အခန်း (၁၂၄၅-၁၂၄၆)
Vol. 72 Ch. 1245-1246
အပိုင်း (၁၂၄၅)
သူတို့ နောက်ထပ် မိုင်ထောင်ပေါင်းများစွာ ပျံသန်းခဲ့ကြသည်။ အရာအားလုံးသည် အတူတူပင် ဖြစ်ပြီး အရာအားလုံး ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသည်။ တောင်များနှင့် မြစ်များ များပြားသောကြောင့် အနိမ့်အမြင့် များသာ ရှိ၏။ လောကတစ်ခုလုံးတွင် အရောင်တစ်မျိုးတည်းသာ ရှိသည်။
ဤနေရာတွင် အပူချိန်သည် ပို၍ ပို၍ နိမ့်ကျလာသော်လည်း အနည်းဆုံးတော့ လေထုက ရေခဲနှင့် နှင်းအဖြစ် ပြောင်းလဲသွားသည့်အထိတော့ မဟုတ်သေးပေ။ မြို့တော်ဖြူ ဘယ်မှာနည်း။ ဤနေရာသည် မြောက်ဘက် အကျဆုံး တိုက်ကြီး ဖြစ်နေပြီ ဖြစ်သော်လည်း မြို့တော်ဖြူ၏ ထူးခြားသော အဆောက်အအုံကို မတွေ့ရသေးပေ။
သို့သော်ငြား မကြာမီ ရှမ့်လန် မြင်တွေ့လိုက်ရသည်။ ၎င်းသည် မြို့တော်ဖြူ မဟုတ်ဘဲ အမိုးခုံးကြီးတစ်ခု၊ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားသော အမိုးခုံးကြီးတစ်ခု ဖြစ်သည်။ အကယ်၍ ထိုအရာကို လူသားများ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါက သေချာပေါက် လောကတစ်ခုလုံး၏ ဗိသုကာဆိုင်ရာ အံ့ဖွယ်အမှု ဖြစ်ပေလိမ့်မည်။
ရှမ့်လန်ပင်လျှင် ထိုအရာ၏ အချင်းကို ခန့်မှန်း၍ မရနိုင်ပေ။ ကီလိုမီတာ နှစ်ထောင်လား။ သို့မဟုတ် ထိုထက် ပိုကြီးသည်လား။ အမိုးခုံးကြီးသည် မီတာသောင်းချီ မြင့်မားပြီး ကြီးမားသော အဖုံးကြီးတစ်ခုကဲ့သို့ ဂြိုဟ်တစ်ခုလုံး၏ မြောက်ဘက်အကျဆုံး အစိတ်အပိုင်းကို တိုက်ရိုက် ဖုံးအုပ်ထားသည်။
ဆော်ရွန်သည် တစ်ချိန်က ရှီလွန်အင်ပါယာ၏ မြို့တော်ဟောင်းသို့ ရောက်ရှိခဲ့ပြီး ရှီလွန်ပထမဘုရင်၏ ဧကရာဇ်ဓားကို ပြန်လည် ယူဆောင်ခဲ့သည်။ ရှီလွန် မြို့တော်ဟောင်းသည်လည်း အမိုးခုံးထဲတွင် ရှိနေသည်လား။
အမိုးခုံးနှင့် နီးကပ်လာလေလေ ရှမ့်လန်သည် လုံးဝ တုန်လှုပ်သွားလေလေ ဖြစ်၏။
‘အရမ်း ခမ်းနားလွန်းတယ်။ အရမ်း ထည်ဝါလွန်းတယ်။ ဒါက ရိုးရိုးလေး ပြိုင်ဘက်ကင်းတဲ့ အံ့ဖွယ်အမှုတစ်ခုပဲ။’
ထိုအရာကို မည်သည့်အရာဖြင့် ပြုလုပ်ထားကြောင်း သူ လုံးဝ မသိရှိပေ။ ရှမ့်လန်သည် ယခင်က အမိုးခုံး ရှိကြောင်း ဆော်ရွန်ထံမှ သိရှိခဲ့သော်လည်း ထိုအရာသည် သဘာဝ နှင်းခဲများဖြင့် ဖွဲ့စည်းထားသည်ဟု အမြဲ ထင်မှတ် ခဲ့သည်။ သို့သော်ငြား လူလုပ်ထားခြင်း ဖြစ်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
မူလက အမိုးခုံးသည် အလွန် အေးစက်လိမ့်မည်ဟု ထင်ခဲ့သော်လည်း အပူချိန်အနေတော် ဖြစ်နေလိမ့်မည်ဟု ရှမ့်လန် မထင်မှတ်ခဲ့ပေ။ ပြောပလောက်သော အပူချိန် ဟူ၍ မရှိပေ။ ဤအမိုးခုံးကြီး တည်ရှိနေသည်မှာ ဘယ်လောက်ကြာပြီနည်း။ နှစ်ပေါင်း ရာချီပြီလား။ ထိုအရာ၏ ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်သနည်း။
သိရှိထားသော သတင်းအချက်အလက်များအရ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်က မီးနဂါးကြယ်တံခွန် ပထမဆုံးအကြိမ် ပေါ်လာပြီး လောကကို ဝင်တိုက်ခဲ့သည်။ ထို့နောက် မြောက်ဘက်အကျဆုံး တိုက်ကြီးသည် ပို၍ ပို၍ အေးစက်လာပြီး လူသားများ ရှင်သန်နေထိုငြ်ရန် လုံးဝ မသင့်တော်တော့သောကြောင့် ရှီလွန် အင်ပါယာဟောင်း သည် တောင်ဘက်သို့ ပြောင်းရွှေ့ခဲ့ရပြီး နောက်ဆုံးတွင် မြောက်ဘက် တိုက်ကြီးတစ်ခုလုံး ရေခဲနှင့် နှင်းများ ဖုံးလွှမ်းသွားခဲ့သည်။
ထို့ကြောင့် ဤအမိုးခုံးကြီးသည် ပြင်ပလောကကို ကာကွယ်ရန် အသုံးပြုထားခြင်းလား။ ကြောက်မက်ဖွယ် ရေခဲစွမ်းအင်များ အပြင်သို့ ယိုစိမ့်မထွက်စေရန်လား။ ဆော်ရွန်၏ အဆိုအရ မြောက်ဘက်အကျဆုံး တိုက်ကြီး တစ်ခုလုံးသည် အလွန် အေးစက်ပြီး လေထုအားလုံး နှင်းအဖြစ် ခဲသွားခဲ့၏။
