သုံးလပိုင်းသုံးရက်နေ့မှာ ဘုရင်တစ်ပါးမွေးဖွားလိမ့်မယ်
Vol. 5 Ch. 439
ထိုအချိန် ရေကန်ထဲတွင် နက်ရှိုင်းသည့် ကြယ်စင် အလင်းတန်းများ ဖြာလင်းလာပြီး ကျောက်ရှောင်ယွီ၏ နားထဲတွင် ထူးဆန်းသည့် ရေစီးဆင်းသံများကို ကြားလိုက် ရလေသည်။
ကျောက်ရှောင်ယွီသည် ရေပေါ်တွင် လမ်းလျှောက်ပြီး ထိုကြယ်စင်ရောင် အလင်းတန်းများ ဆီသို့ သွားလိုက်လေသည်။ သူမရေပေါ်တွင် လမ်းလျှောက်သည့်တိုင် ကန်ရေပြင်သည် လှိုင်းတစ်ချက် လှုပ်ခတ် သွားခြင်းပင် မရှိပေ။
ကြယ်စင်ရောင် အလင်းတန်းများသည် ဆန်းလျန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေခြင်း ဖြစ်လေသည်။
သူမသည် ဆန်းလျန်ကို မြင်တွေ့လိုက်သည်နှင့် သူမဘဝတွင် တစ်ခါမှ မခံစားခဲ့ဖူးသော ခံစားချက် တစ်မျိုးကို ခံစား လိုက်ရလေသည်။
ဆန်းလျန်သည် ပျက်စီးတော့မည့် ပုံသဏ္ဌာန် ဖြစ်နေလေသည်။ သို့သော် သူ့ပုံစံက စိတ်ဓာတ်ကျခြင်း၊ စိတ်ပျက်ခြင်းများ မတွေ့ရပါ။ သူသည် လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်က အတိုင်း ချောမော လှပနေဆဲ၊ နူးညံ့ သိမ်မွေ့နေဆဲ၊ ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်လေသည်။
“ရှောင်ယွီ၊ မင်းက တကယ့်ကို အံ့သြစရာပါပဲ”
ဆန်းလျန်က ဖြည်းညင်းစွာ ပြောလိုက်သည်။
ကျောက်ရှောင်ယွီက ခေါင်းကို မော့လိုက်ပြီး “ကျွန်မက အမြဲတမ်း အံ့သြစရာ ကောင်းတဲ့ သူတစ်ယောက်ပဲ” ဟု ပြန်ပြောလိုက်ချင်သော်လည်း မပြောဖြစ်ခဲ့ပေ။
စကားပြောမည့် အစား သူမသည် ရယ်မော လိုက်မိလေသည်။
အဘယ်ကြောင့် ရယ်မော လိုက်မိမှန်း မသိသည့်တိုင် သူမ ရယ်ချင် နေမိလေသည်။
ဆန်းလျန်သည် ကန်ရေပြင်ထက်တွင် ရပ်နေလေသည်။ သူ၏ အဝတ်အစားများက လေထဲတွင် ပျံ့လွင့်နေပြီး ကြယ်စင်ရောင်များ တောက်ပ နေလေသည်။ ထိုကြယ်စင် ရောင်များသည် ဆန်းလျန်၏ ကျန်ရှိနေသည့် အသက်ဓာတ် စွမ်းအားများပင် ဖြစ်လေသည်။
သူမသည် ဆန်းလျန် အတွက် စိုးရိမ်ပူပန်သင့်သည်။ ငိုကြွေး ဝမ်းနည်းသင့်သည်။ သို့သော် သူမသည် ထိုခံစားချက်များကို မခံစားရဘဲ ရယ်မော နေခဲ့မိလေသည်။
ဆန်းလျန်၏ ဘဝသည်လည်း အဆုံးသတ်ရန် နီးကပ်နေပြီ ဖြစ်သည့်တိုင် စိတ်ကတော့ သက်သောင့်သက်သာ ခံစားနေရလေသည်။
ပြီးတော့ သူ… ကျောက်ရှောင်ယွီကို ပြောလိုက်သည့် ချီးကျူးစကားမှာ ရင်ထဲမှ စကား ဖြစ်လေသည်။
