← Chapters

အခန်း (၁၂၄၃-၁၂၄၄)

Vol. 72 Ch. 1243-1244

အခန်း (၁၂၄၃-၁၂၄၄)

Vol. 72 Ch. 1243-1244

အပိုင်း (၁၂၄၃)

ထို့ကြောင့် ရှမ့်လန်၏ ခေါင်းပေါ်သို့ လူသတ်မှု ပုံချရန်မှာ မဖြစ်မနေ လိုအပ်လာခဲ့သည်။ “လာကြ။ လူသတ်သမား ရှမ့်လန်ကို ဖမ်းကြ။”

“ရှမ့်လန်ကို ဖမ်းကြ။ ဒီဘိုရာကို ဖမ်း။ လိုကီကို ဖမ်း။ ရှမ့်ယီကို ဖမ်း။”

“သူတို့အားလုံးကို တစ်ခါတည်း အပြတ်ရှင်းကြ။”

ထိုအချိန်တွင် ရှမ့်လန်က ဟားတိုက် ရယ်မောလိုက်၏။ “ဟား ဟား ဟား...”

ရှမ့်လန်သည် လူတိုင်းကို အထင်သေးစွာ ငုံ့ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “ကျုပ်က ဆော်ရွန်ကို လုပ်ကြံသတ်ဖြတ်ခဲ့တယ် ဟုတ်လား။ ကျုပ်က သူ့ကို လုပ်ကြံဖို့ လိုသေးလို့လား။ ကျုပ်က ရှီလွန်အင်ပါယာကို လုယူဖို့ ကြိုးစားနေတာ ဟုတ်လား။ ရယ်စရာ ကောင်းလိုက်တာ။

မင်းတို့ရဲ့ ရှီလွန်အင်ပါယာက ကြီးမားပေမဲ့ ကျုပ်မျက်လုံးထဲမှာတော့ ဘာမှ မဟုတ်ဘူး။ ကျုပ်သာ ဆန္ဒရှိရင် ဆော်ရွန်ကို ဘယ်အချိန်မဆို ပြာကျသွားအောင် လုပ်နိုင်တယ်။ ရှီလွန်အင်ပါယာ မြို့တော်တစ်ခုလုံးကို ပြာကျစေပြီး ရှီလွန်အင်ပါယာကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်တယ်။ ကျုပ်က သူ့ကို လုပ်ကြံဖို့ လိုသေးလို့လား။

ကျုပ် ဆော်ရွန်နဲ့ တစ်ဦးချင်းတိုက်ပွဲ ယှဉ်ပြိုင်ခဲ့တာက ကျုပ်ရဲ့ကျန်းမိသားစု ပစ္စည်းကိရိယာတွေကို ပြန်ယူဖို့။ ဘုရင်မမီဒူဆာရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူဖို့နဲ့ မင်းတို့ရှီလွန်အင်ပါယာကို ဂုဏ်သိက္ခာနည်းနည်း ပေးချင်လို့ပဲ။

ကျုပ်က သူ့ကို လုပ်ကြံဖို့ လိုသေးလို့လား။ ကျုပ်အစ်မ ဟယ်လင်သာ မရှိရင် ဆော်ရွန်ကို ကျုပ် အလွယ်တကူ ချေမှုန်း သတ်ဖြတ်လိုက်တာကြာပေါ့။ ဘာကိစ္စ ကျုပ်အသက်ကို ရင်းပြီး သူနဲ့ ကိုယ်တိုင်ကိုယ်ကျ တစ်ဦးချင်း တိုက်ပွဲ နွှဲနေရမှာလဲ။”

ရှမ့်လန် ဤသို့ ပြောလိုက်ချိန်မှာတော့ ရောက်ရှိနေသူ အားလုံးမှာ လုံးဝ ကြောင်အမ်းသွားကြ၏။ ထို့နောက် သူတို့ ဒေါသထွက်လာကြသည်။

‘ရှမ့်လန်... ခင်ဗျားက အရမ်း မာန်တက်လွန်းနေပြီ။ ခင်ဗျားက ဒီလောက်တောင် ကြွားဝါရဲသလား။ ဒါက ရှီလွန်အင်ပါယာ။ ခင်ဗျားမှာ ကြက်ကလေး တစ်ကောင်ကို ဖမ်းချည်ဖို့တောင် ခွန်အား မရှိဘဲနဲ့ ဒီလောက် မာန်မာနကြီးတဲ့ စကားတွေကို ပြောရဲတယ်ပေါ့။

ခင်ဗျားက အင်ပါယာဆော်ရွန်ကို အလွယ်တကူ ချေမှုန်းသတ်ဖြတ်နိုင်တယ် ဟုတ်လား။ ရှီလွန် အင်ပါယာ မြို့တော်ကို အလွယ်တကူ ပြာကျသွားအောင် လုပ်နိုင်တယ် ဟုတ်လား။ ခင်ဗျား နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ။ ကြွားဝါချင်ရင်တောင် နည်းနည်းလောက်တော့ ယုတ္တိရှိပါအုံးလား။ တခြားလူတွေရဲ့ ခံစားချက်ကို နည်းနည်းလောက် ထည့်စဉ်းစားပါအုံးလား။’

ဧကရီက တင်းမာစွာ ပြောလိုက်သည်။ “ဟား ဟား ဟား.... ရယ်စရာ ကောင်းလိုက်တာ။ ရယ်စရာ ကောင်းလိုက်တာ။ ကြားကြရဲ့လား။ ဒီကျန်းမိသားစုရဲ့ ရှမ့်လန်က တကယ့်ကို ရူးသွပ်နေတဲ့ လူပဲ။ ဒီလောက် ကြွားဝါတတ်တဲ့လူက ယုတ်မာတဲ့ နည်းလမ်းတွေ သုံးပြီး အင်ပါယာ ဆော်ရွန်ကို လုပ်ကြံခဲ့တာ။

ရှင်က ရှီလွန်အင်ပါယာရဲ့ နယ်မြေကို လုယူဖို့ ကြိုးစားနေတာ။ ရှင်က ရှီလွန် အင်ပါယာ မြို့တော်ကို အလွယ်တကူ ဖျက်ဆီးနိုင်တယ်လို့ ပြောတယ်ပေါ့။ ဒါဆို သက်သေပြစမ်း။ ကျွန်မတို့ကို သက်သေပြစမ်း။”

ရှမ့်လန်က ဖြည်းညင်းစွာ ပြောလိုက်၏။ “ခင်ဗျား ဆန္ဒရှိတဲ့အတိုင်း ဖြစ်စေရမယ်။”

ထို့နောက် သူသည် လက်နှစ်ဖက်စလုံးကို ကောင်းကင်ပေါ်သို့ ရုတ်တရက် မြှောက်လိုက်သည်။ တစ်ခဏချင်းမှာပဲ လောကမြေကြီး တစ်ခုလုံး စတင် တုန်ခါလာခဲ့သည်။ ပူပြင်းသော ဟာရီကိန်း မုန်တိုင်းတစ်ခု တိုက်ခတ်လာခဲ့သည်။

“ဝေါင်း...”

