အခန်း (၁၂၅၁-၁၂၅၂)
Vol. 72 Ch. 1251-1252
အပိုင်း (၁၂၅၁)
လေ့ကျိုးကျွန်း စံအိမ်တော်အတွင်း၌ ကလေးများသည် တိတ်ဆိတ်စွာ စာဖတ်နေကြသည်။
စုဖေးဖေးသည် ရှမ့်ယီကို ဖက်ထားပြီး ငိုတစ်လှည့် ရယ်တစ်လှည့် ဖြစ်နေရှာသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏သမီးဖြစ်သူ မူလန် ပြန်မပါလာသေးသောကြောင့်ပင်။ သို့သော်ငြား အနည်းဆုံးတော့ သူမ၏ မြေးရတနာ ရှမ့်ယီ ပြန်ရောက်လာခဲ့၏။
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “မင်းရဲ့အိမ်ရှေ့စံက ကဏ္ဍတချို့မှာ မင်းထက် ပိုတော်တယ်။ တော်ဝင်ချန် အင်ပါယာမှာ ဆက်ခံသူ ရှိသွားပြီ။ ငါတို့ တော်ဝင်ရန်အင်ပါယာကို ဖျက်ဆီးပြီးရင် မင်း တော်ဝင်ချန်အင်ပါယာကို စိတ်အေးချမ်းသာစွာနဲ့ ထားသွားလို့ ရပါပြီ။”
ရှမ့်လန်က ပြန်ပြောလိုက်၏။ “ဟုတ်တယ်။ ဒါက ဘုရားသခင်ပေးတဲ့ ကြီးမားတဲ့ လက်ဆောင်ပါပဲ။ နင်ကျန်းကို ဖျောင်းဖျလို့ မရဘူးလား။”
နင်ယွမ်ရှန်းက ခေါင်းခါလိုက်သည်။ “ငါ သူ့ကို ဖျောင်းဖျလို့ မရဘူး။ သူက အရမ်း ခေါင်းမာလွန်းတယ်။ ထားလိုက်ပါတော့။ သူ့ကို ဖျောင်းဖျဖို့ မကြိုးစားပါနဲ့တော့။ ရှမ့်လီကိုပဲ ထျန်းရွဲ့မြို့ကို လွှတ်လိုက်ပါ။ သူ မျိုးရိုးနာမည် ပြောင်းတာ ၊ မပြောင်းတာ အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ခန္ဓာကိုယ် တစ်ဝက်က နင်မျိုးနွယ်ရဲ့ သွေးသားပါပဲ။ သူ ရွဲ့ပြည်နယ်ကို ဆက်ခံတာ လုံးဝ သင့်လျော်ပါတယ်။”
နင်မျိုးနွယ်က ဂရုမစိုက်သော်လည်း ရှမ့်လန်ကတော့ အနည်းငယ် ဂရုစိုက်မိသေးသည်။ ကျန်းမိသားစုက နင်မျိုးနွယ် ကို အာဏာလုယူသွားသည်ဟူသော ခံစားချက်မျိုး လူအများကို မပေးချင်ပေ။ ရှမ့်လီသည် ရှမ့်လန်၏ သားဖြစ်သလို နင်ယန်၏သားလည်းဖြစ်သည်။ သူ မပြောနိုင်သော၊ မထိန်းချုပ် နိုင်သော အရာအချို့လည်း ရှိနေသေး၏။ ဥပမာအားဖြင့် သူသည် ဒီဘိုရာ၏ ရည်မှန်းချက်ကို တားဆီး၍ မရနိုင်ပေ။
နင်ယွမ်ရှန်းက မေးလိုက်သည်။ “လန်အာ... အဲဒီအကောင် ရောက်လာပြီလား။”
ရှမ့်လန်က ဖြေလိုက်၏။ “ရောက်လာပါပြီ။ လုပ်ငန်းစဉ် တစ်ခုလုံးက အရမ်း ချောမွေ့ခဲ့ပါတယ်။ ဒါပေမဲ့ သူက အရမ်း မောက်မာလွန်းတယ်။ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး၊ မဆက်သွယ်ချင်ဘူး။ သူက ကိုးလွှာသော ကောင်းကင် အထက်မှာပဲ ဖြစ်ဖြစ်၊ ကိုးလွှာသော သမုဒ္ဒရာအောက်မှာပဲ ဖြစ်ဖြစ် နေလေ့ရှိတယ်။ ကျုပ် လိုအပ်တဲ့အချိန်ကျမှ ရုတ်တရက် ပေါ်လာတတ်တယ်။ ဒါပေမဲ့ အချိန်အများစုမှာတော့ သူက လွတ်လပ်ပါတယ်။”
ထို့ထက်ပို၍ အနောက်တိုင်းလောကမှ တော်ဝင်ချန် အင်ပါယာသို့ လာရာလမ်း မိုင်ပေါင်း သောင်းချီ ခရီးစဉ် အတွင်း၌ နဂါးကို အချိန်အများစုတွင် မမြင်တွေ့ခဲ့ရပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အသံ၏ အမြန်နှုန်းထက် သုံးဆခန့် လွယ်ကူစွာ ပျံသန်းနိုင်သောကြောင့်ပင်။
လမ်းခရီးတွင် မီးတောင် ၅ လုံးကို တွေ့ရှိခဲ့ပြီး ချော်ရည်ပူများဖြင့် အကြိမ်ကြိမ် ရေချိုးခဲ့ကာ မီးတောင် ၅ လုံးကို မျက်စိတစ်မှိတ်အတွင်း အပိုင်းပိုင်းအစစ စုတ်ဖြဲပစ်ခဲ့သည်။ ထို့အပြင် ငလျင် ၃ ကြိမ်နှင့် ဆူနာမီ ၃ ကြိမ်ကိုလည်း ဖြစ်ပေါ်စေခဲ့သေးသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ထိုမီးတောင်များဆီသို့ နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်သွားတော့မည် မဟုတ်ဟု ခံစားရသောကြောင့် ဖြစ်၏။ သူများအတွက်လည်း ချန်မထားလိုသောကြောင့် ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ရှမ့်လန်နှင့် နားလည်မှု ရှိထားသည်။ ရှမ့်လန် မပါဘဲနှင့် သူသည် အရှေ့တိုင်း လောက၏ ပိုင်နက်ထဲသို့ အေးဆေးသက်သာစွာ ဝင်ရောက်မည် မဟုတ်ပေ။ ထိုသို့မဟုတ်ပါက သူ၏ လျင်မြန်သော ပျံသန်းမှုကြောင့် ဖြစ်ပေါ်လာသည့် တုန်ခါမှုများသည် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေနိုင်ပြီး သူ ဖန်တီးလိုက်သော ဟာရီကိန်းမုန်တိုင်းများသည် အိမ်ခြေများစွာကို လှန်ပစ်နိုင်၏။
လူတို့သည် အမှန်တကယ်ပင် ဘက်လိုက်တတ်ကြသည်။ ရှမ့်လန်သည် မှားယွင်းမှန်း သိသော်လည်း၊ ကလေး တစ်ယောက်ချင်းစီအတွက် အချိန်ကို မျှတစွာ ခွဲဝေပေးရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ငယ်ရွယ်သော ကလေးများကို ပိုမို ပွေ့ဖက်ပြီး ပိုမို အချိန်ပေးမိတတ်သည်။ သို့သော်ငြား သူ၏ ရင်ထဲ၌ နက်ရှိုင်းစွာဖြင့် ဤသမီးငယ်လေး ‘ဘေဘီ’ ကို အချစ်ဆုံး ဖြစ်နေမိသည်။
