ကျင့်စဉ်လမ်းဆိုတာ စီးဆင်းနေတဲ့ ရေလိုပဲ
Vol. 5 Ch. 442
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"ချင်းရွှမ်နတ်တံခါးရဲ့ ဆောင်ပုဒ်က ဘာလဲဆိုတာ မင်းကို ပြောပြထားတယ် မဟုတ်လား"
ချန်ကျင်းချင်က…
"အဆင့်မြင့် ကျင့်စဉ်လမ်းကို တက်လှမ်းချင်ရင် စိတ်နှလုံးကို အရင်ဆုံး ပြုပြင်ရမယ်တဲ့"
ဆန်းလျန်က ထပ်မံ ရယ်မော လိုက်ပြန်လေသည်။
"ကျင့်စဉ်လမ်းဆိုတာ စီးဆင်းနေတဲ့ ရေလိုပဲ၊ စိတ်နှလုံးဆိုတာက စီးဆင်းနေတဲ့ ရေကို ထိန်းပေးထားတဲ့ ကမ်းပါးတွေလိုပဲ၊ ကမ်းပါးတွေ အတွင်းမှာ စီးဆင်းနေသရွေ့ ရေစီးကြောင်းဟာ ပြောင်းလဲမှာ မဟုတ်ဘူး"
ချန်ကျင်းချင်က ယခု တစ်ကြိမ်တွင်တော့ ဆန်းလျန်၏ စကားကို နားလည်သွားဟန် ရလေသည်။
ထို့နောက် သူက ခန်းမဆေင်ထဲမှ ထွက်ခွာသွားလေသည်။
ချန်ကျင်းချင် ထွက်ခွာသွားပြီး သိပ်မကြာမီမှာပင် ခန်းမဆောင် အတွင်းသို့ ကူးချိုင်ဝေ့ ဝင်လာလေသည်။
"မင်းရဲ့တပည့်ကတော့ တကယ့်လူပဲ၊ မင်းသူ့ကို ဘယ်ကဘယ်လို ရှာတွေ့ခဲ့လဲ ဆိုတာတော့ အစ်မ မသိဘူး၊ ဒါပေမဲ့ နောက်နှစ်ပေါင်း သုံးဆယ်လောက် ဆိုရင် သူက အစ်မကိုတောင် ကောင်းကောင်း ယှဉ်နိုင်တော့မယ်"
ဆန်းလျန်က အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ချင်းရွှမ် ခန်းမဆောင်ထဲတွင် သိပ်သည်းသည့် စကြဝဠာ တန်ခိုးစွမ်းအား ထွက်ပေါ်လာပြီး ထိုင်ခုံတစ်လုံး ပေါ်လာလေသည်။
ကူးချိုင်ဝေ့က ဆန်းလျန် ဖန်ဆင်းပေးသည့် ထိုင်ခုံထက်တွင် ထိုင်လိုက်သည်။
ဆန်းလျန်က ကူးချိုင်ဝေ့ကို ကြည့်ရင်း ပြုံးပြလိုက်သည်။
"အစ်မ၊ ဘာကိစ္စများ ရှိလို့လဲ"
ကူးချိုင်ဝေ့က ဆန်းလျန်ကို စိတ်ဆိုးမာန်ဆိုး အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ရင်း…
"အမလေး ဆရာသခင် ဆန်းလျန်ရယ်၊ အစ်မက မင်းဆီကို ကိစ္စရှိမှ လာရမှာလား"
"အစ်မကလဲ၊ အစ်မက အမြဲတမ်း အကြောင်းမရှိဘဲ ကျွန်တော့်ဆီ မလာတတ်ဘူးလေ၊ ကျွန်တော်က အစ်မ ရောက်လာရင် ပျော်တာပေါ့"
ဆန်းလျန်က ရယ်မောရင်း ပြန်ပြောလိုက်သည်။
ရယ်မောလိုက်သည့် အခါ ဆန်းလျန်၏ ခန္ဓာကိုယ်မှာ ကြယ်စင်များအလား တလက်လက် တောက်ပ သွားလေသည်။
ကူးချိုင်ဝေ့က…
