အခန်း (၇၈၃-၇၈၄)
Vol. 79 Ch. 783-784
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၈၃ + ၇၈၄
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ယခုအခါ တုပိုင်နှင့် ဖန်းမိသားစုတို့ကြားမှ အဆုံးအဖြတ်တိုက်ပွဲတွင် အနိုင်ရရှိသွားပြီဖြစ်ရာ ဤသိန်းနှင့်ချီသော လူများသည် တုပိုင်ထံသို့ ထပ်မံ၍ လက်နက်ချ အညံ့ခံသင့်သည်မှာ သဘာဝပင် ဖြစ်လေသည်။
အမျိုးသမီး ဧကရာဇ် နင်းရွှဲ့ မြို့တော်အတွင်းသို့ ဝင်ရောက်လာချိန်တွင်ပင် စစ်သည်များနှင့် ပြည်သူအများအပြားက သောင်းသောင်းဖျံဖျံ ကြိုဆိုခဲ့ကြ၏။
လအနည်းငယ်မတိုင်မီကဆိုလျှင် မိန်းမသားဖြစ်သူ နင်းရွှဲ့ ထီးနန်းတက်ကာ ဧကရာဇ်အဖြစ် စိုးစံမည်ကို မည်သူကမျှ သဘောတူခဲ့ကြမည် မဟုတ်ပေ။ သို့သော်လည်း ဧကရာဇ်ယုံတယ်သည် မိခင်ဖြစ်သူကို သတ်ဖြတ်ခဲ့သည့်အပြင် မြို့တော်တစ်ခုလုံးအပေါ် ဖိနှိပ်ကာ ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့ပြီး မရေမတွက်နိုင်သော လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သောကြောင့် မြို့တော်သူမြို့တော်သားများအားလုံး အချိန်ပြည့် အထိတ်တလန့် ဖြစ်နေခဲ့ရသည်။
ယခုအခါတွင် ဧကရာဇ်ယုံတယ် ကျဆုံးသွားပြီဖြစ်သလို ဖန်းမိသားစု၏ စစ်တပ်ကလည်း အလျင်စလို ထွက်ပြေးသွားကြပြီဖြစ်ရာ မြို့တော်ရှိ ပြည်သူများသည် နောက်ဆုံးတွင် အကြောက်တရားမှ ကင်းလွတ်ခွင့် ရသွားကြပြီ ဖြစ်လေ၏။
ဤသို့ဖြင့် အမျိုးသမီး ဧကရာဇ် နင်းရွှဲ့အပေါ် လက်မခံနိုင်စရာ သိပ်မရှိတော့သလို ဖြစ်သွားတော့သည်။
**--**--**--**--**--**--**--**
ဧကရာဇ် ထျန်ယွင်နှင့် မယ်တော်ကြီးတို့၏ ဂူဗိမာန်ရှေ့၌။
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်အား တင်းကျပ်စွာ ကြိုးတုပ်ထားပြီး ဘေးတစ်ဖက်တွင် ချထားသည်။
တုပိုင်နှင့် နင်းရွှဲ့တို့သည် သူတို့၏ ဂူမှတ်တိုင်များရှေ့တွင် ဒူးထောက်လိုက်ကြ၏။
“ခမည်းတော်နဲ့ မယ်တော်... သမီးတော် အရင်က ပေးခဲ့တဲ့ ကတိအတိုင်း လာတွေ့တာပါ”
နင်းရွှဲ့သည် မျက်ရည်များ ဝဲနေသော်လည်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လွင်နေလျက် ပြောလိုက်၏။
“အဲဒီတုန်းက သမီးတော် ကတိပေးခဲ့တယ်လေ... သမီးတော်ရဲ့ ရင်သွေးလေးကို ခေါ်လာပြီး ခမည်းတော်တို့ကို ပေးတွေ့မယ်ဆိုတာလေ။ အခုတော့ သမီးတော်ရဲ့ ဗိုက်ထဲမှာ ရင်သွေးလေး ရှိနေပြီ။ မြေးယောက်ျားလေးလား ၊ မြေးမိန်းကလေးလားဆိုတာတော့ မသိသေးဘူးပေါ့”
ထိုစကားကို ကြားလိုက်ရသောအခါ တုပိုင်မှာ အံ့ဩသွားပြီး နင်းရွှဲ့အား လှမ်းမကြည့်ဘဲ မနေနိုင်တော့ချေ။ နင်းရွှဲ့က ရှက်သွေးဖြာကာ ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမ အမှန်တကယ်ပင် ကိုယ်ဝန်ရှိနေပြီ ဖြစ်၏။
ယခုလတွင် သူမ၏ ဓမ္မတာ မလာသောအခါ သူမသည် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သလို ၊ မျှော်လင့်ထားသလို ဖြစ်မလာမည်ကိုလည်း စိုးရိမ်ပူပန်နေခဲ့ရသည်။ နောက်ပိုင်းတွင် မဟာဆရာသခင် နင်ဇောင်ဝူက သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် ကိုယ်ဝန်ရှိနေကြောင်း အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က မင်းသမီး နင်းရွှဲ့၏ ရင်ထဲရှိ ပျော်ရွှင်မှုကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်ခဲ့ချေ။ သူမသည် ခမည်းတော်နှင့် မယ်တော်တို့၏ ဂူဗိမာန်များဆီသို့ ချက်ချင်း ပျံသန်းသွားကာ ဤဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောပြချင်နေခဲ့သည်။
