← Chapters

အခန်းပို

Vol. 79 Ch. Extra

အခန်းပို

Vol. 79 Ch. Extra

​ကုန်းကုန်းဧကရာဇ်။ စာစဥ် ၇၉ (အပို)

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

နင်တောက်ရွှမ်၏ လက်ထဲရှိ ဓားပေါ်တွင် သွေးတစ်စက်မျှ မရှိချေ။ ထို့နောက် သူသည် ကျီယင်ယင်အား ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေ၏။

"မင်း ပြန်လာပြီလား"

ကျီယင်ယင် ခေါင်းမော့ကြည့်လိုက်ရာ သူမ၏ လှပသော မျက်ဝန်းများထဲတွင် နက်ရှိုင်းသော အမုန်းတရားများ ထင်ဟပ်နေသည်။

နင်တောက်ရွှမ် ပြောလိုက်၏။ "ဒါက ကံတရားပဲ၊ သူ သေကို သေရမယ်။ ငါ သခင်လေး ဖန်းချန်ကို ရွေးချယ်လိုက်ပြီ။ တုပိုင်က သေကို သေရမယ်"

ကျီယင်ယင် တိတ်ဆိတ်နေလေ၏။

လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်ခန့်ကသာ သူမ နင်တောက်ရွှမ်ကို ကြည့်ခဲ့မည်ဆိုပါက အချစ်ရူးရူးနေသော အကြည့်များဖြင့် ပြည့်နှက်နေမည် ဖြစ်သော်လည်း ယခုအခါတွင်မူ အမုန်းတရားများသာ ကျန်ရှိတော့သည်။

နင်တောက်ရွှမ် ပြောလိုက်၏။ "ယင်ယင်... တုပိုင်အတွက် မင်း ကလဲ့စားချေချင်တယ်ဆိုရင် အခု ချက်ချင်း လုပ်လို့ရတယ်။ မင်းတို့ နှစ်ယောက်ပေါင်းပြီး ဝင်လာလို့ရတယ်။ ဒါမှမဟုတ်ရင်လည်း နီရှန် ၊ ကျီချင်းကျူ ၊ လီတောက်ယွဲ့ ၊ နင်ဇောင်ဝူ နဲ့ တခြားလူတွေကိုပါ တစ်ခါတည်း ခေါ်လိုက်လို့ရတယ်"

ထိုအခိုက်တွင် နင်တောက်ရွှမ်၏ အနောက်၌ ပုံရိပ်အချို့ ထွက်ပေါ်လာပြီး ထိုသူများအားလုံးမှာ ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲများ ဖြစ်ကြသည်။

သူတို့ထဲမှ တစ်ဦးမှာ တုပိုင်၏ ပါးရိုက်အရှက်ခွဲခြင်းကို ခံခဲ့ရသော ကျီချန်ချိုပင် ဖြစ်၏။ လက်ရှိအချိန်၌ သူ၏ ရင်ထဲရှိ ဖြစ်ပေါ်နေသော ဝမ်းမြောက်ပျော်ရွှင်မှုကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်ချေ။

ထိုအချိန်က တုပိုင်၏ ပါးရိုက်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရစဉ်က သူ မည်မျှပင် အရှက်ရခဲ့သနည်း။

ယခုမူ တုပိုင် ခေါင်းဖြတ်ခံလိုက်ရသည်ကို သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ တုပိုင်ကို သူကိုယ်တိုင် ခေါင်းမဖြတ်လိုက်ရသည်မှာတော့ နှမြောစရာပင်။

နင်တောက်ရွှမ် အေးစက်စွာ ပြောလိုက်၏။ "မင်းတို့က ဘာလာလုပ်တာလဲ ၊ အကုန်လုံး ထွက်သွားကြစမ်း။ မင်းတို့ထဲက တစ်ယောက်မှ ဝင်မပါရဘူး"

ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲများအားလုံးက ဖြေလိုက်ကြသည်။ "အမိန့်အတိုင်းပါ ဧကရာဇ်"

လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က မိစ္ဆာဂိုဏ်းသခင်ကျီယင်ယင်သည် အလွန်အားကောင်းသော ယင်စွမ်းအင်များ ပိုင်ဆိုင်ထားပြီး လောကကြီးတစ်ခုလုံး၏ နံပါတ်တစ် ကျွမ်းကျင်ပညာရှင်အဖြစ်ပင် သတ်မှတ်ခံခဲ့ရသည်။

