← Chapters

အခန်း (၁၂၅၉-၁၂၆၀)

Vol. 72 Ch. 1259-1260

အခန်း (၁၂၅၉-၁၂၆၀)

Vol. 72 Ch. 1259-1260

အပိုင်း (၁၂၅၉)

တစ်နာရီခန့်ကြာအောင် ရူးသွပ်စွာ တိုက်ခိုက်ပြီးနောက် ပင်လယ်ကြမ်းပြင်သည် လုံးဝနီးပါး ပြန့်ပြူးသွားခဲ့သည်။ ကြီးမားသော အက်ကွဲကြောင်း အများအပြား ပေါ်ပေါက်လာပြီး ရေဝဲကြီးများစွာ ဖြစ်ပေါ်လာခဲ့သည်။ ဤဧရိယာ ဝန်းကျင်ရှိ ကျွန်းအားလုံးသည် မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားကာ ပင်လယ်ပြင်မှ ပျောက်ကွယ် သွားခဲ့ရသည်။ ကြောက်မက်ဖွယ် ဆူနာမီ ရေလှိုင်းကြီးများသည် အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့၏။

နောက်ဆုံးတွင်မူ တော်ဝင်ရန်နဂါးသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ ၎င်းသည် မမြင်ရသေးပေ။ အမှောင်ထုနှင့် အေးစက်သော စွမ်းအင်များသည် ၎င်း၏ ဦးနှောက်အတွင်း၌ ရစ်ပတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။ သို့သော်ငြား အလင်းရောင်အချို့သည် ၎င်း၏ မျက်လုံးများဆီသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိလာခဲ့သည်။

နဂါးကြီးသည် ကြီးမားသောအတောင်ပံများကို ခတ်လိုက်ပြီး ပင်လယ်ထဲမှ ပျံသန်းထွက်ခွာသွားခဲ့သည်။ ၎င်းသည် ကောင်းကင်ယံ အမြင့် မီတာ သောင်းနှင့်ချီသော နေရာသို့ ပျံတက်သွားပြီး ရန်မြို့တော်ဆီသို့ ဦးတည်သွားခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာ အနာတရများ ပြည့်နှက်နေပြီး အတောင်ပံများတွင်လည်း အပေါက်အပြဲများ ဖြစ်ပေါ်နေခဲ့၏။

...........

တော်ဝင်ရန်နဂါးသည် ဆက်လက် ပျံသန်းနေခဲ့သည်။ မိုင်ပေါင်း တစ်သောင်းနီးပါး ပျံသန်းပြီးနောက် နောက်ဆုံးတွင် အရှေ့လောကလောက၏ မြေပြင်ထက်သို့ ရောက်ရှိလာခဲ့သည်။ မှန်ပေသည်။ လွန်ခဲ့သော လေးနာရီခန့်က နဂါးနှစ်ကောင် တိုက်ခိုက်နေကြစဉ် ၎င်းတို့သည် အရှေ့လောကလောကနှင့် မိုင်ထောင်ပေါင်း များစွာ ဝေးကွာနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ‘အကွာအဝေး’ ဟူသော အမည်နာမသည် နဂါးများအတွက် အဓိပ္ပာယ်မရှိပေ။

ယခုအချိန်တွင် နုရှောင့်မြို့မှသည် ဝူပြည်နယ်၊ ချောင်မြို့တော်နှင့် ရန်မြို့တော်အထိ အရှေ့လောကလောကရှိ လူအများတို့သည် ကောင်းကင်ယံကို မော့ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နာရီအနည်းငယ်က နဂါးကြီးနှစ်ကောင်သည် အရှေ့ဘက်သို့ ဦးတည်လျက် ကောင်းကင်ယံကို ဖြတ်ကျော် ပျံသန်းသွားကြသောကြောင့် ဖြစ်သည်။ လူတိုင်း ထိုအရာကို မြင်တွေ့ခဲ့ကြရသည်။

ထို့နောက် လူတိုင်းသည် လုပ်လက်စ အလုပ်များကို ရပ်တန့်ကာ ကောင်းကင်ယံကို မော့ကြည့်နေခဲ့ကြသည်။ သူတို့သည် ရလဒ်တစ်ခုကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။ သူတို့သည် ရှမ့်လန်၏ နဂါး ပြန်လာမည့်အချိန်ကို စောင့်မျှော်နေကြခြင်း ဖြစ်၏။

တော်ဝင်ချန်အင်ပါယာမှ လူများသည် ကျန်းမိသားစုနဂါး ပြန်အလာကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာမှ လူများသည် တော်ဝင်ရန်နဂါး ပြန်အလာကို စောင့်မျှော်နေကြသည်။ ဤတိုက်ပွဲတွင် အောင်နိုင်သူတစ်ဦးတည်းသာ ရှိနိုင်ကြောင်း သူတို့ သိရှိထားကြသည်။

နှစ်နာရီ၊ လေးနာရီ၊ ခြောက်နာရီ၊ ရှစ်နာရီ။ ကောင်းကင်ယံသည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

နဂါးတစ်ကောင်မှ ပြန်မလာသေးပေ။ တော်ဝင်ချန်အင်ပါယာမှ လူများသည် မည်သည့်နိုင်ငံသား ဖြစ်စေကာမူ သွေးများ ဆူပွက်နေသကဲ့သို့ ခံစားနေကြရသည်။ သို့သော်ငြားလည်း သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်ခြင်းသာ လွှမ်းမိုးနေခဲ့၏။

အရှင်ရှမ့်လန်၏ နဂါးသည် သေချာပေါက် ပြန်လာလိမ့်မည်။ သေချာပေါက် ပြန်လာရမည်။ မရေမတွက်နိုင်သော လူများသည် ဆုတောင်းနေခဲ့ကြသည်။ အရှင်ရှမ့်လန်နှင့် နဂါး ပြန်လာနိုင်မည် ဆိုလျှင် အသက်ကို စွန့်လွှတ်ရလျှင်ပင် မည်သည့် ပေးဆပ်မှုကိုမဆို ပြုလုပ်ရန် ဆန္ဒရှိကြသည်။

“ကျုပ်တို့ ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်။ ကျုပ်တို့ အသက်ကို ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်။”

ကောင်းကင်ကြီး မဲမှောင်လာခဲ့ပြီ ဖြစ်သည်။ ရုတ်တရက် အရှေ့ဘက်မှ အရိပ်တစ်ခု ပေါ်လာခဲ့၏။ နဂါး ပြန်လာပြီ ဖြစ်သည်။ ထင်ထားသည့်အတိုင်း နဂါးတစ်ကောင်တည်းသာ ပြန်လာခဲ့သည်။ အလွန် မြင့်မားလှသော်လည်း ၎င်းသည် ကြယ်တံခွန် တစ်စင်းကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့၏။

နုရှောင့်မြို့၊ ဝူပြည်နယ်နှင့် ရွဲ့ပြည်နယ်တို့မှ လူများစွာသည် နဂါးကို မြင်တွေ့လိုက်ကြရသည်။

‘ဒါက တော်ဝင်ရန် နဂါးလား၊ တော်ဝင်ချန်အင်ပါယာရဲ့ နဂါးလား။’

အဖြေသည် မကြာမီ ပေါ်ထွက်လာခဲ့၏။ ‘ဒါက တော်ဝင်ရန်အင်ပါယာ ရဲ့ နဂါးပဲ။’

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ရန်မြို့တော်ရှိရာဘက်သို့ ပျံသန်းသွားသောကြောင့် ဖြစ်သည်။ တော်ဝင်ချန်အင်ပါယာ မှ လူများသည် ကျောချမ်းသွားသကဲ့သို့ ခံစားလိုက်ကြရ၏။ သူတို့၏ ဦးခေါင်းခွံများ ပေါက်ကွဲထွက်မတတ် ခံစားလိုက်ကြရသည်။

