တည်ရှိမှုတစ်ခု
Vol. 5 Ch. 437
ကျောက်ရှောင်ယွီသည် ယန်ရွှီးကို အလွန်သနားစရာ ကောင်းသည့် သတ္တဝါတစ်ကောင်ကို ကြည့်နေသည့် အလား ကြည့်နေလေသည်။ သို့သော်… သူမ အကြည့်များက အေးစက် လွန်းလှသည်။
“ဒါပေမဲ့ ရှင့်မှာတော့ နှလုံးသားမရှိဘူး မဟုတ်လား”
ယန်ရွှီးက ရယ်မောလိုက်လေသည်။
ယန်ရွှီး၏ အပြုံးသည် သေစေနိုင်သော လက်နက်သာ ဖြစ်ခဲ့ပါက ကျောက်ရှောင်ယွီသည် သေသွားစရာ အကြောင်း ရှိလေသည်။
ယန်ရွှီးက…
“မင်းနဲ့ သိခွင့်ရတာ နောက်ကျသွားတယ် ကျောက်ရှောင် ယွီနတ်သမီး၊ မင်းက ကျုပ်တွေ့ဖူး သမျှထဲမှာ အင်မတန် ထူးခြားတဲ့ မိန်းကလေး တစ်ယောက်ပဲ”
ကျောက်ရှောင်ယွီသည် စကားတစ်လုံးမှ မပြောဘဲ ယန်ရွှီးကို စိုက်ကြည့်နေဆဲ ဖြစ်လေသည်။ သူမ၏ အကြည့်များက ပို၍ပင် အေးစက် လာသယောင် ထင်ရသည်။
သူမ၏ အကြည့်များကြောင့် ယန်ရွှီးက အနေရခက်မသွားခဲ့ပါ။
“ကျုပ်မျက်လုံးထဲမှာ ထူးခြားတဲ့ မိန်းကလေးဆိုတာ ဘယ်လိုလူမျိုးကို ပြောတာလဲဆိုတာ မင်းမသိချင်ဘူးလား”
ကျောက်ရှောင်ယွီက ယန်ရွှီး၏ စကားများကို အရေးမလုပ်ဘဲ သူမ၏ တန်ခိုးစွမ်းအားများကို နှင်းပွင့်များ ဆီသို့ ပို့လွှတ် လိုက်လေသည်။
သူမသည် အလွန် ခမ်းနားလွန်းသည့် ကျက်သရေနှင့် အလှတရားကို ပိုင်ဆိုင် ထားလေသည်။ ကြာပန်း ကိုးပွင့် ကျောင်းတော်ကို တည်ထောင်သူ ဆရာသခင်ပင်လျှင် သူမ၏ တန်ခိုး စွမ်းအားများကို ယှဉ်ပြိုင် နိုင်တော့မည် မဟုတ်ပေ။
ယန်ရွှီးက…
“မင်းကသာ ဆန်းလျန်ကို မင်းနှလုံးသားထဲမှာ အရေးပါတဲ့သူလို့ သတ်မှတ်ထားတာ၊ ဒါပေမဲ့ ဆန်းလျန်ရဲ့ ရင်ထဲမှာတော့ မင်းက အရေးပါတဲ့သူ မဟုတ်ခဲ့ဘူး ဆိုတာ မင်းကို သိစေချင်လိုက်တာ၊ အင်းလေ… ဆန်းလျန်ရဲ့ နှလုံးသားကို ကျုပ်ကလွဲပြီး ဘယ်သူမှ သိနိုင်မှာမှ မဟုတ်တာ”
ယန်ရွှီး၏ စကားကို ကြားသည့်တိုင် ကျောက်ရှောင်ယွီ၏ မျက်နှာ အမူအရာက ပြောင်းလဲသွားခြင်း မရှိပါ။
သူမသည် ဆန်းလျန်ရှိရာအရပ်ဆီသို့ တစ်ချက် လှမ်းမျှော် ကြည့်လိုက်လေသည်။
ထို့နောက် သူမက နှင်းပွင့်လေးများကို စုစည်းကာ လေထဲတွင် အလွန်ကြီးမားသည့် ကြာပန်း တစ်ပွင့်ကို ဖန်ဆင်း လိုက်လေသည်။