သို့သော် ယခု နှစ်နှစ်ဆယ် ကြာမြင့်ပြီးနောက်တွင်မူ လောကကြီးက ပြောင်းလဲသွားခဲ့ပြီဖြစ်သလို ခေတ်စနစ်ကြီးကလည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။

ကျီယင်ယင် တစ်ယောက်တည်းသာမက မီးနတ်ဘုရားဂိုဏ်း၏ သူတော်စင်မလေး ၊ နီရှန် နှင့် အခြားသူများအားလုံး ပေါင်းလာလျှင်ပင် အရေးမပါတော့ချေ။

နင်တောက်ရွှမ် တစ်ယောက်တည်းနှင့်ပင် သူတို့အားလုံးကို အနိုင်ယူရန် လုံလောက်နေပြီဖြစ်၏။

ကျီယင်ယင် ဝမ်းနည်းစွာဖြင့် ခက်ထန်စွာ အော်ဟစ်လိုက်သည်။ "ထွက်သွားစမ်း"

နင်တောက်ရွှမ် အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် ဓားကို ဓားအိမ်ထဲ ပြန်ထည့်ကာ ပြောလိုက်၏။ "နှုတ်ဆက်ပါတယ်"

ထို့နောက် လူတိုင်း၏ မျက်စိရှေ့မှ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားတော့သည်။ "ဝှီးးးးးး" ကြယ်တံခွန်တစ်ခု ဖြတ်ပြေးသွားသည့်အလားပင် မြန်ဆန်လှ၏။

ပေမင်ဓားဂိုဏ်း၏ အခြားသော မဟာအကြီးအကဲများလည်း ထွက်ခွာသွားကြသည်။

**--**--**--**--**--**--**--**

ကျီယင်ယင် တုပိုင်၏ ပြတ်ကျနေသော ခေါင်းကြီးကို ပွေ့ဖက်ထားရင်း ကျယ်လောင်စွာ ငိုကြွေးလိုက်မိလေ၏။ "ဘာလို့ ငါ ပြန်လာတာကို မစောင့်ရတာလဲ... ဘာလို့ ငါ ပြန်လာတာကို မစောင့်ခဲ့ရတာလဲ"

ထိုအခိုက် မီးနတ်ဘုရားဂိုဏ်း၏ သူတော်စင်မလေး ရှေ့ထွက်လာပြီးနောက် သူမ၏ လက်ထဲမှ အေးစက်သော စွမ်းအင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ တုပိုင်၏ ဖြတ်တောက်ခံထားရသော ဦးခေါင်းကို ရေခဲရိုက်လိုက်ပြီးနောက် တုပိုင်၏ ပြတ်ရှနေသော လည်ပင်းကိုပါ ရေခဲဖြင့် ပိတ်လိုက်သည်။

"ကျီယင်ယင်... မင်းရဲ့ အအေးစွမ်းအင်တွေကို အချိန်တိုင်း ထုတ်လွှတ်ပြီး တုပိုင်ရဲ့ ခန္ဓာကိုယ်နဲ့ ခေါင်းကို ရေခဲလွှမ်းထားလိုက်ပါ"

ကျီယင်ယင် ခေါင်းညိတ်လိုက်ပြီး အလွန်အေးစက်သော ရွှမ်းချီစွမ်းအင်များကို စဉ်ဆက်မပြတ် ထုတ်လွှတ်လိုက်လေ၏။

သူတို့နှစ်ဦးသည် တုပိုင်၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ပွေ့ချီကာ ဤဧရာမ ပင်းငှက်ကြီးပေါ်သို့ တက်စီးလိုက်ပြီး အနောက်ဘက်ဆီသို့ အံ့မခန်း အမြန်နှုန်းဖြင့် ပျံသန်းသွားကြလေတော့သည်။

**--**--**--**--**--**--**--**

ခေတ်သစ်ကမ္ဘာမြေပေါ်ရှိ ခွဲစိတ်မှုများအားလုံးထဲတွင် အံ့ဩစရာအကောင်းဆုံးအရာက မည်သည့်အရာ ဖြစ်မည်နည်း။

