← Chapters

ဆုံးဖြတ်ချက်ခိုင်မာခြင်း

Vol. 5 Ch. 435

ဆုံးဖြတ်ချက်ခိုင်မာခြင်း

Vol. 5 Ch. 435

ယွမ်ကျိုးနယ်သည် အကြီးအကျယ် ပျက်စီးလျက် ရှိချေပြီ။

နှစ်ဝက်အတွင်းတွင် တာအိုကျင့်ကြံသူ သုံးပုံတစ်ပုံ သေဆုံးခဲ့ကြရပြီး အနောက်ဘက်နှင့် မြောက်ဘက် ကန္တာရဆီမှ နတ်မိစ္ဆာများလည်း မရေမတွက် နိုင်အောင် သတ်ဖြတ် ခံခဲ့ကြရလေသည်။

ကျင့်ကြံသူလောကတွင် သွေးချောင်းစီးခဲ့ရပြီး သက်ရှိ သတ္တဝါများ၏ အသွေးကို အသုံးပြုကာ အမှောင်မိစ္ဆာ ဂိုဏ်းသည် မိုးနှင့်မြေတွင် ခြေမဆန့်နိုင်သည့် နေရာဟူ၍ မရှိသလောက်ပင် ဖြစ်လေသည်။

အမှောင်မိစ္ဆာ ဂိုဏ်းမှာလည်း တဖြည်းဖြည်း အင်အားကြီးမားလာခဲ့သည်။

ထိုသို့ အသွေးကို အသုံးပြုကာ မိုးမြေတစ်ခွင် ခြေဆန့်ခြင်းသည် ရှေးဟောင်း ဒဏ္ဍာရီများတွင် ရှိသည့် မိစ္ဆာကျင့်စဉ် တစ်မျိုး ဖြစ်လေသည်။ သတ္တဝါများ ဒုက္ခရောက်မည်ကို စိတ်ပူသောကြောင့် ရှေးခေတ်ကျင့်ကြံသူများက ထိုကျင့်စဉ်ကို ကန့်သတ် ထားခဲ့ကြသည်။

သို့သော် ယန်ရွှီးကတော့ သတ္တဝါများ၏ အသွေးဖြင့် သွေးကန် တစ်ခု တည်ဆောက်ထားကာ သူဖြစ်လိုသည်များ အားလုံးကို ပြုလုပ်ခဲ့လေသည်။ အမှောင်မိစ္ဆာဂိုဏ်း၏ အင်အားကို ပိုမို ကြီးထွားစေပြီး ကျင့်ကြံသူ လောကတွင် အမြစ် တွယ်စေခဲ့သည်။

အမှောင်မိစ္ဆာဂိုဏ်းသည် သွေးကန် အကြောင်းကို ထုတ်ဖော် ပြောကြား လိုက်သည့်အခါ ဗုဒ္ဓဘာသာဂိုဏ်းများရော တာအိုဝါဒဂိုဏ်များမှာ အလွန် ကြောက်လန့် ခဲ့ကြလေသည်။ အဘယ်ကြောင့် ဆိုသော် ထိုသွေးကန်ကို အသုံးပြုကာ ယန်ရွှီးသည် နေရာဒေသမရွေး၊ လူမျိုးမရွေးကို ထိန်းချုပ် နိုင်မည် ဖြစ်လေသည်။

ကျင့်ကြံသူလောကရှိ ကျန်ရှိနေသေးသည့် ကျင့်ကြံသူများမှာလည်း နေ့စဉ် အိပ်မက်ဆိုးများ မက်လျက် ရှိလေတော့သည်။

သူတို့သည် အမှောင်မိစ္ဆာ ဂိုဏ်းအတွင်းသို့ ဝင်ခဲ့လျှင်တောင်မှ သူတို့ အသက်အတွက် အာမခံချက် မရှိပေ။

အဘယ်ကြောင့်ဆိုသော် အမှောင်မိစ္ဆာ ဂိုဏ်းအတွင်းတွင် အလွန် ရက်စက်ကြမ်းကြုတ်သည့် ယှဉ်ပြိုင်မှုများကို ပြုလုပ်လေ့ရှိပြီး စဉ်ဆက်မပြတ် အသက်ရှင်သန်ရန် အတွက် ရုန်းကန် နေကြရလေသည်။

ယွမ်ကျိုးနယ်သည် အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုကို အလွန် လေးစားခဲ့သော်လည်း ယခု ပြဿနာတွင် အဓိက နတ်ဘုရား ကျောင်းတော်ကြီးများက ပါဝင် ပတ်သက်ခြင်း မရှိဘဲ လက်ရှောင် နေခဲ့ကြလေသည်။

အမှောင် နတ်မိစ္ဆာဂိုဏ်း၏ သင်ကြားမှုပုံစံမှာ ဂိုဏ်းကို တည်ထောင်သူ ယန်ရွှီး၏ အတွေးအခေါ်များပင် ဖြစ်လေသည်။ ဆုံးဖြတ်ချက် ပြင်းထန်ပြီး လက်မရွံ့ သတ်ဖြတ် ကြသည်။ ဂိုဏ်းပေါင်းများစွာကို ဖျက်ဆီး ခဲ့ကြသည်။