‘ဘာတွေ ဖြစ်သွားတာလဲ။ ဘာကြောင့် တော်ဝင်ရန်အင်ပါယာ ရဲ့ နဂါးတစ်ကောင်တည်း ပြန်လာရတာလဲ။ အရှင် ရှမ့်လန် ဘယ်ရောက်သွားပြီလဲ။ တော်ဝင်ချန်အင်ပါယာရဲ့ နဂါးကော ဘယ်ရောက်သွားပြီလဲ။’

ဝူပြည်နယ်နှင့် တော်ဝင်ရန်အင်ပါယာသည် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ထို့ကြောင့် နဂါးသည် ဝူပြည်နယ် အထက်မှ တည့်တည့်ဖြတ်ကျော် ပျံသန်းသွားခဲ့ခြင်း ဖြစ်သည်။ ဝူပြည်နယ်၏ ပညာရှင်ကြီးသည် တောင်ထိပ် ပေါ်မှ စောင့်ကြည့်နေခဲ့၏။

‘ဒါက တော်ဝင်ရန်အင်ပါယာ ရဲ့ နဂါးလား။ ကျုပ်တို့ရဲ့ နဂါး ဘယ်မှာလဲ။ အရှင် ဘယ်မှာလဲ။’

ပညာရှင်ကြီး၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျလာခဲ့သည်။ သူ၏ ပိန်လှီသော ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

“မဟုတ်ဘူး။ မဟုတ်ဘူး။ တော်ဝင်ချန်အင်ပါယာရဲ့ အရှင်ရှမ့်လန်က အရာရာကို အောင်နိုင်သူ ဖြစ်ရမယ်။ တော်ဝင်ချန်အင်ပါယာ အသက်ရှည်ပါစေ။ ကျုပ် အသက် ၈၀ ကျော်နေပြီ။ ကျုပ် ကိုယ့်အသက်ကို ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်။”

စကားဆုံးသည်နှင့် သူသည် ဘေးရှိ ကျောက်တိုင်နှင့် ခေါင်းကို ဆောင့်လိုက်သည်။ “ဘုန်း...”

ပညာရှင်ကြီး၏ မျိုးဆက်များသည် ကြိုတင် ပြင်ဆင်ထားခြင်း မရှိသောကြောင့် ကြောင်အမ်းသွားကြသည်။ သူတို့ ပြေးဝင်သွားချိန်တွင် ပညာရှင်ကြီး၏ ဦးခေါင်းခွံသည် အက်ကွဲနေခဲ့ပြီ ဖြစ်သည်။ သွေးများ ပန်းထွက်လာခဲ့၏။

“အဖေ... အဖေ...”

“အဘိုး... အဘိုး...” ဘေးနားရှိ သူ၏ သားသမီး မြေးမြစ်များသည် ကျယ်လောင်စွာ ငိုကြွေးလိုက်ကြသည်။

ပညာရှင်ကြီးသည် ပြုံးလိုက်ပြီး ပြော၏။ “ကျုပ် တော်ဝင်ချန်အင်ပါယာရဲ့ နဂါးအတွက် ကိုယ့်ကိုယ်ကို ပေးဆပ်လိုက်တာ။ တော်ဝင်ချန်အင်ပါယာက မျိုးဆက်ပေါင်းများစွာ တည်တံ့နေရမယ်။ အရှင်ကျန်းလီ... ကျုပ်က ယုတ်မာမိပါတယ်။ အရှင်နဲ့အတူ လိုက်မသေဘဲ ဝူပြည်နယ်ကို ထွက်ပြေးပြီး တိမ်းရှောင် နေထိုင်ခဲ့မိတယ်။ အခုတော့ အရှင်ဆီကို ကျုပ် လိုက်လာပါပြီ။”

ထို့နောက် ပညာရှင်ကြီးသည် မျက်လုံးများကို မှိတ်ကာ မျက်နှာထက်တွင် အပြုံးတစ်ခုနှင့် ကွယ်လွန်သွားခဲ့ သည်။

...........

တော်ဝင်ရန်အင်ပါယာ နယ်စပ်ရှိ ယာယီစခန်းများ ....။

တော်ဝင်ချန်အင်ပါယာမှ ထွက်ပြေးပြီး တော်ဝင်ရန်အင်ပါယာသို့ ဝင်ရောက်လာသူ ဦးရေ တစ်သန်းကျော် ရှိသည်။ သဘာဝကျစွာပင် သူတို့အများစုမှာ လမ်းခရီးတွင် ရှိနေဆဲ ဖြစ်သည်။ သို့သော်ငြား လူဦးရေ နှစ်သိန်း သုံးသိန်းခန့်မှာမူ တော်ဝင်ရန်အင်ပါယာထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့သည် ယာယီစခန်း ဒါဇင်ပေါင်း များစွာတွင် နေထိုင်နေကြ၏။

ယန်နန်ခရိုင်ရှိ ယာယီစခန်းတွင် လူဦးရေ ခြောက်သောင်းခန့် နေထိုင်ကြသည်။ ဤနေရာသည် မူလက စစ်စခန်းဟောင်း တစ်ခု ဖြစ်သည်။ စွန့်ပစ်ခံရပြီးနောက် ဒုက္ခသည်စခန်း ဖြစ်လာခဲ့သည်။ စခန်းကို အတန်းအစား လေးမျိုး ခွဲခြားထားသည်။

ပထမတန်းစား ဖြစ်သော ချမ်းသာကြွယ်ဝသည့် မိသားစုများမှ ဒုက္ခသည်များသည် ယခင် စစ်တပ်မှုး အိမ်တော်ဟောင်းတွင် နေထိုင်ကြသည်။ လိုအပ်သည်များအားလုံး ပြည့်စုံ၏။

ဒုတိယတန်းစားတွင် ပညာတတ် မိသားစုများ၊ အလတ်တန်းနှင့် အငယ်တန်း အရာရှိများ၊ သူဌေးများ ပါဝင်ကြသည်။ သူတို့သည် အုတ်တိုက်တန်းလျားများတွင် နေထိုင်ကြသည်။

တတိယတန်းစားတွင် အလတ်တန်းစား မိသားစုများ ပါဝင်သည်။ သူတို့သည် သစ်သားတန်းလျားများတွင် နေထိုင်ကြ၏။

စတုတ္ထတန်းစားမှာမူ သာမန် အရပ်သားများ ဖြစ်ကြသည်။ သူတို့သည် ယာယီတဲများတွင် နေထိုင်ကြရသည်။ တဲတစ်လုံး တွင် လူတစ်ဒါဇင်ခန့် ပြွတ်သိပ်နေထိုင်ကြရသည်။

ဤဒုက္ခသည် ခြောက်သောင်းသည်လည်း မကြုံစဖူး စိတ်ပိုင်းဆိုင်ရာ ခံစားမှုများကို ကြုံတွေ့နေကြရသည်။ ချန်မြို့တော်ကို နဂါး ဖျက်ဆီးပစ်မည်ဟု စိုးရိမ်သောကြောင့် တော်ဝင်ချန်အင်ပါယာကို သစ္စာဖောက်ကာ တော်ဝင်ရန်အင်ပါယာ သို့ ဝင်ရောက်ခိုလှုံခဲ့ကြခြင်း ဖြစ်၏။

တော်ဝင်ရန်နဂါးသည် ချန်မြို့တော်ဆီသို့ ပျံသန်းသွားချိန်မှာတော့ သူတို့၌ ခံစားချက်ပေါင်း မြောက်မြားစွာ ဖြစ်ပေါ်ခဲ့ရသည်။ သူတို့၏ ရွေးချယ်မှု မှန်ကန်ခဲ့သည်ဟု ဝမ်းသာမိသော်လည်း စိတ်ထဲတွင်မူ ခံစားရ ခက်ခဲနေမိ ကြသည်။

သို့သော်ငြား ရှမ့်လန်သည် နဂါးပေါ်စီးကာ ကောင်းကင်ယံ၌ ပေါ်လာချိန်မှာတော့ သူတို့မှာ စိတ်လှုပ်ရှားမှုများဖြင့် လွှမ်းခြုံခြင်း ခံလိုက်ရသည်။ တော်ဝင်ချန်အင်ပါယာ၏ ဧကရာဇ် ရှမ့်လန်သည် ချန်မြို့တော်ကို ကယ်တင်ရန် အမှန်တကယ် ရောက်လာခဲ့ခြင်းလား။ ထို့အပြင် သူ့ထံတွင် နဂါးတစ်ကောင် ရှိနေသည်လား။ တော်ဝင်ချန် အင်ပါယာတွင်လည်း နဂါးတစ်ကောင် ရှိနေသည်လား။