‘ဘေဘီ’ ဟု ခေါ်သော သမီးကြီး ရှမ့်ရီ (ယောင်ယောင်လေး)သည် ယခုနှစ်တွင် ၁၁ နှစ် ရှိပြီ ဖြစ်သော်လည်း သူမ၏ အသက်ထက် သုံးနှစ်ခန့် ပိုငယ်သည်ဟု ထင်ရသည်။ မင်းသမီးလေး ရှမ့်မီ၏ သွားများ ကျိုးတော့မည် ဖြစ်သည်။ သူမသည် ပြီးပြည့်စုံသော အလှပဂေးလေး တစ်ဦး ဖြစ်သည်။ နေ့စဉ်နေ့တိုင်း သူမသည် အပြည့်စုံဆုံး မင်းသမီးတစ်ပါး ဖြစ်လာရန် ကြိုးစားနေခဲ့၏။
ရှမ့်ရီအတွက်မူ သူမသည် ကောင်းကင်ဘုံမှ နတ်သမီးလေးကဲ့သို့ ပန်းရောင်မိတ်ကပ်များဖြင့် လှပသော မိန်းကလေးငယ်လေး ဖြစ်နေဆဲပင်။ ရှမ့်လန်သည် သူမကို ပွေ့ဖက်ထားပြီး သူ၏ အငယ်ဆုံးသမီးလေး ဖြစ်သော အမေဇုန်မင်းသမီးလေးအတွက် လက်ဆောင် ရွေးချယ်နေခဲ့သည်။
ထိုအသည်းကျော်လေးသည် ရှမ့်လန်၏ ရင်ထဲတွင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် နက်ရှိုင်းသော အထင်အမြင်ကို ချန်ထားရစ်ခဲ့သည်။ သူသည် သူမနှင့် သုံးရက်မျှသာ အတူနေခဲ့ရသော်လည်း သူမသည် အလွန် ခေါင်းမာသည်၊ သန်မာသည်၊ ဖြူစင်သည်၊ ချစ်စဖွယ် ကောင်းသည်၊ ကြိုးစားသည်။ သူမ၏ တည်ကြည် လေးနက်သော မျက်နှာထားသည် အမှန်တကယ်ပင် မေ့ဖျောက်၍ မရနိုင်ပေ။
အသံထက်မြန်သော ပျံသန်းသားရဲ ကိုးရာကျော်ကို ယဉ်ပါးအောင် ပြုလုပ်ထားပြီး ဖြစ်သည်။ ၎င်းတို့သည် အစွမ်းအထက်ဆုံး တိုက်ခိုက်ရေး လေတပ်သားများ ဖြစ်သော်လည်း လူသားများနှင့် အနီးစပ်ဆုံး မျိုးစိတ်များ ဖြစ်ကြသည်။
ရှမ့်လန်နှင့် ရှမ့်ရီ (ယောင်ယောင်)တို့ ရွေးချယ်ရန် သွားကြချိန်မှာတော့ အသံထက်မြန်သော ပျံသန်းသားရဲ ရာပေါင်းများစွာသည် ကွင်းပြင်ကျယ်ကြီးထဲတွင် စီစီရီရီ တန်းစီနေကြသည်။ တစ်ကောင်ချင်းစီက ခေါင်းကို စောင်းကာ ချစ်စဖွယ် အမူအရာများ လုပ်ပြပြီး မြှောက်ပင့်သော အသံများဖြင့် အော်မြည်နေကြ။
ရှမ့်လန်က မေးလိုက်သည်။ “ယောင်ယောင်.. မောင်လေးလိုကီအတွက်ရော တစ်ကောင် ရွေးပေးသင့်သလား။”
ယောင်ယောင်က ခပ်မြန်မြန် ခေါင်းညိတ်ပြ၏။
“လာပါ ယောင်ယောင်... အစ်မကြီးတစ်ယောက်အနေနဲ့ သမီး သွားရွေးလိုက်ပါ။” ရှမ့်လန်က ရှမ့်ရီကို အောက်သို့ ချပေးလိုက်သည်။
ရှမ့်ရီ လမ်းလျှောက်သွားလိုက်၏။
“ဂါး…. ဂါး....” ပျံသန်းသားရဲများက တစ်ကောင်ပြီးတစ်ကောင် အော်မြည်ကာ သူမ၏ အာရုံစိုက်မှုကို ရယူရန် ကြိုးစားနေကြသည်။ သူတို့သည် ယောင်ယောင်ကို ခေါင်းဖြင့်ပင် ပွတ်သပ်နေကြသေးသည်။ မကြာမီမှာပဲ ယောင်ယောင် ရွေးချယ်ပြီးသွားခဲ့သည်။ သူမသည် အငယ်ဆုံး နှစ်ကောင်ကို ရွေးချယ်လိုက်၏။ အဘယ်ကြောင့် ဆိုသော် ပို၍ ငယ်ရွယ်လေ သခင်နှင့်အတူ ပိုမို ကြီးပြင်းလာနိုင်လေ ဖြစ်သောကြောင့်ပင်။
ထို့နောက် စုစုပေါင်း ပျံသန်းသားရဲ တစ်ဆယ်ကျော်ကို ကုန်သည်သင်္ဘောဖြင့် ရှီလွန်အင်ပါယာသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။ လိုကီနှင့် အမေဇုန်မင်းသမီးလေး အတွက်သာမက ဘုရင်မအီဒါ၊ နယ်စားကြီး ဒီဘိုရာ၊ ဘုရင်မဟယ်လင်၊ နယ်စားကြီးရပ်ဆဲလ် စသည်တို့အတွက်လည်း ပေးပို့မည် ဖြစ်သည်။ ၎င်းကို တော်ဝင်ချန်အင်ပါယာမှ ရှီလွန်အင်ပါယာသို့ ပေးပို့သော အဖိုးတန်လက်ဆောင်များအဖြစ် သတ်မှတ်နိုင်သည်။
သို့သော်ငြား ဤသို့ပြုလုပ်လိုက်ခြင်းကြောင့် အသံထက်မြန်သော ဧရာမ သားရဲများကို ယဉ်ပါးအောင် လေ့ကျင့်ပေးခဲ့သည့် လူငယ် စစ်သည်တော်များ ငိုကြွေးကြရသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူတို့သည် သားရဲတစ်ကောင်စီကို အဖော်ပြုပြီး ယဉ်ပါးအောင် လေ့ကျင့်ပေးခဲ့ကြရာ နက်ရှိုင်းသော သံယောဇဉ် တွယ်ငြိနေခဲ့ကြပြီ ဖြစ်၏။
ဤပျံသန်းသားရဲများသည် အမှန်တကယ်ပင် ဉာဏ်ကောင်းပြီး လိမ္မာကြသည်။ အထူးသဖြင့် သူတို့၏ ဦးနှောက်ထဲရှိ အိပ်မက်ဆိုးကျောက်တုံး လက်ခံကိရိယာကို ပြုပြင်ပြီးနောက်တွင် နုရှောင့်မြို့တစ်မြို့လုံးသည် သူတို့ ပျော်ရွှင်စေမည့် စွမ်းအင်လှိုင်းများကို အဆက်မပြတ် ထုတ်လွှင့်ပေးနေခဲ့သည်။
ဇူလိုင်လ ၂၉ ရက်နေ့
ရှမ့်လန်သည် ပင်လယ်ပြင်သို့ ထွက်လာပြီး အော်ဟစ်လိုက်သည်။ “ပျောက်ဆုံးနိုင်ငံရဲ့ မိစ္ဆာမယ်တော်... ကျေးဇူးပြုပြီး ထွက်လာပေးပါ။”
ခေတ္တမျှ ကြာပြီးနောက် .....
