အခန်း (၁၂၄၉-၁၂၅၀)
Vol. 72 Ch. 1249-1250
အပိုင်း (၁၂၄၉)
ထို့နောက် ရှမ့်လန်နှင့် ရှမ့်ယီတို့သည် အသံထက်မြန်သော ပျံသန်းသားရဲနှစ်ကောင်ကို တစ်ယောက်စီ စီးနင်းလိုက်ကြပြီး ရှီလွန်အင်ပါယာ မြို့တော်မှ ထွက်ခွာလာခဲ့ကြသည်။ သူတို့သည် အရှေ့တိုင်းလောကဆီသို့ ဦးတည် ပျံသန်းလာခဲ့ကြ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ရှမ့်ယီ... ဖေဖေ အရမ်း စိတ်မကောင်းပါဘူး။ သားရဲ့မေမေက ဖေဖေတို့နဲ့အတူ ပြန်လိုက်လို့ မရဘူး။”
ရှမ့်ယီက အနည်းငယ် အက်ကွဲသော အသံဖြင့် ပြန်ပြော၏။ “ဟုတ်ကဲ့ပါ။ သားတို့ မိသားစုထဲက လူတိုင်းမှာ ကိုယ်ပိုင် တာဝန်တွေ ရှိကြပါတယ်။ ဒီနေ့ ခွဲခွာခြင်းက မနက်ဖြန် ပြန်လည် ဆုံစည်းဖို့ပါပဲ။”
ရှမ့်လန်၏ ရင်ထဲတွင် ဆို့နင့်သွားခဲ့ရ၏။ ဤကလေးသည် ရင့်ကျက်လွန်းလှသည်။ ဆယ်နှစ်အရွယ် ကလေး တစ်ယောက်နှင့် လုံးဝ မတူပေ။
နဂါးတွင် သားကိုးယောက်ရှိပြီး တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။ ရှမ့်လန်၏ ကလေးများသည်လည်း တစ်ယောက်နှင့်တစ်ယောက် ကွဲပြားခြားနားကြသည်။ သို့သော်ငြား ကလေးတစ်ယောက်စီတိုင်းသည် ချစ်စဖွယ် ကောင်းပြီး ထူးခြားကြသည်။
ကံမကောင်းစွာဖြင့် ရှမ့်လန်သည် ဖခင်ကောင်းတစ်ယောက် မဟုတ်ခဲ့ပေ။ သူသည် ကလေးတစ်ယောက်စီတိုင်း ကြီးပြင်းလာချိန်တွင် အတူတကွ ရှိမနေပေးနိုင်ခဲ့ချေ။ သူတို့ ကြီးပြင်းလာသည့် အချိန်ကာလများကို သူ မကြုံတွေ့နိုင်ခဲ့ပေ။
ရှမ့်ယီက မေးလိုက်၏။ “ဖေဖေ... အရှေ့တိုင်းလောကကို ပြန်ရောက်ပြီးရင် တော်ဝင်ရန်အင်ပါယာနဲ့ အဆုံးအဖြတ် တိုက်ပွဲ မကြာခင် ဖြစ်တော့မှာလား။”
ရှမ့်လန်က အတည်ပြုလိုက်သည်။ “ဟုတ်တယ်။ သိပ်မကြာခင် ဖြစ်လိမ့်မယ်။”
ရှမ့်ယီက ဆက်ပြော၏။ “နောက်ဆုံးအနိုင်ရသူက ကျုပ်တို့ ကျန်းမိသားစု ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒါက လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်တည်းက ဆုံးဖြတ်ပြီးသားကိစ္စပါ။ အဘိုးရဲ့ ကျရှုံးမှုက ဒီနေ့ အောင်ပွဲအတွက်ပါပဲ။”
ထိုအခိုက်အတန့်၌ ကောင်းကင်ယံတွင် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ဧရာမ အရိပ်ကြီးတစ်ခု မြေပြင်ပေါ်သို့ ကျရောက်လာခဲ့၏။ မီတာသောင်းချီ အမြင့်မှ ပျံသန်းနေခြင်း ဖြစ်သော်လည်း မြေပြင်ပေါ်ရှိ လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
နဂါးကြီး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူသည် တိမ်တိုက်များအထက်မှ ပျံသန်းနေ၏။ သို့သော်ငြား ၎င်း၏ ခန္ဓာကိုယ်မှာ ကြီးမားလွန်းသောကြောင့် ပျံသန်းသည့် အရှိန်အဟုန်မှာ အလွန် တုန်လှုပ်ဖွယ်ရာ ကောင်းသည်။ ဟာရီကိန်းမုန်တိုင်း တစ်ခုအလား တိမ်တိုက်များကို စုတ်ဖြဲပစ်ခဲ့၏။
မီတာသောင်းချီ မြင့်မားသော်လည်း သူ ဖြတ်ပျံသွားပြီးနောက် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး တုန်ခါသွား ခဲ့ရသည်။
ရှမ့်လန်၊ သူ၏ သားဖြစ်သူနှင့် နဂါးကြီးတို့သည် ရှီလွန်အင်ပါယာကို စွန့်ခွာကာ အရှေ့တိုင်းလောကသို့ ပြန်လည် ရောက်ရှိလာခဲ့ကြ၏။
နုရှောင့်မြို့သို့ မပြန်မီ ရှမ့်လန်သည် ဦးစွာပထမ ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီးများရှိရာ နှင်းတောင်ထိပ်ရှိ ပိရမစ်ဆီသို့ သွားရောက်ခဲ့သည်။ သူသည် နဂါးဉာဏ်အလင်းကို နောက်တစ်ကြိမ် ရယူလိုခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် တစ်ကြိမ်က သူသည် စောစီးစွာ ရောက်ရှိလာခဲ့မိသောကြောင့် ဖြစ်သည်။
ရှမ့်လန်၌ အထင်အမြင်လွဲမှားမှု တစ်ခု အမြဲ ရှိခဲ့သည်။ ဤနဂါးကို မရှာဖွေမီ သူသည် နဂါးဉာဏ်အလင်းကို ဦးစွာ ရယူရမည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး၌မူ ထိုသို့ လုံးဝ မဟုတ်ခဲ့ပေ။ သူ၏ဖခင် ကျန်းလီသည် နဂါးစာချုပ်ကို ပြီးမြောက်ခဲ့ပြီး ဖြစ်သည်။ ရှမ့်လန်အနေဖြင့် စာချုပ်ကို သက်တမ်းတိုးရန်သာ လိုအပ်သည်။ နဂါးဉာဏ်အလင်း ရယူရန် လုံးဝ မလိုအပ်ခဲ့ချေ။
ဆန့်ကျင်ဘက် အနေဖြင့် ရှမ့်လန်သည် နဂါးနှင့် အချိန်ကာလတစ်ခုအကြာ ထိတွေ့ဆက်ဆံပြီးမှသာ အကျိုး သက်ရောက်မှု ပိုမို ကောင်းမွန်မည် ဖြစ်ပြီး ဉာဏ်အလင်း ပွင့်မှုလည်း ပိုမို နက်ရှိုင်းမည် ဖြစ်သည်။ ဤကဲ့သို့သော နဂါးဉာဏ်အလင်း ရယူခြင်းသည် မိမိ၏ကိုယ်ပိုင် နားလည်သဘောပေါက်မှုနှင့် ဉာဏ်ပညာအပေါ် လုံးလုံးလျားလျား မူတည်နေသည်။