"မင်းကိုယ်မင်း ပြန်ကြည့်စမ်း၊ အစ်မတော့ မနာလိုတောင် ဖြစ်လာမိပြီ၊ မင်းရဲ့နတ်ဘုရား ရောင်စဉ်တွေက လင်းလက် တောက်ပ နေတာပဲ၊ ဒါပေမဲ့ မောင်လေး… အစ်မစိတ်ထဲမှာ စိတ်ပူနေမိတယ်၊ လူဆိုတာက နေ့မြင်ညပျောက် ဖြစ်တာမျိုးပဲ မဟုတ်လား၊ နေရတဲ့ အခိုက်အတန့်မှာ ဂုဏ်သရေရှိရှိ နေသွားနိုင်တာ ကောင်းပါတယ်"
ဆန်းလျန်က…
"အစ်မ၊ သုံးလပိုင်း သုံးရက်နေ့ နောက်ပိုင်း ကျွန်တော်နဲ့ ထပ်တွေ့ချင်မှ တွေ့မယ်လို့ ကျွန်တော်ပြောထားလို့ စိတ်ပူနေတာလား၊ အစ်မရယ်… ဘဝဆိုတာက အကြာကြီး အတူတူ ဖြတ်သန်းကြဖို့ ဆိုတာ ဘယ်ဖြစ်နိုင်မှာလဲ၊ အတိတ်ပဲ ဖြစ်ဖြစ် အနာဂတ်ပဲ ဖြစ်ဖြစ် မီးခိုးငွေ့တွေလို မရေမရာပါပဲ၊ ဘာမှစောဒက မတက်ဘဲ ကောင်းတဲ့အလုပ်တွေ လုပ်သွားဖို့ပဲ လိုတာပါ"
ဆန်းလျန်၏ စကားကြောင့် ကူးချိုင်ဝေ့မှာ စိတ်မကောင်း ဖြစ်သွားမိလေသည်။
သူမက သက်ပြင်းတစ်ချက် ချလိုက်ရင်း…
"တာအိုကျင့်စဉ်လမ်းကို လျှောက်လှမ်းရတယ် ဆိုတာ မလွယ်ဘူးနော်၊ အင်းလေ…. လွယ်ကူနေမယ် ဆိုရင် ဘယ်သူမဆို နတ်ဘုရားတွေချည်း ဖြစ်လာ နေတော့မှာပေါ့"
သူမ စကားများကြောင့် ဆန်းလျန်က ပြုံးလိုက်ရင်း ချင်းရွှမ်ခန်းမဆောင် အလယ်မှ သစ်ပင်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီသစ်ပင်က ကျွန်တော့်ကို ယန်ရွှီး လက်ဆောင် ပေးလိုက်တာ၊ ထိုက်ဝေ့ထိုင် ခန်းမဆောင်ရှေ့မှာ စိုက်ထားပါလို့လည်း မှာလိုက်သေးတယ်၊ နောင်အနာဂတ်မှာ ဒီအပင်က လှပတဲ့ပန်းတွေ မပွင့်ဘူးလို့ မပြောနိုင်ဘူး၊ ကျွန်တော် သွားစိုက်လိုက်ဦးမယ်"
ကူးချိုင်ဝေ့က မျက်မှောင်ကြုတ် လိုက်ရင်း…
"မင်းက လူတွေကို သိပ်ပြီး အလေး ထားတတ်တာပဲ၊ ဒီအပင်ကို ထိုက်ဝေ့ထိုင် ခန်းမဆောင်ရှေ့မှာ မစိုက်တော့ရော ဘာဖြစ်သွားမှာ မို့လို့လဲ"
ဆန်းလျန်က…
"ဒီသစ်ပင်ရဲ့ ဇာစ်မြစ်ကို အစ်မကို ပြောပြမယ်၊ ကျိကျိုက်ဝတ် ကျောင်းတော်မှာ ဆန္ဒမဲ့ဝါးပင် ရှိကြတာ လူတိုင်း သိကြတာပဲ၊ အဲဒီဝါးပင်က လူတစ်ယောက်ရဲ့ စိတ်နဲ့ဝိညာဉ်ကို သန့်စင်ပေးတယ်၊ လူတွေကို မကောင်းမိစ္ဆာ အတွေးတွေကနေ ကင်းဝေးစေတယ်၊ ပြီးတော့ ကျိကျိုက်ဝတ် ကျောင်းတော်မှာ ဒီသစ်ပင်ကို သန့်စင်ပေးနိုင်တဲ့ သန့်စင်တဲ့ ပရိတ်ရေအိုးလည်း ရှိတယ်၊ မကောင်းမှု