ပင်လယ်ရေများ လှိုင်းထန်လာပြီး လှပ၍ ပြိုင်ဘက်ကင်းသော ပုံသဏ္ဍာန်တစ်ခုအဖြစ် စုစည်းသွားခဲ့သော်လည်း မျက်နှာမှာမူ လုံးဝ မထင်ရှားပေ။
ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်က ပြောလိုက်၏။ “အရှင် ရှမ့်လန်... ရှင် ဒီနေ့မှ ကျွန်မကို လာရှာတာလား။ ကျွန်မ ရှင့်ကို ဂုဏ်မပြုရသေးပါဘူး။ ရှင် နဂါးကြီးတစ်ကောင်ရဲ့ သစ္စာခံယူမှုကို ရရှိထားပြီးပြီပဲ။ သူ့ရဲ့ စွမ်းအားကို ကျွန်မ ခံစားမိပါတယ်။ အရမ်းဝေးကွာနေပေမဲ့ ဒီပင်လယ်ပြင်ကို တစ်ခေါက် ဖြတ်ပျံသွားတုန်းက သူ့ရဲ့ စွမ်းအားကို ကျွန်မ ခံစားမိလိုက်ပါသေးတယ်။ တကယ် ကြောက်စရာ ကောင်းတယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်…. ကျုပ် ခင်ဗျားကို မေးစရာ မေးခွန်းတစ်ခု ရှိပါတယ်။”
ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်က ပြန်ပြော၏။ “ရှင့်မေးခွန်းက ကျွန်မကို နည်းနည်း စိတ်မသက်မသာ ဖြစ်စေမှာ သေချာတယ်။ ဒါပေမဲ့ မေးပါ။”
ရှမ့်လန်က မေးလိုက်သည်။ “ရှေးဟောင်း ပျောက်ဆုံးနိုင်ငံ အင်ပါယာက ယူရေနီယမ်ကို အသုံးပြုပြီး နဂါးသတ် လက်နက်တစ်မျိုးကို ဖန်တီးခဲ့နိုင်လောက်တယ်။ အဲဒီလက်နက်တွေ ဘယ်မှာရှိသလဲ ဆိုတာ မေးလို့ ရမလား။”
ယနေ့သည် ဇူလိုင်လ ၂၉ ရက်နေ့ဖြစ်သည်။ ထိုကာလအတွင်း လောကကြီးတစ်ခုလုံး အလွန် အေးချမ်းနေခဲ့၏။ မည်သည့်အရာမှ ဖြစ်ပျက်ခြင်း မရှိပေ။ တော်ဝင်ရန်အင်ပါယာသည် မည်သည့် တိုက်ခိုက်မှုကိုမှ မပြုလုပ်ခဲ့သလို လျှို့ဝှက်တိုက်ခိုက်ခြင်းမျိုးလည်း မရှိခဲ့ပေ။ နုရှောင့်မြို့သည် ဘေးကင်း လုံခြုံနေပြီး ဝူ၊ ချောင်၊ ရွဲ့ နှင့် ချန် နိုင်ငံလေးခုစလုံးလည်း ဘေးကင်းနေခဲ့၏။
လောကကြီးတစ်ခုလုံး တိတ်ဆိတ်လွန်းနေသောကြောင့် ထူးဆန်းနေသယောင်ရှိပြီး လူများကို စိုးရိမ်ပူပန်မှု အနည်းငယ် ဖြစ်ပေါ်စေခဲ့သည်။ နုရှောင့်မြို့တိုက်ပွဲအတွင်း ရှမ့်လန်သည် တော်ဝင်ရန်အင်ပါယာ၏ မျက်နှာကို ဖြတ်ရိုက်ခဲ့သည်။
ထို့နောက် သူသည် ကြီးမားသော အထူးနဂါးနောင်တ ဒုံးကျည် နှစ်စင်းကို ကျင်းနှင့် လျန် နယ်မြေများတွင် ပစ်လွှတ်ခဲ့ရာ တော်ဝင်ရန်အင်ပါယာ၏ စစ်သည် တစ်သန်းကို တုန်လှုပ်သွားစေခဲ့သည်။ နောက်ဆုံးတွင် တော်ဝင်ရန်အင်ပါယာက အလျှော့ပေးလိုက်ရ၏။
တော်ဝင်ချန်အင်ပါယာကို တိုက်ခိုက်ရန် မူလက စီစဉ်ထားသော စစ်သည် တစ်သန်းကို ဖျက်သိမ်းပြီး ဆုတ်ခွာ စေခဲ့သည်။ သိမ်းပိုက်ထားသော စေတီတောင်ကိုလည်း ပြန်လည်ပေးအပ်ခဲ့ပြီး ချန်နိုင်ငံ၏ စတုရန်းကီလိုမီတာ ၁.၅ သန်း ကျယ်ဝန်းသော နယ်မြေသည် တော်ဝင်ချန် အင်ပါယာပိုင် ဖြစ်ကြောင်း တိုက်ရိုက် ဝန်ခံခဲ့သည်။
ဤအရာက လူတိုင်းကို တုန်လှုပ်စေခဲ့သည်။ တော်ဝင်ရန် အင်ပါယာသည် ဤမျှ သူရဲဘောကြောင်သည်လား။
အမှန်စင်စစ် တော်ဝင်ချန် အင်ပါယာသည် ပျော်ရွှင်မြူးထူးနေသော အခြေအနေတွင် ရှိနေခဲ့သည်။ ချန်နိုင်ငံမှ ပြည်သူများသည်လည်း အရှင်ရှမ့်လန်၏ အံ့ဖွယ်ရာကို ပထမဆုံးအကြိမ် ခံစားလိုက်ရပြီး သူ၏ ကာကွယ်စောင့်ရှောက်မှု စွမ်းအားကို ခံစားလိုက်ကြရသည်။
အခြားတစ်ဖက်တွင်မူ တော်ဝင်ရန်အင်ပါယာ၏ လက်အောက်ခံ နိုင်ငံများသည် တွေးတောစရာများ များပြားနေပြီး အတော်လေး စိတ်မသက်မသာ ဖြစ်နေကြသည်။ သေချာသည်မှာ သူတို့သည် တော်ဝင်ရန် အင်ပါယာအပေါ် မျှော်လင့်ချက် ကုန်ဆုံးသွားခြင်း မဟုတ်သလို ဘက်ပြောင်းချင်နေခြင်းလည်း မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဤအခြေအနေသည် အာရုဏ်မတက်မီ အမှောင်ထု၊ လောကမြေကို တုန်လှုပ်စေမည့် မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းမျိုး အမှန်တကယ် ဖြစ်နေသောကြောင့်ပင်။ လူတိုင်း၏ မျက်လုံးများသည် ရန်မြို့တော်ဆီသို့ အာရုံစိုက်နေကြ၏။
အဓိပတိ အင်ပါယာ... တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာရန် အချိန်တန်ပြီ မဟုတ်ပါလား။ အင်ပါယာ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီး လောကကြီးကို ရှင်းလင်းသုတ်သင်ပစ်ရန် အချိန်တန်ပြီ မဟုတ်ပါလား။
ယနေ့သည် ဇူလိုင်လ ၂၉ ရက်နေ့ ဖြစ်သည်။ အင်ပါယာသည် တံခါးပိတ်ကျင့်ကြံရာမှ တရားဝင် ထွက်ခွာလာခဲ့၏။
အဓိပတိ အင်ပါယာ တံခါးပိတ် ကျင့်ကြံရာမှ ထွက်ခွာလာခြင်းသည် လောကမြေကို တုန်လှုပ်စေမည်လား။ ကောင်းကင်ယံတွင် ရောင်ခြည်များ တောက်ပလာပြီး မြေကြီး တုန်ခါသွားမည်လား။ သို့မဟုတ် နဂါးတစ်ကောင် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ရန်မြို့တော် အနှံ့ အော်ဟစ်လိုက်မည်လား။