ခေါင်းအစားထိုး ခွဲစိတ်မှုပင် ဖြစ်၏။

၁၉၅၄ ခုနှစ်တွင် ယခင် ဆိုဗီယက်ယူနီယံမှ ဆရာဝန်များသည် ဦးခေါင်းအစားထိုးခြင်းဆိုင်ရာ သုတေသနကို စတင်ခဲ့ကြသည်။ သူတို့သည် ခွေးပေါက်လေးတစ်ကောင်၏ ခေါင်းကို ဖြတ်တောက်ကာ အခြား ခွေးကြီးတစ်ကောင်၏ ကိုယ်လုံးပေါ်သို့ ဆက်ခဲ့ကြသည်။ ထိုခွေးပေါက်လေးသည် ခြောက်နာရီခန့်သာ အသက်ရှင်ခဲ့သော်လည်း အမှန်တကယ် အသက်ရှင်နိုင်ခဲ့လေသည်။

၁၉၇၆ ခုနှစ်တွင် အမေရိကန် ဆရာဝန်များက အလားတူ ခွဲစိတ်မှုကို ပြုလုပ်ခဲ့ပြီး ဦးနှောက်လျှပ်စစ်လှိုင်းပြ မြေပုံအရ အစားထိုးထားသော ဦးခေါင်းမှာ ပုံမှန်အလုပ်လုပ်နေကာ ဦးနှောက်မှာလည်း ပုံမှန်အလုပ်လုပ်နေကြောင်း ပြသခဲ့သည်ကို မှတ်တမ်းတင်ထားခဲ့၏။

ထို့နောက်တွင် သိပ္ပံပညာရှင်များနှင့် ဆရာဝန်များသည် ကြွက်များကို အသုံးပြု၍ ခေါင်းအစားထိုး ခွဲစိတ်မှုများကို ပြုလုပ်ခဲ့ကြသည်။ သေချာပေါက် စမ်းသပ်မှုများသည် ဆက်တိုက် ကျရှုံးခဲ့၏။ သို့သော် ၂၁ ရာစုသို့ ရောက်လာချိန်တွင် ကြွက်၏ ခေါင်းအစားထိုး ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး ခေါင်းအစားထိုးပြီးနောက် ကြွက်များသည် တစ်ရက်တိတိ အသက်ရှင်နေနိုင်ခဲ့လေသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အီတလီ အာရုံကြောပါရဂူ ဆာဂျီယို ကာနာဗာရိုသည် တရုတ်နိုင်ငံ ဟာဘင် ဆေးတက္ကသိုလ်တွင် ကမ္ဘာ့ပထမဆုံး လူသား ခေါင်းအစားထိုး ခွဲစိတ်မှု အောင်မြင်ကြောင်း ကြေညာခဲ့သည်။ သေချာသည်မှာ အသက်ရှင်နေသော လူတစ်ဦးကို စမ်းသပ်ခြင်းမျိုး မဟုတ်ဘဲ လူသေအလောင်း နှစ်လောင်းကို အသုံးပြုကာ စမ်းသပ်ခဲ့ခြင်း ဖြစ်ပြီး လူ့ဦးခေါင်းကို ဖြတ်တောက်ပြီးနောက် အာရုံကြောများ ပြန်လည်ဆက်သွယ်ရန် လုံးဝ ဖြစ်နိုင်ကြောင်း သက်သေပြနိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် စောစောပိုင်းလောက်ကပင် တရုတ်နိုင်ငံမှ ပရော်ဖက်ဆာတစ်ဦးသည် မျောက်တစ်ကောင်ကို ခေါင်းအစားထိုး ခွဲစိတ်မှု အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ထိုမျောက်သည် နာရီ ၂၀ ကြာ အသက်ရှင်နေနိုင်ခဲ့လေ၏။

လီဝမ်ဝမ်၏ လက်များသည် ငရဲမီးတောက်များဖြင့် လောင်ကျွမ်းခံခဲ့ရပြီး အသက်ရှင်သန်နိုင်ရန်အတွက် သူမ၏ လက်မောင်းများကို ဖြတ်တောက်ခဲ့ရသည်။

မီးနတ်ဘုရားဂိုဏ်းသို့ ရောက်ရှိပြီးနောက် သူမသည် အစားထိုး ခွဲစိတ်မှုတစ်ခုကို ခံယူခဲ့ရာ အောင်မြင်ခဲ့လေသည်။