မိမိသည် လမ်းဆုံးသို့ ရောက်နေပြီး မည်သည့်အရာကိုမှ အသစ်ထပ်မံ၍ နားမလည်နိုင်တော့ဟု ခံစားရသည့်အခါ အလိုအလျောက် ပြီးဆုံးသွားမည် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ရှမ့်လန်သည် ရှေးဦး အကျဉ်းထောင် ထဲတွင် အခြားလောကတစ်ခုမှ အလွန် လျှို့ဝှက်နက်နဲသော ဘာသာစကားကို မြင်တွေ့ခဲ့ဖူးပြီး အကြိမ်များစွာ လေ့လာခဲ့ဖူးသည်။ သို့မဟုတ်ပါက သူသည် နဂါးကို နားလည်နိုင်မည် မဟုတ်ဘဲ စတင်လိုက်သည်နှင့် ပြီးဆုံးသွား ပေလိမ့်မည်။
ယခုအချိန်၌ နဂါးသည် ကောင်းကင်ယံတွင် မောက်မာစွာ ပျံသန်းနေဆဲ ဖြစ်ပြီး သူ၏ ပုံသဏ္ဍာန်ကို လုံးဝ မမြင်ရတော့ပေ။ ရှမ့်လန်သည် တချောင်ကို စီးနင်းလျက် ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီးများရှိရာ နှင်းတောင်ထိပ်ရှိ ပလက်ဖောင်းပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်၏။
ရှမ့်လန်သည် ကြည်လင်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။ “လေးစားအပ်ပါသော မဟာပညာရှင်တို့... ရှမ့်လန် ထပ်မံ လာရောက် ဂါရဝပြုပါတယ်။ နဂါးဉာဏ်အလင်းကို နောက်တစ်ကြိမ် ခံယူခွင့် ပြုပါ။”
သို့သော်ငြား အတွင်းမှ မည်သည့်အသံမှ ထွက်မလာခဲ့ပေ။ “ရှမ့်လန် နဂါးသိမြင်နားလည်မှုကို နောက်တစ်ကြိမ် ခံယူခွင့် တောင်းခံပါတယ်။”
တုံ့ပြန်မှု မရှိသေးပေ။
“မဟာကပ်ဘေး ဉာဏ်ပညာဘုရင် ရှမ့်လန်... နဂါးဉာဏ်အလင်းကို နောက်တစ်ကြိမ် ခံယူခွင့် တောင်းခံပါတယ်။”
တုံ့ပြန်မှု မရှိသေးပေ။ သူ့၌ အခွင့်အရေး တစ်ကြိမ်သာ ရှိခဲ့ခြင်း ဖြစ်မည်လား။ ယခု သူ မည်သို့ ဆက်လက် လုပ်ဆောင်ရမည်နည်း။ နဂါးကို ဆင်းသက်လာစေပြီး ပိရမစ်ကို ခြိမ်းခြောက်ခိုင်း၍ မဖြစ်နိုင်ပေ။
ယခု ပြဿနာမှာ တော်ဝင်ရန်အင်ပါယာ၌လည်း နဂါးတစ်ကောင် ရှိနေပြီး ၎င်းသည် ရှမ့်လန်၏ နဂါးထက် သေချာပေါက် ပိုမို အသက်ကြီးရင့်ပေသည်။ ထို့အပြင် တော်ဝင်ရန်အင်ပါယာ၏ ဧကရာဇ်သည် နဂါးဉာဏ်အလင်း ကို နှစ်ပေါင်းများစွာကြာ ခံယူခဲ့ပြီး ဖြစ်သည်။
ရှမ့်လန်၏ နဂါးမှာမူ နှိုင်းယှဉ်ရလျှင် ငယ်ရွယ်ပြီး ရှမ့်လန်၏ နဂါးဉာဏ်အလင်းမှာလည်း ယခုမှ စတင်ရုံသာ ရှိသေးသည်။ ထို့ကြောင့် အရေးနိမ့်သွားမည်ကို အမှန်တကယ် စိုးရိမ်မိ၏။
သို့သော်ငြား ပိရမစ်အတွင်း၌ တိတ်ဆိတ်နေဆဲပင်။
ရှမ့်လန်က မေးမြန်းလိုက်သည်။ “မဟာပညာရှင်တို့... ကျုပ်မှာ နဂါးအတတ်ပညာကို နားလည် သဘောပေါက်ဖို့ အခွင့်အရေး တစ်ကြိမ်သာ ရှိတယ်လို့ ဆိုလိုတာလား။”
ခဏမျှကြာပြီးနောက် အတွင်းမှ သက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာခဲ့၏။ “အဲလို မဟုတ်ပါဘူး။”
ရှမ့်လန်က ဆက်ပြောသည်။ “အဲလိုဆိုရင် ကျုပ် ဒီနေရာမှာ နဂါးလမ်းစဉ်ကို ဆက်လက် လေ့လာ ဆင်ခြင်ခွင့် ရှိပါသလား။ ဒီတစ်ကြိမ်မှာ အောင်မြင်မှုအသစ် တစ်ခု ရှိလာလိမ့်မယ်လို့ ကျုပ် ထင်ပါတယ်။”
အတွင်းမှ အသံက ရှင်းပြ၏။ “ကျုပ်တို့လည်း အဲလို ထင်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်ခေါက်က ခင်ဗျားအတွက် အဲဒီစာလုံးကို ရေးသားပေးခဲ့တာက ကျုပ်တို့ရဲ့ စိတ်ဝိညာဉ်နဲ့ အင်အားအားလုံးကို ကုန်ခမ်းစေခဲ့တယ်။ ကျုပ်တို့ရဲ့ အသက်အချို့ကိုပါ ပေးဆပ်ခဲ့ရပါတယ်။”
ထိုစကား ထွက်ပေါ်လာသည်နှင့် ရှမ့်လန်၏ နှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရသည်။
အတွင်းမှ လူက ဆက်ပြော၏။ “ဒါပေါ့။ ကျုပ်တို့ သေခြင်းတရားကို ဂရုမစိုက်တော့ပါဘူး။ ဒါပေမဲ့ အရှင် ရှမ့်လန်... ခင်ဗျားဉာဏ်အလင်း ရရှိတိုင်း ကျုပ်တို့ရဲ့ အသက်တွေနဲ့ ပေးဆပ်ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားအတွက် အဲဒီစာလုံးကို ရေးသားဖို့ ကျုပ်တို့ရဲ့ စိတ်ဓာတ်၊ ဝိညာဉ်နဲ့ အရာအားလုံးကို အသုံးပြုရလို့ပါပဲ။”
ရှမ့်လန် ပို၍ တိတ်ဆိတ်သွားခဲ့သည်။ ‘အရှင် ရှမ့်လန်... သင် လာတာ စောလွန်းနေတယ်’ ဟူသော စကားကို နောက်တစ်ကြိမ် ခံစားလိုက်ရပြန်သည်။
ဟုတ်ပေသည်။ လွန်ခဲ့သည့်တစ်ခေါက်က သူ အမှန်တကယ်ပင် စောစီးစွာ ရောက်ရှိလာခဲ့ကြပြီး တစ်ဖက်က လုံလောက်အောင် ပြင်ဆင်မထားခဲ့ကြပေ။ နဂါးဉာဏ်အလင်း တစ်ကြိမ်ကို အလဟဿ ဖြစ်သွားသည်ဟု မဆိုနိုင်သော်လည်း ဤအရာသည် မဟာပညာရှင်တို့၏ အသက်၊ ဝိညာဉ်များဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ပိုမို နက်ရှိုင်းခဲ့သင့်၏။
အတွင်းမှ အသံက ထပ်ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ခင်ဗျား အဆင်သင့် ဖြစ်ပြီလို့ သေချာရင်တော့ အဲဒီစာလုံးကို ကျုပ်တို့ နောက်တစ်ကြိမ် ရေးပေးနိုင်ပါတယ်။ ဒါပေမဲ့ ... ဒီတစ်ကြိမ် ပြီးသွားရင်တော့ ဒီပိရမစ်ကြီးက လုံးဝ စွန့်ပစ်ခံရတော့မှာပါ။ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့လူတွေ ဆက်ပြီး ရှိနေတော့မှာ မဟုတ်လို့ပါပဲ။”