ဝေးကွာသော ကောင်းကင်ယံထက်မှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့၏။

ရှီလွန် အင်ပါယာ မြို့တော်တစ်ခုလုံး နားကွဲမတတ် ဖြစ်သွားခဲ့ရ၏။ ထို့နောက် မြေကြီးတုန်ခါမှုသည် ပိုမို ပြင်းထန် လာခဲ့သည်။ ကွင်းပြင်ကြီး တစ်ခုလုံး တုန်ခါနေတော့သည်။

ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပူပြင်းသော ဟာရီကိန်း မုန်တိုင်းကြောင့် လူများသည် မျက်လုံးပင် မဖွင့်နိုင်ကြတော့ချေ။ ကောင်းကင်ယံ၌ ကြီးမားသော အရိပ်မည်းကြီးတစ်ခုသည် ပို၍ ပို၍ နီးကပ်လာခဲ့၏။

နောက်ဆုံးတွင် ၎င်းသည် ကွင်းပြင်အထက် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး နေရောင်ခြည်ကိုပင် ပိတ်ဆို့ထားလိုက်သည်။

ဧရာမနဂါးကြီး ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ပျက်သုဉ်းခြင်း၏ လောကသခင် သားရဲ .....

တစ်ဦးချင်းတိုက်ပွဲ ကွင်းပြင်ကြီး တစ်ခုလုံးသည် ၎င်း၏အရိပ်အောက်တွင် တုန်လှုပ်နေခဲ့၏။

ရှမ့်လန်သည် ရှေးဟောင်းစစ်ဖိနပ်၏ စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။ သူသည် ကောင်းကင်ယံသို့ ဖြည်းညင်းစွာ ပျံတက်သွားပြီး ဧရာမနဂါးကြီး၏ ကျောပေါ်သို့ လှမ်းတက်လိုက်သည်။

လူတိုင်း၏အကြည့်အောက်တွင် ရှမ့်လန်သည် ဧရာမနဂါးကြီး၏ ကျောပေါ်တွင် စီးနင်းလိုက်၏။ ဧရာမ နဂါးကြီး၏အကြည့်သည် ကွင်းပြင်တစ်ခုလုံးကို ငုံ့ကြည့်လိုက်သည်။ သူ ကြည့်လိုက်သည့် နေရာတိုင်းရှိ လူများသည် တုန်လှုပ်ချောက်ချားစွာဖြင့် မြေကြီးပေါ်သို့ လဲကျသွားကြပြီး မိမိစိတ်ကိုပင် မထိန်းချုပ်နိုင်ကြတော့ချေ။

ရှမ့်လန်က ဖြည်းညင်းစွာ ပြောလိုက်၏။ “ရှီလွန်အင်ပါယာက မှူးမတ်တို့၊ ဆော်ရွန်ရဲ့မိန်းမ .. ကျုပ် ခင်ဗျားတို့ကို အခု မေးချင်တယ်။ ကျုပ်က ရှီလွန် အင်ပါယာ မြို့တော်ကို အလွယ်တကူ ဖျက်ဆီးနိုင်လား။ ကျုပ်က ဆော်ရွန်ကို အလွယ်တကူ ချေမှုန်းသတ်ဖြတ်နိုင်လား။ ကျုပ် လုပ်နိုင်လား။”

ကွင်းပြင်ထဲရှိ သောင်းနှင့်ချီသောလူများသည် တုန်ယင်နေကြသည်။ သေချာပေါက် သူ လုပ်နိုင်သည် မဟုတ်ပါလား။ ဧရာမနဂါးကြီး နှာတစ်ချက် မှုတ်ထုတ်လိုက်ရုံဖြင့် ကွင်းပြင်ထဲရှိ မှူးမတ်အားလုံးကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။ အမိန့်ပေးလိုက်ရုံဖြင့် ရှမ့်လန်သည် ရှီလွန် အင်ပါယာ မြို့တော် တစ်ခုလုံးကို လုံးဝ ဖျက်ဆီးပစ်နိုင်သည်။

ရှမ့်လန်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဆော်ရွန်ရဲ့မိန်းမ... ကျုပ် ရှီလွန် အင်ပါယာမြို့တော်ကို ဖျက်ဆီးနိုင်ကြောင်း ခင်ဗျားကို သက်သေပြစေချင်တယ် မဟုတ်လား။ အခု ကျုပ် သက်သေပြရမလား။ ပြရမလား။”

“ဝေါင်း...”