သဘာဝကျစွာပင် ဤသည်မှာ လူများစွာ၏ စိတ်ကူးထဲမှ မြင်ကွင်း ဖြစ်သည်။ ဤလောကကြီးသည် လျှို့ဝှက်ချက် များဖြင့် ပြည့်နှက်နေသော်လည်း လျှို့ဝှက်ချက်မရှိသကဲ့သို့လည်း ထင်ရပေသည်။
အင်ပါယာသည် နဂါးတစ်ကောင် ကို ပိုင်ဆိုင်ထားသည်လား။
ဤအရာသည် အစပထမ၌ ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သည်။ သို့သော်ငြား အင်ပါယာ တံခါးပိတ် ကျင့်ကြံခြင်းထဲသို့ ဝင်သွားပြီးနောက်ပိုင်း ထိုဒဏ္ဍာရီသည် အစစ်အမှန် ဖြစ်လာပုံရ၏။
ထို့ကြောင့် လူတိုင်း၏ အာရုံစိုက်မှုသည် နန်းတော်ထဲရှိ တားမြစ်မျှော်စင်ဆီသို့ ရောက်ရှိနေကြသည်။ အင်ပါယာ၌ နဂါးမရှိလျှင် အဘယ်ကြောင့် ဤသို့ နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေခဲ့သနည်း။ လေးနှစ်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။
အင်ပါယာ တားမြစ်မျှော်စင်ထဲမှ လမ်းလျှောက်ထွက်လာသည့် အခိုက်အတန့်တွင် မျှော်စင်တစ်ခုလုံး အက်ကွဲသွားပြီး ဧရာမ နဂါးကြီးတစ်ကောင် ကောင်းကင်ယံသို့ ပျံတက်သွားကာ ရန်မြို့တော် တစ်ခုလုံး နဂါးဟိန်းသံ အောက်တွင် တုန်ခါသွားမည်ဟု မရေမတွက်နိုင်သော လူများက စိတ်ကူးယဉ်ခဲ့ကြသည်။ သို့သော်ငြား ထိုအရာများထဲမှ မည်သည့်အရာမှ ဖြစ်ပျက်မလာခဲ့ပေ။
တော်ဝင်ရန် အင်ပါယာသည် တစ်ဦးတည်း လမ်းလျှောက်ထွက်လာခဲ့သည်။ အထူးပြုလုပ်ချက်များ၊ အသံ သက်ရောက်မှုများ မပါရှိပေ။ သူသည် အလွန် ပိန်လှီနေပုံရပြီး ဆံပင်များမှာလည်း များစွာ ပိုမို ဖြူဖွေးနေသည်။ သူသည် သာမန် အဘိုးအိုတစ်ဦးနှင့် တူနေ၏။
သူသည် တားမြစ်မျှော်စင်ထဲမှ ထွက်လာပြီး နန်းတော်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
လမ်းတစ်လျှောက်တွင် မိန်းမစိုးများနှင့် နန်းတွင်းအပျိုတော်များသည် အင်ပါယာကို မြင်လိုက်ရချိန်မှာတော့ တုန်လှုပ်သွားခဲ့ကြသည်။ ထို့နောက် သူတို့သည် ဒူးထောက်ချလိုက်ကြပြီး မလှုပ်မယှက် ငြိမ်သက်နေခဲ့ကြသည်။ ထိုကဲ့သို့ပင် အင်ပါယာသည် ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်သွားခဲ့၏။
ထိုအချိန်၌ တော်ဝင်ရန် အိမ်ရှေ့စံမင်းသားသည် ညီလာခံ ကျင်းပနေချိန် ဖြစ်သည်။ အရာရှိ ရာပေါင်းများစွာ ခန်းမထဲတွင် ရှိနေကြသည်။
အင်ပါယာ ဝင်ရောက်လာသည်ကို မြင်လိုက်ရချိန်မှာတော့ သူတို့ ကြောင်အ သွားခဲ့ကြသည်။ ထို့နောက် သူတို့သည် စီစီရီရီ ဒူးထောက်လိုက်ကြ၏။ “အင်ပါယာ... အသက်ရာကျော် ရှည်ပါစေ။”
လူတိုင်း ခေါင်းထောင်ကြည့်ချင်နေကြသည်။ အင်ပါယာ၌ နဂါးတစ်ကောင် အမှန်တကယ် ရှိပါသည်လား။ သို့သော်ငြား နဂါးရှိလျှင် ကြီးမားနေရပေမည်။ နဂါး ထွက်လာရန် မြေပြင်တစ်ခုလုံး ကွဲအက်သွားခဲ့ရပေမည်။ ထို့ကြောင့် လူတိုင်း နားစွင့်နေကြပြီး ဧရာမနဂါးကြီး၏ အော်ဟစ်သံကို ကြားရရန် မျှော်လင့်နေကြသည်။ သို့သော်ငြား ဘာမှမရှိပေ။ အင်ပါယာ၏ လေးနှစ်ကြာ တံခါးပိတ် ကျင့်ကြံမှုသည် အတွင်းထဲ၌ တစ်ရေးအိပ်လိုက် သကဲ့သို့ပင်။
‘အရှင်... ပြင်ပလောကကြီးကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ပြောင်းပြန်လန်သွားခဲ့ပါပြီ။ တော်ဝင်ချန် အင်ပါယာက လုံးဝ ပုန်ကန်ထကြွလာပြီး တော်ဝင်ရန် အင်ပါယာအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေပါပြီ။’
အင်ပါယာသည် သူ၏ ပလ္လင်ဆီသို့ လျှောက်သွားပြီး ပျင်းရိစွာ ထိုင်ချကာ ပြောလိုက်သည်။ “မင်းတို့ ဆက်လုပ်လို့ ရတယ်။ ဆက်လုပ်ကြ။”
……
ပင်လယ်ပြင်ထက်၌ ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်သည် ရှမ့်လန်၏ စကားကို ကြားလိုက်ရချိန်မှာတော့ ပြုံးလျက် မေးလိုက်၏။ “နဂါးသတ်လက်နက် ဟုတ်လား။”
ရှမ့်လန်က အတည်ပြုလိုက်သည်။ “ဟုတ်ပါတယ်။ နဂါးသတ်လက်နက်ပါပဲ။ ရှေးဟောင်း ပျောက်ဆုံးနိုင်ငံ အင်ပါယာက ဒီကိစ္စကို အချိန်အကြာကြီး သုတေသနပြုလုပ်ခဲ့တာ ဖြစ်တဲ့အတွက် ရလဒ်တချို့ ရှိကို ရှိနေသင့်ပါတယ်။”
ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်က ပြောလိုက်၏။ “အရှင်ရှမ့်လန်... အရှင် ပြောနေတဲ့ နဂါးသတ်လက်နက်ကို ကျွန်မလည်း လိုချင်တယ်။”
ရှမ့်လန်က ရှင်းပြလိုက်သည်။ “ဦးခေါင်းခွံဂိုဏ်း ရေတပ်အဖွဲ့က ပျောက်ဆုံးနိုင်ငံရဲ့ အပျက်အစီးတွေကြားထဲက လျှို့ဝှက်ဂိုဒေါင်တစ်ခုမှာ ယူရေနီယမ်တချို့ကို ရှာတွေ့ခဲ့ပါတယ်။ ဒါက ကျုပ် ပေးထားတဲ့ နာမည်ပါ။ အဲဒါက သတ္တုရိုင်း တစ်မျိုးပါပဲ။ ဒါပေမဲ့ ပျောက်ဆုံးနိုင်ငံမှာ တွေ့ရတဲ့ ယူရေနီယမ်ရဲ့ သန့်စင်မှုနှုန်းက မနိမ့်ပါဘူး။ အဲဒါကို နဂါးသတ်လက်နက် ထုတ်လုပ်ဖို့ အသုံးပြုတာပါ။”
