အခန်း (၇၈၉-၇၉၀)
Vol. 79 Ch. 789-790
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၈၉ + ၇၉၀
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
အပြာရောင်အလင်းတန်းလေးတစ်ခု လက်ခနဲ လင်းလက်သွား၏။
မည်သည့် နောက်ကန်အားမျှ မရှိဘဲ သေနတ်ပြောင်းဝမှ ကျည်ဆန်များသည် လျှပ်စီးတန်းအလား ထွက်ပေါ်လာပြီး ပြောင်းဝမှ ထွက်ခွာသွားသော အမြန်နှုန်းမှာ တစ်ခဏချင်းတွင်ပင် အသံထက် သုံးဆကျော် ပိုမို မြန်ဆန်နေလျက်ရှိသည်။
“ဝုန်းးး”
နှစ်စက္ကန့်မျှသာ ကြာလိုက်သည်။ ကျည်ဆန်သည် နှစ်ကီလိုမီတာအကွာရှိ ပစ်မှတ်ကို ထိမှန်သွားပြီး ကျောက်တုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေလေသည်။
ထို့နောက် တုပိုင်သည် အချိန်အတော်ကြာ တုန်လှုပ်အံ့သြသွားပြီး ဆွံ့အလျက်သား ဖြစ်သွားရလေ၏။
ဤစွမ်းအင်ယဉ်ကျေးမှုနှင့် စွမ်းအင်လက်နက်များ၏ မထင်မှတ်ထားသော အရှိန်အဟုန်ဖြင့် ကျော်တက်လာမှုသည်လည်း ကြောက်မက်ဖွယ်ကောင်းလှသည်။
အနည်းဆုံးအားဖြင့် သေနတ်များနှင့် အမြောက်များ၏ အဆင့်၌ သူတို့သည် ခေတ်သစ်ကမ္ဘာရှိ သေနတ်များနှင့် အမြောက်များ၏ အမြင့်ဆုံးအဆင့်ကို ရုတ်တရက် အချိန်တိုအတွင်း ကျော်လွန်သွားပြီ ဖြစ်လေသည်။
တုပိုင်၏ လက်ထဲရှိ ကျောက်သလင်း မှော်သေနတ်၏ စွမ်းအားသည် ကမ္ဘာမြေပေါ်ရှိ စနိုက်ပါသေနတ်များကိုပင် ကျော်လွန်သွားပြီ ဖြစ်သည်။
တုပိုင်၏ စစ်တပ်သည်သာ ကျောက်သလင်း မှော်သေနတ်များကို အမြောက်အမြား တပ်ဆင်နိုင်ခဲ့မည်ဆိုပါက ကုန်းတွင်းစစ်ပွဲများတွင် ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။
တုပိုင် မေး၏။ “ဒါကို အမြောက်အမြား ထုတ်လုပ်နိုင်မလား”
စစ်ခုန်းယဲ့ ခေါင်းခါလိုက်ပြီး ပြောသည်။ “မရပါဘူး သခင်”
တုပိုင် မေးလိုက်၏။ “မှော်ကျောက်သလင်းတွေ မလုံလောက်လို့လား”
စစ်ခုန်းယဲ့ ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေ၏။ “ကျွန်တော်တို့က မှော်ကျောက်သလင်းကို အပါးလွှာဆုံးဖြစ်အောင် အစွမ်းကုန် လုပ်ဆောင်ထားပြီးပါပြီ။ အဲဒါတွေကို အလင်းတန်း သံဓား တစ်သောင်းနဲ့ ကျောက်သလင်း မှော်အမြောက် ရာပေါင်းများစွာမှာ အသုံးပြုထားပါတယ်။ ကျန်နေသေးတဲ့ ဝိညာဉ်မိစ္ဆာ သွေးကျောက်သလင်းတွေနဲ့ဆိုရင် အများဆုံး ကျောက်သလင်း မှော်သေနတ် ရာဂဏန်းလောက်ပဲ ထပ်ထုတ်လို့ ရပါတော့မယ်”
ဝိညာဉ်မိစ္ဆာ သွေးကျောက်သလင်းသည် ရှားပါး၏။ တုပိုင် နောက်တစ်ခု ထပ်မံ ရှာဖွေတွေ့ရှိရန်မှာလည်း လုံးဝနီးပါး မဖြစ်နိုင်ချေ။
တုပိုင် လက်ယမ်းပြလိုက်ရာ စစ်ခုန်းယဲ့လည်း ထွက်ခွာသွား၏။
**--**--**--**--**--**--**--**
နောက်ပြန်ရေတွက်ခြင်း ရက်ပေါင်း တစ်ရာ့သုံးဆယ့်လေး ရက်။ နောက်ဆုံးတာဝန် မတိုင်မီ ရက်ပေါင်း တစ်ရာ့သုံးဆယ့်လေး ရက်။
ထို့ကြောင့် တုပိုင်၌ သခင်လေး ဖန်းချန် ၊ အရှေ့ဘက် ပြည်ထောင်စုနှင့် ပေမင်ဓားဂိုဏ်းတို့ကို ဖျက်ဆီးပစ်ရန် ကျန်ရှိနေသော အချိန်မှာ ရက်ပေါင်း တစ်ရာသာ ရှိတော့သည်။
ပင်လယ်ကို ဖြတ်ကျော်ပြီး စစ်ချီရန်အတွက် စစ်သင်္ဘော တစ်စင်းတည်းနှင့် သခင်လေး ဖန်းချန်၏ ပြိုင်ဘက်ကင်း မဟာရေတပ်ကြီးကို ဖျက်ဆီးပစ်နိုင်မည်လော။
တုပိုင်၌ သွေးမိစ္ဆာစစ်သည် ငါးထောင်နှင့် စစ်သည်အင်အား နှစ်သိန်းသာ ရှိသော်လည်း သူသည် အရှေ့ဘက် ပြည်ထောင်စု၏ တပ်သား တစ်သန်းကျော်နှင့် ခွန်လွန်ကျွန်စစ်သည် နှစ်သိန်းတို့ကို ဖျက်ဆီးပစ်ချင်နေ၏။
ထို့အပြင် ပေမင်ဓားဂိုဏ်း၌ မဟာဆရာသခင် ရာပေါင်းများစွာ ရှိနေသေးသည်။
လက်ရှိ တာဝန်သည် ငရဲအဆင့်ပင် ဖြစ်၏။ အောင်မြင်ရန်မှာ လမ်းစမရှိချေ။
နီရှန်၏ သမီးဖြစ်သူ တုရှောင်က သူမ၏ ဖခင်ကို မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်ကာ သူမ၏ ပါးစပ်သေးသေးလေးဖြင့် အဓိပ္ပါယ်မရှိသော အသံလေးများကို ပြုလုပ်နေ၏။ “အွန်း...”