ရှမ့်လန်၏ ဒေါသကို ခံစားလိုက်ရသောကြောင့် ဧရာမနဂါးကြီးသည်လည်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် ခေါင်းကို မော့လိုက်ပြီး နှာမှုတ်ထုတ်လိုက်၏။ တစ်ခဏချင်းမှာပင် ကြောက်မက်ဖွယ်ရာကောင်းသော အစိမ်းရောင်မီးလျှံတစ်ခု ပန်းထွက်သွားခဲ့သည်။ တစ်စက္ကန့်လျှင် မီတာထောင်ပေါင်းများစွာသော အရှိန်ဖြင့် ရှီလွန် အင်ပါယာ မြို့တော် မြောက်ဘက် မီတာသောင်းချီ အကွာအဝေးရှိ နှင်းတောင်ကြီးတစ်လုံးကို ချက်ချင်း သွားရောက် ထိမှန်သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

တောင်ထိပ်သည် ချက်ချင်း ကြေမွပျက်စီးသွားပြီး ပြာမှုန့်အဖြစ် ပြောင်းလဲသွားခဲ့၏။ ချက်ချင်း ဖြစ်ပေါ်လာသော ပေါက်ကွဲမှုကြောင့် ရှီလွန် အင်ပါယာမြို့တော်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ မရေမတွက်နိုင်သော လူများသည် မြေကြီးပေါ်တွင် ဝပ်တွားလျက် တုန်ယင်နေကြ၏။

ရှမ့်လန်က အော်ဟစ်လိုက်သည်။ “ကျုပ်အသက်ကို ရင်းပြီး ဆော်ရွန်နဲ့ တစ်ဦးချင်းတိုက်ပွဲ ယှဉ်ပြိုင်ခဲ့တာ။ ကျုပ်က ရှီလွန်အင်ပါယာကို သိက္ခာပေးနေတာ မဟုတ်ဘူးလား။ ဟုတ်လား။ မဟုတ်ဘူးလား။”

ချက်ချင်းဆိုသလိုပဲ နယ်စားကြီး ရပ်လ်ဆဲသည် မြေကြီးပေါ်တွင် ဒူးထောက်လိုက်ပြီး တုန်ယင်သော အသံဖြင့် ပြောလိုက်၏။ “အရှင် ရှမ့်လန်... အရှင့်ရဲ့ မိုးကြိုးလို အမျက်ဒေါသကို ပြန်လည် သိမ်းဆည်းပေးပါ။ ကျုပ်တို့လို မိုက်မဲပြီး နိမ့်ကျတဲ့ ရှီလွန်လူမျိုးတွေကို ခွင့်လွှတ်ပေးပါ။”

ရှမ့်လန်က ပြောလိုက်သည်။ “နယ်စားကြီး ရပ်လ်ဆဲ... အကယ်၍ ရှီလွန်အင်ပါယာမှာ ခင်ဗျားလို မြင့်မြတ်ပြီး ဖြောင့်မတ်တဲ့လူသာ မရှိရင် ကျုပ် ဟိုးအရင်တည်းက အားလုံးကို သတ်ပစ်လိုက်ပြီ”

ခဏအကြာတွင် မြောက်ပိုင်းမှ ဖြစ်စေ၊ တောင်ပိုင်းမှ ဖြစ်စေ ရှီလွန်အင်ပါယာ၏ မရေမတွက်နိုင်သော မှူးမတ်များ အားလုံး ဒူးထောက်ပြီး မြေကြီးပေါ်တွင် ဝပ်တွားလိုက်ကြ၏။

“အရှင် ရှမ့်လန်... အရှင့်ရဲ့ မိုးကြိုးလို အမျက်ဒေါသကို ပြန်လည် သိမ်းဆည်းပေးပါ။”

“အရှင် ရှမ့်လန်... အရှင့်ရဲ့ မိုးကြိုးလို အမျက်ဒေါသကို ပြန်လည် သိမ်းဆည်းပေးပါ။”

အလင်းရောင်ဂိုဏ်းမှလူများ အပါအဝင် သောင်းနှင့်ချီသော မှူးမတ်များသည် မြေကြီးပေါ်တွင် ဒူးထောက် လိုက်ကြသည်။ ရှမ့်လန်သည် ခုဏလေးတင် ဇာတ်လမ်းဆင်နေသော ဆော်ရွန်၏မိန်းမ ... ရှီလွန်ဧကရီကို ဒေါသတကြီး ကြည့်လိုက်သည်။

တစ်ခဏချင်းမှာပင် ရှီလွန်အင်ပါယာ၏ မင်းသားများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မင်းသားတစ်ပါး ရှေ့ထွက်လာပြီး လေးနှစ်အရွယ် အိမ်ရှေ့စံ မင်းသားလေးကို ပွေ့ချီကာ မျက်လုံးများကို အုပ်ထားလိုက်သည်။ အခြား မင်းသားတစ်ပါး ရှေ့ထွက်လာပြီး ဓားကို ဆွဲထုတ်ကာ ဧကရီဆော်ရွန်၏ လည်ပင်းပေါ် တင်လိုက်၏။

“အရှင် ရှမ့်လန်... အရှင့်ရဲ့ မိုးကြိုးလို အမျက်ဒေါသကို ပြန်လည် သိမ်းဆည်းပေးပါ။ ကျုပ်တို့ မှားမှန်း သိပါပြီ။”

ဧကရီ ဆော်ရွန်သည် ဒူးထောက်လိုက်ပြီး အော်ဟစ်လိုက်သည်။ “အရှင်ရှမ့်လန်... ကျွန်မ မှားမှန်း သိပါပြီ။ ကျွန်မ မှားမှန်း သိပါပြီ။ ကျွန်မကို မသတ်ပါနဲ့။ ကျွန်မကို မသတ်ပါနဲ့။”

သူမ စကားမဆုံးခင်မှာပင် ရှီလွန်အင်ပါယာ မင်းသားက ရုတ်တရက် ဓားဖြင့် ခုတ်ပိုင်းလိုက်ပြီး ဧကရီ၏ ခေါင်းကို ဖြတ်တောက်လိုက်၏။

နယ်စားကြီးရပ်လ်ဆဲ၏ မျက်နှာသည် နာကျင်မှုကြောင့် တွန့်ရှုံ့သွားခဲ့ရ၏။ ရှမ့်လန်သည် ထိုလူအုပ်ကြီးကို ငုံ့ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “ရှီလွန်အင်ပါယာရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်ဖို့ ကျုပ် စိတ်မဝင်စားဘူး။ သွားတော့မယ်။”

ထို့နောက် ရှမ့်လန်သည် ဧရာမနဂါးကြီးကို စီးနင်းလျက် မြောက်ဘက်အကျဆုံး တိုက်ကြီးဆီသို့၊ မြို့တော်ဖြူ တည်ရှိရာဆီသို့ ပျံသန်းထွက်ခွာသွားခဲ့သည်။ မူလန်ကို သွားရောက်ကြိုဆိုရန် မြို့တော်ဖြူဆီသို့ သွားရောက်နေခြင်းပင်။ အကယ်၍ ထိုသူတို့သာ နာခံမှု မရှိပါက သူ သတ်ဖြတ်ပွဲ စတင်ရပေလိမ့်မည်။