ဤအမိုးခုံးကြီးသည် ကျောက်စိမ်းဖြူ မြို့တော်၏ လက်ရာလား။ အကယ်၍ ဟုတ်ခဲ့လျှင် ထိုမြို့သည် တကယ့်ကို စွမ်းအားကြီးလွန်းလှပြီး မည်သူမှစိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်နေသည်။ ထို့ကြောင့် အကယ်၍ ဤအမိုးခုံးကြီးသာ ပျက်စီးသွားပါက အကျိုးဆက်များမှာ မည်သို့ ရှိမည်နည်း။ ကပ်ဘေးကြီး ဖြစ်လာပေ လိမ့်မည်။ လောကတစ်ခုလုံး၏ ရာသီဥတုအပေါ် ကပ်ဘေးသင့်စေမည့် ရိုက်ခတ်မှု ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ရှမ့်လန်သည် အနားသို့ မကပ်ရဲပေ။ အဘယ်ကြောင့်ဆိုသော် နဂါးကြီး ရူးသွပ်သွားပြီး အမိုးခုံးကြီးပေါ်တွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်အောင် မှုတ်ထုတ်လိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
ရှမ့်လန်က အော်ဟစ်လိုက်သည်။ “ကျောက်စိမ်းဖြူမြို့တော်က လူတွေ ရှိကြလား။ ကျုပ် ရောက်နေပြီ။ ကျေးဇူးပြုပြီး ထွက်လာပေးကြပါ။”
ယခုတစ်ကြိမ်တွင် သူ ကြာကြာ စောင့်ဆိုင်းစရာ မလိုလိုက်ပေ။ ပုံရိပ်တစ်ခုသည် သူ၏ ရှေ့မှောက်တွင် လျင်မြန်စွာ ပေါ်လာခဲ့သည်။ ရေခဲနှင့် နှင်းကဲ့သို့ ဖြူဖွေးသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး ကျောက်စိမ်းဖြူ မြို့တော်မှ ဖြစ်ကြောင်း ချက်ချင်း သိသာစေ၏။
ကျောက်စိမ်းဖြူ မြို့တော်မှ အမျိုးသမီးက ရှမ့်လန်အား အနည်းငယ် ဦးညွှတ်လိုက်ရာ မကြုံစဖူး ထူးခြားနေသည်။ “အရှင် ရှမ့်လန်။”
မာန်မာနကြီးသော ကျောက်စိမ်းဖြူ မြို့တော်သည် ရှမ့်လန်၏ ရှေ့မှောက်တွင် ဘာမှမဟုတ်တော့သကဲ့သို့ပင်။ ကျောက်စိမ်းဖြူ မြို့တော်မှ အမျိုးသမီးက မေးလိုက်၏။ “အရှင် ရှမ့်လန်... နေကောင်းပါရဲ့လား။”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်မိန်းမ ကျင်းမူလန်နဲ့ ဘိုးဘေးလော်တို့ကို လာရှာတာပါ။ သူတို့ ဒီမှာ ရှိကြလား။”
“ရှိပါတယ်။ အရှင်ရှမ့်လန်။” ကျောက်စိမ်းဖြူ မြို့တော်မှ အမျိုးသမီးက ဖြေလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆို သူ့ကို ထွက်လာခိုင်းပါ။ ကျုပ် သူ့ကို အိမ်ပြန်ခေါ်သွားချင်တယ်။”
ကျောက်စိမ်းဖြူ မြို့တော်မှ အမျိုးသမီးက ပြော၏။ “အရှင်ရှမ့်လန်... သေချာပြီလား။”
“ဘာကို ဆိုလိုတာလဲ။” ရှမ့်လန်က မေးလိုက်သည်။
ကျောက်စိမ်းဖြူ မြို့တော်မှ အမျိုးသမီးက ပြောလိုက်၏။ “ကောင်းပါပြီ။ ရှင် ရောက်လာတာ ကောင်းပါတယ်။ ကျင်းမူလန်ကို ဆုံးဖြတ်ခိုင်းလို့ ရတာပေါ့။”
ရှမ့်လန်က မေးလိုက်သည်။ “ဆုံးဖြတ်ချက်... ဘာဆုံးဖြတ်ချက်လဲ။”
ကျောက်စိမ်းဖြူ မြို့တော်မှ အမျိုးသမီးက ပြော၏။ “အရှင် ရှမ့်လန်... တကယ်တော့ ရှင် သူနဲ့ အခု မတွေ့ရင် ပိုကောင်းပါလိမ့်မယ်။ ရှင် သူနဲ့ တွေ့လိုက်တာနဲ့ အနာဂတ်မှာ ကိန်းရှင်တစ်ခု ဖြစ်လာပါလိမ့်မယ်။”
“ကိန်းရှင် ဟုတ်လား။ ခင်ဗျား ဘာတွေ ပြောနေတာလဲ။ ဘာကို ဆိုလိုတာလဲ။”
ကျောက်စိမ်းဖြူ မြို့တော်မှ အမျိုးသမီးက ပြောလိုက်သည်။ “အရှင် ရှမ့်လန်... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ။ ရှင့်ရဲ့မိန်းမ ကျင်းမူလန် မကြာခင် ရောက်လာပါလိမ့်မယ်။”
ထို့နောက် သူမသည် ဧရာမနဂါးကြီးကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်၏။
… …
ခဏအကြာတွင်။ မူလန်လေး ရောက်လာခဲ့ပြီဖြစ်၏။ လျှပ်စီးတစ်ချက်ကဲ့သို့ သူမသည် ရှမ့်လန်၏ ရင်ခွင်ထဲသို့ ပြေးဝင်လာခဲ့သည်။ စကားတစ်ခွန်းမှမဆိုဘဲ သူတို့နှစ်ဦးသည် နှင်းပြင်ပေါ်၌ လှိမ့်နေလိုက်ကြ၏။ တစ်နာရီ ကြာပြီးနောက် သူတို့နှစ်ဦး တိတ်ဆိတ်နေကြသည်။
ပြောစရာစကား ထောင်ပေါင်းများစွာ ရှိနေသော်လည်း ထုတ်မပြောနိုင် ဖြစ်နေသကဲ့သို့ပင်။ ထို့နောက် သူတို့ ထပ်မံ နမ်းရှိုက်လိုက်ကြပြန်သည်။ အင်္ဂါဂြိုဟ်က လောကကို ဝင်တိုက်သကဲ့သို့ ဘာစကားမှ ပြောစရာ မလိုတော့ပေ။
ထိုကဲ့သို့ပင် နေ့ဝက်ခန့် ကြာပြီးနောက် နှစ်ယောက်စလုံး မောပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။ မူလန်သည် ရှမ့်လန်၏ ရင်ခွင်ထဲတွင် လှဲနေသည်။ သူတို့ မတွေ့ရသည်မှာ ခုနစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တွေ့ဆုံပြီးနောက် သူတို့ စကားပြောရန် အမှန်တကယ် အချိန်မရှိခဲ့ပေ။ သူတို့၏ ပါးစပ်များသည် နမ်းရှိုက်ရန် အတွက်သာ ဖြစ်ပြီး စကားပြောရန် မဟုတ်ပေ။
