အခန်း (၁၂၅၃-၁၂၅၄)
Vol. 72 Ch. 1253-1254
အပိုင်း (၁၂၅၃)
“ဘာကြောင့်လဲဆိုတော့ သူက အရမ်း ကြမ်းတမ်းလွန်းလို့လေ။ သူက နည်းနည်းလေး စိတ်ဆွလိုက်တာနဲ့ လူတွေရဲ့ လက်တွေ ၊ခြေထောက်တွေကို ချိုးပစ်တတ်တယ်။ သူ့ကို လာပိုးပန်းတဲ့ လူတွေကို သေလုမြောပါး ရိုက်နှက်လေ့ ရှိတယ်။ အချိန်ကြာလာတော့ သူ့ကို ဘယ်သူမှ မပိုးပန်းရဲကြတော့ဘူး။ ဒါကြောင့် ကျုပ်တို့ ဆွေမျိုး တော်စပ်လိုက်တာ ကောင်းပေမဲ့ မင်းကို မီးတွင်းထဲတော့ တွန်းမပို့ရက်ပါဘူး။”
ကျင်းမူကုန်း ခေတ္တမျှ ကြောင်အမ်းသွားခဲ့ပြီးနောက် ပြန်ပြောလိုက်၏။ “အစ်ကိုကြီးကျင်း... သူ့ကို ပိုးပန်းတဲ့ တခြားလူတွေက လက်ကျိုးခြေကျိုး ဖြစ်သွားကြပေမဲ့ ကျုပ် သူ့ခန္ဓာကိုယ်ကို မြင်လိုက်ရတုန်းက ဝက်ခေါင်း ဖြစ်အောင် အရိုက်ခံရပြီး လက်မောင်းတစ်ဖက်ပဲ ပြုတ်သွားတယ်။ သူ ကျုပ်ကို စိတ်ဝင်စားနေလို့ သက်ညှာပေးလိုက်တယ်လို့ အစ်ကို ထင်လား။”
“ဟမ်...” မင်းသားကျင်း အံ့ဩသွားသည်။
ကျင်းမူကုန်းက ဆက်ပြောလိုက်၏။ “ကျုပ်... ကျုပ်က တကယ်တော့ အဲဒီလို ကြမ်းတမ်းတဲ့ အမျိုးသမီးမျိုးကို သဘောကျတာပါ။”
မင်းသားကျင်းမှာ ပြောစရာ စကားမဲ့သွားခဲ့ရသည်။ သူသည် နုရှောင့်မြို့သို့ လူလွှတ်ကာ ဤကိစ္စကို နယ်စားကြီး ကျင်းကျိုးအား ချက်ချင်း အသိပေးလိုက်သည်။ ကျင်းမူကုန်း၏ စိတ်နှလုံး မအေးချမ်းမည်ကို စိုးရိမ်သောကြောင့် လဝက်ခန့် ခွင့်ပေးလိုက်သည်။ ရှားထော်ကိုလည်း သူတို့နှစ်ဦး အချိန်အတိုင်းအတာ တစ်ခုအထိ အတူ ရှိနေနိုင်စေရန် လဝက်ခန့် ခွင့်ယူနိုင်မည့် နည်းလမ်းကို ရှာဖွေပေးခဲ့သည်။
မင်းသားကျင်း၏ မူလရည်ရွယ်ချက်မှာ သဲကန္တာရ လူရိုင်းမျိုးနွယ်မှ မိန်းကလေးများ မည်မျှ ကြမ်းတမ်း ခက်ထန်ကြောင်း နှင့် သူတို့ လူရိုက်သည့်အခါ မည်မျှကြမ်းတမ်းကြောင်း ကျင်းမူကုန်းအား ရှင်းလင်းစွာ မြင်သာစေရန် ဖြစ်၏။
အဆုံးသတ်တွင်မူ ကိုးရက်မြောက်သောနေ့၌ ကျင်းမူကုန်းသည် ရှားထော်နှင့် အတူ အိပ်စက်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ရှားထော်သည် ကျင်းမူကုန်း၏ တုံးအအ ပုံစံကို သဘောကျပြီး ချစ်စရာကောင်းသည်ဟု ထင်မြင်ကာ နှစ်သက်သွားခဲ့သောကြောင့် ဖြစ်သည်။
ကျင်းမူကုန်း၌ မည်သည့် ပါရမီ ရှိသွားသနည်း။ သူ့တွင် စာကူးရေးသည့် ပါရမီတစ်ခုတည်း ရှိသည် မဟုတ်ပါလား။ စုတ်တံကို ကိုင်လိုက်သည်နှင့် တစ်ရက်လျှင် စာလုံးရေ သောင်းချီ ရေးသားနိုင်သည်။ အမှန်စင်စစ် သူ့တွင် အခြား ပါရမီတစ်ခု ရှိသေးသည်၊ ၎င်းမှာ စာရေးခြင်းနှင့် ဇာတ်လမ်းဆင်ခြင်းပင် ဖြစ်သည်။
ရှားထော်သည် သူမ တွေ့ဖူးသမျှ သဲကန္တာရ လူရိုင်းမျိုးနွယ်မှ စစ်သည်များနှင့် ကျင်းမူကုန်းမှာ လုံးဝ မတူညီကြောင်း ခံစားလိုက်ရသည်။ စာရေးသားနိုင်သော်လည်း စာပေပညာရှင်များကဲ့သို့ စိတ်ပျက်စရာ မကောင်းပေ။ သူမ၏ အစ်မဖြစ်သူ ရှားမန်ကလည်း မီးလောင်ရာ လေပင့် လုပ်ပေးလိုက်သောကြောင့် ဆန်စိမ်းက ထမင်းဖြစ်သွားခဲ့၏။
ထို့ကြောင့် နယ်စားကြီးကျင်းကျိုးနှင့် စုဖေးဖေးတို့ သတင်းရရှိချိန်တွင် သူတို့နှစ်ဦး အတူတူ ရှိနေကြပြီ ဖြစ်သည်။
ကျင်းမူကုန်းက ဝန်ခံ၏။ “ယောက်ဖ... ကျုပ် ပထမဆုံး သဘောကျခဲ့တဲ့ မိန်းကလေးက ကျူးနင်ပါ။ အခုချိန်ထိ သူ့ကို ကျုပ် မှတ်မိနေတုန်းပါပဲ။ ဒါပေမဲ့ သူက ကျုပ်ကို မကြိုက်ခဲ့ဘူး။ ပြီးတော့ သူ့ရဲ့ စိတ်နေသဘောထား ကိုလည်း ကျုပ် နည်းနည်း စိတ်ပျက်ခဲ့ရတယ်။
ရှောင်နင်က လောကပေါ်မှာ အလှပဆုံး မိန်းကလေးပါ၊ စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ တန်ဖိုးအထားရဆုံး မိန်းကလေးပါ၊ ဒါပေမဲ့ ကျုပ်က သူ့နဲ့ မထိုက်တန်ပါဘူး။ သူ့ရဲ့ ဖြူစင်သန့်ရှင်းမှုနဲ့ အပြစ်ကင်းစင်မှုကို ကျုပ် မဖျက်ဆီးရက်ပါဘူး။ သူ့ရဲ့ ဝိညာဉ်နဲ့ နှလုံးသားက ထာဝရ ကလေးမလေး တစ်ယောက်လိုပါပဲ။
ဒါပေမဲ့ ရှားထော်ကတော့ အချစ်ရဲ့အရသာကို မြည်းစမ်းခွင့် ပေးခဲ့တယ်။ အဲဒါက ခွက်မှားပြီး ကိုင်မိသလိုပါပဲ။ ရေ သောက်ချင်ပေမဲ့ ပြင်းထန်တဲ့ အရက်ကို သောက်မိလိုက်သလိုမျိုးပေါ့။ အစပ် ဟော့ပေါ့ကို ပထမဆုံးအကြိမ် စားလိုက်ရသလိုမျိုး၊ အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတယ်။ ယောက်ျားတစ်ယောက်ရဲ့ တတိယမြောက် အချစ်က အောင်မြင်တတ်တယ်လို့ ယောက်ဖ ပြောဖူးတယ်နော်၊ အခု ကျုပ်အတွက် တကယ် ဖြစ်လာခဲ့ပြီ။”
ရှမ့်လန်သည် ပိန်သွယ် ခန့်ညားလာပြီး ရင့်ကျက်လာသော်လည်း ရိုးအနုံအဆဲ ဖြစ်နေသော ဤယောက်ဖဖြစ်သူ ကျင်းမူကုန်းကို ကြည့်လိုက်မိသည်။ ရှမ့်လန်က ဂုဏ်ပြုလိုက်သည်။
“မင်း ကြိုက်တဲ့ မိန်းကလေးကို ရှာတွေ့လို့ ငါဝမ်းသာပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်။ သူ မင်းကို ရိုက်နှက်လား။”
ကျင်းမူကုန်း သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ “ကျုပ်တို့ အတူတူရှိပြီးတည်းက သူ ကျုပ်ကို ထပ်မရိုက်တော့ဘူး။ တကယ်ပဲ။ နှမြောစရာကောင်းတယ်။”
“ဟမ်..”
