သေတဲ့အထိ ဘယ်တော့မှ ပြန်မတွေ့ကြတော့ဘူး
Vol. 5 Ch. 443
သူမလာရသည့် အကြောင်းရင်းကို အစ်မဖြစ်သူက သိရှိနေသည့် အတွက် ကျောက်ရှောင်ယွီက များစွာ အံ့သြ သွားရလေသည်။ သို့သော် သူမက အံ့သြသည့် စိတ်ကို ထိန်းချုပ် ထားလိုက်ပြီး ချိုမြသည့် လေသံလေးဖြင့် စကားစပြီး ပြောလိုက်သည်။
"အစ်မရယ်၊ နင့်ရဲ့ တန်ခိုးစွမ်းအားနဲ့ဆိုရင် ငါ နင့်ကို ရှာမတွေ့အောင် ဖုံးကွယ်ထားလို့ ရတာပဲဟာ၊ ဒါပေမဲ့ အဲဒီလို မလုပ်ဘူး ဆိုကတည်းက မန္တန်အလင်း ချေဖျက်ခြင်း ကျမ်းကို ငါ့ကို နင်ပေးချင်နေလို့ မဟုတ်လား၊ အစ်မ လိုအပ်တဲ့ အကူအညီ ရှိရင်လည်း ပြောပါ၊ ဒီကညီမလေးက ကူညီပေးဖို့ အသင့်ပါပဲ"
ကျောက်ရှောင်ယွီ၏ စကားဆုံးသွားသည်နှင့် အိမ်ငယ်လေးထဲမှ အဖြူရောင် အလင်းတန်း တစ်ခု လင်းလက်သွားပြီး အလွန်လှပသည့် မိန်းမပျိုတစ်ဦး ထွက်ပေါ် လာလေသည်။
ထိုမိန်းမပျိုမှာ ကျောက်ရှောင်ယွီ၏ ဂိုဏ်းတူအစ်မ ကျိုးလင်ပင် ဖြစ်လေသည်။ သို့သော် ကျိုးလင်သည် ယခင် အချိန်ကထက် ဆယ်နှစ်ခန့်ပင် ပိုမိုငယ်ရွယ်နေပုံရလေသည်။ သူမ၏ အသားအရေမှာ ဆီးနှင်းကဲ့သို့ ဖြူစင်နေပြီး မျက်ဝန်းများကလည်း ရေစင်ကဲ့သို့ ကြည်လင် နေလေသည်။
ကျိုးလင်က နူးညံ့ သိမ်မွေ့သည့် လေသံဖြင့်…
"ဂိုဏ်းတူညီမလေး၊ မင်းက အရင်တုန်းက သူများတွေ အတွက်ဆိုရင် ဒီလိုမျိုးတွေ ဒုက္ခ မခံတတ်ပါဘူး၊ ဘာလဲ… ဆန်းလျန်ကို မင်းချစ်နေမိပြီလား…"
ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…
"သူ့ကို ဘာလို့ချစ်ရမှာလဲ၊ ဒါပေမဲ့ သူ့ကို သံယောဇဉ်ရှိလို့ပါ"
"ဆရာကမင်းကို သူ့ရဲ့ ကျင့်စဉ်တန်ခိုး စွမ်းအားတွေ အားလုံး လက်ဆင့် ကမ်းပေးခဲ့တာက မင်းက ခံစားချက်ကင်းမဲ့တဲ့ လူတစ်ယောက် မို့လို့ပဲ၊ ဒါပေမဲ့ မင်းဒီလောက် ကျင့်စဉ်လမ်းကို မလျှော့တဲ့ဇွဲနဲ့ လျှောက်လှမ်းလာတာ လူတစ်ယောက် အပေါ် ထားတဲ့ ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘူးလား"
ကျိုးလင်က ကျောက်ရှောင်ယွီ၏ မျက်လုံးများကို စေ့စေ့ကြည့်ရင်း မေးလိုက်လေသည်။
"အစ်မလိုပဲပေါ့ အစ်မရယ်၊ အစ်မလည်း ဒီနေရာမှာ မန္တန်အလင်း ချေဖျက်ခြင်း ကျမ်းကို တိတ်တိတ်ကလေး လာကျင့်ကြံနေတာ လုကျိုးယွမ်ကို လက်စားချေချင်လို့ မဟုတ်လား"
ကျောက်ရှောင်ယွီက နူးညံ့စွာဖြင့်ပြောလိုက်လေသည်။