တစ်ချိန်တည်းမှာပဲ ရှီလွန်အင်ပါယာ၏ မှူးမတ်အားလုံးသည် ဟယ်လင်ဘက်သို့ လှည့်၍ ဒူးထောက် ဦးတိုက်လိုက်ကြ၏။

“ဧကရီ ဟယ်လင်ကို ဂါရဝပြုပါတယ်။ အသက်ရာကျော် ရှည်ပါစေ။”

“အသက်ရာကျော် ရှည်ပါစေ။ အသက်ရာကျော် ရှည်ပါစေ။”

… …

ရှမ့်လန်သည် နဂါးကို စီးနင်းလျက် မြောက်ဘက်သို့ ဆက်လက် ထွက်ခွာလာခဲ့သည်။ သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ရှီလွန်မှ မှူးမတ်များနှင့် ပြည်သူများ အားလုံးသည် မြေကြီးပေါ်တွင် ဒူးထောက်လျက် တုန်ယင်နေကြပြီး ကောင်းကင်ယံမှ နဂါးကြီးအး ကရုဏာထားရန်၊ သတ်ဖြတ်ခြင်းမျိုး မပြုလုပ်ရန် တောင်းပန်နေကြသည်။

ယခုအခါ နဂါးသည် နဂါးဝိညာဉ်ပုလဲကို ရရှိထားပြီး ဖြစ်သောကြောင့် ရှေးဟောင်း စွမ်းအင်မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားကာ မိမိ၏စွမ်းအင်ကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ နဂါးအကြေးခွံများသည် ရေခဲကဲ့သို့ အေးစက်နေပြီး မည်သည့် စွမ်းအင်မှ ယိုစိမ့်ထွက်လာခြင်းမျိုး မရှိပေ။ ထိုသို့မဟုတ်ပါက သူသည် မီတာတစ်ထောင်အမြင့်မှ ပျံသန်းလျှင်ပင် မြေပြင်ကို လောင်ကျွမ်းစေပြီး ဆင်းရဲဒုက္ခများ ဖြစ်စေနိုင်၏။

သို့သော်ငြား သူ၏ ခန္ဓာကိုယ်သည် အလွန် ကြီးမားလွန်းပြီး ပျံသန်းနှုန်းမှာလည်း အလွန် လျင်မြန်လွန်းလှသည်။ ထို့ကြောင့် သူ ကောင်းကင်ယံမှ ဖြတ်ကျော် ပျံသန်းသွားချိန်မှာတော့ ဟာရီကိန်း မုန်တိုင်းလောက်ကို မဆိုနှင့် မိုင်ပေါင်း ဆယ်ချီ အတွင်းရှိ လေထုသည်ပင် တုန်ခါသွားခဲ့ရသည်။

အသံလှိုင်း သတ္တဝါပျံတစ်ကောင်၏ အမြင့်ဆုံး အမြန်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ငါးရာ၊ ခြောက်ရာကျော် ရှိနိုင်သည်။ ဤနဂါးမှာမူ အသံ၏အမြန်နှုန်းကို အလွယ်တကူ ကျော်လွန်နိုင်သည်။ တစ်နာရီ ကီလိုမီတာ တစ်ထောင် ဆိုသည်မှာ ၎င်းအတွက် အလွန် နှေးကွေးသည်ဟု ယူဆနိုင်၏။

ကံကောင်းစွာဖြင့် ရှမ့်လန်၌ ရှေးဟောင်းဘုရင် လက်စွပ် ရှိနေသည်။ သို့မဟုတ်ပါက သူသည် ဤမျှ မြင့်မားသော ပျံသန်းနှုန်း၏ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

မြောက်ဘက်သို့ ပျံသန်းလာစဉ် ရှမ့်လန်သည် ဤလောက၏ လှပသောရှုခင်းများကို တစ်ဖန် ခံစား ကြည့်ရှုနေခဲ့သည်။

ရှီလွန်အင်ပါယာသည် ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းကို ခံထားရသည်။ ၎င်း၏ သမိုင်းကြောင်းမှာ နှစ်ပေါင်း ရှစ်ရာကျော်သာ ရှိသေးပြီး ယဉ်ကျေးမှု အဆင့်အတန်းမှာ အရှေ့လောကလောက် မကောင်းမွန် သော်လည်း သဘာဝ ပတ်ဝန်းကျင်မှာမူ အမှန်တကယ် ကောင်းမွန်လှ၏။

ကျယ်ပြောပြီး အဆုံးမရှိသော၊ ပွင့်လင်းပြီး တည်ငြိမ်သော မြေပြင်အနေအထား ရှိသည်။ မြင့်မားသော တောင်များ၊ လွင်ပြင်များ၊ တောင်တန်းများနှင့် မြစ်များ ရှိသည်။ ပင်လယ်နှင့် နီးကပ်နေသောကြောင့် ရေငွေ့ ပေါများသည်။ မြုံသော မြေဟူ၍ သိပ်မရှိပေ။

တိုတောင်းသော သုံးနာရီဆိုသောအတွင်းမှာပဲ ရှမ့်လန်သည် ရှီလွန်အင်ပါယာမှ ပျံသန်း ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။ မြေပြင်ပေါ်ရှိ နှင်းထုသည် ပိုမို များပြားလာခဲ့သည်။ မကြာမီ သူသည် ကုန်းမြေတိုက်အဟောင်းနှင့် အသစ်ကြား နယ်နိမိတ်ဖြစ်သော ရေခဲပင်လယ်သို့ ရောက်ရှိလာခဲ့သည်။ ဤပင်လယ်သည် အမှန်တကယ် မကျယ်ဝန်းလှပေ။ အကျဉ်းဆုံးနေရာသည် မိုင်တစ်သောင်းအောက်သာ ရှိပြီး အကျယ်ဆုံးနေရာသည် မိုင်တစ်သောင်းခွဲခန့်သာ ရှိသည်။