ကျင်းမူကုန်းက ဆက်ပြောသည်။ “ယောက်ဖ... ဟိုတုန်းက ရွှမ်ဝူနယ်စားကြီးရဲ့ အိမ်မှာတုန်းကလေ၊ ကျုပ်အစ်မက ယောက်ဖကို မြေကြီးပေါ် ဖိချပြီး တိရစ္ဆာန်ခြောက်မျိုး သိုင်းကွက်ကို အတင်း လေ့ကျင့်ခိုင်းတာ မှတ်မိလား။ အဲဒီတုန်းက ယောက်ဖ နာလွန်းလို့ သေမလို ဖြစ်နေပေမဲ့ ကျုပ်ကတော့ အရမ်း အားကျခဲ့ရတယ်။”
‘ဟမ်’
“ပြင်ဆင်ထားလိုက်တော့။ နောက်နှစ်ရက်နေရင် မင်း မင်္ဂလာဆောင်ရမယ်။”
သုံးရက်ကြာပြီးနောက် နုရှောင့်မြို့တွင် ကျင်းမူကုန်းအတွက် ခမ်းနားထည်ဝါသော မင်္ဂလာပွဲကို ကျင်းပခဲ့သည်။ ဤမင်္ဂလာပွဲကို မကျင်းပ၍ မဖြစ်ပေ။ စုဖေးဖေးသည် ရှမ့်လန် ပြန်လာမည်ကို စောင့်မျှော်ရင်း အံကြိတ်ထား ခဲ့ရသည်။ ရှားထော်၏ ကိုယ်ဝန်သည် သုံးလကျော် ရှိနေပြီ ဖြစ်သည်။ အကယ်၍ အမြန် လက်မထပ်လျှင် သူမ၏ ဗိုက်သည် အလွန် ကြီးလာပေလိမ့်မည်။ သို့သော်ငြား ထိုအရာသည် ဝမ်းမြောက်စရာ ကိစ္စတစ်ခု ဖြစ်နေဆဲပင်။ ကျင်းမိသားစုတွင် နောက်ဆုံး၌ မျိုးဆက်သစ် ရရှိတော့မည်။
စုဖေးဖေးနှင့် ကျင်းကျိုးတို့သည် သဲကန္တာရ လူရိုင်းမျိုးနွယ် မိန်းကလေးတစ်ဦးနှင့် သဘောမတူချင်ကြ သော်လည်း ဘာတတ်နိုင်မည်နည်း။ လွန်သွားသော ကိစ္စများကို ပြန်ပြင်၍ မရနိုင်ပေ။ ထို့အပြင် ကျင်းမူကုန်း နှစ်သက်သရွေ့ အခြားမည်သည့်အရာထက်မဆို အရေးကြီးသည် မဟုတ်ပါလား။ ဤကိစ္စနှင့် ပတ်သက်၍ ကျင်းကျိုးနှင့် စုဖေးဖေးတို့သည် အလွန် သဘောထားကြီးကြသည်။
……………………
အင်ပါယာသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့သည်မှာ လဝက်ခန့် ရှိပြီ ဖြစ်သော်လည်း သူသည် အလွန် ပျင်းရိနေပုံ ရသည်။ ညီလာခံ အကြီးစားပဲ ဖြစ်ဖြစ်၊ အငယ်စားပဲ ဖြစ်ဖြစ်၊ သူ တက်ရောက်သည့် အချိန်များ ရှိသလို ရိုးရှင်းစွာပင် မလာရောက်သည့် အချိန်များလည်း ရှိ၏။
ညီလာခံ တက်ရောက်သည့် အချိန်တွင်လည်း အင်ပါယာသည် ပုံမှန်အားဖြင့် စကားမပြောပေ။ အရာအားလုံးသည် အိမ်ရှေ့စံမင်းသား အင်ပါယာကို တာဝန်ယူ အုပ်ချုပ်စဉ်ကအတိုင်း ဖြစ်နေပုံရသည်။ သူသည် အာဏာအားလုံးကို အိမ်ရှေ့စံမင်းသားထံ လွှဲအပ်ထားပုံ ရသည်။ တော်ဝင်ချန်အင်ပါယာ၏ ထကြွလာမှုကို ရင်ဆိုင်ရာတွင် သူသည် စကားတစ်ခွန်းမှ မပြောသလို မည်သည့် အရေးယူဆောင်ရွက်မှုမှ မပြုလုပ်ခဲ့ပေ။
တော်ဝင်ရန်နှင့် တော်ဝင်ချန်အင်ပါယာတို့သည် စစ်ဖြစ်နေဆဲ အခြေအနေတွင် ရှိနေသောကြောင့် စမ်းသပ် တိုက်ခိုက်မှု ပြုလုပ်ရန် လိုအပ်ပါသလားဟု တော်ဝင်ရန်အင်ပါယာ၏ အရာရှိများက မေးမြန်းဖူးကြသည်။ တိုင်းပြည် အခြေအနေသည် အနည်းငယ် မတည်မငြိမ် ဖြစ်နေကြောင်း၊ အထူးသဖြင့် တော်ဝင်ချန်အင်ပါယာနှင့် နီးစပ်သော လက်အောက်ခံ နိုင်ငံငယ်လေးများသည် တစ်ဖက်လူနှင့် မျက်စပစ်နေပုံရကြောင်း၊ ထို့ကြောင့် ထိုသူတို့ကို ခြိမ်းခြောက်ရန် လိုအပ်ကြောင်း ပြောဆိုသူအချို့လည်း ရှိကြသည်။
သို့သော်ငြား အင်ပါယာသည် မည်သည့် သဘောထားအမြင် သို့မဟုတ် အမိန့်ကိုမှ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ အရာအားလုံးကို အိမ်ရှေ့စံမင်းသားထံသာ လွှဲထားခဲ့သည်။ အင်ပါယာ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး လောကတစ်ခုလုံးကို ရှင်းလင်းသုတ်သင်ကာ နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ယံသို့ ပျံတက်သွားမည်ကို လူတိုင်း စောင့်မျှော်နေကြသည်။ နောက်ဆုံးတွင်မူ လဝက်ကျော် ကြာမြင့်သွားခဲ့သည်။ နဂါး၏ အရိပ်အယောင်မျှ မတွေ့ရပေ။ တားမြစ်မျှော်စင်သည် အလွန် တိတ်ဆိတ်နေဆဲပင်။
ရန်မြို့တော်ရှိ ပြည်သူများ၊ တော်ဝင်ရန်အရာရှိများနှင့် လက်အောက်ခံ နိုင်ငံများပင်လျှင် အနည်းငယ် စိတ်ပျက်နေကြသည်။ အင်ပါယာသည် လေးနှစ်ကြာ တံခါးပိတ် ကျင့်ကြံဟန်ဆောင်နေခဲ့ခြင်းလား။ တော်ဝင်ရန် အင်ပါယာတွင် ဧရာမ နဂါးကြီး ရှိသည်ဟူသော အဆိုသည် ကောလာဟလ တစ်ခုလား။
ဤကောလာဟလကို တော်ဝင်ရန်တော်ဝင်မိသားစုက ဖြန့်ဝေခဲ့ခြင်းလား။ အခြားနိုင်ငံများကို ခြိမ်းခြောက်ရန် သက်သက်လား။ လက်တွေ့တွင် တော်ဝင်ရန်အင်ပါယာ၌ ဧရာမ နဂါးကြီး မရှိပေ။ ထိုသို့မဟုတ်ပါက ဤလောကကြီးတွင် ဧရာမ နဂါးကြီးဟူ၍ မရှိခြင်းလည်း ဖြစ်နိုင်ပေသည်။
သို့သော်ငြား ဇူလိုင်လ ၁၅ ရက်နေ့တွင်မူ တော်ဝင်ရန် အင်ပါယာ နန်းတော်ရှိ တားမြစ်မျှော်စင် အတွင်းမှ အလင်းတန်း တစ်ခုသည် ကောင်းကင်ယံသို့ ရုတ်တရက် ပျံတက်သွားခဲ့သည်။ ၎င်းသည် အလွန် လျင်မြန်လှပြီး နောင်တနဂါးနှင့် ယှဉ်နိုင်၏။
မကြာမီမှာပင် မရေမတွက်နိုင်သောလူများက ဤမြင်ကွင်းကို မြင်တွေ့လိုက်ကြသည်။ “ကြည့်စမ်း၊ ကြည့်စမ်း။ အဲဒါ နဂါး မဟုတ်ဘူးလား။ အဲဒါ အရှင်ရဲ့ နဂါး မဟုတ်ဘူးလား။”