"နင်က ကျင့်စဉ်လမ်းမှာ ငါ့ထက် အများကြီး သာပါတယ်ဟာ၊ နင်သာ မန္တန်အလင်း ချေဖျက်ခြင်း ကျမ်းကို လိုချင်တယ်ဆိုရင် ငါ့ကို တိုက်ခိုက်ပြီး ယူသွားလို့ ရတာပဲ မဟုတ်လား"
ကျိုးလင်၏ စကားကြောင့် ကျောက်ရှောင်ယွီသည် တိတ်ဆိတ် ငြိမ်သက် သွားလေသည်။
ကျိုးလင်က ဆက်ပြောလိုက်သည်။
"ပြီးတော့ ငါ မဟုတ်ဘဲ ဆရာသာ ဖြစ်နေမယ်ဆိုရင် မန္တန်အလင်း ချေဖျက်ခြင်းကျမ်းကို နင်လာတောင်းရဲမှာလား”
ကျောက်ရှောင်ယွီက တည်ငြိမ်သည့် လေသံဖြင့်…
"အဲဒါက နင်နဲ့ငါရဲ့ကြားမှာ မတူတဲ့အချက်ပဲ အစ်မ၊ နင်သာ ငါရင်ဆိုင် နေရတာတွေကို နားလည်ပေးမယ် ဆိုရင် ဒီလိုမေးခွန်းမျိုးတွေ မေးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ နင် မဟုတ်ဘဲ ဆရာ ဖြစ်နေခဲ့မယ် ဆိုရင်လည်း ငါအလျှော့ပေးမှာ မဟုတ်ဘူး"
ကျိုးလင်က အေးစက်စွာဖြင့်….
"ဟိုးအရင် အချိန်တွေတုန်းက နင်က ငါ့ကို နတ်ဘုရား သင်္ချိုင်း လက်မှတ်ကို မပေးချင်ဘူးလေ၊ အခု ငါလည်းနင့်ကို မန္တန်အလင်း ချေဖျက်ခြင်း ကျမ်းကို ပေးချင်စိတ် မရှိဘူး၊ ဒါမှ မဟုတ် ငါတောင်းဆိုတာ တစ်ခုကို နင်လုပ်ပေးမလား၊ ဒါဆိုရင်တော့ ငါတစ်ခု တောင်းဆို ချင်တယ်၊ အခုအချိန်ကစပြီး သေခြင်းရှင်ခြင်း ဘာတွေပဲ ဖြစ်လာဖြစ်လာ ငါတို့ ထပ်တွေ့စရာ အကြောင်း မရှိတော့ဘူး"
ကျောက်ရှောင်ယွီကလည်း ကျိုးလင်ကို စိုက်ကြည့်လိုက်ပြီး…
"ကောင်းပြီလေ၊ သေတဲ့အထိ မတွေ့ကြတော့ဘူး"
ထို့နောက် ကျိုးလင်က ပိုက်ရှောက်လျိုကို ကြည့်လိုက်ပြီး ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
"တောင်ပိုင်းကို သွားတော့၊ ဘယ်တော့မှ ပြန်မလာနဲ့တော့"
ပိုင်ရှောက်လျိုက ကျိုးလင်၏ စကားကို ငြင်းဆန်ရန် ပြင်လိုက်သည်။ သို့သော် နောက်ဆုံးတော့ သူက မည်သည့် စကားမှ မဆိုတော့ဘဲ တောင်ဘက် အရပ်ဆီသို့ ခေါင်းငိုက်စိုက် ချကာ ထွက်ခွာ သွားလေတော့သည်။
ဂိုဏ်းတူ ညီအစ်မ နှစ်ယောက်သည် ဆယ့်ငါးမိနစ်ခန့် စကားမပြောဘဲ တိတ်ဆိတ် ငြိမ်သက်နေကြလေသည်။
ထို့နောက်…
ကျိုးလင်သည် ဂါထာတစ်ပုဒ်ကို ညင်သာသည့် လေသံဖြင့် ရွတ်ဆို လိုက်လေသည်။ ထိုဂါထာ ရွတ်သံသည် ကျောက်ရှောင်ယွီ၏ စိတ်ဝိညာဉ်ကို တုန်လှုပ် သွားစေလေသည်။ ဂါထာရွတ်သံ အချိန်ကြာလာသည်နှင့် အမျှ ဂါထာ၏တန်ခိုးစွမ်းအားကို ကျောက်ရှောင်ယွီမှာ ခံနိုင်ရည် မရှိတော့သည် အထိ ဖြစ်ရလေသည်။
ကျိုးလင်သည် မန္တန်အလင်း ချေဖျက်ခြင်း ကျမ်းကို နက်နက်နဲနဲ နားလည် သဘောပေါက် နေခဲ့ပြီ ဖြစ်လေသည်။