ဆိုလိုသည်မှာ ဤလူတစ်စုသည် နောက်ဆုံးသော နဂါးကျမ်းစာကို ပြီးမြောက်အောင် ရေးသားရန် သူတို့၏ အသက်များဖြင့် ပေးဆပ်ရပေလိမ့်မည်။
“အရှင်ရှမ့်လန်... ကျုပ်တို့ သေခြင်းတရားကို မကြောက်ရွံ့ပါဘူး။ တကယ်တော့ သေခြင်းတရားဆိုတာ လွတ်မြောက်မှု တစ်မျိုးပါပဲ။ ဆက်လက် ရှင်သန်နေထိုင်ခြင်းက ကျုပ်တို့အတွက် အဆုံးမဲ့ဝေဒနာနဲ့ နှိပ်စက် ညှဉ်းပန်းမှုပါပဲ။ ဒါပေမဲ့ ကျုပ်တို့ရဲ့တာဝန် မပြီးဆုံးခင်မှာ ကျုပ်တို့ မသေရဲကြပါဘူး။ နောက်တစ်ချက်က ရောက်လာမဲ့သူက ခင်ဗျား ဖြစ်မယ်ဆိုတာ ကျုပ်တို့ တကယ် မသိခဲ့ပါဘူး။ ကျုပ်တို့က မဟာကပ်ဘေး ဘုရားကျောင်းရဲ့ နောက်ဆုံး ဉာဏ်ပညာဘုရင် ဖြစ်လိမ့်မယ်လို့ ထင်ခဲ့တာပါ။”
ရှမ့်လန်က မေးလိုက်သည်။ “ဒီနဂါးဥက ရှင်းရှင်းလင်းလင်းကို ကျန်းမိသားစုပိုင် ပစ္စည်းပါ။ ကြယ်တံခွန် ဝင်တိုက်မှုကနေ ဒီလောကကို ဘယ်အချိန်က ရောက်လာခဲ့သလဲ ဆိုတာ မေးလို့ ရမလား။”
အတွင်းမှ အသံက ဖြေ၏။ “ကြာခဲ့ပါပြီ။ ခင်ဗျား စိတ်ကူးနိုင်တာထက် ပိုပြီး ကြာမြင့်ခဲ့ပါပြီ။ ဒါပေမဲ့ ဒီအရာတွေ အားလုံးက အဓိပ္ပာယ် မရှိပါဘူး။ ဒီနဂါးက ခင်ဗဗျားရဲ့ စာချုပ်သားရဲ ဖြစ်လာခဲ့ပြီပဲ။ ဒါကြောင့် မဟာကပ်ဘေး ဉာဏ်ပညာဘုရင်က သင်ပဲ ဖြစ်ရပါလိမ့်မယ်။”
ထို့နောက် အသံက ထပ်မေးလိုက်သည်။ “အရှင်ရှမ့်လန်... ခင်ဗျား အဆင်သင့် ဖြစ်ပြီလား။ အဆင်သင့် ဖြစ်ပြီဆိုရင်တော့ ကျုပ်တို့ ဒုတိယမြောက် နဂါးဉာဏ်အလင်း ပေးခြင်းကို စတင်လို့ ရပါပြီ။ ဒါက နောက်ဆုံး အကြိမ်လည်း ဖြစ်ပါတယ်။”
ရှမ့်လန် မျက်လုံးများကို မှိတ်ပြီး စတင် တွေးတောလိုက်သည်။ ပထမအကြိမ် နဂါးဉာဏ်အလင်း ရယူခြင်းကို အလွန် အလျင်စလို ပြုလုပ်ခဲ့သော်လည်း အနည်းဆုံးတော့ အချည်းနှီး မဖြစ်ခဲ့ပေ။ ထိုနက်နဲသော စာလုံးများကို သူ လေ့လာခဲ့ဖူးသောကြောင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ယခုတစ်ခေါက်ရော ... သူ တကယ် အဆင်သင့် ဖြစ်ပြီလား။
ဤအဖိုးတန်သည့် နဂါးဉာဏ်အလင်းကို သူ တကယ်ပဲ အသုံးပြုရတော့မည်လား။ ဤအရာမှာ ပိရမစ်ထဲက မဟာပညာရှင်တို့က သူတို့၏ အသက်၊ ဝိညာဉ်တွေနှင့် ပေးဆပ်ပြီး သူ့ကိုပေးမည့် နောက်ဆုံးသော နဂါးဉာဏ်အလင်း ဖြစ်မနေဘူးလား။
အချိန်အတော်ကြာပြီးနောက် ရှမ့်လန်က ဆုံးဖြတ်ချက် ချလိုက်၏။ “ကျုပ် အဆင်သင့် မဖြစ်သေးပါဘူး။ နောက်တစ်ခါမှပဲ လာခဲ့ပါတော့မယ်။”
ပိရမစ်ထဲရှိ မဟာပညာရှင်တို့က ပြောလိုက်ကြသည်။ “ကောင်းပါပြီ။ ဒါဆိုရင် ကျုပ်တို့ ... ကျုပ်တို့ရဲ့စိတ်နဲ့ ဝိညာဉ်အားလုံးကို စုစည်းပြီး ဉာဏ်ပညာဘုရင်ကို စောင့်ဆိုင်းနေပါ့မယ်။”
“နှုတ်ဆက်ပါတယ် မဟာပညာရှင်တို့။”
ပိရမစ်ထဲရှိ မဟာပညာရှင်များက မေးလိုက်ကြသည်။ “အရှင် ရှမ့်လန်... လက်ရှိ သင့်ရဲ့ အကြီးမားဆုံး စိုးရိမ်ပူပန်မှုက ဘာပါလဲ။”
“တော်ဝင်ရန်အင်ပါယာနဲ့ ဖြစ်ပွားမဲ့ နောက်ဆုံး တိုက်ပွဲပါ။”
ပိရမစ်ထဲရှိ မဟာပညာရှင်တို့က ခေတ္တမျှ တိတ်ဆိတ်သွားကြပြီးမှ တုံ့ပြန်၏။ “ဪ... ကျန်းနဲ့ ကျိတို့ရဲ့ တိုက်ပွဲ ဖြစ်ပြန်ပြီကိုး။”
ရှမ့်လန်က မေးလိုက်သည်။ “အရှင်တို့... ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး ကန့်ကွက်စရာ ရှိပါသလား။”
“မရှိပါဘူး။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ရှေးဟောင်းလောကမှာပဲ ဖြစ်ဖြစ်၊ ဒီလောကမှာပဲ ဖြစ်ဖြစ်။ ကျန်းနဲ့ ကျိတို့ရဲ့ တိုက်ပွဲက အရမ်း အရေးပါတယ်။ အရှေ့တိုင်းလောကတစ်ခုလုံးမှာ ခေါင်းဆောင် တစ်ယောက်ပဲ ရှိနိုင်တယ် မဟုတ်လား။ အရှင်... လက်ရှိ သင် ဘာကို စိုးရိမ်နေတာပါလဲ။”
ရှမ့်လန်သည် အရှေ့တိုင်းလောက၏ အုပ်စိုးသူ ဖြစ်လာရန် သူ့၌ စိတ်ဝင်စားမှု မရှိကြောင်း ထပ်မံ ပြောချင်သော်လည်း နောက်ဆုံး၌ မပြောဖြစ်ခဲ့ပေ။
သူက ဖြေလိုက်သည်။ “တော်ဝင်ရန် အင်ပါယာမှာလည်း နဂါးတစ်ကောင် ရှိနေပါတယ်။ ပြီးတော့ အဲဒီနဂါးက ကျုပ်နဂါးထက် ပိုပြီး အသက်ကြီးရင့်သလို တော်ဝင်ရန်ဧကရာဇ်ကလည်း နဂါးနဲ့ ပတ်သက်ပြီး ပိုမို နက်ရှိုင်းတဲ့ နားလည် သဘောပေါက်မှု ရှိထားပါတယ်။”
ပိရမစ်ထဲရှိ မဟာပညာရှင်တို့က အားပေးလိုက်ကြ၏။ “ခင်ဗျားမှာလည်း ပြိုင်ဘက်ကင်းတဲ့ အားသာချက်တစ်ခု ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားက တစ်ယောက်တည်း မဟုတ်လို့ပါ။ ခင်ဗျားဦးနှောက်ထဲမှာ မဟာကပ်ဘေး ဉာဏ်ပညာဘုရင်ရဲ့ နှစ်ထောင်ပေါင်းများစွာသောဉာဏ်ပညာနဲ့ မှတ်ဉာဏ်တွေ ရှိနေပါတယ်။”