“မဖြစ်နိုင်တာ။ အရှင်ရဲ့ နဂါးက ဒီလောက် သေးပါ့မလား။”
အကယ်၍ ဤအရာသာ နဂါးဖြစ်ပါက အမှန်တကယ်ပင် သေးငယ်လွန်းလှသည်။ တားမြစ်မျှော်စင်သည် ကွဲအက်မသွားသလို မြေကြီးလည်း တုန်ခါခြင်း မရှိခဲ့ပေ။ အလင်းရောင်ကို ကြည့်ရသည်မှာ ဤနဂါးသည် အများဆုံး ရှိလှမှ အသံထက်မြန်သော ပျံသန်းသားရဲထက် အနည်းငယ်သာ ပိုကြီးပေလိမ့်မည်။
အကယ်၍ ဤအရာသည် နဂါးဖြစ်ပါက အလွန် စိတ်ပျက်စရာ ကောင်းလှသည်။ ရှေးဟောင်းသားရဲတစ်ကောင်၏ ခံ့ညားထည်ဝါမှုမျိုး လုံးဝ မရှိပေ။ ဤအရာကို အားကိုးပြီး နဂါးအစစ် ဖြစ်လာချင်နေသည်လား။ ခက်ခဲပေ လိမ့်မည်။
အလင်းတန်းသည် ဆက်လက် ပျံသန်းသွားပြီး မီတာသောင်းချီ မြင့်မားသော ကောင်းကင်ယံသို့ ရောက်ရှိသွား ခဲ့သည်။ ဤအချိန်၌ ၎င်းသည် အလင်းစက်လေး တစ်ခုမျှသာ ဖြစ်နေပြီး ပို၍ပင် သေးငယ်သွားပုံရသည်။ ဤအချိန်၌ ရန်မြို့တော်ရှိ လူများသည် မော့ကြည့်လိုက်ကြပြီး များစွာ စိတ်ပျက်သွားကြသည်။
၎င်းသည် သူတို့ စိတ်ကူးထားသည်နှင့် လုံးဝ ကွာခြားနေသည်။ အရှင်ထံတွင် နဂါး လုံးဝ မရှိခြင်းလား။ တောက်ပနေသော အသံထက်မြန်သည့် ပျံသန်းသားရဲ တစ်ကောင်က နဂါးအဖြစ် ဟန်ဆောင်နေခြင်းလား။
သို့သော်ငြား နောက်တစ်ခဏ၌ ကောင်းကင်ယံတွင် မိုးခြိမ်းသံကဲ့သို့ အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။ ရန်မြို့တော်တစ်ခုလုံးသည် မိုင်တစ်ရာ အကွာအဝေး အတွင်း၌ ထိုအသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
“ဝုန်း... ဝုန်း... ဝုန်း...”
ကောင်းကင်ယံတွင် နဂါးနောင်တ ပေါက်ကွဲသွားသကဲ့သို့ မီးတောက်များ ထွက်ပေါ်လာခဲ့သည်။ ထိုသေးငယ်သော အရာသည် ရုတ်တရက် စတင် ကြီးထွားလာခဲ့သည်။ ပို၍ ပို၍ ကြီးမားလာခဲ့၏။
နောက်ဆုံးတွင်မူ တုန်လှုပ်ဖွယ်ရာကောင်းသော ဧရာမ သတ္တဝါကြီး ဖြစ်လာခဲ့၏။ ထို့အပြင် ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြင်းထန်သော မီးတောက်များဖြင့် ဖုံးလွှမ်းနေသည်။ ထို့နောက် ထိုအကောင်ကြီးသည် အောက်သို့ ထိုးဆင်းလာခဲ့သည်။
ကြီးမားပြီးဖြစ်သော ၎င်း၏ပုံသဏ္ဍာန်သည် ယခုအခါ ပို၍ပင် ကြီးမားလာပုံရသည်။ ၎င်း၏ တောက်လောင်နေသော ခန္ဓာကိုယ်သည် ညအခါ၌ ထွက်ပေါ်လာသော နေမင်းကြီးသဖွယ် ရန်မြို့တော် တစ်ခုလုံးကို လင်းထိန်သွားစေခဲ့၏။
ဤအချိန်၌ ကောင်းကင်ယံတွင် လမင်းကြီး သာနေသည်။ သို့သော်ငြား ဧရာမနဂါးကြီး၏ အလင်းရောင် အောက်တွင်မူ ပြည့်ဝန်းနေသော လမင်းကြီးသည် အထူး မှိန်ဖျော့သွားပုံ ရသည်။ ဧရာမ နဂါးကြီးသည် အမြင့် မီတာ တစ်သောင်းခန့်သို့ ထိုးဆင်းလာချိန်မှာတော့ ဆက်လက် ဆင်းသက်ခြင်း မရှိတော့ဘဲ ကောင်းကင်ယံတွင် ဝဲပျံနေခဲ့သည်။
ရန်မြို့တော်အထက် ကောင်းကင်ယံ တစ်ခုလုံးသည် ဟာရီကိန်းမုန်တိုင်း တစ်ခု၏ တိုက်ခတ်ခြင်းကို ခံလိုက်ရသည်။ ပူပြင်းသော ဟာရီကိန်းမုန်တိုင်းသည် လူတို့၏ ချွေးပေါက်များကိုပင် လောင်ကျွမ်း သွားစေလုမတတ် ဖြစ်စေခဲ့၏။
၎င်း၏ ကြီးမားသော အလင်းရောင်သည် ရန်မြို့တော်အထက် ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ အပူချိန်သည် ရန်မြို့တော် တစ်ခုလုံးကို မီးရှို့ပစ်တော့မည့်အလား ထင်မှတ်ရသည်။ မှော်ဆန်လွန်းလှသည်၊ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ဤနဂါးသည် အရွယ်အစား ပြောင်းလဲနိုင်စွမ်း ရှိသည်။ ၎င်းသည် မီတာ ဒါဇင်အနည်းငယ်မျှသာ ရှိသော သေးငယ်သည့် အရွယ်အစားမှသည် ကောင်းကင်ကို ဖုံးလွှမ်းသွားနိုင်လောက်အောင် ကြီးမားသော အရွယ်အစား သို့ ပြောင်းလဲနိုင်စွမ်း ရှိနေ၏။
ထို့နောက် ဧရာမ နဂါးကြီးသည် နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြန်သည်။ ရုတ်ခြည်းပင် ရန်မြို့တော်ရှိ အိမ်ခြေအားလုံးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့ရသည်။ ရန်မြို့တော် မြောက်ဘက်ရှိ သစ်တောများသည် ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။ ဧကပေါင်း ထောင်ချီသော သစ်ပင်များသည် ရုတ်တရက် ကွေးညွတ်သွားကြသည်။
ကျူးမိသားစု ဝန်ကြီးချုပ်၊ မင်းသားလျန်၊ မင်းသားဝူနှင့် အခြားလူတိုင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ တုန်လှုပ်သွားခဲ့ကြသည်။ ထို့နောက် သူတို့ အလွန်အမင်း ဝမ်းမြောက်သွားကြသည်။ သူတို့သည် မြေကြီးပေါ်တွင် ဒူးထောက်ပြီး အော်ဟစ်လိုက်ကြသည်။ “အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။”
ထို့နောက် ရန်မြို့တော်ရှိ မရေမတွက်နိုင်သော လူများသည် မြေကြီးပေါ်တွင် ဒူးထောက်လိုက်ကြပြီး အော်ဟစ်လိုက်ကြသည်။ “အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။”