သို့သော်ငြား လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာကျော်က ရှီလွန် ပထမဘုရင်သည် ရှီလွန်လူမျိုး သန်းပေါင်းများစွာကို ခေါ်ဆောင်ပြီး တောင်ဘက်သို့ ဆင်းလာခဲ့သည်။ ကိုးဆယ်ရာခိုင်နှုန်းကျော်သည် ဤပင်လယ်ထဲတွင် သေဆုံးခဲ့ ကြရသည်။ မည်မျှ အန္တရာယ်များကြောင်း တွေ့မြင်နိုင်ပေသည်။ ဤနေရာအား သေမင်းပင်လယ်ဟုပင် ဆိုနိုင်၏။

အပိုင်း (၁၂၄၄)

ရှမ့်လန်သည် အနောက်တိုင်း စာအုပ်များစွာထဲတွင် ရှီလွန်ပထမဘုရင်က သူ၏လူထုကို ဦးဆောင်ပြီး တောင်ဘက်သို့ ဆင်းလာခဲ့သည့် ခမ်းနားသော လုပ်ရပ်ကြီးအကြောင်းကို ဖတ်ဖူးသည်။ မရေမတွက်နိုင်သော ပုံများလည်း ရှိပြီး အမှန်တကယ်ပင် အလွန် အန္တရာယ်များလှသည်။

ထိုစာလုံးများနှင့် ပုံများထဲတွင် မီတာရာချီ မြင့်သော လှိုင်းလုံးကြီးများ၊ မီတာရာချီ ရှည်လျားသော ပင်လယ်မိစ္ဆာကြီးများ၊ မီတာသောင်းချီ ကျယ်ဝန်းသော ရေဝဲကြီးများ ရုတ်တရက် ပေါ်ပေါက်လာခြင်း၊ နေရာအနှံ့ ထူထဲသော မြူခိုးများ၊ နေရာအနှံ့ ကြောက်မက်ဖွယ် ကျောက်ဆောင်များ စသည်တို့ ပါဝင်၏။

ထိုစာလုံးများနှင့် ပုံများသည် ချဲ့ကားထားခြင်း ဖြစ်သော်လည်း ရှီလွန်ပထမဘုရင်သည် လူသန်းပေါင်းများစွာကို ဦးဆောင်ပြီး တောင်ဘက်သို့ ဆင်းလာရာတွင် နောက်ဆုံး၌ ရာခိုင်နှုန်းအနည်းငယ်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်မှာ အမှန်တရားပင် ဖြစ်သည်။

သို့သော်ငြား သေမင်းပင်လယ်သည် အန္တရာယ် မရှိတော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လုံးဝ ရေခဲအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သောကြောင့် အလွန် ငြိမ်းချမ်းပြီး တိတ်ဆိတ်နေသကဲ့သို့ ထင်ရသည်။ မှန်တစ်ချပ်ကဲ့သို့ ပြားကပ်နေပြီး နိမ့်မြင့်တက်ကျမှု မရှိသလောက်ပင်။ ရေခဲအဖြစ် ပြောင်းလဲခြင်းသည် ရုတ်တရက် ခဲသွားခြင်း မဟုတ်ဘဲ ဖြည်းညင်းစွာ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့မြင်နိုင်၏။

ထို့အပြင် ဤသပ်ရပ်မှုသည် အလွန် ပျင်းစရာကောင်းနေသည်။ သူ မြင်တွေ့ရသမျှ အရာအားလုံးသည် ရေခဲနှင့် နှင်းလောကကြီးသာ ဖြစ်၏။ အပြာရောင်ပင်လယ်ပြင်၏ မျက်နှာပြင်ပေါ်တွင် ထူထဲသော နှင်းလွှာကြီး ဖုံးလွှမ်းထားပြီး လုံးဝ ပြောင်းလဲခြင်း မရှိပေ။

လမ်းတစ်ဝက်သို့ ရောက်ချိန်မှာတော့ နဂါးသည် ရုတ်တရက် ဆင်းသက်လိုက်သည်။

“ဝုန်း...”

ကျယ်လောင်သောအသံနှင့်အတူ ပင်လယ်ပြင်ကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ရေခဲမျက်နှာပြင်ပေါ်တွင် နက်ရှိုင်းသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာခဲ့သည်။ သို့သော်ငြား ပင်လယ်ရေများ တက်လာခြင်း မရှိသေးပေ။

ရေသည် အောက်ခြေအထိ နီးပါး ခဲသွားပြီ ဖြစ်ကြောင်း တွေ့မြင်နိုင်၏။ ဤနေရာရှိ အပူချိန်သည် အနှုတ် ဒီဂရီ စင်တီဂရိတ် တစ်ရာခန့်အထိ ကျဆင်းနေပြီ ဖြစ်သည်။ ဧရာမနဂါးကြီးသည် မျက်စိစပါးမွေး စူးနေသည့်အလား စူးစိုက်ကြည့်လိုက်၏။

“ဘုန်း...”

တစ်ခဏချင်းမှာပဲ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် ရုတ်တရက် နီရဲလာပြီး အံ့မခန်း အပူချိန်ကို ထုတ်လွှတ်လိုက်၏။ ချက်ချင်းဆိုသလိုပဲ ရဲရဲတောက်နေသော သံတုံးတစ်တုံးကို ရေခဲပြင်ပေါ်သို့ တိုက်ရိုက် ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။ ကီလိုမီတာ အနည်းငယ်အတွင်းရှိ ပင်လယ်ပြင်သည် စတင် အရည်ပျော်လာပြီး ဆူပွက်လာခဲ့သည်။

“ရှဲ...”

