← Chapters

အခန်း (၁၂၆၁-၁၂၆၂)

Vol. 72 Ch. 1261-1262

အခန်း (၁၂၆၁-၁၂၆၂)

Vol. 72 Ch. 1261-1262

အပိုင်း (၁၂၆၁)

နဂါးသည် ယခုအချိန်တွင် နဂါးသွေးကန်ထဲ၌ မလှုပ်မယှက် လဲလျောင်းနေ၏။ ၎င်းသည် အသက်ပင် မရှူတော့ပေ။ သေသည် ၊ ရှင်သည်ကို ဆုံးဖြတ်၍ မရနိုင်အောင် ဖြစ်နေသည်။

ဘာတွေ ဖြစ်သွားခဲ့သနည်း။ ရှမ့်လန်ကို ဤနေရာသို့ မည်သူ ခေါ်လာခဲ့သနည်း။ နဂါးကို ဤနေရာသို့ မည်သူ ခေါ်လာခဲ့သနည်း။ နဂါးသွေးကို မည်သူ စုစည်းပေးခဲ့သနည်း။

ရှမ့်လန်က ရုတ်တရက် ပြောလိုက်၏။ “ထွက်ခဲ့ကြပါ။ ရှေးဟောင်းခေတ်က မိတ်ဆွေများ။”

ခဏအကြာတွင် အလင်းရောင် လူရိပ်များသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြသည်။ သူတို့သည် လှပပြီး ဆွဲဆောင်မှု ရှိကြ၏။ မီဒူဆာ ရာပေါင်းများစွာ၏ အရိပ်များသည် ရှမ့်လန်၏ ဘေးပတ်လည်တွင် ဝဲပျံနေကြသည်။ သူတို့သည် ပျောက်ဆုံးနိုင်ငံ ရှေးဟောင်း အင်ပါယာမှ မီဒူဆာများ၏ ဝိညာဉ်များ ဖြစ်ကြပေသည်။

...........

ဤအချိန်တွင် ရှမ့်လန်၌ ခံစားချက် တစ်ခုတည်းသာ ရှိသည်။ လှပသော မိန်းကလေး များပြားစွာ ရှိနေ၏။ သူတို့အားလုံးသည် လူမျက်နှာနှင့် မြွေခန္ဓာကိုယ် ရှိသော မိန်းကလေးများ ဖြစ်ကြသည်။ ဤလောကတွင် ဤမျှ လှပသော မျက်နှာများစွာ ရှိနေကြောင်း သူ ယခုမှ သိမိသည်။

ခေတ်သစ် လောကမြေတွင်လည်း အလှပဂေးများစွာ ရှိကြ၏။ ငွေသုံးနိုင်သရွေ့ အမှတ် ၆၀ မှ အမှတ် ၉၀ အထိ ပြောင်းလဲပစ်နိုင်သည်။ သို့သော်ငြား ဤအလှပဂေးများသည် ပုံတူကူးထားသကဲ့သို့ တူညီလွန်းလှသည်။ အလှမယ်ပြိုင်ပွဲ ဝက်ဘ်ဆိုက်တစ်ခုကို ဖွင့်ကြည့်လိုက်လျှင် မျက်နှာအားလုံးနီးပါး တစ်ပုံစံတည်း ဖြစ်နေသည်ကို တွေ့ရှိရပေလိမ့်မည်။

ဤအချက်က ၁၉၈၀ ပြည့်လွန်နှစ်များက အမျိုးသမီး အနုပညာရှင်များ မည်မျှလှပခဲ့သည်ကိုပင် မေ့လျော့ သွားစေသည်။ သူတို့တွင် အားနည်းချက်များ ရှိလျှင်ပင် ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်သည်။ မီဒူဆာ အများအပြားကို မြင်လိုက်ရချိန်မှာတော့ ရှမ့်လန်အနေဖြင့် ဖန်ဆင်းရှင်၏ လက်ရာမြောက်မှုကို အံ့သြချီးကျူးမိရုံသာ တတ်နိုင်၏။

အဘယ်ကြောင့် မီဒူဆာ တော်ဝင်မိသားစုလို့ ခေါ်ဆိုကြသနည်း။ ဤနေရာရှိ မီဒူဆာတိုင်းက ဘုရင်မ ဖြစ်နေ၍လား။ ထိုသို့ မဟုတ်ပေ။ ရှေးဟောင်း ပျောက်ဆုံး အင်ပါယာတွင် လူမျိုးစုများစွာ ရှိကြပြီး မီဒူဆာများ သည် ပိရမစ်၏ ထိပ်ဆုံးတွင် ရှိကြသည်။ သူတို့သည် အမြင့်ဆုံးသော အုပ်စိုးသူ လူတန်းစားများ ဖြစ်ကြပြီး မီဒူဆာ တော်ဝင်မိသားစုဟု စုပေါင်း ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။

ရှမ့်လန်သည် ချက်ချင်းပဲ သူတို့ကို လက်ပြလိုက်ပြီး မိတ်ဆက်လိုက်သည်။ “မင်္ဂလာပါ ... မီဒူဆာ ညီအစ်မတို့... ကျုပ်က ပျောက်ဆုံးအင်ပါယာရဲ့ မဟာမိတ်ပါ။ မင်းသားကျန်းရှဲ့ရဲ့ မျိုးဆက်ပါ။”

ရှမ့်လန်သည် သူ့ကို တိုက်ခိုက်ခြင်း မပြုကြစေရန် သူ့အထောက်အထားကို ချက်ချင်း ထုတ်ဖော် ပြောလိုက်သည်။ သူ့အမြင်တွင် မီဒူဆာ အားလုံးသည် အလွန် ရက်စက်ကြမ်းကြုတ်ကြသူများ ဖြစ်၏။

မီဒူဆာ တစ်ဦးက ပြန်ပြောလိုက်သည်။ “ကျွန်မတို့ သိပါတယ်။”

ရှမ့်လန်က မေးလိုက်၏။ “အစ်မကြီး ... နာမည်ဘယ်လိုခေါ်လဲ။”

“လီယန်နာလူ ပါ။”

“အစ်မကြီးက ဒီမီဒူဆာ အဖွဲ့ရဲ့ ခေါင်းဆောင်လား။”

“ဟုတ်ပါတယ်။”

ရှမ့်လန်က ထပ်ပြောလိုက်သည်။ “ကျုပ်က ခင်ဗျားတို့ရဲ့ မဟာမိတ်ပါ။ ကျုပ်သမီးလေး ယောင်ယောင်မှာ ဝိညာဉ်မိခင် တစ်ယောက် ရှိတယ်။ သူက ခင်ဗျားတို့ရဲ့ ဘုရင်မ ဖြစ်နိုင်တယ်။”

လီယန်နာလူက ရှင်းပြလိုက်၏။ “ကျွန်မတို့ ဘုရင်မ နာလူက အရှင်ရဲ့ ကိုယ်ပေါ်မှာ ဝိညာဉ်အမှတ်အသား ချန်ထားခဲ့တာကို ကျွန်မတို့ သိပါတယ်။”

ရှမ့်လန် အံ့အားသင့်သွားခဲ့သည်။ ဘာကြောင့် သူ မသိခဲ့ရတာသနည်း။ ထို့အပြင် ဝိညာဉ်အမှတ်အသားက မည်သို့ ကျန်ရှိနေရသနည်း။ နှစ်အနည်းငယ် ကြာပြီးနောက် မှေးမှိန်ပျောက်ကွယ်သွားရမည် မဟုတ်ပါလား။

ရှမ့်လန် ရေရွတ်လိုက်မိသည်။ “ဘုရင်မ နာလူ။”

လီယန်နာလူက ပြောလိုက်၏။ “ကျွန်မတို့ ရှေးဟောင်း ပျောက်ဆုံးအင်ပါယာကို အကိုင်းအခက် ခုနစ်ခု ခွဲခြားထားပါတယ်။ အားလုံး စုပေါင်းပြီး ဘုရင်မ မီဒူဆာကို အလုပ်အကျွေး ပြုကြတာပါ။ နာလူ မိသားစုက နာလူ တိုင်းပြည်ကို အုပ်ချုပ်ပါတယ်။ ဘုရင်မမှာ နာမည်မရှိပါဘူး။ တိုင်းပြည်တစ်ခုလုံးက သူ့ရဲ့ နာမည်ပါပဲ။”

