတစ်ရပ်ကို သယ်ဆောင်ထားခဲ့သည်။
ထို့နောက် ကြီးမားကျယ်ပြန့်ပြီး ခမ်းနားကြီးကျယ်သော အသံတစ်သံက တံခါးဝအတွင်းမှ ထွက်ပေါ်လာပေ၏။
"စမ်းသပ်မှုကို အောင်မြင်ခဲ့တဲ့ ကံကောင်းသူလေး...မင်းက စမ်းသပ်မှုကို အောင်မြင်ပြီး အစစ်အမှန်နတ်ဆိုးအမွေခံတစ်ဦး ဖြစ်လာတာကြောင့် ဂုဏ်ယူပါတယ်...ကျောက်တံခါးကြီးထဲကို ဝင်လိုက်တာနဲ့ မင်းက ငါ့ရဲ့ အမွေအနှစ် ကို ရရှိလိမ့်မယ်..."
ထိုအသံသည် ကျယ်လောင်ပြီး မိုးကောင်းကင်ယံကို တုန်ခါသွားစေကာ နတ်ဆိုးမြို့တော်၏ ထောင့်တစ်နေရာတိုင်းသို့ ပျံ့နှံ့သွားခဲ့သည်။
အချိန်တခဏအတွင်းတွင် နတ်ဆိုးမြို့တော်တစ်ခုလုံးသည် ဆူပွက်နေသောရေထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သည့်အလား အဆုံးမရှိသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့သည်။
"ဘာ..."
"တစ်ယောက်ယောက်က စမ်းသပ်မှုကို အောင်မြင်ပြီးတော့ အစစ်အမှန်နတ်ဆိုးရဲ့ အသိအမှတ်ပြုမှုကို တကယ်ကြီး ရသွားတာလား..."
"အစစ်အမှန်နတ်ဆိုးအမွေခံတစ်ဦး တကယ်ပဲ မွေးဖွားလာခဲ့ပြီလား..."
"ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ မြန်မြန် မွေးဖွားလာနိုင်တာလဲ..."
"ငါက စမ်းသပ်နယ်မြေ ကိုတောင် မတွေ့သေးဘူး...အစစ်အမှန်နတ်ဆိုးအမွေခံက ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး မွေးဖွားလာနိုင်မှာလဲ..."
"ငါ အရှုံးမပေးနိုင်ဘူး..."
တောင်တန်းများကြားတွင် တစ်စုံတစ်ယောက်၏မျက်နှာအမူအယာ အလွန်အမင်း ရှုံမဲ့နေသည်။ သူသည် မလိုလားစွာဖြင့် အော်ဟစ်လိုက်၏။
ထို့ပြင် ဤဖြစ်ရပ်မျိုးသည် တစ်ခုတည်း မဟုတ်ချေ။
အလားတူ မြင်ကွင်းများက နတ်ဆိုးမြို့တော်တလျှောက် နေရာများစွာတွင် ဖြစ်ပေါ်နေခဲ့သည်။
နတ်ဆိုးမြို့တော်တွင် ရှိနေသူများအနက် အများစုမှာ အစစ်အမှန်နတ်ဆိုးအမွေအနှစ်အတွက် လာခဲ့ကြခြင်းပင်။
ထိုလူများအနက် မြောက်ပိုင်းဒေသ၏ အစွန်ဆုံး တောင်ဘက်ဖျားမှ တောင်များနှင့်မြစ်များ ထောင်ပေါင်းများစွာကို ဖြတ်ကျော်ကာ ရောက်ရှိလာသူများလည်း ပါဝင်ပေ၏။
ထို့ထက်ပို၍ နတ်ဆိုးမြို့တော်သို့ ဝင်ရောက်လာကတည်းက အစစ်အမှန်နတ်ဆိုးအမွေအနှစ် စမ်းသပ်နယ်မြေကို ရူးသွပ်စွာ ရှာဖွေနေခဲ့သူများလည်း ရှိနေသည်။
သို့သော် သူတို့၏စိတ်ဓာတ်များကို ပြိုလဲစေခဲ့သည်မှာ သူတို့သည် အရိပ်အယောင်လေး တစ်ခုကိုမျှ မတွေ့ရှိရသေးဘဲ ယခုချိန်၌ တစ်စုံတစ်ယောက်က စမ်းသပ်မှုကို အောင်မြင်သွားပြီး အစစ်အမှန်နတ်ဆိုးအမွေခံတစ်ဦး မွေးဖွားလာပြီဟု သူတို့ကို ပြောဆိုနေခြင်းပင်။
အချိန်တခဏသည်အထိ မရေမတွက်နိုင်သော လူများက ဤအချက်ကို လက်မခံနိုင်ဖြစ်နေခဲ့ကြသည်။
သူတို့သည် ရူးသွပ်နေသူများကဲ့သို့ ဖြစ်နေကြပေ၏။
အမှန်အားဖြင့် ဤသည်မှာ သူတို့၏အပြစ်မဟုတ်ချေ။
နတ်ဆိုးမြို့တော် ဆင်းသက်လာသည်မှာ အချိန်အတော်ကြာခဲ့သော်လည်း...