သူမ၏ ခန္ဓာကိုယ်လေးမှာ မွှေးပျံ့သော နို့နံ့လေးများဖြင့် ပြည့်နှက်နေလေသည်။ ကလေးမလေးမှာ အခြားကလေးများထက် များစွာ ပို၍ ကြီးထွားနှုန်း မြန်ဆန်ပြီး တစ်လပင် မပြည့်သေးမီတွင်ပင် အသက် ခြောက်လအရွယ်ခန့် ရှိနေသည်။
ထို့အပြင် မှောက်နိုင်ရုံသာမက တွားသွားရန်နှင့် ရယ်မောရန်ပါ သင်ယူနေပြီ ဖြစ်၏။ တုပိုင် မျက်လုံးပြူးကာ ကလေးငယ်လေးကို စိုက်ကြည့်နေမိသည်။
ကလေးငယ်သည်လည်း မျက်လုံးပြူးကာ တုပိုင်ကို အပြန်အလှန် စိုက်ကြည့်နေလိုက်၏။
တုပိုင် သူမ၏ နူးညံ့သော နှာခေါင်းထိပ်လေးနှင့် နူးညံ့လှသော နှုတ်ခမ်းလေးများကို ညင်သာစွာ နမ်းရှိုက်လိုက်မိသည်။
ကလေးငယ်သည် ကြည်လင်သော ရယ်သံလေးကို ထုတ်လွှတ်လိုက်ရာ လူတို့၏ စိတ်နှလုံးကိုပင် သန့်စင်သွားစေမည့်အလား ဖြစ်နေ၏။ “ခစ်ခစ်ခစ်...”
သွားမရှိသော ပါးစပ်သေးသေးလေးသည်လည်း အလွန် ချစ်စရာကောင်းလှ၏။
တုပိုင် ခေါ်လိုက်သည်။ “ရှောင်ရှောင်...”
ကလေးမက အသံပြု၏။ “ဝါး...”
တုပိုင် ပြုံးပြီး ထပ်ခေါ်လိုက်သည်။ “ကလေးလေး...”
ကလေးငယ်မက အသံပြုပြန်၏။ “အွန်း...”
နီရှန် သားအဖနှစ်ယောက်ကို ကြည့်ကာ ပျော်ရွှင်နေမိသည်။
တုပိုင် သူ၏ အမျိုးသမီးများကို အလွန်အမင်း အရိပ်တကြည့်ကြည့် မလုပ်တတ်သကဲ့သို့ အချိန်ကြာမြင့်စွာလည်း အတူမနေတတ်ပေ။ သို့သော် ဤသမီးလေးကိုမူ သူသည် တကယ်ပင် အလွန်အမင်း ချစ်ခင်မြတ်နိုးလှသည်။
နေ့တိုင်း အချိန်ရတိုင်း သူမကို ရင်ခွင်ထဲ ပွေ့ချီကာ ကလေးကလား ကစားနည်းလေးများ ကစားရင်း ပျော်ရွှင်နေတတ်၏။ သို့်သော် ကစားချိန် နာရီဝက်ခန့်သာ ကြာမြင့်တတ်၏။
ထို့ပြင် ကလေးမလေးသည်လည်း အချိန်တိုအတွင်းတွင်ပင် ဖခင်ဖြစ်သူကို သူမ၏ အရင်းနှီးဆုံးလူအဖြစ် သတ်မှတ်ထားပြီး တုပိုင်ရှိပါက နီရှန်အား အဖတ်မလုပ်ချေ။ သူမသည် နို့စို့ချိန်မှလွဲ၍ ကျန်အချိန်များတွင် ဖခင်ဖြစ်သူကို မိခင်ထက် ပို၍ ချစ်ခင်၏။
အိပ်မက်စနစ် ပြော၏။ “စနစ်ရှင်... နောက်ပြန်ရေတွက်ခြင်းက ရက်ပေါင်း တစ်ရာ့သုံးဆယ့်သုံး ရက်ကို ရောက်သွားပါပြီ။ သခင်လေး ဖန်းချန် ၊ အရှေ့ဘက် ပြည်ထောင်စုကို ဖယ်ရှားဖို့နဲ့ ပေမင်ဓားဂိုဏ်းကို အနိုင်ယူဖျက်ဆီးပစ်ဖို့ဆိုရင် အချိန်က ရက်ပေါင်း ကိုးဆယ့်ကိုးရက်လောက်ပဲ ကျန်ပါတော့တယ်”
တုပိုင် ပြောလိုက်သည်။ “ငါ နားလည်ပါတယ်”
အိပ်မက်စနစ် ပြော၏။ “ဒါက တစ်ခုတည်းသော နည်းလမ်းပဲ၊ စနစ်ရှင် ဆုံးဖြတ်ပြီးပြီလား”
တုပိုင် ပြောလိုက်သည်။ “ငါ နားလည်တယ်၊ ငါ့မှာ တခြား ရွေးချယ်စရာရော ရှိသေးလို့လား။ ဖန်းချန်နဲ့ ပေမင်ဓားဂိုဏ်းကို ဖျက်ဆီးပစ်ဖို့ ငါ့မှာ ကိုးဆယ့်ကိုးရက်ပဲ အချိန်ရှိတော့တာ။ ငါ့မှာ အခြားလည်း ရွေးချယ်ခွင့် မရှိဘူးမလား”
အိပ်မက်စနစ် ပြန်ဖြေသည်။ “မရှိပါဘူး”
တုပိုင် သက်ပြင်းချလိုက်မိ၏။ ထို့နောက် သူ ကလေးမလေးကို နီရှန် နတ်မိမယ်ထံ ထည့်ပေးလိုက်သည်။