**--**--**--**--**--**--**--**

တုပိုင် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရဖူးသည်။ ထိုလက်များသည် အလွန် သွက်လက်လှပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်ကို အနည်းငယ်မျှပင် ထိခိုက်မှု မရှိစေသည့်အပြင် အခြားသူတစ်ယောက်၏ လက်များဖြစ်ကြောင်းကိုပင် မည်သူမျှ မခွဲခြားနိုင်ချေ။

ထိုအချိန်က တုပိုင် လုံးဝ အံ့အားသင့်သွားခဲ့ရသည်။ မီးနတ်ဘုရားဂိုဏ်း၏ ခြေလက်အင်္ဂါ အစားထိုးခွဲစိတ်မှုသည် ခေတ်သစ်ကမ္ဘာမြေထက်ပင် ပို၍ အဆင့်မြင့်နေသည်လော။ အခြားသူတစ်ဦး၏ လက်မောင်းကို အစားထိုးရာတွင် ခန္ဓာကိုယ်မှ လက်မခံဘဲ ငြင်းဆန်သည့် ပြဿနာ လုံးဝ မရှိဘူးလော။

အခြားကမ္ဘာမှ စွမ်းအင်များက ဤမျှတိုင် စွမ်းအားကြီးမားနေသလော။ မီးနတ်ဘုရားဂိုဏ်း၏ ပုပ်ရဟန်းမင်းကြီးသည် မည်ကဲ့သို့ အသက် ၄၉၃ နှစ်တိုင်တိုင် အသက်ရှင်နေထိုင်နိုင်ခဲ့သနည်း။ ထိုလျှို့ဝှက်ချက်ကို မည်သူမျှ မသိကြချေ။

အဘယ်ကြောင့်ဆိုသော် သူသည် ခေါင်းများကို အဆက်မပြတ် အစားထိုးနေခဲ့သောကြောင့် ဖြစ်၏။ ခန္ဓာကိုယ်တစ်ခု သေဆုံးသွားချိန်တိုင်းတွင် သူသည် ခေါင်းအစားထိုးသည့် နည်းစနစ်ကို အသုံးပြု၍ ငယ်ရွယ်သော ခန္ဓာကိုယ်အသစ်တစ်ခုဖြင့် အစားထိုးခဲ့လေ၏။

**--**--**--**--**--**--**--**

သုံးနာရီ ကြာပြီးနောက် ပင်းဂွင်းငှက်ကြီးသည် မိုင်ငါးထောင်ခန့် ပျံသန်းပြီးနောက် နှင်းများ ဖုံးလွှမ်းနေသော တောင်တန်းကြီးတစ်ခုပေါ်သို့ ဆင်းသက်လိုက်လေ၏။

လက်ရှိအချိန်တွင် မီးနတ်ဘုရားဂိုဏ်းမှ လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာ ဒါဇင်ပေါင်းများစွာသည် ထိုနေရာ၌ စောင့်ဆိုင်းလျက် ရှိနေကြသည်။

ကျီယင်ယင်နှင့် သူတော်စင်မလေးတို့ ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် သူတို့သည် အထူးပြုလုပ်ထားသော ဧရာမ ကျောက်သလင်းသေတ္တာကြီးတစ်ခုကို ဖွင့်လိုက်ပြီး တုပိုင်၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ထိုအထဲသို့ ထည့်လိုက်ကြ၏။

"ဒိန်းးး ဒိုင်းးး"

ဧရာမ ကျောက်တံခါးကြီးတစ်ခု ပွင့်လာသည်။ ကျီယင်ယင်သည် ဧရာမ ကျောက်သလင်းသေတ္တာကြီးကို သယ်ဆောင်ကာ မီးနတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာ ဒါဇင်ပေါင်းများစွာ ဦးဆောင်မှုနောက်မှ တောင်ကြီး၏ ဗိုက်ထဲသို့ ဝင်ရောက်သွားလိုက်သည်။

"ဝုန်းး"

ကျောက်တံခါးကြီး ပြန်လည် ပိတ်သွားလေ၏။ သူတို့သည် အလွန်မြန်ဆန်လှပြီး မြေအောက်သို့ ဆက်လက်၍ နက်ရှိုင်းစွာ ဝင်သွားလိုက်ကြသည်။