ပိုင်လင်းနှင့် ကံကောင်းမှုကြောင့်ဖြစ်စေ မတော်တဆ ရှာဖွေတွေ့ရှိမှုကြောင့်ဖြစ်စေ ကောင်းကင်လှေကားကို တွေ့ရှိခဲ့သည့် အစောဆုံး ယန်သုံးပါးနယ်ပယ် လေလွင့်ကျင့်ကြံသူမှလွဲ၍ မည်သူကမျှ စမ်းသပ်နယ်မြေကို မည်သည်ကြောင့် မမြင်တွေ့ခဲ့ရသနည်း...
အကြောင်းအရင်းမှာ အပျော်အပါး လိုက်စားပုံရသော ကြက်ပေါက်စတစ်တို့အုပ်စု၏ တိတ်တဆိတ် ဝင်ရောက်စွက်ဖက်မှုကြောင့်ပင်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် မူလကတည်းက နတ်ဆိုးမြို့တော်မှ ဖြစ်ကြသဖြင့် ဤသည်မှာ သူတို့၏ကိုယ်ပိုင်အိမ်တွင် ရှိနေသကဲ့သို့ ဖြစ်နေသည်။
တားမြစ်ကန့်သတ်ချက်များနှင့် ဝင်္ကပါတချို့ကို ဝင်ရောက်စွက်ဖက်ရန်မှာ သူတို့အတွက် မယုံနိုင်လောက်အောင် ရိုးရှင်းလှ၏။
...
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ ယာယီစခန်း၌...
နတ်ဆိုးခေါင်းဆောင်ငါးဦး သည် ချက်ချင်းဆိုသလိုပင် မိုးကောင်းကင်သို့ ပျံသန်းသွားကြ၏။
"ဝှစ်..."
"ဝှစ်..."
"ဝှစ်..."
...
ဝှစ်ခနဲ အသံငါးသံ ထွက်ပေါ်လာသည်နှင့်အမျှ နတ်ဆိုးခေါင်းဆောင်ငါးဦးသည် အသံထွက်ပေါ်ရာနေရာကို အခြေခံ၍ အစစ်အမှန်နတ်ဆိုးအမွေအနှစ်၏ တည်နေရာကို ရှာဖွေလိုခဲ့ကြသည်။
သို့သော် ဤအရာအားလုံး အချည်းနှီးဖြစ်လာရန် ကံကြမ္မာ၏ဖန်တီးခြင်းကို ခံထားရပေ၏။
နတ်ဆိုးစွမ်းအင်များက နတ်ဆိုးမြို့တော်တွင် တလိမ့်လိမ့်ထနေပြီး သူတို့၏အမြင်အာရုံနှင့် နတ်ဘုရားစိတ်အာရုံများကို ပိတ်ဆို့ဟန့်တားထားခဲ့သည်။
ထို့ပြင် အသံပိုင်ရှင်၏စွမ်းအားမှာ သူတို့ထက် မှန်းဆ၍မရနိုင်လောက်အောင် ပို၍မြင့်မားနေပေ၏။
ဤသည်မှာ ကြိုတင်စီစဥ်ထားသော ပုံရိပ်ယောင်အသံတစ်ခုသာ ဖြစ်သော်လည်း သူတို့သည် မည်သို့ အာရုံခံနိုင်မည်နည်း။
အချိန်အတော်ကြာ အချည်းနှီး ရှာဖွေပြီးနောက်...