ပင်လယ်ပြင်တစ်ခုလုံး ဆူပွက်နေပြီး မရေမတွက်နိုင်သော ရေငွေ့များ တက်လာခဲ့သည်။ ခဏတာ အတွင်းမှာပဲ ပင်လယ်ပြင်သည် လုံးဝ အရည်ပျော်သွားပြီး အစိမ်းရောင် ပင်လယ်ရေ ပြန်လည် ဖြစ်ပေါ် လာခဲ့၏။

ထို့အပြင် ၎င်းသည် ရေပူစမ်းတစ်ခုကဲ့သို့ ခံစားရစေသည်။ ကီလိုမီတာ အနည်းငယ်အတွင်းရှိ ရေအပူချိန်သည် ခြောက်ဆယ်၊ ခုနစ်ဆယ် ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိနေပြီ ဖြစ်သည်။ ဧရာမနဂါးကြီးသည် ထိုအထဲတွင် လွတ်လပ်စွာ ကူးခပ်သွားသည်။

နာရီဝက်ခန့် ရေနွေးနွေးထဲတွင် စိမ်ပြီးနောက် ဧရာမနဂါးကြီးသည် အတောင်ပံများကို ဖြန့်ကားလျက် အမြင့်သို့ ပျံတက်သွားပြီး ဤပင်လယ်ပြင်ဧရိယာမှ ထွက်ခွာသွားခဲ့သည်။ ထို့နောက် ကီလိုမီတာ အနည်းငယ် အတွင်းရှိ ပင်လယ်မျက်နှာပြင်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပြန်လည် ခဲသွားပြန်၏။

ရှမ့်လန် ကြောင်အသွားသည်။ ‘ဧရာမနဂါးကြီး... မင်းက သန့်ရှင်းတာ ကြိုက်လို့ ရေချိုးချင်တာလား။ ဒါမှမဟုတ် ခဲနေတဲ့ ပင်လယ်ပြင်ကြီးကို ကြည့်ရတာ မျက်စိစပါးမွေး စူးလို့လား။’

မကြာမီ ရှမ့်လန် အဖြေ ရရှိလိုက်သည်။ ဧရာမနဂါးကြီး ဒေါသထွက်နေခြင်း ဖြစ်၏။

‘ကျုပ်က ပင်လယ်ရေကို အရည်ပျော်အောင် လုပ်ပေးထားတာကို မင်းက ဒီလောက် မြန်မြန် ပြန်ခဲရဲတယ်ပေါ့။ ကျုပ် မထွက်ခွာခင် မှာတောင် မင်းက ပြန်ခဲနေပြီပေါ့။ ကျုပ် မရှိဘူးလို့ မင်း ထင်နေတာလား။’

ထို့ကြောင့် ၎င်းသည် ပါးစပ်ကို ဟပြီး စွမ်းအင်တစ်ခုကို မှုတ်ထုတ်လိုက်သည်။ အံ့မခန်း နဂါးမီးလျှံတစ်ခု ပန်းထွက်သွားပြီး ပင်လယ်အောက်ခြေအထိ ချက်ချင်း ထိုးဖောက်သွားခဲ့သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

ထို့နောက် ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့၏။ တစ်ခဏချင်းမှာပင် ကီလိုမီတာ အနည်းငယ် အတွင်းရှိ အရာအားလုံး သည် နဂါးမီးလျှံ၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။

ရှမ့်လန်သည် ဧရာမနဂါးကြီး၏တိုက်ခိုက်မှုကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ ရုပ်ရှင်များနှင့် တီဗီဇာတ်လမ်းများထဲကနှင့် လုံးဝ မတူညီပေ။ ရုပ်ရှင်များနှင့် တီဗီဇာတ်လမ်းများထဲက ဧရာမ နဂါးကြီးသည် မီးမှုတ်ပြီး လောင်ကျွမ်းစေရုံသာ ဖြစ်သည်။

ဤ ဧရာမနဂါးကြီး မှုတ်ထုတ်လိုက်သော နဂါးမီးလျှံမှာမူ အလုံးလိုက် ဖြစ်ပြီး ၎င်း၏ အမြန်နှုန်းမှာ မြန်လိုက မြန်နိုင်သလို နှေးလိုက နှေးနိုင်သည်။ အနှေးဆုံးအမြန်နှုန်းသည်ပင် အသံထက် ဆယ်ဆခန့် မြန်ဆန်သည်။ ဤနဂါးမီးလျှံ အလုံးသည် ပစ်မှတ်ကို ထိမှန်ပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲသည်။ ထိုအရာသည် နဂါးနောင်တ လက်နက်ကဲ့သို့ပင် ပြင်းထန်စွာ ပေါက်ကွဲခြင်း ဖြစ်၏။

တစ်ခဏချင်းမှာပင် ကီလိုမီတာ အနည်းငယ် အတွင်းရှိ ခဲနေသော ပင်လယ်မျက်နှာပြင်သည် ယခုတစ်ကြိမ်တွင် စုတ်ပြဲသွားခဲ့ရသည်။ အတွင်းရှိ ပင်လယ်ရေများသည် အရည်ပျော်သွားခြင်း မဟုတ်ဘဲ တိုက်ရိုက် ဆူပွက်သွားပြီး ရေငွေ့အဖြစ် ပြောင်းလဲကာ တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သည်။ ကီလိုမီတာ အနည်းငယ် အတွင်းရှိ ရေခဲမျက်နှာပြင် သည်လည်း စွမ်းအားကြီးသော တုန်ခါမှုလှိုင်းကြောင့် ချက်ချင်း စုတ်ပြဲသွားခဲ့သည်။ ပင်လယ်ပြင် တစ်ခုလုံး ပြောင်းပြန်လှန် ပစ်လိုက်သကဲ့သို့ပင်။

ထို့နောက် ဧရာမနဂါးကြီးသည် ကျေနပ်အားရစွာဖြင့် ပျံသန်း ထွက်ခွာသွားခဲ့သည်။ ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုကို အလွန် ကျေနပ်နေပုံရ၏။ သေချာသည်မှာ ဧရာမနဂါးကြီး ပျံသန်း ထွက်ခွာသွားချိန်မှာတော့ ဆူပွက်နေသော ရေငွေ့များသည် ရေခဲနှင့် နှင်းအဖြစ် လျင်မြန်စွာ ပြန်လည်ခဲသွားပေလိမ့်မည်။ ပင်လယ်ပြင်သည် မကြာမီ ပြန်လည်ခဲသွားမည် ဖြစ်ပြီး ယခင်အတိုင်း ပြန်ဖြစ်သွားပေလိမ့်မည်။ သို့သော်ငြား အနည်းဆုံးတော့ ဧရာမနဂါးကြီး အနေဖြင့် မြင်တွေ့ရမည် မဟုတ်တော့ပေ။