ကြာပန်းပွင့်သည် လေထဲတွင် လှည့်လည်နေပြီးမှ တဖြည်းဖြည်းချင်း ရွေ့လျား သွားလေသည်။
ကျီမော့တောင် ပတ်ဝန်းကျင်မှ မည်သူမဆို အလွန်လှပ လင်းလက်နေသည့် နှင်းမှုန်များဖြင့် ဖန်ဆင်းထားသည့် ကြာပန်းပွင့်ကို မြင်တွေ့ရမည် ဖြစ်လေသည်။ ဖြူစင်လွန်းသည့် ကြာပန်းပွင့်သည် ညအမှောင်ထက်တွင် မာနတရားတို့ဖြင့် လင်းလက် တောက်ပနေသလား ထင်မှတ် ရလေသည်။
ယန်ရွှီးသည် ကျောက်ရှောင်ယွီကို သတိမထားဘဲ မနေရဲသလို ထိုအဖြူရောင် ကြာပန်းကိုလည်း လျစ်လျူ မရှုရဲပါ။ အဘယ်ကြောင့် ဆိုသော် ကျောက်ရှောင်ယွီ၏ တန်ခိုး စွမ်းအားဖြင့် ဖန်ဆင်းထားသည့် နှင်းကြာပန်းသည် သူ့ကို အတန်ကြာအောင် ချုပ်ထားနိုင်သည် အထိ တန်ခိုး စွမ်းအား မြင့်မားကြောင်း သူသိလေသည်။
ယန်ရွှီးသည် အပူအအေး ခံစားမှုကိုလည်း ထိန်းချုပ်နိုင်သလို သူ၏ စိတ်အာရုံ များကိုလည်း ကောင်းကောင်း ထိန်းချုပ်နိုင်သူ ဖြစ်လေသည်။ သို့သော်… နှင်းကြာပန်းမှ ထွက်ပေါ်လာသည့် အအေးဓာတ် ကိုတော့ သူထိန်းချုပ် နိုင်စွမ်း မရှိပေ။
နှင်းကြာပန်းပွင့်မှ အအေးဓာတ် စွမ်းအားများသည် သူ့ဆီသို့ ရိုက်ခတ်လာပြီး သူ၏ မျက်ခုံး နှစ်ဖက်နှင့် ဆံပင်များ စတင် အေးခဲစ ပြုလာလေသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ရေခဲရုပ်တု တစ်ခု အဖြစ် ကူးပြောင်းသွားပြီး လှုပ်၍ မရတော့ပေ။
နှင်းကြာပန်းပွင့်မှာ ယန်ရွှီးကဲ့သို့သော လူကိုပင် အေးခဲသွားအောင် စွမ်းဆောင် နိုင်သည့် အတွက် တန်ခိုးစွမ်းအား မည်မျှ မြင့်မားသည်ကို သိမြင်နိုင်လေသည်။
ကြာပန်း ကိုးပွင့် ကျင့်စဉ်ကျမ်းသည် လော်ဝါဒ၏ အနှစ်သာရမှ မွေးဖွားလာသည့် ကျင့်စဉ်ကျမ်း တစ်ခုဖြစ်ပြီး တာအိုဝါဒနှင့် ဗုဒ္ဓဘာသာ နှစ်မျိုးစလုံး၏ သွန်သင်မှုများ ပါဝင်လေသည်။
ကျောက်ရှောင်ယွီ ဖန်ဆင်းလိုက်သည့် အဖြူရောင် နှင်းကြာပန်းမှာ ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအား တစ်ခုဖြစ်သည့် “မရှိမှုနှင့် သေခြင်းတရား” တန်ခိုးစွမ်းအားကို အသုံးပြုကာ ဖန်ဆင်း ထားခြင်း ဖြစ်လေသည်။