လူတိုင်း စိတ်လှုပ်ရှားလွန်းသောကြောင့် တုန်ယင်နေကြသည်။ သူတို့၏ သွေးများ ဆူပွက်နေခဲ့ကြ၏။
အင်ပါယာသည် အမှန်တကယ်ပင် ကောင်းကင်ဘုံ၏ သားတော် ဖြစ်ပေသည်။ တော်ဝင်ရန် အင်ပါယာသည် ကံတရားက သတ်မှတ်ပေးထားသော အင်ပါယာ ဖြစ်ပေသည်။ ဤဧရာမ နဂါးကြီး ရှိနေသမျှ ကာလပတ်လုံး တော်ဝင်ရန်အင်ပါယာကို မည်သူက ယှဉ်ပြိုင်နိုင်မည်နည်း။ ရန်သူအားလုံးသည် ချေမှုန်းခြင်း ခံရပေလိမ့်မည်။
တော်ဝင်ချန်အင်ပါယာ ဆိုသည်မှာ ပြောပလောက်စရာ မရှိပေ။ ရှမ့်လန်သည် လူပြက်တစ်ယောက်မျှသာ ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာ၏ ဧရာမ နဂါးကြီး၏ မီးတောက်များအောက်တွင် အရာအားလုံးသည် ပြာပုံဘဝသို့ ရောက်ရှိသွားရပေမည်။
“တော်ဝင်ရန်အင်ပါယာ တော်ဝင်ရန် အင်ပါယာ”
ရန်မြို့တော်ရှိ သိန်းနှင့်ချီသော၊ သန်းနှင့်ချီသော လူများသည် ဟစ်ကြွေးကြိုဆိုခဲ့ကြသည်။ သူတို့၏ အသံများသည် ကောင်းကင်ဘုံကို တုန်ဟည်းသွားစေခဲ့၏။
ဧရာမနဂါးကြီးသည် ကောင်းကင်ယံတွင် အကြိမ်အနည်းငယ် ဝဲပျံပြီးနောက် တုန်လှုပ်ဖွယ်ရာ အရှိန်အဝါဖြင့် တော်ဝင်ချန်အင်ပါယာ ရှိရာသို့ ဦးတည် ပျံသန်းသွားခဲ့သည်။ နောက်ပိုင်းတွင်မူ တော်ဝင်ရန်အင်ပါယာ၏ နဂါး စွမ်းရည်ပြသရန် အချိန် ရောက်ရှိလာခဲ့သည်။
တချို့အချိန်များတွင် သူသည် ကိုးလွှာသော ကောင်းကင်ထက်၌ ခြေရာလက်ရာ မကျန်ရစ်ဘဲ ပျံသန်းနေ တတ်သည်။ ကောင်းကင်ယံကို ဖြတ်သန်းသွားသော ကြယ်တံခွန် တစ်ခုနှင့် ပိုတူသည်။ တချို့အချိန်များတွင် သူသည် ဧရာမ သတ္တဝါကြီး တစ်ကောင်အဖြစ် မီတာ ၁၀,၀၀၀ အမြင့်၌ ပျံသန်းနေတတ်၏။
တချို့အချိန်များတွင် သူသည် ငရဲမှ လာသော အရိပ်မည်းကြီး တစ်ခုအလား မဲမှောင်နေတတ်သည်။ တချို့ အချိန်များတွင် ရွှေကျီးကန်း တစ်ကောင်အလား မီးတောက်များဖြင့် ဖုံးလွှမ်းနေတတ်သည်။ တချို့အချိန်များတွင် သူသည် သာမန် ပျံသန်းသားရဲ တစ်ကောင်ကဲ့သို့ မီတာ ဒါဇင်အနည်းငယ်မျှသာ ရှည်လျားတတ်သည်။ ခံ့ညားပြီး ရက်စက်ကြမ်းကြုတ်ပုံ ပေါ်လွင်နေတတ်သည်။
အခြားအချိန်များတွင်မူ သူသည် အဆုံးအစမဲ့ ကြီးမားနေပြီး ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းနေတတ်သည်။ သူသည် ခရိုင်အချို့ကို ဖြတ်သန်းသွားသည့်အခါ တိတ်ဆိတ်ငြိမ်သက်နေတတ်သည်။ ၎င်းကို လုံးဝ မြင်တွေ့ရခြင်း မရှိပေ။ လေတိုးသံ တဝေါဝေါကိုသာ မသဲမကွဲ ကြားရပြီး လေပြင်းတစ်ချက်သည် မြေပြင်ကို ဖြတ်တိုက်သွား တတ်သည်။ နေရာအချို့ကို ဖြတ်သန်းသွားသည့်အခါ၌မူ လောကပျက်မတတ် ဖြစ်သွားစေသည်။ မြေကြီး တုန်ခါသွားပြီး မိုးခြိမ်းသံများ မြည်ဟီးသွားတတ်၏။
တော်ဝင်ရန် အင်ပါယာ၏ ပြည်သူများသည် ပထမတွင် ကြောက်ရွံ့ခြင်း၊ ထို့နောက် လေးစားကြည်ညိုခြင်း၊ နောက်ဆုံးတွင်မူ ရူးသွပ်စွာ ကိုးကွယ်ခြင်းတို့ကို ဖြစ်ပေါ်လာသည်။
ရက်အနည်းငယ် ကြာပြီးနောက် တော်ဝင်ရန်အင်ပါယာရှိ ဘီလီယံနှင့်ချီသော ပြည်သူများသည် တုန်လှုပ်ခဲ့ကြ သည်။ မရေမတွက်နိုင်သောလူများသည် မော့ကြည့်ကြပြီး နဂါးကြီး သူတို့၏ကောင်းကင်ယံထက်မှ ဖြတ်ကျော် ပျံသန်းသွားမည်ကို တောင့်တနေခဲ့ ကြ၏။
ဤအချိန်၌ နဂါး၏ ပေါ်ထွက်လာမှု လျော့နည်းသွားခဲ့သည်။ အချိန်အများစုတွင် ၎င်း၏ အသံကိုသာ ကြားရပြီး အကောင်ကို မမြင်ရပေ။ ဤအချက်သည် လူတို့ မျှော်လင့်ထားသော နဂါးပုံစံနှင့် ပိုမို ကိုက်ညီနေသည်။ ၎င်းသည် လျှို့ဝှက်ဆန်းကြယ်သည်၊ စွမ်းအားကြီးသည်၊ မြင့်မြတ်သည်၊ မြင်တွေ့ရခဲသည်။
ဤကဲ့သို့ ဧရာမနဂါးကြီး၏ ပုံရိပ်ကို မြင်တွေ့ရခြင်းသည် ကြီးမားသော ကောင်းချီးမင်္ဂလာနှင့် ကံကောင်းခြင်းပင် ဖြစ်သည်။ နဂါးကြီး မြို့အချို့ကို ဖြတ်ကျော်ပျံသန်းသွားသည့်အခါ မရေမတွက်နိုင်သော လူများသည် ဘုရားသခင် ကို ကိုးကွယ်သကဲ့သို့ အမွှေးတိုင်များ ထွန်းညှိခြင်း၊ ရေချိုးသန့်စင်ခြင်းနှင့် ယဇ်ကောင်များစွာ ပူဇော်ခြင်းတို့ကို ပြုလုပ်ကြ၏။
နဂါး ပေါ်လာသည် ဖြစ်စေ၊ မပေါ်လာသည် ဖြစ်စေ မြို့ထဲရှိ လူများသည် ဦးတိုက်ကြပြီး အော်ဟစ်ကြသည်။ “နဂါးကြီး အသက်ရာကျော် ရှည်ပါစေ။”
ဤအချိန်၌ နဂါးကြီးသည် တော်ဝင်ရန်ဧကရာဇ်၏ ကိုယ်ပွား ဖြစ်လာခဲ့သည်။ လူထု၏ ဂုဏ်ယူမှုနှင့် သစ္စာစောင့်သိမှုသည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။
အပိုင်း (၁၂၅၄)
‘ကျုပ်တို့ တော်ဝင်ရန် အင်ပါယာကို နဂါးကြီးက ကာကွယ်စောင့်ရှောက်ပေးထားတာပဲ။ ကျုပ်တို့ ဘာကို ကြောက်စရာ လိုသေးလဲ။ ကျုပ်တို့က ပြိုင်ဘက်ကင်းပဲ။ ရှမ့်လန်ရဲ့ တော်ဝင်ချန် အင်ပါယာ။ ကြောက်လန့်တကြား နဲ့ တုန်ယင်ဖို့သာ ပြင်ထားပေတော့။’