‘သြော်... ဒါကြောင့်ကိုး။’

ဤအချက်က အရှေ့လောကနှင့် အနည်းငယ် တူညီနေသည်။ အင်ပါယာ တစ်ခုအောက်တွင် လက်အောက်ခံ တိုင်းပြည် အများအပြား ရှိကြသည်။

ရှမ့်လန်က မေးလိုက်၏။ “ခင်ဗျားတို့က ကျုပ်နဲ့ နဂါးကို ကယ်တင်ခဲ့တာလား။”

လီယန်နာလူက ဖြေလိုက်သည်။ “အရှင်က ဟိုဘက်ကနဂါးကို ဒဏ်ရာရအောင် လုပ်လိုက်နိုင်လို့ ကျွန်မတို့ ရေဝဲတစ်ခု ဖန်တီးပြီး အရှင်တို့ကို ဒီကို ခေါ်ဆောင်လာခဲ့တာပါ။”

“ကျုပ်ရဲ့ ဝိညာဉ်အမှတ်အသားကို ခင်ဗျားတို့ အာရုံခံမိလို့လား။”

“ဟုတ်ပါတယ် အရှင်ရှမ့်လန်... အရှင်ရဲ့ကိုယ်ပေါ်က ဘုရင်မ အမှတ်အသားကို ကျွန်မတို့ အဝေးကနေ လှမ်းတွေ့လိုက်ရတာပါ။”

ရှမ့်လန်က ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ခင်ဗျားတို့ အားလုံး ဒီမှာ ရှိနေကြတာ ..... ”

ရှမ့်လန် စကားမဆုံးလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ရိုင်းပြရာကျမည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ ဤမီဒူဆာ တော်ဝင်မိသားစုဝင်အားလုံးသည် ကျောက်ခေါင်းတလားများအတွင်း၌ ရှိနေကြပြီး သူတို့၏ ဝိညာဉ်များသည် လုံးဝ အိပ်စက်နေသော အခြေအနေတွင် ရှိနေသင့်သည်။ အဘယ်ကြောင့် သူတို့ နိုးထလာကြ သနည်း။

လီယန်နာလူက ရှင်းပြလိုက်သည်။ “နဂါးကြီးနှစ်ကောင်ရဲ့ တိုက်ပွဲက လောကမြေကို တုန်လှုပ်စေခဲ့တယ်။ အဲဒါကြောင့် ကျွန်မတို့ နာလူ တော်ဝင်မိသားစုရဲ့ မြေအောက် သင်္ချိုင်းဂူ ပျက်စီးသွားခဲ့ရတယ်။ ကျွန်မတို့ရဲ့ ကျောက်ခေါင်းတလားတွေ အက်ကွဲကုန်ပြီး ကျွန်မတို့ အချိန်မတိုင်မီ နိုးထလာခဲ့ရတာပါ။”

သူမ စကားကိုကြားတော့ ရှမ့်လန် စိတ်မကောင်း ဖြစ်သွားခဲ့ရသည်။ ယခင်က ဘုရင်မ မီဒူဆာ၏ ကျောက်ခေါင်းတလား သည် လျှို့ဝှက်ချက်တစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်သော်လည်း မတော်တဆမှု တစ်ခုကြောင့် အက်ကွဲသွားခဲ့ပုံ ရသည်။ ထို့ကြောင့် သူမ၏ ဝိညာဉ်သည် အချိန်မတိုင်မီ နိုးထလာခဲ့ရ၏။

ထိုအချိန်က ချောင်ယောင်းအာသည် နာလူ တော်ဝင်မိသားစု၏ မြေအောက် သင်္ချိုင်းဂူထဲသို့ မှားယွင်း ဝင်ရောက်မိခဲ့သည်။ အကယ်၍ ဘုရင်မ နာလူသာ ချောင်ယောင်းအာ၏ ခန္ဓာကိုယ်ထဲသို့ မဝင်ရောက်ခဲ့လျှင် သူမ၏ ဝိညာဉ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပေလိမ့်မည်။

ထို့ကြောင့် နှစ်ဖက်စလုံး ညှိနှိုင်းကြပြီး မီဒူဆာ၏ ဝိညာဉ်ကို ချောင်ယောင်းအာ၏ ခန္ဓာကိုယ်ထဲတွင် နေထိုင်စေရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ ခန္ဓာကိုယ်ကို လက်ခံရယူခြင်းသာဖြစ်ပြီး ပူးကပ်ခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ချောင်ယောင်းအာ၏ ဝိညာဉ်သည် မည်သို့မှ ထိခိုက်ခြင်း မရှိသောကြောင့်ပင်။

ရှမ့်လန်က မေးလိုက်သည်။ “ဆိုလိုတာက အကူအညီမရရင် ခင်ဗျားတို့ရဲ့ ဝိညာဉ်တွေ မကြာခင် ပျောက်ကွယ် သွားတော့မယ်ပေါ့။”

“ဟုတ်ပါတယ်။ ဒီမြေအောက် သင်္ချိုင်းဂူက ကျွန်မတို့ရဲ့ ဝိညာဉ်တွေကို တတ်နိုင်သမျှ ကာကွယ်ပေးထားနိုင်ပေမဲ့ နဂါးတိုက်ပွဲကြောင့် ဒီမှာ အပျက်အစီးတချို့ ဖြစ်သွားခဲ့တယ်။ ဒါကြောင့် နောက်တစ်နာရီလောက် အတွင်းမှာ ကျွန်မတို့ရဲ့ ဝိညာဉ်တွေ လုံးဝ ပျောက်ကွယ်သွားပါလိမ့်မယ်။”

“ဒါဆိုရင် ကျုပ် ခင်ဗျားတို့ကို ဘယ်လို ကူညီပေးနိုင်မလဲ။ ကျုပ် ခင်ဗျားတို့ကို သေချာပေါက် ကူညီပေးနိုင်တယ် မဟုတ်လား။”

“ဟုတ်ပါတယ်။ အရှင်ရဲ့ နဂါးဓားပေါ်က ပုလဲလုံးကို ကျွန်မတို့ရဲ့ ယာယီ ခိုလှုံရာအဖြစ် အသုံးပြုလို့ ရပါတယ်။”

ရှမ့်လန်သည် နဂါးဓားကို ကောက်ယူကြည့်လိုက်ရာ ငရဲဝိညာဉ်ပုလဲသည် မှိန်ဖျော့နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ရှမ့်လန်သည် စွမ်းအင်ဝဲကတော့ တိုက်ခိုက်မှုကို ပြုလုပ်ရန် ထိုအရာကို အသုံးပြုခဲ့သောကြောင့် အတွင်းရှိ စွမ်းအင်များ ကုန်ခမ်းသွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပုလဲ၏ ထူးဆန်းသော စွမ်းအင်များနှင့် ဝိညာဉ်မှတ်ဉာဏ်များသည်လည်း ရှမ့်လန်၏ ဦးနှောက်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး နေရာလွတ် ၂၅ ရာခိုင်နှုန်းကို ယူထားလိုက်ပြီ ဖြစ်၏။

ရှမ့်လန်က ဖိတ်ခေါ်လိုက်သည်။ “ကြိုဆိုပါတယ်။ ခင်ဗျားတို့ စိတ်မရှိဘူးဆိုရင် ကျုပ်ရဲ့နဂါးဓားက ခင်ဗျားတို့ အားလုံးကို နေထိုင်ဖို့ ကြိုဆိုပါတယ်။”

ဤငရဲဝိညာဉ်ပုလဲသည် ယခင်က မရေမတွက်နိုင်သော ဝိညာဉ်များကို စုစည်းခဲ့ဖူးပြီး ဝိညာဉ်များအတွက် အကောင်းဆုံး လက်ခံရာ ခန္ဓာကိုယ် ဖြစ်ခဲ့သည်။ ဤမီဒူဆာများသည် အလွန် သိက္ခာရှိကြပေသည်။ ရှမ့်လန် သတိမေ့မြောနေစဉ် အခွင့်ကောင်းယူကာ ငရဲဝိညာဉ်ပုလဲ အတွင်းသို့ ဝင်ရောက်နိုင်သော်လည်း သူတို့သည် ရှမ့်လန် နိုးထလာသည်အထိ စောင့်ဆိုင်းကာ ခွင့်ပြုချက် တောင်းခံခဲ့ကြ၏။

