← Chapters

လွတ်မြောက်သွားခြင်း

Vol. 5 Ch. 438

လွတ်မြောက်သွားခြင်း

Vol. 5 Ch. 438

ယန်ရွှီး၏ လက်ရှိ ခံစားချက်များသည် အနည်းငယ် ရှုပ်ထွေး နေလေသည်။ သူက သူ၏ပြိုင်ဘက် အပေါ်တွင် အနည်းငယ် ကိုယ်ချင်းစာစိတ် ဝင်နေမိလေသည်။

အစကတည်းက သူ့တွင် ထိုကဲ့သို့သော အတွေးမျိုး ရှိချင်လည်း ရှိနေနိုင်မည် ဖြစ်လေသည်။

သူသည် ကျောက်ရှောင်ယွီ၏ ကြာပန်းဖြူဓား၏ ရိုက်ချက်ကို ခံယူလိုက်လေသည်။

အမှောင်ထုထဲမှ သူ၏ စိတ်ဝိညာဉ်သည် မှေးမှိန်သွားသလို ခံစားလိုက်ရသည်။

ယန်ရွှီးသည် သူ့ကိုယ်သူ နားလည်သူ တစ်ယောက် ဖြစ်လေသည်။ သူ၏စိတ်တွင်းမှ အဓိက ရည်ရွယ်ချက်မှာ သူ၏ သန့်စင်သည့် သဘော သဘာဝပင် ဖြစ်လေသည်။

သူ၏ စိတ်ထဲတွင် နတ်မိစ္ဆာဆယ့်နှစ်ကောင် ထွက်ပေါ် လာလေသည်။

နတ်မိစ္ဆာများသည် အစိမ်းရောင်၊ အဝါရောင်၊ မြွေဦးခေါင်းနှင့် လူကိုယ်ခန္ဓာ စသည်ဖြင့် ပုံသဏ္ဌာန်မျိုးစုံ ရှိကြလေသည်။

ထိုနတ်မိစ္ဆာ ဆယ့်နှစ်ကောင်သည် ကြုံးဝါးသံများကို ပြုလုပ်ကာ ကျောက်ရှောင်ယွီ၏ ကြာပန်းဖြူဓားကို ခုခံ ကာကွယ် ထားလိုက်လေသည်။

ကျောက်ရှောင်ယွီ၏ ကြာပန်းဖြူဓားမှာ ချက်ချင်းပင် အားနည်း သွားရလေသည်။

သို့သော် ကြာပန်းဖြူဓားထဲတွင် ကျောက်ရှောင်ယွီ၏ ဘဝတစ်လျှောက်လုံး ကျင့်ကြံထားသည့် တန်ခိုးစွမ်းအား အနှစ်သာရများ ပါဝင်နေသည့် အတွက် ယန်ရွှီးခန့်မှန်း ထားသည်ထက် ပိုပြီး ကြာပန်းဖြူဓားသည် တန်ခိုးစွမ်းအား မြင့်မား နေလေသည်။

ကြာပန်းဖြူ၏ဓားသည် နတ်မိစ္ဆာ ဆယ့်နှစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ပြိုလဲ သွားသည့်တိုင် ထူးဆန်းမှု တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

"ထာဝရမယ်တော်… စစ်မှန်သော ဗလာနယ်သို့ ခေါ်ဆောင်တော်မူပါ"

ဂါထာ ရွတ်ဖတ်သံသည် ယန်ရွှီး၏ ဝိညာဉ်ထဲတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ် လာလေသည်။

ထိုဂါထာ ရွတ်ဖတ်သံ ထွက်ပေါ်လာသည်နှင့် ကျောက်ရှောင်ယွီ၏ ကြာပန်းဖြူဓားသည် ယန်ရွှီး၏ နှလုံးသားနေရာသို့ ဦးတည် ဝင်ရောက်လာပြီး မိစ္ဆာစွမ်းအား များကို ထိုးခွင်း ပစ်လိုက်လေသည်။

ဓားသွားသည် ယန်ရွှီး၏ နှလုံးသားနှင့် ပို၍ နီးကပ် လာလေသည်။

ဓားသွားသည် အရှိန်အဟုန် ပြင်းလွန်းလှသည့် အတွက် ယန်ရွှီးသည် ရှောင်ချိန် မရတော့ပေ။ ဓားသါားသည် ယန်ရွှီး၏ ဝိညာဉ်ထက်တွင် အမာရွတ် တစ်ခုကို ဖြစ်ပေါ်စေကာ အမှတ်အသား တစ်ခု ထင်ကျန် ရစ်လေသည်။

ယန်ရွှီး မျက်စိ ဖွင့်ကြည့်လိုက်သည်။

သူက လက်ညှိုးနှင့်လက်ခလယ်ကို အသုံးပြုကာ ကျောက်ရှောင်ယွီ၏ ကြာပန်းဖြူဓားကို ညှပ်ထား လိုက်လေသည်။