ထိုအချိန်၌ တော်ဝင်ချန်အင်ပါယာမှ ပြည်သူများ၊ အထူးသဖြင့် ချန်မြို့တော်ရှိ လူများသည် ကြောက်ရွံ့ တုန်လှုပ်နေကြသည်။ တော်ဝင်ရန်အင်ပါယာ၏ နဂါးသည် ဒဏ္ဍာရီဆန်လှသည်။ သူသည် မိုင်ထောင်ချီ ရှည်လျားအောင် ဆန့်ထုတ်နိုင်ပြီး မြို့တစ်မြို့လုံးကို မျိုချနိုင်သည်ဟု ဆိုကြသည်။ မီးတောက်တစ်ခုတည်းဖြင့် အင်ပါယာ တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည်ဟု ဆိုကြသည်။
ဤအရာသည် အမှန်တကယ်ပင် အလွန်အမင်း ချဲ့ကားပြောဆိုခြင်း ဖြစ်သည်။ နဂါးများတွင် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သော စွမ်းအား ရှိသော်လည်း ဤမျှ ချဲ့ကားပြောလောက်သည့် အတိုင်းအတာအထိ မဟုတ်ပေ။ သို့သော်ငြား ကောလာဟလသည် တောမီးပမာ ပျံ့နှံ့သွားခဲ့၏။
အထူးသဖြင့် တော်ဝင်ရန် အင်ပါယာ၏ မင်းညီမင်းသားများနှင့် သံတမန်များကြားတွင် ဖြစ်သည်။ သူတို့သည် အလွန် မောက်မာနေကြသည်။
တော်ဝင်ရန်အင်ပါယာ၏ နိုင်ငံသားများပင်လျှင် ခေါင်းမော့ ရင်ကော့နေကြသည်။ ပို၍ ကြောက်စရာ ကောင်းသည်မှာ တော်ဝင်ရန်အင်ပါယာမှ ဤဧရာမနဂါးကြီးသည် မကြာမီ ချန်မြို့တော်အထက်သို့ ပျံသန်းလာပြီး မြို့ကို အကြီးအကျယ် ဖျက်ဆီးတိုက်ခိုက်တော့မည်လဟူသော ကောလာဟလပင် ဖြစ်သည်။ တိုက်ခိုက်မှု အတိုင်းအတာသည် မကြုံစဖူး ကြီးမားမှာဖြစ်ပြီး နဂါးနောင်တ အစင်းတစ်ရာထက် ပိုမို ပြင်းထန်မည်ဟု ဆိုကြ၏။
ချန်မြို့တော်သားများသည် တော်ဝင်ရန်အင်ပါယာ၏ စစ်ပွဲခြိမ်းခြောက်မှုကြောင့် တစ်ကြိမ် ထွက်ပြေးခဲ့ကြ ဖူးသည်။ ယခင်က မင်းသမီးကျိရွှမ်သည် စစ်သည် တစ်သန်း စုဆောင်းပြီး ချန်မြို့တော်ကို တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ဖူးသည်။ ချန်မြို့တော်သား နှစ်သိန်းကျော် ထွက်ပြေးခဲ့ကြပြီး အများစုမှာ တော်ဝင်ရန် အင်ပါယာ၊ လျန်နိုင်ငံနှင့် တော်ဝင်ရန် မင်းဆက်၏ အခြား လက်အောက်ခံ နိုင်ငံများသို့ ထွက်ပြေးခဲ့ကြသည်။
ထို့နောက် ရှမ့်လန်သည် တာဝေးပစ် နဂါးနောင်တနှစ်စင်းကို အသုံးပြုကာ တော်ဝင်ရန်အင်ပါယာကို ဆုတ်ခွာပြီး အလျှော့ပေးအောင် ဖိအားပေးခဲ့သည်။ ဒုက္ခသည် နှစ်သိန်းကျော် ချင်နိုင်ငံသို့ ပြန်လာခဲ့ကြသော်လည်း တံခါးဝတွင် အငြင်းခံခဲ့ရ၏။
ဤသည်မှာ ရှမ့်လန်၏ အလိုဆန္ဒပင် ဖြစ်သည်။ သူသည် သဘောထား အလွန် သေးသိမ်သူ ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က တော်ဝင်ချန် အင်ပါယာ၏ ပြည်သူ မဖြစ်ချင်ဘူး ဆိုလျှင် သူကလည်း ဖြစ်ခွင့်ပေးမည် မဟုတ်ပေ။
တော်ဝင်ချန်အင်ပါယာ၏ ဝန်ကြီးချုပ်အနေဖြင့် မင်းသားကျင်းသည် ရှမ့်လန်၏ လုပ်ဆောင်ပုံကို သဘော မတူခဲ့ပေ။ ဧကရာဇ် တစ်ပါးအနေဖြင့် သူသည် ပိုမို သဘောထားကြီးသင့်ပြီး မိမိ၏ နိုင်ငံသားများကို အပြစ်ပေး သင့်သည်။ သို့သော်ငြား တိုက်ရိုက် နှင်ထုတ်လိုက်ခြင်းသည် သဘောထား မကြီးရာ ရောက်နေသည်။
သို့သော်ငြား မင်းသားကျင်း၏ ဖျောင်းဖျမှုသည် အရာမထင်ခဲ့ပေ။ ရှမ့်လန် ဆုံးဖြတ်ပြီး ဖြစ်သည်။ ထို့ကြောင့် တော်ဝင်ချန်အင်ပါယာ၏ ဝန်ကြီးချုပ်အနေဖြင့် မင်းသားကျင်းသည် ဤမဲညစ်နေသော အိုးကို မိမိသဘောဖြင့် လှမ်းယူလိုက်ရသည်။ နိုင်ငံတော်ရေးရာဝန်ကြီးနှင့် စစ်ဖက်ဆိုင်ရာ ဗျူရိုတို့သည် အတူတကွ အပြစ်ခံယူခဲ့ကြသည်။
တော်ဝင်ချန်အင်ပါယာ၏ အမြင့်ဆုံးသော အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အာဏာပိုင်အဖွဲ့သည် အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်။ အရေးကြီးသော အချိန်တွင် တော်ဝင်ချန် အင်ပါယာကို စွန့်ခွာသွားသူ မည်သူမဆို တော်ဝင်ချန် အင်ပါယာ၏ နိုင်ငံသား ဖြစ်ခွင့် ရှိတော့မည် မဟုတ်ပေ။
ရှမ့်လန်၏ အမိန့်ကိုမူ လူသိရှင်ကြား မထုတ်ပြန်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် တော်ဝင်ချန် အင်ပါယာ ဧကရာဇ်၏ ဂုဏ်သိက္ခာသည် အစွန်းအထင်း မခံနိုင်သောကြောင့် ဖြစ်သည်။ သူသည် သဘောထားကြီးသူ၊ ခံ့ညားထည်ဝါသူနှင့် မြင့်မြတ်သူအဖြစ် ရှိနေရမည်။ အရှင်သည် အသေးအဖွဲ ကိစ္စလေးများအတွက် ကလဲ့စားချေတတ်သူ ဟု အပြောခံ၍ မဖြစ်ပေ။
ထိုအချိန်မှစ၍ ချန်မြို့တော်သားများသည် ထွက်ပြေးချင်ပါက သေချာ စဉ်းစားကြရတော့သည်။ ထွက်ပြေးပြီး သည်နှင့် ပြန်လာ၍ ရတော့မည် မဟုတ်ပေ။ သို့သော်ငြား ကောလာဟလသည် အလွန် ကြောက်မက်ဖွယ် ကောင်းသည်။ တော်ဝင်ရန် အင်ပါယာ၏ ဧရာမ နဂါးကြီး တိုက်ခိုက်လာတော့မည်။ ၎င်းသည် ချန်မြို့တော် တစ်ခုလုံးကို မီးပင်လယ်ထဲ၌ အလွယ်တကူ မြှုပ်နှံပစ်နိုင်ပြီး မရေမတွက်နိုင်သော လူများကို ပြာအဖြစ် ပြောင်းလဲပစ်နိုင်သည်။