မြေအောက် အနက် ကီလိုမီတာ နှစ်ထောင်တိတိသို့ ရောက်သောအခါ အခြားသော ကမ္ဘာတစ်ခုသို့ ရောက်သွားသလိုပင် ခံစားလိုက်​ရ၏။

နေရာအနှံ့အပြားတွင် အမျိုးအစားစုံလင်သော ကျောက်သလင်းများ၊ အခြားကမ္ဘာမှ စွမ်းအင်အမျိုးမျိုး တို့ရှိနေသည်။ ဤသည်ကား မီးနတ်ဘုရားဂိုဏ်း၏ လျှို့ဝှက် ဓာတ်ခွဲခန်းတစ်ခုပင် ဖြစ်၏။

မီးနတ်ဘုရားဂိုဏ်း၏ သူတော်စင်မလေးက ပြောလိုက်သည်။ "မြန်မြန် ၊ မြန်မြန်... အရှင်တုပိုင်ကို အခုချက်ချင်း ခေါင်းပြန်ဆက်တဲ့ ခွဲစိတ်မှု လုပ်ကြ"

"တုပိုင်ရဲ့ ဦးနှောက် အသက်ဝင်မှုကို စစ်ဆေးပြီးပြီလား"

"ဦးနှောက်ရဲ့ အသက်ဝင်မှုက အခုထိ ရှိနေတုန်းပါပဲ ၊ ဝိညာဉ် လွင့်စင်သွားတာမျိုးလည်း မရှိသေးပါဘူး"

"အရှင်တုပိုင်ရဲ့ ခန္ဓာကိုယ် အသက်ဝင်မှုကိုရော စစ်ဆေးပြီးပြီလား"

"ခန္ဓာကိုယ်ရဲ့ အသက်ဝင်မှုက အတိုင်းအတာတစ်ခုအထိတော့ လျော့ကျသွားပါပြီ ၊ ဒါပေမဲ့ ပြဿနာ သိပ်မကြီးပါဘူး"

"အခုချက်ချင်း ပြန်ဆက်တဲ့ ခွဲစိတ်မှုကို စတင်လိုက်ပါ"

"ကျောက်သလင်း စွမ်းအင်အစီအရင် အဆင်သင့်ဖြစ်ပါပြီ"

"ကျောက်သလင်း စွမ်းအင်အလင်းတန်း အဆင်သင့်ဖြစ်ပါပြီ"

"ကျောက်သလင်း ပျော်ရည် အဆင်သင့်ဖြစ်ပါပြီ"

"အသေးစား လျှပ်စစ်ကျောက်သလင်း ကိရိယာ အဆင်သင့်ဖြစ်ပါပြီ"

သူတို့ ပြုလုပ်လိုသည်မှာ အခြားခေါင်း အစားထိုးသည့် ခွဲစိတ်မှု မဟုတ်ဘဲ တုပိုင်၏ မူလခေါင်းကိုသာ ပြန်ဆက်သည့် ခွဲစိတ်မှု ဖြစ်သည်။

ထို့ကြောင့် သူ၏ ကိုယ်ပိုင် ဦးခေါင်းနှင့် သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်သာ ဖြစ်ရာ ငြင်းဆန်မှု ပြဿနာ လုံးဝ မရှိနိုင်ချေ။

**--**--**--**--**--**--**--**

ပြန်လည်ဆက်စပ်သည့် ခွဲစိတ်မှုမှာ အပြင်းအထန် လုပ်ဆောင်နေရပြီး အချိန်အတော်ကြာမြင့်သည်။

လွန်ခဲ့သော ဆယ်နာရီကျော်ခန့်က မီးနတ်ဘုရားဂိုဏ်းသည် တုပိုင်၏ သံတမန်ကို လက်ခံတွေ့ဆုံခဲ့သည်။

ထို့နောက် မီးနတ်ဘုရားဂိုဏ်း၏ သူတော်စင်မလေးနှင့် ကျီယင်ယင်တို့သည် ပင်းဂွင်းငှက်ကြီးကို စီးနင်းကာ ချက်ချင်း ထွက်ခွာခဲ့ကြပြီး တုပိုင်၏ ညွှန်ကြားချက်အတိုင်း ခွဲစိတ်မှုဆိုင်ရာ ကိစ္စရပ်အားလုံးကို ပြင်ဆင်ခဲ့ကြလေသည်။