သူ၏ လက်ချောင်းများသည် မယုံနိုင်လောက်အောင် လျင်မြန်သည့် အရှိန်ဖြင့် တုန်ခါ သွားလေသည်။ ထို့နောက် မရေမတွက် နိုင်အောင် များပြားသည့် မီးပွားငယ်လေးများ ထွက်ပေါ်လာပြီး ကြာပန်းဖြူ ဓားသည် အပိုင်းပိုင်း ပြတ်ထွက် သွားလေတော့သည်။

ယန်ရွှီး၏ မျက်ဝန်းများက နီရဲနေလေသည်။

သူက မြေပြင်ထက်တွင် ရပ်နေဆဲ ဖြစ်သည့်တိုင် ကောင်းကင်ကလည်း သူ့ကို ကာကွယ် မပေးတော့သလို မြေပြင်ကလည်း သူ၏ အလေးချိန်ကို ထမ်းမထားနိုင်တော့ပေ။

သူ၏ပုံသဏ္ဌာန်မှာ အမှောင်မိစ္ဆာ နတ်ဆိုးကြီး တစ်ကောင်အလား တန်ခိုးစွမ်းအားများ အဆမတန် မြင့်မား လာလေသည်။

ကျောက်ရှောင်ယွီသည် ကောင်းကင်ထက်သို့ ပျံသန်း သွားလေသည်။

သူမ တစ်ဘဝလုံး ကျင့်ကြံခဲ့သည့် တန်ခိုးစွမ်းအား အနှစ်သာရများ ထည့်သွင်းထားသည့် ကြာပန်းဖြူဓားသည် ပျက်စီး သွားခဲ့ရပြီ ဖြစ်လေသည်။ သူမအတွက် ယန်ရွှီးကို ဆက်လက် တိုက်ခိုက်ရန်မှာ မဖြစ်နိုင်တော့ပေ။

သို့သော် ယန်ရွှီးကလည်း သူမကို အလွတ်မပေးပေ။ သူမနောက်မှ ပျံသန်း လိုက်ပါလာလေသည်။

သူမသည် ယန်ရွှီး၏ စက်ကွင်း အတွင်းမှ မည်သို့မျှ မလွတ်နိုင် ဖြစ်နေရလေသည်။

သူမသည် ယန်ရွှီး၏ရင်ထဲမှ စစ်မှန်သည့် အမျက်ဒေါသ လှိုင်းများကို ခံစား၍ ရနေလေသည်။

နတ်မိစ္ဆာ ဆယ့်နှစ်ကောင်နှင့် ယန်ရွှီးသည် တစ်သားတည်း ပေါင်းစပ်သွားပြီး ယန်ရွှီးမှာ ပို၍ပင် တန်ခိုးစွမ်းအား ကြီးမား လာလေသည်။

ယန်ရွှီးသည် ဆန်းလျန် တစ်ယောက်သာ သူ့ကို ယခုကဲ့သို့ အခြေအနေသို့ ရောက်အောင် ပို့ဆောင် ပေးနိုင်မည်ဟု ထင်မှတ် ထားခဲ့မိလေသည်။ ယခုတော့ ကျောက်ရှောင်ယွီက ဆန်းလျန်ထက် မသာလျှင်တောင် မလျော့သော တိုက်ခိုက်မှုဖြင့် သူ့ကို တိုက်ခိုက် နိုင်ခဲ့လေသည်။

သူက အစပိုင်းတွင် ဆန်းလျန်၏ တိုက်ခိုက်မှုကို ခံယူကာ ယခုကဲ့သို့ တန်ခိုးစွမ်းအားများ မြင့်မားလာအောင် ကျင့်ကြံရန် စီစဉ်ထားခဲ့ခြင်း ဖြစ်လေသည်။ ယခုတော့ ဆန်းလျန်နှင့် မတွေ့ခင် ကျောက်ရှောင်ယွီက သူ့ကို လက်ရှိအခြေအနေသို့ ရောက်အောင် လုပ်ဆောင် ပေးခဲ့ပြီ ဖြစ်သည်။

ယခုတော့ အခြေအနေများက ပြောင်းလဲသွားခဲ့ပြီ။

သူသည် တဖြည်းဖြည်း အားကြီးသည်ထက်ကြီးလာပြီ ဖြစ်လေသည်။

"လောကမှာ ဘယ်အရာမှ ခန့်မှန်းလို့မရဘူး၊ ဒီအကြောင်းကြောင့်ပဲ မိုးနဲ့မြေမှာ ဘယ်သူမှ ကျုပ်ကို ပျက်စီးသွားအောင် မလုပ်နိုင်ဘူး"

ယန်ရွှီးက တီးတိုး ရေရွတ်လိုက်သည်။

ထို့နောက် သူက လေထဲတွင် ပျံသန်းနေသည့် ကျောက်ရှောင်ယွီကို စိုက်ကြည့် လိုက်သည်။

သူ့မျက်ဝန်းများက အေးစက် နေလေသည်။

“မင်းသေရမယ်…”

ယန်ရွှီးက လက်နှစ်ဖက်ကို လေထဲသို့ ဆန့်တန်းကာ ဖမ်းစုပ် လိုက်လေသည်။

ကျောက်ရှောင်ယွီမှာ မမြင်ရသော စွမ်းအားတစ်ခုက သူမကို ဖမ်းစုပ်ထားပြီး သူမ၏ ခန္ဓာကိုယ်မှာ တစ်စစီ ဖြစ်တော့မည့်အလား ခံစား လိုက်ရလေသည်။