ကျောက်ရှောင်ယွီသည် ဆန်းလျန်ကို ကြည့်ရင်း သူမရင်ထဲမှ ခံစားချက်များကို ထိန်း၍ မရတော့ပေ။
သူမနှင့် ဆန်းလျန်သည် ကောင်းကင်ထက်မှ တိမ်တိုက်များနှင့် ဆင်တူလေသည်။
ကောင်းကင်ထက်မှ တိမ်တိုက်များသည် ပေါင်းစည်း သွားလျှင်လည်း ပြဿနာ မရှိပါပဲ အဆင်ပြေပြေ ပေါင်းစည်း သွားနိုင်လေသည်။ ပေါင်းစည်း ပြီးသည်နှင့် မိုးစက်များ အဖြစ် ကမ္ဘာမြေပြင်ထက်သို့ ရွာချ သွားနိုင်သည်။
သို့သော်… ပေါင်းစပ်ခွင့် မရှိလျှင်လည်း လေနှင်ရာ လွင့်မျော သွားကြရင်း ကိုယ့်လမ်းကိုယ် လျှောက်ကြမည် ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်လောက် တစ်ယောက်ကို တစ်ယောက် နားလည် နိုင်မည့်သူ လောကတွင် ရှိနိုင်မည် မဟုတ်ပေ။
နောက်ဆုံးတော့ ကျောက်ရှောင်ယွီက ရယ်မောခြင်းကို ရပ်တန့် လိုက်လေသည်။ သူက ဆန်းလျန်၏ မျက်ဝန်းများကို စိုက်ကြည့် နေလိုက်သည်။
“ကျွန်မ အသက်ရှင် နိုင်ဦးမယ်လို့ ရှင်ထင်လားဟင်”
ဆန်းလျန်က သူမ၏စကားကြောင်း တစ်ချက် ရယ်မောလိုက်ရင်း သူမရှေ့သို့ လမ်းလျှောက် လာလေသည်။
“မင်း ကျုပ်ရှေ့ ရောက်လာမှတော့ ဆက်အသက်ရှင် ရမှာပေါ့ဗျာ"
ဆန်းလျန်က သူ၏ ကြယ်စင်ရောင် တန်ခိုးစွမ်းအားများကို ကျောက်ရှောင်ယွီ၏ ခန္ဓာကိုယ် အတွင်းသို့ ထည့်သွင်း ပေးလိုက်လေသည်။
ကျောက်ရှောင်ယွီ၏ ဖြူဖျော့နေသည့် မျက်နှာသည် ချက်ချင်းပင် သွေးရောင် လွှမ်းလာလေသည်။
သူမစိတ်ထဲတွင် သေတော့မည် ကဲ့သို့ ခံစားနေရပြီး အားအင် ကုန်ခန်းနေသည့် ခံစားချက်များသည် ချက်ချင်းပင် ပျောက်ကွယ် သွားပြီး ပြန်လည် လန်းဆန်း လာလေသည်။
သို့သော် ဆန်းလျန်မှာတော့ ကျောက်ရှောင်ယွီ၏ ဒဏ်ရာကို ကုသ ပေးလိုက်ရသည့် အတွက် ကြယ်စင် စွမ်းအားများ လျော့နည်းကာ သူ၏ခန္ဓာကိုယ်မှ အလင်းတန်းများ မှေးမှိန် သွားရလေသည်။
ကျောက်ရှောင်ယွီမှာ ဆန်းလျန်က သူမ၏ ဒဏ်ရာကို ကုသပေးခြင်းကို မတားဆီး လိုက်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန် ပြုလုပ်သည့် အရာတိုင်းကို သူမသည် မတားဆီး နိုင်သလို ငြင်းပယ် နိုင်စွမ်းလည်း မရှိပေ။ ဆန်းလျန်၏ စိတ်ဓာတ်သည် ပင်လယ်ကဲ့သို့ ကျယ်ပြန့် နက်ရှိုင်း လွန်းလေသည်။
ဆန်းလျန် သူမကို စိုက်ကြည့်နေသည့် အချိန်တွင် သူမ၏ စိတ်သည် ချက်ချင်းပင် အေးချမ်း သွားသလို ခံစား လိုက်ရလေသည်။