သို့သော် ကျီယင်ယင်နှင့် မီးနတ်ဘုရားဂိုဏ်း၏ သူတော်စင်မလေးတို့ မိုင်ရာနှင့်ချီ ကွာဝေးနေသေးသည့် အချိန်မှာပင် နင်တောက်ရွှမ်က ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

တုပိုင်မှာ အိမ်မှ ထွက်ခွာလာရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ချေ။

သို့သော် မြစ်ကမ်းစပ်တွင် နင်တောက်ရွှမ်နှင့် တွေ့ဆုံချိန်၌ ကျီယင်ယင် ရောက်မလာသေးချေ။

တုပိုင်သည် အသည်းအသန် အချိန်ဆွဲခဲ့ပြီး နောက်ဆုံးတွင် ကျီယင်ယင်နှင့် မီးနတ်ဘုရားဂိုဏ်း၏ သူတော်စင်မလေးတို့ ရောက်ရှိလာချိန်အထိ ဆွဲဆန့်ထားနိုင်ခဲ့လေသည်။

သေချာသည်မှာ ကျီယင်ယင်နှင့် မီးနတ်ဘုရားဂိုဏ်း၏ သူတော်စင်မလေးတို့သည် နင်တောက်ရွှမ်ကို တားဆီးနိုင်မည်ဆိုပါက ပို၍ ကောင်းမွန်ပေလိမ့်မည်။ သို့သော် တုပိုင်သည် ဤအန္တရာယ်ကို မစွန့်စားလိုသကဲ့သို့ အသက်ကို အကြိမ်ကြိမ် လောင်းကြေးထပ်သူ တစ်ယောက်လည်း မဖြစ်ချင်တော့ချေ။

သို့သော် နင်တောက်ရွှမ်သည် လောက၏ နံပါတ်တစ် ကျွမ်းကျင်ပညာရှင် ဖြစ်ပြီး သူကိုယ်တိုင် လူတစ်ယောက်ကို အမှန်တကယ် သတ်ဖြတ်လိုသည့်အခါတွင် ကျီယင်ယင်နှင့် မီးနတ်ဘုရားဂိုဏ်း၏ သူတော်စင်မလေးတို့က သူ့ကို မတားဆီးနိုင်ပေ။

သူတို့ မတားဆီးနိုင်ခဲ့ကြချေ။

သို့သော်လည်း တုပိုင်သည် အရာအားလုံးအတွက် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်၏။

အိပ်မက်စနစ်က ဤအရူးသွပ်ဆုံး အကြံအစည်ကို လွန်ခဲ့သော အချိန်အတော်ကြာကတည်းက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

တကယ်ကို ဟိုးအချိန်အတော်ကြာကတည်းကပင်။

ကျီယင်ယင်မှာ အလွန် စိုးရိမ်ပူပန်နေပြီး အသက်ရှူရပင် ခက်ခဲနေလေ၏။

ကျီယင်ယင် မေးလိုက်သည်။ "အောင်မြင်မှာပါနော်၊ ဟုတ်တယ်မလား။ အောင်မြင်မှာပါနော်"

မီးနတ်ဘုရားဂိုဏ်းမှ လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာခေါင်းဆောင်က ပြောလိုက်၏။ "သခင်မလေး ကျီယင်ယင်... ကျွန်တော်တို့က ခေါင်းပြန်ဆက်တဲ့ ခွဲစိတ်မှု ရာပေါင်းများစွာနဲ့ ခေါင်းအစားထိုးတဲ့ ခွဲစိတ်မှု ရာပေါင်းများစွာကို ပြုလုပ်ခဲ့ပြီးပါပြီ။ တစ်ခုတည်းသော အောင်မြင်ခဲ့တဲ့ ဖြစ်စဉ်က တစ်ခုပဲ ရှိပါတယ်ဆိုတာကို ပြောပြပါရစေ"