ဤအချိန်တွင် ဒုက္ခသည်များသည် အုပ်စုအမျိုးမျိုး ကွဲပြားသွားခဲ့ကြသည်။

ချမ်းသာကြွယ်ဝသော မိသားစုများ သည် တုန်လှုပ်ခြောက်ခြား သွားကြပြီး တချိန်တည်းမှာပင် ကျိန်ဆဲနေကြ၏။ ‘ဘာကြောင့်လဲ။ တော်ဝင်ရန်အင်ပါယာ မှာ နဂါးရှိတာ ဟုတ်ပြီ။ ဘာကြောင့် တော်ဝင်ချန်အင်ပါယာ ရှမ့်လန်မှာလည်း နဂါးရှိနေရတာလဲ။ ရှမ့်လန် ဒီတိုက်ပွဲမှာ သေချာပေါက် ရှုံးလိမ့်မယ်။ သူ သေချာပေါက် ရှုံးကို ရှုံးရမယ်။’

သာမန် အရပ်သား အများစုမှာမူ အလွန်တရာ ဝေခွဲမရ ဖြစ်နေကြသည်။

‘အရှင် ရှမ့်လန်က ချန်မြို့တော်ကို စွန့်ပစ်မသွားခဲ့ဘူး။ ဒါပေမဲ့ ကျုပ်တို့က စွန့်ပစ်ခဲ့ကြတယ်။ ကျုပ်တို့က ချန်မြို့တော်နဲ့ ကျုပ်တို့ရဲ့ အိမ်တွေကို စွန့်ပစ်ခဲ့ကြတယ်။’

နဂါးနှစ်ကောင် အရှေ့ဘက် ကောင်းကင်ယံသို့ ပျောက်ကွယ်သွားပြီးနောက် ယန်နန်စခန်းရှိ သောင်းနှင့်ချီသော ဒုက္ခသည်များသည် ကောင်းကင်ယံကို မော့ကြည့်ကာ နောက်ဆုံးရလဒ်ကို စောင့်မျှော်နေခဲ့ကြသည်။ သူတို့သည် တော်ဝင်ချန်အင်ပါယာမှ ဖြစ်သော်လည်း တော်ဝင်ရန်အင်ပါယာ သို့ ထွက်ပြေးလာခဲ့ကြသည်။ မကြာမီ သူတို့သည် တော်ဝင်ရန်အင်ပါယာ၏ နိုင်ငံသားများ ဖြစ်လာကြတော့မည်။

မည်သူ့ကို အနိုင်ရစေချင်သနည်း။ သူတို့ မသိကြပေ။ သူတို့ အမှန်တကယ် မသိကြပေ။ အဘယ်ကြောင့်ဆိုသော် အရှင်ရှမ့်လန်သည် သူတို့ကို ကယ်တင်ရန် နဂါးတစ်ကောင် စီး၍ ရောက်လာခဲ့သောကြောင့်ပင်။

ညဆယ်နာရီ ဝန်းကျင်ခန့်တွင် အရှေ့ဘက် ကောင်းကင်ယံ၌ ကြယ်တံခွန်ကဲ့သို့ မီးတောက်တစ်ခု ပေါ်လာခဲ့သည်။ နဂါးကြီး ပြန်ရောက်လာခဲ့ပြီဖြစ်သည်။ ဤသည်မှာ တော်ဝင်ရန်အင်ပါယာ ၏ နဂါးကြီး ဖြစ်သည်။ ၎င်းသည် ရန်မြို့တော် ရှိရာဘက်သို့ ပျံသန်းနေခြင်း ဖြစ်သည်။

ထိုအရာက ဘာအဓိပ္ပာယ်နည်း။ တော်ဝင်ရန်နဂါးက အနိုင်ရပြီး အရှင်ရှမ့်လန် ရှုံးနိမ့်သွားပြီဟု ဆိုလိုခြင်းလား။ တော်ဝင်ချန်နဂါး သေဆုံးသွားပြီဟု ဆိုလိုခြင်းလား။

ခေတ္တမျှ ကြာပြီးနောက် ....

“တော်ဝင်ရန်အင်ပါယာ ကျန်းမာပါစေ။ တော်ဝင်ရန်အင်ပါယာ ကျန်းမာပါစေ။”

ဒုက္ခသည်စခန်း အတွင်းရှိ တပ်မှုးအိမ်တော်ဟောင်း၌ နေထိုင်ကြသော ချမ်းသာကြွယ်ဝသည့် မိသားစုများသည် အောင်ပွဲခံနေကြသည်။ မရေမတွက်နိုင်သော စားကောင်းသောက်ဖွယ်များနှင့် ဝိုင်အရက်များကို တည်ခင်း ထားကြသည်။

“ပျော်ကြစမ်းဟေ့။ ပျော်ကြစမ်း။ ကျုပ်တို့ ရွေးချယ်မှု မှန်ကန်ခဲ့ပြီကွ။ တော်ဝင်ရန် နဂါးကြီး အနိုင်ရသွားပြီ။ ဟား ဟား ဟား... ရှမ့်လန်တော့ သွားပြီ။ တော်ဝင်ချန်အင်ပါယာရဲ့ နဂါးလည်း သေပြီ။ နဂါးနှစ်ကောင်မှာ တစ်ကောင်ပဲ အသက်ရှင်ပြန်လာနိုင်မှာ။ အခု တော်ဝင်ရန် နဂါး ပြန်ရောက်လာပြီ ဆိုတော့ ဘာအဓိပ္ပါယ်လဲ။ ရှမ့်လန်ရဲ့ နဂါး သေသွားပြီလို့ ဆိုလိုတာပေါ့ကွ။ လာကြ။ ပျော်ပျော်ပါးပါး နေကြစို့။ စိတ်ကြိုက် စားသောက်ကြစို့။ ကံကောင်းလို့ ကျုပ်တို့ ချန်မြို့တော်မှာ မနေခဲ့မိတာ။ မဟုတ်ရင် ကျုပ်တို့ပါ သေကုန်မှာ။”

...........

တော်ဝင်ရန်နဂါးကြီးသည် ချန်မြို့တော် အထက်သို့ ပျံသန်းရောက်ရှိလာခဲ့၏။ ထို့နောက် ၎င်းသည် မီတာ ဒါဇင်အနည်းငယ် အရွယ်အစားထိ ကျုံ့သွားပြီး တားမြစ်မျှော်စင် အတွင်းသို့ တိတ်တဆိတ် ပျံသန်းဝင်ရောက် သွားခဲ့သည်။ ခဏအကြာတွင် အနည်းငယ် ပိန်လှီနေသော တော်ဝင်ရန်အင်ပါယာသည် တားမြစ်မျှော်စင် အတွင်းသို့ ဖြည်းညင်းစွာ လမ်းလျှောက်ဝင်ရောက်သွားခဲ့၏။

ကြီးမားသော နဂါးရေကန်ကြီးအတွင်း၌ တော်ဝင်ရန် နဂါးကြီးသည် ဒဏ်ရာများ ဖုံးလွှမ်းနေသည်။ ၎င်းသည် ရေကန်ထဲ၌ မလှုပ်မယှက် လဲလျောင်းနေ၏။ ၎င်း၏ ခန္ဓာကိုယ်တွင် မရေမတွက်နိုင်သော ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ အတောင်ပံများမှာ စုတ်ပြဲနေ၏။ မျက်လုံးများမှာ မမြင်ရတော့ပေ။ ဦးနှောက်သည် အဆုံးအစမဲ့သော အမှောင်ထုနှင့် အေးစက်သော စွမ်းအင်များ ဝင်ရောက် စီးနင်းခြင်းကို ခံထားရသည်။