ရှမ့်လန်က ဝန်ခံလိုက်သည်။ “ဟုတ်ပါတယ်။ ဒါက ကျုပ်ကို ကြီးမားတဲ့ စိတ်စွမ်းအား ပေးစွမ်းနိုင်ပါတယ်။ ကံမကောင်းစွာနဲ့ အဲဒီမှတ်ဉာဏ်တွေက လက်ရှိ ကျုပ်အတွက် ပိတ်ဆို့ခံထားရဆဲဖြစ်လို့ ကျုပ် ဖတ်ရှုလို့ မရနိုင်သေးပါဘူး။”
ပိရမစ်ထဲရှိ မဟာပညာရှင်များက အံ့အားသင့်သွားကြ၏။ “အဲဒီလိုလား။ ဒါက ထူးဆန်းနေတာပဲ။”
“အရမ်း ထူးဆန်းနေသလား။ အချိန် မတန်သေးလို့ မဟုတ်ဘူးလား။ မဟာကပ်ဘေး ဉာဏ်ပညာဘုရင်ရဲ့ မှတ်ဉာဏ်တွေက ပိတ်ဆို့ထားခံရတာ မဟုတ်ဘူးလား။”
“ကျုပ်တို့ အဲဒီလို မထင်ပါဘူး။ အမွေဆက်ခံမှု ပြီးဆုံးသွားတာနဲ့ ဘာမှ ချန်လှပ်ထားတာမျိုး မရှိသင့်တော့ပါဘူး။ သင် နားမလည်နိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်ပြီး နားလည်သဘောပေါက်ဖို့ အချိန်အကြာကြီး ယူရနိုင်ပေမဲ့ ပိတ်ဆို့ခံထားရတာမျိုးတော့ သေချာပေါက် မဖြစ်သင့်ပါဘူး။ သင့်ကို လုံးဝ မမြင်နိုင်၊ အာရုံမခံနိုင် ဖြစ်အောင် လုပ်ထားတာမျိုး သေချာပေါက် မဖြစ်သင့်ပါဘူး။”
ဤအရာက တကယ်ပဲ ထူးဆန်းနေသည်။ မဟာကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ် အမွေဆက်ခံမှုသည် ရှမ့်လန်၏ စိတ်စွမ်းအားကို များစွာ တိုးတက်စေခဲ့သော်လည်း ကွန်ပျူတာ ဟာ့ဒ်ဒစ်ထဲတွင် လုံးဝ ဖျောက်ထားသော သတင်းအချက်အလက်များကဲ့သို့ ဖြစ်နေသည်။ ဟာ့ဒ်ဒစ်၏ ထက်ဝက်ကို နေရာယူထားကြောင်း ထင်ရှားသော်လည်း သူ မမြင်ရသလို ဘယ်နေရာမှာ ရှိမှန်းလည်း ရှာမတွေ့နိုင်ပေ။
မဟာကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်က တမင်တကာ ကာကွယ်ပေးထားသည်ဟု ရှမ့်လန် အမြဲ ထင်မှတ်ခဲ့သော်လည်း ယခု ကြည့်ရသည်မှာ ထိုသို့ မဟုတ်ပုံ ရသည်။
ထိုသို့ဆိုလျှင် အဘယ်ကြောင့်နည်း။ ဤ ဝိညာဉ်မှတ်ဉာဏ်များကို ပိတ်ဆို့ထားသည်မှာ မည်သူနည်း။
ပိရမစ်ထဲရှိ မဟာပညာရှင်များ က ဆက်ပြော၏။ “ဒါပေမဲ့ ခင်ဗျားက လွန်ခဲ့တဲ့တစ်ကြိမ်မှာ နဂါးကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ခဲ့တယ်။ တကယ်လို့ မဟာကပ်ဘေး ဉာဏ်ပညာဘုရင်ရဲ့ မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းကို နားမလည်ခဲ့ဘူးဆိုရင် ဒီလို ဉာဏ်ပညာမျိုး ဘယ်လိုလုပ် ရရှိနိုင်မှာလဲ။ ဒါက လုံးဝ မတူညီတဲ့ ယဉ်ကျေးမှု ပုံစံတစ်ခု ဖြစ်ပြီး အစကနေ ပြန်ပြီး နားလည်သဘောပေါက်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။”
ရှမ့်လန်က ရှင်းပြသည်။ “ဘာကြောင့်လဲဆိုတော့ အတိတ်တုန်းက အလားတူ လျှို့ဝှက်နက်နဲတဲ့ စာလုံးတွေကို ကျုပ် မြင်ဖူးလို့ပါ။ အဲဒါတွေက အရမ်း လျှို့ဝှက်နက်နဲပြီး ဆွဲဆောင်မှုရှိသလို အရှင်တို့ ရေးသားတဲ့ စာလုံးတွေနဲ့လည်း တူညီမှု ရှိပါတယ်။ ဒါပေမဲ့ အဲဒီစာလုံးတွေက ပြောင်းလဲခြင်း မရှိဘဲ တည်ငြိမ်နေပါတယ်။ ကျုပ် အဲဒါတွေကို အချိန်အကြာကြီး လေ့လာခဲ့ဖူးပါတယ်။ ကျုပ် နားမလည်နိုင်သေးပေမဲ့ပေါ့။”
“သြော်... အဲဒီလိုကိုး။ အဲဒီစာလုံးတွေရဲ့ အဓိပ္ပာယ်ကို ခင်ဗျား နားမလည်သေးပေမဲ့ ခင်ဗျားရဲ့ တွေးခေါ်ပုံ ပြောင်းလဲ သွားခဲ့ပြီပဲ။ ဒါကြောင့် နဂါးအပေါ် ပထမဆုံးအကြိမ် ဉာဏ်အလင်းယူတဲ့အခါ အခြေခံအဆင့် ရလဒ်တစ်ခု ရရှိခဲ့တာပဲ။ ဒါကလည်း ကောင်းကင်ဘုံရဲ့ အလိုတော်ပဲလား။”
ရှမ့်လန်က မေးလိုက်၏။ “အရှင်တို့... ကျုပ်ရဲ့ စိတ်ထဲမှာရှိတဲ့ မဟာကပ်ဘေး ဉာဏ်ပညာဘုရင်ရဲ့ တံဆိပ်ခတ်နှိပ်မှု ကို ဘယ်လို ဖယ်ရှားရမလဲ။ ပြီးတော့ အတွင်းက များပြားတဲ့ ဉာဏ်ပညာနဲ့ မှတ်ဉာဏ်တွေကို ဘယ်လို ဖတ်ရှုရမလဲ။”
“အရှင်ရှမ့်လန်... ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်တို့ ဘာမှ မတတ်နိုင်ပါဘူး။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရပါလိမ့်မယ်။ ခင်ဗျားရဲ့ ဉာဏ်ပညာ၊ နားလည်သဘောပေါက်မှုနဲ့ ပြောင်းလဲမှုအပေါ် အားကိုး ရပါလိမ့်မယ်။ ပိတ်ဆို့ထားတဲ့ အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်း တစ်ခုခုတော့ ရှိရပါမယ်။ အတိုင်းအတာ တစ်ခုအထိ ပြောရရင် ဒါက ခင်ဗျားကြောင့်ပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျား အဲဒါကို ရှာမတွေ့သေးတာပါ။”
“ကျုပ် နားလည်ပါပြီ။ ကျုပ် စဉ်းစားကြည့်ပါ့မယ်။ ကျေးဇူးတင်ပါတယ် အရှင်တို့။”
“ဒါနဲ့ ပျောက်ဆုံးအင်ပါယာက နဂါးသတ်လက်နက်တွေကို လေ့လာခဲ့တယ်ဆိုတာ အရှင် ရှမ့်လန် သိပါသလား။”
“ဟုတ်ကဲ့။ ကျုပ် ဒီအကြောင်းကို သိပါတယ်။”
အပိုင်း (၁၂၅၀)
အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် ပျောက်ဆုံးအင်ပါယာတွင် သန့်စင်မှုနှုန်း မြင့်မားသည့် ယူရေနီယမ်များကို တွေ့ရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို ဦးခေါင်းခွံဂိုဏ်းက ပျောက်ဆုံးအင်ပါယာ၏ အပျက်အစီးများထဲမှ ရှာတွေ့ခဲ့ခြင်း ဖြစ်၏။ ဤတစ်ကြိမ်တွင် ဆော်ရွန် ရရှိခဲ့သော ယူရေနီယမ် ပမာဏမှာ ပို၍ပင် များပြားရာ ၎င်းသည်လည်း ပျောက်ဆုံးအင်ပါယာမှ ဖြစ်နိုင်သည်။
ရှမ့်လန်က ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ် မိစ္ဆာတြိဂံနယ်မြေကို ရောက်ခဲ့ဖူးပါတယ်။ အဲဒီနေရာက ဘုရင်မမီဒူဆာ ရှေးဟောင်းအရှေ့တိုင်း အင်ပါယာကို တိုက်ခိုက်ခဲ့တဲ့ ရှေ့တန်းစစ်မျက်နှာပြင် ဖြစ်ပါတယ်။ နဂါးက မြို့ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ခြေရာလက်ရာတွေကို ကျုပ် မတွေ့ခဲ့ရသလို ယူရေနီယမ်လက်နက်နဲ့ တိုက်ခိုက်ခံရတဲ့ စွမ်းအင် အရှိန်အဝါမျိုးလည်း မတွေ့ခဲ့ရပါဘူး။”
ပိရမစ်ထဲရှိ မဟာပညာရှင်များက ရှင်းပြသည်။ “ရှေးဟောင်း ပျောက်ဆုံးအင်ပါယာရဲ့ နဂါးသတ်လက်နက်တွေက အတိုင်းအတာ တစ်ခုအထိ ပြီးမြောက်ခဲ့တယ်။ လက်နက်အစစ်တွေ ပြီးစီးခဲ့ပေမဲ့ သူတို့ရဲ့ လျှို့ဝှက်ချက် အဆင့်အတန်း က အရမ်း မြင့်မားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မရေမတွက်နိုင်တဲ့ လူတွေ ရှာဖွေခဲ့ကြပေမဲ့ ရှာမတွေ့ခဲ့ကြဘူး။”
ရှမ့်လန်လည်း ဤအကြောင်းကို တွေးတောမိဖူးသည်။ ယူရေနီယမ်သည် ပျောက်ဆုံးအင်ပါယာ အတွက် နဂါးသတ်လက်နက် ပြုလုပ်ရန် ကုန်ကြမ်းပစ္စည်းမျှသာ ဖြစ်သည်။ ထို့အပြင် သူတို့သည် ယူရေနီယမ် အမြောက်အမြား ပြင်ဆင်ထားသည်ကို ကြည့်ခြင်းအားဖြင့် သုတေသနအဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ထင်ရှားလှ၏။
ထိုသို့မဟုတ်ပါက ကနဦး စမ်းသပ်မှုအတွက် ယူရေနီယမ် အနည်းငယ်မျှဖြင့် လုံလောက်ပေလိမ့်မည်။ ထို့ကြောင့် သီအိုရီအရ ရှေးဟောင်း ပျောက်ဆုံးအင်ပါယာတွင် ပြီးစီးနေသော နဂါးသတ်လက်နက်များ အမှန်တကယ် ရှိသင့်ပေသည်။
ရှမ့်လန်အတွက်မူ ယူရေနီယမ်၏ အဆုံးစွန် လက်နက်မှာ နျူကလီးယားဗုံး ဖြစ်သည်။ ပို၍ အဆုံးစွန်သော လက်နက်မှာ ဟိုက်ဒရိုဂျင်ဗုံးဖြစ်ပြီး ၎င်းသည် အဏုမြူဗုံးထက် ပိုမိုအစွမ်းထက်ကာ ဖောက်ခွဲရန် အဏုမြူဗုံးပင် လိုအပ်၏။
သို့သော်ငြား ပျောက်ဆုံးအင်ပါယာသည် ဤအဆင့်သို့ ရောက်ရန် အလှမ်းဝေးနေလောက်သည်။ အဘယ်ကြောင့်ဆိုသော် နျူကလီးယားဗုံးများ ပြုလုပ်ရန် လိုအပ်သော ယူရေနီယမ် သန့်စင်မှုနှုန်းမှာ အလွန် မြင့်မားပြီး ၉၀ ရာခိုင်နှုန်းကျော် ရှိရမည် ဖြစ်သည်။
လက်ရှိတွင် ပျောက်ဆုံးအင်ပါယာ၏ သန့်စင်ပြီး ယူရေနီယမ်မှာ ၁ ရာခိုင်နှုန်းခန့်သာ ရှိသေးရာ နျူကလီးယား စွမ်းအင် ဓာတ်ပေါင်းဖို ပြုလုပ်ရန်ပင် မလုံလောက်သေးပေ။ ထို့ကြောင့် ပျောက်ဆုံးအင်ပါယာ ၏ နဂါးသတ် လက်နက်များသည် ပြီးပြည့်စုံခြင်း မရှိနိုင်သော်လည်း အထောက်အကူပြု လက်နက်အဖြစ် ရှိနေလောက်၏။
ပိရမစ်ထဲရှိ မဟာပညာရှင်များက ပြောလိုက်သည်။ “ပျောက်ဆုံးနိုင်ငံ အင်ပါယာရဲ့ ဒုတိယမြောက် ဘုရင်မ အနေနဲ့ သူက မျိုးဆက်သစ် တစ်ယောက် ဖြစ်ခဲ့ပေမဲ့ ပျောက်ဆုံးနိုင်ငံ အင်ပါယာရဲ့ အရင်းအမြစ်နဲ့ ပစ္စည်းအချို့ကိုလည်း အမွေဆက်ခံခဲ့တယ်။ အရေးအကြီးဆုံးက သူ့ဆီမှာ ပျောက်ဆုံးနိုင်ငံ အင်ပါယာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အများဆုံး ရှိနေတယ်။ ဒါကြောင့် ပျောက်ဆုံးနိုင်ငံအင်ပါယာရဲ့ နဂါးသတ်လက်နက်တွေနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ မှတ်ဉာဏ်တွေ သူ့ဆီမှာ ရှိနေပါတယ်။”
ရှမ့်လန်က မေးလိုက်၏။ “အရှင်တို့... အရှင်တို့အားလုံး သူ့ရဲ့ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားလျက်နဲ့ သူ့ရဲ့ မှတ်ဉာဏ်တွေကို ဖတ်ရှုလို့ မရခဲ့ကြဘူးလား။”
“အရှင်... ဒီလုပ်ငန်းစဉ်က အရမ်း ရှုပ်ထွေးပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကို ကျုပ်တို့ ချုပ်နှောင်ထားတယ်လို့တောင် ပြောလို့ မရပါဘူး။ အတိုင်းအတာ တစ်ခုအထိ ပြောရရင် ကျုပ်တို့က သူ့ရဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားတာပါ။ ကျုပ်တို့က ရန်သူတစ်ဝက် မိတ်ဆွေတစ်ဝက် ဆက်ဆံရေးမျိုး ရှိနေကြတာပါ။”
“ကျုပ် နားလည်ပါပြီ။”
ဤနဂါးကို ရရှိပြီးနောက် ရှမ့်လန်နှင့် တော်ဝင်ရန်အင်ပါယာတို့သည် မဟာဗျူဟာမြောက် မျှခြေတစ်ခုသို့ ရောက်ရှိသွားခဲ့ကြပြီး သူတို့သည် တော်ဝင်ချန် အင်ပါယာ တစ်ခုလုံး၏ လုံခြုံရေးကို ကာကွယ်ပေးနိုင်ခဲ့သည်။