ဤအချိန်တွင် ရှမ့်လန် နောက်ဆုံး၌ သဘောပေါက်လိုက်သည်မှာ ဤ ဧရာမနဂါးကြီးသည် ကလေးတစ်ဦးသာ ရှိသေးကြောင်းပင်။ ယခင်က ၎င်းသည် အလွန် အေးစက်ပြီး မာန်မာနကြီးခဲ့သော်လည်း ရှမ့်လန်နှင့် ပိုမို နီးကပ်လာသည်နှင့်အမျှ ၎င်း၏ စရိုက်သဘာဝ အမှန်သည် တဖြည်းဖြည်း ပေါ်လာခဲ့သည်။

… …

ငါးနာရီ ကြာမြင့်ပြီးနောက် သူတို့သည် ဤသေမင်းပင်လယ်ကို နောက်ဆုံးတွင် ဖြတ်ကျော်ခဲ့ကြပြီး မြောက်ဘက် တိုက်ကြီးသို့ ရောက်ရှိလာခဲ့ကြသည်။ ဤသည်မှာ မြောက်ဘက်အကျဆုံး တိုက်ကြီး၏ နယ်ပယ် ဖြစ်ပြီး အပူချိန်သည်လည်း အနှုတ် ၁၂၀ ဒီဂရီ စင်တီဂရိတ်ခန့်အထိ ကျဆင်းသွားခဲ့ပြီ ဖြစ်၏။

ကုန်းမြေဖြစ်သော်လည်း ယဉ်ကျေးမှု၏ ခြေရာလက်ရာ ဟူ၍ လုံးဝ မရှိပေ။ တောင်များ၊ မြစ်များ၊ မြို့များ၊ ရွာများ အားလုံးသည် ထူထဲသော နှင်းနှင့် ရေခဲများ ဖုံးလွှမ်းခြင်း ခံထားရပြီး မည်သည့်အရာကိုမှ မမြင်နိုင်တော့ချေ။

ဤနေရာတွင် နှင်းထု မည်မျှ ထူသနည်း။ မီတာ သုံးဆယ်လား။ မီတာ ငါးဆယ်လား။ သို့မဟုတ် ထိုထက် ပိုထူသလား။

ဤတိုက်ကြီးပေါ်ရှိ နှင်းများကြောင့် ပတ်ဝန်းကျင် ပင်လယ်ရေမျက်နှာပြင်သည် အနည်းငယ် ကျဆင်း သွားသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့်ဆိုသော် ရေငွေ့များသည် ဝင်သာဝင်ပြီး ပြန်မထွက်သောကြောင့် ဖြစ်၏။

မြောက်ဘက် တိုက်ကြီးတစ်ခုလုံးသည် ယခင်က ဤလောက၏ အထူးချွန်ဆုံး ယဉ်ကျေးမှုများထဲမှ တစ်ခု ဖြစ်ခဲ့ကြောင်း ရှမ့်လန် သိရှိထားသည်။ ယခင်က ဤနေရာတွင် စွမ်းအားကြီးသော ရှီလွန် အင်ပါယာဟောင်း ရှိခဲ့ပြီး လူဦးရေ အထူထပ်ဆုံးအချိန်က သန်းပေါင်း ဆယ်ချီ၊ သို့မဟုတ် ထိုထက်မက ရှိခဲ့သည်။ နေရာအနှံ့ မြို့များနှင့် ရွာများ ပြည့်နှက်နေပြီး နှိုင်းယှဉ်၍ မရနိုင်လောက်အောင် စည်ကားခဲ့သည်။

သို့သော်ငြား ယခုအခါ လူသားများ တည်ရှိခဲ့သည့် ခြေရာလက်ရာ အားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ လုံးဝ စိမ်းသက်သော ဂြိုဟ်တစ်လုံးသို့ ရောက်ရှိနေသကဲ့သို့ ဖြစ်နေသည်။ ပြောရလျှင် လူသား ယဉ်ကျေးမှုသည် တကယ်ကို ပျက်စီးလွယ်လှ၏။

ဧရာမနဂါးကြီးသည် ဤနေရာကို မကြိုက်ပေ။ မြောက်ဘက်သို့ ပိုမို ရောက်ရှိလေလေ ၎င်း၏ ရန်လိုမှု ပိုမို ပြင်းထန်လေလေဖြစ်ပြီး မြောက်ဘက်အကျဆုံး ဧရိယာတွင် ရန်သူတစ်ဦး ရှိနေသကဲ့သို့ပင်။ ဧရာမနဂါးကြီး မပျော်မရွှင် ဖြစ်လာသည်နှင့် သူ၏ စွမ်းအားကို စတင် ပြသလာသည်။

“ဘုန်း...”

သူသည် ရေခဲနှင့် နှင်းလောကကြီးထဲသို့ နဂါးမီးလျှံဘောလုံး တစ်လုံး ရုတ်တရက် ပစ်လွှတ်လိုက်ရာ မြေအောက် မီတာရာပေါင်းများစွာ အထိ ထိုးဖောက်သွားခဲ့၏။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

နောက်ထပ် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာပြီး နဂါးနောင်တ ပေါက်ကွဲမှုကဲ့သို့ နေမင်းထက် ပိုမို တောက်ပသော အလင်းရောင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

အဆုံးမရှိသောရေခဲနှင့် နှင်းများသည် စုတ်ပြဲသွားပြီး မြို့တော်၏ မူလ ပုံပန်းသဏ္ဍာန် ပေါ်လာခဲ့သည်။ ရဲတိုက်များ၊ တံတိုင်းများနှင့် အိမ်များ ပြည့်နှက်နေ၏။ သို့သော်ငြား ၎င်းသည် ခဏတာမျှသာ တည်ရှိပြီး နဂါးမီးလျှံကြောင့် ချက်ချင်း ပြာကျသွားခဲ့၏။

ဤ ဧရာမနဂါးကြီးသည် တကယ်ကို စိတ်ဆတ်သည်။ တချောင်လောက် မလိမ္မာသည်မှာ အမှန်ပင်။ သို့နှင့် ဧရာမနဂါးကြီး၏ ဒေါသသည် ပြီးဆုံးရန် ဝေးကွာနေသေးသည်။ သူသည် လုပ်ရိုးလုပ်စဉ် အသစ်တစ်ခုကို စတင်လိုက်သည်။

ကောင်းကင်ယံ မီတာ ထောင်ပေါင်းများစွာ အမြင့်သို့ ရုတ်တရက် ပျံတက်သွားပြီးနောက် ချက်ချင်း ဒိုင်ဗင်ထိုး ဆင်းကာ မြေကြီးကို ဝင်ဆောင့်လိုက်၏။

“ဝုန်း...”

