အရက်ကောင်း သောက်ရင်း စကားစမြည် ပြောမယ်
Vol. 5 Ch. 444
ကျောက်ရှောင်ယွီ၏ မျက်နှာသည် ပြုံးနေလေသည်။ သူမ၏ ဆံနွယ်များသည် ရေတံခွန် တစ်ခုအလား လေထဲတွင် လွင့်မျော နေကြလေသည်။ သူမသည် ကြယ်တာရာ စွမ်းအားများကြောင့် ပွက်ပွက် ဆူနေသည့် ရေဝဲကန်တော့ကြီး အတွင်းသို့ ဖြည်းဖြည်းချင်း နစ်မြုပ် သွားလေတော့သည်။ သို့သော်…. ပွက်ပွက် ဆူနေသည့် ရေများသည် သူမ၏ နတ်ဘုရား ခန္ဓာကိုယ်ကို လောင်ကျွမ်း သွားအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါ။
ကျောက်ရှောင်ယွီ၏ ပုံစံမှာ ရေထဲတွင် ရေသူမလေး တစ်ယောက်နှင့်ပင် တူနေလေသည်။ သူမ၏ ဘေးပတ်ပတ်လည်တွင် ရေပူစီဖောင်းလေးများ ပျံဝဲနေပြီး သူမသည် ရေဝဲကန်တော့ ကြမ်းပြင်ထိ တိုင်အောင် နစ်မြုပ် သွားလေသည်။ ထို့နောက် သူမသည် ရေအောက်ကြမ်းပြင်တွင် တင်ပျဉ်ခွေချိတ်ကာ ထိုင်လိုက်လေသည်။
ပွက်ပွက်ဆူနေသောရေမှ အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်နေပြီး ရေ၏ အလွှာတစ်ခုချင်းတွင် ကြယ်တာရာ စွမ်းအားများဖြင့် ပြည့်နှက် နေလေသည်။ ကျောက်ရှောင်ယွီသည် ကြယ်တာရာများ ပြည့်နေသည့် မြစ်တစ်ခု အတွင်းသို့ ပစ်ချ ခံလိုက်ရသလို ခံစား နေရလသည်။ ကြယ်တာရာ စွမ်းအားများ၏ အပူဓာတ်သည် သူမ၏ အရေပြားကို ထိုးဖောက်ကာ သူမခန္ဓာကိုယ်ကို လောင်ကျွမ်းရန် ကြိုးစားနေကြလေသည်။
သာမန် လူတစ်ယောက်သာ ယခုကဲ့သို့ ကြုံတွေ့ရပါက မခံမရပ်နိုင်သည့် ဆင်းရဲဒုက္ခကို ခံစားရမည် ဖြစ်လေသည်။ သို့သော် ကျောက်ရှောင်ယွီကတော့ လောကီကိစ္စများကို ကျော်လွန်သည့် နတ်ဘုရား တစ်ပါးဖြစ်သည့် အတွက် ဆင်းရဲဒုက္ခများကို ခံစားရခြင်းမရှိပေ။
သူမသည် အိပ်မက် တစ်ခုတည်းတွင် ရောက်နေသကဲ့သို့ ခံစားနေရပြီး မန္တန်အလင်း ချေဖျက်ခြင်း ကျမ်းစာ ရွတ်ဖတ်သံကြောင့် ပတ်ဝန်းကျင်တွင် နတ်မိစ္ဆာများစွာ ထွက်ပေါ် လာလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ရောင်စုံ ဖန်သားများကလည်း လင်းလက်နေပြီး ထူးဆန်းသည့် အမွှေးနံ့ တစ်ခုလည်း ထွက်ပေါ်နေလေသည်။