သို့သော်ငြား တော်ဝင်ရန်အင်ပါယာကို ဖျက်ဆီးပစ်ရန်အတွက်မူ ရှမ့်လန်၌ စိုးရိမ်ပူပန်မှု အချို့ ရှိနေသေးသည်။ သူ၏နဂါးနှင့် တော်ဝင်ရန် အင်ပါယာ၏ နဂါး။ မည်သူက ပို၍ အစွမ်းထက်သနည်း။ သူနှင့် တော်ဝင်ရန် ဧကရာဇ်။ မည်သူက နဂါးများနှင့် ပတ်သက်၍ ပိုမို နက်ရှိုင်းသော နားလည်သဘောပေါက်မှု ရှိသနည်း။
ထို့ကြောင့် ရှေးဟောင်း ပျောက်ဆုံးအင်ပါယာ၏ နဂါးသတ်လက်နက်များသည် အမှန်တကယ်ပင် အလွန် ထိရောက်သော ဖြည့်စွက်အင်အား ဖြစ်လာပေလိမ့်မည်။ ထို့အပြင် ရှမ့်လန်သည် ယူရေနီယမ် အမြောက် အမြားကိုလည်း ရရှိထားသည်။ နျူကလီးယားဗုံး မပြုလုပ်နိုင်လျှင်ပင် ညစ်ညမ်းဗုံးကို ပြုလုပ်နိုင်၏။
သို့သော်ငြား ညစ်ညမ်းဗုံး၏ ရောင်ခြည်သင့် ညစ်ညမ်းမှုမှာ ပြင်းထန်လွန်းသောကြောင့် ပေါ့ပေါ့ဆဆ အသုံးမပြုနိုင်ပေ။ သူသည် ထိုကဲ့သို့သော လက်နက်မျိုး ပြုလုပ်နိုင်လျှင်ပင် အချက်နှစ်ချက်ကို သေချာစေရမည်။ ပထမအချက်အနေဖြင့် လူသားများ နေထိုင်ရာ ဒေသများ သို့မဟုတ် အနီးဝန်းကျင်၌ လုံးဝ အသုံးမပြုရပေ။
ဒုတိယအချက်အနေဖြင့် မြေပြင်ပေါ်၌ အသုံးမပြုလျှင် အကောင်းဆုံး ဖြစ်သည်။ အကယ်၍ အသုံးပြုချင်လျှင်ပင် တော်ဝင်ရန်အင်ပါယာ၏ နဂါးကို ရောင်ခြည်သင့်မှု ဒဏ်အားလုံး ခံစားစေရမည်။
အတိုချုပ်ပြောရလျှင် ဂရုစိုက်ရမည်ဖြစ်ပြီး ညစ်ညမ်းဗုံးကဲ့သို့သော လက်နက်မျိုးကို အသုံးမပြုလျှင် အကောင်းဆုံး ဖြစ်သည်။
ရှမ့်လန်က နှုတ်ဆက်လိုက်၏။ “အဲဒီလိုဆိုရင် မဟာပညာရှင်တို့... ကျုပ်ကို ပြန်ခွင့်ပြုပါအုံး။”
“နှုတ်ဆက်ပါတယ် အရှင်။”
ရှမ့်လန်သည် တချောင်ကို စီးနင်းလျက် ကောင်းကင်ယံသို့ နောက်တစ်ကြိမ် ပျံတက်သွားပြီး တော်ဝင်ချန် အင်ပါယာရှိရာအရပ်ဆီသို့ ဦးတည် ပျံသန်းသွားခဲ့သည်။
ခရီးသည် မိုင်ပေါင်း သောင်းချီ ရှည်လျား၏။ သို့သော်ငြား ယခုတစ်ကြိမ်တွင် သားဖြစ်သူ ရှမ့်ယီ လိုက်ပါလာသောကြောင့် ရှမ့်လန်သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ပို၍ မြင့်မားနေသည်။ သူသည် အသံထက်မြန်သော ပျံသန်းသားရဲ၏ ကျောပေါ်တွင် စီးနင်းလိုက်ပါရင်း လေ့လာသင်ယူနေဆဲ ဖြစ်၏။
သူ၏ သင်ယူပုံမှာ အလွန် ရှားပါးသည်။ မျက်လုံးများကို မှိတ်ထားပြီး ယခင်က ဖတ်ရှုခဲ့ဖူးသော ရှေးဟောင်း ကျမ်းစာများကို စိတ်အာရုံထဲ၌ အကြိမ်ကြိမ်အခါခါ ပြန်လည် ဆင်ခြင်သုံးသပ်ကာ သဘောတရားများကို နားလည်အောင် ကြိုးစားနေခြင်း ဖြစ်သည်။
ရှမ့်ယီသည် သာမန်ထက်ထူးကဲသော ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်ပြီး ဓာတ်ပုံရိုက်ထားသကဲ့သို့ မှတ်မိနိုင်စွမ်း ရှိသူ ဖြစ်သည်။ သူသည် ဘိုးဘေးလော် ဘာသာပြန်ဆိုထားသော ရှေးဟောင်းကျမ်းစာများကို လျင်မြန်စွာ လှန်လှော ဖတ်ရှုခဲ့၏။ နားမလည်လျှင်ပင် စာလုံးများကို တိုက်ရိုက် အလွတ်ကျက်မှတ်ထားနိုင်စွမ်း သူ့၌ ရှိသည်။ ထို့အပြင် သူ့ထံတွင် AI မှတ်ဉာဏ်တု ကဲ့သို့သော အကူအညီမရှိဘဲ မွေးရာပါ ဉာဏ်ရည်သက်သက်ကိုသာ အားကိုးထားခြင်း ဖြစ်၏။
ရှမ့်လန်က စကားစလိုက်သည်။ “သား... မေးခွန်းတစ်ခု မေးမယ်။”
“ဟုတ်ကဲ့ ဖေဖေ။”
ရှမ့်လန်က မေး၏။ “တော်ဝင်ရန်အင်ပါယာနဲ့ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲရရင် ဒါက ကံတရားနဲ့ သက်ဆိုင်တဲ့ ကိစ္စပဲ။ အနိုင်ရတဲ့သူက အရှေ့တိုင်းရဲ့ အုပ်စိုးသူ ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ တစ်ဖက်လူက ပိုပြီး စွမ်းအားကြီး နေတယ်။ ငါတို့ အနိုင်ရချင်ရင် လက်နက်တစ်မျိုးတည်းကိုပဲ အားကိုးလို့ရမယ်။ အဲဒီလက်နက်က အရမ်း ကြောက်စရာကောင်းပြီး အရှေ့တိုင်းက မြေကြီးနဲ့ လူတွေကို ကြီးကြီးမားမား ထိခိုက်စေလိမ့်မယ်။ သား အဲဒီ လက်နက်ကို သုံးမှာလား။”
ရှမ့်ယီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး အဖြေပေးသည်။ “ကျုပ် မသုံးပါဘူး။”
“ဘာဖြစ်လို့လဲ။”
ရှမ့်ယီက ရှင်းပြလိုက်၏။ “တော်ဝင်ရန်အင်ပါယာကို ဆန့်ကျင်ပြီး အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲရတဲ့ ရည်ရွယ်ချက် က အင်ပါယာရဲ့ အုပ်စိုးသူအစစ်က ဘယ်သူလဲ။ ကောင်းကင်အလိုတော်ရဲ့ အရှင်သခင်အစစ်က ဘယ်သူလဲ ဆိုတာ သက်သေပြဖို့လေ။ တကယ်လို့ ဒီလို အဖိုးအခ ကြီးကြီးမားမား ပေးဆပ်ပြီးမှ အောင်ပွဲရယူနိုင်မယ်ဆိုရင် ထီးနန်းကို ရရှိပြီး အခြေခံအုတ်မြစ် ဆုံးရှုံးသွားတာနဲ့ အတူတူပါပဲ။”
ဤအဖြေကိုကြားလိုက်ရချိန်မှာတော့ ရှမ့်လန်သည် ကျေနပ်အားရသွားသော်လည်း စိုးရိမ်ပူပန်မှုလည်း ဖြစ်ပေါ် လာခဲ့သည်။