သူတို့ငါးဦးသည် တည်ကြည်လေးနက်သော အမူအယာများဖြင့် အတူတကွ စုရုံးလိုက်ကြ၏။
အနီရောင်နတ်ဆိုးခေါင်းဆောင်ချီဖန်း၏ အမူအယာ သုန်မှုန်နေခဲ့သည်။ သူသည် မိုးကောင်းကင်ယံသို့ ကြည့်လိုက်ပြီး စကားတစ်လုံးချင်းစီ ပြောဆိုလိုက်သည်။
"ပြဿနာပဲ...ငါတို့ မမြင်ချင်ဆုံးအရာက ဖြစ်လာခဲ့ပြီ..."
အပြာရောင်နတ်ဆိုးခေါင်းဆောင်က အသက်ပြင်းပြင်းရှိုက်လိုက်သည်။
"ဒါက အစစ်အမှန်နတ်ဆိုးအမွေခံတစ်ဦး မွေးဖွားလာတယ်လို့ပဲ ပြောတာလေ...ဘယ်သူ ရသွားတယ်ဆိုတာကို မပြောဘူး..."
"ပိုင်လင်း ဖြစ်ချင်မှ ဖြစ်မှာပါ..."
"အခြေအနေတွေက ငါတို့ ထင်ထားသလောက် ဆိုးရွားချင်မှ ဆိုးရွားမှာပါ..."
သို့သော် ချီဖန်းက တိုက်ရိုက်ငြင်းဆိုလိုက်၏။
"အဲ့ဒီမိန်းကလေးပဲ ဖြစ်ရမယ်...သူ့ရဲ့သွေးကြော က ဘိုးဘေးအခြေအနေကို ပြန်ရောက်သွားပြီ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အစစ်အမှန် နတ်ဆိုးသွေးမျိုးဆက် ရှိတယ်..."
"သူတစ်ယောက်တည်းကသာ အစစ်အမှန်နတ်ဆိုးအမွေအနှစ်ရဲ့ တည်နေရာကို အာရုံခံနိုင်လိမ့်မယ်..."
"ဒီအချိန်မှာ ငါတို့က ကံကောင်းမှု တစ်စုံတစ်ရာကို မျှော်လင့်နေတဲ့စိတ်မျိုး နည်းနည်းလေးတောင် မထားသင့်ဘူး..."
"မဟုတ်ရင် ဒါက ငါတို့ရဲ့အသက်တွေကို မလေးစားရာ ကျလိမ့်မယ်..."
အနီရောင်နတ်ဆိုးခေါင်းဆောင်က တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
"ကြည့်ရတာတော့ ငါတို့က နောက်ဆုံးအစီအစဉ်ကိုပဲ စတင်ရတော့မယ် ထင်တယ်..."