တော်ဝင်ရန်အင်ပါယာ သည် လက်ကို ဆန့်တန်းကာ နဂါး၏ ခေါင်းကို ထိလိုက်သည်။ သူသည် အရိုးခိုက်မတတ် အေးစက်မှုကို ချက်ချင်း ခံစားလိုက်ရသည်။ ဤသည်မှာ မည်သို့သော စွမ်းအားမျိုး ဖြစ်ကြောင်း သူ စဉ်းစား၍ပင် မရနိုင်အောင် ဖြစ်နေ၏။ နဂါးကြီးတစ်ကောင်တောင်မှ ဤကဲ့သို့သော အမှောင်ထုနှင့် အေးစက်မှုကို မခုခံနိုင် ပေဘူးလား။

အင်ပါယာသည် နဂါးဝတ်ရုံကို ချွတ်လိုက်ပြီး နဂါးရေကန်ထဲသို့ ဆင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ခြောက်သွေ့ပြီး တွန့်လိပ်နေ၏။ သူသည် အသက် ၂၀ ကျော် ပိုမို အိုစာသွားပုံ ပေါ်သည်။ ယခင်က သူသည် အသက် ၅၀ ကျော်သည်ဟုပင် မထင်ရပေ။ အင်ပါယာသည် နဂါးကြီး၏ ခေါင်းပေါ်သို့ လက်နှစ်ဖက် တင်လိုက်သည်။ သူသည် မျက်လုံးများကို မှိတ်ကာ နဂါးရေကန်ထဲသို့ ဝင်ရောက်သွားခဲ့၏။

“မင်း ပြန်ရောက်လာပြီပဲ။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။ ကျုပ် မင်းကို ကုသပေးပြီး မင်းဦးနှောက်ထဲက ကြောက်မက်ဖွယ်ရာ အမှောင်စွမ်းအင်တွေကို မောင်းထုတ်ပေးပါ့မယ်။ ထင်ထားတဲ့အတိုင်းပဲ။ ဒီအရာ ဖြစ်နေတာကိုး။ ငရဲလို အေးစက်နေတာပဲ။ အရာရာ ရှုပ်ထွေးကုန်ပြီ။

ရှမ့်လန်က နဂါးကြီးကို စောစောစီးစီး ပြန်ခေါ်လာခဲ့တာကိုး။ ကျုပ်လည်း ကျင့်ကြံခြင်းကနေ စောစော ထွက်လာရတော့တာပေါ့။ စိတ်မကောင်းပါဘူး သူငယ်ချင်းရာ။ မင်းက နောက်ထပ် နှစ်ဝက်လောက်ကြာမှ ထွက်လာသင့်တာ။ နဂါးရေကန်ထဲက အရာအားလုံးကိုတောင် မင်း မစုပ်ယူရသေးဘူး။ မင်းက အရမ်း အလောတကြီး ထွက်လာခဲ့တယ်။ မင်းရဲ့ အင်အား ၆၀၊ ၇၀ ရာခိုင်နှုန်းလောက်ပဲ ပြန်ကောင်းသေးတဲ့အချိန်မှာ တိုက်ပွဲဝင်ဖို့ အလွှတ်ခံလိုက်ရတယ်။

ရှမ့်လန်... မင်းက ကျုပ်ကို သိပ်ဒုက္ခပေးတာပါလား။ ကျုပ်ရဲ့ လျှို့ဝှက်လက်နက်ကို ကြိုထုတ်သုံးဖို့ မင်း ဖန်တီးလိုက်တာလား။”

ရှမ့်လန်သည် နဂါးကြီးနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။ ကြောက်မက်ဖွယ်ရာ အခြေအနေဆိုးကြီး ဖြစ်ပေါ် မလာစေရန် တားဆီးနိုင်ရေးအတွက် တော်ဝင်ရန်အင်ပါယာ သည် ရွေးချယ်စရာမရှိဘဲ ငါးလစော၍ တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်ခွာလာခဲ့ရ၏။

ဤရည်မှန်းချက် အောင်မြင်ရန် သူသည် သူ၏ သက်စောင့်စွမ်းအားနှင့် ဝိညာဉ်ကို ကြိုတင်ထုတ်ယူ သုံးစွဲကာ နဂါးကြီးအား စောစီးစွာ ထွက်ပေါ်လာစေခဲ့သည်။ ထို့ကြောင့် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက် အင်ပါယာသည် အလွန်တရာ စိတ်ဓာတ်ကျဆင်းကာ နွမ်းနယ်နေခဲ့သည်။ သူ ပြန်လည်သက်သာ လာစေရန် အချိန်ကြာမြင့်စွာ ယူရပေလိမ့်မည်။

ထိုသို့ဆိုလျှင် သူ မစောင့်ဆိုင်းနိုင်ခဲ့သောကြောင့်လား။ နောက်ထပ် နှစ်ဝက်ခန့် ကြာပြီးနောက် နဂါးကြီး သဘာဝ အတိုင်း နိုးထလာပြီး အင်အား ရာနှုန်းပြည့် ပြန်လည်ကောင်းမွန်လာသည့် အချိန်ကျမှ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာ၍ မရနိုင်သောကြောင့်လား။

သူ မစောင့်ဆိုင်းနိုင်ခဲ့ပေ။ အကြောင်းရင်းမှာ ရှမ့်လန်သည် နဂါးကြီးနှင့်အတူ ပြန်လည်ရောက်ရှိလာသောကြောင့် ဖြစ်၏။ ရှမ့်လန်၏နဂါးများအပေါ် နားလည် သဘောပေါက်မှုသည် ပြောပလောက်အောင် မရှိသေးပေ။ အကယ်၍ ရှမ့်လန်သာ ထိုအရာကို ရှာဖွေတွေ့ရှိသွားပါက အရာအားလုံး နောက်ကျသွားပေလိမ့်မည်။

ထို့ကြောင့် အင်ပါယာသည် တံခါးပိတ်ကျင့်ကြံခြင်းမှ စောစီးစွာ ထွက်လာခဲ့ရပြီး နဂါးကြီး၏ အင်အား ခြောက်ဆယ် ရာခိုင်နှုန်းသာ ရှိသေးသော်လည်း အပြင်သို့ ထွက်စေခဲ့ရခြင်း ဖြစ်သည်။ သို့သော်ငြားလည်း ရှမ့်လန် အနောက်လောကမှ ခေါ်ဆောင်လာသော နဂါးကြီးသည် အလွန် ငယ်ရွယ်သေး၏။ ၎င်းသည် တော်ဝင်ရန် နဂါးကြီး၏ ပြိုင်ဘက် မဟုတ်ပေ။ အင်အား ခြောက်ဆယ် ခုနစ်ဆယ် ရာခိုင်နှုန်းသာ ရှိနေလျှင်ပင် ထိုနဂါးကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။

အရှေ့လောကလောက တစ်ခုလုံးတွင် နဂါးတစ်ကောင်တည်းသာ ရှိနိုင်ပေသည်။ ထို့ကြောင့် နဂါးနှစ်ကောင်၏ တိုက်ပွဲသည် စောစီးစွာ ပေါက်ကွဲထွက်ပေါ်လာခဲ့ရခြင်း ဖြစ်၏။ အင်ပါယာသည် နဂါးကြီးကို စီးနင်း လိုက်ပါ မသွားနိုင်ခဲ့ခြင်းကြောင့် နောင်တရမိသည်။ သူ၏ စိတ်စွမ်းအားများ အပြည့်အဝ ပြန်လည် ကောင်းမွန်ခြင်း မရှိသေးသောကြောင့် ဖြစ်၏။ နဂါးစီးသူရဲမပါဘဲနှင့် နဂါးကြီး၏ စွမ်းအားသည် များစွာ လျော့ကျသွားပေမည်။

အပိုင်း (၁၂၆၀)