ထို့ကြောင့် ချန်မြို့တော်သားများသည် သူတို့၏ ကိုယ်စားလှယ်များကို တော်ဝင်ချန်နန်းတော်သို့ စေလွှတ်ခဲ့ ကြသည်။ သို့သော်ငြား တော်ဝင်ချန်ဧကရာဇ်သည် ထိုနေရာတွင် မရှိပေ။ မင်းသားကျင်းနှင့် စုနန်သာလျှင် ချန်မြို့တော်၌ ရှိနေကြသည်။ ပို၍ ပို၍ များပြားသော ပြည်သူများသည် နေ့စဉ် တော်ဝင်ချန် နန်းတော် အပြင်ဘက်တွင် စုရုံးလာကြ၏။
နောက်ဆုံးတွင်မူ ဝန်ကြီးချုပ် မင်းသားကျင်းသည် မတတ်သာဘဲ ထိုလူများနှင့် တွေ့ဆုံခဲ့ရသည်။
မင်းသားကျင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ကျုပ် အဲဒီကောလာဟလတွေကို ကြားပါတယ်။ တော်ဝင်ရန် အင်ပါယာမှာ နဂါးရှိတယ်လို့ လူအများက ပြောနေကြတယ်။ ဒါပေမဲ့ ကောလာဟလ သက်သက်ပဲလို့ ပြောတဲ့လူတွေလည်း အများကြီး ရှိပါတယ်။ တော်ဝင်ချန်အင်ပါယာရဲ့ ထောက်လှမ်းရေး သတင်းတွေအရ အဲဒါက အမှန်ပါပဲ။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ ချန်မြို့တော်သားများ နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြန်သည်။ သတင်းသည် အလွန် တိကျနေပြီ ဖြစ်သော်လည်း တော်ဝင်ချန်အင်ပါယာက တရားဝင် အသိအမှတ်ပြု လိုက်ခြင်းသည် ကြောက်စရာ ကောင်းလာခဲ့သည်။
မင်းသားကျင်းက ဆက်ပြောလိုက်၏။ “ဒါဆိုရင် အဲဒီနဂါးကြီးက ကောလာဟလတွေလိုမျိုး စွမ်းအားကြီးသလား ဆိုတာ တချို့လူတွေ သိချင်ကြပါလိမ့်မယ်။ ကောလာဟလတွေ ပြောသလောက် စွမ်းအားမကြီးဘူး ဆိုတာကို ကျုပ် အတိအကျ ပြောရဲပါတယ်။ ဒါပေမဲ့ မြို့တစ်မြို့ကို ဖျက်ဆီးနိုင်စွမ်းတော့ ရှိတယ်။”
ထိုစကားကို ကြားလိုက်ရချိန်မှာတော့ ချန်မြို့တော်သားများသည် ပို၍ပင် ကြောက်ရွံ့သွားကြသည်။
‘ကျုပ်တို့ ဘာကြောင့် ဒီလို ခြိမ်းခြောက်ခံရပြီး ကြောက်လန့်နေရတာလဲ။ ကျုပ်တို့က ချန်မြို့တော်မှာ နေထိုင်မိရုံ သက်သက်ပါ။ ရှမ့်လန် ချန်မြို့တော်ကို ဝင်လာတာ ကျုပ်တို့ တားဆီးလို့ ရတာမှ မဟုတ်တာ။ တော်ဝင်ရန် အင်ပါယာရဲ့ ဧရာမနဂါးကြီးက ဘာလို့ နုရှောင့်မြို့ကို မခြိမ်းခြောက်တာလဲ။ ဘာဖြစ်လို့ ကျုပ်တို့ ချန်မြို့တော်ကိုမှ လာခြိမ်းခြောက်ချင်နေရတာလဲ။’
မင်းသားကျင်းက ဆက်ပြော၏။ “ဒါပေမဲ့.. တော်ဝင်ချန်အင်ပါယာ ကိုယ်စား ကျုပ် လေးလေးနက်နက် ကြေညာလိုပါတယ်။ တော်ဝင်ချန်အင်ပါယာမှာ နယ်နိမိတ်အတွင်းက မြေတိုင်း၊ နိုင်ငံသားတိုင်းနဲ့ မြို့တိုင်းကို ကာကွယ်စောင့်ရှောက်ပေးမဲ့ တာဝန်နဲ့ စွမ်းရည် ရှိပါတယ်။ တော်ဝင်ရန်အင်ပါယာမှာ ဧရာမ နဂါးကြီး ရှိနေရင်တောင်မှ ကျုပ်တို့ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။
တော်ဝင်ရန်အင်ပါယာက ဧရာမ နဂါးကြီးနဲ့ ချန်မြို့တော်ကို အကြီးအကျယ် ဖျက်ဆီးတိုက်ခိုက်တော့မယ်လို့ ကောလာဟလတွေ ထွက်နေပါတယ်။ လောလောဆယ် ဒီကိစ္စနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်စုံတစ်ရာ ကျုပ်တို့ မရရှိသေးပါဘူး။ တော်ဝင်ရန် ဧကရာဇ် အနေနဲ့ အဲဒီလောက်ထိ ရူးသွပ်လိမ့်မယ်လို့ ကျုပ် မယုံကြည်ပါဘူး။
ဘာပဲဖြစ်ဖြစ် ကျုပ်နဲ့ ကျုပ်မိသားစုကတော့ ချန်မြို့တော်ကနေ ထွက်ခွာသွားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မြင့်မြတ်တဲ့ တော်ဝင်ချန်အင်ပါယာမှာ ချန်မြို့တော်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်း ရှိတယ်လို့ ကျုပ် ယုံကြည်တဲ့အတွက်ကြောင့်ပါ။”
ထို့နောက် လူတစ်ယောက်က အော်ဟစ်မေးမြန်းလိုက်သည်။ “မင်းသားကျင်း... တော်ဝင်ချန် အင်ပါယာက ဧရာမ နဂါးကြီးရဲ့ ရန်ကနေ ချန်မြို့တော်ကို ကာကွယ်ဖို့ ဘာတွေ စီစဉ်ထားပါသလဲ။”
မင်းသားကျင်းက ပြန်ဖြေလိုက်၏။ “ဒါက တော်ဝင်ချန်အင်ပါယာရဲ့ လျှို့ဝှက်ချက် ဖြစ်တဲ့အတွက် ကျုပ် မှတ်ချက်မပေးလိုပါဘူး။ ဒါပါပဲ။ ခင်ဗျားတို့ လူစုခွဲလို့ ရပါပြီ။”
မင်းသားကျင်း ပြောဆိုပြီးသည်နှင့် လူအုပ်ကြီး၏ မြင်ကွင်းမှ ထွက်ခွာသွားပြီး တော်ဝင်ချန် နန်းတော်သို့ ပြန်ဝင်သွားခဲ့သည်။ သို့သော်ငြား မင်းသားကျင်း လူထုရှေ့ ထွက်လာပြီး ပြောခဲ့သော မိန့်ခွန်းသည် ချန်မြို့တော်သားများ ကို စိတ်အေးသွားစေခြင်း မရှိခဲ့ပေ။ ထို့အစား ပို၍ပင် ကြောက်ရွံ့သွားစေခဲ့သည်။
မင်းသားကျင်းသည် တော်ဝင်ရန်အင်ပါယာ၌ ဧရာမ နဂါးကြီး ရှိကြောင်း ဝန်ခံခဲ့ရုံသာမက ၎င်းသည် မြို့တစ်မြို့ကို ဖျက်ဆီးနိုင်စွမ်း ရှိကြောင်းလည်း ပြောခဲ့သည်။ သို့သော်ငြား တော်ဝင်ချန်အင်ပါယာက ဧရာမ နဂါးကြီးကို တားဆီးရန် မည်သည့်အရာကို အားကိုးမည်နည်းဟု မေးချိန်မှာတော့ မင်းသားကျင်းက မှတ်ချက် မပေးလိုကြောင်း ပြောခဲ့သည်။ ဤသည်မှာ ပို၍ပင် ကြောက်စရာ ကောင်းနေ၏။