ဤအချိန်ကာလအတွင်းတွင် လျှို့ဝှက်နယ်မြေများကို စူးစမ်းရှာဖွေခြင်းနှင့် အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရှာဖွေခြင်းတို့အပြင် အဆိုးဆုံး အခြေအနေအတွက်ကိုလည်း သူတို့ ကြိုတင်ပြင်ဆင်ထားခဲ့ကြသည်။
အကယ်၍ ပိုင်လင်းသာ အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရရှိသွားပါက သူမ ထွက်ပေါ်သည်နှင့် တစ်ပြိုင်နက် သူတို့သည် မိုးကြိုးကဲ့သို့ လျှင်မြန်ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ပေမည်။ သူတို့သည် သူမကို သတ်ဖြတ်ပြီး သူမ ကြီးထွားလာရန် အချိန်ပေးမည် မဟုတ်ချေ။
အကယ်၍ သူတို့ ကျရှုံးပါက မြို့ပြင်ရှိ ကူးပြောင်းရေးဝင်္ကပါသည် သူတို့၏ နောက်ဆုံး ဆုတ်ခွာရာလမ်းကြောင်း ဖြစ်လာပေလိမ့်မည်။
အချိန်တခဏကြာ ဆွေးနွေးပြီးနောက် သူတို့အားလုံး သဘောတူညီချက်တစ်ခုကို ရရှိခဲ့ကြသည်။
သူတို့ ဆက်လုပ်ရန်မှာပြီးပြည့်စုံသော တပ်ဖြန့်မှုဖြစ်ပြီး သက်တောင့်သက်သာ စောင့်ဆိုင်းကာ ပိုင်လင်း ထွက်ပေါ်လာမည့်အချိန်တွင် သူမနှင့် စာရင်းရှင်းရန်ပင်။
ထိုအချိန်မှာပင် ချီဖန်း က မျက်ခုံးပင့်ပြီး ပြောဆိုသည်။
"ငါ မျက်ခုံးတွေ တော်တော်လှုပ်နေတယ်... ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်လာတော့မယ်လို့ ငါ အမြဲတမ်း ခံစားနေရတယ်..."
"ဖြစ်နိုင်ခြေရှိတဲ့ မတော်တဆမှုတွေနဲ့ ပြောင်းလဲမှုတွေ အားလုံးကို ငါတို့ သေချာစဉ်းစားရမယ်..."
ဤသည်ကို ကြားချိန်၌ တခြားနတ်ဆိုးခေါင်းဆောင်များက အဓိပ္ပာယ်ရှိသည်ဟု ခံစားမိပေ၏။
သူတို့သည် လစ်ဟာနေမှုများကို စတင်၍ စစ်ဆေးပြီး လိုအပ်ချက်များကို ဖြည့်ဆည်းလိုက်ကြသည်။
သူတို့သည် အရေးပေါ်တုံ့ပြန်မှု နည်းလမ်းအမျိုးမျိုးကို ပြင်ဆင်ခဲ့ကြသည်။
နောက်ဆုံးတွင် ချီဖန်းက မေးခွန်းတစ်ခုကို မေးမြန်းလိုက်သည်။
"ကူးပြောင်းရေးဝင်္ကပါက ငါတို့ရဲ့ နောက်ဆုံး ဆုတ်ခွာလမ်းကြောင်းနဲ့ သက်ဆိုင်တယ်...ဒါကက လုံးဝစိတ်ချရဖို့ လိုတယ်..."
"ဘယ်သူ သွားစစ်ဆေးချင်လဲ..."
အပြာရောင်နတ်ဆိုးခေါင်းဆောင်က ပြောဆိုသည်။
"ကူးပြောင်းရေးဝင်္ကပါကို အစိမ်းရောင်နတ်ဆိုး သွေးမျိုးဆက်က စောင့်ကြပ်နေတာ...ဒါက လုံခြုံမှာပါ..အဲ့ဒီလို လုပ်ဖို့ မလိုပါဘူး..."
သို့သော် အနီရောင်နတ်ဆိုးခေါင်းဆောင်က ခေါင်းခါယမ်းလိုက်၏။
"သတိထားတာက ဘေးကင်းတာရဲ့ မိဘလို့ ဆိုကြတယ်လေ...လူတစ်ယောက်ရဲ့အသက်နဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လာရင် ဘယ်တော့မှ အလွန်အကျွံ သတိထားလွန်းတယ်ဆိုတာ မရှိဘူး..."
"ငါ သွားလိုက်မယ်..."
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ ယာယီ အစည်းအဝေးသည် အနီရောင်နတ်ဆိုး ခေါင်းဆောင် ထွက်ခွာသွားခြင်းနှင့်အတူ အဆုံးသတ်သွားခဲ့သည်။