ထိုတန်ခိုး စွမ်းအားမှာ ကြာပန်း ကိုးပွင့် ကျင့်စဉ် ကျမ်း၏ အခြေခံကျသည့် တန်ခိုးစွမ်းအား တစ်ခုဖြစ်ပြီး ယန်ရွှီးသည် လွယ်ကူသည့် သူတစ်ယောက် မဟုတ်သောကြောင့် သူမက ထိုတန်ခိုး စွမ်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။
သို့ရာတွင် ယန်ရွှီး၏ မိုးကောင်းကင် နတ်မိစ္ဆာ ကျင့်စဉ်တွင်လည်း ထိုတန်ခိုး စွမ်းအားကို တွန်းလှန်နိုင်သည့် တန်ခိုးစွမ်းအား တစ်ခု ရှိလေသည်။
ထိုတန်ခိုး စွမ်းအားကို “မိစ္ဆာဖြိုခွင်း တန်ခိုးစွမ်းအား” ဟု ခေါ်လေသည်။
ယန်ရွှီးက ထိုတန်ခိုးစွမ်းအားကို ဖော်ထုတ် လိုက်သည်နှင့် သူ့ကို ဖုံးအုပ်နေသည့် ရေခဲများမှာ တစ်စစီ ကွဲထွက် သွားတော့သည်။
“ကြိုးစားရကျိုး မနပ်ပါလား မိန်းကလေးရယ်…”
ကျောက်ရှောင်ယွီက စကားပြန် မပြောဘဲ ယန်ရွှီးကို စိုက်ကြည့် လိုက်သည်။
ယန်ရွှီးကလည်း မည်သည့် စကားမှ မပြောတော့ပါ။
ယန်ရွှီး၏ ခန္ဓာကိုယ်မှ အဝါရောင်နှင့် အစိမ်းရောင် အလင်းတန်းများ ဖြာထွက် လာလေသည်။ ထိုအလင်းတန်းများသည် အစိမ်းရောင် တောင်ပံ တစ်ဖက်နှင့် အဝါရောင် တောင်ပံတစ်ဖက် အဖြစ် သဏ္ဌာန် ပြောင်းသွားလေသည်။
ယန်ရွှီးက အတောင်များကို ခတ်လိုက်သည်နှင့် အတောင်များ၏ အဖျားမှ မရေမတွက် နိုင်အောင် များပြားသည့် အဝါရောင်နှင့် အစိမ်းရောင် ကြိုးများ ထွက်ပေါ်လာပြီး အဖြူရောင် ကြာပန်းကြီးကို တုတ်နှောင် ထားလိုက်လေသည်။
ကျောက်ရှောင်ယွီက မျက်လုံးများကို မှေးစင်းလိုက်ပြီး လေထဲတွင် နောက်ထပ် အဖြူရောင် ကြာပန်းတစ်ပွင့်ကို ဖန်ဆင်းလိုက်လေသည်။ လေထဲမှ အဖြူရောင် ကြာပန်းသည် လှပသည့် အဖြူရောင် ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲ သွားလေသည်။
ကျောက်ရှောင်ယွီက သူမ၏ ကျောက်စိမ်းသားကဲ့သို့ လှပလွန်းသည့် လက်လေးများဖြင့် အဖြူရောင်ဓားကို စုပ်ကိုင် လိုက်လေသည်။
လက်ရှိအချိန်တွင် ကျောက်ရှောင်ယွီ၏ ကြာပန်း ကိုးပွင့် တန်ခိုးစွမ်းအားကို မည်သူမျှ ယှဉ်နိုင်မည် မဟုတ်ပေ။
သူမ၏ တန်ခိုးစွမ်းအားများသည် အလေအလွင့် လုံးဝမရှိဘဲ ကြာပန်းဖြူ ဓားဆီသို့ စီးဆင်း ဝင်ရောက် သွားလေသည်။
ကျောက်ရှောင်ယွီသည် ကြာပန်းဖြူဓားကို ယန်ရွှီးဆီသို့ ပစ်လွှတ် လိုက်လေသည်။ ထိုဓားထဲတွင် ကျောက်ရှောင်ယွီ၏ နတ်ဘုရား တန်ခိုးစွမ်းအားများ များစွာ ပါဝင်လေသည်။