သူမသည် သူမ၏ လွမ်းဆွတ်မှု၊ သူမ၏ စိုးရိမ်ပူပန်မှုများနှင့် သူမ၏ အကန့်အသတ်မဲ့သော ချစ်ခြင်းမေတ္တာတို့ကို ထုတ်ဖော်ပြသချင်နေခဲ့သည်။ သို့သော်ငြား ဘာမှ ပြောစရာ မလိုသကဲ့သို့ပင်။ သူတို့ တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ ဖက်ထားရန်သာ လိုအပ်သည်။
ရွှေရောင်လေပြည်နှင့် ကျောက်စိမ်းနှင်းစက်များ ဆုံတွေ့ကြချိန်မှာတော့ လူ့လောကသည် အဆပေါင်း မရေမတွက်နိုင်အောင် သာလွန်ကောင်းမွန်သွားပုံပင်။ ဤသည်မှာ သူတို့နှစ်ဦးအတွက် အကောင်းဆုံး ဖော်ပြချက် ဖြစ်ပုံရသည်။ အကန့်အသတ်မဲ့သော ပျော်ရွှင်မှုနှင့် အကန့်အသတ်မဲ့သော ချိုမြိန်မှုတို့သည် သူတို့နှစ်ဦး ကို လွှမ်းခြုံထား၏။
ဤအချိန်၌ မူလန်ကို ဖက်ထားရခြင်းသည် လောကကြီး တစ်ခုလုံးကို ဖက်ထားရသကဲ့သို့ ခံစားရ၏။ ပထမဆုံး အကြိမ် ချစ်ခြင်းမေတ္တာ၏ ချိုမြိန်မှု၊ ခွဲခွာပြီးနောက် ပြန်လည် ဆုံတွေ့ရခြင်း၏ နွေးထွေးမှုစသော မရေမတွက်နိုင်သော ခံစားချက်များသည် နှလုံးသားထဲတွင် ပြည့်လျှံလာခဲ့သည်။
‘သိပ်ကောင်းတာပဲ။ ငါ့မိန်းမ ပြောင်းလဲသွားပြန်ပြီ။ သိပ်ကောင်းတာပဲ။’
နင်ဟန်သည် ပြောင်းလဲမှုပြီးနောက် အလှအပ၌ မူလန်ကို ကျော်လွန်သွားခဲ့သည်။ ယခု မူလန်က သူမကို ကျော်လွန်သွားပြန်ပြီ။ အလှအပ၊ စိတ်နေသဘောထား၊ သို့မဟုတ် ကိုယ်လုံးကိုယ်ပေါက် မည်သည်ကိုမဆို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူ မဖော်ပြချင်တော့ပေ။ အတိုချုပ် ပြောရလျှင် မူလန်၏ အလှသည် ယခုအခါ လူသားများ ရရှိနိုင်သော အရာ မဟုတ်တော့ပေ။
“ယောက်ျား... ရှင် ကျွန်မကို ပြောခဲ့တာ မှတ်မိလား။” မူလန်က တိုးညင်းစွာ မေးလိုက်သည်။
ရှမ့်လန်က ပြန်ဖြေလိုက်၏။ “မှတ်မိတာပေါ့။ မင်းကို လောကနံပါတ်တစ် ကျွမ်းကျင်သူ ဖြစ်လာစေချင်တာလေ။ ပြီးရင် ငါက မိန်းမလုပ်စာ ထိုင်စားပြီး မင်းရဲ့ အတောင်ပံအောက်မှာ နေ့တိုင်း ပုန်းနေမှာ။ ငါကို ဘယ်သူပဲ အနိုင်ကျင့်ရဲရဲ မင်း သူတို့ကို သတ်ပေးရမယ်။”
မူလန်သည် အမှန်တကယ်ပင် အလွန့်အလွန် စွမ်းအားကြီးလာခဲ့ပြီ ဖြစ်သည်။ သူမ ဘယ်လောက် စွမ်းအားကြီး သနည်း ဆိုသည်ကို ရှမ့်လန် မသိရှိပေ။ ရှမ့်လန်က မေးလိုက်သည်။ “အချစ်လေး... အခု နင်ဟန်ကို နိုင်ပြီလား။”
မူလန် ခေါင်းညိတ်လိုက်၏။ “နိုင်ပါပြီ။ ချောင်ယောင်းအာကိုလည်း နိုင်ပါတယ်။ သူ အစွမ်းအထက်ဆုံး အချိန်မှာတောင် ကျွန်မ သူ့ကို နိုင်ပါတယ်။”
‘ဟမ်... အချစ်လေး။ မင်းက တကယ် အငြိုးကြီးတာပဲ။ ချောင်ယောင်းအာက အခု ငါတို့လူ ဖြစ်နေပြီလေ။’
မတော်တဆမှုတစ်ခုကြောင့် ရှမ့်လန်၏ ဖြူစင်မှုသည် ချောင်ယောင်းအာ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ မူလန်သည် ဤကိစ္စကို အမြဲ တေးထားခဲ့သည်။ ဤသည်မှာ သူမ စွမ်းအားကြီးလာရန် အကြီးမားဆုံး တွန်းအား ဖြစ်သည်။
ရှမ့်လန်က မေးလိုက်၏။ “ဒါဆို မင်းသမီး ကျိရွှမ်ကိုရော နိုင်လား။ သူကလည်း ကျောက်စိမ်းဖြူ မြို့တော်မှာ ကျင့်ကြံနေတာ နှစ်ပေါင်းများစွာ ကြာပြီနော်။”
“ကျိရွှမ် ဟုတ်လား။” မူလန်သည် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
ရှမ့်လန် တုန်လှုပ်သွားခဲ့ရ၏။ “ငါ့အချစ်လေး မူလန်က အခု ဒီလောက်တောင် စွမ်းအားကြီးနေပြီလား။ ကျိရွှမ်ကို တောင် နိုင်တယ်ပေါ့။”
မူလန်က ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။ “ဆော်ရွန်ကိုတောင် နိုင်ပါတယ်။”
ရှမ့်လန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံနိုင်အောင် ဖြစ်သွားခဲ့ရ၏။
‘ဒီလောက်တောင်... ဒီလောက်တောင် စွမ်းအားကြီးတာလား။ ဒါက အရမ်း စွမ်းအားကြီးလွန်းတယ်။ ခုနစ်နှစ်ကျော် မတွေ့ရတာနဲ့ မူလန်က အရူးကြီးနဲ့ ချောင်ယောင်းအာကို လုံးဝ ကျော်ဖြတ်သွားပြီလား။ ဒါပေမဲ့ မင်းရဲ့ သွေးမျိုးဆက် ပါရမီက သာမန်ပဲလေ။ မင်းရဲ့ သွေးမျိုးဆက် ပြောင်းလဲမှုပြီးရင်တောင် ချောင်ယောင်းအာရဲ့ ရွှေရောင် သွေးမျိုးဆက်လောက် မကောင်းသေးပါဘူး။ ဆရာကောင်း ဘိုးဘေးလော် ရှိနေခြင်းက ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား။’