နီရှန် နတ်မိမယ်သည် ကလေးမလေး၏ လက်လေးကို ဝှေ့ယမ်းပေးလိုက်ရင်း ပြောလိုက်၏။ “ဖေဖေ့ကို တာ့တာပြလိုက်ဦး”
ကလေးမလေးက တုပိုင်ကို မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်ကာ ချစ်စဖွယ် အသံပြု၏။ “ဝါး...”
တုပိုင်သည်လည်း ပြုံးလျက် အိမ်မှ ထွက်ခွာလာပြီး မြစ်ကမ်းဘေးသို့ လျှောက်သွားလိုက်သည်။
အိပ်မက်စနစ်က ပြောသည်။ “စနစ်ရှင် အဆင်သင့်ဖြစ်ပြီလား”
တုပိုင် ငြီးတွားလိုက်၏။ “သောက်ကျိုးနည်း ၊ အဆင်သင့်ဖြစ်တာကို စောင့်ရမယ်ဆိုရင် နောက်နှစ်တစ်ရာလည်း အဆင်သင့်မဖြစ်သေးဘူး”
ထို့နောက် မြစ်ကမ်းစပ်တွင် သူ ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ပေမင်ဓားဂိုဏ်းသခင် နင်တောက်ရွှမ်ပင် ဖြစ်၏။
တုပိုင် ပြောလိုက်သည်။ “ငါ့အိမ်ထဲမှာ လာမလုပ်တဲ့အတွက် ကျေးဇူးပဲ”
နင်တောက်ရွှမ် ပြော၏။ “ဘာပဲဖြစ်ဖြစ် ကလေးတွေ ရှိနေတယ်လေ”
တုပိုင် မေးလိုက်သည်။ “မီးနတ်ဘုရားဂိုဏ်းနဲ့ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းရဲ့ ထိပ်တန်း သိုင်းပညာရှင် မဟာမိတ်တပ်ဖွဲ့ တစ်ခုလုံး ပျက်စီးသွားပြီလား”
နင်တောက်ရွှမ် ပြန်ဖြေ၏။ “ဟုတ်တယ်”
တုပိုင် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်။
နင်တောက်ရွှမ် ပြောလိုက်၏။ “ငါ ဖန်းချန်ကို ရွေးချယ်လိုက်တဲ့အတွက် မင်းကို တောင်းပန်ပါတယ်”
တုပိုင် မေးလိုက်သည်။ “မင်းရဲ့ ဇနီး ပိုင်ဟွာနတ်မိမယ်ရော ဘယ်လိုနေလဲ”
နင်တောက်ရွှမ် ပြော၏။ “ကံကောင်းထောက်မစွာနဲ့ပဲ ဒီရက်ပိုင်းအတွင်း ကလေးမွေးတော့မှာမို့လို့ ငါ အမီသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ မင်းကို သတ်ပြီးတာနဲ့ ငါ ချက်ချင်း ပြန်ပြေးမှာပါ”
တုပိုင် အသံပြုလိုက်သည်။ “အိုး”
နင်တောက်ရွှမ် ထက်မြက်သော ဓားတစ်လက်ကို တုပိုင်၏ လည်ပင်းပေါ် တင်လိုက်ပြီး ထပ်ပြောလိုက်၏။ “ငါ ဖန်းချန်ကို ရွေးချယ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်”
ထို့နောက် တုပိုင်၏ လည်ပင်းအား ခုတ်ပိုင်းလိုက်တော့၏။
**--**--**--**--**--**--**--**
လွန်ခဲ့သော နာရီဝက်ကျော်ခန့်၌ တုပိုင် ကလေးငယ်လေး တုရှောင်ကို ပွေ့ချီကာ ရင်းနှီးစွာ ကစားနေရင်း သူ၏ စိတ်ထဲတွင် အိပ်မက်စနစ်နှင့် ဆက်သွယ်နေခဲ့၏။
တုပိုင် မေးလိုက်သည်။ “စနစ်... ယခင်စနစ်ရှင်က မီးနတ်ဘုရားဂိုဏ်းရဲ့ ဒုတိယဂိုဏ်းသခင် ဖြစ်ခဲ့မလား”
အိပ်မက်စနစ် ဖြေ၏။ “ဟုတ်တယ်”
တုပိုင် ထပ်မေး၏။ “သူက မီးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းသခင်ချုပ် ၊ တစ်နည်းအားဖြင့် တစ်ကမ္ဘာလုံးက မီးနတ်ဘုရားဂိုဏ်းဝင်တွေရဲ့ အမြင့်ဆုံး ပုပ်ရဟန်းမင်းကြီး နီးပါးတောင် ဖြစ်လာခဲ့တာလား”
အိပ်မက်စနစ် ပြောသည်။ “မှန်ပါတယ်”