ရှမ့်ယီက ဆက်ပြောလိုက်၏။ “ဒါပေမဲ့ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် အဲဒီလို အခြေအနေမျိုး ရောက်အောင် ဖိအားမပေးဖို့ပါပဲ။ သားတို့ တော်ဝင်ချန်အင်ပါယာရဲ့ လက်ရှိ အခြေအနေက အလားအလာ ကောင်းနေသင့်တယ်။ အဲဒီလို ရွေးချယ်မှုမျိုး လုပ်စရာ မလိုပါဘူး။”
ရှမ့်လန်သည် စကားတစ်ခွန်းမှ မပြောတော့ဘဲ သားဖြစ်သူကို လက်မထောင်ပြလိုက်သည်။ သူသည် ရှမ့်ယီကို ငယ်စဉ်က ဂရုစိုက်ချစ်ခင်မှု မပေးခဲ့မိသည့်အတွက် နောက်တစ်ကြိမ် နောင်တရမိပြန်သည်။
ရှမ့်လန်က မေးလိုက်၏။ “ရှမ့်ယီ... သားရဲ့ညီလေး လိုကီအတွက် စိတ်ပူလား။”
“နည်းနည်းပါ။”
“ဒါဆိုရင် ဘာလုပ်သင့်တယ်လို့ ထင်သလဲ။”
ရှမ့်ယီက သုံးသပ်ပြလိုက်သည်။ “သူက ဒေါ်လေးဟယ်လင်နဲ့အတူ တကယ် ကြီးပြင်းလာသင့်တာပါ။ ဒါပေမဲ့ အခုချိန်မှာ အဲဒီလိုဖြစ်ဖို့ အရမ်း ခက်ခဲပုံရတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်လေးဟယ်လင်က ရှီလွန်အင်ပါယာရဲ့ အင်ပါယာမင်းမြတ် ဖြစ်နေပြီလေ။ ဘယ်သူပဲ သူနဲ့အတူ ကြီးပြင်းလာပါစေ။ အဲဒီလူကို ရှီလွန်အင်ပါယာရဲ့ နောက်ထပ် အင်ပါယာအဖြစ် သတ်မှတ်ကြလိမ့်မယ်။ ဒါကြောင့် သားတို့ တော်ဝင်ရန်အင်ပါယာကို အနိုင်ယူပြီးရင် လိုကီကို အရှေ့တိုင်းဆီ ခေါ်လာပြီး ပျိုးထောင်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။”
ရှမ့်လန်က ပြောလိုက်၏။ “သားရဲ့ ဒေါ်လေးဒီဘိုရာရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ ဟယ်လင်ကို ဆက်ခံသူအဖြစ် မင်းသမီးတစ်ပါး ရှာခိုင်းမယ်။ အနာဂတ်ကျရင် အဲဒီမင်းသမီးက လိုကီနဲ့ လက်ထပ်ပြီး သူတို့ နှစ်ယောက် ရှီလွန်အင်ပါယာကို အတူတကွ အုပ်ချုပ်ကြလိမ့်မယ်။ သား ဒီအခြေအနေကို သဘောမတူဘူးလား။”
ရှမ့်ယီက ပြန်ဖြေလိုက်သည်။ “သဘောတူပါတယ်။ ဒါပေမဲ့ ဒီလို လုပ်ဆောင်ချက်မျိုးက အရမ်း သတိထားရမှာဖြစ်ပြီး ဉာဏ်ပညာကြီးမားဖို့ လိုပတယ်။ မဟုတ်ရင် ကြီးမားတဲ့ ဘေးဒုက္ခ ဖြစ်လာနိုင်ပြီး သွေးချောင်းစီး ပါလိမ့်မယ်။ လိုကီ ထိခိုက်မှာကို သား မလိုလားသလို ဒေါ်လေးဟယ်လင် ထိခိုက်မှာကိုလည်း မလိုလားပါဘူး။ အရေးအကြီးဆုံးက ရှီလွန်အင်ပါယာက ရှီလွန်မျိုးနွယ်နဲ့ပဲ သက်ဆိုင်ပါတယ်။ သားတို့ ကျန်းမိသားစုက ဝင်ရောက်စွက်ဖက်ချင်တဲ့ ဆန္ဒပြင်းပြင်းပြပြ မရှိသင့်ဘူး မဟုတ်လား။”
ထိုအချိန်တွင် ရှမ့်ယီ၌ ကလေးဆန်သော တွေးခေါ်ပုံမျိုး ရှိနေသေးကြောင်းနှင့် သူ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့် တရားအပေါ် တန်ဖိုးထားမှုမှာ အလွန် ခိုင်မာအားကောင်းနေသေးကြောင်း ရှမ့်လန် တွေ့ရှိလိုက်ရသည်။ အကယ်၍ အရှေ့တိုင်း၏ အခြားသော အုပ်စိုးသူတစ်ဦးသာ ဆိုလျှင် စကားတစ်ခွန်းတည်းသာ ရှိပေလိမ့်မည်။
‘ကောင်းကင်အောက်ရှိ အရာအားလုံးသည် ဘုရင်ပိုင်ဆိုင်ပြီး ပင်လယ်အောက်ရှိ အရာအားလုံးသည် ဘုရင်ပိုင်ဆိုင်သည်။ ကျုပ်မမြင်နိုင်သော နေရာများနှင့် ကျုပ်မြင်နိုင်သော နေရာများ အားလုံးသည် ကျုပ်၏ ပိုင်နက်သာ ဖြစ်ရပေမည်’ ဟူ၍ပင်။
ရက်အနည်းငယ်နှင့် ညအနည်းငယ်ကြာပြီးနောက် ရှမ့်လန်နှင့် ရှမ့်ယီတို့သည် မိုင်ပေါင်း သောင်းချီသော ခရီးစဉ်ကို ပြီးဆုံးအောင် ဖြတ်သန်းခဲ့ကြပြီး နုရှောင့်မြို့သို့ ဆင်းသက်ရောက်ရှိလာခဲ့ကြသည်။ ဤအချိန်တွင် သူ နုရှောင့်မြို့မှ ထွက်ခွာသွားခဲ့သည်မှာ နှစ်ဝက်ပင် မပြည့်သေးပေ။
ယခုတစ်ကြိမ် အနောက်တိုင်းသို့ နဂါးယဉ်ပါးအောင် သွားရောက်ခဲ့သည့် ခရီးစဉ်သည် ထင်ထားသည်ထက် များစွာ ပိုမို ချောမွေ့ခဲ့သည်။ နဂါးကို ယဉ်ပါးအောင် ပြုလုပ်သည့် လုပ်ငန်းစဉ်ပင် မရှိခဲ့ဘဲ တိုက်ရိုက် စာချုပ်ဖြင့် ချိတ်ဆက်နိုင်ခဲ့ခြင်း ဖြစ်၏။ မျိုးရိုးမြင့် ဒုတိယမျိုးဆက်သည် အလွန်ကံကောင်းပြီး နဂါးစာချုပ်ကို တိုက်ရိုက် အမွေ ဆက်ခံခဲ့ခြင်း ဖြစ်သည်။
“အရှင် အသက်ရာကျော် ရှည်ပါစေ။”
“အိမ်ရှေ့စံမင်းသား အသက်ရာကျော် ရှည်ပါစေ။”
သူ့ရှေ့တွင် လူအများအပြား ဒူးထောက်နေကြသည်ကို တွေ့လိုက်ရသောကြောင့် ရှမ့်လန် အံ့သြသွားခဲ့ရသည်။ တော်ဝင်ချန်အင်ပါယာ၏ အစိုးရအဖွဲ့၊ စစ်ဘက်ဆိုင်ရာဗျူရိုနှင့် ဝူဘုရင် အပါအဝင် လူပေါင်း ရာနှင့်ချီ၍ ရောက်ရှိနေကြခြင်း ဖြစ်၏။
ရှမ့်လန် လုံးဝမသိသော လူများစွာလည်း ပါဝင်နေ၏။ တော်ဝင်ချန်အင်ပါယာ၏ ဧကရာဇ် ဖြစ်သော်လည်း သူသည် ညီလာခံ တက်ရောက်လေ့ မရှိသောကြောင့် လူအများစုကို မသိပေ။ ထို့အပြင် ယခုတစ်ကြိမ်တွင် ဝူ၊ ချောင်နှင့် ရွဲ့ပြည်နယ်တို့သည် အရာရှိ အများအပြားကို အစိုးရအဖွဲ့၊ စစ်ဘက်ဆိုင်ရာ ဗျူရိုနှင့် တော်ဝင်ချန် အင်ပါယာ၏ ဗဟိုဌာနကြီး ခြောက်ခုသို့ လွှဲပြောင်းခန့်အပ်ထားခဲ့သည်။
