ကူးပြောင်းသူ
Vol. 30 Ch. 297
တစ်ချိန်တည်းမှာပင်...
နတ်ဆိုးနန်းတော်၌...
ကြီးကျယ်ခမ်းနားသော ကောင်းကင်ဘုံအသံကို ကြားလိုက်ရချိန်တွင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးထံ၌ အတွေးများစွာဖြင့် ပြည့်နှက်သွားခဲ့သည်။
ဝေဝါးမှုများကြားတွင် သူတို့သည် လောကကြီးကို အောင်နိုင်ရန် သူတို့၏သခင်နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသည့် နှစ်များဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့၏လက်အောက်ရှိ လက်အောက်ငယ်သား တစ်စုကမူ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြ၏။
"အစစ်အမှန် နတ်ဆိုးအမွေခံတစ်ဦး ဖြစ်လာဖို့ဆိုတာ ထူးခြားတဲ့ အရည်အသွေးတွေ ရှိဖို့ လိုတယ်...အဲ့ဒီလူက ဘယ်သူဖြစ်မယ်လို့ မင်းတို့ ထင်လဲ..."
သတင်းများကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းရင်း လူတစ်စု စုရုံးနေခဲ့ကြသည်။
"အဲ့ဒါက မေးခွန်းထုတ်စရာ လိုသေးလို့လား... သခင်မလေးပိုင်လင်းပဲ ဖြစ်မှာပေါ့..."
"သူ့ရဲ့သွေးမျိုးဆက်က ဘိုးဘေးအခြေအနေကို ပြန်ရောက်သွားပြီးတော့....သူ့မှာ အစစ်အမှန်နတ်ဆိုးသွေးမျိုးဆက် ရှိတယ်ဆိုတာ လူတိုင်း သိထားကြတယ်..."
"အစစ်အမှန် နတ်ဆိုးအမွေအနှစ်ကိစ္စမှာ သူက အားသာချက် တစ်ခု ရှိတယ်..."
"ပြီးတော့ ငါတို့ရဲ့သခင်နဲ့ သခင်မလေးပိုင်လင်း တို့ကြားမှာ ရှုပ်ထွေးတဲ့ ဆက်ဆံရေး ရှိတယ်လို့ ငါ ကြားထားတယ်..."
တစ်စုံတစ်ယောက်က ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
"သခင်က ပိုင်လင်းနဲ့ ဆက်ဆံရေး ရှိတာက သူ အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရရှိတာနဲ့ ဘယ်လို ဆက်စပ်နေတာလဲ..."
"ဟီး ဟီး... မင်း ဒီအကြောင်းကို သိမှာမဟုတ်ဘူး...ငါတို့ရဲ့သခင်က အစစ်အမှန် နတ်ဆိုးသခင်လေ..."
"နတ်ဆိုးမြို့တော်တစ်ခုလုံးက သခင် ပိုင်တာ... ပြီးတော့ အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကိုတောင် သူ ချန်ထားခဲ့တာ...ဒီကိစ္စမှာ ဆက်စပ်မှု ရှိမယ်လို့ မင်း ထင်လား..."
"ရှီး..."