ရှမ့်လန်က ပြောလိုက်သည်။ “အချစ်လေး.... ဒါဆို အိမ်ပြန်ကြစို့။ မင်းက ဒီလောက် စွမ်းအားကြီးနေမှတော့ ယောက်ျား နောက်လိုက်ပြီး လူတွေကို ရိုက်နှက်ကြတာပေါ့။ ကျိရွှမ်ကို သေအောင် ရိုက်သတ်ပစ်မယ်။”
“ကောင်းပါပြီ။”
မူလန်လေးသည် ရီဝေစွာဖြင့် ပြောလိုက်၏။ “ကျွန်မ ရှင်နဲ့အတူ အိမ်ပြန်ဖို့ အိပ်မက်မက်နေခဲ့တာ။ မနက်တိုင်း နိုးလာရင် ယောက်ျားကို မြင်တွေ့ရဖို့ အိပ်မက်မက်နေခဲ့တာ။”
“အဟမ်း...” အပြင်ဘက်မှ ချောင်းဟန့်သံ သဲ့သဲ့ ထွက်ပေါ်လာသည်။
ရှမ့်လန် အလွန်အမင်း တုန်လှုပ်သွားရ၏။ ‘ဟမ်... ဘယ်တုန်းတည်းက သူ့ဘေးနားမှာ လူတစ်ယောက် ရောက်နေတာလဲ။ ငါ ခုဏလေးတင် နှင်းတောထဲမှာ မူလန်လေးနဲ့ ကြည်နူးနေခဲ့တာလေ။ ငါ့မှာ ရှေးဟောင်းဘုရင် လက်စွပ် ရှိနေသလို မူလန်ကလည်း အအေးဒဏ်ကို မကြောက်ဘူး။ ပြီးတော့ သူ့ရဲ့ အသားအရေက နှင်းထက်တောင် ပိုဖြူဝင်းပြီး အပြစ်အနာအဆာ ကင်းစင်နေသေးတယ်။’
“လန်အာ...” ဘိုးဘေးလော်က လှမ်းခေါ်လိုက်သည်။
ရှမ့်လန်က မေးလိုက်၏။ “ကျုပ် ခင်ဗျားကို အဒေါ်လို့ ခေါ်ရမလား။ ဆရာလို့ ခေါ်ရမလား။”
ဘိုးဘေးလော်က ပြန်ဖြေလိုက်သည်။ “ဆရာလို့ပဲ ခေါ်ပါ။”
“ကောင်းပါပြီ။” ရှမ့်လန်က ပြောလိုက်၏။
ဘိုးဘေးလော်က ဆက်ပြောသည်။ “ပထမဆုံးအနေနဲ့ မင်းကို တောင်းပန်ချင်ပါတယ်။ မူလန်ကို အချိန်တို အတွင်း ပိုမို စွမ်းအားကြီးလာအောင် လုပ်ပေးဖို့အတွက် ငါ သူ ပင်ပန်းနွမ်းနယ်စေမဲ့ ကိစ္စတွေ အများကြီး လုပ်ခိုင်းမိခဲ့တယ်။ လွန်ခဲ့တဲ့ တစ်လလောက်က ငါတို့ နဂါးနောက်ကို လိုက်ခဲ့ကြတယ်။ နဂါး ပျံသန်း ထွက်ခွာသွားတော့မှာကို မြင်တော့ ငါတို့ စိုးရိမ်တကြီး လိုက်ဖမ်းကြတာပေါ့။ နောက်ဆုံးတော့ နဂါးက ငါတို့ဆီ မီးမှုတ်လိုက်တယ်။”
ချက်ချင်းဆိုသလိုပင် ရှမ့်လန်၏ ဆံပင်များ ထောင်မတ်သွားခဲ့ရ၏။ သူ နဂါးရှိရာ ဘက်သို့ လှမ်းကြည့် လိုက်၏။
‘နဂါး ဘယ်ရောက်သွားပြီလဲ။ မင်း ဘယ်ရောက်သွားပြီလဲ။’
သူသည် ရှမ့်လန်နှင့် ကွေ့ဝူမှလွဲ၍ မည်သူ့ကိုမှ မတွေ့လိုသောကြောင့် လူအုပ်ကြီးနှင့် ဝေးရာသို့ မာန်မာန ကြီးစွာဖြင့် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ၎င်းသည် ရေခဲနှင့် နှင်းများကို မုန်းတီးသောကြောင့် မိမိကိုယ်ကို မီးလုံးကြီးအသွင် ပြောင်းလဲကာ မိုင်ပေါင်း ဆယ်ချီအတွင်းရှိ ရေခဲနှင့် နှင်းများကို အရည်ပျော်စေပြီး ရေပူစမ်းကန်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို ရေထဲတွင် ဖုံးကွယ်ထားလိုက်သည်။
နဂါးက မူလန်နှင့် ဘိုးဘေးလော်ကို တကယ် တိုက်ခိုက်ခဲ့သည်လား။
ရှမ့်လန်က မေးလိုက်၏။ “ဆရာ... ဒီနဂါးကို အရင်က မြင်ဖူးသလား။ သူ ငယ်ငယ်တုန်းကလေ။”
“မြင်ဖူးတယ်။”
အပိုင်း (၁၂၄၆)
ဘိုးဘေးလော်က ဖြေလိုက်သည်။ “ငါ သူ့ကို ပွတ်သပ်ပေးဖူးသလို ရက်အနည်းငယ်ကြာ အစာကျွေးဖူးတယ်။ ဒါကြောင့်ပဲ လမ်းတစ်လျှောက်လုံး ငါ့ကို သည်းခံနေခဲ့တာပေါ့။ ဒါပေမဲ့ သူက အရမ်း မာန်မာနကြီးပြီး သည်းခံနိုင်စွမ်းလည်း နည်းတယ်။ အဲဒီတုန်းက ငါ့တို့ အရမ်းကပ်ပြီး လိုက်ဖမ်းမိတော့ သူ စိတ်ဆိုးပြီး နဂါးမီးလျှံ မှုတ်ထုတ်လိုက်တာ။ သေချာတာပေါ့။ သူ ငါတို့ကို သတ်ချင်တာ မဟုတ်ပါဘူး။ သတိပေးရုံ သက်သက်ပါပဲ။ ဒါပေမဲ့ သူ့မီးလျှံရဲ့ အစွန်းအဖျားက ငါ့တို့ကို ဝါးမျိုသွားခဲ့တယ်။ ရှေးဟောင်း ကတ်ပြားရဲ့ ကာကွယ်မှုသာ မပါရင် ငါတို့ သေနေလောက်ပြီ။”
မူလန် လုံးဝ အဆင်ပြေနေသော်လည်း ရှမ့်လန်၏ ရင်ထဲတွင် တုန်လှုပ်ချောက်ချားနေဆဲ ဖြစ်သည်။ ဤ ဧရာမနဂါးကြီး သည် သူ့မိသားစုဝင်ကိုပင် ဂရုမစိုက်တတ်ပေ။
ဘိုးဘေးလော်က ဆက်ပြော၏။ “မူလန်က အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ကြုံနေရပေမဲ့ ထွက်သွားဖို့ ငြင်းဆန်ခဲ့တယ်။ နဂါးကို အဆုံးရှုံးမခံနိုင်ဘူးတဲ့။ မင်းကို စောင့်နေမယ်လို့ ပြောတယ်။ ငါ သူ့ကို ကုသဖို့အတွက် မြောက်ဘက် မြို့တော်ဖြူဆီ အတင်းအဓမ္မ ခေါ်လာခဲ့ရတာ။”
‘ဟမ်... ဒါက ရှက်စရာကြီး...’