မှန်သမျှကို သန့်စင်ပေးနိုင်တယ်၊ ဒီသစ်ပင်ကို ထိုက်ဝေ့ထိုင် ခန်းမဆောင်ရဲ့ အရှေ့မှာ စိုက်ထားလိုက်ရင် ဘိုးဘေးတွေရဲ့ အမျက်ဒေါသတွေက အဲဒီသစ်ပင် အပေါ်ကို ကျရောက်လိမ့်မယ်၊ ဒါမှ နောက်ပိုင်း မျိုးဆက်အတွက် ချင်းရွှမ်နတ်တံခါးရဲ့ ဖြစ်ရပ်ကို သင်ခန်းစာ ယူနိုင်လိမ့်မယ်၊ အမျက်ဒေါသတွေကနေ သန့်စင် ပစ်နိုင်လိမ့်မယ်၊ ယန်ရွှီးကလည်း အနာဂတ် အတွက် စဉ်းစားမိလို့ ဒီသစ်ပင်ကို လက်ဆောင် ပေးလိုက်တာပဲ၊ ကျုပ် သူ့ကိုမယုံဘူးဆိုရင် ဘိုးဘေးဆရာ သခင်တွေရဲ့ အမျက်ဒေါသတွေကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
"မင်း သူ့ကို ယုံမယ်ဆိုတာ သူကလည်း ကြိုပြီး ခန့်မှန်းမိမှာပဲလေ၊ ဒါပေမဲ့ ဒီသစ်ပင်က သေခါပဲနီးနေပြီ"
ဆန်းလျန်က ထိုင်ရာမှ ထလိုက်ပြီး ခြောက်သွေ့နေသည့် သစ်ပင်အနားသို့ လမ်းလျှောက် သွားကာ ပင်စည်ကို ထိကိုင် ကြည့်လိုက်သည်။
အမှောင်မိစ္ဆာသခင် ယန်ရွှီးသည် မြင့်မားသည့် ချောက်ကမ်းပါးကြီး ထိပ်တွင် မတ်တတ် ရပ်နေလေသည်။
သူ၏ဘေးတွင် မြင့်မားသည့် သစ်ပင်ကြီးတစ်ပင် ရှိနေလေသည်။ သစ်ပင်၏ အရွက်များမှာ ရှည်လျား လွန်းလေသည်။ ထိုသစ်ပင်မှာ ကျင်းကျိတိုင်းပြည်မှ ယူကလစ်ပင်ပင် ဖြစ်လေသည်။ သစ်ပင်ကြီးသည် တစ်ချက် လှုပ်ရှားသွားပြီး အမှောင်မိစ္ဆာဂိုဏ်း တစ်ခုလုံး လှုပ်ခါသွားသလားဟုပင် ထင်မှတ် ရလေသည်။
ချောက်ကမ်းပါးကြီး၏ အောက်ခြေတွင် သွေးရေကန် တစ်ကန် ရှိနေလေသည်။
ယူကလစ်ပင်ကြီး လှုပ်ရှားသွားသည့် အတွက် ယူကလစ်ပင်မှ သစ်ရွက်များသည် သွေးရေကန်ထက်သို့ ကျဆင်း သွားကြလေသည်။ ထိုအခါ သွေးရေကန်သည် သွေးရောင်များ ပျောက်ကွယ်သွားကာ ကြည်လင်သွားပြီး မိုးကောင်းကင်ထက်မှ တိမ်တိုက် များကိုပင် ရောင်ပြန် ဟပ်ကာ တွေ့မြင် နေရလေသည်။
တဖြည်းဖြည်း ရေကန်ထဲတွင် ပေါ်နေသည့် တိမ်တိုက်များ ပျောက်ကွယ် သွားပြီး ဆန်းလျန်၏ ပုံသည် ရေကန်ထဲတွင် ထပ်ဟပ် လာလေသည်။
ဆန်းလျန် ဆိုလိုသည့် အဓိပ္ပာယ်ကို ယန်ရွှီးကောင်းစွာ သိလေသည်။ မိုးနှင့်မြေတွင် ဆန်းလျန်သည် သူ့ကို မည်သည့် နေရာတွင်မဆို ရှာတွေ့နိုင်လေသည်။ သူတို့နှစ်ယောက်၏ ဆက်သွယ်မှုသည် အသံတစ်ချက်ပင် ထွက်စရာမလိုပေ။