ထို့နောက်ပိုင်းတွင် တော်ဝင်ရန်အင်ပါယာက ချန်မြို့တော်ကို ခြိမ်းခြောက်မှုသည် နေ့စဉ်နှင့်အမျှ ပိုမို ပြင်းထန်လာပြီး ကြောက်စရာ ကောင်းလာခဲ့သည်။ ဧရာမ နဂါးကြီးသည် ချန်မြို့တော်၏ ကောင်းကင်ယံ ထက်တွင် မပေါ်လာသေးသော်လည်း ချန်မြို့တော်၏ လောကပျက်မည့် အငွေ့အသက်များသည် ပိုမို အားကောင်း လာခဲ့သည်။
မင်းသားကျင်းသည် လူထုရှေ့သို့ နောက်ထပ် ထွက်မလာတော့ပေ။ ထို့ကြောင့် ချန်မြို့တော်၏ ထင်ရှား ကျော်ကြားသူများသည် မင်းသားကျင်းနှင့် တွေ့ဆုံရန် ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြသည်။ အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ် ထင်ရှားကျော်ကြားသူများနှင့် ရင်ဆိုင်ရချိန်မှာတော့ မင်းသားကျင်းသည် သဘာဝကျစွာပင် ထိုသူတို့နှင့် တွေ့ဆုံခဲ့ရ၏။
အသက် ၈၉ နှစ်အရွယ်ရှိပြီး လွန်ခဲ့သည့် နှစ် ၅၀ ခန့်က တော်ဝင်ချန်အင်ပါယာ၏ ထိပ်တန်းပညာရှင် ဖြစ်ခဲ့ဖူးသူ အဘိုးအိုတစ်ဦးက မေးမြန်းလိုက်သည်။ “မင်းသားကျင်း... နဂါးနောင်တက တော်ဝင်ရန်အင်ပါယာရဲ့ ဧရာမ နဂါးကြီးကို ဖျက်ဆီးနိုင်ပါသလား။”
လွန်ခဲ့သည့် နှစ် ၃၀ က ကျန်းလီ ဖြုတ်ချခံရစဉ်က သူသည် အင်ပါယာ စောင့်ကြည့်ရေးမှူး ဖြစ်ခဲ့သည်။ စစ်ပွဲအတွင်း မသေဆုံးခဲ့သော်လည်း ရင်ကွမ်း အာဏာလုယူပြီးနောက် ဤပညာရှင်အဘိုးအိုသည် ရာထူးမှ နှုတ်ထွက်ပြီး ဇာတိမြေသို့ ပြန်သွားခဲ့သည်။ သူသည် ကျန်ရှိသော ဘဝတစ်လျှောက်လုံး အရာရှိ ပြန်မလုပ်တော့ပေ။
မင်းသားကျင်းက ဖြေလိုက်သည်။ “အဘိုး... နဂါးနောင်တက ဧရာမ နဂါးကြီးကို မဖျက်ဆီးနိုင်ပါဘူး။”
ထိပ်တန်းပညာရှင် အဘိုးအိုက ဆက်မေး၏။ “နဂါးနောင်တထဲမှာ ဧရာမနဂါးကြီးရဲ့ သွေးတွေ ပါဝင်တယ်လို့ ကျုပ် ကြားဖူးပါတယ်။ ဧရာမ နဂါးကြီးရဲ့ တိုက်ခိုက်မှုက နဂါးနောင်တနဲ့ ဆင်တူတယ် မဟုတ်လား။”
“အမှန်ပါပဲ။”
“ဒါဆိုရင် အရှင်က တော်ဝင်ရန်အင်ပါယာရဲ့ ဧရာမ နဂါးကြီးကို ဘယ်လို ခုခံကာကွယ်ဖို့ စီစဉ်ထားသလဲ ဆိုတာ ပြောပြလို့ ရမလား။”
မင်းသားကျင်းက ငြင်းဆန်လိုက်သည်။ “ကျုပ် အရမ်း စိတ်မကောင်းပါဘူး အဘိုး။ ဒါက ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်တဲ့အတွက် အဘိုးကို ဖြေလိုက်ပေးလို့ မရပါဘူး။”
ထိပ်တန်းပညာရှင် အဘိုးအိုက ပြောလိုက်သည်။ “အရှင်က ချန်မြို့တော်ကို မကျေနပ်ဘူးလို့လည်း ကျုပ် ကြားပါတယ်။ ဒါကြောင့် ချန်မြို့တော် ဖျက်ဆီးခံရရင်တောင်မှ သူက ဘေးထွက်ကြည့်နေလိမ့်မယ်။ သူက ချန်မြို့တော်ကို အသုံးပြုပြီး တော်ဝင်ရန်အင်ပါယာရဲ့ ဧရာမ နဂါးကြီး စွမ်းအားကို စမ်းသပ်ဖို့တောင် ကြံစည်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။”
မင်းသားကျင်း၏ မျက်နှာထား အေးစက်သွားခဲ့၏။ “ဆရာကြီးကျွမ်း... ခင်ဗျား အငြိမ်းစား ယူပြီးပြီ ဆိုပေမဲ့ တော်ဝင်ချန် အင်ပါယာရဲ့ နိုင်ငံသား ဖြစ်နေတုန်းပါပဲ။ အရှင်အပေါ် ဘယ်လိုလုပ်ပြီး ဒီလို ထင်ကြေး ပေးရဲရတာလဲ။ အရှင်က သဘောထားကြီးပြီး မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ပါ။ သူ့ကို အသရေဖျက်လို့ မရပါဘူး။ ဒါတွေ အားလုံးက တော်ဝင်ရန်အင်ပါယာရဲ့ ပူးပေါင်းကြံစည်မှုတွေနဲ့ ကောလာဟလတွေပါပဲ။
ဆရာကြီးကျွမ်းရဲ့ အသက်အရွယ်ကို ထောက်ထားပြီး ပြီးခဲ့တာတွေကို ပြီးပါစေတော့လို့ ကျုပ် ခေတ္တခဏ သဘောထားလိုက်ပါ့မယ်။ ဒါပေမဲ့ ခင်ဗျား ဒီလိုစကားမျိုး ထပ်ပြောရင်တော့ ကျုပ်ကို ရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့။”
ဝန်ကြီးချုပ် မင်းသားကျင်းသည် စာပေပညာရှင် တစ်ဦး မဟုတ်ပေ။ သူသည် ဘုရင်တစ်ပါးအဖြစ် မွေးဖွားလာသူ ဖြစ်သည်။ အရေးကြီးသော အချိန်များတွင် သူသည် ပြတ်သားလွန်းသူ ဖြစ်သည်။
ထိပ်တန်းပညာရှင် အဘိုးအိုက တုန်လှုပ်သွားခဲ့၏။ “ဒါဆိုရင် ကျုပ် ပြန်ခွင့်ပြုပါအုံး။”
ထို့နောက် ပညာရှင်အဖွဲ့ ပြန်လည် ထွက်ခွာသွားကြသည်။ သူတို့ ထွက်သွားပြီးနောက် ဒုတိယအကြီးအကဲ စုနန် ထွက်လာခဲ့သည်။
စုနန်က မေးလိုက်၏။ “အရှင်က ချန်မြို့တော် မသန့်ရှင်းဘူးလို့ ထင်နေတာလား။ သူ့အပေါ် သစ္စာမရှိတဲ့ လူတွေကို ထွက်ပြေးစေချင်နေတာလား။”
မင်းသားကျင်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “အဲဒီလို ဖြစ်တော့လည်း ဘာမှ မမှားပါဘူး။ ချန်မြို့တော်ဟာ တော်ဝင်ချန်အင်ပါယာရဲ့ မြို့တော်ပါ။ သစ္စာမရှိတဲ့ လူပေါင်းသိန်းချီ ဒီမှာ နေထိုင်နေကြတယ်။ သူတို့က တော်ဝင်ချန်အင်ပါယာကို ဆိုးရွားတဲ့ အခြေအနေ ရောက်အောင် ဦးဆောင်သွားမှာကို ကျုပ် စိုးရိမ်ရတယ်။ အဖျက်မရှိရင် အပြုသဘောမရှိနိုင်ပါဘူး။ အရှင်မှာ ဒီလိုဆန္ဒရှိနေမှတော့ ကျုပ်တို့က လက်အောက်ငယ်သားတွေ အနေနဲ့ ဆောင်ရွက်ပေးရမှာပေါ့။”
................