“ကျွန်မ သိပါတယ်။ ကျွန်မတို့ အင်ပါယာတုန်းကတော့ အဲဒီအရာကို မိစ္ဆာစိမ်းလို့ ခေါ်ခဲ့ကြတယ်။ အဲဒါက ခြေရာလက်ရာ မကျန်ရစ်စေဘဲ သတ်ဖြတ်နိုင်စွမ်း ရှိတယ်။”
အပိုင်း (၁၂၅၂)
မိစ္ဆာစိမ်း - ဤအမည်သည် အလွန် လိုက်ဖက်မှု ရှိလှပေသည်။
ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်က ဆက်ပြောလိုက်၏။ “အရှင်ရှမ့်လန်... အရှင် ပြောနေတဲ့ နဂါးသတ် လက်နက်ကို ပျောက်ဆုံးနိုင်ငံအင်ပါယာမှာ နေဝင်ချိန် စီမံကိန်းလို့ ခေါ်ဝေါ်ခဲ့ကြတယ်။”
ရှမ့်လန် အံ့အားသင့်သွားခဲ့ရ၏။ ကလေးဆန်သော နာမည်မျိုး ဖြစ်နေသည် မဟုတ်ပါလား။ သို့သော်ငြား သူ၏ နျူကလီးယားဗုံး စီမံကိန်းကို ပျက်သုဉ်းခြင်းနေ့ရက် စီမံကိန်းဟု အမည်ပေးခဲ့ကြောင်း ရှမ့်လန် ပြန်လည် တွေးတောမိလိုက်ချိန်မှာတော့ သူ၏ အမည်ပေးမှုသည်လည်း ရင့်ကျက်မှု မရှိကြောင်း ခံစားလိုက်ရသည်။
ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်က ရှင်းပြ၏။ “ဘာကြောင့်လဲဆိုတော့ နဂါးကြီးက မီးတောက်ကို ကိုယ်စားပြုပြီး ဒဏ္ဍာရီတွေအရ နဂါးကြီးက နေမင်းထဲကနေ မွေးဖွားလာတယ်လို့ ဆိုကြတယ်။ ဒါကြောင့် ဒီလက်နက် စီမံကိန်းကို နေဝင်ချိန်လို့ အမည်ပေးခဲ့ကြတာပါ။ ဒါပေမဲ့ ရှေးဟောင်းယဉ်ကျေးမှုကြီးရဲ့ မဟာနိဗ္ဗာန ဖြစ်စဉ်တိုင်အောင် ဒီနေဝင်ချိန် လက်နက်ကို ဖန်တီးနိုင်ခြင်း မရှိခဲ့ပါဘူး။”
ရှမ့်လန်က မေးလိုက်သည်။ “အရမ်း ထူးဆန်းနေတဲ့ အချက်တစ်ချက် ရှိပါတယ်။ ရှေးဟောင်းယဉ်ကျေးမှု ခေတ်က ပျောက်ဆုံးနိုင်ငံ အင်ပါယာက လက်နက်တွေ တီထွင်ဖန်တီးတဲ့ နေရာမှာ သိပ်မတော်တဲ့ပုံပါပဲ။ ခင်ဗျားတို့က ဝိညာဉ်စွမ်းအားနဲ့ အင်အားကိုပဲ အားကိုးကြတာ မဟုတ်လား။ ဘာဖြစ်လို့ ဒီလောက် အဆင့်မြင့်တဲ့ စီမံကိန်းမျိုး ရှိနေရတာလဲ။”
ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်က ဖြေ၏။ “ကျွန်မ အရမ်း စိတ်မကောင်းပါဘူး အရှင်... ကျွန်မ အာဏာရလာတဲ့ အချိန်မှာ ပျောက်ဆုံးနိုင်ငံ အင်ပါယာ ပျက်သုဉ်းသွားခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပါပြီ။ ဒါကြောင့် ကျွန်မ လျှို့ဝှက်ချက် အများကြီးကို မသိပါဘူး။ သက်ဆိုင်ရာမှတ်တမ်းတွေကို ဖတ်ကြည့်ပြီးမှ ဒီနေဝင်ချိန် စီမံကိန်းအကြောင်း သိခဲ့ရတာပါ။”
ရှမ့်လန်က ထပ်မေးလိုက်သည်။ “ဒါဆိုရင် ဒီ နေဝင်ချိန် လက်နက်က တကယ် ရှိသလား။ ကျုပ်ရဲ့ သုံးသပ်ချက်အရဆိုရင် ရှိကို ရှိသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေးဟောင်း ပျောက်ဆုံးနိုင်ငံ အင်ပါယာက ယူရေနီယမ် အမြောက်အမြားကို ပြင်ဆင်ထားခဲ့လို့ပါပဲ။ ဒါက စမ်းသပ်မှုအတွက် မဟုတ်ဘဲ ပြီးစီးသွားတဲ့ လက်နက်တွေအတွက် ဆိုတာ ထင်ရှားပါတယ်။ စမ်းသပ်မှုအတွက် ယူရေနီယမ် အများကြီး မလိုပါဘူး။ ၁ ရာခိုင်နှုန်းပဲ သန့်စင်တယ် ဆိုရင်တောင် တန်ချိန် ဒါဇင်နဲ့ချီပြီး ရှိနေတာပါ။”
“ဟုတ်ပါတယ်။ ဒီ နေဝင်ချိန် လက်နက်က တကယ် ရှိပါတယ်။ ဒါပေမဲ့ ကျွန်မ အရမ်း စိတ်မကောင်းပါဘူး။ အဲဒါ ဘယ်မှာ ရှိသလဲ ဆိုတာ ကျွန်မ မသိပါဘူး။”
ရှမ့်လန်သည် ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်ကို သံသယဖြင့် ကြည့်လိုက်သည်။ သူမသည် လိမ်ညာလှည့်ဖြား ရာတွင် အလွန် ကျွမ်းကျင်သူ ဖြစ်သည်။ သူမတွင် အမြင့်ဆုံးသော ဝိညာဉ်စွမ်းအား ရှိ၏။
ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်က ဆက်ပြောလိုက်သည်။ “အရှင်ရှမ့်လန်... အရှင် ကျွန်မကို မယုံဘူး ဆိုတာ အရှင့်ရဲ့ မျက်နှာက ဖော်ပြနေပါတယ်။ ဒါပေမဲ့ ကျွန်မ တကယ် မသိတာပါ။ အနည်းဆုံးတော့ ကျွန်မ မြင်ခဲ့ရတဲ့ မှတ်တမ်းတွေထဲမှာ ဒီ နေဝင်ချိန်လက်နက်ကို ဘယ်မှာ သိမ်းဆည်းထားသလဲ ဆိုတာ မှတ်တမ်း တင်ထားခြင်း မရှိပါဘူး။ ပျောက်ဆုံးနိုင်ငံ အင်ပါယာရဲ့ အပျက်အစီးတွေနဲ့ မိစ္ဆာတြိဂံနယ်မြေတွေကိုလည်း ကျွန်မ ရှာဖွေခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဘာမှ မတွေ့ခဲ့ပါဘူး။”
ရှမ့်လန်သည် ပင်လယ်ရေဖြင့် ပြုလုပ်ထားသော ပုံသဏ္ဍာန်ကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ပြီးနောက် ပြောလိုက်၏။ “ကောင်းပါပြီ။ ကျုပ်ကို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
...........