သို့သော်…. လှည့်စားမှုများက ကျောက်ရှောင်ယွီကို ကျဆုံးစေခြင်းမရှိပါ။
ကျောက်ရှောင်ယွီသည် သူမ၏ နှလုံးအိမ်ထဲတွင် ကြာဖြူပန်း တစ်ပွင့်ကို ပိုပြီး ပီပြင်လာအောင် ဖန်ဆင်း နေလေသည်။
ကျောက်ရှောင်ယွီ၏ နတ်ဘုရား စွမ်းအားများသည် တဖြည်းဖြည်း အားနည်း လာသည့်တိုင် လှပသည့် ကြာဖြူ ပန်းတစ်ပွင့်သည် သူမ၏ နှလုံးသားထက်တွင် ပွင့်လန်း လာလေသည်။ သူမ၏ စိတ်အစဉ်က တည်ငြိမ် အေးချမ်းနေဆဲ ဖြစ်လေသည်။
ကြာပန်း ကိုးပွင့် ကျင့်စဉ်ကျမ်းသည် အလွန်မှ ထူးဆန်းသည့် ကျင့်စဉ်ကျမ်းတစ်ခု ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။ ထိုကြာပန်း ကိုးပွင့် ကျင့်စဉ်ကျမ်းမှာ ကျီမော့တောင်ထိပ်ရှိ လော်ဝါဒ တည်ထောင်သူ ဆရာသခင်ဆီမှ လက်ဆင့်ကမ်း ဆင်းသက်လာသည့် ပညာရပ်တစ်ခု ဖြစ်လေသည်။ ကြာပန်းပွင့်မှ မွေးဖွားလာသည့် ကြာပန်းမျိုးစေ့နှင့် အလားသဏ္ဌာန် တူလေသည်။
မန္တန်အလင်း ချေဖျက်ခြင်း ကျမ်းသည် ကျောက်ရှောင်ယွီ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို အမြစ်ပြတ် ချေမှုန်းနိုင်ခြင်း မရှိအောင် ကျောက်ရှောင်ယွီ၏ နှလုံးအိမ်ထဲမှ ကြာဖြူပန်းက ကာကွယ် ပေးထားလေသည်။
ကျောက်ရှောင်ယွီ၏ နတ်ဘုရားစွမ်းအားများ လုံးဝကုန်ခန်းသွားသည့် အခါတွင်တော့ သူမသည် ဗလာနယ်ထဲတွင် လွင့်မျော နစ်မြုပ်နေသည့် လူတစ်ယောက်ပမာ ခံစားလိုက်ရလေသည်။ သူမ၏ ဝိညာဉ်သည် လွင့်မျောနေပြီး သူမ၏ နှလုံးအိမ်က တောက်ပ နေလေသည်။
မိုးနှင့်မြေတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေလေသည်။
ကျောက်ရှောင်ယွီသည် လှေငယ်လေး တစ်စင်းထက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေ လေသည်။ သူမရှေ့တွင် ဗျပ်စောင်း တစ်လက်ရှိနေပြီး သူမ၏လက်များက ဗျပ်စောင်း ထက်တွင် ပြေးလွှား တီးခတ် နေလေသည်။
သာမန်ထက်ပိုပြီး တောက်ပနေသည့် လရောင်သည် သူမခန္ဓာကိုယ် ထက်သို့ ဖြာကျ နေလေသည်။
ထိုအချိန်ခဏ အတွင်းမှာပင်…
ဆန်းလျန်သည် သူမရှေ့တွင် ပေါ်လာလေသည်။
မည်သည့် နေရာက ထွက်ပေါ်လာမှန်းမသိ။ ဆန်းလျန်သည် သူမရှေ့သို့ အလိုလို ရောက်လာခြင်း ဖြစ်လေသည်။ သို့သော် သူမရှေ့မှ ဆန်းလျန်သည် ပန်းချီကား တစ်ချပ်နှင့် ဆင်တူလေသည်။
