ကျောက်ရှောင်ယွီ ရှိသေးတယ်
Vol. 5 Ch. 436
ချန်ကျင်းချင်က ဆန်းလျန် ပြောသည်များကို နားမလည်သေးပါ။
"ဆုံးဖြတ်ချက် ခိုင်မာတယ်ဆိုတာ ဘယ်လိုမျိုးလဲ"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"မင်းဘာကို လိုချင်တယ် ဆိုတာရယ်၊ မင်းတကယ် လိုချင်တာ ဘာလဲဆိုတာရယ်၊ အဲဒါကို ဘယ်လိုရရှိအောင် လုပ်မလဲဆိုတာ ဆုံးဖြတ်ချက် ခိုင်မာတာကို ပြောတာပေါ့၊ အဲဒါက လူပီသစေတယ်"
အဖြေမှာ ထိုမျှလောက် ရိုးရှင်းလိမ့်မည်ဟု ချန်ကျင်းချင် ထင်မထားခဲ့မိပေ။
လူတစ်ယောက်သည် သူလိုချင်သည့် အရာကို ဆုံးဖြတ်ချက် ခိုင်မာမှသာလျှင် အများအတွက်လည်း အကျိုးပြုနိုင်လိမ့်မည် ဖြစ်လေသည်။ မဟုတ်ပါက အများအတွက်ရော ကိုယ့်အတွက်ရော အရာမထင် ဖြစ်ရပေမည်။
ဆန်းလျန်က ချန်ကျင်းချင်ကို ဆုံးဖြတ်ချက် ခိုင်မာခြင်း အကြောင်း သင်ကြားပေးနေခြင်း ဖြစ်သော်လည်း အမှန်တကယ်တွင်တော့ နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက်လှမ်း နိုင်သည်အထိ သင်ကြားပေးနေခြင်း ဖြစ်လေသည်။
လူတစ်ယောက်သည် မည်မျှပင် အသက်ရှည်ရှည် နေစေကာမူ ဆုံးဖြတ်ချက် ခိုင်မာခြင်း မရှိပါက တဖြည်းဖြည်း ထုံထိုင်းလာပြီး မိမိကိုယ်ကို ဆုံးရှုံး သွားရမည် ဖြစ်လေသည်။
ချန်ကျင်းချင်မှာ စဉ်းစားလေလေ အတွေးအခေါ်များ ရင့်ကျက် လာလေလေ ဖြစ်လေသည်။
ယခုတော့ ချင်းရွှမ်နတ်တံခါးမှ တပည့်များ အားလုံးသည် အဘယ့်ကြောင့် ဆန်းလျန်ကို ချစ်ခင်ကြသည်ကို သူနားလည်လာပြီ ဖြစ်လေသည်။
တာအိုကျောင်းဆောင်လေး အပြင်ဘက်တွင် နှင်းများ ကျဆင်း နေလေသည်။
ဆန်းလျန်သည် ကျောင်းဆောင်လေး အပြင်ဘက်သို့ ထွက်ခွာ သွားလေသည်။ သူ၏ ခန္ဓာကိုယ်ဆီမှ ကြယ်စင်ရောင်များ တောက်ပလျက် ရှိလေသည်။
ချန်ကျင်းချင်သည် စာလိပ်ပေါ်တွင် ဆရာဖြစ်သူ ရေးသားထားသည့် စာများကို မြင်တွေ့ လိုက်ရသည်။
“လင်ထိုင်ဖန်းကျွမ်းစန်း၊ ရှယ်ယွဲ့စန်းရှင်းသုန့်”
အဓိပ္ပာယ်မှာ…
“လင်ထိုင်ဖန်းကျွမ်းတောင်၊ လဝင်ချိန်၊ ကြယ်သုံးပွင့်ဂူ”
ထိုစကားလုံးသည် အဓိပ္ပာယ် ရှိလေသည်။