နဂါးစီးသူရဲ၏ နဂါးများအပေါ် နားလည်သဘောပေါက်မှုသည် နဂါးကြီး၏ စွမ်းအားကို အဆင့်တစ်ဆင့်သို့ မြှင့်တင်ပေးနိုင်သည်။ သို့သော်ငြား အင်ပါယာ၏ တွက်ချက်မှုအရ သူ နဂါးကြီးကို မစီးနင်းလျှင်ပင်၊ နဂါးကြီးသည် အင်အား ခြောက်ဆယ်ရာခိုင်နှုန်းသာ ရှိလျှင်ပင် ကျန်းကလန်နဂါးကြီးကို သတ်ဖြတ်နိုင်ပေမည်။ ဒဏ်ရာရရှိမည် ဆိုလျှင်တောင် သိပ်ပြီး ပြင်းထန်လိမ့်မည် မဟုတ်ပေ။

တော်ဝင်ချန်အင်ပါယာ၏ နဂါးကြီးကို သတ်ဖြတ်ရာတွင် မည်သည့် မတော်တဆမှုမှ ရှိလာမည် မဟုတ်ချေ။ သို့သော်ငြား မမျှော်လင့်ထားသော မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ သူ၏နဂါးကြီးသည် ပြင်းထန်သော ဒဏ်ရာများ ရရှိလာခဲ့၏။

တော်ဝင်ရန်အင်ပါယာက ပြောလိုက်သည်။ “နဂါးကြီး... ကျုပ်တို့ အတူတူ အနားယူကြမယ်။ မင်းရဲ့ ဒဏ်ရာတွေကို ကုသပေးပါရစေ။”

ထို့နောက် နဂါးကြီး၏ ခန္ဓာကိုယ်သည် မှိန်ဖျော့သော အလင်းရောင်ဖြင့် တောက်ပလာခဲ့သည်။ ကြီးမားလှသော နဂါးရေကန်၏ စွမ်းအားများသည် ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ ဖြည်းညင်းစွာ စိမ့်ဝင်သွားကြ၏။

...........

ချန်မြို့တော် အတွင်း၌ မရေမတွက်နိုင်သော ချန်မြို့သူမြို့သားများသည် ထိတ်လန့်တုန်လှုပ်ဖွယ် သတင်းဆိုးကြီး တစ်ခုကို ကြားသိလိုက်ကြရသည်။

တော်ဝင်ရန်အင်ပါယာ ၏ နဂါးကြီး ပြန်လည်ရောက်ရှိလာခဲ့သော်လည်း အရှင် ရှမ့်လန်၏ နဂါးကြီးမှာမူ ပြန်ရောက်မလာခဲ့ပေ။ တော်ဝင်ချန်နဂါးကြီး သေဆုံးသွားပြီလား။ အရှင် ရှမ့်လန်သည်လည်း။ သေဆုံးသွားပြီလား။

အစပိုင်းတွင် ချန်မြို့တော်ရှိ သိန်းပေါင်းများစွာသော ပြည်သူများသည် ဤသတင်းကို မယုံကြည်နိုင်ခဲ့ကြပေ။ သို့သော်ငြား သတင်းသည် ပိုမို တိကျခိုင်မာလာခဲ့၏။ အကြောင်းမှာ လူအများအပြားသည် တော်ဝင်ရန် နဂါးကြီး ပြန်လာသည်ကို မြင်တွေ့ခဲ့ရပြီး တော်ဝင်ချန်နဂါးကြီးကိုမူ မတွေ့ခဲ့ရသောကြောင့် ဖြစ်သည်။ ထိုအခါ ထိုလူများသည် အပြစ်ရှိစိတ်နှင့် နာကျင်မှုတို့ကို ခံစားလိုက်ကြရ၏။

အရှင်ရှမ့်လန်သည် သူ၏ နဂါးကြီးနှင့်အတူ စောစီးစွာ ပြန်လည်ရောက်ရှိလာသင့်သည် မဟုတ်ပါလား။ သို့သော်ငြား သူသည် တော်ဝင်ရန်အင်ပါယာကို စစ်ကြေညာခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်နည်း။ သဘာဝ ကျစွာပင် အဆင်သင့် မဖြစ်သေးဟု ခံစားခဲ့ရသောကြောင့် ဖြစ်ပေမည်။ သို့သော်ငြား ချန်မြို့တော်ကို ကာကွယ်ရန် အရှင် ရှမ့်လန်သည် သူ၏နဂါးကြီးကို ခေါ်ဆောင်ကာ တော်ဝင်ရန်နဂါးကြီးနှင့် တိုက်ခိုက်ခဲ့ရသည်။

‘သူ ဘာကြောင့် ကျုပ်တို့ကို ကာကွယ်ပေးခဲ့သလဲ။ ကျုပ်တို့လို နိမ့်ကျတဲ့ သာမန်အရပ်သားတွေက အရေးမပါပါဘူး။ နဂါးကြီးက ဘာကိစ္စကြောင့် ကျုပ်တို့ကို ကာကွယ်ရင်း သေဆုံးပေးရမှာလဲ။ အရှင် ရှမ့်လန်က ဘာကြောင့် ကျုပ်တို့အတွက် အသက်ပေးရမှာလဲ။’

‘ကျုပ်တို့ထဲက လူအများအပြားက တော်ဝင်ချန်အင်ပါယာကို သစ္စာဖောက်ဖို့တောင် တွေးတောခဲ့ကြတာ။ မဲပေးပွဲတုန်းက ကျုပ်တို့ ကြောက်ရွံ့ခဲ့ကြလို့ ရင်ကွမ်းကို မဲပေးခဲ့ကြတယ်။ ရင်ကွမ်းက သစ္စာဖောက်မှန်း သိရက်နဲ့ ကျုပ်တို့ သူ့ကို ရွေးချယ်ခဲ့ကြတယ်။’

‘ဒီတစ်ကြိမ်မှာလည်း ကျုပ်တို့ ချန်မြို့တော်ကနေ ထွက်ပြေးဖို့ ကြံရွယ်ခဲ့ကြတယ်။ ဒါပေမဲ့ ကျုပ်တို့က ဆင်းရဲလွန်းလို့ ထွက်ပြေးဖို့ စရိတ်တောင် မတတ်နိုင်ခဲ့ကြဘူး။ ကျုပ်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ဖို့ ဝန်လေးနေခဲ့ကြတယ်။ အရှင်ရှမ့်လန်က ကျုပ်တို့လို ယုတ်ညံ့ပြီး အရှက်မရှိတဲ့ လူတွေအတွက် ကိုယ့်ကိုယ်ကို ပေးဆပ်သွားခဲ့တာလား။’

အတိုင်းအဆမဲ့သော အပြစ်ရှိစိတ်များ၊ နာကျင်မှုများနှင့် ဒေါသတရားများသည် သူတို့၏ ရင်ထဲ၌ ပြည့်နှက်သွားခဲ့သည်။ ချန်မြို့သူမြို့သားများသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ကြီးမားသော ရှုံးနိမ့်မှုကြီးကြောင့် စိတ်ဓာတ်ကျဆင်းကာ နာကျင်မှု၊ မျှော်လင့်ချက်ကင်းမဲ့မှုတို့ဖြင့် နေထိုင်ခဲ့ရသူများ ဖြစ်သည်။

ရှမ့်လန် နဂါးကြီးစီးကာ ပြန်လည်ရောက်ရှိလာပြီး ချန်မြို့တော်ကို ကယ်တင်လိုက်ချိန်မှာတော့ ဤလူသိန်းပေါင်း များစွာ၏ စိတ်အားထက်သန်မှုနှင့် သစ္စာတရားတို့သည် ပြန်လည် တောက်လောင်လာခဲ့ရသည်။ ယခုမူ ဝမ်းနည်းဖွယ် သတင်းဆိုးကြီး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ တော်ဝင်ရန်နဂါးကြီး ပြန်လာခဲ့သော်လည်း တော်ဝင်ချန် နဂါးကြီးမှာမူ ပြန်ရောက်မလာခဲ့ပေ။

အရှင်ရှမ့်လန်နှင့် တော်ဝင်ချန် နဂါးကြီးတို့သည် သူတို့အတွက် အသက်စွန့်လွှတ်သွားခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဤလူသိန်းပေါင်းများစွာ၏ ရင်ထဲမှ မီးတောက်များသည် ပြင်းထန်စွာ တောက်လောင် လာခဲ့၏။