ကျောက်ရှောင်ယွီသည် ကြာပန်း ကိုးပွင့်ကျင့်စဉ်မှ “မရှိမှုနှင့် သေခြင်းတရား” တန်ခိုး စွမ်းအားကို ထုတ်ဖော် သုံးစွဲလိုက်သည့် အတွက် သူမ၏ တန်ခိုးစွမ်းအားမှာ ဆယ်ပုံတစ်ပုံသာ ကျန်ရှိတော့သည်။ သို့သော် ဆန်းလျန်က သူမ၏ တန်ခိုးစွမ်းအား များကို ချက်ချင်း ပြန်ဖြည့် ပေးလိုက်နိုင်သည့် အတွက် သူမသည် အလွန် အံ့သြ နေမိလေသည်။
သူမက ယန်ရွှီးသည် ဆန်းလျန်ကို ထိန်းချုပ် နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့လေသည်။ ယခုတော့ ယန်ရွှီးကြောင့် သူမရရှိခဲ့သည့် ဒဏ်ရာကို ဆန်းလျန်က အချိန်ခဏလေး အတွင်း ချက်ချင်း ကုသပေးခဲ့နိုင်သည်။ ဆန်းလျန်၏ မူလ ဝိညာဉ်ခန္ဓာမှာ မယုံကြည် နိုင်လောက်အောင် တန်ခိုးစွမ်းအား မြင့်မားသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်ကို သူမ သိလိုက်ရလေသည်။ သူမ အနေဖြင့် ဆန်းလျန်၏ တန်ခိုး စွမ်းအားများကို ခန့်မှန်းရန်ပင် မတတ်နိုင်တော့ပေ။
ဆန်းလျန်၏ ကြယ်စင် စွမ်းအားများသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သူမသည် အနွေးဓာတ် တစ်ခုကို ခံစား နေရလေသည်။ ထိုစွမ်းအားသည် နွေးရာမှ ပူလာပြီး သူမ၏ နတ်ဘုရား ခန္ဓာမှာ ယခင်ကထက်ပင် ပိုပြီး အားကောင်း လာသလို ခံစားလိုက်ရလေသည်။
သူမ၏စိတ်ထဲမှ သေတော့မည်ကဲ့သို့ ခံစားနေရသည့် ခံစားချက်ကိုပါ ဆန်းလျန်က စုပ်ယူ သွားလေသည်။
ထိုခံစားချက်မှာ ယန်ရွှီးထံမှ မိစ္ဆာ စွမ်းအားကြောင့် ဖြစ်နေရသည့် ခံစားချက် ဖြစ်ပြီး ထိုစွမ်းအားကို စုပ်ယူလိုက်သည်နှင့် ဆန်းလျန်၏ မျက်ဝန်းများမှာ အနက်ရောင်သို့ ကူးပြောင်း သွားလေသည်။
“ရှင် ကျွန်မကိုတော့ ကယ်တင်နိုင်ပြီး ရှင့်ကိုယ်ရှင်ကျတော့ ဘာလို့ မကယ်တင် နိုင်ရတာလဲ”
ကျောက်ရှောင်ယွီက မေးလိုက်သည်။
ဆန်းလျန်၏ မျက်ဝန်းများက ပုံမှန်အတိုင်း ပြန်လည် လင်းလက် လာလေသည်။
သူက ကျောက်ရှောင်ယွီ၏ နဖူးထက်မှ ဆံစလေးများကို အသာသပ်တင် ပေးလိုက်ရင်း နူးညံ့စွာဖြင့် ပြောလိုက်သည်။
“မင်းစကားပုံ တစ်ခု မကြားဖူးဘူးလား၊ ‘သူများကိုပဲ ထူပေးလို့ရတယ်၊ ကိုယ်တိုင် လဲကျသွားရင် ထူလို့မရဘူး’ တဲ့၊ ကျင့်စဉ်လမ်းမှာလည်း ဒီအတိုင်းပဲပေါ့၊ ချန်ပေသိုဆိုတာ ပေါ့သေးသေး လူတစ်ယောက်မှ မဟုတ်တာ၊ သူ့ကို ယန်ရွှီးတောင်မှ ရင်ဆိုင်ရဲမှာ မဟုတ်ဘူး”
“ရှင်တို့ နှစ်ယောက်ရဲ့ တိုက်ပွဲက နှစ်ထောင်ပေါင်းများစွာ အတွင်းမှာ အကြီးမားဆုံး တိုက်ပွဲပဲ၊ လုကျိုးယွမ် အသူရာ ချောက်ကိုသွားပြီး ထူကျူအရှင်နဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲထက်တောင် သာလွန်တယ်၊ ဒါပေမဲ့ ရှင် တိုက်ပွဲမှာ သေစေလောက်တဲ့ အထိ ဖြစ်သွားမယ်လို့ ကျွန်မ မထင်ခဲ့မိဘူး၊ ကိစ္စတစ်ခုခုများ ဖြစ်ခဲ့လို့လား"
ကျောက်ရှောင်ယွီက မေးလိုက်လေသည်။
"အဲဒီနေ့က ချန်ပေသိုရဲ့ နတ်ဘုရား ထောင်ချောက်ဓားကို ရင်ဆိုင်ဖို့အတွက် ကျုပ်က တာအိုနဲ့ တစ်သားတည်း ကျအောင် လုပ်လိုက်ရတယ်၊ အဲဒီလို လုပ်လိုက်ရင် အန္တရာယ်များတယ် ဆိုတာ ကျုပ်သိပြီးသားပါ၊ ဒါပေမဲ့ ကျုပ်အခြေအနေ တော်တော် ဆိုးသွားခဲ့တယ်၊ ကျုပ်ကိုယ်ကျုပ် မကယ်တင်နိုင်တော့တဲ့ အခြေအနေကိုလည်း ရောက်နေပြီ၊ ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ "တစ်စိတ်တစ်ပိုင်း" က ဆုံးရှုံးသွားခဲ့ရပြီ၊ ဒါကြောင့် ကျုပ်ရဲ့ အသက်ဓာတ် စွမ်းအားတွေလည်း တဖြည်းဖြည်းချင်း စီးထွက် နေတာပေါ့"
ဆန်းလျန်က အေးအေးစွာပင် ပြောလိုက်လေသည်။
ချန်ပေသိုနှင့်တိုက်ပွဲတွင် ဆန်းလျန်သည် သူ၏ ရုပ်ခန္ဓာကို ဆုံးရှုံးခဲ့သည် သာမက ယခင် ဆန်းလျန်နှင့် ပေါင်းစပ်ထားသည့် ဝိညာဉ်ဆိုင်ရာ အပိုင်းအစ များကိုပါ ဆုံးရှုံးခဲ့ရလေသည်။
သူနှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သည့် ဝိညာဉ် စွမ်းအားများတွင် ယခင်ဆန်းလျန်၏ အစိတ်အပိုင်း များသည် ခွဲခြား၍ မရခဲ့ပေ။ နွားနို့ထဲတွင် ရေရော ထားသကဲ့သို့ တစ်သားတည်း ကျနေသည်ဟု ဆိုနိုင်လေသည်။ သို့သော် "တာအိုနှင့် တစ်သားတည်းကျ" သွားပြီးသည့် နောက်တွင်တော့ ယခင်ဆန်းလျန်နှင့် သက်ဆိုင်သည့် အစိတ်အပိုင်း များသည် သူ့ဆီမှ လုံးဝ ခွဲထွက် သွားခဲ့လေသည်။ ယခင် ဆန်းလျန်သည် သူနှင့် လုံးဝ မပတ်သက် ခဲ့တော့သလို ဖြစ်သွားရလေသည်။ သို့သော် ထိုသို့ ယခင်ဆန်းလျန်၏ ဝိညာဉ် အစိတ်အပိုင်းများကို ဆုံးရှုံး လိုက်ရခြင်းက သူ၏ အစိတ်အပိုင်း တစ်ခုကို ဆုံးရှုံး လိုက်ရသကဲ့သို့ ဖြစ်သွား ရလေသည်။
ထို့ကြောင့် ဆန်းလျန်သည် တာအိုရုပ်ခန္ဓာနှင့် ပတ်သက်သည်များကို ပိုပြီး သိချင်နေမိသည်။ တာအိုရုပ်ခန္ဓာနှင့် ပတ်သက်သည်များကို သိရှိနိုင်ပြီး ဝိညာဉ်စွမ်းအား ချို့ယွင်းချက်များကို ပြန်လည် ပြုပြင်နိုင်သည့် နေရာသည် လောကတွင် တစ်နေရာသာ ရှိလေသည်။ ထိုနေရာသည် လင်ထိုင်ဖန်းကျွမ်းတောင်ပင် ဖြစ်လေသည်။