ထိုလူအုပ်ကြီး၏ အကြည့်များသည် ရှမ့်ယီထံသို့ ကျရောက်နေခဲ့ကြ၏။ ရှမ့်လန်သည် ကံတရား၏ သခင်ဖြစ်ပြီး ကြီးမြတ်မှုနှင့် အံ့ဖွယ်ရာများ၏ ပြယုဂ် ဖြစ်ပေရာ တော်ဝင်ချန်အင်ပါယာ တစ်ခုလုံးက သူ့အား ကြည်ညို လေးစားကြ၏။
နေမင်းကြီး မဖြစ်ချင်ပါဟု ပြောခဲ့သော်လည်း တော်ဝင်ချန်အင်ပါယာ၏ အရာရှိအားလုံးနှင့် ဘုရင်အများစု၏ မျက်လုံးထဲတွင်မူ သူသည် တောက်ပနေသော ကောင်းကင်ဘုံ၏ နဂါးသားတော်စစ်စစ် ဖြစ်နေဆဲပင်။
သို့သော်ငြား.... ဤဧကရာဇ်သည် ထီးနန်းကို စိတ်မဝင်စားသလို အာဏာကိုလည်း စိတ်မဝင်စားကြောင်း လူတိုင်း သိရှိထားကြသည်။ သူသည် ညီလာခံ မတက်သလို နိုင်ငံရေးကိုလည်း ဂရုမစိုက်ပေ။ အမှန်စင်စစ် လူများက သူ့ကို ဧကရာဇ်ဟု ခေါ်သည့်အခါ သူ၏ ဆံပင်များပင် ထောင်ထသွားလေ့ ရှိသည်။
အရှင်သည် တော်ဝင်ရန်အင်ပါယာကို ဖျက်ဆီးပြီးသည်နှင့် တပြိုင်နက် သေချာပေါက် ထွက်ခွာသွားလိမ့်မည် ဖြစ်ကြောင်း လူတိုင်း သိထားကြသည်။ ချန်မြို့တော် နန်းတော်ထဲတွင် ငြိမ်ကုပ်နေပြီး တိုင်းပြည် အုပ်ချုပ်နေမည့်သူ မဟုတ်ပေ။ မည်သူကမှလည်း သူ့ကို တားဆီးနိုင်မည် မဟုတ်ချေ။ အင်ပါယာ၏ တရားမျှတမှု နှင့် အင်ပါယာ၏ အခြေခံအုတ်မြစ်များသည် သူ့ကို ဆွဲထားနိုင်မည် မဟုတ်ပေ။
အမှန်စင်စစ် ဤဧကရာဇ်၏ အကျင့်စရိုက်ကို လူတိုင်း သိထားကြသည်။ သူ ထွက်ခွာသွားပြီးနောက် ပလ္လင်ပေါ်တွင် ကိုယ်ပွားကို ထားခဲ့ပေလိမ့်မည်။ သူသည် မိမိ၏ ကိုယ်စားလှယ်ကို ဧကရာဇ်အဖြစ် အချိန် အကြာကြီး သရုပ်ဆောင်ခိုင်းထားရန် ဧကန်မုချ စွမ်းဆောင်နိုင်သူ ဖြစ်၏။
သို့သော်ငြား အရာရှိများအနေဖြင့် ထိုကဲ့သို့သော အခြေအနေမျိုးကို လက်မခံနိုင်ကြပေ။ မည်သို့ ပြုလုပ်ကြ မည်နည်း။ သေချာသည်မှာ သူတို့သည် အိမ်ရှေ့စံမင်းသားအပေါ်တွင်သာ မျှော်လင့်ချက် ထားနိုင်တော့မည်။
အိမ်ရှေ့စံမင်းသား ရှမ့်ယီသည် ဧကရာဇ်ကဲ့သို့ စိတ်မချရသူမျိုး မဖြစ်ပါစေနှင့်ဟု သူတို့ မျှော်လင့်နေကြသည်။ ကိုယ်ပွား တစ်ယောက်က ပလ္လင်ပေါ်တွင် ထိုင်နေရန် မဖြစ်နိုင်ပေ။ အမှန်စင်စစ် တော်ဝင်ချန်အင်ပါယာ၏ အရာရှိကြီးများသည် ဤကိုယ်ပွားနှင့် ပတ်သက်ပြီး အခြား အစီအစဉ်များ ရှိထားပြီး ဖြစ်သည်။
အနာဂတ်တွင် တော်ဝင်ရန်အင်ပါယာ ပျက်သုဉ်းပြီး ဧကရာဇ်ရှမ့်လန် ထွက်ခွာသွားသည့်အခါ အိမ်ရှေ့စံ မင်းသားက တိုင်းပြည်ကို အုပ်ချုပ်ရပေမည်။ အမှန်စင်စစ် ဧကရာဇ်ရှမ့်လန်သည် အငြိမ်းစား ဧကရာဇ် ဖြစ်လာပြီး အိမ်ရှေ့စံမင်းသားက ထီးနန်းဆက်ခံမည် ဆိုလျှင်လည်း မဖြစ်နိုင်စရာ မရှိပေ။ ဧကရာဇ် ရှမ့်လန် အနေဖြင့် အသက် ၃၀ အရွယ်တွင် အငြိမ်းစား ဧကရာဇ်ဟု ခေါ်ဝေါ်ခံရမည့် ဂုဏ်ပုဒ်ကို လက်ခံနိုင်သရွေ့ ဖြစ်နိုင်၏။
ယခုအချိန်၌ ဝူဘုရင်နှင့် မင်းသားကျင်း ဦးဆောင်သော တော်ဝင်ချန်အင်ပါယာ၏ အရာရှိကြီးများသည် ရှမ့်ယီကို မြင်လိုက်ရချိန်မှာတော့ ချက်ချင်းပဲ စိတ်သက်သာရာ ရသွားကြသည်။ သူတို့သည် အလွန် ကျေနပ်အားရ သွားကြပြီး အံ့သြဝမ်းသာ ဖြစ်ခဲ့ကြရသည်။
ဤအိမ်ရှေ့စံမင်းသားသည် သူတို့ စိတ်ကူးထားသည်ထက် ပိုမို ထူးချွန်ထက်မြက်နေသည်။ အနည်းဆုံးတော့ အရှင်နှင့် မတူဘဲ အလွန် တည်ငြိမ်ရင့်ကျက်သူ ဖြစ်သည်။ ထို့အပြင် အကြည့်များသည် ခိုင်မာပြတ်သားပြီး ဉာဏ်ပညာနှင့် ပြည့်စုံကာ စူးရှထက်မြက်နေသည်။ အသက်ဆယ်နှစ်အရွယ် ကလေးတစ်ယောက်နှင့် လုံးဝ မတူပေ။
ထိုစဉ် ဘီးတပ်ကုလားထိုင် တွန်းလာသံကို ကြားလိုက်ရသည်။ နင်ယွမ်ရှန်းလည်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ရှမ့်လီက ကုလားထိုင်ကို တွန်းပေးလာ၏။
“အဖေ… အစ်ကို..” ရှမ့်လီသည် ရှမ့်ယီထက် လအနည်းငယ် ငယ်သော်လည်း ခေါင်းတစ်လုံး၏ ထက်ဝက်ခန့် ပိုပုသည်။ သူသည်လည်း တည်ငြိမ်သူ ဖြစ်သော်လည်း ရှမ့်ယီလောက် ထက်မြက်ခြင်း မရှိပေ။
နင်ယွမ်ရှန်းက တုန်ယင်နေသော လက်များဖြင့် ဦးညွှတ်လိုက်သည်။ “အရှင်နဲ့ အိမ်ရှေ့စံမင်းသားကို ကျုပ် နင်ယွမ်ရှန်း ဂါရဝပြုပါတယ်။”
ရှမ့်လီ၏တွဲကူမှုဖြင့် နင်ယွမ်ရှန်းသည် အရိုအသေ ပေးလိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ ခမ်းနားသော လူထု အခမ်းအနား တစ်ခု ဖြစ်သောကြောင့်ပင်။
ထို့နောက် ရှမ့်လန်သည် နင်ယွမ်ရှန်းကို ချက်ချင်း ပွေ့ချီလိုက်ပြီး ဘီးတပ်ကုလားထိုင်ပေါ်သို့ ပြန်တင်ပေးလိုက်သည်။
ရှမ့်ယီသည် ဒူးထောက်ကာ ဦးတိုက်လိုက်၏။ “ရှမ့်ယီက ဘိုးဘိုးနင်ကို ဂါရဝပြုပါတယ်။”
……