တောင့်တင်းသန်မာသော အမျိုးသားကြီး တစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။

“ကျုပ်တို့က တော်ဝင်ချန်အင်ပါယာရဲ့ သစ္စာအရှိဆုံး နိုင်ငံသားတွေ ဖြစ်ရမယ်။ ဒါပေမဲ့ အရှင်ရှမ့်လန်ရဲ့ အထောက်အထား ပေါ်သွားပြီး လောကရဲ့ သူရဲကောင်းတွေ သူ့ကို ကာကွယ်ဖို့ သွားလာကြတုန်းက ကျုပ်တို့ ဘယ်ရောက်နေကြသလဲ။

အရှင်ရှမ့်လန်နဲ့ ရင်ကွမ်းတို့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ကြတုန်းက သူက တရားဝင် ဧကရာဇ်ဖြစ်ပြီး ရင်ကွမ်းက သစ္စာဖောက်ဆိုတာ ကျုပ်တို့ သိခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ကျုပ်တို့ အရှင်ရှမ့်လန်ကို ထောက်ခံခဲ့သင့်တယ်။ အဲဒီတုန်းက ကျုပ်တို့ ဘယ်ရောက်နေခဲ့ကြသလဲ။

ချန်မြို့တော်က အရှင် ရှမ့်လန်ရဲ့ မြို့တော် သက်သက် မဟုတ်ဘူး။ ဒါ ကျုပ်တို့ရဲ့ အိမ်ပဲ။ တော်ဝင်ရန် နဂါးကြီး ချန်မြို့တော်ကို ဖျက်ဆီးတော့မယ့် အချိန်တုန်းက ကျုပ်တို့ ဘယ်ရောက်နေကြသလဲ။ ကျုပ်တို့က မြေကြီးပေါ်မှာ ဒူးထောက်ပြီး တုန်လှုပ်နေကြတယ်။ ဒါမှမဟုတ် အသက်လုပြီး ထွက်ပြေးဖို့ ပြင်ဆင်နေခဲ့ကြတယ်။ ကျုပ်တို့လို လူစားတွေက အရှင် ရှမ့်လန်ရဲ့ ပေးဆပ်မှုနဲ့ ထိုက်တန်ရဲ့လား။ နဂါးကြီးရဲ့ ပေးဆပ်မှုနဲ့ကော ထိုက်တန်ရဲ့လား။ ဒီလောကမှာ အသက်ရှင်ဖို့ ကျုပ်တို့မှာ ဘာသိက္ခာရှိသေးလဲ။”

ထိုလူကြီးသည် အိမ်ထဲသို့ ရုတ်တရက် ပြေးဝင်သွားပြီး ရိက္ခာခြောက်များနှင့် ဓားတစ်ချောင်းကို ကျောတွင် လွယ်ကာ အိမ်မှ ထွက်ခွာသွားခဲ့သည်။

“ကျုပ် တော်ဝင်ရန်အင်ပါယာ ကို သွားမယ်။ တော်ဝင်ချန်အင်ပါယာကို သစ္စာဖောက်ပြီး တော်ဝင်ရန်ဘက် ပါသွားတဲ့ကောင်တွေကို ကျုပ် သွားသတ်မယ်။ အဲဒီ သစ္စာဖောက်တွေကို ကျုပ် သတ်ပစ်မယ်။ အရှင် ရှမ့်လန်နဲ့ နဂါးကြီးက ကျုပ်တို့အတွက် အသက်ပေးသွားခဲ့တာ။ ကျုပ် အဲဒီ သစ္စာဖောက်တွေကို သွားသတ်မယ်။”

ပထမလူ၏ နောက်မှ ဒုတိယလူ လိုက်ပါလာခဲ့သည်။ နောက်ဆုံးတွင်မူ ထောင်နှင့်ချီသော၊ သောင်းနှင့်ချီသော၊ သိန်းနှင့်ချီသော အမျိုးသားကြီးများသည် ရိက္ခာခြောက်ထုပ်များ၊ ဓားမများနှင့် ပေါက်ပြားများကို ကျောတွင် လွယ်ကာ ထွက်ခွာလာကြ၏။

သူတို့သည် ဒီရေလှိုင်းလုံးကြီးပမာ ချန်မြို့တော် အတွင်းမှ တိုးထွက်လာကြ၏။ သူတို့ ဘာသွားလုပ်မည်ကို သူတို့ကိုယ်တိုင် မသိကြပေ။ ဘာကြောင့် ဤသို့ လုပ်ဆောင်နေသည်ကိုလည်း မသိကြပေ။ သို့သော်ငြား သူတို့၏ ရင်ထဲတွင် မငြိမ်းသတ်နိုင်သော မီးတောက်တစ်ခု ရှိနေသည်။

ယခင်က အရှင်ရှမ့်လန်သည် သူတို့အတွက် တိုက်ခိုက်ပေးခဲ့ပြီး သူတို့အတွက် အသက်ပင် စွန့်လွှတ်ခဲ့သည်။ ယခု သူတို့သည် အရှင်ရှမ့်လန်အတွက် တိုက်ခိုက်ကြမည်ဖြစ်ပြီး တော်ဝင်ချန်အင်ပါယာအတွက် အသက်စွန့်ကြမည် ဖြစ်သည်။ သေဆုံးရမည်ဆိုလျှင်တောင်မှ သူတို့သည် လုံးဝ မျှော်လင့်ချက်မဲ့သူများ မဟုတ်ကြောင်း သက်သေပြ ကြရမည်။

“သတ်... သတ်... သတ်.... တော်ဝင်ရန်အင်ပါယာထဲ ဝင်ပြီး သတ်ကြ။ အကုန်လုံးကို သတ်ပစ်ကြ။ အရှင် ရှမ့်လန်နဲ့ တော်ဝင်ချန် နဂါးကြီးအတွက် လက်စားချေကြ။”

...........

ရှမ့်လန်သည် စွမ်းအင်ဝဲကတော့ကြီးကို လွှတ်ထုတ်ပြီး တော်ဝင်ရန်နဂါး၏ မျက်လုံးထဲသို့ ပစ်လွှတ်လိုက်ချိန်တွင် ငရဲသလင်းကျောက် အတွင်းမှ အဆုံးအစမဲ့သော ကြောက်မက်ဖွယ် စွမ်းအင်များနှင့် မရေမတွက်နိုင်သော ဝိညာဉ်များသည် ရှမ့်လန်၏ ဦးနှောက်အတွင်းသို့ တိုးဝင်လာခဲ့ကြသည်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ သူ သတိမေ့မြောသွားခဲ့၏။ ထို့နောက် ဘာဆက်ဖြစ်သည်ကို သူ မသိတော့ပေ။

အချိန်မည်မျှ ကြာမြင့်သွားသည် မသိပေ။ သူ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်မိ၏။

‘ငါ.. ငါ ဘယ်ရောက်နေတာလဲ။ ဒီနေရာက ပင်လယ်ကြမ်းပြင်လား။ ဒါက ဘယ် ရှေးဟောင်းအမွေအနှစ် နယ်မြေလဲ။’

ဤနေရာသည် ပျောက်ဆုံးနိုင်ငံ ရှေးဟောင်းအင်ပါယာ၏ အခြား အမွေအနှစ်နယ်မြေတစ်ခု ဖြစ်ကြောင်း ရှမ့်လန် မကြာမီ သိရှိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားသည့် ဘုရင်မ မီဒူဆာ၏ ရုပ်တုကြီးကို မြင်တွေ့လိုက်ရသောကြောင့်ပင်။

မဟုတ်ပေ။ ပို၍ တိကျစွာပြောရလျှင် ၎င်းသည် ခေါင်းတလားကြီးတစ်ခု ဖြစ်၏။ သို့သော်ငြား ဤခေါင်းတလား သည် မူလက ဘုရင်မမီဒူဆာ၏ ရုပ်တုတစ်ခု ဖြစ်သည်။ ၎င်းသည် အလွန်တရာ ကြီးမားလှပေသည်။ အလျား မီတာ ၂၀၀ ကျော်နှင့် အနံ မီတာ ၃၀ ကျော် ရှိသည်။ ထို့အပြင် ခေါင်းတလား တစ်ခုလုံးသည် ပြီးပြည့်စုံသော ဘုရင်မ မီဒူဆာ ပုံသဏ္ဍာန် ဖြစ်နေ၏။