“ခမည်းတော်... ခမည်းတော်ရဲ့ သမက်က တာ့နင်အင်ပါယာထဲက ရန်သူတွေအားလုံးကို ရှင်းလင်းပစ်လိုက်ပါပြီ။ အခုတော့ တာ့နင်အင်ပါယာကြီးက ပြန်လည်ပေါင်းစည်းသွားပါပြီ။ အင်ပါယာတစ်ခုလုံးကိုလည်း သန့်စင်လိုက်တာမို့ အခုဆိုရင် ဗဟိုအစိုးရ အရာရှိ အရေအတွက်က ရာဂဏန်းတောင် မပြည့်တော့ပါဘူး။ အင်ပါယာတစ်ခုလုံးက လွတ်လပ်သန့်စင်သွားပြီး အသစ်ကနေ ပြန်စရမှာပါ။ ဒါပေမဲ့ သမီးတော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ဆိုရင် အင်ပါယာကြီးက သေချာပေါက် ပြန်လည် ကြီးပွားတိုးတက်လာမယ်လို့ သမီးတော် ယုံကြည်ပါတယ်”
“ခမည်းတော် ၊ မယ်တော်... ခမည်းတော်တို့ရဲ့ သွေးဆက်က နည်းပါးလွန်းနေပြီ။ တုပိုင်နဲ့ သမီးတော် သေချာပေါက် ကြိုးစားပါ့မယ်။ အနည်းဆုံးတော့ ကလေး ငါးယောက် ခြောက်ယောက်လောက် မွေးပြီး ကျွန်မတို့ နင်မိသားစုကို ပြန်လည် စည်ပင်ဝပြောလာအောင် လုပ်ပါ့မယ်”
စကားပြောပြီးနောက် မင်းသမီး နင်းရွှဲ့က ဂူမှတ်တိုင်ကို ဦးညွှတ်အရိုအသေပေးလိုက်လေ၏။ တုပိုင်ကလည်း ဂူမှတ်တိုင်ကို ဦးညွှတ်အရိုအသေပေးလိုက်သည်။
ထိုအချိန်လေးမှာပင် ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်က ရုတ်တရက် အော်ဟစ်လိုက်လေ၏။
“ခမည်းတော် ၊ မယ်တော် ၊ ကြားရဲ့လား။ ညီမတော်က ကိုယ်ဝန်ရနေပြီတဲ့။ ကျွန်တော်တို့ တာ့နင်အင်ပါယာမှာ အမွေဆက်ခံမယ့်သူ ရှိသွားပြီ”
“ခမည်းတော် မြင်ရဲ့လား။ ခမည်းတော် အချစ်ရဆုံး တုပိုင်က သူ့ရဲ့ ကြီးမြတ်တဲ့ လုပ်ငန်းစဉ်ကြီးကို ပြီးမြောက်သွားပြီ။ ဖန်းမိသားစုကို ဖျက်ဆီးခဲ့တယ် ၊ ဂျာချင်အင်ပါယာကို ချေမှုန်းခဲ့တယ် ၊ ပြီးတော့ အရှေ့ဘက် ပြည်ထောင်စုရဲ့ ကျူးကျော်မှုကိုလည်း တွန်းလှန်နိုင်ခဲ့တယ်။ တာ့နင်အင်ပါယာကြီးက ခမည်းတော်ရဲ့ ရှေ့တည့်တည့်မှာပဲ ရှိနေပါတယ်။ ကောင်းကင်ဘုံကနေသာ ကြည့်နေပါတော့”
မင်းသမီး နင်းရွှဲ့က မျက်မှောင်ကြုတ်သွားပြီး ခေါင်းလှည့်ကာ ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်အား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် တုပိုင်၏ နှုတ်ခမ်းကို ညင်သာစွာ နမ်းရှိုက်လိုက်ပြီး ပြောလိုက်၏။
“ယောက်ျား... ဒီနေရာကို ရှင့်ကိုပဲ အပ်ခဲ့တော့မယ်။ ကျွန်မ သွားနှင့်မယ်နော်”
“အင်း” တုပိုင် ခေါင်းညိတ်သည်။
နင်းရွှဲ့ ထွက်ခွာသွားလေ၏။
ကွယ်လွန်သူ ဧကရာဇ်ထျန်ယွင်၏ ဂူဗိမာန်ရှေ့တွင် ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်နှင့် တုပိုင်တို့ နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
“တုပိုင် ၊ ငါ အတင်းအကျပ် ခိုင်းစေခံခဲ့ရတာပါ။ တုဟွေးက ငါ့ကို အတင်းအကျပ် ခိုင်းခဲ့တာ”
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်က ခါးသီးစွာ ငိုကြွေးရင်း ပြောလိုက်၏။
“အဲဒီတုန်းက သူက ငါ့ရဲ့ နောက်ခံဇာစ်မြစ်ကို သုံးပြီး ခြိမ်းခြောက်ခဲ့တယ်။ ဒါကြောင့် မင်းကို မျက်နှာလွှဲဖို့ကလွဲပြီး ငါ့မှာ တခြား ရွေးချယ်စရာ မရှိခဲ့ဘူး”
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်က မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသံကျယ်လောင်စွာ ငိုကြွေးလိုက်လေသည်။
“ငါက နင်တောက်ရွှမ်ရဲ့ တရားမဝင် သားဆိုပေမယ့် ငါ အဲဒီလို မဖြစ်ချင်ခဲ့ပါဘူး။ ငါ့ရင်ထဲမှာတော့ ကွယ်လွန်သူ ဧကရာဇ်မင်းမြတ် တစ်ပါးတည်းကသာ ငါ့ရဲ့ ဖခင်ပါ။ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးက အသက်ပေးရတာထက် ပိုကြီးမားပါတယ်။ ဧကရာဇ်မင်းမြတ်ရဲ့ အသံနဲ့ အပြုံးတွေကို ငါ မမေ့နိုင်ပါဘူး ၊ သူ့ရဲ့ သွန်သင်ဆုံးမမှုတွေကိုလည်း ငါ မမေ့နိုင်ဘူး”
“တုပိုင် ၊ မင်းက ငါ့ရဲ့ ယောက်ဖပဲ ၊ ငါတို့က မိသားစုဝင်တွေလေ”
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်က တောင်းပန်လိုက်၏။
“ငါ ချက်ချင်းပဲ ထီးနန်းကို စွန့်လွှတ်ပြီး ဧကရာဇ်ရာထူးကို နင်းရွှဲ့ဆီ လွှဲပြောင်းပေးမယ်။ ဒါက တရားမျှတပါတယ်။ ပြီးတော့ မင်း ငါ့ကို အကျယ်ချုပ် ချထားလို့ ရပါတယ် ၊ ဟုတ်တယ်။ နယ်နှင်ဒဏ်လည်း ပေးလို့ရတယ်။ ဒါပေမဲ့... ငါ့ကိုတော့ မသတ်ပါနဲ့”
တုပိုင်က ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်း မင်းသားဘဝတုန်းက သေရမှာကို မကြောက်ခဲ့ဘူး မဟုတ်လား။ ကွယ်လွန်သူ ဧကရာဇ်မင်းမြတ်ရဲ့ စာကြည့်ဆောင်ရှေ့မှာ မင်း ဓားဆွဲထုတ်ပြီး ကာကွယ်ပေးခဲ့တဲ့ ပုံစံကို ငါ မှတ်မိနေပါသေးတယ်။ ပြီးတော့ ဧကရာဇ်မင်းမြတ်နဲ့အတူ မင်း အစာငတ်ခံခဲ့တဲ့ ပုံစံကိုလည်း ငါ မှတ်မိသေးတယ်”
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်က တီးတိုးပြောလိုက်၏။
“အင်း... အဲဒါက တကယ်သေမှာမှ မဟုတ်တာ ၊ သရုပ်ဆောင်ခဲ့တာလေ။ ဘယ်သူက သေချင်မှာလဲ”
တုပိုင်က သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ “လာစမ်း ၊ ကွယ်လွန်သူ ဧကရာဇ်မင်းမြတ်ရဲ့ ရှေ့မှောက်မှာ ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်ကို အပိုင်းပိုင်းအစစ ခုတ်ထစ် သတ်ပစ်လိုက်”
“အမိန့်အတိုင်းပါ” ဖုန်းပေါင်ပေါင်က အပြင်သို့ ထွက်သွားလေသည်။
ထို့နောက် ဆံပင်ဖြူများဖြင့် လီဝမ်ဟွေ့သည် ဓားတစ်ချောင်းကိုင်ကာ ရောက်လာ၏။
“မွေးစားအဖေ... အဖေက...” တုပိုင်မှာ နားမလည်နိုင် ဖြစ်သွားရသည်။
လီဝမ်ဟွေ့က ပြောလိုက်၏။ “အဖေ ကိုယ်တိုင် လာခဲ့တာ။ ဒီလူယုတ်မာက မယ်တော်ကြီးကို သတ်လိုက်တုန်းက သူ့ကို အရှင်လတ်လတ် သတ်ပစ်မယ်လို့ အဖေ ကျိန်ဆိုထားခဲ့တာလေ။ ဒါကြောင့် ဒီအခွင့်အရေးကို စောင့်ဖို့အတွက် အနောက်တောင်ဘက်ကို မပြန်ဘဲ မြို့တော်ထဲမှာပဲ နေနေခဲ့တာ”
တုပိုင်က ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ “မွေးစားအဖေ ၊ စိတ်ကို ဖြေပါဦး”
ထို့နောက် သူက တိုက်ရိုက်ပင် ထွက်ခွာသွားလေ၏။
အချိန်အနည်းငယ် ကြာပြီးနောက်တွင် ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်၏ သနားစရာကောင်းလှသော အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။
“အား... တုပိုင် ၊ ငါ့ညီ... ငါ့ကို သနားပါဦး”
“ဖွားဖက်တော်လီ... ကျွန်တော့်ကို ချမ်းသာပေးပါ။ မသတ်ပါနဲ့”
“ဖွားဖက်တော်လီ ၊ ကျွန်တော့်ကို အမြန်ဆုံးသာ သတ်ပေးပါတော့...”
တုပိုင်မှာ စိတ်ပင်ညစ်သွားမိ၏။ ယှဉ်ကြည့်မည်ဆိုလျှင် ဧကရာဇ်ယုံချန်က ပို၍ သတ္တိရှိပေသည်။ သူက မသေဆုံးမီ လအနည်းငယ်က တုပိုင်ကို တစ်ကြိမ် ဒုက္ခပေးသွားခဲ့ပြီး စကားအနည်းငယ်မျှဖြင့် သောင်းနှင့်ချီသော စစ်တပ်၏ စိတ်ခွန်အားနှင့် ယုံကြည်ချက်ကို ဖျက်ဆီးပစ်ခဲ့သေးသည်။
တာ့နင်အင်ပါယာကြီးမှာ အပိုင်းနှစ်ပိုင်း ကွဲထွက်သွားခဲ့ရာမှ ယခုအခါ နောက်ဆုံးတွင် ပြန်လည် ပေါင်းစည်းသွားပြီ ဖြစ်သည်။
လအနည်းငယ်မတိုင်မီကဆိုလျှင် တာ့နင်အင်ပါယာထဲတွင် ဧကရာဇ်ယုံချန် ၊ ဧကရာဇ်ယုံတယ် နှင့် ဧကရာဇ်ကျန်းဝူ ဟူ၍ ဧကရာဇ် သုံးပါး ပေါ်ပေါက်လာခဲ့၏။
ယခုအခါတွင်မူ တစ်ပါးတည်းသာ ကျန်ရှိတော့၏။
အိပ်မက်စနစ်က ပြောလာသည်။ “စနစ်ရှင်... နောက်ပြန်ရေတွက်ဖို့ အချိန် ၁၃၅ ရက် ကျန်ပါသေးတယ်”
တုပိုင်က ပြန်ပြော၏။ “ငါသိတယ်။ အဲဒါက ကမ္ဘာကြီး ပျက်စီးမယ့် နောက်ပြန်ရေတွက်ချိန်လား”
အိပ်မက်စနစ်က ပြောသည်။ “အချိန်တွေ ကပ်လာပြီဆိုတာ သတိပေးတာပါ။ သခင်လေး ဖန်းချန်ကို အမြန်ဆုံး အရင်ဦးအောင် သတ်ဖို့ လိုအပ်တယ်။ ပြီးမှ ဒီကမ္ဘာမှာ မင်းရဲ့ အမြင့်ဆုံးတာဝန်ကို ဆက်လုပ်ရမယ်”
“အခုချက်ချင်းလား” တုပိုင်က မေးလိုက်၏။
အိပ်မက်စနစ်က ပြတ်သားစွာ ပြန်ဖြေသည်။ “ဟုတ်တယ်... အခုချက်ချင်းပဲ”
တစ်ချိန်တည်းမှာပင် ပေမင်ဓားဂိုဏ်းမှ မိုင်နှစ်ထောင် ကွာဝေးသော ပင်လယ်ပြင်၌ နှစ်တစ်ထောင်အတွင်း တစ်ကြိမ်သာ ကြုံတွေ့ရခဲသော အံ့ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။
မရေမတွက်နိုင်သော သိုင်းပညာရှင် အားကောင်းသူများစွာက လှိုင်းလုံးများကို နင်းကာ လျှောက်လှမ်းလာနေကြ၏။
ကမ္ဘာ့သိုင်းပညာထိပ်တန်းနယ်မြေသုံးခု ဖြစ်သည့် အခြားကမ္ဘာမှ အင်အားစု သုံးခုမှာ ပေမင်ဓားဂိုဏ်း ၊ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်း နှင့် မီးနတ်ဘုရားဂိုဏ်း တို့ ဖြစ်ကြသည်။
ယခုအခါ လှိုင်းလုံးများကို နင်းဖြတ်ကာ လာနေကြသူများမှာ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်း နှင့် မီးနတ်ဘုရားဂိုဏ်းမှ ထိပ်တန်းမဟာဆရာသခင်များ ဖြစ်ကြသည်။
သူတို့အားလုံးက အားကောင်းသော မဟာဆရာသခင်များ ဖြစ်ကြ၏။
သိုင်းပညာရှင်ပေါင်း ထောင်နှင့်ချီ၍ ရှိလေသည်။
တုပိုင်၏ ဘေးတွင် မဟာဆရာသခင် လေးဦးသာ ရှိသော်လည်း ပင်လယ်ပြင်ပေါ်တွင် လူပေါင်း တစ်ထောင်ခန့် ရှိနေပေသည်။
တုန်လှုပ်ဖွယ် ကောင်းလှပေစွ။
ဤနေရာရှိ လူတိုင်းသည် ဤကမ္ဘာလောက၏ သိုင်းပညာကြယ်ပွင့်များ ဖြစ်ကြသည်။
ပင်လယ်ပြင်က မှန်တစ်ချပ်ကဲ့သို့ ဖြစ်နေပြီး ကောင်းကင်နှင့် တစ်ထပ်တည်း ကျနေပုံရသည်။
ထောင်နှင့်ချီသော မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များသည် ပင်လယ်ပြင်ပေါ်တွင် ကောင်းကင်မှ ကြယ်များကဲ့သို့ တောက်ပနေကြ၏။ တောက်ပလှပသော ကြယ်တံခွန်များကဲ့သို့ အလွန်မြန်ဆန်စွာ ရွေ့လျားနေကြသည်။
ထောင်နှင့်ချီသော ကြယ်များ ၊ ထောင်နှင့်ချီသော မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များသည် ပေမင်ဓားဂိုဏ်းဆီသို့ အပြေးအလွှား သွားနေကြလေ၏။
ပေမင်ဓားဂိုဏ်း၏ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်မှာ ပျက်စီးသွားပြီး ဖြစ်သည်။ ဤသည်မှာ ဘဝတွင် တစ်ကြိမ်သာ ရနိုင်သော အခွင့်အရေး ဖြစ်၏။
ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းနှင့် မီးနတ်ဘုရားဂိုဏ်းတို့ ပူးပေါင်းကာ ထောင်နှင့်ချီသော အလွန် အားကောင်းသည့် သိုင်းပညာရှင်များကို စေလွှတ်၍ ပေမင်ဓားဂိုဏ်းကို တစ်ချက်တည်းဖြင့် ချေမှုန်းဖျက်ဆီးရန် ကြံရွယ်နေကြခြင်း ဖြစ်သည်။
ပြိုင်ဘက်ကင်းလောက်အောင် လှပဆွဲဆောင်မှုရှိသော လီဝမ်ဝမ်သည်လည်း ထိုအထဲတွင် ပါဝင်လေ၏။
ကမ္ဘာမြေကို တုန်လှုပ်စေမည့် အပြောင်းအလဲကြီးတစ်ခု လာနေပြီ ဖြစ်သည်။ ကမ္ဘာစစ်ကြီး ဖြစ်ပွားတော့မည် ဖြစ်၏။
ပေမင်ဓားဂိုဏ်းကို ဖျက်ဆီးမည့် အချိန်မှာ မျက်စိရှေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။
ပေမင်ဓားဂိုဏ်း၏ မြေအောက်နက်ရှိုင်းသော နေရာ၌ စွမ်းအင်ကျောက်သလင်း ဒါဇင်ပေါင်းများစွာကို သိပ်သည်းစွာ စီစဉ်ထားသော ဓာတ်ခွဲခန်းတစ်ခု ရှိသည်။
ဓာတ်ခွဲခန်း၏ အလယ်တွင် ကုတင်တစ်လုံးရှိပြီး ထိုအပေါ်၌ အမျိုးသမီးတစ်ဦး လှဲလျောင်းနေ၏။ သူမသည် အလွန်လှပချောမောပြီး ရူးမိုက်သော အန်နမ်ဘုရင်မ မိုဟန်ပင် ဖြစ်သည်။
“မင်း အဆင်သင့်ဖြစ်ပြီလား” သခင်လေး ဖန်းချန်က မေးလိုက်သည်။
ဘုရင်မ မိုဟန်က ပြန်ဖြေ၏။ “အဆင်သင့် မဖြစ်ဘူးဆိုရင်တောင် ဒီလိုကိစ္စမျိုးက ဘယ်တော့မှ အဆင်သင့် ဖြစ်နေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ အန်နမ်တိုင်းပြည်ကို ပြန်ယူဖို့ ၊ မိုမင်းဆက်ကို ပြန်လည် ထူထောင်ဖို့ ၊ တုပိုင်ကို ချေမှုန်းဖို့ဆိုရင် ကျွန်မ ဘာမဆို လုပ်ရဲပါတယ်။ ဘယ်လို စတေးမှုမျိုးကိုမဆို ပေးဆပ်နိုင်ပါတယ်”
သခင်လေး ဖန်းချန်က ပြောသည်။ “အတိအကျ ပြောရရင်... ဒါက အရမ်းကြောက်စရာကောင်းတဲ့ မျိုးဗီဇပြောင်းလဲ ဆင့်ကဲဖြစ်စဉ်ပဲ ၊ မိစ္ဆာအဖြစ်တောင် ပြောင်းလဲသွားနိုင်တယ်။ မင်းရဲ့ လူတစ်သန်းမှာ တစ်ယောက်တောင် မရှိနိုင်တဲ့ သွေးဆက်မျိုးဗီဇနဲ့တောင်မှ အောင်မြင်နိုင်ခြေက ၃၀% လောက်ပဲ ရှိတယ်”
“တုပိုင်ကို ချေမှုန်းနိုင်သရွေ့ ၊ ကျွန်မပိုင်တဲ့အရာတွေကို ပြန်ယူနိုင်သရွေ့...” ဘုရင်မ မိုဟန်က ပြော၏။ “၃၀% မပြောနဲ့ ၊ ၁၀% ပဲ ရှိတယ်ဆိုရင်တောင် ကျွန်မ လုပ်မာပဲ”
သခင်လေး ဖန်းချန်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။ “မင်း ခန္ဓာကိုယ်ကို လှည့်လိုက်”
ဘုရင်မ မိုဟန်က သူမ၏ နူးညံ့လှပသော ခန္ဓာကိုယ်ကို လှည့်ကာ စမ်းသပ်ကုတင်ပေါ်တွင် လှဲအိပ်လိုက်လေ၏။
သခင်လေး ဖန်းချန်က လက်ဝှေ့ယမ်းပြလိုက်ရာ အမျိုးသမီး နှစ်ဦး ရှေ့ထွက်လာပြီး မိုဟန်၏ အဝတ်အစားများကို ဖယ်ရှားပေးလိုက်သည်။ သူမ၏ နောက်ကျောမှ ဖြူဖွေးနူးညံ့နေသော ခါးသိမ်သိမ်လေး ပေါ်လာလေ၏။
“စကြစို့” သခင်လေး ဖန်းချန်က ပြောလိုက်သည်။
အမျိုးသမီးတစ်ဦးက မိုဟန်၏ ခါးရိုးပေါ်တွင် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်ပြီးနောက် လက်ကို ဆန့်တန်းကာ ပြောလိုက်၏။ “သခင်လေး... ရွှေရောင်သွေးဆက်”
သခင်လေး ဖန်းချန်က သေတ္တာတစ်လုံးကို ထုတ်ယူကာ တစ်လွှာချင်းစီ ဖွင့်လိုက်ပြီး နောက်ဆုံးတွင် ရွှေရောင်စွမ်းအင်များ စီးဆင်းနေသော ကျောက်သလင်းပြွန်တစ်ခုကို ထုတ်ယူလိုက်လေသည်။
“ဒါက အခြားကမ္ဘာက အရောင်ပြောင်းလဲနိုင်တဲ့ ရေနဂါးရဲ့ ရွှေရောင်သွေးဆက်ပဲ” သခင်လေး ဖန်းချန်က ပြော၏။ “ဒီသွေးဆက်ကို မင်း တကယ် ထိုးသွင်းချင်တာ သေချာလား။ အဆုံးအစမဲ့ စွမ်းအားတွေရှိပြီး ဘာနဲ့မှ ထိုးဖောက်လို့မရတဲ့ နဂါးသွေးဆက်လိုမျိုး တခြား သွေးဆက်တွေကို မရွေးချယ်ဘူးလား”
ဘုရင်မ မိုဟန်က ပြန်ဖြေသည်။ “ကျွန်မ လိုချင်တာက အရောင်ပြောင်းနိုင်တဲ့ ရေနဂါးရဲ့ သွေးဆက်ပဲ”
သခင်လေး ဖန်းချန်က ဆက်ပြော၏။ “အရောင်ပြောင်းနိုင်တဲ့ ရေနဂါးရဲ့ သွေးဆက်က ပုံရိပ်ဖျောက်နိုင်စွမ်းရှိပြီး ဖျတ်လတ်မြန်ဆန်မှုကလည်း အံ့မခန်းပဲ”
ဘုရင်မ မိုဟန်က ပြောလိုက်၏။ “ဒါက ကျွန်မ လိုချင်တဲ့အရာပါပဲ”
သခင်လေး ဖန်းချန်က အရောင်ပြောင်းနိုင်သော ရေနဂါး၏ သွေးကို ကမ်းပေးလိုက်ရာ အမျိုးသမီးတစ်ဦးက လှမ်းယူလိုက်သည်။ ထို့နောက် သူမက ကျောက်သလင်းပြွန်ပေါ်တွင် သေးသွယ်ရှည်လျားသော အပ်တစ်ချောင်းကို တပ်ဆင်လိုက်ပြီး ဘုရင်မ မိုဟန်၏ ခါးရိုးဆီသို့ ချိန်ရွယ်ကာ အရောင်ပြောင်းနိုင်သော ရေနဂါး၏ ရွှေရောင်သွေးဆက်ကို မိုဟန်၏ ရိုးတွင်းခြင်ဆီအတွင်းသို့ ထိုးသွင်းလိုက်လေသည်။
“အင်း...” ဘုရင်မ မိုဟန်က ညည်းတွားလိုက်ပြီး ပြုံးကာ ပြောလိုက်၏။ “ကျွန်မ ထင်ထားသလောက်တော့ မနာပါလား”
သခင်လေး ဖန်းချန်က ပြောလိုက်သည်။ “မင်း အဲဒီစကားကို ပြောတာ စောလွန်းနေပြီ”
တကယ်ပင် နောက်တစ်စက္ကန့်တွင် ဘုရင်မ မိုဟန်၏ နူးညံ့လှပသော ခန္ဓာကိုယ်လေးမှာ လေးကြိုးတစ်ချောင်းကဲ့သို့ ကွေးတက်သွားပြီး မကြုံစဖူး သနားစရာကောင်းလောက်အောင် အော်ဟစ်လိုက်လေတော့သည်။
ပြင်းထန်လှသော နာကျင်မှု ၊ အလွန်အမင်း နာကျင်မှု ၊ မကြုံစဖူးသော နာကျင်မှုပင် ဖြစ်သည်။
ဘုရင်မ မိုဟန်သည် ကလေးတစ်ခါမှ မမွေးဖူးသော်လည်း ထိုနာကျင်မှုက ကလေးမွေးဖွားစဉ်ကထက် အဆတစ်ရာမက ပို၍ ပြင်းထန်နေသည်။
ဘုရင်မ မိုဟန်မှာ အသည်းအသန် ရုန်းကန်နေပြီး အဆက်မပြတ် အော်ဟစ်ကာ ငိုယိုနေလေ၏။
သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အရေပြားနှင့် သွေးကြောများမှာ တစ်လက်မချင်းစီ ကွဲအက်ကာပျက်စီးသွားရသည်။
ခဏအကြာတွင် သူမ၏ တစ်ကိုယ်လုံး သွေးသံရဲရဲ ဖြစ်သွားလေတော့သည်။ အကြောင်းမူကား ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင် ရေနဂါးသွေးဆက်သည် သူမ၏ သွေးကြောများနှင့် ဒန်တျန်ကို ရူးသွပ်စွာ ပြောင်းလဲပစ်နေသောကြောင့်ပင် ဖြစ်သည်။
ထိုမျှသာမကသေး ၊ သူမ၏ အော်ဟစ်သံများမှာ တဖြည်းဖြည်း တိုးဝင်သွားပြီး သူမ၏ အသက်စွမ်းအင်မှာလည်း တဖြည်းဖြည်း အားနည်းလာလေ၏။
သခင်လေး ဖန်းချန်၏ မျက်နှာမှာ အနည်းငယ် တွန့်လိမ်သွားပြီး သူ၏ နှာခေါင်းကို လက်ဖြင့် ပွတ်သပ်လိုက်သည်။
အောင်မြင်ပါစေဟုသာ မျှော်လင့်ရတော့မည်။
ဤကဲ့သို့သော သွေးဆက်ပြောင်းလဲခြင်း ၊ မျိုးဗီဇဆင့်ကဲပြောင်းလဲမှု၏ အောင်မြင်နိုင်ခြေမှာ အလွန်အမင်း နည်းပါးလွန်းလှပြီး လူတစ်သန်းတွင်မှ ဤအလားအလာမျိုးရှိသူ တစ်ယောက်တောင် မရှိနိုင်ပေ။ ဘုရင်မ မိုဟန်က ထိုသူများထဲမှ တစ်ဦးဖြစ်ပြီး သူမ၏ သွေးဆက်ပါရမီမှာ အထူးရှားပါးကာ အထူးသန့်စင်လှသဖြင့် အောင်မြင်နိုင်ခြေ အလွန်မြင့်မားသင့်ပေသည်။ သို့သော် လက်ရှိအချိန်၌ သူမသည်လည်း သေဆုံးတော့မည့်ပုံ ပေါ်နေလေသည်။
နာရီဝက် ကြာပြီးနောက်တွင် ဘုရင်မ မိုဟန်၏ ကြောက်မက်ဖွယ် အော်ဟစ်သံများ ရပ်တန့်သွားပြီး ရုန်းကန်မှုများလည်း ရပ်တန့်သွားလေ၏။
အမျိုးသမီးက မိုဟန်၏ လည်ပင်းသွေးကြောကို ဖိကြည့်လိုက်ပြီးနောက် သူမ၏ သူငယ်အိမ်ကို ဖွင့်ကြည့်ကာ ပြောလိုက်သည်။
“သခင်လေး... ထပ်ပြီး ကျရှုံးသွားပြန်ပြီ။ သူ ပြောင်းလဲဖို့ ကျရှုံးသွားပါပြီ”
သခင်လေး ဖန်းချန်၏ မျက်နှာမှာ တွန့်လိမ်သွားသော်လည်း သူ ဘာမှမပြောဘဲ မလှုပ်မယှက် ရပ်နေဆဲပင် ဖြစ်၏။
အမျိုးသမီးနှစ်ဦးသည် နောက်ဆုတ်သွားကြပြီး အသက်ပြင်းပြင်း မရှူရဲဘဲ တိတ်ဆိတ်စွာ ရပ်နေကြလေသည်။
တစ်နာရီတိတိ ကြာပြီးနောက်။
“အားးးးး” ဘုရင်မ မိုဟန်က ရုတ်တရက် အော်ဟစ်လိုက်ပြီး မျက်လုံးများ ပွင့်လာကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်လေ၏။
သူမ တစ်ကြိမ် သေဆုံးသွားခဲ့ပြီး ငရဲကနေ ပြန်လည်ရောက်ရှိလာသကဲ့သို့ပင် ခံစားလိုက်ရသည်။
“ကျွန်မ သေသွားပြီလား” ဘုရင်မ မိုဟန်က မေး၏။
သခင်လေး ဖန်းချန်က သက်ပြင်းချလိုက်ပြီး ပြောသည်။ “ဒါက ပထမတစ်ကြိမ်ပဲ ရှိသေးတယ်။ နောက်တစ်ဆင့်မှာ မင်း အသက်ရှင်နိုင်ဦးမယ်ဆိုရင် အောင်မြင်တယ်လို့ သတ်မှတ်လို့ရပြီ”
“လုပ်ပါ...” ဘုရင်မ မိုဟန်က ပြောလိုက်၏။
သခင်လေး ဖန်းချန်က ပြောလိုက်သည်။ “ဒုတိယအဆင့်က ရေဒီယိုသတ္တိကြွ မျိုးဗီဇပြောင်းလဲခြင်းကို စတင်ဖို့ပဲ”
အမျိုးသမီးတစ်ဦးက ရှေ့ထွက်လာပြီး ခလုတ်တစ်ခုကို နှိပ်လိုက်လေ၏။
ရုတ်တရက် ကျောက်သလင်းတံတစ်ခု ထွက်ပေါ်လာပြီး မိုဟန်၏ ခန္ဓာကိုယ်အထက် တစ်ပေအကွာတွင် တွဲလောင်းကျနေ၏။ ထိုကျောက်သလင်းတံ၏ အပေါ်တွင် သေတ္တာတစ်လုံး ရှိလေသည်။ သေတ္တာအတွင်း၌ အရောင်ပြောင်းနေသော အရာတစ်ခု ရှိပြီး အလွန် ပြင်းအားမြင့်မားသော ယူရေနီယမ် ကျောက်တုံးပင် ဖြစ်သည်။
ဤအဆင့်ရှိ ယူရေနီယမ်သည် လူပေါင်း သောင်းနှင့်ချီကို အလွယ်တကူ သတ်ဖြတ်နိုင်ပြီး အံ့မခန်း ရေဒီယိုသတ္တိကြွမှု ရှိလေသည်။
ဓာတ်ခွဲခန်းတစ်ခုလုံးတွင် အထူးတလည် မြင့်မားသော ရေဒီယိုသတ္တိကြွမှု မရှိနေခြင်းမှာ ဤယူရေနီယမ် ကျောက်တုံးကို အထူး ကျောက်သလင်းသေတ္တာဖြင့် ပိတ်လှောင်ထားသောကြောင့်သာ ဖြစ်သည်။
“စတင်လိုက်တော့” သခင်လေးက အမိန့်ပေးလိုက်၏။
အမျိုးသမီးက ကျောက်သလင်း စွမ်းအင်အစီအရင် ခလုတ်အမျိုးမျိုးကို ဖွင့်လိုက်သည်။
ရုတ်တရက် ကျောက်သလင်း စွမ်းအင်အစီအရင် အမျိုးမျိုး အသက်ဝင်လာပြီး စတင် အလုပ်လုပ်လာသည်။
“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...”