တုပိုင် မေးလိုက်သည်။ “ဒါဆို ဘာလို့ သူ မအောင်မြင်ခဲ့တာလဲ။ အဲဒီအစား နှစ်အတော်ကြာ ထောင်ချခံရပြီး နောက်ဆုံးတော့ တာ့နင်အင်ပါယာကိုတောင် နယ်နှင်ဒဏ် ပေးခံခဲ့ရတယ်လေ”
အိပ်မက်စနစ် ကရှင်းပြလိုက်၏။ “ဘာဖြစ်လို့လဲဆိုတော့ သူက မီးနတ်ဘုရားဂိုဏ်းသခင်ချုပ်ရဲ့ စမ်းသပ်မှုကို မအောင်မြင်ခဲ့လို့ပါ”
တုပိုင် မေးလိုက်၏။ “ဘာစမ်းသပ်မှုလဲ”
အိပ်မက်စနစ် ပြောသည်။ “အရမ်း ကြောက်မက်ဖွယ်ကောင်းပြီး အရာအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ ၊ ယုံကြည်နိုင်စရာမရှိအောင် တုန်လှုပ်ဖွယ်ကောင်းတဲ့ စမ်းသပ်မှုပါ”
တုပိုင် ပြောလိုက်၏။ “အခု မင်းငါ့ကို ပြောလို့ မရသေးဘူးမလား”
အိပ်မက်စနစ် ပြောသည်။ “မှန်ပါတယ်”
တုပိုင် ထပ်မေးလိုက်၏။ “မီးနတ်ဘုရားဂိုဏ်းရဲ့ ပုပ်ရဟန်းမင်းကြီးက အသက် ငါးရာ တောင် ရှိနေပြီလို့ ငါ ကြားထားတယ်”
အိပ်မက်စနစ် ဖြေလိုက်သည်။ “အသက် လေးရာ့ကိုးဆယ့်သုံးနှစ်ပါ”
တုပိုင်မှာ အံ့အားသင့်သွားရသည်။
ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရှိ လူများ အခြားကမ္ဘာမှ စွမ်းအင်များ ဝင်ရောက်လာမှုကြောင့် အသက် တစ်ရာ့ငါးဆယ်အထိ နေထိုင်နိုင်ကြ၏။
သို့သော် မီးနတ်ဘုရားဂိုဏ်း၏ ပုပ်ရဟန်းမင်းကြီးမှာမူ အသက် လေးရာ့ကိုးဆယ့်သုံးနှစ်အထိ တကယ်ပင် အသက်ရှင်နေထိုင်ခဲ့သည်လော။
တုပိုင် အတော်အံ့ဩသင့်သွားရသည်။ “တုန်လှုပ်စရာပဲ ၊ တကယ်ကို ယုံကြည်နိုင်စရာ မရှိဘူး”
အိပ်မက်စနစ်ကလည်း ထောက်ခံ၏။ “မှန်ပါတယ်”
တုပိုင် မေးလိုက်သည်။ “သူက လူရော ဟုတ်ရဲ့လား”
အိပ်မက်စနစ် ပြော၏။ “လူသားဆိုတာတော့ ကျွန်တော်တို့ ကျိန်းသေပါတယ်”
တုပိုင် မေးလိုက်သည်။ “ဒါပေမဲ့ လူသားတွေက အဲဒီလောက် အသက်ရှည်ရှည် နေနိုင်လို့လား”
အိပ်မက်စနစ် ဖြေ၏။ “မဖြစ်နိုင်ပါဘူး။ အသက် တစ်ရာ့ငါးဆယ် ၊ တစ်ရာ့ခြောက်ဆယ်ဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်ပါပဲ။ ရောဂါဘယ မရှိဘူးဆိုရင်တောင်မှ အသက် တစ်ရာ့ငါးဆယ် ၊ တစ်ရာ့ခြောက်ဆယ် ရောက်လာရင် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေက အလုပ်မလုပ်နိုင်တော့ဘဲ ဆဲလ်တွေ ယိုယွင်းပျက်စီးလာပြီး သေချာပေါက် သေဆုံးကြရမှာပါ”
တုပိုင် ပြောလိုက်သည်။ “ဒါပေမဲ့... ဒါပေမဲ့ မီးနတ်ဘုရားဂိုဏ်းရဲ့ ပုပ်ရဟန်းမင်းကြီးကတော့ အသက် လေးရာ့ကိုးဆယ့်သုံး နှစ်တောင် နေခဲ့တာလေ”
အိပ်မက်စနစ် ပြော၏။ “မှန်ပါတယ်။ ပေမင်ဓားဂိုဏ်းပေါ်က ကမ္ဘာစစ်ကြီး ပြီးဆုံးသွားလောက်ပြီ”
တုပိုင် ပြောလိုက်သည်။ “ဟုတ်တယ်”
အိပ်မက်စနစ် ပြော၏။ “ရလဒ်က ဘယ်လိုဖြစ်မယ်လို့ စနစ်ရှင် ထင်ပါသလဲ”
တုပိုင် ပြောလိုက်သည်။ “မီးနတ်ဘုရားဂိုဏ်းနဲ့ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းတို့ အကုန် ရှင်းလင်းခံရလိမ့်မယ်။ ပေမင်ဓားဂိုဏ်းက လောကမှာ တစ်ခုတည်းသော အမြင့်ဆုံး သိုင်းဂိုဏ်းကြီး ဖြစ်လာပြီး အရှေ့ဘက် ပြည်ထောင်စုကလည်း ကမ္ဘာကြီးရဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ်”