ထို့ကြောင့် ကျောက်ရှောင်ယွီသည် ကျိုးလင်၏ ဂါထာ တန်ခိုးစွမ်းအားကို တားဆီးနိုင်ခြင်း မရှိခဲ့ပါ။
ကျိုးလင် ရွတ်ဖတ်နေသည့် ဂါထာသည် သူမ၏ ခန္ဓာကိုယ်တွင်းတွင် အနီရောင် တံဆိပ် ခတ်ထားသကဲ့သို့ သူမ၏ နတ်ဘုရား တန်ခိုးစွမ်းအားများကို တဖြည်းဖြည်းချင်း ရစ်ပတ် တားဆီး နေလေသည်။
ကျောက်ရှောင်ယွီမှာ နာကျင် ခံစားနေရသည့်တိုင် သူမ၏ နှလုံးသားကတော့ ကန်ရေပြင်ကဲ့သို့ တည်ငြိမ် နေဆဲလေသည်။
ဘဝဆိုသည်က ခက်ခဲစမြဲပင် ဖြစ်လေသည်။
သို့သော် နာကျင်မှုနှင့် ဆင်းရဲဒုက္ခများကို ပျော်ရွှင်မှု အဖြစ် ပြောင်းလဲ ပစ်နိုင်လေသည်။
ကျိုးလင်းသည် ကျောက်ရှောင်ယွီ၏ တည်ငြိမ် အေးချမ်းနေသည့် စိတ်ဝိညာဉ်ကို ရှင်းရှင်းလင်းလင်း ခံစား နေရလေသည်။ သူမသည် ကျောက်ရှောင်ယွီကဲ့သို့ တည်ငြိမ် အေးချမ်းမှုမျိုးကို မခံစားရသည်မှာ ကြာပြီ ဖြစ်လေသည်။
ထိုသူသည် လုကျိုးယွမ် လက်ထဲတွင် သေဆုံး သွားခဲ့ပြီးသည့် နောက်ပိုင်း လက်စား ချေချင်သည့် စိတ်ဖြင့် သူမဘဝတွင် အေးချမ်းခြင်း မရှိတော့ပေ။
ကျိုးလင်သည် ကျောက်ရှောင်ယွီကို မနာလိုပင် ဖြစ်လာမိလေသည်။ ဆရာ တစ်ယောက်တည်း ထံတွင် ပညာသင်ကြားခဲ့သည့် တပည့်များ ဖြစ်ကြသည့်တိုင် ကျောက်ရှောင်ယွီသည် သူမထက် အစစအရာရာ အမြဲတမ်း သာလွန် နေခဲ့လေသည်။
ကျိုးလင်၏ ဂါထာရွတ်သံ အဆုံးသတ် သွားသည်နှင့် ကောင်းကင်ထက်မှ မိုးကြိုးသံတစ်ချက် ထွက်ပေါ် လာလေသည်။ မိုးကြိုးသည် ရေခဲပြင်ထက်သို့ ပစ်ချလိုက်ပြီး ရေခဲများမှာ အက်ကွဲ ပြိုကျလာလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ပရမ်းပတာ ဖြစ်ကုန် တော့သည်။
မန္တန် အလင်းချေဖျက်ခြင်း ကျမ်းမှ ဂါထာ တန်ခိုးစွမ်းအားနှင့် မိုးကောင်းကင် တရားစီရင်ခြင်း ပေါင်းစပ် လိုက်သည့်အခါ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားသည် လွန်စွာမှ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလေသည်။
နေရာတိုင်းတွင် လျှပ်စီးများ လက်နေပြီး ရေခဲများက အဆက်မပြတ် ပြိုကျ ပျက်စီး နေကြလေသည်။ သက်ရှိ သတ္တဝါများသာ ရှိလျှင် အားလုံးသည် ရေထဲသို့ နစ်မြုပ် သွားကြရမည် ဖြစ်လေသည်။
သို့သော် ကျောက်ရှောင်ယွီကတော့ အရည်ပျော်ကျ ကုန်သည့် ရေခဲများကြားတွင် နစ်မြုပ်သွားခြင်း မရှိပါ။ သူမသည် ရေခဲ အပိုင်းအစ တစ်ခုထက်တွင် မတ်တတ်ရပ်နေပြီး ကျိုးလင် ရွတ်ဆိုနေသည့် မန္တန်အလင်း ချေဖျက်ခြင်းကျမ်းစာကို မှတ်မိနိုင်ရန် ကြိုးစားနေလေသည်။