ဘယ်လို ပန်းချီကားမျိုးလဲ…။
မိုးနှင့်မြေမှ မွေးဖွားလာသည့် ပန်းချီကား အလားပင် ဖြစ်လေသည်။
ဆန်းလျန်ဆိုသည်က ကျောက်ရှောင်ယွီ၏ နှလုံးသားထဲတွင် မည်သည့်အခါမှ ပျောက်ပျက် သွားမည် မဟုတ်သည့် လူတစ်ယောက် ဖြစ်လေသည်။
သူမသည် ဆန်းလျန်အနားသို့ တဖြည်းဖြည်း တိုးကပ်သွားပြီး ဆန်းလျန်၏ မျက်နှာကို အနီးကပ် ကြည့်လိုက်သည်။ ထို့နောက် သူမသည် နက်ရှိုင်းစွာ ပြုံးလိုက် မိလေသည်။
သူမသည် ထိုလူသားကို နက်ရှိုင်းစွာ၊ စိတ်လှုပ်ရှားစွာ ချစ်ခင် မြတ်နိုးလေသည်။
ဆန်းလျန်သည် စိမ်းလန်းသည့်တောင်ထက်မှ မိုးရေစက်များကဲ့သို့၊ ဆောင်းညတွင် တိုက်ခတ် လာသည့် လေပြေအေးကဲ့သို့ ပင်ဖြစ်လေသည်။ လောက တစ်ခုလုံးတွင် ဆန်းလျန်ကို မချစ်ဘဲ နေနိုင်မည့် မိန်းကလေးဟူ၍ မရှိနိုင်ပေ။
ကျောက်ရှောင်ယွီ၏ ရင်ထဲတွင် ဆယ်ကျော်သက် မိန်းမပျိုလေး တစ်ယောက်လို လိုချင်ဆန္ဒများက တဖြည်းဖြည်း ကြီးထွားလာလေသည်။ သူမက ပန်းလေး တစ်ပွင့်ကဲ့သို့ လှပစွာ ပြုံးလိုက်ပြီး သူမနှလုံးသားသည် ရင်ခုန်လွန်းသောကြောင့် ပေါက်ထွက်တော့ မတတ်ပင်။
သို့သော်… သူမ တီးခတ်နေသည့် ဗျပ်စောင်းသည် ရုတ်တရက်ပင် အက်ကွဲသွားကာ ငွေရောင် ဓားတစ်လက် အဖြစ်သို့ ကူးပြောင်း သွားလေသည်။ သူမသည် တစ်ချက်ပင် တုံ့ဆိုင်းခြင်း မရှိတော့ဘဲ ဆန်းလျန်ကို ဓားဖြင့် ထိုးစိုက် ချလိုက်လေသည်။
ထို့နောက် …
ကျောက်ရှောင်ယွီ မျက်ဝန်းများကို ဖြည်းဖြည်းချင်း ပြန်ဖွင့်ကြည့် လိုက်လေသည်။ သူမပတ်ဝန်းကျင်တွင် ပွက်ပွက်ဆူနေသည့် ရေကန်တော့ မီးဖိုကြီး ရှိမနေတော့ပါ။ ရေများသည်လည်း ပတ်ဝန်းကျင် တစ်ခုလုံးတွင် တည်ငြိမ်နေကြလေသည်။
သူမ အနားတွင် ဂိုဏ်းတူအစ်မ ကျိုးလင်ကို မြင်တွေ့ လိုက်ရလေသည်။
“နင်သာ ဆန်းလျန်ကို မသတ်ရက်ဘူး ဆိုရင် ဒီတိုက်ပွဲမှာ နင် ရှုံးတော့မှာ”
ကျိုးလင်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။
ကျောက်ရှောင်ယွီက မတ်တတ် ထရပ်လိုက်ရင်း ခံစားချက် ကင်းမဲ့သည့် လေသံဖြင့်….