ဤသတင်းကိုကြားချိန်၌ လူများအားလုံး အသက်ရှူမှားသွားကြသည်။
ယခုအချိန်၌ နတ်ဆိုးနန်းတော်တွင် အဖွဲ့ဝင် များစွာ ရှိနေသော်လည်း သူတို့၏နောက်ခံများမှာ ရှုပ်ထွေးလှသည်။
နတ်ဆိုးနန်းတော်တွင် လျှို့ဝှက်ဆန်းကြယ်သော သခင်ကျုံးချင် ရှိကြောင်းကို လူအများစုက သိရှိထားကြ၏။
သို့သော် ကျုံးချင်၏သရုပ်မှန်နှင့် ပတ်သက်၍ အမှန်တကယ် သိရှိထားသူမှာ အလွန်နည်းပါးသည်။
ယခုအချိန်၌ သူသည် နတ်ဆိုးသခင် ပြန်လည်ဝင်စားခြင်း ဖြစ်ကြောင်း ကြားသိရချိန်၌ သူတို့အားလုံး မှင်တက်သွားခဲ့ကြ၏။
ကောင်းကင်နတ်ဘုရားတောင်၏ ဂိုဏ်းချုပ်လင်းထျန်းသည် ဤသတင်းကို ကြားချိန်၌ ထပ်တူထပ်မျှ အံ့အားသင့်သွားခဲ့သည်။
ပိုင်လင်း၏သွေးမျိုးဆက်သည် ဘိုးဘေးအခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနှင့် သူမ အကြား၌ ပဋိပက္ခတစ်ခု ဖြစ်ပွားလာခဲ့သည်။ ဤသည်က မြောက်ပိုင်းဒေသတစ်ခုလုံးကို ကြီးမားသော ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်စေခဲ့ပြီး သူပင်လျှင် ထိုအကြောင်းကို ကြားသိခဲ့ပေ၏။
ဤအချိန်၌ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် နတ်ဆိုးနန်းတော်ကို မည်သည်ကြောင့် အပြစ်ပြုမိခဲ့သည်ကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့လေပြီ။
အကယ်၍ ပိုင်လင်းသည် သခင်ကျုံးချင်နှင့် ရှုပ်ထွေးသော ဆက်ဆံရေး ရှိခဲ့ပါက ဆက်စပ်ကြည့်လိုက်လျှင် အရာအားလုံး အဓိပ္ပါယ်ရှိသွားလေပြီ။
တစ်ချိန်တည်းမှာပင် နတ်ဆိုးနန်းတော်သို့ အညံ့ခံခဲ့သည့်အတွက် အလွန်ကံကောင်းသည်ဟု သူ မခံစားဘဲ မနေနိုင်ခဲ့ချေ။
နတ်ဆိုးသခင်သည် မည်ကဲ့သို့ လူစားမျိုး ဖြစ်သနည်း...
သူသည် တစ်ချိန်က မြောက်ပိုင်းဒေသတွင် ဒဏ္ဍာရီတစ်ခု ဖြစ်ခဲ့သည်။
ခေတ်တစ်ခေတ်တွင် မြောက်ပိုင်းဒေသကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦး...
နတ်ဆိုးသခင်၏ ဒဏ္ဍာရီလာ ဇာတ်လမ်းများကို နားထောင်ရင်း သူ ကြီးပြင်းလာခဲ့ရခြင်း ဖြစ်ပေ၏။
ယခုချိန်၌ နတ်ဆိုးသခင်၏ အင်အားစုထဲသို့ ဝင်ရောက်ခွင့်ရသည့် ကံကောင်းမှုမျိုး ရှိလာခဲ့ရာ သူသည် သေစေနိုင်သော ဘေးဒုက္ခတစ်ခုကို ရှောင်ရှားနိုင်ခဲ့ရုံသာမက...
သူ၏ အနာဂတ်အောင်မြင်မှုများသည် သာမန် ကောင်းကင်နတ်ဘုရားတောင် ဂိုဏ်းချုပ်တစ်ဦးနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ဖြစ်လာလိမ့်မည်ဟု သူ ကြိုတင်ခံစားသိရှိနေခဲ့သည်။
အချိန်တခဏကြာသည်အထိ သူ၏စိတ်နှလုံးသားသည် အနည်းငယ် လှုပ်ရှားနေပေ၏။
အကယ်၍ အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို မရရှိနိုင်ခဲ့ခြင်းအတွက် သူ ယခင်က နောင်တတချို့ကို ခံစားခဲ့ရလျှင်...
ယခု၌မူ သူ အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေပုံရသည်။
အစစ်အမှန်နတ်ဆိုးအမွေအနှစ်သည် ကောင်းမွန်သော်လည်း နတ်ဆိုးသခင် ၏ အင်အားစုထဲသို့ ဝင်ရောက်ခြင်းကလည်း ဆိုးရွားသော ကိစ္စတစ်ရပ် မဟုတ်ချေ။
...