ယခုအချိန်တွင် ခေါင်းတလားသည် ပွင့်နေပြီ ဖြစ်သော်လည်း အတွင်း၌ ဗလာဟင်းလင်း ဖြစ်နေသည်။ ရှမ့်လန်သည် ဘုရင်မ မီဒူဆာ၏ မျက်နှာ ရှိရာသို့ ရောက်သည်အထိ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။ သူသည် နီးကပ်လွန်းနေသောကြောင့် သေချာ မမြင်ရပေ။ ထို့ကြောင့် ဘုရင်မ မီဒူဆာ ရုပ်တု၏ မျက်နှာကို မြင်ရရန် အဝေးသို့ ခပ်လှမ်းလှမ်း လျှောက်သွားလိုက်ရသည်။ မီတာ ဒါဇင်နှင့်ချီ လျှောက်သွားပြီးနောက် နောက်ဆုံးတွင် သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

‘ဒါက ဘုရင်မ မီဒူဆာပဲလား။ ဒါက ယောင်ယောင်ရဲ့ ဝိညာဉ်မိခင်ကြီးလား။ ဟုတ်တယ်။ ဒါက ယောင်ယောင်ရဲ့ မိခင်ပဲ။ ဆွဲဆောင်မှု ပြင်းထန်ပြီး ညှို့ဓာတ်ကောင်းတဲ့ ဘုရင်မ မီဒူဆာပဲ။’

ရှမ့်လန် အနေဖြင့် သူမ၏ မျက်လုံးများကို အခြားသူတစ်ဦးနှင့် မှားယွင်းစရာ အကြောင်းမရှိပေ။

‘ဒါက ချောင်ယောင်းအာ မတော်တဆ ဝင်ရောက်သွားခဲ့တဲ့ ရှေးဟောင်းအမွေအနှစ် နယ်မြေပဲလား။ ဒါက ဘုရင်မ မီဒူဆာရဲ့ သင်္ချိုင်းဂူ ဖြစ်ရမယ်။ ချောင်ယောင်းအာက ဒီခေါင်းတလားကို မတော်တဆ ဖွင့်မိလိုက်တာလား။ အဲဒါကြောင့် ဘုရင်မ မီဒူဆာရဲ့ ဝိညာဉ်က လွင့်စင်ထွက်လာခဲ့တာလား။

ချက်ချင်း ပျောက်ကွယ်မသွားစေဖို့ သူက ချောင်ယောင်းအာရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ခဲ့ရတာလား။ ဟုတ်တယ်။ ဒါက အမှန်တကယ်ပဲ သင်္ချိုင်းဂူတစ်ခုပဲ။ ရှေးဟောင်း မီဒူဆာ တော်ဝင်မိသားစုရဲ့ သင်္ချိုင်းဂူပဲ။

ဘုရင်မ မီဒူဆာရဲ့ ဝိညာဉ်က မသေသေးတာ ထင်ရှားတယ်။ ဘာကြောင့် သူက သင်္ချိုင်းဂူ ဆောက်လုပ်ခဲ့ ရတာလဲ။ မရေမတွက်နိုင်တဲ့ နှစ်ကာလတွေ ကြာပြီးနောက် ပြန်နိုးထလာဖို့လား။ ဆော်ရွန်နဲ့ တိုက်ပွဲအပြီးမှာ ဘုရင်မ မီဒူဆာရဲ့ ဝိညာဉ်က ဘယ်ရောက်သွားခဲ့တာလဲ။

ဒီနေရာက အရှေ့လောကနဲ့ ကီလိုမီတာ တစ်သောင်းကျော် ဝေးကွာလောက်တယ် မဟုတ်လား။ ဒီလောက် ဝေးကွာတဲ့ ခရီးအကွာအဝေးမှာ နဂါးနှစ်ကောင်က ဘယ်လိုလုပ် တိုက်ခိုက်ခဲ့ကြတာလဲ။ ပြီးတော့ ငါက ပင်လယ်ကြမ်းပြင်ကနေ ဘုရင်မ မီဒူဆာရဲ့ သင်္ချိုင်းဂူထဲကို ဘယ်လို ရောက်လာခဲ့တာလဲ။ ဟုတ်သားပဲ။ နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။’

ငရဲဝိညာဉ်ပုလဲထဲမှ မရေမတွက်နိုင်သော ဝိညာဉ်များနှင့် ထူးဆန်းသော စွမ်းအင်များသည် သူ့ဦးနှောက်ထဲသို့ ဝင်ရောက်လာခဲ့ပြီး သူ့ကို ချက်ချင်း သတိမေ့မြောသွားစေခဲ့သည်။

‘ဒါဆိုရင် ငါ့ဦးနှောက်ထဲမှာ ဘာပြောင်းလဲမှုတွေ ဖြစ်သွားခဲ့တာလဲ။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် ဝိညာဉ်ရဲ့ မှတ်ဉာဏ်တွေ ပွင့်လာခဲ့ပြီလား။’

ရှမ့်လန်သည် သူ့ဦးနှောက်ကို ချက်ချင်း ရှာဖွေစစ်ဆေးလိုက်သည်။ နောက်ဆုံးတွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ကို တွေ့လိုက်ရ၏။ ‘ဒါက သရဲလား။’

ရှမ့်လန်၏ ဦးနှောက်သည် ဟာ့ဒ်ဒစ် တစ်လုံးနှင့် တူသည်။ ကိုယ်ပိုင် အချက်အလက်များသည် နေရာလွတ် ၅ ရာခိုင်နှုန်းခန့်သာ ယူထားသော်လည်း နေရာလွတ် ၅၀ ရာခိုင်နှုန်းခန့် ယူထားသည့် ဖုံးကွယ်ထားသော နေရာတစ်ခု ရှိနေသည်။ သို့သော်ငြား သူသည် ထိုအရာကို လုံးဝ ဖော်ထုတ်၍ မရနိုင်ပေ။ ဤသည်မှာ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ် ဖြစ်သည်။

ယခုတွင်မူ သူ့ဦးနှောက်ထဲ၌ နောက်ထပ် ၂၅ ရာခိုင်နှုန်းခန့် နေရာယူထားသည့် ဖုံးကွယ်ထားသော အပိုင်းသစ တစ်ခု ထပ်ရောက်နေပြန်ပြီ ဖြစ်သည်။ ဆိုလိုသည်မှာ ရှမ့်လန်၏ ဦးနှောက် နေရာလွတ် ၈၀ ရာခိုင်နှုန်းခန့်သည် သိမ်းပိုက်ခံထားရခြင်း ဖြစ်၏။

‘ဒါက ငါ့ကို သေအောင် သတ်နေတာလား။ ဖုံးကွယ်ထားတဲ့ အပိုင်းက နှစ်ပိုင်းတောင်လား။ ဒါက ငါ့ကို ဘာပြောချင်နေတာလဲ။ ငါ့ကို ဘယ်လို တာဝန်မျိုး ထမ်းဆောင်စေချင်တာလဲ။’

သို့သော်ငြား ရှမ့်လန်သည် သူ၏မှတ်ဉာဏ်များကို ရှာဖွေကြည့်လိုက်ချိန်မှာတော့ သူ့ဦးနှောက်ထဲတွင် နောက်ထပ် အချက်အလက်သစ် တစ်ခု အမှန်တကယ် ပိုလာကြောင်း တွေ့ရှိလိုက်ရသည်။ ယခင်က မရှိခဲ့သော အချက်အလက်များ သည် လုံးဝ ပွင့်သွားခဲ့ပြီ ဖြစ်သည်။

‘ဒါပေမဲ့ ဒီအချက်အလက်တွေကို ငရဲသလင်းကျောက်က ယူဆောင်လာတာလား။ ဒါမှမဟုတ် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်က ယူဆောင်လာတာလား။’