"လင်" ဆိုသည့်စကားလုံး အပေါ်ပိုင်းနှင့် "ကျွမ်း" ဆိုသည့် စကားလုံး ပေါင်းစပ်လိုက်လျှင် "ရွှမ်" ဆိုသည့် စာလုံး ဖြစ်လာလေသည်။ ရှယ်ယွဲ့စန်းရှင်း စကားလုံး လေးလုံး ပေါင်းစပ်ခြင်းက "ရှင်း" ဆိုသည့် စကားလုံးကို ရလေသည်။ "ရှင်း" ဆိုသည့်စကားလုံးမှာ "နှလုံးသား" ဟု အဓိပ္ပာယ်ရလေသည်။
"ရွှမ်" နှင့် "ရှင်း" ကိုပေါင်းစပ်လိုက်ပါက "ရွှမ်ရှင်း" ဟူသော ဝေါဟာရကို ရရှိမည် ဖြစ်လေသည်။
"ရွှမ်ရှင်း" ၏ အဓိပ္ပါယ်မှာ "လူတစ်ဦး၏ နှလုံးသားကို ရှာဖွေရန်" ဟု အဓိပ္ပာယ် ရလေသည်။
ဆရာဖြစ်သူသည် မည်သူ၏ နှလုံးသားကို ရှာဖွေမည်လဲဟု ချန်ကျင်းချင် စဉ်းစား နေမိလေသည်။
ပြီးတော့ နှလုံးသား မရှိသူကရော ဘယ်သူလဲ၊ နှလုံးသားကရော ဘယ်နေရာမှာလဲ…။
ထိုက်ယီတောင်ထိပ်တွင် နှင်းများ ကျဆင်းနေသကဲ့သို့ ကျီမော့ တောင်ထိပ်တွင်လည်း နှင်းများ ကျဆင်း နေလေသည်။
ညချမ်းသည် အေးစက် လွန်းလေသည်။
ကျီမော့တောင်ထိပ်သည် ရှင်းလင်း နေလေသည်။ ကျောက်ရှောင်ယွီသည် အေးစက်သည့် အမူအရာဖြင့် မတ်တတ်ရပ်နေလေသည်။
လော်ဝါဒဂိုဏ်းသည် အမှောင်မိစ္ဆာဂိုဏ်းကို မည်သို့ တွန်းလှန်နိုင်ပါမည်နည်း။
ထို့ကြောင့် ကျောက်ရှောင်ယွီသည် သူမ၏ လူများကို တောင်ပိုင်းနှင့် မြောက်ပိုင်းသို့ ခိုလှုံကြရန် စေလွှတ်လိုက်ပြီး ကျီမော့တောင်ထိပ်တွင်တော့ သူမ တစ်ယောက်တည်း နေရစ် ခဲ့လေသည်။
ယခုတော့ သူမစိတ်ထဲတွင် ဘာမှ မရှိတော့ပြီ။
မျက်စိ တစ်ဆုံး မြင်နေရသည့် နှင်းများကိုသာ သူမစိတ်အာရုံတွင် ထင်ဟပ် နေစေလေသည်။
ထိုအချိန်တွင် သူမ၏ စိတ်အာရုံ အတွင်းသို့ အသံတစ်သံ ဝင်ရောက်လာလေသည်။
ကျောက်ရှောင်ယွီက ထိတ်လန့် သွားခြင်းမျိုး မရှိပါ။ ထိုသို့ဖြစ်လာမည်ဟု သူမက မျှော်လင့်ထားပြီးသား ဖြစ်ပုံရလေသည်။
"မင်းတော့ သေရတော့မယ်"
ကျောက်ရှောင်ယွီ၏ မျက်ဝန်းများက တလက်လက် တောက်ပနေလေသည်။
သူမရှိရာသို့ တစ်လှမ်းချင်း လျှောက်လာနေသည့် လူတစ်ယောက်ကို တွေ့ရလေသည်။ သူမ၏ အကြည့်များသည် ထိုသူ၏ မိစ္ဆာဝိညာဉ် အတွင်းထဲထိ ထိုးဖောက် ဝင်ရောက် သွားလေသည်။
အဆုံးမဲ့ သမုဒ္ဒရာများ၊ ပေါက်ကွဲနေသည့် မီးတောင်များ…