သူက တစ်ချက် ပြုံးလိုက်ရင်း…
"ဆရာဘိုးဘိုးယွမ်ချင်း၊ ဆရာဘွားဘွား လီချင်းဆွေ၊ ဆရာတို့နဲ့ တစ်ချိန်တည်းမှာ မွေးဖွား မလာခဲ့တာကို နောင်တမရတော့ပါဘူး"
ထိုအချိန်တွင်…
ဆန်းလျန်သည် ယန်ရွှီး ပေးလိုက်သည့် သစ်ပင်ကို ကျီဖူတောင်ထိပ်ရှိ ထိုက်ဝေ့ထိုင် ခန်းမဆောင် ရှေ့သို့ ယူဆောင်ပြီး စိုက်ပျိုးနေလေသည်။
ထိုသစ်ပင်၏ အမြစ်များသည် ထိုက်ဝေ့ထိုင် ခန်းမဆောင် အတွင်းပိုင်း လျှို့ဝှက်နေရာတွင် ရှိသည့် အစိမ်းသရဲမြို့တော်ကို မရေမတွက်နိုင်သည့် အမြစ်များဖြင့် ချက်ချင်းပင် ရစ်ပတ် လိုက်လေတော့သည်။ ထို့နောက် မရေမတွက် နိုင်အောင် များပြားလွန်းသည့် မိစ္ဆာစွမ်းအားများကို စုပ်ယူ လိုက်လေသည်။
ဆန်းလျန်သည် ဂါထာတစ်ပုဒ်ကို တိုးတိုးသက်သာဖြင့် ရွတ်ဖတ် နေလေသည်။
ဆန်းလျန်သည် နေ့တစ်ဝက်ခန့် ဂါထာကို ရွတ်ဖတ်နေခဲ့ပြီးမှ ဝိညာဉ်မြစ်မှ မြစ်ရေကို ယူဆောင်ကာ သစ်ပင်ကို ရေလောင်း လိုက်လေသည်။
ထိုအခါ အပင်မှ အဝါရောင် အရွက်များသည် တဖြည်းဖြည်း ပြန်လည် စိမ်းလန်း လာလေတော့သည်။
နောက်ပိုင်းတွင်တော့ ထိုသစ်ပင်ကို ရေလောင်းရန်အတွက် အစ်မကူးချိုင်ဝေ့ကိုသာ တာဝန် ပေးရတော့မည်ဟု ဆန်းလျန် တွေးနေမိလေသည်။
မြောက်ဖျားဒေသရှိ ထုန်ထျန်းမြစ်သည် ကောင်းကင်မှ မြစ်ဖျားခံလာရာ မြစ်တစ်ခု ဖြစ်လေသည်။
သို့သော် မြောက်ဖျားဒေသတွင် တည်ရှိသည့် အတွက် မြစ်ဖျားပိုင်းတွင် ရေခဲမြစ်အဖြစ် ထုန်ထျန်းမြစ်ကို မြင်တွေ့ရမည် ဖြစ်လေသည်။
ကျောက်ရှောင်ယွီသည် မြောက်ဖျားဒေသရှိ ရေခဲပြင်ထက်တွင် လမ်းလျှောက် လာလေသည်။ သူမ၏ အသားအရေများသည် အဖြူရောင် ဆီးနှင်းများဖြင့် အပြိုင် ကြည်လင် ဖြူစင် လွန်းလှလေသည်။ သူမကို မြင်တွေ့ရသည့် မည်သူမဆို သူမ၏ ဦးညွတ် မကိုးကွယ်ဘဲ နေနိုင်မည် မဟုတ်ပေ။
ထိုစဉ်…
ရှည်လျားသည့် သတ္တုပြား တစ်ချပ်ကို အသုံးပြုကာ နှင်းလျှောစီးသကဲ့သို့ စီးနှင့်လာသည့် လူတစ်ယောက်ကို တွေ့မြင် လိုက်ရလေသည်။ ထိုသူမှာ တာ့ကျိုး တိုင်းပြည်ရှိ ဖူမန်လော် စားသောက်ဆိုင်တွင် အလုပ်လုပ်ခဲ့သည့် စားပွဲထိုးလေး ပိုင်ရှောက်လျိုပင် ဖြစ်လေသည်။
ဆန်းလျန်က နဂါးငွေ့တန်း ဓားသိုင်း၏ ဖြည့်စွက်ချက် ဖြစ်သည့် စမ်းရေဓားကျမ်းကို ပိုင်ရှောက်လျိုထံမှ ရရှိခဲ့ခြင်း ဖြစ်လေသည်။