အိပ်မက်စနစ် ပြော၏။ “ဘာလို့ လီဝမ်ဝမ်ကို မတားခဲ့တာလဲ”
တုပိုင် ပြောလိုက်သည်။ “ငါ သူ့ကို တားလို့ မရဘူး။ ပြီးတော့ မင်းကလည်း ငါ့ကို သူ့ကို တားခွင့်မပေးဘူးလေ။ မင်းပဲ ဒါက တစ်ခုတည်းသော လမ်းလို့ ပြောခဲ့တာပဲ”
အိပ်မက်စနစ် ပြော၏။ “မှန်ပါတယ်။ ဒါက တစ်ခုတည်းသော လမ်းပါပဲ။ နောက်ထပ် စနစ်ရှင် လျှောက်ရမယ့် လမ်းကလည်း တစ်ခုတည်းသော လမ်းပါပဲ။ စနစ်ရှင် လျှောက်လှမ်းဖူးသမျှထဲမှာ အရူးသွပ်ဆုံး လမ်းပေါ့”
တုပိုင် မည်သည့်စကားမျှ မဆိုချေ။
အိပ်မက်စနစ် ပြော၏။ “ပေမင်ဓားဂိုဏ်းပေါ်က ကမ္ဘာစစ်ကြီး ပြီးဆုံးသွားတာနဲ့ နင်တောက်ရွှမ်က စနစ်ရှင်ကို လာသတ်ပါလိမ့်မယ်”
တုပိုင် ပြောလိုက်သည်။ “ငါ သိတယ်။ သူတို့က အရင်က ပြဇာတ်ကြီး တစ်ပုဒ်ကို ကပြခဲ့ကြတာ။ သခင်လေး ဖန်းချန်က ကြယ်ငါးပွင့် စွမ်းအင်အစီအရင်ကို ပြင်နိုင်တယ်ဆိုတာ သိသာနေပေမယ့် သူတို့က စွမ်းအင်အစီအရင်ကြီး ပျက်စီးသွားပြီး ပြင်လို့မရတော့ဘူးလို့ တမင်တကာ ဟန်ဆောင်နေတာ”
“ပြီးတော့ ငါ့ရဲ့ အရူးအမူး ရိုက်နှက်တာကို ခံရသလို ဟန်ဆောင်ခဲ့ကြသေးတယ်။ အဲဒီအချိန်က ငါ့ကို သတ်ဖို့ မဝံ့မရဲ ဖြစ်နေခဲ့ကြပေမယ့် သူတို့က အမြဲတမ်း ရန်သူကို ထောင်ချောက်ထဲ သွေးဆောင်ခေါ်ယူပြီး ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းနဲ့ မီးနတ်ဘုရားဂိုဏ်းရဲ့ မဟာဆရာသခင်တွေကို အခွင့်ကောင်းယူ ဖျက်ဆီးပစ်ဖို့ ၊ ပြီးတော့ လောကကြီးကို စိုးမိုးဖို့ ကြံရွယ်နေခဲ့ကြတာ။ အဆိပ်ပြင်းတဲ့ အကြံအစည် ၊ ရွံရှာဖို့ကောင်းတဲ့ အကြံအစည်ပဲ”
အိပ်မက်စနစ် ပြော၏။ “ဒီတစ်ကြိမ် နင်တောက်ရွှမ်က စနစ်ရှင်ကို လာသတ်တဲ့အခါ လောကကြီးမှာ ဘယ်သူကမှ သူ့ကို တားဆီးနိုင်မှာ မဟုတ်သလို ဘယ်သူကမှလည်း စနစ်ရှင်ကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး”
တုပိုင် မေးလိုက်သည်။ “သူက ဒီလောကရဲ့ အစစ်အမှန် နံပါတ်တစ် ကျွမ်းကျင်ပညာရှင်လား”
အိပ်မက်စနစ် ပြော၏။ “မှန်ပါတယ်”
တုပိုင် ထပ်မေးလိုက်သည်။ “လီရူဟိုင်နဲ့ ယှဉ်ရင် နင်တောက်ရွှမ်ရဲ့ သိုင်းပညာက ဘယ်လိုနေလဲ”
အိပ်မက်စနစ် ပြော၏။ “နင်တောက်ရွှမ်ရဲ့ သိုင်းပညာစွမ်းရည်က လီရူဟိုင်ထက် အဆပေါင်းများစွာ သာလွန်ပါတယ်။ သူသာ စနစ်ရှင်ကို လာသတ်မယ်ဆိုရင် လီတောက်ယွဲ့ ၊ နီရှန် ၊ ကျီချင်းကျူ နဲ့ နင်ဇောင်ဝူ တို့ လေးယောက်ပေါင်းရင်တောင် သူ့ရဲ့ လက်တစ်ဖက်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး”
တုပိုင် ရေရွတ်လိုက်သည်။ “အင်း...၊ သေမျိုးကြားက နတ်ဘုရားပဲ”