နုရှောင့်မြို့သို့ ပြန်ရောက်ပြီးနောက် ရှမ့်လန်သည် စေတီတောင်မှ ဘက်ပြောင်းခိုလှုံခဲ့သူ ဝူကျွယ်နှင့် တွေ့ဆုံခဲ့ သည်။
ဝူကျွယ်က တင်ပြလိုက်၏။ “အရှင်... အရှင် အမိန့်ပေးထားတဲ့အတိုင်း ကျုပ်တို့ စေတီတောင်ရဲ့ လျှို့ဝှက် အခြေစိုက်စခန်း တချို့ကို သွားရောက် ရှာဖွေခဲ့ပါတယ်။ ကျုပ်တို့ နာကျည်းမှုကို တွေ့ရှိခဲ့ပါတယ်။”
ခဏအကြာတွင် နာကျည်းမှုသည် ရှမ့်လန်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူသည် တိုက်ခိုက်ရေး ဘီလူးကောင်ကြီး တစ်ကောင် ဖြစ်နေဆဲပင်။ အလွန် သန်မာသော်လည်း အသိစိတ် လွတ်နေခဲ့၏။ သို့သော်ငြား ယခုအချိန်တွင် သူသည် အလွန် ငြိမ်သက်နေပုံ ရသည်။ သို့သော်ငြား အချက်ပေးသံ ကြားလိုက်သည်နှင့် တပြိုင်နက် သူသည် သတ်ဖြတ်ရေး စက်ရုပ်တစ်ရုပ် ဖြစ်လာပေလိမ့်မည်။
ဝူကျွယ်က ဆက်ပြောလိုက်သည်။ “အရှင်... ကျုပ် စိတ်မကောင်းပါဘူး။ ဂိုဏ်းချုပ်ရန်က သူ့ရဲ့ စိတ်နဲ့ မှတ်ဉာဏ်ကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ သူ့ကို ပြန်ကောင်းအောင် လုပ်ပေးဖို့ နည်းလမ်း ကျုပ်တို့ စဉ်းစားလို့ မရပါဘူး။ ဒါပေမဲ့ သူ့ကို ထိန်းချုပ်ဖို့ အမိန့်ပေးစနစ်တော့ ကျုပ်တို့ဆီမှာ ရှိပါတယ်။ ဒါကြောင့် လိုအပ်ရင် သူ့ကို စစ်မြေပြင်ဆီ ပို့လို့ရပါတယ်။ သူ့ရဲ့ စိတ်ကို ပြန်လည် ကုစားချင်တယ်ဆိုရင်တော့ အရှင်ရဲ့ ဉာဏ်ပညာ လိုအပ်လိမ့်မယ်လို့ ကျုပ် ထင်ပါတယ်။”
ရှမ့်လန် ရှေ့သို့တိုးသွားပြီး နာကျည်းမှု၏ ပခုံးကို ပုတ်လိုက်သည်။ တစ်ဖက်လူမှာမူ မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် မည်သူမှ နားမလည်နိုင်သော ဘာသာစကားအား တတွတ်တွတ် ရေရွတ်နေဆဲပင်။
ရှမ့်လန်က ကတိပေးလိုက်သည်။ “အစ်ကိုကြီးကျိုး.... ခင်ဗျားကို ကျုပ် သေချာပေါက် ကုသပေးပါ့မယ်။ လာကြစမ်း။ နဂါးသေတ္တာကို ယူလာခဲ့ကြ။”
ခဏအကြာတွင် အခန်းထဲ၌ နဂါးသေတ္တာ ပေါ်လာခဲ့သည်။
ရှမ့်လန်က အမိန့်ပေးလိုက်၏။ “ဝူကျွယ်... နာကျည်းမှုကို နဂါးသေတ္တာထဲ ဝင်ခိုင်းလိုက်။”
ထို့နောက် နာကျည်းမှုသည် နဂါးသေတ္တာထဲသို့ ဝင်ရောက်သွားခဲ့သည်။ ရှမ့်လန်သည် နဂါးသေတ္တာကို ပိတ်လိုက်၏။ လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် နာကျည်းမှုသည် ငြင်းဆန်ခြင်းမရှိဘဲ ဆက်လက်၍ တတွတ်တွတ် ရေရွတ်နေခဲ့သည်။ နဂါးသေတ္တာထဲသို့ ရောက်သွားပြီး နောက်တွင်မူ သူသည် အမှန်တကယ်ပင် ငြိမ်သက်သွားခဲ့သည်။
ဤရှေးဟောင်း နဂါးသေတ္တာသည် အလွန် လျှို့ဝှက်ဆန်းကြယ်သော ပစ္စည်းတစ်ခု ဖြစ်သည်။ ရှေးဟောင်းခေတ် ကာလတွင် ၎င်း၌ အသုံးပြုပုံ များစွာ ရှိခဲ့ပုံရသည်။ သို့သော်ငြား ထိုအရာသည် နာကျည်းမှုကို ကုသပေးနိုင်မည်လား ဆိုသည်ကို ရှမ့်လန် မသိပေ။ သူ ကြိုးစားကြည့်ရုံသာ ရှိသည်။
ရှမ့်လန်က မေးလိုက်၏။ “ဆရာမ ဝူတူကျိ ဘယ်မှာလဲ။”
ဝူကျွယ်က ပြောလိုက်သည်။ “အရှင်... ကျုပ် အရမ်း စိတ်မကောင်းပါဘူး။ ဟိုတုန်းက ဂိုဏ်းချုပ်ရန်က ဆရာမ ဝူတူကျိကို အမှတ် (၁၉) လျှို့ဝှက်စခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။ သူက အဆိပ်ပိုးမွှား သုတေသနမှာ ပါရမီရှင်တစ်ယောက် ဖြစ်တဲ့အတွက် ဂိုဏ်းချုပ်ရန်က မသတ်ရက်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့ကို တစ်သက်လုံး ချုပ်နှောင်ထားပြီး အဆိပ်ပိုးမွှားတွေကို သုတေသန လုပ်ခိုင်းခဲ့ပါတယ်။
သူ ဘယ်လို အဆိပ်ပိုးမွှားတွေကို သုတေသန လုပ်နေသလဲ ဆိုတာတော့ ကျုပ် မသိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျုပ်မှာ လုပ်ပိုင်ခွင့်အာဏာ မရှိလို့ပါ။ အရှင် အမိန့်ပေးတဲ့အတိုင်း ကျုပ်တို့ အမှတ် (၁၉) လျှို့ဝှက်စခန်း ကို ချက်ချင်း သွားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျုပ်တို့ ဘာမှ မတွေ့ခဲ့ရပါဘူး။ ဒေါ်လေး ဝူတူကျိ အဲဒီမှာ မရှိတော့သလို အတွင်းထဲက သတင်းအချက်အလက်တွေ အားလုံးလည်း ပျောက်ဆုံးနေပါတယ်။”
“ဂိုဏ်းချုပ်ရန်က သူ့ကို နေရာရွှေ့ပြောင်းလိုက်တာလား။ ဒါမှမဟုတ် တော်ဝင်ရန်အင်ပါယာက ဖမ်းခေါ်သွား တာလား။”
“ကျုပ် အတိအကျ မပြောနိုင်ပါဘူး အရှင်...”
ရှမ့်လန် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ကျုပ် နားလည်ပါပြီ။”
...............