လီယန်နာလူက ကျေးဇူးတင်စကား ပြောလိုက်သည်။ “ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် အရှင်ရှမ့်လန်... ဒါနဲ့ ကျွန်မတို့မှာ အချိန်နည်းနည်း ကျန်သေးတာမို့ အရှင်ကို ကူညီပေးနိုင်တာများ ရှိမလား။”

ရှမ့်လန်က မေးလိုက်၏။ “ရှေးဟောင်း ပျောက်ဆုံးအင်ပါယာက နေဝင်ချိန် စီမံကိန်းလို့ အမည်ရတဲ့ နဂါးသတ် လက်နက်ကို ဖန်တီးခဲ့ဖူးတယ် မဟုတ်လား။”

“ဟုတ်ပါတယ် အရှင်ရှမ့်လန်။”

“ဒါဆိုရင် အဲဒီ နဂါးသတ် လက်နက်တွေကို ဘယ်မှာ ဝှက်ထားသလဲ။ ခင်ဗျား သိလား။”

“စိတ်မကောင်းပါဘူး။ ကျွန်မတို့ဆီမှာ နေဝင်ချိန် စီမံကိန်း မရှိတော့ပါဘူး။ ရှေးဟောင်း ပျောက်ဆုံး အင်ပါယာက အဲဒါကို အသုံးပြုလိုက်ပါပြီ။”

ရှမ့်လန် တုန်လှုပ်သွားခဲ့ပြီး မယုံကြည်နိုင် ဖြစ်သွားခဲ့ရသည်။

‘နဂါးသတ် လက်နက်တွေကို အသုံးပြုလိုက်ပြီ ဟုတ်လား။ ဘာတွေ ဖြစ်ကုန်တာလဲ။’

လက်ရှိ ရှေးဟောင်းမှတ်တမ်းများနှင့် တူးဖော်တွေ့ရှိရသော ရှေးဟောင်းအပျက်အစီးများအရ ယူရေနီယမ် လက်နက်များကို အကြီးစား အသုံးပြုခဲ့သည့် လက္ခဏာ မတွေ့ရပေ။ ထို့အပြင် မိစ္ဆာတြိဂံနယ်မြေတွင် နဂါးများ၏ ဖျက်ဆီးမှု လက္ခဏာများ မရှိကြောင်း ရှမ့်လန် သတိထားမိခဲ့သည်။ ဆိုလိုသည်မှာ ပျောက်ဆုံး အင်ပါယာနှင့် အရှေ့အင်ပါယာတို့ စစ်ပွဲကာလအတွင်း အကြီးစား နဂါးတိုက်ပွဲများ မရှိခဲ့ကြောင်း ဆိုလိုခြင်းပင်။

ပျောက်ဆုံး အင်ပါယာ၏ နဂါးသတ် လက်နက်များသည် နဂါးများကို ဖျက်ဆီးနိုင်ခဲ့သည်လား။ မဖြစ်သင့်ပေ။ လုံးဝ မဖြစ်နိုင်ပေ။ ရှမ့်လန် ရရှိထားသော ယူရေနီယမ် ပါဝင်မှုနှုန်းအရ ပျောက်ဆုံးအင်ပါယာ၏ ယူရေနီယမ် လက်နက်များသည် အခြေခံအဆင့်သာ ရှိသေးသည်။ ထိုအရာတို့သည် နဂါးများကို ဒဏ်ရာရအောင် လုပ်နိုင်သော်လည်း သတ်ဖြတ်နိုင်စွမ်း မရှိပေ။

ရှမ့်လန်က မေးလိုက်သည်။ “အဲဒါတွေကို ဘယ်နေရာမှာ အသုံးပြုခဲ့တာလဲ။”

လီယန်နာလူက ပြောလိုက်၏။ “အရှင်က ကျန်းရှဲ့ဆိုတဲ့ နာမည်ကို ပြောလာမှတော့ သူက ရှေးဟောင်း အရှေ့အင်ပါယာကို သစ္စာဖောက်ပြီး အရေးကြီးဆုံး လျှို့ဝှက်ချက်တွေကို ကျွန်မတို့ ပျောက်ဆုံးနိုင်ငံ အင်ပါယာဆီ ရောင်းစားခဲ့တယ် ဆိုတာ သိသင့်ပါတယ်။”

“ဟုတ်တယ်။ ကျန်းကလန်က ဒီကိစ္စကြောင့် အရှေ့တိုင်းအင်ပါယာရဲ့ထီးနန်းကို ဆုံးရှုံးခဲ့ရပြီး ကျိကလန်က တော်ဝင်ကလန် ဖြစ်လာခဲ့ရတာ။”

လီယန်နာလူက ရှင်းပြလိုက်သည်။ “ရှေးဟောင်းခေတ်တုန်းက ပျောက်ဆုံးနိုင်ငံအင်ပါယာနဲ့ အရှေ့အင်ပါယာ ကြားက စစ်ပွဲဟာ အချိန်အကြာကြီး ဖြစ်ပွားခဲ့ပါတယ်။ အစပိုင်းမှာ အရှေ့တိုင်းအင်ပါယာက ကျွန်မတို့ ပျောက်ဆုံးနိုင်ငံ အင်ပါယာကို ကျူးကျော်ခဲ့တာပါ။”

ရှမ့်လန် အံ့အားသင့်သွားခဲ့ရ၏။ အမှန်တကယ်ပင် ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ရှိခဲ့သည်လား။ သို့သော်ငြား ဤရှေးဟောင်းအပျက်အစီးများကို ကြည့်ခြင်းအားဖြင့် ပျောက်ဆုံးနိုင်ငံ အင်ပါယာသည် ဤစစ်ပွဲတွင် အသာစီး ရခဲ့ကြောင်း တွေ့မြင်နိုင်သည်။ မိစ္ဆာတြိဂံနယ်မြေသည် သူတို့၏ ရှေ့တန်းစစ်မျက်နှာ ဖြစ်ခဲ့သည်။ လီယန်နာလူ ကမူ အရှေ့အင်ပါယာသည် ပျောက်ဆုံးအင်ပါယာကို အရင် ကျူးကျော်ခဲ့သည်ဟု ပြောဆိုနေ၏။

လီယန်နာလူက ဆက်ပြောသည်။ “ကသောင်းကနင်း ဖြစ်ရပ်တစ်ခုကြောင့် ကျွန်မတို့ ပျောက်ဆုံးနိုင်ငံ အင်ပါယာရဲ့ အရင် ဘုရင်မကို ဆုံးရှုံးခဲ့ရပါတယ်။ အင်ပါယာတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲပြိုသွားပြီး တော်ဝင်ကလန် ခုနစ်ခုဟာ ထီးနန်းလုဖို့ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ကြပါတယ်။”

ဤမြင်ကွင်းသည် အလွန် ရင်းနှီးနေသည်။ မည်သည့်တိုင်းပြည်၊ မည်သည့်လောက၊ မည်သည့်လူမျိုးတွင်မဆို ထိုသို့ ဖြစ်ပွားတတ်ပုံ ရ၏။

လီယန်နာလူက ဆက်လက် ပြောလိုက်သည်။ “ဒီအားနည်းချက်ကြောင့်ပဲ အရှေ့အင်ပါယာရဲ့ ကျူးကျော်မှုကို ခံခဲ့ရတာပါ။ ကျွန်မတို့ ပင်လယ်နဲ့ နယ်မြေ သုံးပုံနှစ်ပုံ ဆုံးရှုံးခဲ့ရပါတယ်။ နောက်ဆုံးတော့ ကောင်းကင်ဘုံက ကျွန်မတို့ဆီကို ကြီးမြတ်တဲ့ ဘုရင်မ မီဒူဆာကို ပေးသနားခဲ့ပါတယ်။