အိပ်မက်စနစ် ပြော၏။ “တကယ်လို့ သူ့ဆီမှာ ပေမင်မဟာအတတ် မရှိတော့ဘူးဆိုရင်တောင်မှ နင်တောက်ရွှမ်ရဲ့ သိုင်းပညာက ယခင်မျိုးဆက် ပေမင်ဂိုဏ်းသခင်တွေထက် ပိုပြီး မြင့်မားနေဆဲပါပဲ”
တုပိုင် အံဩသွား၏။ “မဖြစ်နိုင်တာ”
အိပ်မက်စနစ်က ရှင်းပြ၏။ “စနစ်ရှင်... ကမ္ဘာကြီးက ပြောင်းလဲသွားပြီ၊ ခေတ်စနစ်ကြီးကလည်း ပြောင်းလဲသွားပြီ။ နင်တောက်ရွှမ်ရဲ့ သိုင်းပညာက ကျင့်ကြံခြင်းအပေါ်မှာ မူမတည်တော့ဘူး၊ ပေမင်မဟာအတတ်အပေါ်မှာတောင် မူမတည်တော့ဘဲ တိုက်ရိုက် စုပ်ယူပစ်လိုက်တာ”
“လီရူဟိုင်က အရင်စနစ်ရှင်ရဲ့ ဒန်တျန်ကို တိုက်ရိုက် မြိုချပစ်လိုက်သလိုမျိုးပေါ့။ အဲဒါက အတွင်းအား ရွှမ်းချီစွမ်းအင်တွေကို စုပ်ယူပြီး ပြီးပြည့်စုံတဲ့ စွမ်းအင်ပေးပို့မှု စနစ်တစ်ခု။ ဒါကြောင့် နင်တောက်ရွှမ်က လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ပြိုင်ဘက်ကင်းနေခဲ့တာပါ။ ပြီးတော့ ဒန်တျန်က ရွှမ်းချီစွမ်းအင်တွေကို တိုက်ရိုက် မြိုချနိုင်ဖို့အတွက် ဒီဆက်သွယ်ရေး စွမ်းအင်ပေးပို့မှု စနစ်ကို ဘယ်သူက ထောက်ပံ့ပေးထားတာလို့ ထင်လဲ”
တုပိုင် ပြောလိုက်သည်။ “သခင်လေး ဖန်းချန်ပဲ”
အိပ်မက်စနစ် ပြော၏။ “မှန်ပါတယ် ၊ သူပါပဲ”
တုပိုင် ပြောလိုက်သည်။ “ဒီလူက ဘယ်သူလဲ။ ဘာဖြစ်လို့ သူက ငရဲမီးတောက်ကိုတောင် ဝါးမျိုနိုင်ရတာလဲ ၊ ဘာဖြစ်လို့ သူ့ဆီမှာ ဒီစွမ်းအင်ပေးပို့မှု စနစ် ရှိနေရတာလဲ။ ပြီးတော့ အဲဒီထက်မကဘူးလေ၊ သူက တိမ်တိုက်တွေထဲ ပုန်းကွယ်နေတဲ့ နဂါးတစ်ကောင်လိုပဲ ၊ အပြင်ကို ထုတ်ပြထားတာက အကြေးခွံနဲ့ လက်သည်းတချို့လောက်ပဲ ရှိတယ်”
အိပ်မက်စနစ် ပြော၏။ “တာဝန်ရဲ့ အခြားတစ်ဖက်က ခေါင်းဆောင်ဟာ စနစ်ရှင်ရဲ့ ဆန့်ကျင်ဘက် အုပ်စုပါပဲ။ ကျွန်တော်တို့ရဲ့ အကြံအစည်သာ ချောချောမွေ့မွေ့ ဖြစ်သွားမယ်ဆိုရင် စနစ်ရှင် မကြာခင်မှာ သေချာတဲ့အဖြေတစ်ခုကို ရလာပါလိမ့်မယ်။ သခင်လေး ဖန်းချန်ဆိုတာ ဘယ်သူလဲဆိုတာကို ကမ္ဘာ့အမြင့်ဆုံး အရှင်သခင်တစ်ပါးရဲ့ နှုတ်ကနေတဆင့် သိရပါလိမ့်မယ်”
တုပိုင် ပြောလိုက်သည်။ “နင်တောက်ရွှမ် လာသင့်နေပြီ”
အိပ်မက်စနစ် ပြော၏။ “သူက လောကရဲ့ နံပါတ်တစ် ကျွမ်းကျင်ပညာရှင်ပါ။ သူ စနစ်ရှင်ကို သတ်မှာကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အကြံအစည်ကို စတင်ရပါတော့မယ်၊ ကျွန်တော်တို့ရဲ့ အရူးသွပ်ဆုံး အကြံအစည်ကိုပေါ့”
“ရွေးချယ်စရာ မရှိပါဘူး။ နောက်ပြန်ရေတွက်ခြင်း... ရက်ပေါင်း တစ်ရာ့သုံးဆယ့်သုံး ရက်”
**--**--**--**--**--**--**--**
နင်တောက်ရွှမ် တုပိုင်၏ ခေါင်းကို ဖြတ်တော့မည် ဖြစ်၏။
တုပိုင် ပြောလိုက်သည်။ “နေပါဦး၊ ဂိုဏ်းသခင်နင်... ပေမင်ဓားဂိုဏ်းရဲ့ ကြယ်ငါးပွင့် စွမ်းအင်အစီအရင် ပျက်စီးသွားတဲ့ကိစ္စကို ငါ ဖွင့်မပြောခဲ့ပါဘူး”
နင်တောက်ရွှမ် မိန်းမောသွားဟန်ဖြင့် ပြော၏။ “ငါ သိတယ်။ ငါတို့က အဲဒါကို အလွန် လျှို့ဝှက်တဲ့ နည်းလမ်းနဲ့ သတင်းဖြန့်ခဲ့တာလေ”