“ယောက်ဖ... ယောက်ဖကို ပြောစရာ ရှိလို့။” ကျင်းမူကုန်းသည် ရှမ့်လန်၏ ရှေ့သို့ ရောက်လာခဲ့သည်။
ရှမ့်လန်က ပြောလိုက်၏။ “အင်း.. ပြောလေ။”
ကျင်းမူကုန်းက ပြောလိုက်၏။ “ကျုပ်... ကျုပ် လက်ထပ်ချင်တယ်။”
“မင်း ဒီတလောသွားနေတဲ့ တွေ့ဆုံပွဲတွေကို သဘောမကျဘူး မဟုတ်လား။”
ကျင်းမူကုန်း တောင်းဆိုခဲ့သည့်အချိန်မှစ၍ လွန်ခဲ့သည့် ခြောက်လအတွင်း သူသည် တွေ့ဆုံပွဲများ မကြာခဏ ပြုလုပ်ခဲ့သည်။ သူ့တွင် မြင့်မားသော လိုအပ်ချက်များ လုံးဝ မရှိကြောင်း ပြောဆိုခဲ့၏။ သူ လိုချင်သည်မှာ ထိုမိန်းကလေးသည် လှပရမည်၊ ကိုယ်လုံးကိုယ်ပေါက် ကောင်းရမည်၊ စိတ်သဘောထား ကောင်းရမည်၊ အရေးကြီးသော အချိန်များတွင် သူ့ကို ရိုက်နှက်ဆုံးမနိုင်သူ ဖြစ်ရမည် ဟူ၍ပင်။
ကျင်းမူကုန်း၏ အထူးအဆင့်အတန်းကြောင့် မိသားစုများစွာက သူ့ကို သမက်တော်ချင်ကြသည်။ တော်ဝင်ချန် အင်ပါယာရှိ မှူးမတ်မျိုးနွယ်ဝင် သခင်မလေး အားလုံးနီးပါးသည် ကျင်းမူကုန်းနှင့် တွေ့ဆုံရန် တန်းစီ နေခဲ့ကြသည်။
ဤဝက်တုတ်သည် အမှန်တကယ် ဇီဇာကြောင်သူ မဟုတ်ပေ။ သူ ပထမဆုံး တွေ့ဆုံခဲ့သည့် လူတိုင်း နီးပါးသည် လှပပြီး ကိုယ်လုံးကိုယ်ပေါက် ကောင်းမွန်ကြသည်။ စိတ်နေသဘောထားနှင့် ပတ်သက်၍မူ မိန်းကလေးတို့သည် အလွန် အရှက်အကြောက် ကြီးနေသောကြောင့် ကျင်းမူကုန်းက သိပ်အာရုံမစိုက်ခဲ့ပေ။ သူသည် မျက်နှာနှင့် ကိုယ်လုံးကိုသာ ကြည့်ခဲ့၏
ထို့အပြင် ဤကဲ့သို့သော တွေ့ဆုံပွဲမျိုးတွင် မိန်းကလေးများသည် သေချာပေါက် အလွန် သိက္ခာရှိစွာ နေထိုင်ကြမည် ဖြစ်သောကြောင့် ပင်ကိုယ်စရိုက်အစစ်အမှန်ကို မြင်တွေ့နိုင်မည် မဟုတ်ပေ။ သို့သော်ငြား ဆိုးရွားသောအချက်မှာ သူသည် တွေ့ဆုံပွဲများ အလွန်အကျွံ ပြုလုပ်ခဲ့ခြင်းပင်။
ပထမနေ့တွင် ကျင်းမူကုန်းသည် မိန်းကလေး ဆယ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ ဤအရာက ဆိုးရွားလွန်းသည်။ ဆယ်ယောက်ထဲမှ တစ်ယောက်ကို ရွေးချယ်ရန် သူ့အတွက် အလွန် ခက်ခဲလှ၏။ ထို့နောက် သူသည် တွေ့ဆုံပွဲများကို ဆက်တိုက် ပြုလုပ်ခဲ့သည်။ သူသည် မိန်းကလေးပေါင်း တစ်ရာကျော်နှင့် တွေ့ဆုံခဲ့ရာ အယောက်တစ်ရာ ထဲမှ တစ်ယောက်ကို ရွေးချယ်ရမည့် အခြေအနေ ဖြစ်လာခဲ့သည်။ ဤအရာက ပို၍ပင် ဆိုးရွားလှသည်။
ဤမိန်းကလေး အများစုကို သူ သဘောကျပြီး အလွန် နှစ်သက်ကြောင်း သူ၏ မိခင် စုဖေးဖေးကို ပြောပြခဲ့သည်။ သူ ဆိုလိုချင်သည်မှာ သူ ကျင်းမူကုန်းသည် ဇီဇာမကြောင်ဘဲ ဤမိန်းကလေး အားလုံးသည် ကောင်းမွန်ကြသည် ဟူ၍ ဖြစ်၏။
သို့သော်ငြား ကျင်းမူကုန်းက ဒါဇင်နှင့်ချီသော မိန်းကလေးများကို လိုချင်နေသည်ဟု စုဖေးဖေး ကြားလိုက်ရချိန်မှာတော့ ချက်ချင်းပဲ ကောင်းကောင်းကြီး ရိုက်နှက်ဆုံးမတော့သည်။
“မင်း မောက်မာလှချည်လား။ မင်းက ဒါဇင်နဲ့ချီပြီး ယူချင်တယ်ပေါ့လေ။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ။ မင်းကိုယ်မင်း မင်းယောက်ဖလို့ ထင်နေတာလား။”
ကျင်းမူကုန်းသည် အရိုက်ခံရင်း တောင်းပန်ရသည်။ သူသည် တစ်ယောက်တည်းကိုသာ လက်ထပ်မည် ဖြစ်ကြောင်း၊ သို့သော်ငြား မည်သူနှင့်မဆို အဆင်ပြေကြောင်း အမြန် ပြောလိုက်ရသည်။
စုဖေးဖေး နောက်တစ်ကြိမ် ဒေါသထွက်သွားပြန်၏။ သူ ဘာကို ဆိုလိုသနည်း။ မည်သူမဆို အဆင်ပြေသည် ဟုတ်လား။
‘မင်းက လက်ထပ်ခြင်းကို ကလေး ကစားစရာလို့ သဘောထားနေတာလား။ ဒါက မင်းရဲ့ ဘဝလက်တွဲဖော်လေ။ ဘယ်လိုလုပ်ပြီး ဒီလောက် ပေါ့ပေါ့ဆဆ နိုင်ရတာလဲ။’
ကျင်းမူကုန်းကမူ ထိုမိန်းကလေးများသည် မဆိုးလှဘဲ သူ့အတွက် လုံလောက်သည်ဟု အမှန်တကယ် ခံစားမိ နေသည်။ သူသည် ဇီဇာကြောင်သူ မဟုတ်ပေ။ ယခု သူတို့အချင်းချင်း ခံစားချက် မရှိကြသေးသော်လည်း လက်ထပ်ပြီးနောက် ဖြည်းဖြည်းချင်း ပျိုးထောင်ယူ၍ ရသည် မဟုတ်ပါလား။ မည်သူနှင့်မဆို အဆင်ပြေသည်ဟု ပြော၍အဆင်မပြေလျှင် ကျင်းမူကုန်းက ပထမဆုံးတွေ့သည် မိန်းကလေးဆိုလျှင် လုံလောက်ပြီဟု ပြောလိုက်၏။
နောက်ဆုံးတွင် စုဖေးဖေးက သဘောမတူခဲ့ပေ။ သူ၏သဘောထားမှာ လေးနက်မှု မရှိကြောင်းနှင့် တစ်ယောက်ယောက် ကို အလေးအနက်ထား ရွေးချယ်ရမည် ဖြစ်ကြောင်း ပြောခဲ့သည်။
ဤအရာက ကျင်းမူကုန်းကို စိတ်ညစ်စေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤချမ်းသာကြွယ်ဝသော အထက်တန်းလွှာ မိန်းကလေးများသည် အတူတူပင် ဖြစ်သည်ဟု သူ ခံစားမိသောကြောင့်ပင်။
သို့သော်ငြား အလေးအနက်ထား ရွေးချယ်ရမည်ဟု မိခင်ဖြစ်သူက ပြောထားသောကြောင့် မလွန်ဆန်ရဲဘဲ အလေးအနက်ထား ရွေးချယ်နေခဲ့ရသည်။ နောက်ဆုံးတွင် သူ တစ်ယောက်ကိုမှ မရွေးချယ်နိုင်ခင်မှာပဲ အမျိုးသမီးတစ်ဦး သူ့ရှေ့သို့ ရောက်လာပြီး သူ့ကို ရိုက်နှက်ဆုံးမသည်။