ထိုသူ၏ မိစ္ဆာဝိညာဉ်ထဲတွင် မြင်တွေ့လိုက်ရလေသည်။
ကျောက်ရှောင်ယွီက ပြုံးလိုက်လေသည်။
ထိုအပြုံးက အလွန်တရာမှ လှပသည်ကို ပြောနေစရာပင် မလိုတော့ပေ။
"နတ်ဘုရား ဝိညာဉ်ဟာ ဘယ်တော့မှ မသေနိုင်ဘူးဆိုတာ အမှောင်မိစ္ဆာသခင် မသိဘူးလား"
ကျောက်ရှောင်ယွီဆီသို့ ရောက်လာသူမှာ အမှောင်မိစ္ဆာ ဂိုဏ်းချုပ် ယန်ရွှီးပင် ဖြစ်လေသည်။
ယန်ရွှီးသည် သူ့ကိုရင်ဆိုင်နိုင်မည် ပါရမီရှင် နတ်ဘုရားများ စာရင်းထဲတွင် ကျောက်ရှောင်ယွီနှင့် ဆန်းလျန်ကို ထည့်သွင်း ထားခဲ့လေသည်။
ဆန်းလျန်က လာမည့်နှစ်၊ လင်ထိုင်ဖန်းကျွမ်းတွင် သူနှင့်ယှဉ်ပြိုင်ရန် စိန်ခေါ်စာ ပို့ပြီးသည့် နောက်ပိုင်း သူယှဉ်ပြိုင်ရမည့်သူမှာ ကျောက်ရှောင်ယွီသာ ကျန်တော့သည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှာ ယန်ရွှီးကို ယှဉ်ပြိုင်နိုင်မည့် နတ်ဘုရားများ ရှိခဲ့သော်လည်း ယခုတော့ ဘဝတစ်ဝက် သေနေပြီ ဖြစ်သည့် တာအိုဆရာတုန်းဖုန်းနှင့် အရည်အချင်း မရှိသည့် တပည့်များသာ ကျန်ရှိတော့သည်။
ကျောက်ရှောင်ယွီသည် ယန်ရွှီးကို ကြောက်ရွံ့မိခြင်း မရှိပါ။
ယန်ရွှီးသည် တန်ခိုး စွမ်းအားများကို ထုတ်လွှတ်လိုက်သည့်အတွက် ကျီမော့တောင်ထိပ်တွင် လေပြင်းများ တိုက်ခတ် လာလေသည်။ သို့သော် ယန်ရွှီး၏ တန်ခိုး စွမ်းအားများသည် ကျောက်ရှောင်ယွီကို ထိခိုက်ခြင်း မရှိပါ။
"လူသားတွေရဲ့ ဆုတောင်းသံတွေနဲ့ မိုးမြေ စွမ်းအားတွေကြောင့် နတ်ဘုရား ဖြစ်လာသူတွေက အဲဒီအရာတွေ မရှိတော့ရင်ရော အသက်ရှင် နိုင်ပါဦးမလား၊ မင်းလုပ်နိုင်ပါ့မလား… ဟမ်…"
ယန်ရွှီးက ပြုံးရင်း ပြောလိုက်လေသည်။
ထို့နောက် သူ၏ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများကို ရုတ်သိမ်း လိုက်သည်။
ကျောက်ရှောင်ယွီသည် မည်သည့်စကားမှ ပြန်မပြောဘဲ ယန်ရွှီးကို စိုက်ကြည့်နေလေသည်။
အတန်ကြာမှ…
"ဒါကြောင့် ရှင်က ဆန်းလျန်ကို ကြောက်နေတာပေါ့၊ ဟုတ်လား"
ကျောက်ရှောင်ယွီ၏ မထီမဲ့မြင် စကားသည် ယန်ရွှီး၏ စိတ်ဝိညာဉ်ကို ဓားထက်ထက်နှင့် မွှန်းလိုက် သကဲ့သို့ ဖြစ်လေသည်။