တုပိုင် ပြောလိုက်သည်။ “သရုပ်ဆောင် အရမ်းကောင်းတဲ့ လူတွေကို ငါ မြင်ဖူးပါတယ်။ ဥပမာ ဧကရာဇ်ယုံချန် ၊ ဧကရာဇ်ယုံတယ် တို့လိုပေါ့။ ဒါပေမဲ့ မင်းနဲ့ ယှဉ်လိုက်ရင် သူတို့က ဘာမှမဟုတ်တော့ဘူး။”
“မင်းနဲ့ သခင်လေး ဖန်းချန်က ကြယ်ငါးပွင့် စွမ်းအင်အစီအရင်ကို ပြင်နိုင်တယ်ဆိုတာ သိသာနေပေမယ့် မျှော်လင့်ချက်မဲ့နေတဲ့ ပုံစံမျိုး ဟန်ဆောင်ခဲ့ကြတယ်။ ငါ့ကို အသည်းအသန် ရိုက်နှက်ခွင့် ပေးခဲ့ရုံသာမက အကြီးအကဲ ကျီချန်ချိုကိုပါ ရိုက်နှက်ခွင့် ပေးခဲ့သေးတယ်။”
“ပြီးတော့ ငွေရောင်ဝတ်ရုံ တရားသူကြီး နှစ်ယောက်ကိုပါ သတ်ခွင့်ပေးခဲ့ပြီး ငါ့ကို မောက်မာဝင့်ကြွားစွာနဲ့ အသက်ရှင်ခွင့် ပေးခဲ့တယ်။ ဒီလောကကြီးမှာရှိတဲ့ လူတိုင်းကို ပေမင်ဓားဂိုဏ်းရဲ့ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်ကြီး တကယ် ပျက်စီးသွားပြီလို့ ယုံကြည်သွားစေခဲ့ပြီး ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းနဲ့ မီးနတ်ဘုရားဂိုဏ်းတို့ကို မင်းတို့ရဲ့ တုန်လှုပ်ဖွယ် ထောင်ချောက်ထဲကို ကျဆင်းသွားစေခဲ့တယ်။ ငါတွေ့ဖူးတဲ့ ကောင်တွေထဲမာ မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က အကောင်းဆုံးဖြစ်ပြီး အယုတ်မာဆုံး လူပဲ”
နင်တောက်ရွှမ်က ပြုံး၏။ “ဒါက စီးပွားရေးလုပ်တာနဲ့ အတူတူပါပဲ။ အမြတ်အစွန်း လုံလောက်နေသမျှ ကာလပတ်လုံး ဘယ်လို တန်ဖိုးမျိုး ပေးရပေးရ တန်ပါတယ်”
“မဟာဆရာသခင်အဆင့် နှစ်ယောက်ကို ပေးဆပ်လိုက်ရပေမဲ့ တစ်ထောင်ကျော်ကို ပြန်ရလိုက်တယ် မဟုတ်လား”
“ဒါကြောင့် မင်းကို အရမ်း ကျေးဇူးတင်ပါတယ်”
တုပိုင်ကလည်း ပြုံး၏။ “ကိစ္စကြီး ပြီးသွားတာနဲ့ မင်းက ငါ့ကို တတ်နိုင်သမျှ မြန်မြန် လာသတ်တယ်ဆိုတာက မင်း ငါ့ကို တကယ်ပဲ သည်းမခံနိုင်တော့ဘူးဆိုတာကို ပြနေတာပဲ”
နင်တောက်ရွှမ် ခေါငင်းညိတ်လိုက်သည်။ “ငါက သူတော်စင်မှ မဟုတ်တာ။ ဘာပဲဖြစ်ဖြစ် မင်းက ကိုယ့်သဘောနဲ့ကိုယ် အိမ်ကနေ ထွက်လာပြီး အလိုက်တသိနဲ့ ရောက်လာလို့ ဝမ်းသာပါတယ်”
တုပိုင် ပြောလိုက်သည်။ “ငါသာ ကိုယ့်သဘောနဲ့ကိုယ် အိမ်ကနေ မထွက်လာခဲ့ဘူးဆိုရင် နီရှန် ၊ လီတောက်ယွဲ့ ၊ ကျီချင်းကျူ ၊ မဟာဆရာသခင် နင်ဇောင်ဝူနဲ့ ငါ့မိသားစုထဲက လူတိုင်း သေရလိမ့်မယ်လေ”
နင်တောက်ရွှမ် ပြော၏။ “ဟုတ်တယ်။ မင်း သေသွားရင် မင်းရဲ့ မိသားစုထဲက တခြားလူတွေ သေစရာ မလိုတော့ဘူးပေါ့”
ဤသည်ကား အမှန်တရားပင် ဖြစ်၏။
ပေမင်ဓားဂိုဏ်းပေါ်က ကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးနောက်တွင် နင်တောက်ရွှမ် တုပိုင်ကို သတ်ဖြတ်မည်ကို လောကကြီး၌ မည်သူကမျှ မတားဆီးနိုင်တော့ချေ။
ထို့ကြောင့် ဤသည်ကား အရူးသွပ်ဆုံး အကြံအစည်ပင် ဖြစ်၏။
ထို့နောက် နင်တောက်ရွှမ် မေးလိုက်သည်။ “နောက်ဆုံးအနေနဲ့ ပြောစရာ စကားများ ရှိသေးလား”