သူက အမှန်တကယ် နစ်နာသူဖြစ်၏။ ကျင်းမူကုန်းသည် နိုင်ငံတော်ရေးရာ ဝန်ကြီး၏ အတွင်းရေးမှူး ဖြစ်ပြီး မင်းသားကျင်းသည် နိုင်ငံတော်ရေးရာ ဝန်ကြီး ဖြစ်သည်။ ဝန်ကြီးချုပ်သည် အချိန်အများစုကို မြို့တော်၌ ကုန်ဆုံးလေ့ ရှိသောကြောင့် ကျင်းမူကုန်းလည်း လိုက်ပါနေထိုင်ခဲ့ရ၏။
မင်းသားကျင်း၏ တာဝန်ဝတ္တရားများသည် အလွန် များပြားသည်။ တော်ဝင်ချန်နန်းတော်တွင် မပြီးပြတ်ပါက အိမ်သို့ သယ်ဆောင်ပြီး လုပ်ဆောင်ရလေ့ ရှိသည်။ မင်းသားကျင်း၏ အတွင်းရေးမှူးအနေဖြင့် ကျင်းမူကုန်းသည် အချိန်အများစုကို မြို့တော်ရှိ မင်းသားကျင်း၏ နေအိမ်၌ ကုန်ဆုံးလေ့ရှိပြီး သူ့အတွက် သီးသန့် ခြံဝင်းတစ်ခု ရှိသည်။
သူသည် အလုပ်များလွန်းသောကြောင့် မနက် တစ်နာရီ၊ နှစ်နာရီလောက်မှသာ အခန်းပြန်ပြီး အိပ်ရလေ့ ရှိသည်။ တစ်နေ့တွင် သူ ငိုက်မျဉ်းလျက် အခန်းထဲသို့ ဝင်လာစဉ် မီးလင်းနေသည်ကို သတိပြုမိလိုက်သည်။ ထို့နောက် အမျိုးသမီးတစ်ဦး လမ်းလျှောက်ထွက်လာခဲ့၏။
သူမသည် အလွန် ပါးလွှာသော အဝတ်အစားကို ဝတ်ဆင်ထားသည်။ ထိုခန္ဓာကိုယ် အချိုးအစားမှာ ပြောမပြတတ်အောင် ဆွဲဆောင်မှု ရှိလှသည်။ အတိုချုပ် ပြောရလျှင် ကျင်းမူကုန်း၏ မျက်လုံးများသည် သူမထံတွင် ကပ်ငြိသွားခဲ့ရသည်။ နောက်တစ်စက္ကန့်တွင် သူ အရိုက်ခံလိုက်ရသည်။
ထိုအမျိုးသမီး၏ သိုင်းပညာသည် အလွန် မြင့်မားသည်။ သူမသည် ကျင်းမူကုန်းကို မျက်နှာတစ်ခုလုံး ဖူးရောင်သွားသည် အထိ တိုက်ရိုက် ရိုက်နှက်ခဲ့သည်။ ထို့အပြင် လက်မောင်းကိုပင် အဆစ်ဖြုတ် ပစ်လိုက်သေး၏။
သူမက ဘယ်သူနည်း။ မင်းသားကျင်း၏ ဇနီး၊ မိဖုရားကြီး ရှားမန်၏ ညီမ ရှားထော် ဖြစ်သည်။ သူမသည် အလွန် စွမ်းအားကြီးသော အမျိုးသမီး စစ်သည်တော် တစ်ဦး ဖြစ်၏။ မကြာသေးမီက သူမသည် အသံထက်မြန်သော ပျံသန်းသားရဲ၏ ပျံသန်းဖော်ဖြစ်လာရန် ကြိုးစားနေခဲ့သည်။ သူမသည် အချိန်အများစုကို စစ်တန်းလျား၌ ကုန်ဆုံးလေ့ ရှိသည်။
ယခုတစ်ကြိမ် မင်းသားကျင်း၏ နေအိမ်သို့ သူမ လာရောက်ရခြင်းမှာ မိဖုရားကြီး ရှားမန် ကိုယ်ဝန် ထပ်မံ ရရှိထားသောကြောင့် ညီမဖြစ်သူအနေဖြင့် လာရောက် ဂါရဝပြုခြင်း ဖြစ်သည်။ ဤအမျိုးသမီး စစ်သည်တော် သည် အလွန် ဗိုလ်ကျတတ်သူ ဖြစ်သည်။ မင်းသားကျင်း၏ နေအိမ်၌ပင် သူမ နေချင်သည့်နေရာတွင် နေလေ့ရှိသည်။ ထို့ကြောင့် သူမသည် ကျင်းမူကုန်း၏ ခြံဝင်းထဲတွင် နေထိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
သေချာသည်မှာ မင်းသားကျင်းက ဤကိစ္စသည် သူ၏ ဇနီးသည်၏ အကြံအစည် ဖြစ်မည်ဟု သံသယ ဝင်မိသည်။ သူမသည် ရှားထော်နှင့် ကျင်းမူကုန်းကို အောင်သွယ်ပေးချင်နေခြင်း ဖြစ်ပေမည်။ သို့မဟုတ်ပါက တိုက်ဆိုင်မှု ဤမျှ ရှိနိုင်ပါမည်လား။ ကျင်းမူကုန်း ငိုက်မျဉ်းနေချိန်တွင် ရှားထော်က ရေချိုးရာမှ ထွက်လာသည် ဆိုခြင်းမှာ...။
အနည်းဆုံးတော့ ယခုအခိုက်အတန့်တွင် ရှားထော်၏ အလှအပနှင့် သူမ၏ ရိုင်းစိုင်းမှုသည် ကျင်းမူကုန်းကို နက်ရှိုင်းစွာ ဆွဲဆောင်သွားခဲ့၏။ အကယ်၍ ရှမ့်လန်သာ ဆိုပါက သူ သဘောကျသော အမျိုးသမီး မည်သူ့ကိုမဆို ချက်ချင်း လိုက်လံ ပိုးပန်းပေလိမ့်မည်။
ကျင်းမူကုန်းတွင်မူ သတ္တိမရှိသလို အချိန်လည်း မရှိပေ။ နောက်တစ်နေ့တွင် သူ၏ အဆစ်ပြုတ်သွားသော လက်မောင်းကို ပြန်ဆက်ပြီး မင်းသားကျင်းထံသို့ ခိုးကြောင်ခိုးဝှက် သွားရောက်ကာ ရှားထော်အကြောင်း မေးမြန်းခဲ့သည်။
မင်းသားကျင်းသည် ကျင်းမူကုန်းကို အချိန်အကြာကြီး ကြည့်နေခဲ့ပြီးနောက် ပြောလိုက်၏။ “ရှောင်ကုန်း... မင်းကို ကျုပ်ညီအရင်းအချာလို သဘောထားတယ်ဆိုတာ မင်း သိပါတယ်။ ဒါကြောင့် ကျုပ်တို့ ဆွေမျိုး တော်စပ်လိုက်တာ ကောင်းပါတယ်။ ဒါပေမဲ့ မင်း မရီးတော်ရဲ့ စိတ်ဓာတ်ကို မင်း မြင်ဖူးတယ် မဟုတ်လား။”
သူ ပြောနေသော မရီးတော် ဆိုသည်မှာ မိဖုရားကြီး ရှားမန်ကို ဆိုလိုခြင်း ဖြစ်သည်။
ကျင်းမူကုန်း ခေါင်းညိတ်လိုက်၏။ “မြင်ဖူးပါတယ်။”
“မင်း ဘယ်လို ထင်သလဲ။”
“အရမ်း ကောင်းပါတယ်။”
“ကျုပ်ကို အမှန်အတိုင်း ပြောစမ်းပါ။”
“တခါတလေကျရင် နည်းနည်း ရိုင်းစိုင်းတတ်ပါတယ်။”
မင်းသားကျင်းက သက်ပြင်းချလိုက်သည်။ “ဟုတ်တယ်။ ဒါပေမဲ့ ရှားထော်နဲ့ ယှဉ်လိုက်ရင် ကျုပ်မိန်းမ ရှားမန်က တော်တော်လေး နူးညံ့သိမ်မွေ့နေပါပြီ။ ရှားထော်က ဒီနှစ် ၂၅ နှစ် ရှိပြီ။ ဒါပေမဲ့ အိမ်ထောင်မပြုရသေးဘူး။ ဘာကြောင့်လဲ ဆိုတာ မင်း သိလား။”
“ဘာကြောင့်လဲ။”