သူ့ရဲ့ အင်အား၊ သူ့ရဲ့ အလှတရားနဲ့ သူ့ရဲ့ မြင့်မြတ်မှုဟာ ယခင် အင်ပါယာအပေါင်းကို ကျော်လွန်ခဲ့ပါတယ်။ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်မတို့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည် ရယူနိုင်ခဲ့ပြီး ပင်လယ်ပြင် တစ်ခုလုံးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ကုန်းမြေကို စိတ်မဝင်စားတဲ့အတွက် အရှေ့တိုင်း အင်ပါယာကို တိုက်ခိုက်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။”

ဤမီဒူဆာများ၏ ဝိညာဉ်များသည် တစ်စထက်တစ်စ ပိုမို ပါးလွှာလာကြောင်း ရှမ့်လန် ရှင်းလင်းစွာ မြင်တွေ့နေရသည်။ သူတို့ ပျောက်ကွယ်တော့မည့် လက္ခဏာ ဖြစ်၏။

ရှမ့်လန်က သတိပေးလိုက်သည်။ “လိုရင်းကို ပြောပါ။ မြန်မြန်ပြောပါ။ ခင်ဗျားတို့ရဲ့ ဝိညာဉ်တွေကို အလကား အဖြစ်မခံပါနဲ့။ တခြား အစ်မတွေ အရင် ဝင်နေကြရင် မကောင်းဘူးလား။”

လီယန်နာလူက ပြောလိုက်၏။ “အရှင်ရှမ့်လန်... အရှင့်အနေနဲ့ ပျောက်ဆုံးအင်ပါယာနဲ့ အရှေ့တိုင်း အင်ပါယာကြားက ကွာခြားချက်ကို မြင်နိုင်မှာပါ။”

“ခင်ဗျားတို့က အင်အားနဲ့ ဝိညာဉ်ကို အားကိုးကြတယ် ဆိုတာ ကျုပ် မြင်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့ဆီမှာ အကြီးစား ပင်လယ်မွန်းစတား တပ်မကြီးတွေ ရှိတာပေါ့။ ရဲတိုက်လောက်ကြီးတဲ့ ပင်လယ်မွန်းစတားကြီးတွေ ရှိတာပေါ့။ ပြီးတော့ အရှေ့အင်ပါယာက အိပ်မက်ဆိုးကျောက်တုံး ယဉ်ကျေးမှု၊ အဆင့်မြင့် သံချပ်ကာနဲ့ လက်နက်တွေကို အားကိုးကြတယ်။”

လီယန်နာလူက ဆက်ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ဒါပေမဲ့ ဘုရင်မရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်မတို့ရဲ့ ပင်လယ်မွန်းစတား တပ်မကြီးတွေဟာ ပိုပြီး သန်မာလာခဲ့ကြပါတယ်။ ထို့အပြင် ပင်လယ်ပြင်က ကျွန်မတို့ရဲ့ အိမ်ကွင်း ဖြစ်တဲ့အတွက် အရှေ့အင်ပါယာက တစ်ကြိမ်ပြီး တစ်ကြိမ် ရှုံးနိမ့်ခဲ့ရပါတယ်။

ဒီအချိန်မှာပဲ အရှေ့အင်ပါယာက တားမြစ်ချက်ကို ချိုးဖောက်ပြီး ကောင်းကင်ဘုံ နယ်မြေကနေ စွမ်းအားကို ခိုးယူဖို့ ကောင်းကင်အတတ်ပညာကို အသုံးပြုခဲ့ကြပါတယ်။ ပြီးတော့ ပြိုင်ဘက်ကင်း အင်အားကြီးမားတဲ့ ကောင်းကင်ဘုံရဲ့ သားရဲတစ်ကောင်ကို မွေးမြူခဲ့ကြပါတယ်။ အဲဒါကတော့ နဂါးပါပဲ။”

ရှမ့်လန် အံ့အားသင့်သွားခဲ့ရ၏။ ဤနဂါးကို ရှေးဟောင်းအင်ပါယာက ကောင်းကင်ဘုံ၏ အတတ်ပညာ ဆိုသည်ကို အသုံးပြုကာ မွေးမြူခဲ့ခြင်းလား။ ကောင်းကင်ဘုံ၏ အတတ်ပညာ ဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်၏ နယ်မြေသည် မည်သည့်နေရာတွင် ရှိသနည်း။

လီယန်နာလူက ပြောလိုက်သည်။ “နဂါးက ကောင်းကင်ဘုံရဲ့ ဝိညာဉ်ပါ။ အရှေ့အင်ပါယာရဲ့ အမှတ်အသား ဖြစ်ရုံသာမက ကျွန်မတို့ ပျောက်ဆုံးနိုင်ငံ အင်ပါယာရဲ့ အမှတ်အသားလည်း ဖြစ်ပါတယ်။ နဂါးက မြင့်မြတ်ပြီး ထိပါးလို့ မရပါဘူး။

လူသားတွေ ဖြစ်စေ၊ ကျွန်မတို့ ဖြစ်စေ ကောင်းကင်ဘုံရဲ့ ဝိညာဉ်စွမ်းအားကို မခိုးယူသင့်ပါဘူး။ မဟုတ်ရင် ကျွန်မတို့ ပျက်စီးသွားပါလိမ့်မယ်။ ကျွန်မတို့ကို အနိုင်ယူဖို့အတွက် အရှေ့အင်ပါယာက နဂါးကို ဖန်တီးခဲ့တယ်။”

ဤစကားကို ကြားချိန်မှာတော့ ရှမ့်လန် အနည်းငယ် နားလည်သွားခဲ့သည်။ နဂါးသည် ကောင်းကင်ဘုံ၏ ဝိညာဉ်ဖြစ်ပြီး ဤလောကတွင် ၎င်း၏ အဆင့်အတန်းသည် ဖန်ဆင်းရှင်နှင့် နီးစပ်သည်။ သဘာဝကျစွာပင် ၎င်း တည်ရှိခြင်း ရှိ၊ မရှိ ပြောရန် ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် ဤလောကသည် ဒဏ္ဍာရီများကို အမှီပြု နေသောကြောင့်ပင်။

တော်ဝင်ရန် နဂါး ဖြစ်စေ၊ ရှမ့်လန်၏ ကျန်းနဂါး ဖြစ်စေ၊ အားလုံးသည် ရှေးဟောင်း လူသားများက ကောင်းကင်ဘုံစွမ်းအားဖြင့် ဖန်တီးထားသော စစ်ပွဲဝင် ကောင်းကင်ဘုံသားရဲများ ဖြစ်ကြသည်။ သူတို့သည် နဂါးများ ဖြစ်သော်လည်း ကောင်းကင်တာအို မဟုတ်ကြပေ။ အရှေ့အင်ပါယာ၏ နဂါးသည် အနောက်တိုင်း ဒဏ္ဍာရီများထဲကကဲ့သို့ အတောင်ပံပါပြီး မီးမှုတ်သော သားရဲ ဖြစ်နေသည်ကို ရှမ့်လန် အံ့သြမိသည်မှာ မဆန်းတော့ပေ။

အပိုင်း (၁၂၆၂)

လီယန်နာလူက ပြောလိုက်သည်။ “သူတို့က နဂါးကို မွေးမြူရုံသာမက နဂါးရဲ့ သွေးနဲ့ ခြင်ဆီကို ထုတ်ယူပြီး ကြောက်မက်ဖွယ်ရာ ဖျက်ဆီးရေး လက်နက် ဖြစ်တဲ့ နဂါးနောင်တကို ဖန်တီးခဲ့ကြပါတယ်။”

ရှမ့်လန်၏ ခန့်မှန်းချက် မှန်ကန်ခဲ့သည်။ နဂါးနောင်တသည် ရှေးဟောင်းအင်ပါယာ၏ နှောင်းပိုင်းကာလတွင် ဖန်တီးခဲ့ခြင်း ဖြစ်၏။

လီယန်နာလူက ဆက်ပြောလိုက်သည်။ “အဲဒီအချိန်မှာပဲ အိမ်ရှေ့စံမင်းသားကျန်းရှဲ့က ဒီလောကကြီးကို ကာကွယ်ဖို့ အရှေ့တိုင်းအင်ပါယာကို သစ္စာဖောက်ခဲ့ပြီး မဟာဗျူဟာမြောက် လျှို့ဝှက်ချက် အများအပြားကို ဘုရင်မမီဒူဆာဆီ ပြောပြခဲ့ပါတယ်။”