“အဲဒါက အတုကြီးဆိုတာ ငါသိသားပဲ၊ အတုကြီးကို ငါက ဘာလို့ စွဲလန်းနေရမှာလဲ၊ အစ်မ… နင်ကလေ တကယ်တော်တဲ့ လူတစ်ယောက်ပါ၊ ဒါပေမဲ့ အစစ်နဲ့အတုကြားက ကွဲပြားခြင်းကို နင်မသိသေးဘူး”
ထို့နောက်…
ကျောက်ရှောင်ယွီက လေထဲတွင် လက်တစ်ဖက် ဝှေ့ယမ်းလိုက်ပြီး ကြာဖြူ ပန်းတစ်ပွင့်ကို ဖန်ဆင်း လိုက်လေသည်။ ထိုကြာဖြူပန်းမှာ ကျောက်ရှောင်ယွီ၏ နှလုံးအိမ်မှ မွေးဖွားလာသည့် ကြာဖြူပန်း ဖြစ်သည့်အတွက် အလှအပကို မပြည့်အဝ ဖော်ပြနိုင်လေသည်။
ထိုကြာဖြူ ပန်းပွင့်သည် ကျိုးလင်ဆီသို့ လျင်မြန်သည့် အရှိန်အဟုန်ဖြင့် ဝင်ရောက် သွားလေသည်။
ကျိုးလင်မှာ သူမထံသို့ ဝင်ရောက်လာသည့် ကြာဖြူပန်းကို မြင်နေရသည့်တိုင် ရှောင်တိမ်း နိုင်စွမ်း မရှိတော့ပေ။
သို့သော် ကြာဖြူပန်းပွင့်သည် တဖြည်းဖြည်း နှေးကွေးသွားပြီး တစ်ပတ် လည်သွားကာ ကျိုးလင်၏ မျက်ခုံးနှစ်ခု ကြားသို့ မရောက်မီ လက်မဝက်ခန့် အလိုတွင် ရပ်တန့် သွားလေသည်။ ရှေ့သို့ အနည်းငယ်သာ ရွေ့လျားလာပါက ကျိုးလင်သည် ကျိန်းသေပေါက် အသက် ဆုံးရှုံးရမည် ဖြစ်လေသည်။
ကျိုးလင်သည် ဝမ်းနည်း သွားမိလေသည်။
ပြီးမှ သူမက မကျေမနပ်ဖြင့် ပြောလိုက်သည်။
“နောက်ဆုံးတော့ ငါနင့်ကို ရှုံးရတာပါပဲ…”
ကြာဖြူပန်းပွင့်သည် လေထဲတွင် ပျောက်ကွယ်သွားပြီး ကျောက်ရှောင်ယွီမှာလည်း ပျောက်ကွယ် သွားလေသည်။
“ဂိုဏ်းတူအစ်မ၊ ငါတို့နှစ်ယောက် တိုက်ခိုက်ကြတိုင်း အနိုင်အရှုံးဆိုတဲ့ အချက်ကို ငါဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး”
လေထဲတွင် ကျောက်ရှောင်ယွီ၏ အသံက ပျံ့လွင့် ကျန်ရစ်ခဲ့လေသည်။
နှစ်လပိုင်း၊ ဆယ့်ငါးရက်နေ့…။
ဆန်းလျန်သည် ချင်းရွှမ်နတ်တံခါးမှ ထွက်ခွာလာပြီး ချင်းပြည်နယ် မြို့တော်ရှိ “ချင်းရှ” ဝတ်ကျောင်းတော်သို့ ရောက်ရှိ နေခဲ့လေသည်။
“ချင်းရှဝတ်ကျောင်းတော်”
ထိုတာအို ကျောင်းတော်သည် လွန်ခဲ့သည့် နှစ်များစွာက သူ့ဘဝ စတင်ခဲ့ရာ နေရာ ဖြစ်လေသည်။ ဤနေရာတွင်ပင် သေဆုံးသွားခဲ့သည့် ဆန်းလျန်အစစ်၏ ခန္ဓာကိုယ်ကို ရရှိခဲ့ပြီး ဘဝအသစ် စတင်ခဲ့ရသည့် နေ့လည်း ဖြစ်လေသည်။
သူ့ဘဝတွင် မွေးနေ့ သတ်မှတ်မည် ဆိုလျှင် ဤနေ့ကို သတ်မှတ်၍ ရလေသည်။
နှစ်များကို ရေတွက်ကြည့်မည် ဆိုလျှင် ဤနေရာမှ သူထွက်ခွာ လာသည်မှာ သုံးဆယ့် သုံးနှစ်တိုင်တိုင် ရှိခဲ့ပြီ။
အချိန်သုံးဆယ့် သုံးနှစ် အတွင်းတွင် သူသည် မိုးမြေတစ်ခွင်တွင် အထွတ်အထိပ် အဆင့်ရှိသည့် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။