ယခုအချိန်တွင် သူမ၏ တန်ခိုးစွမ်းအားများ အားလုံး ကုန်ဆုံးသွားခြင်း မရှိသေးသည့်တိုင် ယန်ရွှီးကိုတော့ ပြန်လည် တိုက်ခိုက်ရန် မတတ်နိုင်တော့ပေ။

ကျောက်ရှောင်ယွီ၏ တန်ခိုးစွမ်းအားများမှာ တဖြည်းဖြည်း ကျဆင်းလာပြီး လောကမှ ပျောက်ကွယ်လု ဆဲဆဲ အခြေအနေသို့ ရောက်ရှိ သွားလေသည်။

ထိုအချိန်…

သစ်ရွက်များ ကြွေကျသံကဲ့သို့ သာယာလှပသည့် အသံများ ထွက်ပေါ်လာလေသည်။

မှောင်မိုက် အေးစက်နေသည့် ညအချိန်တွင် ကောင်းကင်ထက်တွင် တောက်ပသည့် အလင်းတန်းများ ပေါ်လာလေသည်။ ထိုအလင်းတန်းများထဲတွင် မိန်းကလေးငယ်လေး တစ်ယောက် ရှိနေလေသည်။

သူမသည် အစိမ်းရောင် ငှက်တစ်ကောင်ကို စီးတော်ယာဉ် အဖြစ် စီးထားလေသည်။

ထိုမိန်းကလေးငယ်မှာ ရော့ရှီပင် ဖြစ်လေသည်။

သူမက ပန်းခင်းတစ်ခုကို ဖန်ဆင်းလိုက်ပြီး ပန်းခင်းထက်တွင် လိပ်ပြာလေး တစ်ကောင် ပျံသန်း နေလေသည်။ ထိုမြင်ကွင်းသည် အိပ်မက် တစ်ခုအလား ယန်ရွှီးကို ချုပ်နှောင် ထားလိုက်လေသည်။

အလင်းတန်း ငါးခု ထွက်ပေါ်လာပြီး ယန်ရွှီးသည် ပန်းခင်းထဲမှ ရုန်းမထွက်နိုင် ဖြစ်နေရကာ ပန်းများက ယန်ရွှီးကို စုပ်ယူဝါးမျို သွားကြလေသည်။

ကျောက်ရှောင်ယွီ ခံစားနေရသည့် ဖိအားများမှာ ချက်ချင်းပင် သက်သာ သွားလေသည်။

ရော့ရှီသည် ကျောက်ရှောင်ယွီကို ချမ်းမော့ ကိုယ်ပေါ်သို့ ဆွဲတင်လိုက်ပြီး လျင်မြန်စွာ ပျံသန်း ထွက်ခွာ သွားလေတော့သည်။

နောက်ဆုံးတွင်တော့ ရေကန်တစ်ခု တည်ရှိရာ နေရာသို့ သူတို့ ရောက်ရှိ လာကြလေသည်။

ကျောက်ရှောင်ယွီမှာ အစိမ်းရောင် ငှက်လေး၏ လျင်မြန်မှုကို များစွာ အံ့သြနေမိတော့သည်။

"ရော့ရှီလေး၊ သူများတွေက အသက်ကြီးလာကြတာ၊ မင်းကတော့ ဘာလို့ ပိုပြီး ငယ်သွားရတာလဲ"

ကျောက်ရှောင်ယွီက မေးလိုက်သည်။

ရော့ရှီ၏ အသားအရေမှာ သူမထက်ပင် ဖြူဖျော့နေဟန် ရှိလေသည်။ ယန်ရွှီးကို တိုက်ခိုက် ခဲ့ရသည်မှာ သူမအတွက်လည်း လွယ်ကူသည့် ကိစ္စတော့ ဟုတ်ခဲ့ဟန်မတူပေ။

ရော့ရှီက ပြုံးနေသည့် မျက်ဝန်းများဖြင့် ကျောက်ရှောင်ယွီကို စိုက်ကြည့်လိုက်ရင်း…

"မမကိုကယ်ဖို့ ကျွန်မရဲ့ ဆရာဘိုးဘိုး ချန်ထားခဲ့တဲ့ တာအို တရားဓမ္မ စွမ်းအားတွေကို အသုံးပြုလိုက် ရတယ်၊ သမီးကို ပြန်လျော် ပေးရမယ်နော်"

ကျောက်ရှောင်ယွီက လှပစွာ ရယ်မောလိုက်ရင်း…

“မပေးနိုင်ပါဘူး…”

ထို့နောက် သူမသည် စိတ်အာရုံကို အသုံးပြုကာ အရှေ့ဆီသို့ လှမ်းကြည့် လိုက်လေသည်။

လရောင်အောက်တွင် ကန်ရေပြင်သည် တောက်ပ ငြိမ်သက် နေလေသည်။

***

All Chapters