တုပိုင် ခေါင်းခါပြလိုက်ပြီး ပြောသည်။ “မရှိဘူး”
နင်တောက်ရွှမ် ပြော၏။ “ဒါဆိုရင် ငါ စတော့မယ်”
ထို့နောက် သူ တုပိုင်၏ လည်ပင်းပေါ်သို့ ဓားကို ထပ်မံ တင်လိုက်ပြန်သည်။
တုပိုင် အသက်ပြင်းပြင်း ရှူလိုက်၏။
သို့သော် ထိုအချိန်လေးတွင်ပင် လျှပ်စီးတန်းအလား လှပသော ပုံရိပ်တစ်ခု အဝေးမှနေ၍ ချဉ်းကပ်လာသည်။
ထို့နောက် ကောင်းကင်ယံမှ ဆင်းသက်လာ၏။
နင်တောက်ရွှမ် ပြောလိုက်သည်။ “အရေးကြီးတဲ့ အချိန်ရောက်တိုင်း မင်းကို ကယ်ဖို့ တစ်ယောက်ယောက်က အမြဲတမ်း ရောက်လာတတ်တယ်။ ဒါပေမဲ့ အရမ်း နောက်ကျသွားပြီ”
ထို့နောက် သူ၏ လက်ထဲရှိဓားဖြင့် ခုတ်ပိုင်းချလိုက်တော့၏။
ကောင်းကင်ယံမှနေ၍ စူးရှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ “မဟုတ်ဘူးးးး”
ထို့နောက် ဓားတစ်လက်ကို ကိုင်ဆောင်ထားသည့် ပြိုင်ဘက်ကင်းလောက်အောင် လှပသော ပုံရိပ်တစ်ခု နင်တောက်ရွှမ်ကို ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်လိုက်လေ၏။
ထို့နောက် ဒုတိယမြောက် ပုံရိပ်သည်လည်း ဓားဖြင့် ထိုးနှက်လိုက်သည်။ ထိုသူမှာ မီးနတ်ဘုရားဂိုဏ်း၏ သူတော်စင်မလေးပင် ဖြစ်၏။
တစ်ချိန်တည်းတွင်ပင် တုပိုင်၏ ဦးခေါင်းမှာ လွယ်ကူစွာ ဖြတ်တောက်ခံလိုက်ရပြီး သူ၏ လည်ပင်းမှ ပြုတ်ကျသွားတော့သည်။
တုပိုင် ခေါင်းဖြတ်ခံလိုက်ရပြီဖြစ်၏။
တစ်ချိန်တည်းတွင် ခေတ်သစ်ကမ္ဘာမြေ၏ ဟန်ကျိုးမြို့ ၊ လူနေရပ်ကွက်တစ်ခုအတွင်း၌ ကုတင်ပေါ်တွင် သတိလစ်မေ့မြောနေသော တုပိုင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါသွားလေ၏။
**--**--**--**--**--**--**--**
မြစ်ကမ်းဘေး ပြိုင်ဘက်ကင်းလောက်အောင် လှပဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးသည် တုပိုင်၏ ခေါင်းပြတ်ကြီးကို ပွေ့ဖက်ကာ အသည်းအသန် ငိုကြွေးနေလေသည်။
“ဟင့်အင်း... ဟင့်အင်း...”
သူမ၏ အသွင်အပြင်သည် ပေမင်ဂိုဏ်းသခင် ကျီကျန်ယန်၏ ဇနီးနှင့် တစ်ပုံစံတည်း တူညီနေလေ၏။
သူမသည် အခြားသူမဟုတ်လေဘဲ ယခင် ကောင်းကင်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းသခင် ကျီယင်ယင်ပင် ဖြစ်လေ၏။
မီးနတ်ဘုရားဂိုဏ်း၏ သူတော်စင်မလေးက သူမကို ခေါ်ဆောင်သွားခဲ့သည်။ ယခုအခါ တစ်နှစ်ကျော် အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူမ နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ ဖြစ်၏။
ထို့အပြင် သူမ၏ မူလမျက်နှာ ၊ မူလခန္ဓာကိုယ်နှင့် မူလသိုင်းပညာများကိုပါ ပြန်လည်ရရှိလာသည်။ သူမ တုပိုင်ကို ကယ်တင်ရန် အသည်းအသန် ပြန်လာခဲ့သော်လည်း ခြေတစ်လှမ်း နောက်ကျသွားပြီ ဖြစ်သည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၈၉ + ၇၉၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team