“ဘယ်လို လျှို့ဝှက်ချက်တွေလဲ။”

“အိပ်မက်ဆိုးကျောက်တုံး ယဉ်ကျေးမှုနဲ့ စွမ်းအင်ဗဟိုချက် အကြောင်း အများကြီးပါပဲ။ သူက ကျွန်မတို့ကို ကိုယ်ပိုင် အိပ်မက်ဆိုးကျောက်တုံး ယဉ်ကျေးမှု တည်ဆောက်နိုင်ဖို့ ဆယ်နှစ်ကျော်ကြာ တစ်ကိုယ်တည်းနီးပါး ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် အဓိက မဟာဗျူဟာမြောက် လျှို့ဝှက်ချက် တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ နဂါးရေကန် ပါပဲ။”

“နဂါးရေကန် ဆိုတာ ဘာလဲ။”

“နဂါး ဥကွဲပြီးတဲ့နောက် နဂါးရေကန်ထဲမှာ ကြီးထွားရပါတယ်။ နဂါးရေကန်ထဲမှာ အရမ်း အင်အားကြီးမားတဲ့ စွမ်းအင်တွေ ပါဝင်ပါတယ်။ အဲဒီထဲမှာ နဂါးရဲ့ ကြီးထွားမှုနှုန်းက ဘယ်လို အိပ်မက်လောကနဲ့မှ မယှဉ်နိုင်အောင် မြန်ဆန်ပါတယ်။”

ရှမ့်လန်သည် သူ့နဂါး မည်သို့ ကြီးထွားလာခဲ့သည်ကို ချက်ချင်း တွေးမိလိုက်သည်။ ၎င်းသည် သနားစရာ ကောင်းလှစွာဖြင့် မီးတောင်များကို လိုက်ရှာပြီး မီးတောင်ချော်ရည်၏ စွမ်းအားကို မျိုချခဲ့ရသည်။ သဘာဝ ကျစွာပင် ၎င်းသည် အသား၊ အထူးသလင်းကျောက်များ၊ အထူးသတ္တုများ စသည်တို့ကိုလည်း စားသုံးကာ ခန္ဓာကိုယ်ကို တည်ဆောက်ခဲ့ရသည်။ သို့သော်ငြား စွမ်းအင် အားလုံးကို မီးတောင်များမှ မျိုချခဲ့ရခြင်း ဖြစ်သည်။

လီယန်နာလူ ပြောပြချက်အရ နဂါးရေကန်သည် အလွန် ထူးခြားသော နေရာတစ်ခု ဖြစ်ပုံရသည်။ ၎င်းတွင် လျှို့ဝှက်သတ္တုများ၊ လျှို့ဝှက်သလင်းကျောက်များ၊ အားကောင်းသော မီးစွမ်းအင်များ အပါအဝင် နဂါးကြီးထွားမှု အတွက် လိုအပ်သော အရာအားလုံး ရှိနေလောက်၏။

နဂါးရေကန်အတွင်း နဂါး၏ ကြီးထွားမှုနှုန်းသည် မီးတောင်များထက် များစွာ သာလွန်ပေလိမ့်မည်။ ဆိုလိုသည်မှာ နဂါးရေကန်သည် အရှေ့အင်ပါယာ တစ်ခုလုံးအတွက် နဂါးမွေးမြူရေး မဟာဗျူဟာ အခြေစိုက်စခန်း ဖြစ်သည်။ ၎င်း၏ မဟာဗျူဟာ အဆင့်သည် အမြင့်ဆုံး ဖြစ်သည်။

လီယန်နာလူက ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား ကျန်းရှဲ့က နဂါးရေကန်ရဲ့ တည်နေရာကို ပြောပြခဲ့ပါတယ်။ နှစ်အနည်းငယ် ကြာပြီးနောက် ကျွန်မတို့ရဲ့ နေဝင်ချိန် လက်နက်က ရှေးဟောင်း အရှေ့အင်ပါယာရဲ့ နဂါးရေကန်ကို တိုက်ခိုက်ခဲ့ပါတယ်။ အတွင်းက နဂါးအားလုံး ကြောက်မက်ဖွယ် စွမ်းအင်ကြောင့် ပျက်စီးခဲ့ ရပါတယ်။ နဂါးရေကန်တစ်ခုလုံး လုံးဝ ညစ်ညမ်းသွားခဲ့ပါတယ်။ မကြီးထွားသေးတဲ့ နဂါးပေါက်လေး တချို့တောင် သေဆုံးကုန်ပါတယ်။

နောက်ပိုင်းမှာ အိမ်ရှေ့စံမင်းသား ကျန်းရှဲ့က သူ့ပြစ်မှုတွေကိုဝန်ခံခဲ့ပြီး အရှေ့အင်ပါယာရဲ့ လျှို့ဝှက် အပြစ်ပေးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး ရှေးဟောင်း ကျန်းကလန်ဟာ ထီးနန်းကို ဆုံးရှုံးခဲ့ရပြီး ကျိကလန်နဲ့ အစားထိုးခြင်း ခံခဲ့ရပါတယ်။”

‘သြော်... အဲဒါကြောင့်ကိုး။’

ပျောက်ဆုံးနိုင်ငံ အင်ပါယာ၏ နဂါးသတ် လက်နက်သည် အမှန်တကယ်ပင် ပြီးပြည့်စုံခြင်း မရှိခဲ့သလို အဆင့်လည်း မမြင့်မားခဲ့ပေ။ ၎င်းသည် နဂါးကို တိုက်ရိုက် သတ်ဖြတ်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် သူတို့သည် နဂါးရေကန်ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ပြီး နဂါးကို နျူကလီးယား ရောင်ခြည်သင့်စေခြင်းဖြင့် သွယ်ဝိုက် ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။

ထိုအရာက သတင်းကောင်းလား၊ သတင်းဆိုးလား။ ရှမ့်လန် မသိပေ။ အနည်းဆုံးတော့ အပေါ်ယံကြည့်လျှင် သတင်းဆိုး ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် နဂါးသတ် လက်နက်များ မရှိတော့သောကြောင့် ဖြစ်သည်။ အားလုံးကို အသုံးပြုလိုက်ပြီ။

ရှမ့်လန်က မေးလိုက်၏။ “ဒီလို နေဝင်ချိန် လက်နက်မျိုး လက်ကျန် မရှိတော့ဘူးလား။”

“မရှိတော့လောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နဂါးရေကန်ကို တိုက်ခိုက်ဖို့ အခွင့်အရေးက အရမ်း တန်ဖိုးရှိပါတယ်။ ကျွန်မတို့မှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတဲ့အတွက် အကုန်ပုံအောပြီး အကြီးမားဆုံး ဖျက်ဆီးမှုကို ပြုလုပ်ခဲ့ရပါတယ်။ ဒါကြောင့် နေဝင်ချိန် လက်နက် အားလုံးကို တစ်ပြိုင်နက် လွှတ်ထုတ်ခဲ့တာပါ။”

“နဂါးရေကန်ထဲမှာပဲ နဂါးကြီးက အမြန်ဆုံး ပြန်လည်ကောင်းမွန်နိုင်ပြီး ကြီးထွားမှုနှုန်းလည်း အမြန်ဆုံး ဖြစ်နိုင်တာ မဟုတ်လား။”

“ဟုတ်ပါတယ်။”

“ဒါဆို အရှေ့အင်ပါယာရဲ့ နဂါးရေကန်က တစ်ခုတည်း ရှိတာလား။”

“ဟုတ်ပါတယ်။ တစ်ခုတည်း ရှိတာပါ။ ရှေးဟောင်း အရှေ့အင်ပါယာ တစ်ခုလုံးက ဒီထူးခြားတဲ့ နဂါးရေကန်ကို တည်ဆောက်ဖို့ တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရတာပါ။ အဲဒါ ပျက်စီးသွားပြီးနောက် အရှေ့အင်ပါယာက ဒုတိယတစ်ခု တည်ဆောက်ဖို့ ကြိုးစားခဲ့သင့်ပေမဲ့ ကြီးမားသည့် ပျက်သုဉ်းခြင်း ရောက်မလာခင်ထိ အချိန်မီ မပြီးစီးခဲ့လောက်ပါဘူး။”

ရှမ့်လန်သည် ဤစကားမှ အချက်အလက် များစွာ ရရှိလိုက်ပြီး ခန့်မှန်းချက် အချို့ ပြုလုပ်နိုင်ခဲ့သည်။ ကျန်းရှဲ့၏ သစ္စာဖောက်မှုကြောင့် ကျန်းကလန်သည် ရှေးဟောင်း အင်ပါယာ၏ ထီးနန်းကို ဆုံးရှုံးခဲ့ရပြီး ကျီကလန်နှင့် အစားထိုးခြင်း ခံခဲ့ရသည်။ ဆိုလိုသည်မှာ ဒုတိယ နဂါးရေကန် တည်ဆောက်မှုကို ကျီကလန်က ဦးဆောင်ခဲ့ခြင်းလား။ သို့သော်ငြား နဂါးရေကန် မပြီးစီးမီ ကြီးမားသည့် ပျက်သုဉ်းခြင်း ရောက်ရှိလာခဲ့သည်။

တော်ဝင်ရန်အင်ပါယာသည် ဒုတိယ နဂါးရေကန်၏ အပျက်အစီးများကို တူးဖော်တွေ့ရှိခဲ့ခြင်းလား။ ပြီးနောက် သူတို့၏ အင်အားရှိသမျှ အသုံးပြုပြီး ပြန်လည် ပြုပြင်ခဲ့ခြင်းလား။ ထို့နောက် ဤနဂါးရေကန်ကို အသုံးပြုပြီး နဂါးကြီးတစ်ကောင်ကို မွေးမြူခဲ့ခြင်းလား။ သို့မဟုတ် သေလုနီးပါး ဖြစ်နေသော နဂါးကြီးတစ်ကောင်ကို ပြန်လည် အသက်သွင်းခဲ့ခြင်းလား။ သို့မဟုတ် နှစ်ပေါင်းများစွာ မြှုပ်နှံခံထားရသော နဂါးကြီးတစ်ကောင်ကို ပြန်လည် အသက်သွင်းခဲ့ခြင်းလား။

နှစ်ခုစလုံး ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် တော်ဝင်ရန်အင်ပါယာ ၏ နဂါးကြီး မည်သည့်နေရာမှ ရောက်လာသည်ကို ရှမ့်လန် အတည်မပြုနိုင်သေးသောကြောင့် ဖြစ်သည်။ သို့သော်ငြား အတိုချုပ်အားဖြင့် တော်ဝင်ရန်အင်ပါယာ ၏ အင်ပါယာသည် နဂါးရေကန် တစ်ခုကို ထိန်းချုပ်ထားလျှင်ပင် ၎င်းကို ရှေးဟောင်း အင်ပါယာက တည်ဆောက်ခဲ့ခြင်း ဖြစ်သင့်သည်။ ကြီးမားသည့် ပျက်သုဉ်းခြင်း နောက်ပိုင်း တော်ဝင်ရန်အင်ပါယာ က အစွမ်းကုန် ကြိုးစား ပြုပြင်ခဲ့လျှင်ပင် ၎င်းသည် နဂါးရေကန်၏ အားနည်းသော အရာသာ ဖြစ်သင့်သည်။

ရှမ့်လန်က မေးလိုက်၏။ “အစ်မကြီး လီယန်နာလူ... ကျုပ်ရဲ့ နဂါးကြီး ဘာဖြစ်သွားတာလဲ။ မသေသင့်ဘူး ဆိုပေမဲ့ အသက်ရှင်တဲ့ လက္ခဏာလည်း မပြဘူး ဖြစ်နေတယ်။”

“နဂါးဆိုတာ အရမ်း အင်အားကြီးမားတဲ့ သတ္တဝါပါ။ တိရစ္ဆာန်လည်း ဖြစ်သလို စွမ်းအင် သတ္တဝါလည်း ဖြစ်ပါတယ်။ သူ့ခန္ဓာကိုယ်ကို သတ်လို့ ရနိုင်ပေမဲ့ သူ့ဝိညာဉ်ကို သတ်ဖို့ကတော့ အရမ်း ခက်ခဲပါတယ်။”

သူ နားလည်လိုက်ပြီ။ ယခုအချိန်တွင် နဂါးကြီး၏ ခန္ဓာကိုယ်သည် သေလုနီးပါး ဖြစ်နေသော်လည်း ၎င်း၏ နဂါးဝိညာဉ်မှာ အသက်ငွေ့ငွေ့ ကျန်ရှိနေသေးသည်။ ၎င်းသည် တော်ဝင်ရန်အင်ပါယာ၏ နဂါးကြီးနှင့် ယှဉ်ပြိုင်ရန် လွန်စွာ ဝေးကွာနေသေးသည်။

ရှမ့်လန်က မေးလိုက်၏။ “သူ့ကို ဒီအတိုင်း ပြန်ကောင်းလာအောင် လွှတ်ထားမယ်ဆိုရင် ပြန်အသက်ရှင် လာနိုင်မလား။”

“နဂါးကြီးတွေ အကြောင်း ကျွန်မ သိပ်မသိပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်လောက်ပါတယ်။ ဆယ်စုနှစ် အနည်းငယ် လောက်တော့ ကြာလိမ့်မယ်။ ဒါမှမဟုတ် ပိုကြာနိုင်တယ်။”

‘ဆယ်စုနှစ် အနည်းငယ် ဟုတ်လား။’

ရှမ့်လန်၌ ဆယ်စုနှစ် အနည်းငယ် မည်သို့ အချိန်ရှိနိုင်မည်နည်း။ သူ့တွင် အချိန် မည်မျှ ကျန်သေးကြောင်းပင် သူ မသိပေ။

ဤအရာက တော်ဝင်ရန်အင်ပါယာ ၏ နဂါးကြီးအပေါ် မူတည်နေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းလည်း ဒဏ်ရာရထားသောကြောင့် ဖြစ်သည်။ ကျန်းကလန် နဂါး တိုက်ခိုက်ခဲ့ခြင်းက ကိစ္စမရှိသော်လည်း ငရဲဝိညာဉ် ပုလဲ၏ စွမ်းအင်ဝဲကတော့ပါဝင်သော ရှမ့်လန်၏ နောက်ဆုံးတိုက်ခိုက်မှုက ၎င်းကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။

ထို့ကြောင့် ရှမ့်လန်၏ အဆိုးရွားဆုံး တွက်ချက်မှုအရ တော်ဝင်ရန်အင်ပါယာ တွင် နဂါးရေကန် အမှန်တကယ် ရှိနေပြီး စွမ်းအား အလွန်ကျဆင်းနေသော အရာဖြစ်လျှင်ပင် တော်ဝင်ရန်အင်ပါယာ ၏ နဂါးကြီး ပြန်လည် ကောင်းမွန်လာရန် အများဆုံး တစ်နှစ် နှစ်နှစ်သာ ကြာမြင့်မည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ထိုနဂါးသည် ဘယ်ကမှန်းမသိ ပေါ်လာလိမ့်မည်။ ထိုအခါ ရှမ့်လန်၏ တော်ဝင်ချန်အင်ပါယာသည် ပြာပုံဘဝ ရောက်ရှိသွား ပေလိမ့်မည်။

ထိုအချိန်မတိုင်မီ ရှမ့်လန်၏ လောကပျက်ကပ် စီမံကိန်း အောင်မြင်ပြီး နျူကလီးယားဗုံး ဖန်တီးနိုင်မှသာ ဖြစ်မည်။ သို့သော်ငြား ဤအရာက မဖြစ်နိုင်သလောက်ပင်။ မဟာအတွင်းဝန်တွိုင်းသည် အထူးပါရမီရှင် တစ်ဦး ဖြစ်နေပြီဖြစ်သည်။ သူသည် ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာနှင့် လုံးဝ ယှဉ်နိုင်သော နဂါးနောင်တ ကြားဖြတ်ဟန့်တားရေး ကိရိယာကို အမှန်တကယ် တီထွင်နိုင်ခဲ့သည်။ ၎င်းကို သူ၏ သီအိုရီသစ်အပေါ် အခြေခံပြီး လုံးဝ တီထွင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြား နျူကလီးယားဗုံး ဖန်တီးရာတွင် အဓိကသော့ချက်မှာ ယူရေနီယမ် သန့်စင်ခြင်း ဖြစ်သည်။ လောကမြေရှိ လက်ရှိ နည်းလမ်းအရ ဆိုလျှင် ၎င်းကို ဗဟိုခွာစက်များ အသုံးပြုပြီး ပြုလုပ်ရသည်။ ဤအရာနှင့် ပတ်သက်ပြီး ရှမ့်လန် အနေဖြင့် အကြမ်းဖျင်းလောက်သာ နားလည်ထားသည်။ AI စနစ်တွင်ပင် အသေးစိတ် မိတ်ဆက်ခြင်း မရှိပေ။