အကြမ်းဖက်မှုများမှာ တစ်နေ့တခြား များပြား လာခဲ့လေသည်။

ဆုပေးဒဏ်ပေး စနစ်က ပြင်းထန် လွန်းသည့်အတွက် ဂိုဏ်းသားများသည် ယန်ရွှီး ညွှန်ကြားသည့်အမိန့်ကို တစ်သွေမတိမ်း လုပ်ဆောင်ကာ လူအများကို ညှင်းဆဲ သတ်ဖြတ် ကြလေသည်။

ယွမ်ကျိုးနယ် တစ်ခုလုံးသည် ရှုတ်ထွေးလျက် ရှိလေသည်။

မရေမတွက်နိုင်အောင် များပြားလှသော လူများသည် အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံကြရလေသည်။  လူအများသည် များစွာ တုန်လှုပ် ချောက်ချား နေကြပြီး ငြိမ်းချမ်းသော နေ့ရက်များကို တောင့်တလျက် ရှိကြလေသည်။

လူအများသည် ယန်ရွှီးနှင့် ယှဉ်ပြိုင်နိုင်သည့်သူ တစ်ယောက်သာ ရှိသည်ဟု မျှော်လင့် ထားကြတော့သည်။

"ဆန်းချင်းရှသာ မကယ်လျှင် လူသားများ အားလုံး ဒုက္ခရောက်တော့မည်"

ထိုစကားမှာလည်း ပျံ့နှံ့သည်ထက် ပျံ့နှံ့နေပြီ ဖြစ်လေသည်။

ကျင့်ကြံသူများသည် ချင်းရွှမ်နတ်တံခါးတွင် ခိုလှုံရန်အတွက် အရှေ့ပင်လယ်ဆီသို့ ထွက်ပြေး လာကြပြီး နန်ခယ်မြို့ အပြင်ဘက်တွင် ခိုလှုံနေကြလေသည်။

ဆန်းလျန်သည် လာမည့်နှစ်၊ သုံးလပိုင်းတွင် အမှောင်မိစ္ဆာ ဂိုဏ်းချုပ်ကို လင်ထိုင် ဖန်းကျွမ်းတွင် ရင်ဆိုင်ကြရန် ဖိတ်ကြား လိုက်လေတော့သည်။

ဆန်းလျန်၏ အပြုအမူက ကျင့်ကြံသူများ အားလုံးကို စိတ်သက်သာရာ ရစေလေသည်။

ဆန်းလျန်၏ စိန်ခေါ်မှုကို ယန်ရွှီးက လက်ခံပြီးသွားသည်နှင့် အမှောင်မိစ္ဆာဂိုဏ်း၏ လှုပ်ရှားမှု များမှာလည်း သိသိသာသာ လျော့ကျ သွားလေသည်။

ကျင့်ကြံသူ အားလုံးသည် ချင်းရွှမ်နတ်တံခါးမှ မျိုးဆက် တစ်ခုချင်းစီ၏ ပါရမီရှင် နှစ်ယောက်၏ စိန်ခေါ်ပွဲကို စောင့်မျှော်နေကြပြီ ဖြစ်လေသည်။

"သူရဲကောင်းများက အခြေအနေဆိုးများကို ပြန်လည် တည်ဆောက် ခဲ့ကြတယ်၊ ဘုရင်တွေကတော့ တိုင်းပြည်တွေကို ပြန်လည် တည်ဆောက် ခဲ့ကြတယ်၊ သူတော်စင်တွေကတော့ အတွေးအခေါ် တွေနဲ့ ဘာသာ တရားတွေကို တည်ဆောက်ကြတယ်"

ဆန်းလျန်က ထိုက်ယီတောင်ထိပ်ရှိ သူ၏ တာအို ကျောင်းဆောင်လေးထဲတွင် ချန်ကျင်းချင်ကို သင်ကြား ပေးနေခြင်း ဖြစ်လေသည်။

"အမှောင်မိစ္ဆာ ဂိုဏ်းချုပ်ကတော့ မိစ္ဆာနတ်ဘုရား တစ်ပါးပဲ မဟုတ်လား"

ချန်ကျင်းချင်က စိတ်ရှုပ်ထွေးစွာဖြင့် ဆန်းလျန်ကို မေးခွန်းထုတ်သည်။

ဆန်းလျန်က စာလိပ် တစ်ခုတွင် စုတ်တံဖြင့် စာရေးနေရင်း…

"မိစ္ဆာနတ်ဘုရားပဲ ဖြစ်ဖြစ်၊ သူတော်စင်ပဲ ဖြစ်ဖြစ် ခြားနားချက် သိပ်မရှိလှပါဘူး၊ အဓိကက စိတ်ဓာတ် ပြောင်းလဲဖို့ လိုတယ်"

“ဒါဆို ဆရာကရော သူတော်စင် တစ်ပါးလား”