ရှမ့်လန် လက်ရေးကို မြင်လိုက်ရစဉ်က မူလန်ကို မြို့တော်ဖြူမှ အတင်းအဓမ္မ ဖမ်းဆီးသွားသည်ဟု ထင်မှတ်ခဲ့သည်။ ထိုစဉ်က သူ အလွန် ဇဝေဇဝါ ဖြစ်ခဲ့ရသည်။ ဘိုးဘေးလော်သည် အလွန် စွမ်းအားကြီးမားရာ မြို့တော်ဖြူမှလူများပင် သူမကို အလွယ်တကူ ဖမ်းဆီးနိုင်မည် မဟုတ်ပေ။ ထို့အပြင် တည်နေရာတွင် တိုက်ခိုက်ခဲ့သည့် လက္ခဏာလည်း မတွေ့ရပေ။
ထို့ကြောင့် ရှမ့်လန်သည် မြို့တော်ဖြူကို ရှုတ်ချရန် ခြိမ်းခြောက်သည့် ပုံစံဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မြို့တော်ဖြူအနေဖြင့် မူလန်ကို ပြန်မလွှတ်ပေးပါက သတ်ဖြတ်ပွဲ စတင်ရန်ပင် စီစဉ်ထားခဲ့သည်။ နောက်ဆုံးတွင်မူ ဘိုးဘေးလော်က မူလန်ကို ကုသဖို့ အကူအညီတောင်းရန် မြို့တော်ဖြူသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး မူလန်ကို ဒဏ်ရာရစေခဲ့သူမှာ နဂါးမီးလျှံ ဖြစ်နေသည်။
“အခု မူလန် အဆင်ပြေရဲ့လား။” ရှမ့်လန် စိုးရိမ်တကြီး မေးလိုက်သည်။ ထို့နောက် သူသည် X-ray အမြင်ကို အသုံးပြု၍ မူလန်၏ ခန္ဓာကိုယ်တွင် အတွင်းဒဏ်ရာ ရှိမရှိ အလျင်အမြန် စစ်ဆေးလိုက်၏။
နောက်ဆုံးတွင် သူမ၏ သွေးထဲ၌ အလွန် ထူးခြားသော စွမ်းအင်တစ်ခု၊ နဂါးနောင်တ အရှိန်အဝါ ရှိနေကြောင်း သူ တွေ့ရှိလိုက်ရသည်။ သူမ၏ လက်ချောင်းတွင် ရှေးဟောင်း အမိန့်ပေးလက်စွပ် တစ်ကွင်း ရှိနေပြီး လက်စွပ်၏ အလယ်ဗဟိုတွင် လှပသော ကျောက်မျက်ရတနာ တစ်လုံး မြှုပ်နှံထားသည်။
ဘိုးဘေးလော်က ပြောလိုက်၏။ “နဂါးမီးလျှံရဲ့ စွမ်းအင်က အရမ်း ကြောက်စရာ ကောင်းတယ်။ နဂါးဝူယီက ငါတို့ကို သတ်ချင်စိတ် မရှိပေမဲ့ ငါတို့ရဲ့ ခန္ဓာကိုယ်တွေက နဂါးမီးလျှံရဲ့ ဝါးမျိုခြင်းကို အပြည့်အဝ ခံလိုက်ရတယ်။ ဒီစွမ်းအင်က ရှေးဟောင်း ကတ်ပြားရဲ့ ကာကွယ်မှု အကန့်အသတ်ကိုတောင် ကျော်လွန်လုနီးပါး ဖြစ်ခဲ့တယ်။ အဲဒီတုန်းက အခြေအနေ အရမ်းစိုးရိမ်ရလို့ ငါ မူလန်ကို မြို့တော်ဖြူဆီ ခေါ်လာခဲ့ရတာပါ။ မူလန်ရဲ့ နှလုံးသား ပေါ်က ကျောက်မျက်ရတနာကို မြင်တယ် မဟုတ်လား။”
“မြင်ပါတယ်။” ရှမ့်လန်က ဖြေလိုက်သည်။
ဘိုးဘေးလော်က ဆက်ပြော၏။ “ဒါက မြို့တော်ဖြူရဲ့ အထူး နဂါးနှလုံးသားပဲ။ မြို့တော်ဖြူကို ရောက်လာ ပြီးနောက် သူတို့က ဒီရတနာကို မူလန်ရဲ့ နှလုံးသားမှာ မြှုပ်နှံပေးလိုက်တယ်။ အဲဒါက သူမ ခန္ဓာကိုယ်ထဲက နဂါးမီးလျှံ စွမ်းအင်ကို ဖိနှိပ်ထားပြီး မူလန်ကို လုံးဝ ကယ်တင်နိုင်ခဲ့တယ်။ အဲဒါသာ မရှိရင် ဒီစွမ်းအင်က မူလန်ရဲ့ အသက်ကို ဖျက်ဆီးပစ်လိမ့်မယ်။”
ရှမ့်လန်သည် ကျောက်မျက်ရတနာကို နမ်းရှိုက်လိုက်ပြီး အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် မြို့တော်ဖြူ။ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။ ထာဝရ မမေ့ပါဘူး။”
ဘိုးဘေးလော်က ပြောလိုက်၏။ “နဂါးကို အပြစ်မတင်ပါနဲ့။ သူ့အမြင်မှာ မင်းကလွဲရင် တခြားလူသား အားလုံးက ပုရွက်ဆိတ်တွေပါပဲ။ အဲဒီတုန်းက သူ မင်းကို မတွေ့ရတော့ သခင်မဲ့ အခြေအနေ ဖြစ်နေခဲ့တာ။ အခုတော့ သူ မူလန်ကို နာကျင်စေမှာ မဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ မူလန်က မင်းရဲ့ဇနီးသည် ဆိုတာ သူ သိသွားပြီလေ။”
ရှမ့်လန် တိတ်ဆိတ်ငြိမ်သက်နေမိသည်။ နဂါးသည် အသံလှိုင်း သတ္တဝါပျံများနှင့် တကယ် မတူပေ။ ၎င်းသည် အလွန် မာန်မာနကြီးပြီး ကိုယ်ပိုင် အတွေးအခေါ် ရှိသည်။ လမ်းတစ်လျှောက်လုံးတွင် ၎င်းသည် အကြိမ်ကြိမ် ဒေါသထွက်ခဲ့ပြီး ထိန်းချုပ်၍ မရလုနီးပါး ဖြစ်ခဲ့သည်။ ဒေါသထွက်သည့် အကြိမ်တိုင်းတွင် မိုးနှင့် မြေကို ဖျက်ဆီးလေ့ ရှိသေးသည်။
ဘိုးဘေးလော်က ပြောလိုက်၏။ “သူက ငယ်သေးတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ ခက်ခဲနေသေးတယ်။ ဒါကြောင့် သူ ကြီးပြင်းလာဖို့ မင်းရဲ့ အကူအညီ လိုအပ်တယ်။ နဂါးအပေါ် မင်းရဲ့ နားလည် သဘောပေါက်မှု ကလည်း သူ့ကို တဖြည်းဖြည်း ရင့်ကျက်လာစေပါလိမ့်မယ်။”
နဂါး နားလည်သဘောပေါက်မှု၊ အဓိက သော့ချက်မှာ နဂါးအပေါ် နားလည်သဘောပေါက်မှုပင် ဖြစ်သည်။ နဂါးသည် သူ၏ဘေးနားတွင် ရှိနေသောကြောင့် ဘိုးဘေးလော်သည် စကားအများကြီး မပြောရဲပေ။ ယခုအချိန်တွင် နဂါးနှင့် ရှမ့်လန်သည် စာချုပ် ဆက်ဆံရေးတွင်သာ ရှိနေသေးသည်။