ပိုင်လင်းသည် အစစ်အမှန်နတ်ဆိုးအမွေခံ ဖြစ်လာခြင်းက မရေမတွက်နိုင်သော စိတ်နှလုံးသားများကို ထိခိုက်စေသည့် လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုနိုင်ပေ၏။
လူအများစုမှာ မနာလိုဖြစ်ပြီး အားကျနေခဲ့ကြသည်။
လူတချို့ထံတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
လူတချို့က အကျိုးအကြောင်းကို စောင့်ကြည့်နေခဲ့ကြသည်။
လူတချို့ကမူ စိတ်သက်သာရာရသွားသော အမူအယာများကိုပင် ပြသနေခဲ့ကြ၏။
တောင်တန်းကြားရှိ တောအုပ်တစ်ခုထဲတွင် ကျုံးချင်သည် ကျောက်ဆောင်တစ်ခုပေါ်တွင် မတ်တတ်ရပ်နေသည်။ သူ၏မျက်လုံးအကြည့်သည် တည်ကြည်လေးနက်နေကာ အစစ်အမှန်နတ်ဆိုးအမွေအနှစ်ရှိရာအရပ်သို့ လှမ်းကြည့်နေခဲ့သည်။
သူ၏ မှုန်တေတေဖြစ်နေသော စိတ်အခြေအနေမှာ နောက်ဆုံးတွင် သုံးပုံတစ်ပုံခန့် တိုးတက်လာခဲ့သည်။
ပိုင်လင်းနှင့်သူ သိကျွမ်းခဲ့သည့် အချိန်ကို အမှန်တကယ် တွက်ကြည့်လျှင် သိပ်မကြာသေးချေ။
သို့သော် ဤတပည့်ကို လက်ခံရန် အချိန်အတော်ကြာ ယူခဲ့ရသည်ဟု သူ အမြဲတစေ ခံစားနေခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦးကြားရှိ ဆရာတပည့် ဆက်ဆံရေးသည် ပြီးပြည့်စုံသော အဆုံးသတ်တစ်ခု ရရှိရန် အချိန်သိပ်ကြာတော့မည် မဟုတ်ကြောင်း ယခု မြင်တွေ့ရသည်။
ထို့ပြင် ပိုင်လင်းကို သူ၏တပည့်အဖြစ် ထားရှိခြင်းဖြင့် သူ၏စွမ်းအားမှာ အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဟု သူ ယုံကြည်ထားပေ၏။
"အဲ့ဒီအချိန်ကျရင် ငါ့ရဲ့ ကျင့်ကြံဆင့်နယ်ပယ် ကို ဘယ်အဆင့်ထိ တွန်းပို့ပေးနိုင်မလဲဆိုတာ ငါ မသိဘူး..."
ဤသည်ကို တွေးမိချိန်၌ ကျုံးချင်၏မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာခဲ့သည်။
လူများအားလုံး ဆွေးနွေးနေပြီး တွေးတောနေကြသော ပိုင်လင်းသည် အချိန်တခဏကြာ အနားယူကာ သူမ၏အခြေအနေကို ချိန်ညှိပြီးနောက် ကျောက်တံခါးကြီး၏ရှေ့သို့ ရောက်ရှိနေလေပြီ။
ပေတစ်ရာမြင့်သော ကျောက်တံခါးကြီးမှာ အလွန်မြင့်မားပြီး ခမ်းနားကြီးကျယ်ပုံရသည်။
ဤသည်မှာ ရှေးဟောင်းဆန်ကာ ခြောက်ကပ်ပြီး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်နေပေ၏။
ထိုအရာအတွင်းတွင် မှော်သင်္ကေတအက္ခရာများ ထူထပ်သိပ်သည်းစွာ ရှိနေပြီး လမ်းကြောင်းတစ်ခုကို ဖွဲ့စည်းထားသည်။
ထိုလမ်းကြောင်းသည် နက်ရှိုင်းပြီး ရှည်လျားကာ အဆုံးသတ်ကို မမြင်တွေ့နိုင်ချေ။
ထိုအရာသည် တခြားကမ္ဘာတစ်ခုနှင့် ဆက်သွယ်ထားပုံ ရနေပေ၏။
အစစ်အမှန်နတ်ဆိုးအမွေအနှစ်အပြင် တံခါး၏ အနောက်တွင် တခြားအန္တရာယ်များ ရှိနေမည်ဟုတ်မဟုတ်ကို သူမ မသိခဲ့ချေ။
သို့သော် ဤအဆင့်ထိ ရောက်လာပြီဖြစ်ရာ ယခုချိန်၌ နောက်ဆုတ်ရန် အကြောင်းပြချက် လုံးဝမရှိတော့ချေ။
ဤသည်ကို တွေးမိချိန်၌...
ပိုင်လင်းသည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး ကျောက်တံခါးကြီးထဲသို့ ပြတ်ပြတ်သားသားနှင့်လျှင်မြန်စွာ လျှောက်လှမ်းလိုက်သည်။
ကျောက်တံခါးကြီးကို ဖြတ်သန်းပြီး သူမသည် လမ်းကြောင်းထဲသို့ ဝင်ရောက်သွားပေ၏။
သူမ၏နံဘေးပတ်ဝန်းကျင်ရှိ အချိန်နှင့်လေဟာနယ် တွန့်လိမ်ပုံပျက်သွားသည်ကိုသာ ပိုင်လင်း ခံစားလိုက်ရသည်။
သူမသည် အချိန်မည်မျှကြာအောင် ခရီးသွားခဲ့ရသည်ကို သူမ မသိတော့ချေ။
ကြယ်များရွေ့လျားပြီး စကြာဝဠာ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားသည်နှင့်အမျှ သူမသည် ထူးဆန်းသော နယ်မြေတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ မှင်တက်သွားခဲ့သည်။
ဤသည်က မည်ကဲ့သို့ နေရာမျိုး ဖြစ်သနည်း...
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မိုးကောင်းကင်ယံကြီး ပြိုကျနေခဲ့ကာ မြေပြင်သည် အက်ကွဲနေပေ၏။
ကြယ်အပျက်အစီးများက မြေပြင်ပေါ်တွင် မျောလွင့်နေခဲ့သည်။
ကောင်းကင်ဥပဒေသသည် ကျိုးပဲ့နေပြီး လေဟာနယ်မုန်တိုင်းများက နေရာအနှံ့အပြား၌ ထကြွသောင်းကျန်းနေခဲ့သည်။
မြေပြင်ပေါ်တွင် စိတ်ဝိညာဉ်ပုံရိပ်ယောင်တစ်ခု မျောလွင့်နေခဲ့သည်။
ဤစိတ်ဝိညာဉ်ပုံရိပ်ယောင်သည် ပေတစ်သောင်းခန့် မြင့်မားပေ၏။
သူ၏ခေါင်းပေါ်တွင် ဦးချိုနှစ်ချောင်းရှိပြီး မျောက်ဝံတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်နှင့် မကောင်းဆိုးဝါး စိတ်ဝိညာဉ်တစ်ကောင်ကဲ့သို့ အစွယ်များ ရှိနေသည်။
သူ၏အမွှေးများသည် ထူထပ်ပြီး သူ၏ အသွင်အပြင်မှာ ကြမ်းတမ်းလှသည်။
ဤသည်မှာ ထိတ်လန့်ဖွယ်ကောင်းသော အမြင့်မြတ်ဆုံး နတ်ဆိုးသားရဲကြီးတစ်ကောင်ပင်။
သူ ထုတ်လွှတ်ထားသော အရှိန်အဝါသက်သက်ဖြင့်ပင် ထာဝရမိုးကောင်းကင်ယံကို တုန်ခါသွားစေနိုင်စွမ်း ရှိပုံရသည်။
ပိုင်လင်းသည် အံ့အားသင့်မှင်တက်သွားပေ၏။
"ဒါက အစစ်အမှန်နတ်ဆိုးလား..."