ထိုအောင်မြင်ခဲ့သော ဖြစ်စဉ်မှာ သေချာပေါက် ပုပ်ရဟန်းမင်းကြီးပင် ဖြစ်သည်။

ကျီယင်ယင် ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ။ ရှင်တို့က ပြတ်သွားတဲ့ လက်တစ်ဖက်ကိုတောင် ပြန်ဆက်နိုင်တာပဲလေ၊ ပြီးတော့ အဲဒါက တခြားလူတစ်ယောက်ရဲ့ လက်လေ။ ပြန်ဆက်ပြီးသွားတော့လည်း ကိုယ့်ကိုယ်ပိုင်လက်နဲ့ တစ်ပုံစံတည်း ဖြစ်သွားတာပဲ မဟုတ်ဘူးလား။ အဲဒီလောက်တင်မကဘူး၊ ရှင်တို့က ငါ့ကိုလည်း ကယ်တင်ခဲ့ပြီး ငါ့ကို နုပျိုသွားစေခဲ့တယ်။ ငါ့ရဲ့ မူလခန္ဓာကိုယ်နဲ့ သိုင်းပညာတွေကိုပါ ပြန်လည်ရရှိအောင် ကယ်တင်ပေးခဲ့သေးတယ်လေ"

မီးနတ်ဘုရားဂိုဏ်းမှ မှော်ဆရာခေါင်းဆောင်က ပြော၏။ "လေးစားရပါတဲ့ သခင်မလေး ကျီယင်ယင်... ခေါင်းပြန်ဆက်တဲ့ ခွဲစိတ်မှုရဲ့ အခက်အခဲက လူတစ်ယောက်ရဲ့ ခေါင်းကို ဖြတ်လိုက်ပြီးတဲ့နောက်မှာ ဦးနှောက်က အချိန်တိုအတွင်း သေဆုံးသွားတာပါပဲ။ အရပ်သုံးစကားနဲ့ ပြောရရင်တော့ ဝိညာဉ်လွင့်သွားတာပေါ့။ ဒါကြောင့် ခေါင်းကို ပြန်ဆက်လိုက်ရင်တောင်မှ ဝိညာဉ်က မရှိတော့သလို ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို ထိန်းချုပ်နိုင်တဲ့ ဗီဇတောင် မရှိတော့ပါဘူး။ ဒါကြောင့် ပြန်ဆက်ပြီးသွားရင် စကားမပြောနိုင်တော့တဲ့အပြင် နာရီအနည်းငယ်အတွင်းမှာ သေချာပေါက် သေဆုံးသွားမှာပါ"

ကျီယင်ယင် မေးလိုက်သည်။ "တစ်ခုပဲ အောင်မြင်ခဲ့တာလား"

မီးနတ်ဘုရားဂိုဏ်းမှ မှော်ဆရာခေါင်းဆောင်က သက်ပြင်းချလိုက်၏။ "ဟုတ်ပါတယ်။ နှစ်ရာချီတဲ့ ကာလအတွင်းမှာ တစ်ခုပဲ အောင်မြင်ခဲ့ဖူးပါတယ်"

ကျီယင်ယင် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "ဒါဆို တုပိုင်က ဒုတိယမြောက် အောင်မြင်တဲ့ ဖြစ်စဉ် ဖြစ်လာမယ်လို့ ငါ ယုံကြည်တယ်။ သူက တကယ်ကို လူထူးဆန်းပဲ"

ထို့နောက် သူမသည် လက်အုပ်ချီကာ ပြောလိုက်၏။ "နတ်ဘုရားတွေ ကောင်းချီးပေးပါစေ။ တုပိုင်... ဒီတစ်ကြိမ်သာ နင် အသက်ရှင်နိုင်မယ်ဆိုရင် ငါ့ရဲ့ သစ္စာဂတိတွေကို ငါ စွန့်လွှတ်လိုက်ပါ့မယ်။ ခန္ဓာကိုယ်ရော ဝိညာဉ်ပါမကျန် ငါ့ရဲ့ အရာအားလုံးကို ပေးဆပ်ဖို့ ငါ ဆန္ဒရှိပါတယ်"

**--**--**--**--**--**--**--**

ဆယ့်နှစ်နာရီ ကြာပြီးနောက် မီးနတ်ဘုရားဂိုဏ်းမှ လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာ ဒါဇင်ပေါင်းများစွာသည် တုပိုင်အား ခေါင်းပြန်ဆက်သည့် ခွဲစိတ်မှုကို အောင်မြင်စွာ ပြီးစီးသွားညကသည်။

သူတို့သည် အလားတူ စမ်းသပ်မှုပေါင်း ရာနှင့်ချီ၍ ပြုလုပ်ခဲ့ဖူးသောကြောင့် လုပ်ငန်းစဉ်တစ်ခုလုံးမှာ အလွန် ချောမွေ့စွာ ပြီးဆုံးသွား​ခေသည်။