နဂါးကိုယ်တိုင်က မိမိကိုယ်ကို ထိန်းချုပ်ရန် ခက်ခဲနေသောကြောင့် ရှမ့်လန် အနေဖြင့် နဂါးကို လုံးဝ ထိန်းချုပ်ရန်မှာ အလွန် ခက်ခဲလှပေသည်။ ထို့ကြောင့် နဂါးကို လုံးဝ ထိန်းချုပ်နိုင်ရန်နှင့် စစ်မှန်သော သခင် ဖြစ်လာရန် ရှမ့်လန်သည် နဂါး နားလည်သဘောပေါက်မှု အဆင့်ကို အဆက်မပြတ် မြှင့်တင်ရန် လိုအပ်၏။
ယခုအချိန်တွင် ရှမ့်လန်သည် ကျန်းလီ၏ နဂါးစာချုပ်ကို ဆက်ခံထားရုံသာ ရှိသေးသည်။ ဘီလီယံရာချီ တန်ဖိုးရှိသော လုပ်ငန်းကြီးတစ်ခုကို ဆက်ခံပြီး ဥက္ကဋ္ဌ ဖြစ်လာသော ဒုတိယမျိုးဆက် သူဌေးသားနှင့် တူနေသည်။ သို့သော်ငြား ဤဧရာမ လုပ်ငန်းကြီးကို လုံးဝ ထိန်းချုပ်လိုလျှင် ကြိုးစားအားထုတ်ရန် လိုအပ်သေးသည်။
ဘိုးဘေးလော်က ပြောလိုက်၏။ “သေချာတာပေါ့။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ ဆိုတဲ့ စကားပုံ ရှိပေမဲ့ တစ်ခါတလေ ကံဆိုးမှုက ကောင်းချီးမင်္ဂလာ ဖြစ်လာတတ်ပါတယ်။ ဒီတစ်ခါ နဂါးမီးလျှံက မူလန်ကို ဝါးမျို သွားခဲ့တယ်။ မူလန်အတွက် အန္တရာယ် ယူဆောင်လာပေးပေမဲ့ ကြီးမားတဲ့ အခွင့်အရေး တစ်ခုကို ယူဆောင်လာပေးတယ်။
အကယ်၍ သူသာ ခန္ဓာကိုယ်ထဲက နဂါးမီးလျှံ စွမ်းအင်ကို စုပ်ယူပြီး ကိုယ်ပိုင်စွမ်းအင် အဖြစ် ပြောင်းလဲနိုင်မယ် ဆိုရင် သူ့ရဲ့ သိုင်းပညာက အများကြီး တိုးတက်လာပါလိမ့်မယ်။ ဒါအပြင် ဒါက သူ့ရဲ့ သွေးမျိုးဆက်အတွက် အလှပဆုံးသော နိဗ္ဗာန ပြောင်းလဲခြင်း ဖြစ်လာပါလိမ့်မယ်။”
မူလန်က အော်ဟစ်လိုက်သည်။ “ဟင့်အင်း။ ကျွန်မ မလိုချင်ဘူး။ ကျွန်မ မပြောင်းလဲချင်ဘူး။ နိဗ္ဗာနအဆင့်လည်း မရောက်ချင်ဘူး။ ယောက်ျားနဲ့အတူ အိမ်ပြန်ချင်တယ်။ ကျွန်မ သည်းမခံနိုင်တော့ဘူး။ နေ့တိုင်း ယောက်ျားနဲ့ အတူနေချင်တယ်။ မိသားစုနဲ့ အတူနေချင်တယ်။”
ပိုမို စွမ်းအားကြီးလာသော မူလန်သည် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ရှမ့်လန်ကို ပိုမို တွယ်တာလာကာ ရှမ့်လန်၏ လည်ပင်းကို ဖက်ထားပြီး လွှတ်မပေးတော့ပေ။
မူလန်က ချိုသာသော အသံဖြင့် ပြောလိုက်သည်။ “ယောက်ျား... ရှင်နဲ့အတူ အိမ်ပြန်ချင်တယ်။ သိုင်းပညာ မလိုချင်ဘူး။ ဘာမှ မလိုချင်ဘူး။ ရှင်နဲ့ အတူနေချင်တယ်။ မိသားစုနဲ့ အတူနေချင်တယ်။ ဖေဖေ ၊ မေမေတို့ကို လွမ်းတယ်။ ရှမ့်ယီလေးကို လွမ်းတယ်။ သမီးလေး ရှမ့်မီကို လွမ်းတယ်။ သားလေး ရှမ့်လီကို လွမ်းတယ်။ ကျင်းမူကုန်းကို လွမ်းတယ်။ ဒီနေ့ကစပြီး ရှင်နဲ့ တစ်စက္ကန့်လေးတောင် မခွဲနိုင်တော့ဘူး။”
ထိုအချိန်တွင် အပြင်ဘက်မှ မြို့တော်ဖြူ အမျိုးသမီး၏ အသံ ထွက်ပေါ်လာခဲ့၏။ “အရှင် ရှမ့်လန်... ဒါက တစ်သက်မှာ တစ်ခါသာ ရနိုင်တဲ့ အခွင့်အရေးပါ။ အကယ်၍ သခင်မ မူလန်သာ ကျွန်မတို့ဆီမှာ နေခဲ့မယ်ဆိုရင် သူ အများကြီး တိုးတက်ပြီး ပြောင်းလဲနိုင်ပါလိမ့်မယ်။”
မြို့တော်ဖြူ အမျိုးသမီးက ဆက်ပြောသည်။ “ကျွန်မတို့ သူ့ကို လောကရဲ့ အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်လာ စေချင်ပါတယ်။ ကျွန်မတို့ ဒါကို အရေးတကြီး လိုအပ်နေပါတယ်။”
ရှမ့်လန်က မေးလိုက်၏။ “ဘာလို့လဲ။ သူ့သွေးမျိုးဆက်က အရမ်း ထူးခြားနေလို့လား။”
မြို့တော်ဖြူ အမျိုးသမီးက ပြောလိုက်သည်။ “ဟင့်အင်း ... မဟုတ်ဘူး။ သူ့ရဲ့ သွေးမျိုးဆက်က မထူးခြားပါဘူး။ ဘာလို့လဲဆိုတော့ သူမက ရှင့်ရဲ့မိန်းမ ဖြစ်နေလို့ပါ။ ဒါ့ကြောင့် ကျွန်မတို့ သူ့ကို လောကအသန်မာဆုံး ဖြစ်လာအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။”
‘ဒါ။ ဒါက ဘာ ယုတ္တိဗေဒလဲ။ ဘာအကြောင်းပြချက်လဲ။’
ရှမ့်လန်က မေးလိုက်၏။ “ဒီမှာပဲ ဖြစ်ရမှာလား။”
မြို့တော်ဖြူ အမျိုးသမီးက ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ ဒီက အအေးဓာတ်နဲ့ ထူးခြားတဲ့ ပတ်ဝန်းကျင်က သခင်မ မူလန်ရဲ့ ခန္ဓာကိုယ်ထဲက နဂါးမီးလျှံ စွမ်းအင်ကို ဖိနှိပ်ဖို့ အသင့်တော်ဆုံးပါပဲ။ ဝါးမျိုပြီး ပျော်ဝင်စေဖို့ အသင့်တော်ဆုံးပါပဲ။”