စွမ်းအင်အလင်းတန်း အနည်းငယ် ၊ ဒါဇင်ပေါင်းများစွာ ၊ ရာနှင့်ချီသော စွမ်းအင်အလင်းတန်းများသည် ထိုယူရေနီယမ် ကျောက်တုံးဆီသို့ စုဆုံသွားကြ၏။
စွမ်းအင်အလင်းတန်း တစ်ရာကျော်သည် ယူရေနီယမ် ကျောက်တုံးအတွင်းသို့ ထိုးသွင်းခံလိုက်ရသည်။
ယူရေနီယမ် ကျောက်တုံးမှာ တဖြည်းဖြည်း ပိုမို တောက်ပလာပြီး တောက်ပသော အစိမ်းရောင် အလင်းတန်းကို ထုတ်လွှတ်လိုက်ရာ မျက်လုံးပင် မဖွင့်နိုင်လောက်အောင် တောက်ပလွန်းလှပေသည်။ တောက်ပမှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာ၏။
“ရွှစ်...”
ကျောက်သလင်းတံမှ အစိမ်းရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပစ်ထွက်လာပြီး မိုဟန်၏ နူးညံ့လှပသော ခန္ဓာကိုယ်ပေါ်သို့ ထိုးကျသွားလေသည်။
“အားးးးး အားးးးး”
မိုဟန်ထံမှ မကြုံစဖူး ကြောက်မက်ဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။
အစိမ်းရောင် အလင်းတန်းသည် ကျောက်သလင်းစွမ်းအင် ရာပေါင်းများစွာနှင့် ယူရေနီယမ် ကျောက်တုံး၏ ကြီးမားသော ရေဒီယိုသတ္တိကြွ စွမ်းအင်တို့ ရောနှောနေသည့် အရာဖြစ်သည်။
ရေဒီယိုသတ္တိကြွ အလင်းတန်းက မိုဟန်၏ ခန္ဓာကိုယ် လက်မတိုင်းကို ထိုးဖောက် ဝင်ရောက်သွားလေသည်။
ချက်ချင်းဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ရေဒီယိုသတ္တိကြွ အလင်းတန်းနှင့် ထိတွေ့မိသော နေရာအားလုံးမှာ အသက်စွမ်းအင် ကင်းမဲ့သွားတော့သည်။
တစ်စက္ကန့်ခန့်အတွင်းမှာပင် မိုဟန်၏ တစ်ကိုယ်လုံးမှာ အားကောင်းသော ရေဒီယိုသတ္တိကြွ အလင်းတန်း၏ ဖြာထွက်မှုကို ခံလိုက်ရသည်။
ထို့နောက် သခင်လေးသည် ကျောက်သလင်း ကိရိယာအားလုံးကို ချက်ချင်း ပိတ်လိုက်ရာ ရေဒီယိုသတ္တိကြွ အလင်းတန်းလည်း ပျောက်ကွယ်သွားလေ၏။
မိုဟန်၏ အသက်ရှူသံနှင့် နှလုံးခုန်သံများ လုံးဝ ရပ်တန့်သွားပြီး သူမ၏ တစ်ကိုယ်လုံးမှာ အစိမ်းရောင် အလင်းတန်းများ တောက်ပနေလေသည်။ ဖော်ပြနေသော အရေပြားများမှာ လုံးဝ အကြည်ရောင် ဖြစ်နေပြီး အလွန် ထူးဆန်းနေပုံရ၏။
သူမ လုံးဝ သေဆုံးသွားသည့်ပုံ ပေါ်နေပေသည်။
သခင်လေးက ခလုတ်တစ်ခုကို ဖွင့်လိုက်၏။
“ဝုန်းးး”
မိုဟန်၏ ခန္ဓာကိုယ်မှာ အောက်သို့ ပြုတ်ကျသွားပြီး အခေါင်းတစ်ခုထဲသို့ ကျရောက်သွားလေသည်။
အခေါင်းထဲတွင် ရွှေဝါရောင် အရည်များဖြင့် ပြည့်နှက်နေပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရှိ သန့်စင်သော ရေတွင်းမှ ရေများနှင့် ပုံစံတူပင် ဖြစ်သည်။ မိုဟန်၏ တစ်ကိုယ်လုံးမှာ ဤရွှေရောင်အရည်များထဲတွင် နစ်မြုပ်သွားလေ၏။
သခင်လေး ဖန်းချန်က ပြောလိုက်သည်။ “နောက်တစ်ဆင့် အောင်မြင်ဖို့ကတော့ ကောင်းကင်ဘုံရဲ့ အလိုတော်ပေါ်မှာပဲ မူတည်တော့တယ်”
ထို့နောက် သူ လှည့်ထွက်သွားလေ၏။
မိုဟန်၏ အစိမ်းရောင် တောက်ပနေသော ခန္ဓာကိုယ်သည်တော့ ကျောက်သလင်း အခေါင်းထဲတွင် မလှုပ်မယှက် ငြိမ်သက်စွာ လှဲလျောင်းနေဆဲပင်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၈၃ + ၇၈၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team