"အရမ်းစွမ်းအားကြီးတာပဲ..."
သူမ၏မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
အကြွင်းအကျန်စိတ်ဝိညာဉ်သက်သက်ဖြင့်ပင် ကောင်းကင်နှင့်မြေပြင်ကို ခြေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။
သူ၏ အထွတ်အထိပ်အချိန်တွင် မည်မျှထိ စွမ်းအားကြီးမားမည်ကို စိတ်ကူးယဥ်တွေးတောကြည့်ရန်ပင် ခက်ခဲလှသည်။
ထိုသို့ဆိုသည့်တိုင် ဤမျှထိ စွမ်းအားကြီးမားသော တည်ရှိမှုက မြေပေါ်တွင် လွင့်မျောနေသော အကြွင်းအကျန်စိတ်ဝိညာဉ်တစ်ခုအဖြစ်သာ ပြောင်းလဲသွားနိုင်ခဲ့သည်။
ထိုအချိန်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြီး မည်မျှထိ အံ့အားသင့်ဖွယ်ကောင်းမည်ကို စိတ်ကူးယဥ်တွေးတောကြည့်ရန်ပင် ခက်ခဲပေ၏။
ထို့ပြင် အစစ်အမှန်နတ်ဆိုးကို တိုက်ခိုက်ခဲ့သူသည် မည်မျှထိ ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားခဲ့သနည်း....
ထိုတိုက်ပွဲက ကပ်ဘေးတစ်ခု ဖြစ်ခဲ့မည်မှာ သေချာပေါက်ပင်။
မြေပြင်ပေါ်တွင် မတ်မတ်ရပ်တည်နေသော ကြယ်အပျက်အစီးများက ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် ကြယ်များကို လိုက်လံဖမ်းဆီးနိုင်ကာ နေမင်းကြီးကို လိုက်လံရှာဖွေနိုင်ပြီး ကြယ်မြစ်များကို ဖျက်ဆီးနိုင်သည့် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း သက်သေပြနိုင်သည်။
ထိတ်လန့်တုန်လှုပ်မှုအပြီးတွင် ပိုင်လင်းသည် ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်ကို မမေ့ခဲ့ချေ။
သူမသည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရယူရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်ပေ၏။
သို့သော် အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို သူမ မည်သို့ ရယူရမည်နည်း။
သူမသည် မြေပြင်ပေါ်ရှိ ပေတစ်သောင်း မြင့်သော စိတ်ဝိညာဉ်ပုံရိပ်ယောင်ကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။
သူသည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်၏ အဓိကသော့ချက် ဖြစ်ပေမည်။
ထိုအချိန်မှာပင်...
စိတ်ဝိညာဉ်ပုံရိပ်ယောင်ထံမှ နတ်ဘုရားအလင်းတန်းတစ်ခု ပွင့်အံ့ထွက်လာခဲ့သည်။
ထိုနတ်ဘုရားအလင်းတန်းသည် မျက်စိကျိန်းလောက်အောင် စူးရှတောက်ပပေ၏။
ထို့နောက် စိတ်ဝိညာဥ်ပုံရိပ်ယောင်သည် လူသားပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပိုင်လင်း ထံသို့ အေးအေးလူလူ လျှောက်လှမ်းလာခဲ့သည်။
သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ဆံပင်ရှည်များကို စည်းနှောင်ထားသည်။ သူ၏ပုံရိပ်သည် အရပ်ရှည်ပြီး ပေါ့ပါးသွက်လက်နေပေ၏။
သူ၏မျက်လုံးများသည် ကြယ်မြစ်တစ်စင်းကဲ့သို့ စူးရှတောက်ပနေပြီး သူ၏အမူအယာ ညင်သာသိမ်မွေ့နေသည်။
သူသည် စွမ်းအားကြီးမားပြီး လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။
သူ ခြေလှမ်းလှမ်းလိုက်သည်နှင့်အမျှ ကောင်းကင်နှင့်မြေပြင်က အညံ့ခံတော့မည့်ကဲ့သို့ ဖြစ်နေပြီး ပတ်ဝန်းကျင်ရှိ ဥပဒေသများက ဒူးထောက်တော့မည့်အလား ဖြစ်နေခဲ့သည်။
ဤသည်မှာ သူမ စိတ်ကူးယဥ်တွေးတောကြည့်၍ မရနိုင်သော တည်ရှိမှုတစ်ခုပင်။
အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို ဖော်ပြရန် စကားလုံးတစ်လုံးကို အသုံးပြုရမည်ဆိုလျှင်...