ကျင့်ကြံသူ လောကတွင် ဆန်းလျန်သည် အသက်ငါးဆယ် မပြည့်ခင် နတ်ဘုရားတစ်ပါး ဖြစ်လာသည်ဟုသာ သိထားကြလေသည်။ သို့သော်… သူ့အကြောင်းကိုသာ သေသေချာချာ စုံစမ်း လေ့လာကြည့်ပါက သူ၏အောင်မြင်မှုကို ယုံကြည် ကြလိမ့်မည်ပင် မဟုတ်ပေ။
သို့သော်… ဆန်းလျန်ကတော့ သူကြုံတွေ့ ခဲ့သမျှသည် ယုတ္တိရှိနေသည့် အတွက် ထိတ်လန့် အံ့သြစရာကိစ္စဟု မခံစားခဲ့ရပါ။
“စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” က သူ၏ ဝိညာဉ်ကို တန်ခိုးစွမ်းအား မြင့်မားစေရန် အတွက် လေ့ကျင့် ပေးလေသည်။
ဆရာသခင်ကျန်းရော့ရွှီးက သူ၏ ရုပ်ခန္ဓာနှင့် ပတ်သက်သည့် အားနက်ချက်ကို ထုတ်ဖော် ပြောဆိုခဲ့ပြီး ဝိညာဉ်မြစ်ထဲတွင် ကျင့်ကြံစေခဲ့သည်။
သူ၏မွေးရာပါဖြစ်သည့် ရိုးရှင်းသည့် တာအိုကျင့်ကြံသူ စိတ်ထားက ကျင့်စဉ်လမ်း တစ်လျှောက် ကြုံတွေ့ရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် ကူညီ ပေးလေသည်။
သူ့ဘဝတွင် သေလုနီးပ ါးအခြေအနေများကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့်တိုင် လွတ်မြောက် ခဲ့သည်ချည်းပင် ဖြစ်လေသည်။
ဆန်းလျန်သည် ယခုရက်များတွင် နေ့တိုင်းလိုလို ပျော်ရွှင် နေခဲ့လေသည်။ သို့သော် သူ၏ နက်ရှိုင်းသည့် နှလုံးသား တစ်နေရာတွင်တော့ ကြောက်ရွံ့မှုကိုလည်း ခံစားနေရလေသည်။ အဘယ်ကြောင့်ဆိုသော် မမြင်ရသည့် မျက်ဝန်းတစ်စုံက သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့် နေသည်ဟု ခံစားရသောကြောင့် ဖြစ်လေသည်။
သူ့ကိုကြည့်နေသူမှာ သူ၏စိတ်ထဲတွင် အမြဲတမ်း ပုံဖော်လေ့ရှိသည့် ကျောက်စိမ်းကျိုင်းတံ ကိုင်ဆောင် ထားသည့် နတ်ဘုရားများလားဟု သူတွေးနေခဲ့လေသည်။ ထိုမူလနတ်ဘုရား၏ တန်ခိုးစွမ်းအားများမှာ တာအို ဆရာသခင်ကြီးနှင့် ဗောဓိသကျထက်ပင် ကြောက်စရာ ကောင်းလေ သည်။ ထို့ကြောင့် ဆန်းလျန်အနေဖြင့် ခုခံတွန်းလှန် နိုင်စွမ်း မရှိခဲ့ပေ။
နေဝင်ချိန်သို့ ရောက်ရှိလာပြီ ဖြစ်လေသည်။
ထင်းစည်းတစ်စည်းကို ကျောထက်တွင် သယ်ဆောင်ကာ လမ်းလျှောက် လာသည့် လူတစ်ယောက်ကို ဆန်းလျန် တွေ့မြင်လိုက်ရသည်။ တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ ထိုသူမှာ သက်လတ်ပိုင်း အရွယ် သစ်ခုတ်သမား တစ်ယောက် ဖြစ်ကြောင်း သိရှိလိုက်ရသည်။
သစ်ခုတ်သမားသည် ဆန်းလျန်ကို တွေ့လိုက်ရသည်နှင့် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ…