ချန်ကျင်းချင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

ဆန်းလျန်သည် တပည့်ငယ်ကို နောက်ချင် ပြောင်ချင်လာမိပြီး ရယ်မော လိုက်မိလေသည်။

“ဆရာက လူသားလေ”

ချန်ကျင်းချင်က…

“ကျွန်တော် စိတ်ရှုပ်လာပြီ၊ တခြားသူတွေ ပြောကြတာက ဆရာက နတ်ဘုရား တစ်ပါးတဲ့၊ အခုကျ ဘာလို့ လူသားလို့ ပြောရတာလဲ"

ဆန်းလျန်က စာရေးနေသည့် စုတ်တံကို ဘေးသို့ အသာချလိုက်ပြီး…

“လူသားဆိုတာကို မင်းက ဘယ်လို အဓိပ္ပာယ်လို့ ထင်လို့လဲ"

ချန်ကျင်းချင်က တွေးလိုက်သည်။

လူသားဆိုသည်မှာ ဦးခေါင်းနှင့် ခြေထောက် ရှိရမည်။ ဖြောင့်ဖြောင့် လမ်းလျှောက်နိုင်သူ ဖြစ်ရမည်။ စသည့်အတွေးများ သူ့ခေါင်းထဲသို့ ဝင်လာလေသည်။

သို့သော် နည်းနည်းတော့ ထူးဆန်းသည်မှာ နတ်ဘုရားများ၊ မိစ္ဆာများမှာလည်း လူသား အသွင်သဏ္ဌာန်ပဲ ဖြစ်နေပြန်လေသည်။

သူက ခေါင်းကို ခါယမ်းလိုက်ရင်း…

“ကျွန်တော်မသိဘူး”

“ဒါဖြင့် မင်းကိုယ်မင်းရော လူသားလို့ ထင်လား”

ဆန်းလျန်က ပြန်မေးလိုက်သည်။

“ကျွန်တော်က လူသားပေါ့”

ချန်ကျင်းချင်က ပြန်ပြောလိုက်သည်။

“ဒါဖြင့် မင်းကဘာလို့ မသိဘူးလို့ ပြောရတာလဲ”

ဆန်းလျန်က နူးညံ့ သိမ်မွေ့စွာဖြင့် ပြန်ပြော လိုက်သည်။

“ဘယ်က ဘယ်လို စပြောရမှန်းတောင် မသိတော့ပါဘူး”

ချန်ကျင်းချင်က ပြောလိုက်လေသည်။

ဆန်းလျန်က ချန်ကျင်းချင်ဘက်သို့ လှည့်လိုက်ပြီး…

"ကွန်ဖြူးရှပ်ဝါဒမှာ ဆိုရိုးတစ်ခုရှိတယ် 'ကမ္ဘာကြီးကို အကျိုးပြုဖို့ အတွက် တည်ငြိမ်တဲ့ စိတ်ရှိရမယ်၊ ပြည်သူလူထုကို အကျိုးပြုဖို့အတွက် ဆုံးဖြတ်ချက် ခိုင်မာရမယ်၊ သူတော်စင် ဖြစ်ဖို့အတွက် စဉ်ဆက်မပြတ် သင်ယူရင်း ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကို တည်ဆောက်ရမယ်' တဲ့၊ မင်းအားနေရင် အဲဒါတွေကို လေ့လာ ထားသင့်တယ်"

ချန်ကျင်းချင်က ခေါင်းညိတ် လိုက်လေသည်။

ဆန်းလျန်က လေ့လာရန် လိုအပ်သည်ဟု ပြောသမျှကို သူက တစ်ခုမကျန် လေ့လာခဲ့သည် ချည်းပင် ဖြစ်လေသည်။ မှော်ဆရာမ သူ့ကို ပေးလိုက်သည့် ဓာတ်ဖန်လုံးထဲတွင် ဗဟုသုတများစွာ ရှိနေသည့်တိုင် သူ့အတွက် အသိပညာများစွာ ဆက်လက် လေ့လာရန် ကျန်ရှိ နေသေးသည်။

လေ့လာသမျှကို သူက လုံလုံလောက်လောက် နားလည်ခဲ့ခြင်း မရှိပါ။ သို့သော် ဆန်းလျန်က နှိုင်းယှဉ်ချက်များနှင့် အတူ ထပ်မံ သင်ပြပေးခဲ့လေသည်။ အသိပညာ ဆိုသည်က အကန့်အသတ် မရှိဘူး မဟုတ်လား။

"အဲဒီ စာပိုဒ်ထဲက တခြားဟာတွေကို အသာ ထားလိုက်ဦး၊ ဒါပေမဲ့ "ဆုံးဖြတ်ချက် ခိုင်မာခြင်း" ဆိုတာက လူသားတစ်ယောက် အတွက် အခြေခံ အကျဆုံး အစိတ်ပိုင်း တစ်ခုပဲ"

ဆန်းလျန်က ထပ်ရှင်းပြ လိုက်သည်။

***

All Chapters