ရှမ့်လန်သည် ဖတ်ရှုရန် ကြိုးစားလိုက်သည်။ နောက်ဆုံးတွင် ၎င်းသည် သူ လုံးဝ နားမလည်နိုင်သော အလွန် လျှို့ဝှက်နက်နဲသည့် ဘာသာစကားတစ်ခု ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအရာသည် ရှေးဟောင်း အကျဉ်းထောင်၏ တတိယမြောက်အခန်းရှိ ကျိန်စာသင့်ဘုရင်မကို ချုပ်နှောင်ရာ၌ အသုံးပြုထားသော စာလုံးများ နှင့် တူညီနေ၏။

သို့သော်ငြား ကွာခြားချက်မှာ ထိုနေရာတွင် စာလုံးရေ ဒါဇင်အနည်းငယ်သာ ရှိသော်လည်း ယခု အသစ် ပွင့်လာသော အချက်အလက်များမှာ စာလုံးရေ သောင်းနှင့်ချီ ရှိနေခြင်း ဖြစ်သည်။ ထို့အပြင် အမြဲတစေ ပြောင်းလဲနေသော နဂါးဉာဏ်အလင်းပွင့်မှု စာလုံးများနှင့် မတူဘဲ ဤစာလုံးရေ သောင်းနှင့်ချီသော စာလုံးများသည် ပုံသေ ဖြစ်နေကြသည်။

ရှမ့်လန်သည် ထိုအရာကို လေ့လာလိုက်ပြီး ချက်ချင်းပဲ စိတ်ဝင်စားသွားခဲ့သည်။ ဤသည်မှာ ရှေးဟောင်းနဂါးနှင့် ပတ်သက်၍ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် ချန်ထားရစ်ခဲ့သော အဓိက လျှို့ဝှက်ချက် ဖြစ်၏။ နဂါးဉာဏ်အလင်းပွင့်မှု၏ အခြေခံအဆင့်ကို ပြီးမြောက်ခဲ့သောကြောင့် ၊ စိတ်စွမ်းအား တိုးတက်လာသောကြောင့် ရှမ့်လန်သည် ယခင်က နားမလည်ခဲ့သော နဂါးအဆောင်လက်ဖွဲ့ အကြောင်းကို အနည်းငယ် နားလည်လာခဲ့ပြီ ဖြစ်၏။

သို့သော်ငြား အနည်းငယ်မျှသာ ဖြစ်သည်။ လုံးဝ နားလည်သဘောပေါက်ရန်မှာ အချိန်ကြာမြင့်စွာ ယူရပေလိမ့်မည်။ ထို့အပြင် သူသည် ထိုအရာကို နဂါးဉာဏ်အလင်းပွင့်မှုနှင့် တွဲဖက်၍ ဖတ်ရှုရမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်မှသာလျှင် လုံးဝ ရှင်းလင်းသွားမည်။

သို့သော်ငြား ရှမ့်လန်၌ အချိန်မရှိပေ။ သူသည် နဂါးကို ရှာဖွေရမည် ဖြစ်သည်။ ထိုအရာက အရေးအကြီးဆုံး ဖြစ်သည်။

ဤလောကတွင် အရာများစွာသည် ကြိုတင် ဖြစ်ပျက်ခဲ့သည်။ ရှမ့်လန်သည် ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီးများကြားရှိ ပိရမစ်ဆီသို့ သွားရောက်ကာ နဂါးဉာဏ်အလင်းပွင့်မှု၏ အခြေခံအဆင့်ကို ပြီးမြောက် အောင်မြင်ခဲ့သည်။ ထို့နောက် သူသည် အနောက်လောကသို့ သွားရောက်ကာ ကျန်းကလန်နဂါးကို ပြန်လည် ခေါ်ဆောင်လာခဲ့ပြီး တော်ဝင်ရန်အင်ပါယာကို တံခါးပိတ်ကျင့်ကြံခြင်းမှ စောစီးစွာ ထွက်လာစေရန် ဖိအားပေး ခဲ့သည်။ ဤအရာအားလုံးသည် နဂါးနှစ်ကောင်ကို အချိန်မတိုင်မီ အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲစေခဲ့ခြင်းပင်။

နောက်ဆုံးတွင် ကျန်းကလန် နဂါးသည် ရှုံးနိမ့်သွားခဲ့ပြီး ၎င်း၏ ကံကြမ္မာမှာ မရေမရာ ဖြစ်ခဲ့ရသည်။ ဤသည်မှာ သတင်းဆိုးလား။ သတင်းဆိုး ဖြစ်နေသည်လား။ မဟုတ်ပေ။ လုံးဝ မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် ထိုအရာသည် ကြိုတင် သတ်မှတ်ထားသော ရလဒ်ကို ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။

ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီးများကြားရှိ ပိရမစ်မှ ဆရာသခင်က ကြိုတင် သတ်မှတ်ထားသော လမ်းကြောင်း သည် ပျက်ပြားသွားပြီ ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ ထို့ကြောင့် အရာများစွာသည် မသိနိုင်သော အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ဤသည်မှာ တစ်ခုတည်းသော မျှော်လင့်ချက် လမ်းကြောင်း ဖြစ်ကောင်း ဖြစ်နိုင်၏။

အရာအားလုံးသည် တသတ်မှတ်တည်းမဟုတ်တော့ပေ။ ကြိုတင်တွက်ချက်ထားတိုင်း ဖြစ်လာမည်ဟု တထစ်ချ သတ်မှတ်မရတော့ပေ။

...........

ရှမ့်လန်သည် ဆက်လက် ရှာဖွေနေခဲ့၏။ ၁၅ မိနစ်ခန့် အကြာတွင် သူသည် နဂါးကို တွေ့ရှိသွားခဲ့သည်။ ၎င်းသည် ရေကန်တစ်ခု အတွင်း၌ ရှိနေခြင်း ဖြစ်သည်။ နဂါးသည် အရွယ်အစား ကျုံ့သွားခဲ့ပြီး မီတာ ရာဂဏန်း အနည်းငယ်သာ ရှည်လျားတော့သည်။

သူ့တွင် အရွယ်အစား ပြောင်းလဲနိုင်စွမ်း မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုပညာရပ်ကို မတတ်မြောက်သေးသောကြောင့် ဖြစ်သည်။ ထို့အပြင် သူ၏ အရွယ်အစားကို လွတ်လပ်စွာ ပြောင်းလဲနိုင်ရန် အတွက် ရှမ့်လန်၏ နဂါးဉာဏ်အလင်းပွင့်မှု အကူအညီ လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။

စွမ်းအင် အများအပြား ဆုံးရှုံးသွားသောကြောင့် သူ၏အရွယ်အစားသည် ကျုံ့သွားခြင်း ဖြစ်သည်။ ရေကန်ထဲတွင် နေမင်းကဲ့သို့ တောက်ပနေသော အရည်များဖြင့် ပြည့်နှက်နေ၏။ ထိုအရာတို့သည် နဂါးသွေးများ ဖြစ်ကြသည်။ အလွန်များပြားသည့် ပမာဏ ရှိသော နဂါးသွေးများ ဖြစ်ပေသည်။

ထိုအထဲတွင် တော်ဝင်ချန်နဂါး၏ သွေးများသာမက တော်ဝင်ရန်နဂါး၏ သွေးများလည်း ပါဝင်နေသည်။ ထူးဆန်းပေသည်။ နဂါးနှစ်ကောင်သည် ရူးသွပ်စွာ တိုက်ခိုက်ခဲ့ကြပြီး သွေးများစွာ ထွက်ခဲ့ကြသည်။ သွေးများသည် အဆုံးအစမဲ့သော သမုဒ္ဒရာအတွင်း၌ ပျံ့လွင့်သွားပြီး ရှာဖွေ၍ မရနိုင် ဖြစ်သင့်သည်။ အဘယ်ကြောင့် ဤနေရာမှာ လာပြီး စုဝေးနေကြသနည်း။ ထို့အပြင် တစ်စက်မှ လျော့နည်းလွင့်ပါးသွားပုံ မရပေ။

All Chapters