"မင်းက ကျုပ်ထင်ထားတာထက် ဉာဏ်ပိုကောင်းနေတယ်၊ အမှန်ပဲ၊ ကျုပ် ဆန်းလျန်ကို ကြောက်တယ်၊ မဟုတ်ရင် လင်ထိုင် တာအိုပြိုင်ပွဲအထိ မစောင့်တော့ဘဲ သူ့ကို အခုပဲ သွားသတ် လိုက်မှာပေါ့"
ယန်ရွှီးက ချက်ချင်း တုံံ့ပြန်လိုက်သည်။
"တကယ်တော့ ရှင်က မိစ္ဆာမဟုတ်ပါဘူး၊ လူသား တစ်ယောက်ပါပဲ၊ လူ့လောက စည်းမျဉ်းတွေကို မလိုက်နာတဲ့ လူသားတစ်ယောက်ပေါ့၊ ပြီးတော့ ဒီည ရှင် ကျွန်မကို လာသတ်တာ ဆန်းလျန်နဲ့ မဆိုင်ဘူး၊ ရှင်ကိုက ကျွန်မကို သတ်ချင်ဖြတ်ချင်နေလို့ပဲ"
ကျောက်ရှောင်ယွီက တစ်ချက် တုံံ့ဆိုင်းနေပြီးမှ ဖြည်းညင်းစွာ ပြောလိုက်သည်။
ယန်ရွှီး၏ မိစ္ဆာမျိုးစေ့သည် ကျောက်ရှောင်ယွီ၏ မြင့်မြတ်သည့် နတ်ဘုရား နှလုံးသားကို သိမ်းပိုက်ရန် အခွင့်အရေး မရနိုင် ဖြစ်နေရလေသည်။
ယန်ရွှီး၏ စိတ်ထဲတွင် ထူးဆန်း နေမိလေသည်။
"ဆန်းလျန်သာ ချစ်သူရှာမယ်ဆိုရင် မင်းကို လက်မလွှတ်သင့်ဘူး၊ ဒီည သူသာ မင်းနဲ့အတူ ရှိနေရင် ကျုပ်ကို သတ်ဖို့ အခွင့်အရေးတောင် ရချင်ရနိုင်တယ်၊ အခု အဲဒီလို မဟုတ်တော့လည်း လင်ထိုင်ဖန်း ကျွမ်းတောင်ရောက်မှ ဒီကောင်လေးနဲ့ တွေ့ကြရတာပေါ့လေ"
ကျောက်ရှောင်ယွီက သက်ပြင်း တစ်ချက်ချလိုက်ရင်း…
“ရှင်မှားနေပြီး အမှောင်မိစ္ဆာ သခင်ကြီး၊ ရှင်က ဆန်းလျန် တစ်ယောက်ကိုပဲ ရှင့်ရဲ့ ပြိုင်ဘက်လို့ ထင်နေတာလား၊ ဒါဆို ရှင်က ကြာပန်း ကိုးပွင့် ကျောင်းတော်က ကျောက်ရှောင်ယွီ ကိုတော့ မေ့နေခဲ့တာပေါ့၊ ကြာပန်း ကိုးပွင့် ကျင့်စဉ်ကျမ်းဟာ ချင်းရွှမ်က အိပ်မက် လိပ်ပြာကျင့်စဉ်၊ ရှင့်ရဲ့ ပကတိ ဖန်ဆင်းခြင်း ပညာ၊ ဆန်းလျန်ရဲ့ စိတ်အာရုံ မြှင့်တင်ခြင်း ကျင့်စဉ်တွေနဲ့ ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်တယ် ဆိုတာ ရှင် သိရပါတော့မယ်"
ခဏနားပြီးမှ ကျောက်ရှောင်ယွီက ဆက်ပြောလိုက်သည်။
"ပြီးတော့ ဆန်းလျန်ဆိုတာ ကျွန်မ နှလုံးသားထဲမှာ အရေးပါတဲ့ နေရာကို ယူထားတဲ့ လူတစ်ယောက်ပါ၊ သူ့အတွက် ကျွန်မရှင့်ကို ဒီည တိုက်ခိုက်မယ်"
ယန်ရွှီးက အပြုံးပါးပါးလေး တစ်ချက် ပြုံးလိုက်ရင်း…
“မင်းမှာ တကယ်ပဲ နှလုံးသားရှိတဲ့ သူပဲကိုး"
***