ရင်မိသားစုမှ အသက်ရှင်ကျန်ရစ်သော တတိယမင်းသား ရင်ဝူချန်သည် ကျင်းမူကုန်းနှင့် ရာထူးတူ ဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် စာပေဝန်ကြီး၏ အတွင်းရေးမှူးများ ဖြစ်ကြ၏။
ထိုအချိန်၌ သူ၏စာကြည့်ခန်းထဲသို့ ယုံကြည်ရသော လက်ထောက်၊ ရင်ဝူချန် ကိုယ်လုပ်တော်၏ အစ်ကိုဖြစ်သူ ရင်ချူ ရောက်လာခဲ့သည်။ “သခင်ကြီး.... ကျုပ် တိကျတဲ့ သတင်း ရထားပါတယ်။ ဆယ်ရက်အတွင်း တော်ဝင်ရန် အင်ပါယာရဲ့ နဂါးကြီးက ချန်မြို့တော် အထက်ကို ပျံသန်းလာပြီး အကြီးအကျယ် ဖျက်ဆီးတိုက်ခိုက်ပါလိမ့်မယ်။
အရင်တုန်းက ရှမ့်လန်က တော်ဝင်ရန်အင်ပါယာရဲ့ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ခဲ့တယ်။ ဒါကြောင့် ဒီတစ်ခေါက် တော်ဝင်ရန်ဧကရာဇ်က လက်တုံ့ပြန်တဲ့အနေနဲ့ ချန်မြို့တော် တစ်ခုလုံးကို ဖျက်ဆီးပစ်ချင် နေတာပါ။”
ရင်ကွမ်း၏ တတိယသား ရင်ဝူချန်သည် တိတ်ဆိတ်နေခဲ့၏။
ရင်ချူက ဆက်ပြောလိုက်သည်။ “သခင်ကြီး... ရင်မိသားစုရဲ့ နောက်ဆုံး မျိုးဆက် အနည်းငယ်က ချန်မြို့တော်မှာ ရှိနေပါတယ်။ တကယ်လို့ နဂါးကြီး ဆင်းသက်လာရင် ကျုပ်တို့ မျိုးနွယ်စုတစ်ခုလုံး လုံးဝ သုတ်သင်ခံရပါလိမ့်မယ်။”
ရင်ဝူချန် ဆက်လက် တိတ်ဆိတ်နေဆဲပင်။
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ရင်ချူက ထပ်ပြောလိုက်၏။ “သခင်ကြီး.... တော်ဝင်ရန် အင်ပါယာက လူတစ်ယောက် ကျုပ်ကို လျှို့ဝှက် ဆက်သွယ်လာပါတယ်။ သူတို့က သခင်ကြီးကို ရန်မြို့တော်ဆီ ထွက်ပြေးနိုင်အောင် ကူညီပေးချင်ပါတယ်။”
ရင်ဝူချန်၏ မျက်နှာ ရှုံ့မဲ့သွားခဲ့သည်။
“ရန်မြို့တော်ကို ထွက်ပြေးပြီးရင် ကျန်းမိသားစုကို သစ္စာဖောက်ကြောင်း ကြေညာလိုက်တာနဲ့ သခင်ကြီးကို နယ်စားကြီးရင်ဘွဲ့ ပေးသနားပါလိမ့်မယ်။”
ရင်ဝူချန် နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။ သူ ဘာမှမပြောပေ။
ရင်ချူက ဆက်ပြောလိုက်၏။ “သခင်ကြီး.... မင်းသားရင် မဟုတ်တော့ပေမဲ့ အနည်းဆုံးတော့ အခုအခြေအနေထက် အဆပေါင်း တစ်သောင်းလောက် ပိုကောင်းပါသေးတယ်။ လက်နက်ချ အညံ့ခံပြီးမှ ရှမ့်လန်က သခင်ကြီးကို အဆင့် ၆ အတွင်းရေးမှူး ရာထူး ပေးခဲ့တာလေ။ အရာရှိပေါက်စ တစ်ယောက်ထက် ဘာမှ မပိုပါဘူး။
ကျုပ်တို့ ရင်မိသားစုက တစ်ချိန်က တော်ဝင်မိသားစု ဖြစ်ခဲ့တာပါ။ တော်ဝင်ရန်အင်ပါယာရဲ့ နယ်စားကြီးရင် ရာထူးက ဒီအဆင့် ၆ အရာရှိထက် အနည်းဆုံး အဆတစ်ရာလောက် ပိုပြီး ဂုဏ်ရှိပါတယ်။ ဒါအပြင် တော်ဝင်ရန် အင်ပါယာရဲ့ နဂါးကြီး ပေါ်လာပါပြီ။ နောက်ဆိုရင် ရှမ့်လန်ရဲ့ တော်ဝင်ချန်အင်ပါယာ သွားပြီပဲ။ ကျန်းမိသားစုလည်း သွားပြီ။ ကျုပ်တို့ ရင်မိသားစုက ကျန်းမိသားစုနဲ့အတူ မြေမြှုပ်ခံရတော့မှာလား။ မမေ့ပါနဲ့။ ကျုပ်တို့မှာ ကျန်းမိသားစုနဲ့ သွေးကြွေး ရှိနေတယ် ဆိုတာကို။
သခင်ကြီး.... သခင်ကြီး ခေါင်းညိတ်လိုက်တာနဲ့ တော်ဝင်ရန် အင်ပါယာက သူ့ရဲ့ အထက်မြက်ဆုံး တပ်ဖွဲ့တွေကို စေလွှတ်ပြီး သခင်ကြီးကို လာကယ်ပါလိမ့်မယ်။ သခင်ကြီး.... ရှမ့်လန်ရဲ့ တော်ဝင်ချန်အင်ပါယာ သွားပါပြီ။ ဒါက ကျန်းမိသားစုရဲ့ ကံကြမ္မာပါပဲ။ ကျန်းမိသားစုကို သစ္စာဖောက်တာကလည်း ကျုပ်တို့ ရင်မိသားစုရဲ့ ကံကြမ္မာပါပဲ။”
ထိုအချိန်၌ ရင်ဝူချန် ရုတ်တရက် တုန်လှုပ်သွားပြီး မေးလိုက်သည်။ “အခု ဘယ်အချိန် ရှိပြီလဲ။”
“မိုးလင်းစပဲ ရှိပါသေးတယ်။”
ရင်ဝူချန်က ပြောလိုက်၏။ “ဒီတလော မင်းသားကျင်းမူကုန်းက မင်္ဂလာဆောင်ဖို့ ခွင့်ယူထားတယ်။ ဒါကြောင့် တရားဝင် တာဝန်တွေ အများကြီး ကျုပ်ဆီ ရောက်လာတယ်။ ကျုပ် နန်းတွင်းဗျူရိုကို တစ်နာရီ စောပြီး သွားမှ ဖြစ်မယ်။ မဟုတ်ရင် ဒီနေ့ တာဝန်တွေကို ပြီးအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ကျုပ် သွားတော့မယ်။”
ရင်ချူ တုန်လှုပ်သွားပြီး ပြောလိုက်သည်။ “သခင်ကြီး... အခြေအနေက ဒီလို ဖြစ်နေပါပြီ။ ချန်အင်ပါယာက သွားတော့မှာပါ။ ဘာလို့ အလုပ်လုပ်နေမှာလဲ။ ကျန်းမိသားစုရဲ့ အရာရှိငယ်လေး လုပ်နေရတာ ဘာအဓိပ္ပာယ် ရှိလို့လဲ။ တော်ဝင်ရန် အင်ပါယာရဲ့ လျှို့ဝှက်သံတမန်ကို သခင်ကြီးနဲ့ တွေ့ဖို့ ကျုပ် သွားခေါ်လိုက်ပါ့မယ်။”
ရင်ဝူချန်သည် သူ၏ ဓားကို ဆွဲထုတ်လိုက်ပြီး ရင်ချူ၏ လည်ပင်းကို နောက်ကျောဘက်မှ ပိုင်းဖြတ်လိုက်၏။
သွေးများ ချက်ချင်း ပန်းထွက်လာခဲ့၏။ သူ၏ ယုံကြည်ရသော လက်ထောက် ရင်ချူသည် မြေပြင်ပေါ်တွင် ဆန့်ငင်ဆန့်ငင် ဖြစ်နေပြီး ခဏအကြာတွင် သေဆုံးသွားခဲ့သည်။
ရင်ဝူချန် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်၏။ “မနက်စာနဲ့ မြင်းရထား အမြန် ပြင်ဆင်လိုက်ကြ။ ကျုပ် တကယ် နောက်ကျနေပြီ။”