ဤသည်မှာ မြင့်မြတ်ခြင်းသာ ဖြစ်ပေလိမ့်မည်။
သူသည် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် မြင့်မြတ်ပြီး ကောင်းကင်နှင့် မြေပြင်က သူ့ကို ရိုသေလေးစားကာ အရာအားလုံးက သူ၏နောက်သို့ လိုက်သင့်သည့်အလားပင်။
ဤလူကို မြင်တွေ့ရသည့် အချိန်အခိုက်အတန့်တွင် ပိုင်လင်း၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်သွားခဲ့သည်။
"ရှင်က နတ်ဆိုးသခင် မဟုတ်ဘူး... ရှင်က ဘယ်သူလဲ..."
နတ်ဆိုးသခင်သည် နတ်ဆိုးမျိုးနွယ်ဝင် သက်ရှိတစ်ဦးသာဖြစ်ပြီး လူသားတစ်ဦး မဟုတ်ချေ။
ထို့ပြင် နတ်ဆိုးမျိုးနွယ်သည် အလွန် မာနကြီးသော မျိုးနွယ်စုပင်။
သူတို့သည် မရေမတွက်နိုင်သော ပုံစံများအဖြစ် ပြောင်းလဲနိုင်လျှင်ပင် လူသားပုံစံဖြင့် လောကကြီးတွင် လမ်းလျှောက်ခြင်းကို အထင်အမြင်သေးကြသည်။
ထို့ကြောင့် ဤလူသည် သေချာပေါက် နတ်ဆိုးသခင် မဟုတ်ကြောင်း ပိုင်လင်း က ကောက်ချက်ချလိုက်၏။
သို့သော် သူမကို ထိတ်လန့်သွားစေခဲ့သည်မှာ...
ဤနေရာသည် အစစ်အမှန်နတ်ဆိုးအမွေအနှစ် မြေဖြစ်ပြီး နတ်ဆိုးသခင်၏သင်္ချိုင်းနေရာလည်း ဖြစ်ပုံရသည်။
တခြားလူတစ်ဦး ဤနေရာတွင် ထွက်ပေါ်လာခဲ့ရာ နတ်ဆိုးသခင် မဟုတ်လျှင် မည်သူ ဖြစ်မည်နည်း...
ထိုအချိန်က နတ်ဆိုးသခင် ကို သုတ်သင်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုကြီး ဖြစ်နိုင်သလော...
ပိုင်လင်းထံတွင် သံသယများနှင့်မသေချာမှုများ ပြည့်နှက်နေချိန်မှာပင်...
အဖြူရောင်ဝတ်ရုံရှင်သည် သူမထံသို့ ချဉ်းကပ်လာခဲ့လေပြီ။
သူ၏မျက်လုံးများသည် နက်ရှိုင်းနေပြီး တစ်စုံတစ်ခုကို ပြန်လည်၍ အမှတ်ရနေသည့်အလားပင်။
အချိန်အတော်ကြာပြီးနောက် သူက ပြောဆိုလိုက်သည်။
"ငါက နတ်ဆိုးသခင်ပါ...ဒါပေမဲ့ ငါက နတ်ဆိုးသခင် မဟုတ်ဘူး..."
"မင်း ငါ့ကို ကူးပြောင်းသူလို့ ခေါ်လို့ရတယ်..."