မူလန်၏ မျက်ရည်များ ရုတ်တရက် စီးကျလာပြီး သူမ၏ လှပသော မျက်ဝန်းကြီးများဖြင့် ရှမ့်လန်ကို ကြည့်ကာ ငိုကြွေးလိုက်၏။ “ယောက်ျား... ကျွန်မကို ဒီမှာ ထားမသွားပါနဲ့။ ကျွန်မ ပိုပြီး စွမ်းအားမကြီးချင်ဘူး။ ရှင်နဲ့အတူ အိမ်ပြန်ချင်တယ်။”
ဘိုးဘေးလော်က ပြောလိုက်သည်။ “လန်အာ... တချို့ကိစ္စတွေကို ငါ ရှင်းရှင်းလင်းလင်း မပြောနိုင်ပေမဲ့ မူလန်က ဒီမှာနေဖို့ အသင့်တော်ဆုံး ဆိုတာတော့ အမှန်ပါပဲ။ ငါတို့ သူ့ကို အသန်မာဆုံး ဖြစ်လာစေချင်တယ်။”
“ဟင့်အင်း။ ယောက်ျားနဲ့အတူ အိမ်ပြန်ချင်တယ်။” မူလန်က ရှမ့်လန်ကို တွယ်ကပ်ထား၏။
ရှမ့်လန်သည် သူမ၏ လှပသောမျက်နှာလေးကို ကိုင်ထားပြီး အံကြိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ။ အိမ်ပြန်ကြမယ်။”
… …
မြို့တော်ဖြူ အမျိုးသမီးက လှမ်းခေါ်လိုက်၏။ “အရှင် ရှမ့်လန်... အဆင်ပြေရင် စကား ခဏလောက် လာပြောလို့ ရမလား။”
မူလန်သည် ရှမ့်လန်ကို တင်းကျပ်စွာ ဖက်ထားပြီး အပြင်ထွက်မသွားစေချင်ပေ။ ရှမ့်လန်သည် သူမ၏ နှုတ်ခမ်း၊ ဆံပင်နှင့် နဖူးတို့ကို နမ်းရှိုက်လိုက်သည်။ မူလန်သည် သူမ၏ နုနယ်သောလက်ကို လွှတ်ပေးလိုက်ပြီး ရှမ့်လန် အဝတ်အစား ဝတ်ဆင်ရန် ကူညီပေးလိုက်သည်။
ရှမ့်လန် အပြင်သို့ ထွက်လာလိုက်သည်။ ညအချိန် ရောက်နေပြီ ဖြစ်၏။ ယနေ့ နှင်းမကျသောကြောင့် ကောင်းကင်သည် ဆေးကြောထားသကဲ့သို့ အလွန် သန့်ရှင်းနေသည်။ ကောင်းကင်ယံမှ ကြယ်များသည် ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေကြ၏။
ထို့အပြင် အလှပဆုံးသော အံ့ဖွယ်အမှု ဖြစ်သည့် ဝင်ရိုးစွန်း အလင်းတန်းများလည်း ရှိနေသည်။ ဤနေရာသည် ဝင်ရိုးစွန်း အလင်းတန်းများကို မြင်တွေ့နိုင်လောက်အောင် မြောက်ဘက် ကျလွန်းလှသည်မှာ အမှန်ပင်။
သို့သော်ငြား ဝင်ရိုးစွန်း အလင်းတန်းများကို မြင်တွေ့ရခြင်းသည် သတင်းကောင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဤဂြိုဟ်၏ သံလိုက်စက်ကွင်း မဆိုးဝါးကြောင်းနှင့် နေမုန်တိုင်းကို ဘေးဘက်သို့ တွန်းထုတ်နိုင်ကြောင်း ပြသနေခြင်း ဖြစ်သည်။
မြို့တော်ဖြူ အမျိုးသမီးက မေးလိုက်၏။ “လှတယ် မဟုတ်လား။”
ရှမ့်လန်က ဖြေလိုက်သည်။ “ဟုတ်တယ်။ လောကပေါ်မှာ အလှပဆုံး အံ့ဖွယ်အမှုပဲ။”
မြို့တော်ဖြူ အမျိုးသမီးက ပြောလိုက်၏။ “အရှင် ရှမ့်လန် အနေနဲ့ ဒါတွေရဲ့ သဘောတရားကို ကောင်းကောင်း ရင်းနှီးမှာပါ။”
ရှမ့်လန်က ပြောလိုက်သည်။ “ဂြိုဟ်တစ်လုံး အသက်ရှင်နေသရွေ့ သူ့ရဲ့မြေလွှာထဲမှာ သတ္တုအရည်တွေ မရေမတွက်နိုင်အောင် စီးဆင်းနေပြီး ဂြိုဟ်ကို ကာကွယ်ဖို့ သံလိုက်စက်ကွင်း တစ်ခု ဖန်တီးပေးထားတယ်။ ဒီနည်းအားဖြင့် နေမုန်တိုင်း တိုက်ခတ်လာတဲ့အခါ ဂြိုဟ်ပေါ်က သက်ရှိတွေ အသက်ရှင်နိုင်မှာပေါ့။”
မြို့တော်ဖြူ အမျိုးသမီးက ပြောလိုက်၏။ “အရှင် ရှမ့်လန်က တကယ့်ကို ဗဟုသုတ ကြွယ်ဝတာပဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားတို့ မြို့တော်ဖြူက မြောက်ဘက်စွန်းမှာ တည်ရှိနေတာဆိုတော့ ရာသီဥတု ကောင်းရင် နေ့တိုင်း ဒီလို ဝင်ရိုးစွန်း အလင်းတန်းတွေကို မြင်တွေ့ရမှာပေါ့။”
မြို့တော်ဖြူ အမျိုးသမီးက ပြန်ပြော၏။ “ဟုတ်ပါတယ်။ ရာသီဥတု ကောင်းရင် နေ့တိုင်း မြင်ရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ တန်ဖိုးမထားဘဲ မနေနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အနာဂတ် တစ်နေ့မှာ လုံးဝ မမြင်ရတော့မှာကို စိုးရိမ်လို့ပါ။”
ရှမ့်လန် သူမကို ထပ်မေးလိုက်သည်။ “ခင်ဗျားတို့ ဆော်ရွန်ကို အကူအညီ ပေးခဲ့တယ်နော်။”
မြို့တော်ဖြူ အမျိုးသမီးက ဖြေ၏။ “ဟုတ်ပါတယ်။”
“ဘာလို့လဲ။” ရှမ့်လန်က မေးလိုက်သည်။
မြို့တော်ဖြူ အမျိုးသမီးက ဖြေ၏။ “တိတိကျကျ ပြောရရင် မြောက်ဘက်စွန်း ဒေသကို ရောက်လာတဲ့ ဘယ်သူ့ကိုမဆို ကျွန်မတို့ အကူအညီ ပေးဖို့ ဆန္ဒရှိပါတယ်။”
ရှမ့်လန်သည် မျက်လုံးများကို မှေးစင်းကာ ကြည့်လိုက်သည်။