သို့သော် သူမသည် ပတ်ဝန်းကျင် အခြေအနေများကို တည်ငြိမ်သွားအောင် ထိန်းသိမ်း ထားနိုင်စွမ်း မရှိတော့ပါ။
အဘယ်ကြောင့် ဆိုသော် မိုးကြိုးသည် စကြဝဠာ တစ်ခုလုံးကို ဖွင့်လိုက်ပြီး ကောင်းကင်ထက်တွင် ကြယ်စင်များ ထွက်ပေါ်လာကာ ကြယ်တာရာ စွမ်းအားများက ရေခဲပြင်သို့ လာရောက် ရိုက်ခတ်လေသည်။ ထိုအခါ အရည်ပျော်နေသည့် ရေခဲများမှာ ချက်ချင်းပင် ပူနွေး ဆူပွက် လာတော့သည်။
မိုးမြေစွမ်းအားများမှာ ပေါက်ကွဲထွက်သွားပြီး ပွက်ပွက်ဆူနေသည့် ရေများသည် ဝဲကန်တော့ မီးဖိုကြီးတစ်ခု အလား ကျောက်ရှောင်ယွီကို လှည့်ပတ် နေလေသည်။
ပူလောင်သည့် ဝဲကန်တော့ မီးဖိုကြီးထဲတွင် ပိတ်မိနေသည့်တိုင် ကျောက်ရှောင်ယွီ၏ စိတ်ဝိညာဉ်သည် အေးမြသည့် ရေစင်ကဲ့သို့ အေးချမ်း နေဆဲလေသည်။ သူမက မျက်လုံးများကို အသာမှိတ်ထားလိုက်လေသည်။ သို့သော်… သူမ၏ ကြာပန်းကိုးပွင့်တန်ခိုးစွမ်းအားသည် မည်မျှပင် မြင့်မားပါစေ ကြယ်တာရာစွမ်းအားများကို မတွန်းလှန်နိုင် ဖြစ်နေရလေသည်။
သူမသာ ပူလောင်သည့် မီးဖိုကြီးထဲတွင် ပိတ်မိနေသည်ကို ထိုးဖောက် ထွက်လိုပါက ယန်ရွှီးနှင့် တိုက်ခိုက်စဉ်က အသုံးပြုခဲ့သည့် “မရှိမှုနှင့် သေခြင်းတရား” တန်ခိုးစွမ်းအားကို ထုတ်ဖော် အသုံးပြုမှသာ ဖြစ်နိုင်မည် ဖြစ်လေသည်။ သို့သော် … ယခုတစ်ကြိမ် ထိုတန်ခိုးစွမ်းအားကို သူမ ထပ်မံ အသုံးပြု နိုင်ပါတော့မည်လား မသေချာပေ။
သူမအစ်နေဖြင့် ဂိုဏ်းတူအစ်မကို အသေသတ်ရန် နည်းလမ်းသာ ရှိတော့သည်။ သို့သော် အစ်မဖြစ်သူကို အသက်သေသည် အထိ တိုက်ခိုက်လျှင် သူမကိုယ်တိုင်လည်း အသက်ရှင်နိုင်ရန် မသေချာလှပေ။
ကျောက်ရှောင်ယွီက တည်ငြိမ်သည့် စိတ်ဝိညာဉ်ဖြင့် ပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားများကို အခြေအနေ ခံစားကြည့်လိုက်သည်။ သူမ၏ နတ်ဘုရားဝိညာဉ်သည် မိုးမြေစွမ်းအားများ ကြားတွင် နစ်မြုပ် နေလေသည်။
သူမက ပြုံးလိုက်ပြီး မြူခိုးများကြားမှ ကျိုးလင်ကို လှမ်းကြည့် လိုက်သည်။
“အစ်မ၊ အစ်မက မန္တန်အလင်း ချေဖျက်ခြင်း ကျမ်းကို နက်နက်ရှိုင်းရှိုင်း နားလည် ကျင့်ကြံထားပေမယ့် အားလုံးကို ပေါင်းစပ် အသုံးပြုနိုင်တဲ့ အဆင့်တော့ မရောက်သေးဘူးပဲ”
***