“ဆန်းသခင်လေးလား…”
ဟု မေးလိုက်လေသည်။
ဆန်းလျန်က သစ်ခုတ်သမားကို ပြုံးပြလိုက်ရင်း…
“အစ်ကိုပိုင်၊ မင်းက ချင်းရှဝတ် ကျောင်းတော် ပတ်ဝန်းကျင်မှာပဲ နေနေတုန်းလား၊ ချင်းရှဝတ် ကျောင်းတော်ကို ပြန်ပြုပြင် ပေးထားတာလဲ မင်းပဲလား၊ အရမ်းကို ဝမ်းသာပြီး ကျေးဇူး တင်မိပါတယ်ဗျာ”
သစ်ခုတ်သမားမှာ ယခင်အချိန်များစွာက ဆန်းလျန်၏ သူငယ်ချင်း ဖြစ်ခဲ့သူ သူတော်စင် စောရပိုင်ယွိဖေး ဖြစ်လေသည်။ ရဲ့လျိုယွင်ကြောင့် ဒဏ်ရာ အပြင်းအထန် ရလာပြီး ဆန်းလျန်၏ “အန်း” တည်းခိုရိပ်သာ ရှေ့တွင် လဲကျနေသည့် ပိုင်ယွိဖေးကို ဆန်းလျန်က ကယ်တင်ခဲ့ရခြင်း ဖြစ်လေသည်။
လွန်ခဲ့သည့် နှစ်များက ဆန်းအိမ်တော် တစ်ခုလုံး ကွက်မျက် သတ်ဖြတ်ခံရသည့် အချိန်တွင် ရော့ရှီလေးကို ကယ်တင်ခဲ့သူမှာလည်း ပိုင်ယွိဖေးပင် ဖြစ်လေသည်။ ထိုအချိန်က သူက တခြားဒေသ တစ်ခုသို့ ထွက်ခွာ သွားမည်ဟု ပြောခဲ့ဖူးသည်။
ပိုင်ယွိဖေးသည် သာမန် လူသားတစ်ယောက်မျှသာ ဖြစ်လေသည်။ ယနေ့ ဆန်းလျန်နှင့် မထင်မှတ်ဘဲ ပြန်လည် ဆုံတွေ့ရသည့် အချိန်တွင် ပိုင်ယွိဖေးသည် သူ့ကိုယ်သူ ပုရွက်ဆိတ် တစ်ကောင်အလား သိမ်ငယ်စွာ ခံစားလိုက်ရလေသည်။
သို့သော် ဆန်းလျန်ကတော့ သူ့ကို ယခုအချိန်ထိ ရင်းရင်းနှီးနှီး ရှိနေဆဲပင်။
ပိုင်ယွိဖေးကလည်း ဆန်းလျန်ကို အရင်အတိုင်းပင် ခင်မင်နေဆဲ ဖြစ်လေသည်။
“မင်းပြန်လာမယ်လို့ ကျုပ်မထင်ခဲ့မိဘူး၊ ခုလို ပြန်ဆုံရမယ်လို့လည်း လုံးဝ မထင်ခဲ့မိဘူး”
ဆန်းလျန်က သူ၏ လက်ချောင်းများကို ချိုးရင်းတွက်ချက် ကြည့်လိုက်သည်။ ထိုသို့ တွက်ချက် ကြည့်လိုက်ခြင်းက လွန်ခဲ့သည့် နှစ်များအတွင်း ပိုင်ယွိဖေး အကြောင်းကို ခန့်မှန်း ကြည့်နိုင်လေသည်။
“အစ်ကိုပိုင်၊ မင်း ဒီနှစ်ပိုင်းတွေမှာ ဒီမှာပဲ နေခဲ့တာလား၊ တခြား ဘာကိစ္စတွေများ ဖြစ်ခဲ့သေးလဲ”
ပိုင်ယွိဖေးက ပျော်ရွှင်စွာ ရယ်မောလိုက်ရင်း…
“ကျုပ် ဒီကိုပြန်လာတာ သိပ်မကြာသေးဘူး၊ နှစ်နည်းနည်းလောက်ပဲ ရှိသေးတယ်၊ ပြီးတော့ တခြားဘာကိစ္စမှ ထွေထွေထူးထူးလည်း မရှိခဲ့ပါဘူး၊ ဒါနဲ့ ကျုပ်မှာ တောင်ပေါ်က ရလာတဲ့ အရက် တစ်အိုးရှိတယ်၊ မင်းအားနေတယ်ဆိုရင် ကျုပ်တို့ သောက်ကြမယ်လေ”
ဆန်းလျန်ကလည်းရယ်မောလိုက်ရင်း…
“အစ်ကိုပိုင်မှာ အရက်ကောင်း ရှိနေတာကိုး၊ ကျုပ်မှာတော့ ပြောစရာ စကားတွေ အများကြီး ရှိနေတယ်၊ အရက်သောက်ရင်း ပြောကြတာပေါ့ဗျာ”
***