မြို့တော်ဖြူ အမျိုးသမီးက ဆက်ပြော၏ “ဒီနေရာကို ရောက်လာနိုင်တဲ့ သူတွေက ဒီလောကကြီးအကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ကြသလို လုံလောက်တဲ့ စွမ်းအားလည်း ရှိကြပါတယ်။ မြို့တော်ဖြူ အနေနဲ့ ဒီလိုလူမျိုးတွေ များလာတာကို ဘယ်တော့မှ ငြီးငွေ့မှာ မဟုတ်ပါဘူး။ ပိုများလာဖို့တောင် မျှော်လင့်နေတာပါ။ အရေးကြီးတဲ့အချိန်မှာ မတ်တတ် ထရပ်နိုင်မဲ့ လူတွေ ပိုလိုတယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “အဲဒီ ဆော်ရွန်က ဝိညာဉ်ကူးပြောင်း ခံထားရတာ။ သူက ကျန်းမိသားစုရဲ့ အစေခံ ကွေ့ဝူပဲ။”
မြို့တော်ဖြူ အမျိုးသမီးက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ကျွန်မတို့ ဒါတွေကို ဂရုမစိုက်ပါဘူး။ အတိုင်းအတာ တစ်ခုအထိ လောကီ ပဋိပက္ခတွေမှာ ကျွန်မတို့ ဝင်မပါ,ပါဘူး။”
ရှမ့်လန် တိတ်ဆိတ်ငြိမ်သက်သွားပြန်၏။
မြို့တော်ဖြူ အမျိုးသမီးက ပြောလိုက်သည်။ “သေချာတာပေါ့။ အရှင်ရှမ့်လန် အပေါ်မှာတော့ ကျွန်မတို့ သဘောထား တစ်ခု ရှိပါတယ်။ အဲဒီ သဘောထားက ဘာလဲဆိုတော့။ ကျွန်မ ဘယ်လို သဘောထား ရှိသင့်လဲ ဆိုတာ မသိတာပါပဲ။ ရှင့်ကို ရန်သူလို သဘောထားရမလား။ ဒါမှမဟုတ် လုံးဝ ဆန့်ကျင်ဘက် သဘောထားရမလား ဆိုတာ မသိပါဘူး။”
ရှမ့်လန်သည် အမိုးခုံးကြီးကို ကြည့်လိုက်သည်။ အမှောင်ထဲတွင် ဖြစ်လင့်ကစား ဝင်ရိုးစွန်း အလင်းတန်းများ၏ အလင်းရောင်ကြောင့် အလွန် လှပနေ၏။
“ဒီအမိုးခုံးကြီးကို ကျောက်စိမ်းဖြူ မြို့တော်က တည်ဆောက်ခဲ့တာလား။” ရှမ့်လန်က မေးလိုက်သည်။
“ဟုတ်ပါတယ်။” မြို့တော်ဖြူ အမျိုးသမီးက ဖြေလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါက အံ့မခန်း စီမံကိန်းကြီးပဲ။ ကျုပ် လုံးဝ စိတ်ကူးလို့တောင် မရနိုင်ဘူး။”
မြို့တော်ဖြူ အမျိုးသမီးက ပြောလိုက်၏။ “အရှင်ရှမ့်လန် အနေနဲ့ ဒီ ဧရာမနဂါးကြီးနဲ့ စာချုပ်သစ် ချုပ်ဆိုရာမှာ အောင်မြင်ခဲ့တာ သခင်မမူလန်ရဲ့ ကျေးဇူး အများကြီး ပါပါတယ်။ တကယ်တော့ သူ့ရဲ့ ကျေးဇူးက ရှင်မြင်နေရတာထက် ပိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီနဂါးကို လိုချင်တဲ့လူတွေက ရှင်ထင်ထားတာထက် ပိုများလို့ပါ။ ရှင်မြင်တဲ့ ဆော်ရွန် တစ်ယောက်တည်း မဟုတ်ပါဘူး။ အကယ်၍ ရှင်သာ နည်းနည်း နောက်ကျခဲ့ရင် အကျိုးဆက်က စိတ်ကူးလို့ရမှာ မဟုတ်ပါဘူး။”
ရှမ့်လန် အံ့အားသင့်သွားရ၏။ ဆော်ရွန်အပြင် နဂါးကို လိုချင်သူ နောက်တစ်ယောက် ရှိသေးသည်လား။ မည်သူနည်း။ သို့သော်ငြား မူလန်သာ မရှိလျှင် ရွှေကျောက်စိမ်းမြို့ တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။ ထို့ကြောင့် မူလန်၏ ကောင်းမှုကံသည် အတိုင်းအဆ မရှိပေ။
မြို့တော်ဖြူ အမျိုးသမီးက ပြောလိုက်သည်။ “ကျွန်မ အရင်က ပြောခဲ့သလိုပါပဲ။ သခင်မ မူလန်ရဲ့ သွေးမျိုးဆက် က မထူးခြားပါဘူး။ သူ့ကို ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာစေဖို့ မလွယ်ကူပါဘူး။ ပေးဆပ်ရမဲ့ တန်ကြေးက တခြား ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတွေထက် ပိုများပါတယ်။ ဥပမာ ရှင့်ရဲ့ သားတော် မင်းသားလေး ရှမ့်ယီဆိုရင် ပေးဆပ်ရမယ့် တန်ကြေးက အရမ်း နည်းပါးပါတယ်။”
မြို့တော်ဖြူ အမျိုးသမီးက အမှတ်ယူလို၍ ပြောနေခြင်း မဟုတ်ပေ။ သူမ ရှင်းပြနေခြင်းသာ ဖြစ်သည်။ မြို့တော်ဖြူ အမျိုးသမီးက ဆက်ပြော၏။ “ဒါပေမဲ့ သူမက ရှင့်ရဲ့မိန်းမ ဖြစ်ပြီး ရှင့်အတွက် အရေးအကြီးဆုံး လူတစ်ယောက် ဖြစ်နေလို့ ကျွန်မတို့အနေနဲ့ သူ့ကို အစွမ်းကုန် စွမ်းအားကြီးလာအောင် ကြိုးစားပေးရပါမယ်။”
ရှမ့်လန်က မေးလိုက်သည်။ “ခင်ဗျားတို့က သူ့ကို အင်အားကြီးအောင်လုပ်ပြီး ကျုပ်ကို ကူညီစေချင်လို့လား။”
မြို့တော်ဖြူ အမျိုးသမီးက ပြောလိုက်၏။ “ဒါတင် မဟုတ်ပါဘူး။ အရေးအကြီးဆုံးက အရေးကြီးတဲ့ အချိန်မှာ သူ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့နဲ့ တခြားသူတွေကို ကာကွယ်ပေးနိုင်ဖို့ပါ။”
ရှမ့်လန်၏ မျက်လုံးများ လှုပ်ရှားသွားခဲ့သည်။ ဤစကားထဲတွင် ပါဝင်သော သတင်းအချက်အလက် ပမာဏမှာ များပြားလွန်းလှသည်။
‘အရေးကြီးတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့နဲ့ တခြားသူတွေကို ကာကွယ်ပေးနိုင်ဖို့...’