ကြာပန်းဖြူဓားသည် ယန်ရွှီးအနားသို့ ရောက်သွားသည်နှင့် ငလျင် လှိုင်းများအလား ပြင်းထန် လွန်းသည့် တန်ခိုးစွမ်းအားများက အသံတိတ် ပေါက်ကွဲ ထွက်သွားလေသည်။
ယန်ရွှီးက ပတ်ဝန်းကျင်ကို ဂရုမစိုက်ပါ။ သူသည်မျက်လုံးများကို မှိတ်ထားပြီး အမှောင် ထုထဲတွင် သူ၏ စိတ်ဝိညာဉ်ကို နှစ်မြုပ် ထားလေသည်။ အမှောင်ထုသည် သူ၏စွမ်းအားများ စတင်ဖြစ်တည်ရာ မူလနေရာ တစ်ခုအဖြစ် ပြောင်းလဲ သွားလေသည်။
ကျောက်ရှောင်ယွီ၏ ကြာပန်းဖြူ ဓားသည် သူ့ကိုသာ ထိုးစိုက်သွားမိလျှင် မည်သို့ ဖြစ်မည်လဲဟု ယန်ရွှီးက တွေးနေခဲ့လေသည်။
ထိုကြာပန်းဖြူ ဓားထဲတွင် ကျောက်ရှောင်ယွီ၏ နတ်ဘုရား စွမ်းအားများ ပါဝင်နေသည့် အတွက် သူ့ကို ဒဏ်ရာရကောင်း ရသွားစေမည် ဖြစ်လေသည်။ သို့သော်… ထိုဓားသည် သူ့ကို သတ်နိုင်ပါမည်လား။
သူသည် ယခုထိတိုင် အသက်ရှင် နေဆဲ ဖြစ်လေသည်။ သူ့ကို မည်သူမျှ မသတ်နိုင်ပေ။ သူသည် လူသားတစ်ဦးမှ ဟုတ်ပါလေရဲ့လား။
"သူသည် တည်ရှိမှု တစ်ခု ဖြစ်လေသည်"
သို့သော် လောကတွင် တည်ရှိမှုများသည် ဂင်္ဂါမြစ်ကမ်းမှ သဲမှုံများကဲ့သို့ မရေမတွက်နိုင်အောင် များပြား လွန်းလေသည်။
"ယန်ရွှီး" ဆိုသည်ကတော့ လောကတွင် တစ်ယောက်သာ ရှိသည်။
ယန်ရွှီးသည် သူ့အတွေးနှင့်သူ ကျေနပ် သွားလေသည်။
ယန်ရွှီးသည် ကောင်းကင်ထက်မှ ကြယ်များကို မော့ကြည့် လိုက်လေသည်။ သူက ထိုကြယ်များကိုပင် အမိန့်ပေး စေခိုင်းချင်သူ ဖြစ်လေသည်။
ထိုအချက်က ယန်ရွှီးကို အခြားသော မိစ္ဆာနတ်ဘုရားများနှင့် မတူညီဘဲ ကွဲပြားသွားစေသည့် အချက် ဖြစ်လေသည်။
ကျောက်ရှောင်ယွီ၏ ကြာပန်းဖြူဓားသည် ကြယ်စင်များကို မဖြိုခွင်း နိုင်လျှင်တောင်မှ လမင်းကိုတော့ ဖြိုခွင်းနိုင်သည့် အစွမ်း သတ္တိမျိုးကို ပိုင်ဆိုင် ထားလေသည်။
ယန်ရွှီးသည် ကျောက်ရှောင်ယွီကို သူနှင့် တိုက်ခိုက်ရန် ထိုက်တန်သူ တစ်ယောက်အဖြစ် သတ်မှတ် လိုက်သည်။ သူ၏ ပြိုင်ဘက်မှာ ဆန်းလျန် တစ်ယောက်တည်းသာ ရှိသည်ဟု သူထင်မှတ် ထားခဲ့သော်လည်း ယခုတော့ ကျောက်ရှောင်ယွီ၏ အရည်အချင်းကိုလည်း အသိအမှတ် မပြုဘဲ မနေနိုင်တော့ပေ။
***