အောင်မြင်နိုင်မည် ၊ မအောင်မြင်နိုင်မည် ဆိုသည်မှာတော့ တုပိုင် ကိုယ်တိုင်အပေါ်တွင်သာ မူတည်နေတော့သည်။

ခေါင်းပြန်ဆက်သည့် ခွဲစိတ်မှု ပြီးစီးသွားပြီးနောက် မှော်ဆရာတစ်ဦးက ရှင်းပြသည်။ "ပထမဆုံး အောင်မြင်မှု လက္ခဏာကတော့ ခွဲစိတ်ခံရတဲ့သူက နိုးလာပြီး အသက်ရှူတာနဲ့ နှလုံးခုန်တာ။ ဒါပေမဲ့ အဲတာကလည်း ပထမဆုံး အောင်မြင်မှု လက္ခဏာ သက်သက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နာရီအနည်းငယ်အတွင်းမှာ သေဆုံးသွားဖို့ အလားအလာ အရမ်းများနေသေးလို့ပါ"

"ဒုတိယ အောင်မြင်မှု လက္ခဏာကတော့ ခွဲစိတ်ခံရတဲ့သူက နိုးလာရုံသာမကဘဲ သူ့ရဲ့ မျက်လုံးတွေကိုပါ လှုပ်ရှားနိုင်တာပါပဲ။ အဲဒါက ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ လုံးဝ ပျောက်ကွယ်မသွားသေးဘူး ဆိုတာကို ဆိုလိုပါတယ်"

"တတိယ အောင်မြင်မှု လက္ခဏာကတော့ ခွဲစိတ်ခံရတဲ့သူက စကားပြောနိုင်တာပါပဲ။ အဲဒီလိုဆိုရင် ခေါင်းပြန်ဆက်တဲ့ ခွဲစိတ်မှုက လုံးဝ အပြည့်အဝ အောင်မြင်သွားပြီလို့ ဆိုလိုပါတယ်။ ဒါဟာ ခေါင်းဖြတ်ခံရပေမဲ့ ဦးနှောက်ကို ထိခိုက်မှု အရမ်းနည်းပါးသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ"

ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာက တုပိုင်ကို လျှပ်စစ်ရှော့ခ် ပေးလိုက်လေသည်။

သေချာသည်မှာ သူတို့၏ လျှပ်စစ်ရှော့ခ်ပေးသော ကိရိယာသည် တုပိုင်၏ ကျောက်သလင်း မှော်အမြောက်ကဲ့သို့ လျှပ်စစ်ကျောက်သလင်းမျိုး မဟုတ်ဘဲ အထူးသတ္တုတစ်မျိုး ဖြစ်လေသည်။

"ဖြောင်းးး"

"ဖြောင်းးး"

တစ်မိနစ် ကြာပြီးနောက် တုပိုင်၏ နှလုံးခုန်နှုန်းနှင့် အသက်ရှူခြင်းများ ပြန်လည်စတင်လာသည်။ ထို့နောက် ချက်ချင်းပင် သူ၏ မျက်လုံးများသည်လည်း ပွင့်လာလေ၏။

မှော်ဆရာခေါင်းဆောင်သည် တုပိုင်၏ မျက်လုံးများ လှုပ်ရှားနိုင်ခြင်း ရှိ ၊ မရှိ ကြည့်ရှုရန်အတွက် မျက်ခွံများကို ချက်ချင်း ဆွဲဖွင့်လိုက်သည်။

မထင်မှတ်ထားဘဲ တုပိုင်က တိုက်ရိုက်ပင် စကားပြောလိုက်၏။

"ဒီခံစားချက်က ငါ ထင်ထားတာထက် နည်းနည်းပိုပြီး ရိုးရှင်းနေသလိုပဲ"

နိုးလာသည်နှင့် စကားပြောလိုက်သည်လား။ အားလုံး အံ့ဩသင့်သွားကြရသည်။ ဤသည်မှာ ခေါင်းပြန်ဆက်သည့် ခွဲစိတ်မှု တစ်ခုလုံး အပြည့်အဝ အောင်မြင်သွားပြီ ဖြစ်ကြောင်းကို ဆိုလိုခြင်းပင် ဖြစ်လေသည်။

​ကုန်းကုန်းဧကရာဇ်။ စာစဥ် ၇၉ (အပို) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters