← Chapters

မြင့်မြတ်သော တန်ခိုးစွမ်းအား

Vol. 5 Ch. 440

မြင့်မြတ်သော တန်ခိုးစွမ်းအား

Vol. 5 Ch. 440

“ဘာလဲ၊ ရှင်က ဘုရင် လုပ်တော့မလို့လား”

ထျန်းမုန့် နတ်သမီးက အေးစက်စက် လေသံဖြင့် မေးလိုက်သည်။

မိုးနှင့်မြေသည် တစ်ပတ် လှည့်သွားသကဲ့သို့ ဖြစ်သွားပြီး ယန်ရွှီး၏ နောက်တွ င်ရပ်နေသည့် ထျန်းမုန့် နတ်သမီးသည် ယန်ရွှီး၏ ရှေ့သို့ ရောက်လာလေသည်။

ထျန်းမုန့် နတ်သမီးသည် သာမန် မိန်းကလေးတစ်ယောက် မဟုတ်ပါ။ ထိုက်စု နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လေသည်။ သူမသည် ဆန်းလျန်နှင့် ယန်ရွှီးတို့၏ ကြောက်မက်ဖွယ်ရာ တန်ခိုး စွမ်းအားများကို ကောင်းစွာ နားလည်လေသည်။ တာအို ကျင့်ကြံသူ တစ်ယောက်သည် တန်ခိုး စွမ်းအားများသည် အထွတ်ထိပ်သို့ ရောက်ရှိပြီးလျှင် ပြန်လည် ကျဆင်းတတ်မြဲ ဖြစ်လေသည်။ သို့ရာတွင် ဆန်းလျန်နှင့် ယန်ရွှီး နှစ်ယောက် စလုံးသည် တန်ခိုးစွမ်းအား အထွတ်ထိပ်သို့ ရောက်ရှိကြခြင်း မရှိသေးပေ။ တစ်ချိန်တည်းမှာပင် သူတို့ နှစ်ယောက်လုံးသည် လျှို့ဝှက်နက်နဲသော သူများလည်း ဖြစ်ကြလေသည်။ အချိန်တိုတို အတွင်းတွင် သူတို့သည် ကျင့်စဉ်လမ်းကို အမြင့်ဆုံးသို့ ရောက်ရှိအောင် ကျင့်ကြံ နိုင်ခဲ့ကြသည်။

ယန်ရွှီးသည် မိုးကောင်းကင် နတ်မိစ္ဆာခန္ဓာကို ရရှိပြီးသည်နှင့် လောက နတ်ဘုရားများကိုပင် နှိမ်နင်းနိုင်သည့် တန်ခိုး စွမ်းအားများကို အဘယ်ကြောင့် ရရှိခဲ့သည် ဆိုသည့် အချက်ကိုတော့ ထျန်းမုန့် နတ်သမီးက ရိပ်မိသလို ရှိလေသည်။

သို့သော် သူမက ယန်ရွှီးကိုတော့ ထုတ်ဖော် မေးမြန်းခဲ့ခြင်း မရှိပါ။

ယန်ရွှီးက ထျန်းမုန့် နတ်သမီး၏ မေးဖျားလေးကို လက်ဖြင့် အသာ ဆွဲမလိုက်လေသည်။ သူက ထျန်းမုန့်နတ်သမီးကို အဆုံးမဲ့ချစ်ခြင်း မေတ္တာများဖြင့် ပြည့်ဝနေသည့် ချစ်ရည်ရွှန်းသည့် မျက်ဝန်းများဖြင့် စိုက်ကြည့် လိုက်လေသည်။

"ကျုပ်သာ မိုးကောင်းကင် နတ်မိစ္ဆာ ဘုရင်ကြီး ဖြစ်သွားရင် မင်းက ကျုပ်ရဲ့ မိဖုရား ဖြစ်လာရမှာပဲ၊ ဘယ်လိုလဲ"

သူက ထျန်းမုန့်နတ်သမီး၏ နားနားသို့ ကပ်ကာ တိုးတိုး ပြောလိုက်လေသည်။

သူ၏စကားသံက မိန်းကလေးတိုင်း၏ နှလုံးသားကို အရည် ပျော်စေနိုင်သည့် အသံမျိုး ဖြစ်လေသည်။

ထျန်းမုန့်နတ်သမီးက ချက်ချင်း မျက်နှာလွှဲပစ် လိုက်လေသည်။ သူမရှေ့မှ ယန်ရွှီးဆိုသည့် သူကို သူမသည် စိတ်အတွင်းမှ နက်နက်ရှိုင်းရှိုင်းပင် မုန်းတီး နေခဲ့မိလေသည်။ ယန်ရွှီး၏ ယုတ်မာ ရမ်းကားမှုများကို သူမသည် မတားဆီးနိုင်ခဲ့ပေ။ သို့သော်… ယခု ယန်ရွှီး ပြောလိုက်သည့် စကားကို ကြားလိုက်ရသည့် အခါတွင်တော့ သူမ၏ရင်ထဲတွင် ကြည်နူးမှုလေး အနည်းငယ်ကို ခံစား လိုက်ရလေသည်။

သူမက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရင်း အေးစက်စွာဖြင့် ပြောလိုက်သည်။

"ရှင်မမေ့ပါနဲ့၊ ကျွန်မက ရှင်နဲ့ပူးပေါင်းဖို့ သဘောတူခဲ့လို့ ရှင်ဒီလို အဆင်ပြေနေတာ"

ယန်ရွှီးက ပြုံးလိုက်ရင်း….

“ကျုပ်ဘယ်လိုလုပ် မေ့နိုင်မှာလဲ၊ ကျုပ်ကတိ ပေးထားခဲ့တာပဲ မဟုတ်ဖူးလား၊ ဒါနဲ့ ကျောက်ရှောင်ယွီကို ကယ်သွားတာ မင်းရဲ့ တပည့်မဟုတ်လား၊ သူ့ကို ကျုပ်သတ်လို့ ရရဲ့သားနဲ့ မင်းစိတ်မကောင်း ဖြစ်မှာစိုးလို့ လွှတ်ပေး လိုက်ရတာ"

ထျန်းမုန့်နတ်သမီးက လှောင်ပြောင်သည့် အပြုံးတစ်ခုကို ပြုံးလိုက်ရင်း…

"သူက အိပ်မက် လိပ်ပြာကျင့်စဉ်ကို ကျင့်ကြံပြီး ကျွန်မနဲ့ ဆက်သွယ် ထားတဲ့ နှလုံးသား စည်းချက် ကျင့်စဉ်ကို ဖြတ်တောက် ပစ်လိုက်ပြီလေ၊ သူ့ကို တပည့်လို့ မသတ်မှတ်တော့တာ ကြာလှနေပြီ၊ ဘာလို့ ရှင်က ကျွန်မကို လိမ်ပြောနေရတာလဲ၊ ဒီလိုလုပ်တာ ဘာအဓိပ္ပာယ် ရှိမှာတဲ့လဲ"

ထျန်းမုန့် နတ်သမီး၏ စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေလေသည်။

ယန်ရွှီးသည် သူမကို လှည့်စားရန် အတွက် ထိုကဲ့သို့သော အလိမ်အညာ စကားများကို မည်သည့် အခါမှ အသုံးပြုလေ့ မရှိပေ။ သို့သော် သူမက ယန်ရွှီး၏ အကြောင်းကို ကောင်းကောင်း သိလေသည်။ ယန်ရွှီးသည် လူသားများ၏ နှလုံးသားများထဲသို့ သူ၏ မိစ္ဆာမျိုးစေ့များကို အမြဲတမ်း ထည့်သွင်းကာ သူ၏ ကိုယ်ပွားများ အဖြစ် ပြုလုပ်လေ့ ရှိလေသည်။ နောက်ဆုံးတွင်တော့ ထိုသူများသည် အသိစိတ် ပျောက်ကွယ် သွားကြရလေသည်။

ယန်ရွှီးက လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်ရင်း ထျန်းမုန့်နတ်သမီး၏ မျက်ဝန်းများကို စိုက်ကြည့် လိုက်သည်။

"ကြည့်ရတာ မင်းက ဒီအကြောင်းတွေကို သိချင်တဲ့ပုံ မပေါ်ဘူးပဲ၊ မင်းသိလား၊ လောကမှ ဘယ်သူမှာ အိပ်မက် လိပ်ပြာ ကျင့်စဉ်ကို ကျုပ်ထက် ဘယ်သူမှ ပိုပြီး နားမလည်နိုင်ပါဘူး၊ အရူးအဘိုးကြီးရဲ့ ကြောက်စရာ တာအိုတရား အဓိပ္ပာယ်တွေကို ဘယ်သူမှလည်း နားလည်နိုင်စရာ အကြောင်းမရှိဘူး၊ မင်းက ထိုက်စု နတ်ဘုရားဂိုဏ်းရဲ့ နှလုံးသား စည်းချက် ကျင့်စဉ်ကို လက်လျှော့ လိုက်တော့မလို့လား၊ အရင်တုန်းက မင်းစီစဉ်ခဲ့တဲ့ အစီအစဉ်တွေ အတိုင်းသာ လုပ်နိုင်ခဲ့မယ် ဆိုရင် မင်းကျုပ်လှည့်စားမှာကို ဘာမှ စိတ်ပူစရာ မလိုတော့ဘူး"

"ကျွန်မရဲ့ ဆရာဒေါ်လေးတွေ အားလုံးကို ရှင်ခေါ်သွားခဲ့တာ၊ ထိုက်စု နတ်ဘုရား ဂိုဏ်းကလည်း အမှောင် မိစ္ဆာဂိုဏ်းရဲ့ လက်အောက်ခံ ဖြစ်နေပြီ၊ ကျွန်မမှာ ဘာများ ရွေးချယ်စရာ ရှိဦးမှာလဲ၊ ရှင့်ကို ကျွန်မက ဘယ်လိုလုပ် ဆန့်ကျင် နိုင်မှာတဲ့လဲ၊ ရှင်က ကျွန်မဆီက ဘာတွေ ထပ်လိုချင် နေသေးလို့လဲ"

ထျန်းမုန့်နတ်သမီးက စကားကို သတိထားပြီး ပြောလိုက်လေသည်။

"ကျုပ်က မင်းကို ကူညီချင်ရုံ သက်သက်ပါ၊ မင်း ကျုပ်ကို မယုံတာကတော့ ဆိုးတာပေါ့"

ယန်ရွှီးက ပြောလိုက်လေသည်။

"ရယ်စရာ ကောင်းလိုက်တာ၊ ရှင့်လိုလူမျိုးက ဘယ်သူက ယုံရဲမှာတဲ့လဲ"

ထျန်းမုန့် နတ်သမီးက ပြန်ပြော လိုက်လေသည်။

"အနည်းဆုံးတော့ ဆန်းလျန်လေးက ကျုပ်ကို ယုံတယ်လေ"

ယန်ရွှီးက လေးတိလေးကန် လေသံဖြင့် ပြောလိုက်လေသည်။

ဆန်းလျန်သည် လင်ထိုင်ဖန်းကျွမ်းတောင်တွင် ယန်ရွှီးကို စိန်ခေါ်သည့်စာ ပို့လိုက်သည့် သတင်းသည် အနယ်နယ် အရပ်ရပ်သို့ ပျံ့နှံ့ သွားလေသည်။ ကျင့်ကြံသူများက တိုက်ပွဲတွင် ဆန်းကျန်းရန် နတ်ဘုရား အနိုင်ရလျှင် ကောင်းမည်ဟု တွေးတော နေမိကြလေသည်။ သို့သော်… ဆန်းကျန်းရန် နတ်ဘုရားသာ ရှုံးနိမ့်ခဲ့ပါက ချင်းရွှမ်နတ်တံခါး တစ်ခုလုံးလည်း ပြိုကွဲ ပျက်စီးရမည် ဖြစ်လေသည်။

ကျိလင်နတ်သမီးက ဆန်းလျန်ကိုယ်စား ချင်းရွှမ် နတ်တံခါးကို စောင့်ရှောက် ပေးနေသည့်တိုင် ကောလာဟလ သတင်းများစွာကတော့ ကျင့်ကြံသူ လောကတွင် ပျံ့နှံ့နေဆဲ ဖြစ်လေသည်။ ကျိလင်နတ်သမီးမှာ ပြဿနာများ အားလုံးကို ဖြေရှင်းနိုင်သည့်တိုင် လုကျိုးယွမ်ကဲ့သို့ လောကကို မကျော်လွန်ဘဲ လူ့လောကတွင် ကြာကြာမှ နေခွင့် ရပါမည်လား ဆိုသည့် အချက်ကိုတော့ စိုးရိမ် နေခဲ့မိလေသည်။ ထို့ပြင် ချင်းရွှမ်နတ်တံခါး အပြင်ဘက်တွင် ချင်းရွှမ်တွင် လာရောက်ခိုလှုံနေကြသည့် ကျင့်ကြံ သူများလည်း ရှိနေသေးသည်။

အမှောင်မိစ္ဆာဂိုဏ်း တကယ်တမ်း အန္တရာယ် ပေးလာပါက ထိုကျင့်ကြံသူများ အားလုံးကို ကျိလင်နတ်သမီးသည် ကာကွယ် ပေးနိုင်ပါမည်လား မသေချာပေ။

သို့သော်… ပြဿနာဆိုသည်က ရှောင်လွှဲ၍မရပေ။

လူအများကိုကူညီရင်း ချင်းရွှမ် နတ်တံခါး ကျဆုံးခဲ့လျှင်တောင်မှ ချင်းရွှမ် နတ်တံခါး၏ ဂုဏ်သတင်းက အမြဲတမ်း သန့်ရှင်းနေမည် ဖြစ်လေသည်။

တိုက်ပွဲသည် နီးကပ်လာပြီ ဖြစ်လေသည်။

ချင်းရွှမ်နတ်တံခါးမှ တပည့်များသည် သူတို့၏ ဂိုဏ်းချုပ်ကို အလွန်ချစ်ခင် လေးစားကြသည့် အတွက် ဒုက္ခ မရောက်စေချင်ကြပေ။

ချင်းရွှမ်နတ်တံခါးတွင် ဆန်းလျန်ကို အချိန်မရွေး ဝင်ထွက် တွေ့ဆုံခွင့် ရသူဆို၍ တစ်ယောက်သာ ရှိလေသည်။

ထိုသူမှာ ချန်ကျင်းချင်ပင် ဖြစ်လေသည်။

ချန်ကျင်းချင်မှာ ဆန်းလျန်၏ တပည့်ဖြစ်ခွင့် ရသည့်အတွက် ချင်းရွှမ်နတ်တံခါးမှ တပည့် အများစုက သူ့ကို လေးစားအားကျ နေကြလေသည်။ ချန်ကျင်းချင်သည် အနာဂတ်တွင် ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် ဖြစ်မလာနိုင်လျှင်တောင်မှ ဆန်းလျန်၏ ပညာများ အားလုံးကို ဆက်ခံခွင့် ရသည့် အတွက် သူ၏အနာဂတ်သည် တောက်ပလျက် ရှိနေပေလိမ့်မည်။

ချန်ကျင်းချင်သည် ချင်းရွှမ်နတ်တံခါးမှ တပည့်များက သူ့ကို လက်ညှိုး တထိုးထိုး ဖြစ်နေကြသည့် အတွက် နေရထိုင်ရ ခက်နေရလေသည်။ သို့သော် သူက ဆရာဖြစ်သူ၏ အေးဆေး တည်ငြိမ်မှုနှင့် ပွင့်လင်းမှုတို့ကို အမွေ ဆက်ခံထားသည့် အတွက် စိတ်အနှောင့်အယှက်တော့ မဖြစ်မိပေ။

သူက ဆရာဖြစ်သူနှင့် တွေ့ချင်သည့် အချိန်တိုင်း ဝင်ထွက် တွေ့ဆုံခွင့် ရသည့်တိုင် သူက တပည့် ဝတ္တရားအတိုင်း မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဆရာဖြစ်သူကို ဂါရဝပြုသည့် အလုပ်ကိုသာ သာမန် ပြုလုပ်လေ့ရှိလေသည်။ ကျန်သည့် အချိန်များတွင်တော့ သူက ချင်းရွှမ်နတ်တံခါး၏ တောင်ထပ်ငါးခုနှင့် တောင်ခြေရှိ နန်ခယ်မြို့လေးသို့ လျှောက်သွားနေခဲ့ပြီး အခြားသော ကျင့်ကြံ သူများနှင့် ရောထွေး နေခဲ့လေသည်။

ကျင့်ကြံခြင်းသည် သူ့အတွက် သိပ်ပြီး မထူးခြားလှသည့် အတွက် သူကထိုသို့ ပြုလုပ်နေခြင်း ဖြစ်လေသည်။

ချန်ကျင်းချင်သည် ကြိုက်သည့်အချိန် ကြိုက်သည့် နေရာတွင် မိုးမြေစွမ်းအားများကို စုစည်းကာ သန့်စင် ပစ်နိုင်လေသည်။ သူ၏ တန်ခိုးစွမ်းအားသည် သူ၏ သွေးကြော ဆုံချက် နေရာတိုင်းကို စွမ်းအားများဖြင့် ပြည့်နေစေလေသည်။

သို့သော်… ဆန်းလျန်သည် ချန်ကျင်းချင်ကို ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို သင်ကြားပေးခြင်း မရှိပါ။

နှစ်လပိုင်းနှစ်ရက်နေ့…

ချန်ကျင်းချင်သည် သူ၏ ကျင့်စဉ်လမ်းတွင် ချောချောမွေ့မွေ့ လျှောက်လှမ်း နေရသည့်တိုင် စိတ်ရှုပ်ထွေး နေမိလေသည်။

အဘယ်ကြောင့်ဆိုသော် သူသည် တောင်ခြေတွင် လျှောက်သွားနေရင်း လူတစ်ယောက်နှင့် ဆုံခဲ့ရသောကြောင့် ဖြစ်လေသည်။

ချင်းရွှမ်တောင်ခြေတွင် ကျင့်ကြံသူများသည် လာရောက် ခိုလှုံနေကြသည့် အတွက် ချင်းရွှမ်မှ တပည့်များသည် ထိုကျင့်ကြံသူများကို အလှည့်ဖြင့် စောင့်ကြည့် နေကြရလေသည်။

ထိုသူက ချင်းရွှမ်မှ တပည့်များနှင့် ငြင်းခုံနေကြသည်ကို ကြားခဲ့ရခြင်း ဖြစ်လေသည်။

"ရောင်းရင်းတို့၊ ကျုပ်က အမှောင်မိစ္ဆာ သခင်ရဲ့ အမိန့်နဲ့ ဆန်းကျန်းရန် နတ်ဘုရားကို တွေ့ချင်လို့ ရောက်လာတာပါ၊ လက်ဆောင်လည်း ယူလာခဲ့ပါတယ်"

ထိုကျင့်ကြံသူက ချင်းရွှမ်နတ်တံခါးမှ တပည့်နှစ်ယောက်ကို ပြောလိုက်ခြင်း ဖြစ်လေသည်။

ထိုသူ၏စကားကြောင့် ကျင့်ကြံသူများ အားလုံးမှာ အံ့သြ သွားကြရလေသည်။

အဘယ်ကြောင့် အမှောင်သခင်က ဆန်းကျန်းရန် နတ်ဘုရားကို လက်ဆောင်ပေးရန် ထိုသူကို အသုံးပြုရပါသနည်။

ချင်းရွှမ်မှ ကျင့်ကြံသူ နှစ်ယောက်က ထိုသူကို မယုံခဲ့ပါ။ ချင်းရွှမ် နတ်တံခါးဆိုသည်မှာ သတင်းအမှန်ကိုသာ လက်ခံလေ့ရှိပြီး ထိုကဲ့သို့သော အခြေအမြစ် မရှိသည့် စကားများကို လက်မခံလိုပေ။

ထို့ပြင် အမှောင်မိစ္ဆာဂိုဏ်းမှ ဂိုဏ်းသားများသည် ထိုမျှလောက် သိမ်မွေ့ကြလိမ့်မည် မဟုတ်ပေ။

ထို့ပြင် ထိုသူ၏ အသက်ဓာတ် စွမ်းအားများမှာလည်း တည်ငြိမ် လွန်းလေသည်။ ချန်ကျင်းချင်မှာ ထိုသူနှင့် ခပ်ဝေးဝေးတွင် ရှိနေသည့်တိုင် ထိုသူ့ထံမှ ထွက်ပေါ်နေသည့် မြင့်မြတ်သည့် တန်ခိုးစွမ်းအား တစ်ခုကို ခံစား နေရလေသည်။

***

All Chapters