အရေးကြီးဆုံးမှာ ယူရေနီယမ်သည် အရမ်း အန္တရာယ်များ၏။ ရှမ့်လန်တွင် ယူရေနီယမ် ရောင်ခြည်ကို ခံနိုင်ရည်ရှိသော ရှေးဟောင်းဘုရင်လက်စွပ် ရှိနေသောကြောင့် အနည်းငယ် သက်သာသည်။ အခြားသူများ အနီးကပ်လာပါက လုံးဝ သေလမ်းရှာခြင်း ဖြစ်ပေမည်။ ထို့ကြောင့် သူတို့သည် ယူရေနီယမ်ကို စမ်းသပ်မှုများ အတွက် တိုက်ရိုက် အသုံးမပြုနိုင်ပေ။

ရှမ့်လန်က အတည်ပြုလိုက်သည်။ “ဆိုလိုတာက ကျုပ်ရဲ့ နဂါးကြီးကို မြန်မြန် ပြန်ကောင်းစေချင်တယ်။ ပိုသန်မာ လာစေချင်တယ်ဆိုရင် နဂါးရေကန် လိုအပ်တယ်ပေါ့။ အစစ်အမှန် နဂါးရေကန်... ရှေးဟောင်း အရှေ့အင်ပါယာရဲ့ တစ်ခုတည်းသော နဂါးရေကန်ပေါ့။”

လီယန်နာလူ ခေါင်းညိတ်ပြီး ပြောလိုက်၏။ “ဟုတ်ပါတယ် အရှင် ရှမ့်လန်။”

ရှမ့်လန်က ခါးသီးစွာ ပြောလိုက်သည်။ “ဒါပေမဲ့ တစ်ခုတည်းသော နဂါးရေကန်ကို ပျောက်ဆုံးနိုင်ငံ အင်ပါယာက နေဝင်ချိန် လက်နက်နဲ့ ဖျက်ဆီးပစ်လိုက်ပြီလေ။”

“တိတိကျကျ ပြောရရင်။ ညစ်ညမ်းသွားတာပါ။”

ရှမ့်လန်က ပြောလိုက်သည်။ “ကဲ... အစ်မတို့၊ အချိန်နီးကပ်နေပြီ။ မြန်မြန် ဝင်ကြပါ။”

ဤမီဒူဆာ တော်ဝင်မိသားစုဝင်များ၏ ဝိညာဉ်အရိပ်များသည် အလွန် ပါးလွှာနေပြီ ဖြစ်သည်။ ဆက်လက် စကားပြောနေပါက ဝိညာဉ်များ အမှန်တကယ် ပျောက်ကွယ်သွားပေလိမ့်မည်။

လီယန်နာလူက ကျေးဇူးတင်စကား ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် အရှင် ရှမ့်လန်။”

ထို့နောက် သူမသည် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး နဂါးဓားပေါ်ရှိ ငရဲဝိညာဉ်ပုလဲ အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားခဲ့သည်။

“ရွှစ်... ရွှစ်... ရွှစ်...”

မီဒူဆာ ရာပေါင်းများစွာ၏ ဝိညာဉ်များသည်လည်း ငရဲဝိညာဉ်ပုလဲ အတွင်းသို့ တိုးဝင်သွားကြသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် လှပသော မီဒူဆာများ၏ ဝိညာဉ်အားလုံး သူ့ရှေ့မှောက်မှ ပျောက်ကွယ်သွားကြပြီး သင်္ချိုင်းဂူ တစ်ခုလုံး ရုတ်တရက် ဟာလာဟင်းလင်း ဖြစ်သွားခဲ့၏။

ထိုအချိန်၌ပင် ငရဲဝိညာဉ်ပုလဲသည် ပြန်လည် လင်းလက်လာခဲ့၏။ မရေမတွက်နိုင်သော ဆန်းကြယ်သည့် စွမ်းအင်များသည် ကြယ်အစုအဝေးများနှင့် အမှောင်ထုတို့ဖြင့် ဖွဲ့စည်းထားသော ပုံစံကဲ့သို့ အတွင်း၌ စီးဆင်းနေကြသည်။

သို့သော်ငြား ယခင်နှင့် အနည်းငယ် ကွာခြားနေဆဲ ဖြစ်သည်။ ငရဲဝိညာဉ်ပုလဲ အတွင်းရှိ ဝိညာဉ်စွမ်းအင်သည် ယခုအကြိမ်တွင် ပိုမို အားကောင်းလာကြောင်း ရှမ့်လန် ခံစားမိလိုက်သည်။ မီဒူဆာ ရာပေါင်းများစွာ၏ ဝိညာဉ်များသည် မီးနတ်ဘုရားဂိုဏ်းမှ ပုရောဟိတ်များနှင့် ပညာရှင် ထောင်ပေါင်းများစွာထက် များစွာ သာလွန်၏။

သို့သော်ငြား ယခုအကြိမ်တွင် ရှမ့်လန် အနေဖြင့် တိုက်ခိုက်ရန်အတွက် ငရဲဝိညာဉ်ပုလဲကို အသုံးပြုလိုမည် မဟုတ်ပေ။ အသုံးပြုလိုက်လျှင် မီဒူဆာ ရာပေါင်းများစွာ၏ ဝိညာဉ်များလည်း ပျောက်ကွယ်သွားနိုင်သည်။ ရှမ့်လန်သည် ငရဲဝိညာဉ်ပုလဲကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ “ဒါတွေ အားလုံးက ကျုပ်တို့ရဲ့ ကံကြမ္မာပါပဲ။ နောင်တစ်ချိန်မှာ ကျုပ်တို့ ပြန်ဆုံတွေ့နိုင်ကြပါစေ။”

...................

ထို့နောက် ရှမ့်လန်သည် နဂါးကြီးရှေ့တွင် ထိုင်ချလိုက်သည်။ ၎င်းသည် မလှုပ်မယှက် ရှိနေဆဲပင်။

သူသည် မျက်လုံးများကို မှိတ်ပြီး နဂါးဉာဏ်အလင်းပွင့်မှု အခြေအနေသို့ ဝင်ရောက်လိုက်သည်။ သူ၏ စိတ်စွမ်းအားကို ထုတ်လွှတ်ပြီး နဂါး၏ သက်စောင့်စွမ်းအားကို အာရုံခံလိုက်သည်။ ယခုအချိန်တွင် သူသည် နဂါး၏ အလွန် အားနည်းသော သက်စောင့်စွမ်းအားကို အာရုံခံမိလိုက်၏။ နဂါးသည် နဂါးသွေး၏ စွမ်းအားကို စုပ်ယူပြီး တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနေကြောင်း သူ အာရုံခံမိ၏။

သို့သော်ငြား အလွန် နှေးကွေးသည်။ နဂါးကြီး ယခင် အခြေအနေသို့ ပြန်လည် ရောက်ရှိရန် ဆယ်စုနှစ်များ သာမက နှစ် ၁၀၀ ခန့် ကြာမြင့်နိုင်သည်။ သို့သော်ငြား ရှမ့်လန်အတွက် ကျန်ရှိသော အချိန်သည် အများဆုံး တစ်နှစ်သာ ဖြစ်သည်။ တစ်နှစ်ပင် ပြည့်ချင်မှ ပြည့်မည်။