လင်ထိုင်ဖန်းကျွမ်း၏ အခြေခံအဓိပ္ပာယ်မှာ "နှလုံးသား ရှာဖွေခြင်း" ဟု အဓိပ္ပာယ် ရလေသည်။
ထိုနေရာတွင် သူ၏ ဝိညာဉ်စွမ်းအား ချို့ယွင်း သွားမှုများကို ပြန်လည် ပြုပြင်ရန်နှင့် ယခင်က အတိုင်း အပြည့်အ၀ ပြန်လည် ဖြစ်တည် လာစေရန်အတွက် ထူးဆန်းသည့် ဂမ္ဘီရ အရာတစ်ခု ထိုနေရာတွင် ရှိမည်ဟု ယူဆရလေသည်။
သို့သော်…
ထိုအရာကို ဆန်းလျန် တစ်ယောက်သာ လိုအပ်နေသည် မဟုတ်ပါ။ ယန်ရွှီးကလည်း လိုအပ်နေလေသည်။
ထိုအရာကိုသာရလျှင် ဆန်းလျန်သည် အပြည့်အ၀ ပြန်လည် အသက်ရှင်သန်နိုင်မည် ဖြစ်လေသည်။ သို့သော် ယန်ရွှီးသာ ထိုအရာကို ရရှိသွားပါက မိစ္ဆနတ်ဘုရင် တစ်ပါး ဖြစ်သွား ပေလိမ့်မည်။ ကံကြမ္မာ မျက်နှာသာပေးပါက သူသည် မိုးကောင်းကင် နတ်မိစ္ဆာ ဘုရင်ကြီးပင် ဖြစ်သွား နိုင်လေသည်။
ကျောက်ရှောင်ယွီက သက်ပြင်း တစ်ချက်ချလိုက်ရင်း…
"ကျွန်မရှင့်ကို အဆုံးရှုံးမခံနိုင်ဘူး၊ ရှင် "မန္တာန်အလင်း ချေဖျက်ခြင်းကျမ်း" ကို သင်ယူနိုင်ဖို့ ကျွန်မရဲ့ ဂိုဏ်းတူအစ်မကို ပြောပေးမယ်လေ၊ အဲဒီပညာကို သင်ယူထားရင် ရှင် ယန်ရွှီးကို အနိုင်ရချင်ရမှာပါ"
“သုံးလပိုင်း သုံးရက်နေ့မှာ ဘုရင်တစ်ပါး မွေးဖွားလိမ့်မယ်”
“သုံးလပိုင်း သုံးရက်နေ့မှာ ဘုရင်တစ်ပါး မွေးဖွားလိမ့်မယ်”
အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လေထန်သည့် ညခင်းတွင် မတ်တတ်ရပ်ကာ အဝေးသို့ ငေးနေသည့် ယန်ရွှီးထံမှ တီးတိုး ရေရွတ်လိုက်သံကို ထျန်းမုန့် နတ်သမီး ကြားလိုက် ရလေသည်။
ဟွမ်တိ မင်းကြီးသည် လူ့လောကတွင် အင်မတန်မှ ကျော်ကြားသည့် ဧကရာဇ်မင်း တစ်ပါး ဖြစ်လေသည်။ သူက သုံးလပိုင်း သုံးရက်နေ့တွင် မွေးဖွားခဲ့သူ ဖြစ်လေသည်။
ဆန်းလျန်နှင့် ယန်ရွှီးသည် သုံးလပိုင်း သုံးရက်နေ့တွင် လင်ထိုင်ဖန်းကျွမ်းတွင် ရင်ဆိုင် တိုက်ခိုက်ကြရမည် ဖြစ်လေသည်။ ထိုတိုက်ပွဲသည် သမိုင်းတင်မည့် တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း မျိုးဆက်အတွက် ခေတ်အဆက်ဆက် သမိုင်း တင်ကျန်ရစ် ခဲ့လိမ့်မည်။
ထို့ပြင် ယခင်မျိုးဆက်နှင့် နောက်ပိုင်းမျိုးဆက် တိုက်ခိုက်သည့် တိုက်ပွဲလည်း ဖြစ်လေသည်။
***