ပိုင်ရှောက်လျိုက ကျောက်ရှောင်ယွီကို လေးစားစွာဖြင့် ဦးညွတ် ဂါရဝ ပြုလိုက်ပြီး…
"ဒေါ်လေးငယ်၊ ဒေါ်လေးက အမှာစကား ပါးလိုက်ပါတယ်၊ တွေ့စရာ အကြောင်း မရှိတာကြောင့် ပြန်ပါတော့တဲ့"
ပိုင်ရှောက်လျို၏ စကားကြောင့် ကျောက်ရှောင်ယွီက ရယ်မော လိုက်လေသည်။
"ဂိုဏ်းတူအစ်မရဲ့ တန်ခိုး စွမ်းအားတွေက တကယ် မြင့်မားလာတာပဲ၊ ငါရောက်လာတာကိုတောင် သိနေတယ်၊ လူလွှတ် ပြီးတော့တောင် အမှာစကား ပါးခိုင်း လိုက်သေးတယ်၊ ဒါပေမဲ့ ငါ့ကို သူနဲ့တွေ့ဖို့ ခေါ်သွားပေးပါ"
ပိုင်ရှောက်လျိုသည် ကျောက်ရှောင်ယွီ၏ နူးညံ့သိမ်မွေ့သော စကားသံ အောက်တွင် အာဆေး မိနေသကဲ့သို့ မည်သည့်စကားမှ ပြန်မပြောနိုင် ဖြစ်နေရလေသည်။ သူသည် ကျောက်ရှောင်ယွီ၏ စကားများကို ငြင်းဆန်နိုင်ခြင်း မရှိတော့ပေ။
ထို့နောက်တွင်တော့…
ရေခဲတောင် အထပ်ထပ်နှင့် အဆုံးမဲ့ ရေခဲမြစ် တစ်လျှောက်ကို သူတို့နှစ်ယောက် ဖြတ်ကျော် ခရီးနှင်လာခဲ့ပြီး အိမ်ငယ်လေး တစ်ခုဆီသို့ ရောက်ရှိ လာခဲ့တော့သည်။
ပတ်ဝန်းကျင် တစ်ခုလုံးသည် ဆီးနှင်းရေခဲများဖြင့် ဖုံးလွှမ်းနေပြီး အိမ်ငယ်လေးသည် တစ်ထီးမားမား တည်ရှိနေလေသည်။ အိမ်ငယ်လေးကိုလည်း ဆီးနှင်းများက ဖုံးအုပ် ထားလေသည်။
ပတ်ဝန်းကျင်တွင်လည်း မည်သည့် သက်ရှိ သတ္တဝါမှ နေထိုင်သည့်ပုံ မပေါ်ပေ။
အကယ်၍ ပိုင်ရှောက်လျိုသာ လမ်းပြ ခေါ်ဆောင်လာခြင်း မရှိပါက ကျောက်ရှောင်ယွီသည် အစ်မဖြစ်သူ နေထိုင်သည့် အိမ်ငယ်လေးကို ရှာဖွေနိုင်ရန် လွယ်ကူမည်မဟုတ်ပေ။
ပိုင်ရှောက်လျိုသည် အိမ်ငယ်လေးကို တွေ့လိုက်သည်နှင့် အညှို့ခံ ထားရသလို ဖြစ်နေသော စိတ်သည် လွင့်ပြယ်သွားပြီး ချက်ချင်း သတိပြန်ဝင် လာလေသည်။
ထိုအချိန် အိမ်ငယ်လေး အတွင်းမှ ရေခဲမြူမှုံများ လွင့်မျော လာသကဲ့သို့ အေးစက်သည့် အသံတစ်သံ ထွက်ပေါ် လာလေသည်။
"ညီမလေး၊ ဘာလို့ ဒုက္ခခံပြီး ငါ့ကိုလာရှာရတာလဲ၊ မန္တန်အလင်း ချေဖျက်ခြင်း ကျမ်းကို တခြားသူတွေကို ငါက ပေးမှာ မဟုတ်ဘူးနော်၊ မင်းလက်လျှော့ လိုက်ရင် ကောင်းမယ်"
ကျောက်ရှောင်ယွီသည် အိမ်ငယ်လေးကို စူးစိုက် ကြည့်နေ လိုက်လေသည်။
***