နဂါးနှစ်ကောင် စစ်ပွဲ ရှုံးနိမ့်မှုနှင့် နဂါးကြီး သေဆုံးမှုအတွက် မည်သူ့ကို အပြစ်တင်ရမည်နည်း။ ရှမ့်လန်ကို အပြစ်တင်ရမည်လား။ သူ နဂါးကို စောစီးစွာ ပြန်ခေါ်လာပြီး တော်ဝင်ရန် နဂါးကြီးနှင့် စောစီးစွာ တိုက်ခိုက်စေခဲ့ခြင်းအတွက် သူ့ကို အပြစ်တင်ရမည်လား။

မဟုတ်ပေ။ ထိုသို့ ပြော၍ မရနိုင်ပေ။ တော်ဝင်ရန် နဂါးကြီး ချန်မြို့တော်ကို ဖျက်ဆီး၊ အခြား မြို့များကို ဖျက်ဆီး၊ မရေမတွက်နိုင်သော လူများကို သတ်ဖြတ်နေသည်ကို ရှမ့်လန် လက်ပိုက်ကြည့်နေရမည်လား။ ရှမ့်လန်သည် ပြည်သူများကို မချစ်ကြောင်း၊ ထိုလူများ၏ အသက်ကို ဂရုမစိုက်ကြောင်း အမြဲလိုလို ပြောလေ့ရှိသည်။ သို့သော်ငြား သူ ဂရုစိုက်ဆဲ၊ သူ့ပြည်သူများကို ချစ်မြတ်နိုးဆဲ ဖြစ်သည်။

ထျန်းနန်စီရင်စုတွင် ကျောက်ရောဂါ ကပ်ဘေး ဖြစ်ပွားခဲ့စဉ်က ကဲ့သို့ပင် ဖြစ်သည်။ သူသည် ကပ်ဘေးကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားခဲ့ပြီး လူပေါင်းများစွာကို ကယ်တင်ခဲ့သည်။ သို့သော်ငြား သူသည် ဂုဏ်ပြုမှု အားလုံးကို ကျန်းချုံးအား ပေးအပ်ခဲ့သည်။ သူသည် ထျန်းနန်ပြည်နယ်မှ လူများကို လက်ခလယ် ထောင်ပြခဲ့ဆဲ ဖြစ်သည်။ ထိုသူတို့ကို ကယ်တင်ခဲ့သော်လည်း အဖြစ်မှန်အား မသိစေလိုခဲ့ပေ။ ထိုသူတို့ကို ကျေးဇူးတင်စေလိုခြင်း မရှိခဲ့ပေ။

ယခုအချိန်တွင် အရာအားလုံး အစီအစဉ်အတိုင်း ဖြစ်လာပါက ဟူသော ခံစားချက်မျိုး ရှမ့်လန်တွင် ဝိုးတဝါး ရှိနေသည်။ တော်ဝင်ရန်အင်ပါယာ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာချိန်ကျမှ ရှမ့်လန် နဂါးနှင့်အတူ ပြန်လာခဲ့မည် ဆိုပါစို့။

ထိုအချိန်ကျမှ နဂါးနှစ်ကောင် တိုက်ခိုက်ကြလျှင် ရလဒ်သည် ကွဲပြားသွားနိုင်သည်။ ထိုအချိန်တွင် နဂါးကြီးသည် သေလုနီးပါး အခြေအနေတွင် ရှိနေရုံသာ မဟုတ်ဘဲ လုံးဝ သေဆုံးသွားနိုင်သည်။ အကျိုးဆက်သည် ပိုမို ကြောက်မက်ဖွယ် ကောင်းနိုင်သည်။

လက်ရှိ ရလဒ်သည် မကောင်းဟု ထင်ရသော်လည်း ဤစစ်ပွဲကို အနိုင်ရရန် သော့ချက် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သဘာဝကျစွာပင် ရှမ့်လန်၏ စိတ်ထဲတွင် ရှင်းလင်းသော အကြံအစည် တစ်ခု ရှိနေပြီ ဖြစ်သည်။ ၎င်းသည် အလွန့် အလွန် ရူးသွပ်သော အကြံအစည် တစ်ခုလည်း ဖြစ်၏။

ရှေးဟောင်း အရှေ့အင်ပါယာ၏ နဂါးရေကန်သည် ညစ်ညမ်းသွားခဲ့ပြီ ဖြစ်သည်။ ပျောက်ဆုံးနိုင်ငံ အင်ပါယာသည် နေဝင်ချိန် လက်နက်အားလုံးကို တစ်ပြိုင်နက် လွှတ်ထုတ်ခဲ့သည်။ ယူရေနီယမ်နှင့် ရောင်ခြည်သင့်မှု ပမာဏ မည်မျှရှိခဲ့ကြောင်း ကောင်းကင်ဘုံသာ သိပေလိမ့်မည်။

ရှမ့်လန်သည် ယူရေနီယမ် တန်ချိန် ဒါဇင်အနည်းငယ်ကို ပေါ့ပေါ့ပါးပါး သိမ်းယူခဲ့ဖူးပြီး ၎င်းတို့သည် ပျောက်ဆုံးနိုင်ငံ အင်ပါယာ၏ နေဝင်ချိန် လက်နက်များမှ လက်ကျန်များ ဖြစ်သည်။ သန့်စင်မှု ၁ ရာခိုင်နှုန်းသာ ရှိသော်လည်း ရှေးဟောင်းနဂါးရေကန်ထဲတွင် ယူရေနီယမ် ပမာဏ မည်မျှ ရှိနိုင်သနည်း။ တန်ချိန် ရာပေါင်းများစွာလား။

သဘာဝကျစွာပင် ရှေးဟောင်းခေတ် ကြီးမားသည့် ပျက်သုဉ်းခြင်း ဖြစ်ပျက်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်ငြား ယူရေနီယမ်၏ သက်တမ်းသည် နှစ်ပေါင်း သန်းရာချီ ကြာမြင့်သည်။ ထို့ကြောင့် ရှေးဟောင်းခေတ် ကြီးမားသည့် ပျက်သုဉ်းခြင်းသည် လူ့ယဉ်ကျေးမှုအတွက် ကြာမြင့်သော အချိန် ဖြစ်သော်လည်း ယူရေနီယမ် အတွက်မူ မျက်စိတစ်မှိတ် အတွင်းသာ ဖြစ်သည်။ ထို့ကြောင့် နဂါးရေကန်အတွင်းရှိ ရောင်ခြည်သင့်မှုသည် အလွန် ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်ပြီး တိုင်းတာ၍ မရနိုင်ပေ။

အကယ်၍ ဤသေလုနီးပါး နဂါးကြီးကို ကြောက်မက်ဖွယ် ရောင်ခြည်စွမ်းအင်များဖြင့် ပြည့်နှက်နေသော ရှေးဟောင်း နဂါးရေကန်ထဲသို့ ထည့်လိုက်လျှင် ဘာဖြစ်သွားမနည်း။ နဂါး ချက်ချင်း သေဆုံးသွားမလား။ သို့မဟုတ် မကြုံစဖူးသော ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာမလား။

သူ မသိပေ။ သူ စိတ်ကူး၍ မရနိုင်ပေ။ သို့သော်ငြား ပြောင်းလဲမှု ဖြစ်ပေါ်လာပါက ၎င်းသည် သေချာပေါက် အရူးသွပ်ဆုံး နိဗ္ဗာန ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရှမ့်လန်၏ အကြံအစည်သည် အမှန်တကယ် ရူးသွပ်လွန်းလှသည်။

သူက နဂါးကို ဂေါ်ဇီလာဟု ထင်နေသည်လား။ ဤနဂါးသည် ယူရေနီယမ် ရောင်ခြည်ကို မည်မျှ ကြောက်ရွံ့ သနည်း။ ထိုအရာကို အနောက်လောကတွင် ရှင်းလင်းစွာ ပြသခဲ့ပြီး ဖြစ်သည်။ တကယ်တော့ ယူရေနီယမ်အပေါ် နဂါးကြီး၏ ရန်လိုမှုသည် မွေးရာပါသန္ဓေဖြစ်ကြောင်း ယခု သိရှိရပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသန္ဓေသည် လွန်ခဲ့သော နှစ်ပေါင်း မရေမတွက်နိုင်သော ရှေးဟောင်းခေတ်တည်းက စတင်ခဲ့သောကြောင့်ပင်။

All Chapters