မြေပြင်တစ်ခုလုံး တုန်ဟီးသွားစေသော အသံတစ်ခု ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး ပြင်းထန်စွာ စုတ်ပြဲသွား ခဲ့သည်။

ထို့နောက် ၎င်းသည် ကောင်းကင်ယံ မီတာ သောင်းချီ အမြင့်သို့ ပျံတက်သွားပြီး အသံထက် အဆပေါင်းများစွာ မြန်သော အရှိန်ဖြင့် ထိုးဆင်းကာ ဝင်ဆောင့်လိုက်ပြန်၏။

“ဘုန်း... ဘုန်း... ဘုန်း...” ဤဖျက်ဆီးနိုင်စွမ်းသည် အမှန်တကယ် တုန်လှုပ်ဖွယ် ကောင်းလှသည်။

စတုရန်းကီလိုမီတာ ထောင်ပေါင်းများစွာရှိသော မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားပြီး စုတ်ပြဲသွားခဲ့သည်။ နဂါးကြီး ဝင်ဆောင့်လိုက်သည့် အခိုက်အတန့်တွင် မြေပြင်တစ်ခုလုံးသည် မီတာထောင်ပေါင်းများစွာ နက်ပြီး မီတာထောင်ပေါင်းများစွာ ကျယ်သော ကြီးမားသည့် တွင်းကြီးတစ်ခုအဖြစ် ကြေမွသွားခဲ့၏။

ထို့နောက် ၎င်းသည် နဂါးမီးလျှံများကို ရူးသွပ်စွာ ထပ်မံ မှုတ်ထုတ်လိုက်ပြန်သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

နဂါးနောင်တ လက်နက် မရေမတွက်နိုင်အောင် တစ်ပြိုင်နက် ပေါက်ကွဲနေသကဲ့သို့ပင်။ ကော်ဇောခင်း ဗုံးကြဲခြင်းမျိုး ဖြစ်၏။

မြင်ကွင်းထဲရှိ အရာအားလုံးသည် နဂါးမီးလျှံ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ မရေမတွက်နိုင်သော ရေခဲနှင့် နှင်းအပိုင်းအစ အားလုံးသည် ပြာမှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။ နဂါးသည် မိုင်ပေါင်းရာချီ ဖုံးလွှမ်းနေသော ရေခဲနှင့် နှင်းအားလုံးကို ခွာချရန် မိမိ၏စွမ်းအင်ကို အသုံးပြုလိုက်ပြီး အတွင်းရှိ မူလမြို့တော်ကို ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။

ထို့နောက် နဂါးကြီးသည် ရေခဲအောက်တွင် မြှုပ်နှံထားသော မြို့တော်ကို လုံးဝ အရည်ပျော်သွားစေရန် နဂါးမီးလျှံများကို အသုံးပြုကာ နီရဲသွားအောင် လောင်ကျွမ်းစေလိုက်သည်။ ဤနည်းအားဖြင့် ကျေနပ်သွားပြီး ဤလောကသည် သူ ပိုင်ဆိုင်သော လောကဖြစ်သည်ဟု ခံစားလိုက်ရ၏။

အနည်းဆုံးတော့ ရှမ့်လန်၏ မြင်ကွင်းထဲရှိ အရာအားလုံးသည် အဖြူရောင် ငရဲမှ အနက်ရောင် ငရဲအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရာအားလုံး လောင်ကျွမ်းသွားပြီး အမဲရောင်နှင့် အနီရောင် ရောနှောနေသော ချော်ရည်များအဖြစ် ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။

ရှမ့်လန်သည် နဂါး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တစ်ဖန် ခံစားလိုက်ရသည်။ ‘ဖျက်ဆီးခြင်း’ ... နဂါးသည် ဖျက်ဆီးလိုစိတ်ဖြင့် မွေးဖွားလာကြသကဲ့သို့၊ လောကကို ဖျက်ဆီးမည့် သတ်ဖြတ်ရေး စက်ယန္တရား တစ်မျိုးအဖြစ် မွေးဖွားလာကြသကဲ့သို့ပင်။

ရှေးဟောင်းလူသားများသည် ဤ ဧရာမနဂါးကြီးများကို မည်သို့ ထိန်းချုပ်ခဲ့ကြကြောင်း သူ အမှန်တကယ် မသိရှိပေ။ နဂါးသခင်အနေဖြင့် အနည်းဆုံးတော့ သူသည် မိမိ၏ ဧရာမနဂါးကြီးကို နှစ်သိမ့်ပေးနိုင်ရမည်ဖြစ်ပြီး ရူးသွပ်မသွားအောင် တားဆီးရမည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက အကျိုးဆက်များမှာ စိတ်ကူး၍ပင် ရနိုင်မည် မဟုတ်ပေ။

ရှမ့်လန်သည် နဂါးကို နားလည်သဘောပေါက်ရန် ကြိုးစားလိုက်ပြီး အတွင်းရှိ ထူးခြားသော ဝိညာဉ်အရှိန်အဝါကို ရှာဖွေကာ နဂါးအကြေးခွံများကို ပွတ်သပ်ပေးရင်း အဆက်မပြတ် နှစ်သိမ့်ပေးလိုက်သည်။

ရှမ့်လန်၏ နှစ်သိမ့်မှုကြောင့်လား သို့မဟုတ် ၎င်း၏ ဒေါသကို လုံလောက်စွာ ဖွင့်ထုတ်လိုက်ရသောကြောင့်လား မသိ၊ ဧရာမနဂါးကြီးသည် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ ထို့နောက် သူသည် မြောက်ဘက်သို့ ဆက်လက် ပျံသန်းသွားခဲ့၏။

All Chapters